ရေးသူ- (ကို)ထွန်းအောင်ကျော်
မြန်မာနိုင်ငံတွင်း၌ ရှိနေသည့်ရဲဘက်အကျဉ်းစခန်းများကို ပိတ်ပစ်ဖို့
အစီအစဉ်မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်းက လွှတ်တော်တွင် ပြောကြားလိုက်ကြောင်း သတင်းကို
ဖတ်လိုက်ရသည်။
ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက
“အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခံနေရသည့်သူတွေကို ရဲဘက် စခန်းများ၌
အလုပ်ကြမ်းလုပ်ခိုင်းသည်ကို လူမဆန်ဘူးဟု ဝေဖန်ပြစ်တင်၍ မရနိုင်ကြောင်းနှင့်
ထိုစခန်းများတွင် သေဆုံးသူများ ရှိသည်ဆိုသည်မှာ ရာသီဥတုဒဏ်၊
အစားအသောက်နှင့် မတော်တဆ ထိခိုက်မှုများ ရှိတတ်သည့်အတွက်ကြောင့်ဖြစ်ကြောင်း”
ပြောကြားသွားခဲ့သည်။
ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၏ပြောကြားချက်ကို
လေ့လာကြည့်လျှင် မည်သည့် အကြောင်းပြ ချက်ကြောင့် ရဲဘက်စခန်းများကို
မပိတ်သင့်ကြောင်း ကျိုးကြောင်းပြ ဖြေရှင်းခြင်းကို လုံးဝ မတွေ့ရသလို
ရဲဘက်စခန်းများတွင် အကျဉ်းသားများသေဆုံးမှုကိုလည်း အုပ်ချုပ်သူများတွင်
တာဝန်မရှိသယောင် ပြောကြားသွားခဲ့သည်ကို စိတ်မကောင်းစွာတွေ့ရှိရသည်။
အမှန်စဉ်စစ်
ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းသည် အရပ်သားဘဝမှ တက်လာသူတစ်ယောက်မဟုတ်ဘဲ
စစ်မှုထမ်းစစ်သားတစ်ယောက်ဖြစ်သည်။ ထိုစစ်ကျောင်းဆင်းစစ်ဗိုလ်တစ်ယောက်က
အကျဉ်းထောင် များကို ကိုင်တွယ်နေသည့် ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးဖြစ်နေသည့်အတွက်ကြောင့် အလုပ်ကြမ်းများကို နေပူမရှောင်
မိုးရွာမရှောင်လုပ်ရသည့် အကျဉ်းသားများရှိသည့် ရဲဘက် စခန်းများကို
မပိတ်နိုင်ကြောင်း ပြောကြားနေသလားဟု သံသယဖြစ်မိသည်။ အကြောင်းမှာ
စစ်အစိုးရအဆက်ဆက် စစ်တပ်မှ အပြစ်မဲ့ပြည်သူများကို ကိုယ်ချင်းစာနာမှုမရှိဘဲ
ချောဆွဲခြင်း၊ ရှေ့တန်းတွင် ပေါ်တာများအဖြစ် အတင်းအဓမ္မ ခိုင်းစေခြင်းတို့ကို
အစဉ်တစိုက်ပြုမှုခဲ့သည့် အမူအကျင့်ရှိပြီး ထိုသို့ပြုလုပ်ခြင်းသည်လည်း
စစ်ဗိုလ်စစ်သားများအတွက် မိမိတို့တွင် လုပ်ပိုင်ခွင့် ရှိသည်၊
ထိုပြည်သူများကို ခိုင်းပိုင်ခွင့်ရှိသည်ဟု ယူဆသည့်စိတ် (Mindset)
ရှိသည့်အတွက်ဖြစ်သည်။
ထို့ကြောင့် အပြစ်မဲ့ ပြည်သူများကိုပင်
ဖမ်းဆီးပြီး ပေါ်တာများအဖြစ် ရိုက်နှက်ညှင်းပန်းခွင့်ရှိခဲ့သော
စစ်ဗိုလ်များအနေနှင့် အပြစ်ရှိပြီး အလုပ်ကြမ်းနှင့်ထောင်ကျ၍ ရဲဘက်စခန်းသို့
ရောက်ရှိလာသော အကျဉ်းသား များကို မိမိတို့ခိုင်းပိုင်ခွင့်
နှိပ်စက်ပိုင်ခွင့်ရှိသည်ဟု တွေးမြင်ကြမည်ဖြစ်သည်။ ဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်းအနေနှင့် စစ်သားအတွေး စစ်သားအမြင်ကို ပယ်ဖျောက်၍
အကျဉ်းသားဖြစ်စေ၊ လွတ်လပ်သော လူသားဖြစ်စေ၊ လူလူချင်း သနားကြင်နာမှု၊
ညှာတာမှု၊ ဂရုဏာထားမှုတို့ကို ရှေးရှူသည့်အမြင်ရှိဖို့ လိုပေသည်။ အကျဉ်းသား
ဖြစ်စေကာမူ သူ့တွင် လူ့အခွင့်အရေးရှိသည်၊ အကျဉ်းသား အခွင့်အရေးရှိသည်ကို
မမေ့အပ်ပေ။
ရဲဘက်စခန်းများတွင် အလုပ်ကြမ်းလုပ်ခိုင်းခြင်းကို
လူမဆန်ဘူးလို့ ဝေဖန်ပြစ်တင်လို့ မရနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဆိုသည်။ ထိုအခါ မေးရန်
မေးခွန်းရှိလာသည်။ မည်သည့် အလုပ်ကြမ်းများနည်း၊ မည်သည့် အလုပ်မျိုးကို
လုပ်ရသနည်းဟု မေးလျှင် အရိပ်အကာမရှိ သံခြေကျင်းများနှင့်
ကျောက်ထုရသောအလုပ်၊ သစ်လုံးများ၊ မီးရထား သံလမ်းများ ထမ်းရသောအလုပ်ဟု
ပြောရပေမည်။ ထိုကဲ့သို့ အလုပ်မျိုးကို သံခြေကျင်းများဖြင့်
လုပ်ခိုင်းခြင်းသည် လူမဆန်ဘဲ ကျွန်သဘောက်များကို ကျွန်ပိုင်ရှင်များက
ခိုင်းစေသည့်ပုံစံ ဖြစ်နေသည်ကို သတိမူသင့်သည်။ စာရေးသူအနေနှင့်
လူမဆန်ဘူးဟုပြောသည်မှာ မမှားကြောင်း ခိုင်မာစွာယုံကြည်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ထိုစခန်းများတွင် သေဆုံးသူများ ရှိသည်ဆိုသည်မှာ ရာသီဥတုဒဏ်၊
အစားအသောက်နှင့် မတော်တဆ ထိခိုက်မှုများ ရှိတတ်သည်ကြောင့် ဖြစ်ကြောင်း
ပြောကြားခြင်းသည်လည်း ထောက်ပြစရာများ ရှိနေပါသည်။ သူ့စကားနှင့်ပြောလျှင်
ရာသီဥတုဒဏ်ဟု ဆိုရာ၌ အပူရှိန်ပြင်းထန်သော ရာသီဥတုရှိသည့်နေရာ၌ ကိုယ်တွင်
အကာအကွယ်မပေးဘဲ ဗလာကိုယ်တည်းဖြင့် ကျောက်ထုခိုင်းခြင်း၊
မလုပ်နိုင်သောသူများကို ဝါဒါများကဝိုင်းဝန်းရိုက်နှက်ခြင်း၊
သောက်ရေသုံးရေကို လုံလောက်အောင် မပေးခြင်းကြောင့်
ဝဲရောဂါများဖြစ်ပွားခြင်း၊ အေးချမ်းသော ဆောင်းရာသီတွင် စောင်မပေးခြင်း၊
အနာရောဂါဖြစ်လျှင် လုံလောက်အောင် ဆေးဝါးကုသမပေးခြင်း စသည်တို့သည်လည်း
သေဆုံးရမှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသောအချက်များ ဖြစ်သည်။
ညံဖျင်းသောအစားအသောက်သည် အကျဉ်းသားများ အဟာရချို့တဲ့လာပြီး သေဆုံးခြင်း၏
အဓိက အကြောင်းအရာတစ်ခုပင်ဖြစ်သည်။
၁၉၇၈ ခုနှစ်နှင့် ၂၀၀၄
ခုနှစ်များအတွင်း ရဲဘက်စခန်းများတွင် စုစုပေါင်း အကျဉ်းသားပေါင်း ၄၀၀၀
ကျော် သေဆုံးခဲ့ပြီး၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ၁၁ဝဝ သေဆုံးသည်ဟု
ဆိုသည်။ ထိုကိန်းဂဏန်းများတွင် ညှင်းပန်းနှိပ်စက်မှုကြောင့်လည်းကောင်း၊
အဟာရမရှိသည့် အစားအစာ မဝရေစာ စားရသည့်အတွက်ကြောင့်လည်းကောင်း၊
နာမကျန်းဖြစ်လျှင် လိုအပ်သော ဆေးဝါးကုသမှု မရရှိသည့်အတွက်ကြောင့်လည်းကောင်း
သေဆုံးသူများသည် အများစုဖြစ်မည်ဟု တွက်လို့ ရပေသည်။
နိဂုံးအားဖြင့်
တင်ပြချင်သည်မှာ အကယ်၍ ရဲဘက်စခန်းများကို မပိတ်နိုင်ဆိုလျှင် ဘာကြောင့်
မပိတ်နိုင်ကြောင်းကို တိုင်းပြည်သို့ အကြောင်းအကျိုးနှင့်တကွ
ရှင်းပြစေချင်သည်။ မပိတ်လိုပါက ရဲဘက်စခန်းများသည်
(၁) တိုင်းပြည်ကို မည်မျှအကျိုးပြုနေသည်ကို တင်ပြနိုင်ရမည်။
(၂)
ထိုရဲဘက်စခန်းများမှ အပြစ်ဒဏ်ကျခံနေရသူများကို အကျဉ်းထောင်မှ
လွတ်မြောက်လာသော အခါ ပြင်ပတွင် တိုင်းပြည်အကျိုးပြု လူသားများအဖြစ်
ပုံစံပြောင်းပေးနိုင်သည့် နေရာဖြစ်ကြောင်း တင်ပြနိုင်ရမည်။
(၃)
ထို့ပြင် အကျဉ်းသားများကို လူနှင့်တူအောင်ထားကြောင်း
ပြည်သူသို့ချပြနိုင်ရမည်။ အကျဉ်းသားများ၏ အစားအစာများ၊ အိပ်ဆောင်များ၊
ရေချိုးခန်းများ၊ သောက်သုံးရေများ လုံလောက် သန့်ရှင်းမှုရှိကြောင်း
တင်ပြနိုင်ရမည်။
ယနေ့ခေတ်တွင်
အိုင်းစစ်ဘာသာရေးအစွန်းရောက်များက သူတို့သိမ်းပိုက်သည့် နယ်မြေတွင်ရှိ
ယောက်ျားများကို သတ်ဖြတ်ပြီး မိန်းမများကို ကျွန်အဖြစ်
သိမ်းပိုက်နေခြင်းကို ကမ္ဘာကြီးရှိ လူ့ယဉ်မှု ထွန်းကားသောနိုင်ငံများမှ
လက်မခံကြပေ။ မြန်မာနိုင်ငံတွင် ခေတ်သစ်ကျွန်စနစ်သည် ပေါ်တာ ဆွဲခြင်းနှင့်
ရဲဘက်စခန်းများတွင် လူ့အဆင့်အတန်းထက် နိမ့်ကျစွာထားပြီး သံခြေကျင်းခတ်
ခိုင်းစေ ခြင်းဖြစ်သည်။ အကျဉ်းသားများကို ရဲဘက်စခန်းများတွင်
ရိုက်နှက်ခိုင်းစေခြင်းတို့သည် ရှိနေစဲဖြစ်သည်။
ထိုအကျဉ်းသားသည်
သူ၏တန်ဖိုးအရှိဆုံးလူ့လွတ်လပ်မှုကို ဆုံးရှုံးပြီးဖြစ်၍ ထိုသူတို့အားထပ်မံ၍
နှိပ်စက်ညှင်းပန်းပြီး ခိုင်းစေခြင်းထက် ပညာပေးသည့်နည်းဖြင့် လူသားဆန်ဆန်
ဆက်ဆံပြီး ပြုပြင်ပြောင်းလဲပေးမည် ဟုသောစိတ်ဖြင့်သာ ရဲဘက်စခန်းများကို
တည်ထောင်သင့်ပေသည်။ ခိုင်းသည့်အခါ ရက်ရက်စက်စက်ခိုင်းပြီး ထိုသူများ၏
စားဝတ်နေရေးကိုမူ တိရိစ္ဆာန်များကဲ့သို့ ထား၍မရချေ။ ရဲဘက်စခန်းများကို
သတင်းမီဒီယာများ ဝင်ရောက်လေ့လာခွင့်ပေးရမည်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့ဝင်များ၊ လူ့အခွင့်အရေး
စောင့်ကြည့်ရေးအဖွဲ့ဝင်များကို ကြည့်ရှူ စစ်ဆေးခွင့်ပေးရမည်။
မိမိလုပ်ဆောင်ချက်မှန်လျှင် မည်သည့်အဖွဲ့အစည်းမှ လာကြည့်ကြည့်
တွန့်ဆုတ်တားမြစ်နေရန် အကြောင်းမရှိဟု မြင်ပါသည်။
ထို့ပြင်အကျဉ်းစခန်းများတွင် အကျဉ်းသားများကို မည်ကဲ့သို့ထားသည်ကို
အကျဉ်းဦးစီးဌာနမှ မှတ်တမ်းဗီဒီယိုရိုက်၍ ပြည်သူကို ချပြနိုင်လျှင်
ပို၍ကောင်းမွန်ပါသည်။ အကျဉ်းစခန်းများ၏ လက်ရှိအခြေအနေကို ပြည်သူတို့
အကဲဖြတ်ခွင့်ရနိုင်မည် ဖြစ်သည်။
အမေရိကန်နိုင်ငံတွင်
ရဲဘက်စခန်းများကို (Correctional Facility) ဟုခေါ်သည်။ မည်သူမဆို
အကြောင်းကြားပြီး ဝင်ရောက်လေ့လာခြင်း၊ အကျဉ်းထောင်အရာရှိနှင့်လည်းကောင်း
အကျဉ်းသားများ နှင့်လည်းကောင်း မေးမြန်းနိုင်ခွင့် ရှိခြင်းသည် အစိုးရမှ
မိမိလုပ်ရပ်သည် တရားမျှတမှု ရှိပြီး ကောင်းမွန်ကြောင်း ယုံကြည်မှုရှိ၍
ဖြစ်သည်။
အကျဉ်းထောင်များဖြစ်စေ၊ အကျဉ်းစခန်းများဖြစ်စေ
အစိုးရမဟုတ်သော အရပ်ဖက် လူ့အဖွဲ့ အစည်းများကို ဝင်ရောက်လေ့လာခွင့်ပေးဖို့
လိုပေသည်။ သို့မှသာ တစ်စုံတစ်ခု မှားယွင်းနေပါက ချက်ခြင်းသိပြီး
အချိန်မီပြုပြင်နိုင်ခြင်း၊ အမှုထမ်းများမှ အပြစ်လုပ်လျှင်လည်း ချက်ခြင်း
အရေးယူနိုင် ခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဂုဏ်သည်လည်း တက်လာမည်
ဖြစ်သည်။ ယနေ့ခေတ်သည် ခေတ်ဟောင်းကို ပြစ်ပြီး လူလူချင်း တန်ဖိုးထားရမည့်
လူ့အခွင့်အရေးကို လေးစားလိုက်နာသော ပွင့်လင်းမြင်သာသောခေတ်သို့
ချီတက်နေပြီဖြစ်၍ ထိုအချက်များကို လျှို့ဝှက်တားမြစ်နေစရာ မလိုတော့ဟု
ထင်သည်။
အကျဉ်းသားများသည် လူသားများပင် ဖြစ်သည်။ တိရိစ္ဆာန်ကိုပင် ညှင်းပန်းနှိပ်စက်ခြင်းသည် မလုပ်သင့်ချေ။
နှိပ်စက်ညှင်းပန်းသောစခန်းများမှ လူသားအကျိုးပြုစခန်းများအဖြစ်သို့ ကူးပြောင်းရေးကို ရည်မှန်းလျက်။
-ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
(၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၉ ရက်နေ့ထုတ် အဓိပတိဂျာနယ် အတွဲ၂, အမှတ်၁၂ ပါ...)
0 comments:
Post a Comment