Tuesday, 2 September 2014

ဆရာ ဘဲလားလေဘာတီ ရဲ့ ဓမ္မစေတီ ခေါင်းလောင်း နဲ့ ပတ်သက်သော သုံးသပ်ချက်


ဓမ္မစေတီ ခေါင်းလောင်းသည် ပိဿာချိန် (၁၈,၀၀၀) တန်ချိန်၂၉ ဒသမ ၃၃ တန်သာ ရှိရမည်။ ၂၉၄ တန် လုံးဝမဟုတ်ပါ။

သမိုင်းဆိုတာ ဖျောက်ဖျက်၍ရသော အရာတစ်ခု မဟုတ်သလို သမိုင်းတိုင်းကိုလည်း မြင့်မားတဲ့ အတွေးအခေါ်တွေနဲ့ ပြန်လည်ဆန်းစစ် ဝေဖန်တတ်ဖို့ကလည်း အလွန်လိုအပ်လှပါတယ်။ သမိုင်းဆိုတာ ခေတ်တစ်ခုရဲ့ အမှတ်အသားတွေသာ ဖြစ်သလို ခေတ်တစ်ခုရဲ့ Transition timeline တွေမှာလည်း ဝေခွဲမရနိုင်လောက်တဲ့ Error အမှားတွေလည်း ရှိနေတတ်ပါတယ်။ ယနေ့ မြန်မာပြည်မှာ ဓမ္မစေတီ ခေါင်းလောင်းက ရေပန်းစားနေသလို တူးဖော်နေသူတွေကလည်း ပြည်သူတွေကို ပုံပြင်ဒဏ္ဍာရီဆန်တဲ့ ဂမီ မရလမ်းကြောင်းပေါ်ကို ဆွဲတင်နေကြသလိုလည်း ဖြစ်နေပြီး ပြည်သူတွေကို နိမ့်ကျတဲ့ အတွေးခေါ်နဲ့ အယူမှား၊ အတွေးမှား၊ ကိုးကွယ်မှားအောင် ဂမ္ဘီရ အမှောင်တိုက်သို့ သွေးဆောင်နေသလိုလည်း ဖြစ်နေပါတယ်။

တကယ်တော့ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာက သိရခြင်းက ၁၅၈၃ စက်တင်ဘာ နောက်ပိုင်းမှာ ဗင်းနစ် (Venence) မြို့သား ကုန်သည် Gaspero Balbi (ဂါးစ်ပါရို) ၏ ခရီးသွားမှတ်တမ်း တစ်ခုကြောင့်ပင် ဖြစ်ပါတယ်။ အဲဒီ ဂါးစ်ပါရိုရဲ့ ခရီးသွားမှတ်တမ်းကို (Voyage to Pegu, and Observations There, Circa 1583) Gaspero Balbi လို့ ပုံနှိပ်ထုတ်ဝေလိုက်တဲ့ အချိန်ကစပြီး ကမ္ဘာ့သမိုင်း သုတေသီတွေက ဓမ္မစေတီမင်းနဲ့ ဓမ္မစေတီ ခေါင်းလောင်းကို စိတ်ဝင်စားခဲ့ကြတာပဲ ဖြစ်ပါတယ်။ Gaspero ဟာ သူ ရွှေတိဂုံဘုရား ကုန်းမြင့်ပေါ်ရောက်တော့ ခန်းမလို့ပင် တင်စားလောက်တဲ့ အလွန်ကြီးတဲ့ ခေါင်းလောင်းကြီးကို တွေ့ခဲ့ကြောင်းနဲ့ ခေါင်းလောင်းကြီး အဝန်းက လူသုံးယောက်ဖက်စာလောက် ရှိနေပြီး အမြင့်က ခြေလှမ်းကျဲ ခုနစ်လှမ်းလောက် ရှိမယ်လို့ ခေါင်းလောင်းရဲ့ ကြီးမားပုံကို တင်စားထားခဲ့ပါတယ်။ ဓမ္မစေတီခေါင်းလောင်း၏ သမိုင်းတစ်လျှောက်လုံးမှ ယနေ့တိုင် ခေါင်းလောင်း၏ အလေးချိန်ကို ပိဿာချိန် ၁၈၀,၀၀၀ (မက်ထရစ်တန် ၂၉၄ တန်) ရှိတယ်လို့ ခေါင်းလောင်းကို တွင်တွင်တင်စားလို့ နေကြတာတွေကိုသာ တွေ့နေရသလို ဒီကိန်းဂဏန်းတွေက ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား ဆိုတာကိုတော့ ဘယ်သူကမှ မတွေးခေါ်ခဲ့ကြပါဘူး။ တကယ်ဆို ဒီကိန်းဂဏန်း တန်ချိန် ၂၉၄ တန် ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး။

အဲဒီ ကိန်းဂဏန်းအတိုင်း ခေါင်းလောင်း အလေးချိန်က ရှိနေခဲ့ရင်လည်း အဲဒီဓမ္မစေတီ ခေါင်းလောင်းက ပဲခူးကနေ ရွှေတိဂုံဘုရားကုန်းပေါ် ဘယ်လိုမှ ရောက်နိုင်စရာ မရှိသလို အပြန်အလှန်အားဖြင့် ရွှေတိဂုံကနေ လက်ရှိ ရှာနေကြတဲ့ မြစ်ဆုံကို မဆိုထားနဲ့၊ ကမ်းနားကိုတောင် ရောက်သွားနိုင်စရာအကြောင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်လောက်ကို မဆိုထားပါနဲ့၊ ယနေ့ခေတ်ကြီးမှာတောင် တန် ၃၀၀ လောက်ရှိတဲ့ ဝန်ထုပ်တစ်ခုကို တစ်နေရာကနေ တစ်နေရာကို သယ်ဖို့ မလွယ်လှပါဘူး။ ယနေ့ ဆိပ်ကမ်းမှာသော်မှ ကုန်သေတ္တာ (Container) တန် ၄၀ ကို မ,နိုင်တဲ့ Crane တွေလောက်ကိုသာ ထားရှိသလို တံတားတွေကိုတောင် တန် ၆၀ ဒဏ် ခံနိုင်ရုံလောက်ပဲ ဆောက်ထားကြတာပါ၊၊ ပြီးတော့ ထိုနှစ် ၄၀၀ ကျော်လောက်က Duch တွေက ရွက်သင်္ဘောတွေနဲ့ သွားလာနေကြတာမို့ တန်သုံးရာဝန်ကို တင်ဖို့ဆိုရာမှာ အနည်းဆုံး တန် ၄၀၀ ရှိတဲ့ သဘောမျိုး ရှိနေဖို့ လိုပါတယ်။ အဲဒီခေတ်မှာ အောက်ပုံမှာ မြင်ရတဲ့ ရွက်သင်္ဘောမျိုးတွေလောက်သာ ရှိနေခဲ့တာမို့ တန် ၃၀၀ ကို ဒီလို ရွက်သင်္ဘောတစ်စင်းပေါ် သို့မဟုတ် နှစ်စင်းတွဲပေါ်ကို ဘယ်လိုမှ တင်ယူနိုင်စရာအကြောင်း လုံးဝမရှိပါဘူး။

ဒါကြောင့် ဓမ္မစေတီခေါင်းလောင်း သမိုင်းမှာ ပိဿာချိန် ကိန်းဂဏန်း Error ဧကန် ရှိနေပြီ ဆိုတာကို ရဲရဲဝံ့ဝံ့ ပြောနိုင်ပါတယ်။ ခရီးသွားမှတ်တမ်းမှာ Gaspero ကလည်း ခေါင်းလောင်းရဲ့ အရွယ်အစား ပမာဏကို အဝန်း လူသုံးဖက်မျှ၊ အမြင့် ခြေလှမ်းခုနစ်လှမ်းလောက် ဆိုတာ ခန့်မှန်းရေးသားထားခြင်းသာ ဖြစ်သလို ခေါင်းလောင်းပေါ်က ပိဿာချိန် ၁၈၀,၀၀၀ ဆိုထားရာမှာလည်း ကိန်းဂဏန်း Error ဧကန် ရှိနေပြီး ဖြစ်ပါတယ်။

တကယ်ဆို ကိန်းဂဏန်းက ၁၈၀,၀၀၀ မဖြစ်နိုင်ဘဲ ခေါင်းလောင်းပေါ်က ကိန်းဂဏန်းက ၁၈,၀၀၀ မျှသာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ခေါင်းလောင်းပေါ် ကမ္ပည်းထိုးသူက Zero သုံညတစ်လုံး ပိုထုမိသွားတာ ဖြစ်နိုင်သလို ခေါင်းလောင်းပေါ်က ကူးယူသူတို့၏ အမှားလည်း ဖြစ်နိုင်ပါတယ်။ ပိုမိုရှင်းလင်းအောင် ပြောရမယ်ဆိုရင် ပိဿာချိန် ၆၁၃ ဒသမ ၅ ပိဿာဟာ မက်ထရစ်တန် တစ်တန်နဲ့ ညီမျှပါတယ်။ ဒီတော့ ပိဿာချိန် ၁၈၀,၀၀၀ ကို (၆၁၃ ဒသမ ၅) ပိဿာနဲ့ စားလိုက်ရင် ယခုဖော်ပြနေကြတဲ့ မက်ထရစ်တန်ချိန် ၂၉၃ ဒသမ ၃၉ တန်ကို ရပါတယ်။ တစ်ခါ ပိဿာချိန် ၁၈,၀၀၀ ကို ၆၁၃ ဒသမ ၅ နဲ့ စားမယ်ဆိုရင် မက်ထရစ် တန် ၂၉ ဒသမ ၃၄ တန်ကို ရပါတယ်။

ဒီတော့ ဒီခေါင်းလောင်းရဲ့အလေးချိန် အမှန်က အထက်ပါ ၂၉ ဒသမ ၃၄ တန်ပဲ ဖြစ်နေရမှာပါ။ အဲဒီလို တန် ၃၀ သာ ရှိနေခဲ့တာမို့ DeBrito (ငဇင်ကာ) အလွယ်တကူ ခိုးယူနိုင်ပြီး ပုဇွန်တောင်ချောင်းအထိ ဆင်နဲ့ ဆွဲနိုင်ခဲ့တာ ဖြစ်သလို သူ့ရဲ့ Duch သင်္ဘောနှစ်စင်းကို ယှဉ်ပြီး တင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် သူ့သင်္ဘောနှစ်စင်းက ဒီတန် ၃၀ မျှကိုတောင် မနိုင်ဝန်ထမ်းရတဲ့ အခြေအနေ ဖြစ်သွားတာမို့ အဲဒီ သင်္ဘောနှစ်စင်းလုံး မှောက်သွားရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော် ရဲရဲဝံ့ဝံ့ စိန်ခေါ်ပြီး ပြောနိုင်တာက ဓမ္မစေတီခေါင်းလောင်းဟာ လက်ရှိ ဖော်ပြနေကြတဲ့ ပိဿာချိန် ၁၈၀,၀၀၀ (၂၉၄ တန်) လုံးဝ မဟုတ်ကြောင်း၊ ခေါင်းလောင်းက ပိဿာချိန် ၁၈,၀၀၀ မက်ထရစ်တန် (၂၉ ဒသမ ၃၄) တန်သာ ရှိရမည် ဖြစ်ကြောင်း အတိအလင်း ကြေညာအပ်ပါတယ်။ ကမ္ဘာပေါ်မှ မည်သည့်ပညာရှင်နှင့်မဆို ယှဉ်ပြိုင် ဖြေရှင်းပေးနိုင်ကြောင်းကိုလည်း အာခံချက် ပေးထားပါတယ်။

ဓမ္မစေတီခေါင်းလောင်းဟာ Duch ကုန်သည် ခရီးသွားမှတ်တမ်းအရ ခေါင်းလောင်းအဝ ကျယ်လွန်းနေလို့ out of bell shape ဖြစ်နေနိုင်သလို Thickness (အထူ) က ပုံမှန်ရှိသင့်တာထက် ပါးနေနိုင်ပါတယ်။ ပြီးတော့ လူတွေ ပြောနေသလို မီးကျောင်းနက္ခတ်နဲ့ ထုလို့ အသံမထွက်ဘူး၊ အသံမမှန်ဘူး ဆိုတာကလည်း နက္ခတ်ကြောင့် မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြထားသလို out of bell shape ဖြစ်နေပြီး အထူအပါး မညီတာရယ်ကြောင့် ရွှေ+ကြေး+ငွေနဲ့ သံ Alloy metal တွေကို စပ်တဲ့နေရာမှာ Ratio အချိုးအစား စံမညီမျှခဲ့ရင် အဲလိုဖြစ်တတ်ပါတယ်။ နောက်ပြီး ခေါင်းလောင်းဟာ တန် ၃၀ မျှသာ ရှိနေပြီး နှစ်ပေါင်း ၄၀၀ ကြာမြင့်ခဲ့ပြီးမို့ လက်ရှိ အခြေအနေမှာ ခေါင်းလောင်းဟာ မြစ်ရေအောက်မှာ အနည်းဆုံး ပေ ၂၀ အောက် မြေကြီးထဲကို နစ်မြုပ်ဝင်သွား နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တည်နေရာအမှန်ကို ဘယ်သူမှ အတိကျသိနိုင်မှာ မဟုတ်တော့သလို ခေါင်းလောင်းတင်သွားတဲ့ သင်္ဘောနှစ်စင်းကလည်း သစ်သားသင်္ဘောတွေပေမို့ နှစ် ၄၀၀ ကြာသွားပြီမို့ သင်္ဘောတွေကိုလည်း အလုံးလိုက် တွေ့နိုင်စရာအကြောင်း မရှိတော့ပါဘူး။

လက်ရှိ ရှာဖွေနေတဲ့အဖွဲ့ဟာ ဆလုံ ၁၀ ယောက်လောက်ကို ငုပ်ရှာခိုင်းတယ် ဆိုကတည်းက သူတို့ဟာ နှစ်ပေါင်း ၄၀၀ ဆိုတဲ့အချိန်ရဲ့ နက်ရှိုင်းမှု မသိနားမလည်ကြသလို ဘိုးတော်ဦးစီးတဲ့ အဖွဲ့မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ အာမခံချက်တွေ လျှောက်ပေးခဲ့ပြီး တဖြည်းဖြည်း အဖျားရှူးသွားနေကြတာပဲ ဖြစ်ပါတယ်။ သူတို့ အရင်အစိုးရ အကူအညီတောင်းလို့ အင်္ဂလိပ်ရေကြောင်း သိပ္ပံပညာရှင် Mr.Mike Hatcher ဦးစီးတဲ့ အဖွဲ့က ၂၀၀၁ ခုနှစ် မတ်လကစပြီး ခေတ်မီကိရိယာတွေနဲ့ under water ground survey ကို ကိုးလတိုင် လုပ်ခဲ့တယ် ဆိုတာကိုလည်း သူတို့က မသိသလို နောက်ဆုံး ၂၀၁၀ ပြည့်နှစ်ရောက်မှ Damien Lay ရဲ့ စီမံကိန်းမှာ side scan Sonar survey ကို မြစ်ရေအောက် မြေကြမ်းပြင် (လေးကီလိုမီတာ) ပတ်ပတ်လည်ကို ခေတ်မီ ရေငုပ်ဝတ်စုံ ရေငုပ်သမားများနှင့် Survey လုပ်ခဲ့တယ် ဆိုတာကိုလည်း သူတို့ မသိကြသလို ၂၀၁၂ ဇွန်မှာလည်း ရှေးဟောင်းသုတေသန ဌာနနဲ့ စင်ကာပူက SD Mark International LLP Co. ကုမ္ပဏီတို့က ခေါင်းလောင်း ပြန်လည်ရှာဖွေရေးအတွက် USD 10 million အမေရိကန်ဒေါ်လာ ဆယ်သန်းကို မတည်ဖို့ သဘောတူခဲ့ကြပါသေးတယ် ဆိုတာတွေကိုလည်း သူတို့မသိခဲ့ကြပါဘူး။

ဒါတွေကို မလေ့လာဘဲ လက်ရှိ အဖွဲ့ခေါင်းဆောင်က ဘိုးတော်တွေ ပြောတဲ့အတိုင်း သတင်းမီဒီယာတွေ လျှောက်ပြော၊ စာရွက် လျှောက်ဝေတာမျိုးတွေကို လုပ်နေခဲ့ကြတာပါ။ တကယ်တော့ ဒီခေါင်းလောင်းကို တွေ့သည့်တိုင် ခေတ်မီသိပ္ပံနည်းပညာတွေ မရှိဘဲ ဒီခေါင်းလောင်း အပေါ်မရောက်နိုင်သလို လက်ရှိအဖွဲ့က တူးဖော်ခဲ့ရင် ခေါင်းလောင်း ပျက်စီးသွားရုံကလွဲလို့ ဘာမှဖြစ်လာစရာ မရှိပါဘူး။ နှစ်ပေါင်း ၄၀၀ တိုင် စွတ်စိုတဲ့ မြစ်ရေအောက်မှာ ရှိနေတဲ့ Alloy Metal အကောင်းပကတိ မရှိနိုင်ပါဘူး။ Alloy မှာ သံပါနေတာမို့ အဲဒီခေါင်းလောင်းမှာ ဆန်ခါပေါက်တွေ ဖြစ်နေမှာ ဖြစ်သလို ထိလိုက်တာနဲ့ ကြွေသွားမှာပါ။ ဒါတွေကို လက်ရှိအဖွဲ့က ဘာမှမသိကြဘဲ ဆလုံတွေ ခေါ်ငုပ်ခိုင်းပြီး တွေ့တာနဲ့ ကရိန်းနဲ့ ဆွဲတင်လို့ ရမယ်လို့ လွယ်လွယ်ထင်နေခဲ့ကြတာပါ။ အချိန်ရဲ့ နက်ရှိုင်းမှုနဲ့ မြစ်ရေအောက် သဘာဝအပြင် သစ်သားတစ်တုံးက ရေအောက်မှာ နှစ်လေးရာ ကြာသွားရင် ဘယ်အဆင့်ကို ရောက်နေမယ်ဆိုတဲ့ သုတတွေလည်း မရှိတာမို့ ယခုလို လွယ်လွယ်လျှောက်ပြောပြီး ပြည်သူတွေကို နတ်မှိုင်း၊ ဘိုးတော်မှိုင်းတွေကို တိုက်နေကြပြီး ကိုးကွယ်မှုတွေ မှားအောင် ဖန်တီးနေကြသလိုလည်း ဖြစ်နေပါတယ်။

ပြည်သူတွေမှာ အတွေးအခေါ်တွေ နိမ့်ကျလာနေရင် ကိုးကွယ်မှုတွေ မှားလာပြီး တဖြည်းဖြည်း လူမျိုးရေးတွေကိုပါ ကျဆင်းလာစေနိုင်သလို ပြည်သူတွေကို အတွေးအခေါ် နိမ့်ကျအောင်၊ ကိုးကွယ်မှု မှားအောင် ဖန်တီးသူတွေကလည်း နံပါတ်တစ် အမျိုးသားရေး ရန်သူတွေလည်း ဖြစ်သွားနိုင်ပါတယ်။

-ဘဲလားလေဘာတီ (Astro-Political Scientist)

3 comments:

Anonymous said...

အမှန်ကန်ဆုံး သုံးသပ်ချက်ပါဘဲ

ရွှေစင်ဦး

Anonymous said...

အရေးပါသည့် တင်ပြချက်ဖြစ်သည်

Ma Tint said...

သုံးသပ်ချက်လေး ဖတ်သွားတယ် ...