Sunday, 21 June 2015

စွဲကပ်နေသော ၀ိညာဉ်တစ်ခု


လွန်ခဲ့သော ဆယ်နှစ်ခန့် ကျနော် ဒိန်းမတ်နိုင်ငံသို့ စတင်အခြေချကာစက ဖြစ်ပါသည်။
ဒိန်းမတ်နိုင်ငံနှင့် ဂျာမန်နိုင်ငံတို့ ထိစပ်ရာ နှစ်နိုင်ငံနယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့်တွင်ရှိသည့်
နယ်မြို့လေးတစ်မြို့တွင် ကျနော် နေထိုင်ခဲ့ပါသည်။ ထိုမြို့လေးတွင် မြန်မာနိုင်ငံမှ အကြောင်း
အမျိုးမျိုးကြောင့် ပြောင်းရွှေ့လာကြသူ ကလေး၊ လူကြီး လူဦးရေ တစ်ရာနီးပါးခန့် နေထိုင်ကြ
ပါသည်။ ထိုမြို့လေးတွင် ဒေါ်မြင့်အေး (အမည်အရင်း မဟုတ်) ဆိုသည့် မုဆိုးမ အမျိုးသမီးကြီး
တစ်ဦးသည် သားသမီးသုံးဦးတို့နှင့်အတူ ကျနော့်နေအိမ်နှင့် ဆယ်မိနစ်ခန့် လမ်းလျှောက်
သွားရသော ရပ်ကွက်တစ်ခု၌ နေထိုင်ကြပါသည်။

မြန်မာတို့၏ထုံးစံအတိုင်း ပျော်ပျော်ရွှင်ရွှင်ယဉ်ကျေးမှုကို ခုံမင်တတ်သည်ဖြစ်ရာ စနေ၊
တနင်္ဂနွေနေ့ ပိတ်ရက်များတွင် ထိုမြို့လေး၌ တစ်အိမ်ပြီး တစ်အိမ် အလှည့်ကျ ချက်ပြုတ်
စားသောက်ကာ ရောက်တတ်ရာရာများ ပြောဆိုနေလေ့ရှိပါသည်။ တစ်ခုသော စနေနေ့တွင်
ကျနော်တို့မြို့၌ နေထိုင်ကြသော မြန်မာမိသားစုများ အားလုံးသည့် ဒေါ်မြင့်အေးနေအိမ်၌
စုပေါင်းချက်ပြုတ်စားသောက်လျက်ရှိကြပါသည်။ ထိုအချိန်တွင် ကျနော်သည် ကော်ဖီထည့်
ထားသော ဓါတ်ဗူးထဲတွင် ကော်ဖီကုန်သွားသဖြင့် ထပ်ဖြည့်ရန်အတွက် ဧည့်ခန်းမှ မီးဖိုချောင်
ဆီသို့ အသွား ကလေးအိပ်ခန်းရှေ့ ဖြတ်သွားခိုက် ကလေးအိပ်ခန်းထဲမှာ တစ်ခုခု ခုန်ပေါက်
ဆော့ကစားသံကို ကြားလိုက်ရပါသည်။ အခန်းတံခါးသည် အနည်းငယ် “ဟ”သောကြောင့်
အခန်းအတွင်းသို့ ကျနော် ကြည့်လိုက်သည့်အခါ တစုံတခုသည် ကုတင်အောက်သို့ ၀င်သွား
သည်ကို တွေ့လိုက်ရပါသည်။ ထို့ကြောင့် … “အခန်းထဲက သားသားတို့ မီးမီးတို့ ဆော့
ချင်ရင် ခြံထဲမှာ သွားဆော့ကြနော်၊ တော်ကြာ တခန်းလုံး ရှုပ်ပွနေရင် အန်တီဒေါ်မြင့်အေး
ဆူနေအုံးမယ် …” ဟု လှမ်းအော် သတိပေးလိုက်ပါသည်။ ထိုအခါ အခန်းထဲမှာ ခွေးဟောင်
သံထွက်ပေါ်လာသဖြင့် ကျနော့်စိတ်ထဲဝယ် ကလေးငယ်များက ကျနော့်အား ရယ်စရာ
မောစရာ ပြန်လည် လှောင်ပြောင်ချင်ဖြစ်မည်ဟု တွေးပြီး “ဟ”ထားသော အခန်းတံခါး
ကို ဆွဲဖွင့်လိုက်ရာ အခန်းထဲတွင် မည်သူ့ကိုမျှ မတွေ့ရပါ။ ထို့ကြောင့် ကုတင်အောက်
တွင် ပုန်းနေမည်ဟု စိတ်ထဲမှ ထင်ပြီး ကုတင်အောက်သို့ ငုံ့ကြည့်လိုက်ရာ မည်သူမျှ
မရှိပေ။ နှစ်ထပ်အိပ် ကုတင်တစ်လုံး၊ သာမန်ကုတင်တစ်လုံး၊ စာရေးစာပွဲ သုံးလုံးနှင့်
ဗီရို အနည်းငယ်သာရှိသည့် ထိုအခန်းအတွင်း နေရာပေါင်းစုံ ရှာဖွေကြည့်သော်လည်း
မည်သည့်ကလေးငယ်မှ မရှိပေ။ ပြတင်းပေါက်များသည်လည်း အသေတပ်ဆင်
ထားသော မှန်ပြတင်းပေါက်များသာ ဖြစ်ပါသည်။ ခုနက ဆော့ကစားသံပြုပြီး  ကျနော့်အား
ခွေးဟောင်သလို ဟောင်ပြခဲ့သော အသံပိုင်ရှင်ကို ကျနော် လုံးဝ မရှာဖွေနိုင်ခဲ့ပါ။

ကော်ဖီခွက်ကို လက်တစ်ဖက်မှ ကိုင်ထားရင်း ခြံထဲသို့ ကျနော် ဆင်းခဲ့ပါသည်။
ကလေးငယ်များစွာသည် ခြံထဲတွင် ပြေးလွှားဆော့ကစားနေကြပါသည်။  အိမ်ရှင်
ဒေါ်မြင့်အေးသည် နွေရာသီသုံး ထင်းမီးဖိုတစ်ခု၏ အပေါ်တွင် ဥရောပမြောက်ပိုင်းသား
များ အင်မတန်နှစ်ခြိုက်သဘောကျလေ့ရှိသော ပေါင်မုန့်အရှည်တချို့နဲ့ အမဲသား၊
ကြက်သားများကို မီးကင်နေပါသည်။ သူမ၏ နံဘေးတွင် အခြား အိမ်ထောင်သည်
လေး၊ ငါးဦးခန့် ရောက်တတ်ရာရာများကို ပြောဆိုနေကြပါသည်။ ကျနော် ပြောပြလိုက်
သည့် ကလေးခန်းအတွင်းမှ ဆော့ကစားသံများ၊ ရှာဖွေလို့ မရသည့် အသံပိုင်ရှင်အကြောင်း
ကို ကြားရသည့်အခါ အိမ်ရှင် ဒေါ်မြင့်အေးမျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားသကဲ့သို့
သူ့နံဘေးမှာ အခြားအမျိုးသမီးများသည်လည်း ပါးစပ်အဟောင်းသားဖြင့် ကျနော့်စကား
ကို နားထောင်နေကြပါသည်။ သူတို့ဖြစ်ပျက်သွားသော မျက်နှာ အမူအရာများကို တွေ့မြင်
ရသည်အထိ ကျနော့်စိတ်ထဲတွင် မည်သည့် ခံစားမှုမျိုးမှ မရှိသေးပေ။ အမျိုးသမီးတစ်ဦးက ….
“ဒါ သရဲခြောက်တာ ….” ဟု ပြောလိုက်မှသာ ကျနော်လည်း ကြက်သီးထသလိုဖြစ်သွား
ပြီး ခုနက ဖြစ်ပျက်ခဲ့သမျှသည် တစုံတစ်ဦးက နောက်ပြောင်ချင်း မဟုတ်ပဲ နေ့ခင်း
ကြောင်တောင် သရဲခြောက်ခံလိုက်ရပါလားဟု သိလိုက်ရပါသည်။

နောင် တစ်လခန့်ကြာသောအခါ ကျနော်တို့မြို့၏ မြူနီစပယ်- စည်ပင်သာယာဌာန
မှ မြေကြီးတူးစက်ဖြင့် အဆိုပါ ဒေါ်မြင့်အေး ခြံအတွင်းမှ တစုံတစ်ခုကို လာရောက် တူးနေ
ကြောင်း ကြားသိရသဖြင့် ကျနော် သွားရောက်ကြည့်ရူခဲ့ပါသည်။ ထိုအခါကျမှ အိမ်ရှင်
ဒေါ်မြင့်အေးက ကျနော့်အား အကြောင်းစုံ ရှင်းပြပါတော့သည် ……

ဒေါ်မြင့်အေးတို့ မိသားစု ဒိန်းမတ်နိုင်ငံရောက်ကတည်းက အဆိုပါအိမ်တွင် နေထိုင်ရန်
မြို့နယ် အုပ်ချူပ်ရေးကောင်စီက နေရာချထားပေးပါသည်။ ထိုအခန်းသည် ဒေါ်မြင့်အေး
၏ သားနှစ်ဦးတို့အတွက် ကလေးအိပ်ခန်းဖြစ်ပါသည်။  သားအငယ်ဖြစ်သူ ရန်ရန် သည်
ညတရေးနိုးများတွင် အိပ်မက်ဆိုးများမက်ပြီး မကြာခဏ နိုးလာလေ့ရှိပါသည်။ အင်မတန်ကြီး
သော ခွေးကြီးတစ်ကောင်သည် သူ့ကုတင်အောက်တွင် ရှိနေပြီး သူ့အား တခါတရံ စိုက်ကြည့်
နေတတ်သလို၊ အအိပ်ဆော့ပြီး “ဖက်လုံး” ကုတင်အောက်သို့ ပြုတ်ကျသွားသည့်အခါ ထိုခွေး
ကြီးက သူ့အား “တဝေါင်းဝေါင်း” ဟောင် သည်ဟု သားဖြစ်သူ ရန်ရန် က ပြောပြပါသည်။

သားဖြစ်သူ ပြောပြကာစက ဒေါ်မြင့်အေးသည် ထိုအဖြစ်အပျက်ကို သရဲတစ္ဆေဟု မယူဆပဲ
ကလေးငယ်များ ဆော့နေကြ ကွန်ပြူတာ ဂိမ်းတစ်ခုခုကို စိတ်ဆွဲပြီး အိမ်မက် မက်၊ ယောင်
နေသည်ဟုသာ စိတ်ထဲ ထင်ခဲ့ပါသည်။ တနေ့သောအခါ အိမ်ရှင် ဒေါ်မြင့်အေးသည်
ကလေးငယ်များ ကျောင်းသွားနေစဉ် အိမ်အတွင်း တစ်ဦးတည်း အိမ်သန့်ရှင်းရေး လုပ်
နေခိုက် …. ကြောင်လိုလို ခွေးလိုလို သတ္တ၀ါတစ်ကောင် သူ့နောက်ကျောမှ ဖြတ်၍ ကလေးငယ်
များ အိပ်သည့် အခန်းအတွင်းသို့ ၀င်ရောက်သွားသည်ကို တွေ့လိုက်ရသောကြောင့်
နံဘေးခြံမှာ ကြောင်ဖြစ်မည်ဟု ထင်ကာ အခန်းတံခါးဖွင့်ပြီး မောင်းထုတ်ရန် ဟန်ပြင်
လိုက်ပါသည်။ အခန်းတံခါးကို ဖွင့်ပြီး အခန်းထဲ ကြည့်လိုက်သည့်အခါ မည်သည့်ကြောင်ကိုမျှ
မတွေ့ရပါ။ သို့ဖြင့် ကုတင်အောက်များဆီသို့ ရှာကြည့်လိုက်ရာ သားအငယ်ဆုံးဖြစ်သူ ရန်ရန်၏
ကုတင်အောက်တွင် တော်တော်ကြီးသော ခွေးကြီးတစ်ကောင်ကို ရုတ်တရက် တွေ့လိုက်ရ
သောကြောင့် ဒေါ်မြင့်အေး အနည်းငယ် လန့်သွားပါသည်။ ထို့ကြောင့် ထိုခွေးကြီးကို အခန်းထဲမှ
ထွက်သွားရန် မြန်မာဘာသာစကား၊ ဒိန်းမတ်ဘာသာစကားတို့ဖြင့် မောင်းထုတ်သော်အခါ
ထိုခွေးကြီးက သူမအား စူးစူးဝါးဝါး ထိုးဟောင်ပါတော့သည်။ ထိုသို့ ဟောင်နေရင်း ခွေးကြီးသည်
သူ့မျက်စိရှေ့မှာပင် ပျောက်ချင်းမလှ ပျောက်သွားပါသည်။ ထိုအခါကျမှ အိမ်ရှင် ဒေါ်မြင့်အေး
တစ်ယောက် နေ့ခင်းကြောင်တောင် သူ့အိမ်ထဲ သရဲခြောက်ခံထိပြီးဟု သိလိုက်ရပါသည်။

ထို့နောက် မကြာခဏဆိုသလို သားသမီးများထံမှ ထိုခွေးအကြောင်း အိမ်မက် မက်သည်ဟု
ကြားသိလာရပါသည်။ ထိုအိမ်မှ ပြောင်းရွှေ့ရန် မြို့နယ်အုပ်ချူပ်ရေး၏ ရွှေ့ပြောင်းအခြေချ
ဌာနသို့ ပြောဆိုကြည့်သောအခါ ဌာန၏ တာဝန်ခံများက … “အဘယ်ကြောင့် ထိုအိမ်မှ
ရွှေ့ပြောင်းချင်သနည်း …” ဟု မေးမြန်းရာ ဒေါ်မြင့်အေးက ပြသနာ အကြောင်းစုံကို ပြောပြ
လိုက်ပါသည်။ ထိုအခါ မြို့နယ် အုပ်ချူပ်ရေး တာဝန်ခံများက ထိုအိမ်ကိစ္စကို အမြန်ဆုံး စုံစမ်း
ပေးမည်ဟု ကတိပေးပါသည်။ ဒေါ်မြင့်အေးတို့အိမ်ရှိ ထိုတစ္ဆေခွေးကြီး အသံ ကျနော် ကြား
ခဲ့ရသော အချိန်မှာ မြို့နယ် အုပ်ချူပ်ရေးဌာနမှ စုံစမ်းနေဆဲ ကာလ ဖြစ်ပါသည်။ ထို့နောက်
မြို့နယ် အုပ်ချူပ်ရေးဌာနက အိမ်ရှင် ဒေါ်မြင့်အေးအား ဒိန်းမတ်လူမျိုး မိသားစု တစ်စုနှင့်
မိတ်ဆက်ပေးပါသည်။ ထိုမိသားစုသည် ဒေါ်မြင့်အေးတို့ မိသားစု လက်ရှိနေထိုင်ရာ အိမ်တွင်
ယခင်က နေထိုင်ခဲ့သူများဖြစ်ပါသည်။ သူတို့မိသားစုတွင် အချစ်တော် ခွေးကြီးတစ်ကောင်
ရှိပြီး ထိုခွေးကြီးအား သားဖြစ်သူက သူ့အခန်းထဲတွင် ထားလေ့ရှိပြီး ညအခါ ကုတင်နား
တ၀ိုက်တွင် အိပ်စက်လေ့ရှိကြောင်း ပြောပြပါသည်။ တနေ့သောအခါ ထိုခွေးကြီးသည်
ခြံရှေ့၌ အမှိုက်သိမ်းကား ခေတ္တရပ်နေစဉ် ကားအောက်ထဲ ၀င်နေရာမှ ကားထွက်သွား
သောအခါ ကားဘီ တက်ကြိတ်မိပြီး သေဆုံးခဲ့ပါသည်။ ထိုခွေးကြီး အလောင်းကိုလည်း
ထိုခြံထဲတွင် မြုပ်နှံခဲ့ကြောင်း ယခင်အိမ်ရှင် မိသားစုက ဒေါ်မြင့်အေးအား ပြောပြပါသည်။

ထို့နောက် မြို့နယ်အုပ်ချူပ်ရေး ဌာန၏ အကူအညီဖြင့် ခြံထဲတွင် မြုပ်နှံထားသော ခွေးကြီး၏
အလောင်းကို ပြန်လည်တူးဖော်ပြီး မြို့နယ်အမှိုက်ပုံအနီးတွင် မြုပ်နှံလိုက်ပါသည်။ ထို့နောက်
တွင် ဒေါ်မြင့်အေးတို့ အိမ်၌ ခြောက်လှန့်နေသော ခွေးသရဲ ဇာတ်လမ်းအကြောင်း မကြားရ
တော့ပါ။

(ပြီးပါပြီ။)

1 comments:

ko 9 said...

မဖတ်၇တာ ကြာပါပကော...အလုပ်ရှုပ် နေတယ် ထင်ပ...ရွှေ၇တု မှတ်တမ်း(http://penai22.blogspot.com) နဲ့ အတူ save လုပ်ထား၇တဲ့ ကောင်းတဲ့ blog တခု ပါ ....