Wednesday, 3 September 2014

ရွှေမမှန်တဲ့ ရွှေ


ရေးသူ- (ကို) အောင်မိုးဝင်း
 
မြန်မာပြည်က လာတဲ့သူတွေကို ဘာကြောင့် “ ရွှေ” လို့ ခေါ်သလဲ ဆိုတာကို နိုင်ငံရပ်ခြားရောက်လာမှ ပိုပြီး သဘောပေါက်တော့တယ်။ မိန်းမတွေက ရွှေ တကယ်ကြိုက်တာကိုး။ မကြာသေးမီက ရောက်လာတဲ့ ဒုက္ခသည်ကောင်မလေးရဲ့ လက်တခုလုံးမှာ ရွှေတွေ တလက်လက်ထနေတယ်။ ဒီလောက်များတာ အတုတွေပဲ နေမှာပါလို့ ထင်နေတာ။ မဟုတ်ဘူး။ အစစ်တွေ တဲ့။ မကြာဘူး။ တလထက် တလ ၊ ကောင်မလေးရဲ့ ရွှေတွေက တံထောင်ဆစ်အထိ ရောက်လာတော့တယ်။

သူတို့ကသာ တဖြည်းဖြည်း ရွှေတွေ အိနေတာ။ ကလေးတွေက ဝမလာဘူး။ အစိုးရက သံသယရှိလာတယ်။ ဒါကြောင့် သူတို့ကို ဝင်စစ်တယ်။
အပါးပါး။ မြန်မာဒုက္ခသည် အမျိုးသမီးတွေ ကလေးတွေအတွက် ပေးထားတဲ့ နွားနို့၊ Food Stamps တွေကို ကလေးအတွက်မဝယ်ပဲ၊ မြန်မာကုန်စုံဆိုင်မှာသွား၊ ငွေနဲ့လဲ၊ ပြီးတော့ ရွှေဝယ်စုကြသတဲ့။ ကျောင်းသားတယောက်ဖွင့်ထားတဲ့ မြန်မာကုန်စုံဆိုင်ကလည်း သိပ်ပြီး အမြတ်မယူပါဘူး။ ရောက်ခါစ လူဆိုရင် Food Stamp ( ဒေါ်လာ ၁၀၀) ဆိုရင် (၈၀-၈၅ ဒေါ်လာ) နဲ့လဲသတဲ့။ ဒုက္ခသည်တွေ ကားမရှိရင် ကားနဲ့အကြိုအပို့လုပ်ပေးပြီး သူ့ဆိုင်ကို ဈေးဝယ်အောင် လုပ်လေ့ရှိသတဲ့။ ခုတော့- food stamp ကို ငွေ နဲ့ လဲသူရော၊ လဲပေးတဲ့ဆိုင်ရော၊ အစိုးရက ဝင်စစ်တယ်။ ဒဏ်ရိုက်တော့တယ်။ နောက်တခါဆို ထောင်ချမယ်ပေါ့။

ဒါကြောင့် မီးရထားသံလမ်းဘေးက အရွက်လေးတွေကိုခူးစား လို့ ရွာကဓလေ့ပဲ ဆိုပြီး မသနားနဲ့လေ။သူတို့က ကိုယ့်ထက် ချမ်းသာတယ်။
အစိုးရက ထောက်ပံ့ပေးထားတဲ့ food stamp ကို ကျတော့ ရောင်းစား၊ ရွှေဝယ်စုပြီး၊ လမ်းဘေးက အလေ့ကျပေါက်သစ်ပင်တွေကို နှုတ်စားတာကတော့ အောက်တာပေါ့။

မိန်းမတွေက ရွှေစုလို့ ယောင်္ကျားတွေက ဘာလုပ်တယ်ထင်သလဲ။
ယောင်္ကျားတွေက ရွာမှာနေတုံးက လှည်းတစီးတောင် မပိုင်တာ၊ ဒီရောက်တော့ ကားဝယ်ရင် အသစ်စက်စက်မှ စီးကြတယ်။ ဒီမှာက Learner permit လို့ ခေါ်တဲ့ အမောင်းသင် လက်မှတ်ရှိရင် ကားဝယ်လို့ရတယ် မို့လား။ ဆိုတော့-- မောင်မင်းကြီးသားတွေက ကားအသစ်တစီးဝယ်တယ်။ သူ့သူငယ်ချင်းက သူ့ထက်ကောင်းတာဝယ်ရင်၊ သူကလည်း အားကျမခံ သူ့သူငယ်ချင်းထက် သစ်တဲ့ နောက်ထပ်ကားတစီးသွားပြီး အလဲအလှယ်လုပ် ဝယ်တယ်။ ပြိုင်စရာမရှိတော့ ကားပြိုင်တယ်။ အိမ်ပြိုင်တယ်။
ပထမတော့ ကားရောင်းတဲ့သူက သဘောကျတာပေါ့။

တနှစ်တောင်မပြည့်သေးဘူး။ နောက်ထပ် ဒေါ်လာ (သုံးထောင်) လောက် ပိုပြီး ထပ်ပေး၊ ကားအသစ်တစီးကို ထပ်ဝယ် ဆိုတော့ သဘောမကျပဲ နေပါ့မလား။ နောက်တော့ တယောက်မဟုတ်၊ ဆယ်ယောက်မဟုတ်၊ ကားကလည်း လဲလိုက်ကြတာ၊ (၄) လ တခါလောက်ဖြစ်နေတယ်။ နောက်တော့ ကားရောင်းတဲ့ဆိုင်က အားနာလာတယ်။

“ မင်းတို့ အဲ့သလို လုပ်နေတာ မကောင်းဘူး။ ကားဆိုတာ အနည်းဆုံး (၁-၂) နှစ်လောက်တော့ စီးရတယ်။ နောက်မှ ပြောင်းကြပေါ့” ပြောလည်း မရဘူး။
“ ခင်ဗျား အမြတ်ရတာပဲ။ အေးအေးဆေးဆေးနေစမ်းပါ။ ကျုပ်တို့ ပိုက်ဆံ နဲ့ ကျုပ်တို့လုပ်တာ ဘာဖြစ်သလဲ” တဲ့။ ကားရောင်းတဲ့ သူလည်း ဘာမှမပြောတော့ပါဘူး။

ဒုက္ခသည်တွေက ကားရောင်းတဲ့သူတင် အံ့သြအောင် လုပ်တာမဟုတ်ဘူး။
ရဲတွေကိုလည်း စိတ်ကသိကအောက် ဖြစ်အောင် လုပ်သေးတယ်။
နယူးယောက်အထက်ပိုင်းမှာ မြို့လေးတမြို့ရှိတယ်။ အဲ့ဒီမြို့က လူတွေက (၄၅ မိနစ်- တနာရီ) လောက်ဝေးတဲ့ နေရာတွေမှာ အလုပ်မှာ လုပ်ကြတယ်။
တရက်တော့ လိုတာထက်ပိုတဲ့ အရှိန်နဲ့ မောင်းလာတဲ့ ကားတစီးကို ရဲကဖမ်းလိုက်တယ်။
လိုင်စင်ကို တောင်းကြည့်တော့ Learner permit ပဲ ရှိတယ်။
“ Lerning permit နဲ့ အလုပ်ကို မောင်းလို့မရဘူး။ မင်းကို ဥပဒေအရ၊ ဖမ်းရလိမ့်မယ်”
“ What are you talking about ? ( စောင့်ကြီးအောင့်ကြီးဖြင့် အသံထွက်စေ)
“မင်းဘာတွေလာပြောနေတာလဲ။ လူတိုင်း ဒီလိုပဲမောင်းနေတာ”
“နိုး- ဘယ်ပြည်နယ်မှာမှ ဒီလိုလိုင်စင်နဲ့မောင်းလို့မရဘူး။ မင်းတို့ ဘယ်နိုင်ငံက လာတာလဲ”
“ ငါတို့ မြန်မာပြည်သားတွေကွ။ မင်း- ငါ့တယောက်တည်းကိုပဲ ပြဿနာရှာမယ် မကြံနဲ့နော်။ ဒီလိုင်စင် နဲ့ မောင်းလို့ရတယ် ဆိုတာ လူတိုင်းသိတယ်။ ဒီလို လိုင်စင်ကိုင်လို့ ဖမ်းကြေးဆို ငါ့ဘက်ကလည်း သက်သေပြမယ်။ ငါတို့မှာ အုပ်စုရှိတယ်။ မင်းက ငါ့ကို ဖမ်းမယ် ဟုတ်လား။ ရတယ်။ တွေ့ကြသေးတာပေါ့။ ဟော ဟော အခုလာနေတဲ့ ကားကို တားလိုက်”

ရဲက သတိပေးတယ်။ ကိုယ်ထိုင်တဲ့နေရာမှာပဲ ငြိမ်ငြိမ်နေ။ မရွှေ့နဲ့ပေါ့။
ဒီလိုနဲ့ ရဲကလည်း နောက်တစီးကို တားလိုက်တယ်။ အဲ့ဒီကားမှာလည်း မောင်းတဲ့သူက မြန်မာပြည်က လာတဲ့ ဒုက္ခသည်ပဲ။ လိုင်စင်ကိုတောင်းကြည့်လိုက်တော့ Learning permit
ကောင်လေးက နောက်တစီးကို လက်ညှိုးထိုးပြတယ်။ မြန်မာပြည်သားတွေပဲ။ လိုင်စင်တောင်းကြည့်လိုက်တော့ Learning permit
နောက် တစီး လက်ညှိုးထိုးတယ်။ ရဲက တားတယ်။ Learning permit
ဒီလိုနဲ့ ကား အစီး (၂၀) လောက်ဖြစ်သွားတယ်။
ရဲလည်း တော်တော်စိတ်ညစ်သွားတယ်။
မြန်မာပြည်ကလာတဲ့ ဒုက္ခသည်တွေက Learning permit နဲ့ ကားအသစ်တွေဝယ်တယ်။ ကားတိုက်မှု ဖြစ်တယ်။ Insurance တွေက တက်သွားတယ်။ နဂိုက တလမှာ အာမခံကြေး ဒေါ်လာ (၅၀-၆၀) လောက်သာပေးရတဲ့အဆင့်ကနေ တလ ဒေါ်လာ (၂၀၀-၂၅၀) တွေ ဖြစ်ကုန်တယ်။

တကယ်တော့ အရင်းရှင်စံနစ်ကြီးထဲမှာ လူတွေ သံသရာလည်နေကြတယ်။
ဒုက္ခသည်တွေက အစိုးရဆီက တောင်းစားတယ်။ အာမခံ ကုမ္မဏီတွေက ဒုက္ခသည်တွေ ဆီက အမြတ်ရတယ်။ အစိုးရ နဲ့ အာမခံကုမ္မဏီတွေ က အမြတ်ကို ခွဲယူတယ်။ ခံရတာက အလုပ်ကို ကြိုးကြိုးစားစားလုပ်၊ အခွန်ပေးဆောင်နေရတဲ့ လူလတ်တန်းစားတွေ။

တကယ်လိုအပ်လို့အစိုးရဆီက ထောက်ပံ့ကြေးယူနေသူတွေကို နားလည်ပါတယ်။
ဒါပေမယ့် တိုင်းပြည်ကိုလည်း ဂုဏ်သိက္ခာကျအောင်လုပ်၊ အလုပ်လုပ်နေတဲ့သူတွေဆီက အခွန်တွေကို လိမ်စားနေတဲ့ နိုင်ငံသားတွေကိုတော့ တော်တော်လေးစိတ်ပျက်လာမိတာ အမှန်။


(မှတ်ချက်။ ။ ခေါင်းစဉ်ဖြစ်တဲ့ “ရွှေမမှန်တဲ့ ရွှေ” ဆိုသည့် ခေါင်းစဉ်မှာ ကိုအောင်မိုးဝင်း ဆောင်းပါးကို ကျနော့်ဘာသာ ပေးထားတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်- ကိုအောင်)

4 comments:

Ma Tint said...

ရွှေမမှန်သောရွှေ ဖတ်သွားတယ် ကိုအောင်ရေ... တစ်နိုင်ငံ တစ်မျိုး မရိုးရဘူးနော် ...

An Asian Tour Operator said...

ဂုဏ်ထူးဆောင် နိုင်ငံသားတွေပေါ့

Anonymous said...

ရွှေပြည်က တရုတ်တော်တော်များများလဲ ဒုက္ခသည်နဲ့ ရောက်လာကြတယ်.. ရွှေပြည်ကတည်းက သူတို့က သူဌေးတွေပါ... သူတို့အဆက်အသွယ်နဲ့သူတို့က သိပ်ဟန်နေတာပဲ .. ထိုင်း မလေး ဒုက္ခသည်စခန်းတောင် သွားစရာမလိုဘူး မြန်မာပြည်မှာ နေရင်းထိုင်၇င်းကို နိုင်ငံကြီးတွေသွားဖို့ ငွေကုန်ခံစရာမလိုပဲနဲ့ ရောက်လာကြတယ် ... ကံပါလို့ တဲ့...။

Anonymous said...

အမှန်တွေပဲ...ရွှေပြည်က တရုတ်တွေလဲ ဒုက္ခသည်နဲ့ရောက်လာကြတာ အတော်များတယ်... သူတို့ကရွှေပြည်ကတည်းက အဆင်ပြေတဲ့သူတွေပါ.. အနောက်နိုင်ငံတွေ နိုင်ငံကြီးတွေမှာ ပညာတော်သင်နဲ့သွားရင် ငွေကုန်များလို့ (၁၀ တန်းလဲ မအောင်ကြလို့) ဒုက္ခသည်လုပ်ကြတယ်တဲ့..သူတို့အထာနဲ့သူတို့ ဟန်နေတာပဲ.. မလေးတို့ ထိုင်းတို့မှာလဲ သွားစရာမလိုဘူး ရွှေပြည်မှာ နေရင်းထိုင်ရင်းနဲ့ကို အခမဲ့ သွားဖို့ခေါ်စာတွေ ရကြတယ်..။ ကံပါလို့ တဲ့..။ သူတို့ကလေးတွေ တဆွေလုံးတမျိုးလုံးအသိတွေ စာရင်းသွင်းပေးထားတယ်တဲံ့..။