ရေးသူ- (မ)ဂျူ လီယာစော
မြန်မာပြည်တွင် မိုဘိုင်းဖုန်းများ အလွယ်တကူ ဝယ်လို့ရလာသော ခေတ်၌
အဖေ့မှာလည်း မိုဘိုင်းဖုန်း တစ်လုံးရှိလေ၏.. ထိုအခါ သမီးသည်
အဖေ့ဖုန်းနံပါတ်အား Dad Mobile ဟု မှတ်ထားလိုက်၏.. အရင်က သမီးဖုန်းဆက်ချိန်
အိမ်တွင် စောင့်တတ်သော အဖေသည် "သမီးဖုန်း လာရင် ဟန်းဖုန်းကို
ဆက်ခိုင်းလိုက်ဟေ့" ဟု မှာကာ လွတ်လွတ်လပ်လပ်ကြီး လည်ပတ်နေနိုင် လေသည်..
တခါသော် အဖေသည် အိမ်မှာ မရှိ.. သမီးဖုန်းဆက်သော် အမေကလည်း ညည်းအဖေကို
ဟန်းဖုန်းသာ ဆက်ပါအေ ဆို၏.. သို့သော် ထိုဟန်းဖုန်းကိုလည်း ဆက်မရ.. အိမ်ကို
တခါပြန်မေးခါမှ အမေက အေး.. သမီးအဖေ ဖုန်းအသစ်တစ်လုံး ဝယ်ထားတယ်..
လိုင်းပိုကောင်းလို့တဲ့ဟု ဖြေလေ၏.. သမီးလည်း Dad Moblie 2 ဟု မှတ်ရပြန်၏..
ဖုန်းဆက်သည့်အခါတိုင်း အိမ်ဖုန်း ဟန်းဖုန်းနှစ်လုံးနှင့် ချာလပတ်လည်နေစဉ်
အင်တာနက်နှင့် စမတ်ဖုန်းများ အဖေတို့နေထိုင်ရာ မြို့လေးတွင် တွင်ကျယ်လာ၏..
အဖေကား ခေတ်မီသူပီပီ facebook, google hang out, skype, viber တို့မှတဆင့်
သမီးနှင့် ဆက်သွယ်ရန် အင်တာနက်ချိတ်ထားသော စမတ်ဖုန်းနှင့်
အင်မတန်ဟန်ကျနေလေ၏.. အရင်လို သမီးထံမှ ဖုန်းလာချိန်စောင့်ရန် မလိုတော့..
တရေးနိုးလျှင် viber မှ message ပို့၍ ရ၏.. ဖုန်းဆက်ပြန်တော့လည်း အရင်ကထက်
ဖုန်းဖိုးသက်သာ၍ သမီးကလည်း သဘောကျ၏.. ထိုကြောင့် နံပါတ်အသစ်အား Dad
Internet Phone ဟု မှတ်ထားလိုက်၏.. အဖေသည် facebook တွင် သမီးတင်ထားသော
status များဖတ်ကာ သမီးစိတ်အခြေအနေကို သိရ၏.. ပြောချင်တာကို comment ပေး၍
ရ၏.. ဓာတ်ပုံများကို အလွမ်းပြေ ဝင်ကြည့်နိုင်၏.. တခါတွင်ကား သမီးဆော့သော
ဂိမ်းများကို ဟိုလိုမလုပ်ဘူးလား ဒီလိုလုပ်ပါလား အကြံပေးမိရာ သမီးက
စိတ်ဆိုးလေ၏..
ထိုသို့ အဆင်ပြေသည် ထင်ရသော်လည်း အဖေ့ကို
ဒုက္ခပေးနေသည်မှာ MPT ၏ connection ဖြစ်၏.. စကားပြောရင်း လိုင်းကျကျသွားရာ
ခဏခဏ ပြန်ခေါ်ရသဖြင့် သားအဖနှစ်ယောက်လုံး စိတ်မရှည်..
ထိုစဉ် MPT နှင့်
အပြို င် ooredoo ပေါ်လာရာ လိုင်းပိုကောင်းသည် ဆိုသဖြင့် ooredoo
တစ်ကတ်ဝယ်လိုက်ရပြန်၏.. သမီးလည်း ဖုန်းမှတ်စုထဲတွင် Dad ooredoo ဟု
မှတ်လိုက်ရပြန်၏.. လိုင်းအခြေအနေကား ထူးမခြားနား.. အဖေ့ အိတ်ထဲမှ
ငွေယားကလေးများကမူ ပျော်ပျော်ကြီး ထွက်သွားကြသည်.. မကြာပါချေ Telenor
ပေါ်လာပြန်၏.. အစမို့လား မသိ.. လိုင်းကောင်း၏.. သမီးဆီ message ပို့သော်
မပြန်.. connection ကောင်းချိန်မို့ သမီးကိုလည်း ခပ်နောက်နောက် ရေးမိရာ
တဖက်မှ သမီးသည်လည်း ဘယ်သူများ ငါ့ကို တရင်းတနှီးစနောက်နေပါလိမ့်ဟု တွေးကာ
ဦးနှောက်ခြောက်နေလေ၏.. နောက်မှ အဖေလား ဘယ်သူ့ဖုန်းလဲဆိုသော် yes, testing
with telenor sim card ဟု ဆိုသဖြင့် Dad Telenor ဟု မှတ်လိုက်ရပြန်၏..
တခုသော တနင်္ဂနွေနေ့တွင် အဖေသည် ဖုန်းသုံးလုံးချကာ viber မှတဆင့် သမီးအား
ဖုန်းခေါ်လေသည်.. ပထမ ooredoo နှင့် ခေါ်၏.. စကားပြောရင်း ပြတ်သွားရာ telenor
နှင့် ထပ်ခေါ်၏.. သမီးဖုန်းကား မအားတော့.. တဖက်၌ သမီးက ooredoo ဖုန်းအား
ပြန်ခေါ်နေသောကြောင့်ပင်.. စိတ်မရှည်သော အဖေသည် ဒါ လိုင်းမကောင်းလို့
ဖြစ်ရမယ်ဆိုကာ မူလလက်ဟောင်း MPT နှင့် ခေါ်၏.. ထိုစဉ် သမီးသည် Dad Telenor
မှ missed call များ တွေ့သဖြင့် ပြန်ခေါ်ရာ အဖေကား တဖက်တွင် MPT နှင့်
အလုပ်ရှုပ်နေသဖြင့် ဖုန်းမကိုင်အား.. သမီးသည် အဖေ့ internet phone မှ missed
call များ မြင်သော် ဒေါပွ၏.. နောက်ဆုံး အဖေ.. ဘယ်ဖုန်းနဲ့မှ မခေါ်ပါနဲ့..
သမီးခေါ်ပါမည်.. ခဏစောင့်ပါဟု ဖုန်းနံပါတ်သုံးခုလုံးကို message ပို့ကာ
စောင့်ခိုင်းရ၏.. အဖေက ခေါ်ကြည့်ချင်တာဆိုသော် သမီးက စောင့်ရပြန်၏..
သို့သော် ဝင်ချင်တဲ့ဖုန်း ဝင်ဟုဆိုကာ ဖုန်းနံပါတ်သုံးခုမှ တပြို
င်တည်းခေါ်သဖြင့် သမီးမှာ ဖုန်းနံပါတ်တစ်ခုပဲ ရှိတာနော် အဖေဟု ခဏ ခဏ
သတိပေးရ၏.. ဤသို့ဖြင့် ထိုတနင်္ဂနွေသည်ကား အဖေနှင့်သမီး ဖုန်းခေါ်ရာ
ကျလိုက်ပြန်ခေါ်လိုက်ဖြင့်ပင် တရက်လုံး ကုန်လေသတည်း ...
(မှတ်ချက်။ ။“ဒယ်ဒီနှင့် သူ၏ ဖုန်းလိုင်းများ” ဆိုသည့် အမည်မှာ စာရေးသူ (မ)ဂျူ လီယာစော၏ စာသားများအပေါ် ကျနော့်ဘာသာ ပေးထားသည့် ခေါင်းစဉ်ဖြစ်ပါသည် ... -ကိုအောင်)
0 comments:
Post a Comment