ရေးသူ- (ကို)အောင်မိုးဝင်း
အနောက်ဗာဂျီးနီးယားပြည်နယ်က Moorefield ဆိုတဲ့ မြို့ကလေးကို ရောက်သွားခဲ့တယ်။ အနောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ တောင်ပတ်လမ်းကြားတွေက မမှောင်ခင်မောင်းတာ အကောင်းဆုံးပါ။ လမ်းတွေကလည်း ကျဉ်းသလို၊ ဖုံး service တွေကလည်း အဲ့ဒီပြည်နယ်ထဲကို ရောက်သွားတာနဲ့ အလုပ်မလုပ်တော့ဘူး။ ဒီကြားထဲ တည်းခိုတဲ့နေရာမှာ အင်တာနက်ကလည်း မရဆိုတော့ တော်တော်လေး ကသိကအောက်နိုင်သွားတယ်
တခုတော့ ရှိပါတယ်။ တခါတလေ၊ အင်တာနက်မရှိ။ ဖုံးမပြောဖြစ်တော့ လူတွေရဲ့ ဘဝကို လေ့လာချိန်ပိုရတာပေါ့။ သူတို့ နဲ့ စကားပြောကြည့်တိုင်း မြန်မာပြည်ထဲက လူတွေထံ အမေရိကား ရဲ့ အဖြစ်မှန်တွေ၊ လူတွေရဲ့ တကယ့်ဘဝတွေကို ပြန်ပြီး ရှင်းပြချင်တယ်။
ဒီလိုဗျ။ မြန်မာပြည်ထဲက လူတွေက ရုပ်ရှင်တွေကြည့်၊ ဖေ့ဘွတ်ထဲက ပုံတွေကို ကြည့်ပြီး နိုင်ငံခြားက လူတွေကို အကဲဖြတ်မှားကြတယ်။ ဒီမှာက ခင်ဗျားတို့ထင်သလို၊ နက်ကတိုင်တွေ၊ ကုတ်အင်္ကျီတွေ အမြဲတမ်းဝတ်ပြီးအလုပ်လုပ်နေကြတာမဟုတ်ဘူး။
အရင်တုံးက ပြောခဲ့သလိုပဲ။
မြန်မာဒုက္ခသည်တွေ မှာက လူပေါင်းစုံလေ။
တက္ကသိုလ်ကျောင်းသား၊ သူတွေ၊ ပညာရေးကို ဆက်မလုပ်နိုင်တော့ ထိုင်းနယ်စပ်ထွက် အလုပ်လုပ်ကြတယ်။ နောက်တော့-- ဒုက္ခသည် အဖြစ် နဲ့ အမေရိကားကို ရောက်လာကြ၊
ရတဲ့အလုပ်ကို လုပ်ကြပြီး၊ အိမ်ကို ထောက်ပံ့ကြတယ်။
ထောက်သာ ထောက်ပံ့ရတယ်။ သူတို့ခင်ဗျာမှာလည်း မပျော်ရှာကြပါဘူး။
ကျွန်တော့ဘေးက တိုင်းရင်းသူလေးဆို၊ " အမရယ် ငါတို့က ပိုက်ဆံကို သစ်ပင်ပေါ်က ကြွေကျတဲ့ သစ်ရွက်တွေ ကောက်ရသလို လိုက်ကောက်ရတာ မဟုတ်ဘူး။ ဒီမှာ အရမ်းပင်ပင်ပမ်းပမ်းလုပ်ပြီးမှ ပို့နိုင်တာ" တဲ့။
မြန်မာပြည်က မိသားစုကလည်း ငွေက အမြဲလိုနေတာကိုး။
လစဉ် (၃-၄) သိန်းပေးလည်း မလောက်၊
လူလတ်တန်းစား မိသားစုတစုအတွက် (၁၀-၁၂) သိန်းလိုတယ် လို့ ဆိုတယ်။
ပြဿနာက ဒီမှာ ကြုံရာအလုပ်လုပ်နေရတဲ့သူတွေအတွက် တလတလ အဲ့သလောက် ပိုဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ဒီမြို့ကလေးမှာ အလုပ်လုပ်နေကြတဲ့သူတွေကို ကြည့်ပါ။
ကြက်သတ်စက်ရုံမှာ အလုပ်စဝင်ပြီ ဆိုရင် တနာရီ (၉) ဒေါ်လာခွဲ နဲ့ စ ရကြတယ်။
တပတ်ကို နာရီ (၄၀) ဆိုပါစို့။ အခွန်ပေးပြီး ဘာအပြီး ဆိုရင် တပတ်ကို (၃၀၀) ဝန်းကျင်လောက်ရကြတယ်။ တလ ဒေါ်လာ (၁၂၀၀) ရမယ်။
အချိန်ပိုတွေ ဘာတွေဆင်းလို အိုဗာတိုင်ကြေးရပြီ ဆိုရင် တလ (၁၆၀၀- ၂၀၀၀) လောက်ရတယ် ဆိုမယ်။
အိမ်လခတွေ၊ အသုံးစရိတ်တွေ နှုတ်လိုက်ရင် တလမှာ ဒေါ်လာ (၁၀၀၀) ပိုဖို့ မနည်းလုပ်ယူနေရတယ်။
ဒီမြို့က နယ်မြို့မို့လို့။ အိမ်လခ နဲ့ တခြားကုန်ကျစရိတ်က ဈေးသက်သာတာလေ။
မြို့ကြီးတွေမှာ နေမယ် ဆိုရင် ကုန်ကျစရိတ်က အနည်းဆုံး တလ ဒေါ်လာ (၃၀၀၀) လောက်ရမှ လောက်မယ်။
တနှစ်ကို ဒေါ်လာ (၁) သိန်းရတယ် ဆိုအုံး၊ ဝင်ငွေကောင်းရင် အခွန်ပိုများလာမယ်။
အသုံးစရိတ်တွေက ပိုများလာတယ်။
ဆိုတော့ တလတလ မြန်မာပြည်က သူတွေ တွက်ပြတောင်းဆိုနေသလိုမျိုး
နိုင်ငံခြားက လူတွေက ထောက်ပံ့နိုင်မယ် မထင်ဘူး။ ( ဝင်ငွေကောင်းတဲ့သူ တချို့က လွဲရင်ပေါ့)
မြန်မာပြည်ရဲ့ လူနေမှုစရိတ်၊ ကုန်ဈေးနှုန်း ၊ ဝင်ငွေ ထွက်ငွေတွေကို ပြင်နိုင်မှသာလျင်၊ ရင်ဆိုင်နေရတဲ့ လူမှုရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်လိမ့်မယ်။
မဟုတ်လို့ကတော့ နိုင်ငံခြားကနေ မိသားစုအတွက်ထောက်ပံ့တဲ့ငွေကလည်း၊ ဆင့်ပါးစပ် နှမ်းပက်သလိုမျိုးဖြစ်၊ မလောက်တော့ ထပ်တောင်း၊ ဒီဘက်က လူတွေကလည်း ဖိစီးမှုပေါင်းများစွာ နဲ့ အလုပ်လုပ်ရ ဆိုတော့ ဘယ်သူမှ မချောင်၊
" မြန်မာပြည်ကို ငွေပို့တဲ့အခါတိုင်း မပျော်ရပဲ နဲ့ စိတ်ညစ်ရတယ်" လို့ ပြောပြောနေကြတဲ့ မိတ်ဆွေတွေကို မြင်တိုင်း ကိုယ်ချင်းစာပါတယ်။
တကယ်တော့ လူတိုင်းမှာ တိုက်ပွဲတွေ၊ ဖိစီးမှုတွေ၊ အသက်ခိုးရှူနေရတဲ့ အဖြစ်အပျက်တွေက အများကြီးပါ။
ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ခေါင်းဆောင်ပီသစွာ တာဝန်ယူဖြေရှင်းနိုင်တဲ့ အစိုးရတရပ်လို မျိုး ပေါ်ပေါက်လာမှသာ အသက်ရှူချောင်ပါလိမ့်မယ်။
မဟုတ်လို့ကတော့ ဆေးရုံပေါ်က လူနာကို သွားကူညီလိုက်၊
လူနာသွားမေးရတဲ့သူတွေကလည်း မျက်ရည်ကြိတ်သုတ်ပြန်လာလိုက်
လူနာကလည်း သူလိုချင်တာ မပေးရကောင်းလား၊ ဝယ်မလာရကောင်းလား ဆိုပြီး အပြစ်တင်လိုက် နဲ့
နောက်ဆုံး တယောက်နဲ့တယောက် စိတ်မရှည်တဲ့ စကားတွေနဲ့ စကားများ
စိတ်ခံစားမှု နဲ့ အဆုံးသတ်ရတဲ့ရက်တွေသာ ဖြစ်လိမ့်မယ်။
(မှတ်ချက်။ ။ “ပြည်ပရောက် သားသမီးတွေ ဘယ်လို ရုန်းကန်နေရသလဲ” ဆိုသည့် ခေါင်းစဉ်မှာ စာရေးသူ ကိုအောင်မိုးဝင်း ဆောင်းပါအပေါ် ကျနော့်ဘာသာ ပေးထားသည့် အမည် ဖြစ်ပါတယ် ... ကိုအောင်)
0 comments:
Post a Comment