Thursday, 4 September 2014

ခပ်လွှဲလွှဲ


ရေးသူ- (ကို)အောင်မိုးဝင်း
 
တကယ်တော့ အမေရိကန်တွေက မြန်မာဒုက္ခသည်တွေလောက် ဥာဏ်မပြေးပါဘူး။ ဒီ အချက်ကို ခဏခဏ ပြောသူက ကျွန်တော်တို့မြို့က ဒုက္ခသည် လူငယ်တယောက်။ သူက ညနေဆို၊ အလုပ်ပြီးတာ နဲ့ မျက်မှန်အမဲတပ်ပြီး ကမ်းခြေကိုပြေးတော့တယ်။ ကမ်းခြေတလျှောက် ရေကူးဝတ်စုံလေးတွေ ဝတ်ပြီး၊ လှဲလျောင်းနေတဲ့ ကောင်မလေးတွေကို တယောက်ခြင်းကြည့်၊ သဘောအကျကြီးကျပြီး၊ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် လမ်းလျှောက်လေ့ရှိတယ်။
ဒါပေမယ့်၊ သူသဘောမကျတဲ့ အရာတခုကို ရှိတယ်။ အမေရိကန်တချို့ ကျောက်ဆောင်ပေါ်မှာ ထိုင်ပြီး ငါးမြှားနေတဲ့ မြင်ကွင်းကို ကြည့်ပြီး သူက ခေါင်းယမ်း၊ အပြစ်တင်ပြီး အားမလိုအားမရ ပြန်လာလေ့ရှိတယ်။

“ အကို- သိလား။ အမေရိကန်တွေက smart မဖြစ်ပါဘူးဗျာ”
“ဟုတ်လား- အေး- ဟုတ်မှာပေါ့ကွာ။ မင်းကတော့ စမတ်ဖြစ်လွန်းလို့ မျက်မှန်အမဲကြီးတပ်ထားတာနေမှာပေါ့”
သူက ဘာမှ ဆက်မပြောဘူး။ “ကျွန်တော် ပစ္စည်းတခုမှာ ထားတယ်ဗျ။ ရောက်လာလို့ကတော့ ဒီကောင်တွေကို လုပ်ပြအုံးမယ်” တဲ့
သူတို့ဘာသာ လုပ်ချင်ရာလုပ် ပြောချင်ရာပြောနေကြတော့ ကိုယ်ကလည်း ဘာမှ ဆက်ပြီး မမေးမိပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ သိပ်လည်း မတွေ့ဖြစ်ပါဘူး။

ဒါပေမယ့် ထိုင်းနိုင်ငံကနေ သူမှာထားတဲ့ ပစ္စည်းရောက်လာမှ သူဘာလုပ်တယ် ဆိုတာကို သဘောပေါက်တော့တယ်။
သူက ထိုင်းနိုင်ငံကနေ ငါးဖမ်းသင်္ဘောတွေမှာ အသုံးပြုတဲ့ ပိုက်ကြီးတခု မှာတယ်။ ( ကွန် လို့ ခေါ်မယ်ထင်တယ်)။ အဲ့ဒီ ပိုက် ကို သယ်ပြီး၊ ငါးမျှားနေတဲ့ ကောင်တွေ နားသွားတယ်။ ငါးမျှားနေတဲ့ အမေရိကန်တွေက သူ့ကို ပြူးကြောင်ကြောင်ကြည့်နေတာပေါ့။ သူက တကယ့်ကို စံနစ်တကျပါ။ ရေငုတ်ပြီး တိုင်တွေဘာတွေ ရိုက်လိုက်သေးတယ်။ ပြီးတော့ ပိုက်ကြီးကို ပစ်ပြီး ငါးဖမ်းတော့တယ်။
မကြာဘူး။ ပိုက်ထဲမှာ ငါးအသေးလေးတွေရော၊ အကြီးကြီးတွေရောပါလာတယ်။
ငါးထိုင်မျှားနေတဲ့သူတွေက သူ့ကို မကျေမနပ်ကြည့်တယ်။ သူကတော့ အပျော်ကြီးပျော်လို့။
“တွေ့လား။ ဒီကောင်တွေ တညနေလုံးထိုင်မျှားနေတာ၊ ပုံးတဝက်တောင်မရဘူး။ ကျွန်တော် ခဏလေး ပိုက်ချလိုက်တာ၊ မြင်တဲ့အတိုင်းပဲ” တဲ့၊ ကောင်လေးက ရင်ကော့ပြီး လမ်းလျှောက်တယ်။ ငါးမျှားသူတွေက ခေါင်းတယမ်းယမ်း နဲ့ ကျန်ခဲ့တယ်။ ကောင်လေးက ငါးပုံးကြီးကို ကားပေါ်မှာ တင်ပြီး ထွက်လာခဲ့တယ်။

နောက်တနေ့ကျ အဲ့ဒီအတိုင်းပဲ သွားပြန်တယ်။ ငါးမျှားသူတွေက ခေါင်းတယမ်းယမ်းနဲ့ ကျန်ခဲ့ပြန်တယ်။ “ ဒီကောင်တွေ ဒီလောက်လုပ်ပြတာတောင် လိုက်မလုပ်ကြဘူး။ ဒါကြောင့် ဒီကောင်တွေ smart မဖြစ်ဘူး လို့ ပြောတာပေါ့” တဲ့။ အမေရိကန်တွေညံ့ဖျင်းကြောင်းကို သူ့သူငယ်ချင်းတွေရှေ့မှာ ပြောနေပြန်တယ်။
တတိယမြောက်နေ့ရောက်လာတယ်။
ဒီတခါတော့ ပိုက်ချချခြင်းပဲ။ ရဲတွေရောက်လာတယ်။ ငါးမျှားတဲ့သူတွေက ပြုံးကြည့်နေတယ်။
ကောင်လေးကို ကမ်းပေါ်တက်ခိုင်းလိုက်တယ်။ လက်ထိပ်ခပ်လိုက်တယ်။
“ မင်းငါးမျှားနေတဲ့ နေရာက ဆိုင်းဘုတ် ကို ဖတ်တတ်လား” တဲ့။ ကောင်လေးက ခေါင်းယမ်းတယ်။
တကယ်တော့ ဆိုင်းဘုတ်မှာ “ရေထဲ မဆင်းရပါ။ အပျော်တမ်း ငါးမျှားခြင်း ထက်ပိုသော လှုပ်ရှားမှုများမလုပ်ရပါ” ဆိုတဲ့ စာ ကိုရေးထားတာ။ အဲ့ဒီ ဆိုင်းဘုတ်အောက်မှာ သူတို့က ပိုက်သွားချတာကိုး။
သူရော၊ သူ့သူငယ်ချင်းရော၊ သူ့ရဲ့ ငါးပုံးတွေကိုပါ ဓါတ်ပုံရိုက်ယူလိုက်တယ်။ နောက်-- ရဲစခန်း ပါသွားတော့တယ်။ တကယ်တော့- ဒီက ရေကန်ကြီးမှာ ငါးမျှားကြတယ် ဆိုတာ အပျော်မျှားကြတာ။ အပျင်းဖြေတဲ့သဘော။ ဖမ်းပြီးပြန်လွှတ်ကြတယ်။ တကယ်လို့ ဖမ်းထားတဲ့ငါးကို ယူသွားချင်တယ် ဆိုလည်း အရွယ်အစားသတ်မှတ်ထားတယ် လို့ဆိုတယ်။ သူတို့ ပြောထားတဲ့ အရွယ်ထက် ကျော်ယူလို့မရဘူး။ ကိုယ့်ဆီက ကောင်ကတော့ စီးပွားဖြစ်ကို မျှားတော့တာကိုး။

ရဲစခန်းရောက်တော့ သူ့ကို (၃) ရက်စာ ဒဏ်ရိုက်လိုက်တယ်။ ဒေါ်လာ (၇၀၀၀) တဲ့။
သူ့ကောင်မလေးကတော့ ငြီးရှာတယ်။ “အောင်မလေး ကုန်ပြီ- အရင်ယောင်္ကျားက ကလေးစားစရိတ်အတွက်ထောက်ပံ့ကြေးရတဲ့ ပိုက်ဆံကို ချေးသွားတယ်” တဲ့။ အမှုနောက်ထပ်တိုးမှာလည်း မသိဘူး။ ရပ်ကွက်ထဲ လှည့်ပြောနေတယ်။
.............................................................................
..............................................................................

ထားပါတော့လေ။
အခုကိစ္စက အင်္ဂလိပ်စာ အားနည်းလို့။ ဆိုင်းဘုတ် မဖတ်တတ်လို့ မှားတဲ့ ကိစ္စ၊
အင်္ဂလိပ်စာ တတ်တဲ့သူတွေ မှားတဲ့ အမှားက ပိုပြီး ကြောက်ဖို့ကောင်းတယ်။
အမေရိကားကို စရောက်ခါစတုံးက ကျွန်တော်တို့နေတဲ့ Apartment ဆီကို သူငယ်ချင်းတွေရောက်လာတယ်။ နားနားနေနေ နဲ့ အသားလေးဘာလေး ကင်စား၊ ရေကူးကြမယ်ပေါ့။ ဒီလိုနဲ့ Apartment ရေကူးကန်ကို သွားကြတယ်။ ရေကူးကန်လည်းရောက်ရော အလည်ပါလာတဲ့ သူငယ်ချင်းတယောက်က ရေမကူးတော့ဘူး တဲ့။ အကြောင်းက ရေကူးကန်မှာစောင့်နေတဲ့ Lifeguard ကောင်မလေးတယောက်က သိပ်ကို လှတဲ့အတွက် သူ့ရင်ဘတ်ကို တည့်တည့်ထိသွားတယ် ဆိုပဲ။
သူပြောသလိုပါပဲ။ ကောင်မလေးက ခုံတန်းလေးပေါ်မှာ ထိုင်ပြီး စာဖတ်နေတယ်။ နှာတံလေးတွေ၊ ပေါင်တံလေးတွေက စင်းလို့။ ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တောင့်တင်းတင်းဆိုတော့ ရင်ထဲတင်မကဘူး။ သွေးထဲအထိ စိမ့်ဝင် ထိရှလှုပ်ခါ ရှာမှာပေါ့။ ကိုယ်ကလည်း အလည်ပါလာတဲ့သူ့အကြောင်းမသိပါဘူး

ကိုယ့်သူငယ်ချင်းကတော့ သူ့ကို မှာရှာတယ်။ “ ဟေ့ကောင် ကြည့်လုပ်နော်” တဲ့။
ဒီလိုနဲ့ ကျွန်တော်တို့လည်း ရေကူးနေကြတယ်။
မောင်မင်းကြီးသားကလည်း ကောင်မလေးကို ခံစားဖို့ ရေကန်ဘေးက ခုံလေးမှာ ကျန်ခဲ့တယ်။
သတိယလို့ကြည့်လိုက်တော့ ဘယ်အချိန်က Apartment ဆီပြန်သွားပြီး ယူတယ်မသိဘူး။ လက်ထဲမှာ ဂစ်တာနဲ့။ ခင်မောင်တိုးရဲ့ သီချင်းဆိုနေတာ။
“ မင်းရဲ့ မျက်လုံးလေးများက ပုလဲ နဲ့ မဟူရာပေါင်းစပ်ထားသလိုနှယ်။ ကော့ညွတ်သွယ် နှုတ်ခမ်းလေးများက သိတ်လှအောင် ပတ္တမြားသွေးလိမ်းခါချယ် “
အပြင်မှာ ရဲကားတစီးရောက်လာတယ်။
ရေကူးကန်ဆီကို ရဲနှစ်ယောက် သေနတ်ပေါ်လက်တင် အသင့်အနေအထားနဲ့ရောက်လာတယ်။
Lifeguard ကောင်မလေး နဲ့ စကားပြောတယ်။ ကောင်မလေးက ဂစ်တာတီးနေတဲ့သူ့ဆီကို လက်ညှိုးထိုးပြတယ်။ ရဲတွေက သူ့အနားကို ကပ်သွားပြီး ရပ်ပေးဖို့တောင်းဆိုတယ်။
တခုခုတော့ဖြစ်ပြီ။ ကျွန်တော်တို့လည်း နေလို့မရတော့ဘူး။ အပေါ်ကိုတက်ရတော့တယ်။
ရဲက မေးတယ်။
“မင်းတို့သူငယ်ချင်းလား”
“ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ”
ဘယ် Apartment ကလဲ တဲ့။ နေရပ်လိပ်စာတောင်းတယ်။ သူ့ဆီက ကဒ်ပြားကိုတောင်းတယ်။

နောက်မှ သိရတာ။မင်းသားက ကောင်မလေးကို တအားသွားငမ်းတယ်။ တည့်တည့်ကနေကြည့်အားမရတော့၊ ပန်းခြံထောင့်ကလေးကနေ သွားငေးတယ်။ နောက်- ဘယ်လိုလှတဲ့အကြောင်း၊ ဘယ်လိုခံစားရကြောင်း၊ ရင်ထဲကို ဘယ်လို ငြိတွယ်မိသွားကြောင်း၊ သူ့ဘာသာ ဗမာစကား နဲ့ တတွတ်တွတ် ရွတ်နေတယ်။ လက်ကလေးကို နှုတ်ခမ်းလေးထဲထည့်ပြီး နောက်ထပ် ထောင့်တထောင့်ကနေ သွားကြွေပြန်တယ်။ ချစ်စိတ်က ပိုပြီးတက်လာတယ်။ ထိန်းမရနိုင်လောက်အောင်ပဲ။
အဲ့ဒီကောင်မလေးနား ဖြတ်လျှောက်သွားပြီး၊
When you take a breath, I am almost dead တဲ့ ကောင်မလေးကြားအောင် ပြောခဲ့သေးတယ်။
“မင်းအသက်ရှူလိုက်တဲ့အခါ ငါ သေမတတ် ခံစားရတယ်ပေါ့”
ဒါမျိုးကျ အင်္ဂလိပ်စကားပြောတာ ပီသလားမမေးနဲ့။ အမေရိကန်တွေ ပြောတဲ့အတိုင်းပဲ။
ကြွေတယ် ကြွေတယ် ကြွေတယ်။
ရာဘင်နာ နတ်တဂိုး ရဲ့ စာသားတွေ နဲ့ အားမရတော့ဘူး။ ခင်မောင်တိုးသီချင်းစဆိုဖို့လုပ်တော့တယ်။ သူ့စိတ်ထဲမှာ မြန်မာပြည်က မိန်းကလေးအဆောင်တွေရှေ့ရောက်နေသလိုမျိုးခံစားရရှာတယ် နဲ့ တူပါတယ်။
သူကြွေတာ အရေးမကြီးဘူး။
ကောင်မလေးခင်ဗျာ- တဘက်သတ် ကြောက်လာတယ်။
ရဲကို လှမ်းအကြောင်းကြားတယ်။
“ စိတ္တဇရောဂါရှိမယ် လို့ ထင်ရတဲ့ လူငယ်တယောက် ကျွန်မရဲ့ အသက်အန္တရာယ်ကို ရန်ရှာဖို့လုပ်နေတယ်။ ကျွန်မရဲ့ လုံခြုံရေးက စိတ်မချရတော့ဘူး” တဲ့။
ဒီလိုနဲ့ ခင်မာင်တိုးသီချင်း စခါရှိသေးတယ်။ ရဲကားရောက်လာတော့တာပဲ။
ဒီမှာက မြန်မာပြည်လို ကောင်မလေးတွေကို ပြောချင်ရာပြော၊ ငမ်းချင်သလိုငမ်းလို့မရဘူးလေ။ လွန်လွန်ကဲကဲ ကြည့်လာရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု ( Sexual harrashment ) အဖြစ်တရားစွဲလို့ရတယ်။ အခုဟာကတော့ တရားမစွဲပါဘူး။ ကောင်မလေးက သူ့ကို စိတ်ရောဂါရှိနေတယ် ယူဆလို့ အကူအညီပေးတာနဲ့တူပါတယ်။
အော်- ကြုံတုံးပြောလိုက်အုံးမယ်။ အဲ့ဒီ တယောက်ပဲ။ ဟို တလောက မြန်မာပြည်ထဲမှာ ၈၈ မျိုးဆက်ဆိုပြီး ပြန်သွားလေရဲ့။ ဒုက္ခပဲ။ ခင်မောင်တိုး သီချင်း ဆိုအုံးမှာလား မသိဘူး။


(မှတ်ချက်။ ။ခေါင်းစဉ်ဖြစ်တဲ့ “ခပ်လွှဲလွှဲ” ဆိုသည့် စာသားမှာ ကျနော့်ဘာသာ ကျနော် ကိုအောင်မိုးဝင်း ဆောင်းပါးကို ပေးထားသည့် အမည် ဖြစ်ပါတယ် - ကိုအောင်)

6 comments:

Anonymous said...

ဟိုးမိုက်တယ်ဗျို့

ရွှေစင်ဦး

ကြည်ဖြူပိုင် said...

ရယ်ရတယ်။ :D

ကိုကိုမောင်(ပန်းရနံ့) said...

ရောဂါက သေးမှမသေးပေဘဲ။း)

Ivy_Techno said...

can i share this post's link on facebook?

An Asian Tour Operator said...

အေးလေ.. ခိခိ

ဟန်ကြည် said...

ရယ်လည်း ရယ်ရ...ဗဟုသုတလည်း ရသဗျို့...

ကိုတိုးကြီး သီချင်းသံကြားတိုင်း ဒီပို့စ်ကို သတိရနေတော့မှာ သေချာတယ်...း))