Tuesday, 14 October 2014

အောက်တိုဘာလရဲ့ ဒုတိယ တနင်္လာနေ့


ရေးသူ- (ကို)အောင်မိုးဝင်း

အောက်တိုဘာလရဲ့ ဒုတိယ တနင်္လာနေ့ကို “ကိုလံဘတ်စ်နေ့” အဖြစ်သတ်မှတ်တယ်။ ရုံးပိတ်ရက်အဖြစ်ကြေငြာတယ်။
အမေရိကားကို စရောက်ခါစတုံးက ရက်အင်ဒီးယန်း စစ်ပွဲများဘာသာရပ်ကို လေ့လာခဲ့ဘူးတယ်။ ကိုလံဘတ်စ်နေ့ ဆိုတာ ဘယ်လောက်အငြင်းပွားဖွယ်ဖြစ်ခဲ့သလဲ ဆိုတာ ကို အဲ့ဒီကျမှ သိတော့တယ်။ ဥပမာ- အမေရိကန်သမိုင်း နဲ့ ပတ်သက်တဲ့ ကျောင်းသုံးစာအုပ်တွေမှာ Columbus discovered America ဆိုတဲ့စာကြောင်းကို မြင်တိုင်း၊ ဒေသခံတိုင်းရင်းသားတွေ နဲ့ အမေရိကန်သမိုင်းကို နားလည်သူတွေက “ရှာဖွေတွေ့ရှိသည်” ( Discover) ဆိုတဲ့ စကားလုံးကို မသုံးဖို့ ကန့်ကွက်ကြတယ်။ Discovery အစား၊ “ကျူးကျော်သည်” ( invade ) ဆိုတဲ့ စကားလုံးကို ပြင်ဆင်သုံးစွဲဖို့ တောင်းဆိုကြတယ်။
တကယ်တော့ သူတို့ ပြောခဲ့သလိုပါပဲ။ အမေရိကားတိုက်က ကိုလံဘတ်စ် မလာခင်ကတည်းက ရှိနေတာမို့လား။ ရက်အင်ဒီယန်း စစ်ပွဲ ဘာသာရပ်ဆိုတော့ ပိုဆိုးတာပေါ့။ ကျောင်းသုံးစာအုပ်မှာ ကိုလံဘတ်တယောက် အမေရိကားတိုက်ကို discovery ခဲ့တယ် ဆိုတဲ့ စကားလုံးပါနေတော့၊ အတန်းထဲမှာရှိတဲ့ ဒေသခံတိုင်းရင်းသားတချို့က ခုံကို လက်ဝါးနဲ့ ရိုက်ပြီး ဒီကျောင်းသုံးစာအုပ်ကို ဘာလို့ မပြင်ရတာလဲ ဘာညာ ဆိုပြီး ပြဿနာရှာတော့တယ်။
ဆရာကလည်း ဟုတ်တယ်။ ဒီ ကျောင်းသုံးစာအုပ်ဟာ invade ဆိုတဲ့ စကားလုံးကိုပဲ သုံးရမယ် ဆိုပြီး အလျော့ပေးရတော့တယ်။ တကယ်တော့ သူတို့ပြောနေတာတွေက မမှားပါဘူး။
ကိုလံဘတ် ထက် အရင်၊ (၁၁) ရာစုနှစ်လောက်မှာကလည်းက လူဖြူတွေ အမေရိကားတိုက်ဆီကို အလည်ရောက်ခဲ့ဘူးပါတယ်။ ကိုလံဘတ်က (၁၆) ရာစု အစ၊ (၁၅၀၃) ခုနှစ်လောက်ကျ ရောက်လာတာကိုး။
ဒါပေမယ့်၊ ကိုလံဘတ်စ် က ခရစ်ယာန်ဘာသာပြန့်ပွားရေး ဦးတည်ချက်ကလည်း ပါသလို၊ တဘက်မှာတော့ ဒေသခံတိုင်းရင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့တဲ့ သမိုင်းကလည်း ရှိတယ်။
ဒါကြောင့်လည်း၊ အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းဒေသ ( အထူးသဖြင့် ရက်အင်ဒီယန်း မျိုးနွယ်စုတွေ အားကောင်းတဲ့ ပြည်နယ်) တွေမှာ ကိုလံဘတ်နေ့ကို ဒေသခံတိုင်းရင်းသားတွေရဲ့ နေ့အဖြစ် ပြောင်းလဲခေါ်တွင်စေတယ်။ တောင်ဒေကိုးတားပြည်နယ်မှာဆိုရင် ၁၉၉၀ ခုနှစ်လောက်ကတည်းက ကိုလံဘတ်နေ့ကို အသိအမှတ်မပြုပဲ၊ သူတို့ရဲ့ နေ့အဖြစ် သတ်မှတ်စေတယ်။
မကြာသေးမီက ဝါရှင်တန်ပြည်နယ် ဆီယဲ့တယ်ဒေသ အပါအဝင်၊ မနီဆိုးတားပြည်နယ် မှာဆိုရင်လည်းလည်း ကိုလံဘတ်နေ့အစား၊ ဒေသခံတိုင်းရင်းသားတွေရဲ့ နေ့အဖြစ် ပြောင်းလဲခေါ်ဆိုလာခဲ့ကြတယ်။
နယူးယောက်အထက်ပိုင်းဒေသ က တက္ကသိုလ်တွေမှာ အခုလို ကိုလံဘတ်စ်နေ့ကို ရောက်ပြီဆိုရင် ရက်အင်ဒီးယန်း ပစ္စည်းရောင်းတဲ့ ဆိုင်တွေ နဲ့ ကျောင်းသားတချို့ က လက်ကမ်းစာစောင်တွေဝေကြတယ်။
လူမျိုးစုသုတ်သင်ရှင်းလင်းမှု၊ မုဒိမ်းမှု နဲ့ ကျူးကျော်ဝင်ရောက်မှုအတွက် ကိုလံဘတ် ကို အသေရရ အရှင်ရရ၊ ဖမ်းဝရမ်းထုတ်ထားတဲ့ ပိုစတာကြီးလည်း ချိတ်ဆွဲထားသေးတယ်။
တကယ်တော့ ကိုလံဘတ်စ်နေ့ကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ပွဲတွေက အမေရိကားရဲ့ ပြည်နယ်တော်တော်များများမှာ နေရာအနှံ့။
ဒါပေမယ့် တဘက်မှာတော့ အမေရိကန်- အီတလီ သားတွေကလည်း ကိုလံဘတ်နေ့ကို ထောက်ခံကာကွယ်ကြတယ်။ ကိုလံဘတ်စ် ရဲ့ ကျေးဇူးကြောင့် သူတို့တတွေ အမေရိကားတိုက်မှာ အခုလို နေထိုင်ခွင့်ရကြတယ် လို့ ဆိုတယ်။
နှစ်ပေါင်း (၅၀၀) ကျော်သွားပြီ။ အငြင်းပွားဘွယ် သမိုင်းတွေက အရိပ်လို ကပ်ပါနေဆဲ။
သေချာတာ တခုကတော့ အလိုလောဘကြီးလွန်းတဲ့ ကမ္ဘာမှာ၊ ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းကို မပျက်သုဉ်းစေချင်ရင်၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာတွေ၊ အသိပညာတွေ ရှိဖို့လိုအပ်ပါတယ်။ တခြားနိုင်ငံက နယ်မချဲ့စေချင်ရင် ကိုယ့်ဘာသာ အင်အားကြီးမားအောင် လုပ်ဖို့လိုပါတယ်။ အဲ့သလို လုပ်နိုင်ဖို့ဆိုတာ
အစိုးရတရပ်အနေနဲ့ ပြည်သူလူထုအပေါ် ရိုးသားရမယ်။ အမြင်ကျယ်ရမယ်။
ဦးဆောင်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်။

0 comments: