skip to main |
skip to left sidebar
skip to right sidebar
အိမ်မရှိသောလူနှင့် လူမရှိသောအိမ်များ

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ကနောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှာ အဆင့် ၁၂ ချိတ်ပါတယ်။
အီသီယိုးပီးယားနိုင်ငံကတောင် ကျွန်တော်တို့နိုင်ငံထက် ပိုချမ်းသာနေပါတယ်။
ခေတ်အဆက်ဆက် အဆင့်မကျသွားအောင်ထိန်းထားနိုင်တဲ့
အစိုးရလူကြီးမင်းများကိုတောင် ကျေးဇူးတင်ရမယ်ထင်ပါတယ်။ ထားပါတော့ဗျာ
ကျွန်တော်ပြောချင်တာက ဒီလို ကမ္ဘာ့အဆင်းရဲဆုံးစာရင်ဝင်နိုင်ငံတစ်ခုက
အိမ်ခြံမြေဈေးနှုန်းတွေ၊ တိုက်ခန်းဈေးတွေ၊ ဌားရမ်းခတွေ ကြတော့
ကမ္ဘာထိပ်တန်းမြို့ကြီးတွေက ဈေးနှုန်းတွေထက် မြင့်နေတော့
အံ့သြစရာကောင်းမနေဘူးလားဗျာ။ ဒီလို အိမ်ခြံမြေဈေးနှုန်းများ
ကြီးမြှင့်နေမှုဟာ ဒီနေ့ ဒီမိုကရေစီ နိုင်ငံသစ်ဆီချီတက်နေပါတယ်ဆိုတဲ့
မြန်မာနိုင်ငံအတွက် အဓိကအခက်ခဲပြဿနာဖြစ်နေသလို ပြည်သူတွေအတွက်လည်း
ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေပါတယ်။
ယနေ့ပြောင်းလဲလာတဲ့ခေတ်စနစ်ကြီးမှာ ကျေးလက်နေပြည်သူတွေဟာ
ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်ယာလုပ်ငန်းခွင်တွေ မကောင်းလို့၊
လယ်မြေတွေအသိမ်းခံရလို့၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတွေကြောင့်
မြို့ပြသို့ပြောင်းရွေ့နေထိုင် လာမှုသိသာစွာ မြင့်မားလာပါတယ်။ ဒီအချိန်မှာ
မြို့ကြီးတွေ့မှာရှိတဲ့ အိမ်ခြံမြေဈေးတွေ၊
အိမ်ငှားရမ်းခတွေကြီးမြှင့်မှုတွေဟာ ဆင်းရဲသားပြည်သူတွေအတွက်
ရေနစ်ရာဝါးကူထိုးသလိုဖြစ်လို့နေပါတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ
ကျောတခင်းစာနေရာရဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အနေအထားဖြစ်နေပါတယ်။
ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာသုသာန်အား ပုဂ္ဂလိကပိုင်ဟုဆိုကာ
ခြံခတ်သည့်အတွက် နာရေးများ လမ်းဘေး၌ မီးသင်္ဂြိုဟ်နေရ ဆိုတဲ့သတင်းဖတ်မိတော့
အော်ငါတို့ပြည်သူတွေခမျာမှာ နေဖို့မပြောနဲ့သေဖို့တောင်မလွယ်ပါလားလို့တောင်
တွေးမိပါတယ်။
ဒီနေ့ မြို့ပြမှာနထိုင်နေတဲ့ပြည်သူတွေဟာ
စားဝတ်နေရေးဆိုတဲ့ အထဲမှာ နေရေးက အဓိကရင်ဆိုင်နေရတဲ့
ပြဿနာတစ်ခုဖြစ်နေပါတယ်။ တစ်လ တစ်လ ရရှိတဲ့ လုပ်ခ လစာတစ်ဝက်လောက်ဟာ
အိမ်ငှားခ အဆောင်ငှားရခ အတွက်အသုံးပြုနေကြရတော့ ကိုယ်ပိုင်အိမ်
ဝယ်နိုင်ဖို့ဆိုတာကတော့ အိမ်မက်တောင် မက်ဖို့မလွယ်တဲ့အခြေအနေပါ။ ဒီလို
အိမ်ခြံမြေဈေးနှုန်းတွေ ၊ အိမ်ငှားခတွေကြီးမြှင့်မှုတွေကြောင့်
ကျူးကျော်နေထိုင်မှုတွေ၊ အိမ်မဲ့၊ ယာမဲ့ နေထိုင်မှုတွေဟာ ရန်ကုန်၊
မန္တလေးလိုမြို့ကြီးတွေမှာ တရှိန်ထိုးများပြားလို့နေပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ဧရိယာ အကျယ်အ၀န်းဟာ စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၇
ကျယ်ဝန်းပါတယ်။ နေထိုင်တဲ့လူဦးရေဟာ သန်း ၅၀ ကျော်ပဲရှိပါတယ်။
အခြားနိုင်ငံများနဲ့နှိုင်းယှဉ်ကြည့်မိတော့ တစ်စတုရန်း ၁
မိုင်ပတ်လည်နေထိုင်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၈၇၀ ဦး၊ ထိုင်းက ၃၂၇ ဦး
ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဆိုတဲ့ တရုတ်က ၃၆၅ ဦး အိန္ဒိယက ၉၅၄ ဦး
ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ၁၈၇ ဦးနဲ့ အနည်းပါ။ ဒီလို
အာရှမှာရော ကမ္ဘာမှာပါ မြေအပေါဆုံး လူနေထူထပ်မှု အနည်းဆုံးတိုင်းပြည်က
အိမ်ခြံမြေ ဈေးနှုန်းအမြှင့်ဆုံး အိုးမဲ့အိမ်မဲ့ မြေမဲ့ အများဆုံးဖြစ်နေရတာ
အံ့သြလို့မဆုံးပါဘူး။
ဒီအကြောင်းစဉ်းစားနေရင်း ပြီးခဲ့တဲ့လက
ဝန်ကြီးဟောင်းတစ်ဦးရဲ့သမက်ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့
ပြင်ဦးလွင်မှာရှိတဲ့ သူတို့ခြံသွားလည်မလို့ဆိုတဲ့အကြောင်း ပြောတာကနေ
စကားစပ်မိလို့ မေးကြည့်မိတာကနေ သိလိုက်ရတာက သူတို့ပိုင်တဲ့
အိမ်တွေ၊တိုက်ခန်းတွေ ၊ ခြံတွေဆိုတာ နိုင်ငံတစ်ဝှမ်း နည်းတာမှမဟုတ်ပဲဗျ။
ရန်ကုန်တစ်မြို့ထဲမှာတင် အိမ် ၅ လုံးလောက်ရှိတယ်။ နေပြည်တော်၊ မန္တလေး၊
ပြင်ဦးလွင်၊တောင်ကြီး၊ ကလောစတဲ့ တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာ
လက်ညှိုးထိုးမလွဲပါပဲ။ ဒါတောင် အိမ်တွေပဲရှိပါသေးတယ်။
မြေလွတ်ပိုင်ဆိုင်တာတွေများပေါင်းလိုက်ရင် မြို့အသေးတစ်မြို့စာလောက်တောင်
ပိုင်လိမ့်မယ်ထင်တယ်။ ဒါတောင်ဝန်ကြီးသမက်ဆိုတဲ့သူပိုင်တာပဲရှိသေးတယ်
ဝန်ကြီးဆိုရင်တော့ စဉ်းစားသာကြည့်တော့။ သူငယ်ချင်းရဲ့
အိမ်မြေပိုင်ဆိုင်မှုတွေစဉ်းစားမိတော့ “Homeless People and Peopleless
Homes” ဆိုတဲ့ စကားလေး သွားသတိရမိတယ်။
ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေက “အိမ်မရှိတဲ့လူနဲ့
လူမရှိတဲ့အိမ်များ” ဆိုတဲ့စကားအတိုင်းဖြစ်နေတာ တွေ့မြင်နေရပါတယ်။
အိမ်ခြံမြေဈေးတွေ ခေါင်ခိုက်အောင်ဈေးနှုန်းတွေမြှင့်မားနေတာတွေရဲ့
အဓိကတရားခံ သုံးဦးကတော့ အဂတိတရားလိုက်စားတဲ့ အစိုးရ၀န်ထမ်းများ၊၊
ခရိုနီလူတန်းစားများနဲ့ တိုင်တပါးသားတရုတ်တွေပဲဖြစ်ပါတယ်။ သူတို့တွေရဲ့
အဂတိတရားလိုက်စားမှု၊ မတရားသောနည်းလမ်းများ၊ အာဏာအလွဲသုံးစားလုပ်မှု
မူးယစ်ဆေးဝါးတို့ရရှိလာသော ငွေမဲတွေကို ငွေဖြူအဖြစ်ပြောင်းလဲလိုမှု၊
ဝင်ရောက်ဈေးကစားအမြတ်ထုတ်မှုတွေရယ်ကြောင့်
အခုလိုမျိုးအဆမတန်မြှင့်တက်ကုန်ရတာပါ။
ဒီနေ့နိုင်ငံတ၀ှမ်းနေဖို့အတွက်မဟုတ်ဘဲ ကိုယ်ကျိုးအတ္တအတွက်
အိမ်မြေအမြောက်အမြားဝယ်ထားသူတွေရဲ့ ငှားရမ်းခဈေးကစားမှု၊
အိမ်ခြံမြေဈေးဆွဲတင်ကစားမှုတွေကြောင့် အိမ်မပိုင်သူတွေ အိမ်ငှားတွေ
အသက်ထွက်မတတ် နေရေးအတွက်လုံးပန်းနေရတဲ့အကြောင်းက အဓိကသက်သေပါပဲ။
လူမနေပဲအိမ်ပိုင်သူလူတစ်စုကလည်း ယခင်အစိုးရ ယခုအစိုးရဆွေစဉ်မျိုးဆက်နဲ့
ခရိုနီအဆက်ဆက်ပါပဲ။
ကျွန်တော်တို့ နိုင်ငံမှာ အိမ်ခြံမြေကို
သိန်းပေါင်း သောင်းချီ သိန်းချီတဲ့ငွေကြေးတွေကိုပေးဝယ်နိုင်တဲ့ သူတွေဟာ
သမရိုးကျ သမာအာဇိဝ နဲ့အလုပ်လုပ်တဲ့ လူတစ်ယောက်က ၀ယ်နိုင်ဖို့ဆိုတာ
လုံးဝမဖြစ်နိုင်တဲ့အရာပါ။ မူးယစ်ဆေးဝါး၊ ဘိန်းဖြူ၊ ကျောက်မျက်၊သစ်
စသည့်တရားမ၀င်ရောင်းချလို့ရတဲ့ငွေ၊ မတရားတဲ့နည်းနဲ့ရတဲ့ငွေ၊
အဂတိလိုက်စားပြီးရတဲ့ငွေတွေပဲဖြစ်မယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။
မြန်မာနိုင်ငံအတွင်း မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေမှုများမှာ
လုပ်ငန်းရှင်များ ရာခိုင်နှုန်း ၅၀ ပါဝင်ပတ်သက်မှု ရှိနိုင်လို့
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရပါတယ်လို့တောင် ရဲတပ်ဖွဲ့က
ထုတ်ဖော်ပြေဆိုတာတွေ့ရပါတယ်။
ဒီလို တရားမ၀င်ငွေများ
ဝင်ငွေလမ်းကြောင်းမပြနိုင်တဲ့ ငွေမဲများဟာ ဘယ်ရောက်သွားသလဲ
တစ်ချက်ပဲစဉ်းစားကြည့်ပါ ပြီးခဲ့တဲ့နှစ် WHO ရဲ့ခန့်မှန်းချက်က
မြန်မာနိုင်ငံကနေပြီး ဘိန်းဖြူတန် ၇၈၀ ရှိတယ်တဲ့။ ဒီမူးယစ်ဆေး
ရောင်းရငွေတွေဟာ ဘယ်ေ၇ာက်သွားလဲ အရှင်းကြီးပါ။ ရွှေ၊မော်တော်ကား
လုပ်ငန်းတွေက ရင်းနှီးမြှပ်နှံလို့မကောင်း စက်မှုနည်းပညာဘက်
ရင်းနှီးမြှပ်နှံဖို့ကလည်းမစွမ်းကြတော့ “စီးပွားရေးမလုပ်တက် မြေ၀ယ်ထား”
ဆိုသလို အားလုံးဟာ အိမ်ခြံမြေဘက်ကိုပဲ ရင်းနှီးမြှပ်နှံကြပြီး
ကိုယ်နိုင်ငံသား ဆင်းရဲသားပြည်သူတွေဆီကပဲ ပြန်စီးပွားရေးရှာနေကြတာပါ။
နောက်အဆိုးဆုံးတစ်ချက်ကတော့ အိမ်နီးချင်းနိုင်ငံ တရုတ်နိုင်ငံသားတွေ
အလုံးအရင်းနဲ့ဝင်ရောက်ဝယ်အခြေချမှု ဈေးကစားမှုတွေကြောင့်ပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ လူဦးရေအဆမတန်များပြားလာမှု၊ ငွေကြေးခ၀ါချမှုတွေကို
ထိထိေ၇ာက်ရောက် အရေးယူဆောင်ရွက်မှုတွေပြုလုပ်လာမှုတွေကြောင့်
တရုတ်နိုင်ငံကငွေမည်းတွေဟာအိမ်နီးချင်းမြန်မာနိုင်ငံကို
အလွယ်တကူဝင်ရောက်လာပါတယ်။ ဒါ့အပြင် နယ်စပ်တွေမှာ
တရားမ၀င်မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့
ကြီးပွားလာတဲ့တရုတ်တွေဟာလည်း မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ပြီး
အိမ်ခြံမြေတွေကို မတန်တဆဈေးနှုန်းတွေပေးပြီးဝယ်ယူမှုတွေကနေ ဈေးနှုန်းတွေ
အဆမတန် ကြီးမြှင့်ကုန်ရတာပဲဖြစ်ပါတယ်။ တရုတ်တွေရဲ့
မတန်တဆဈေးနှုန်းတွေပေးဝယ်ပြီး သိမ်းပိုက်လိုက်လို့ မန္တလေး မြို့ကြီးတောင်
တရုတ်မြို့ဖြစ်လို့သွားပါပြီ။
ယခုဆိုရင် တရုတ်တွေဟာ
မန္တလေးမြို့သာမက မြန်မာနိုင်ငံအနှံ့ ငွေထုပ်ပိုက်ပြီး မြေယာတွေ
အထိန်းအကွပ်မရှိ ၀ယ်ယူနေမှုတွေ တွေ့မြင်နေရပါတယ်။ စီမံကိန်းတခုခု
လုပ်မယ်လို့အသံကြားလိုက်တာနဲ့ ပထမဆုံး ၀င်ရောက်ဝယ်ယူနေသူတွေဟာ
တရုတ်နိုင်ငံသားတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ
တရုတ်တွေရဲ့ ဈေးကစားရာ အမြတ်ထုတ်ရာ ဈေးကွက်တစ်ခုဖြစ်နေပါတယ်။
တစ်နိုင်ငံလုံးအနေအထားအနေနဲ့ တရုတ်တွေ အိမ်ခြံမြေတွေဝယ်ယူမှုတွေဟာ
နည်းတဲ့ရာခိုင်နှုန်းမဟုတ်တော့ပါ။
အခုနောက်ဆုံးရန်ကုန်မြို့သစ်စီမံကိန်းတောင် တရုတ်နိုင်ငံသားတစ်ဦးလက်ထဲကို
မသိဥာဏ်မဲ့စွာ အပ်နှံဖို့စီစဉ်ခဲ့တာဆိုတော့ များမကြာမှီအချိန်မှာ
မြန်မာနိုင်ငံတစ်ခုလုံးတရုတ်လက်အောက် ကျရောက်သွားတော့မှာပါ။
ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရယူပေးခဲ့တာ နှစ်ပေါင်း ၆၀
ကျော်ကြာမြင့်ခဲ့ပေမယ် မြန်မာပြည်သူတွေခမျာမှာ သူတို့ပိုင်တဲ့
အိမ်ခြံမြေတွေ လယ်ယာတွေကို အာဏာရှင်တွေ၊ခရိုနီတွေရဲ့ မတရားအသိမ်းခံရမှု
တိုင်းတပါးသားတရုတ်တွေရဲ့ လွမ်းမိုးချယ်လှယ်လာမှုတွေကြောင့်
ကိုယ့်မြေကိုယ့်ရေမှာတောင် အိမ်မဲ့ယာမဲ့ ကျုးကျော်ဘ၀နဲ့
နေထိုင်အသက်ရှင်နေကြရတာ တွေးမိတိုင်းရင်နာလို့မဆုံးပါဘူး။
ကြားဖူးတာတစ်ခုပါ သြစတြေးလျနိုင်ငံမှာဆိုရင် ပိုက်ဆံအရမ်းချမ်းသာတဲ့
လူတွေဟာ လူအမြဲမနေနိုင်ပဲ အပမ်းဖြေနေထိုင်ဖို့အတွက် နိုင်ငံအနှံမှာ
အိမ်တွေခြံတွေကို အပို ၀ယ်ယူထားကြပါတယ်တဲ့။ အဲဒီလို လူအမြဲမနေနိုင်ပဲ
ဝယ်ယူတည်ဆောက်ထားတဲ့ နေအိမ်ခြံတွေကို ၆ လတိတိ လူနေထိုင်တဲ့
အထောက်အထားမတွေ့ရပါက သြစတြေးလျနိုင်ငံသားမည်သူမဆို
မိမိအသက်ရှင်နေထိုင်ဖို့အတွက် အမှန်တကယ်လိုအပ်ပါက
တခါးဖွင့်ဝင်ရောက်နေထိုင်ခွင့် ဥပဒေကိုပြဌာန်းထားပါတယ်တဲ့။
မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး ဥပဒေပြဌာန်းပေးဖို့ ဒီနေရာကနေ လွှတ်တော်ကို
တောင်းဆိုလိုပါတယ်။
မြန်မာနိုင်ငံဟာ
မြန်မာနိုင်ငံသားအားလုံးပိုင်ဆိုင်တဲ့နိုင်ငံပါ။ လူနည်းတစ်စုဖြစ်တဲ့
အာဏာရှင်၊ ခရိုနီတွေနဲ့ တရုတ်တွေပိုင်တဲ့မြေမဟုတ်ပါဘူး။ ယခုလိုမျိုး
အိမ်ခြံမြေတွေကို အာဏာရှင်၊ ခရိုနီနဲ့ တိုင်းတပါးသားတရုတ်တွေရဲ့
အနိုင်ကျင့် လွမ်းမိုးချယ်လှယ်မှုတွေကြောင့်
ပြည်သူတွေဒုက္ခကြုံတွေ့နေရမှုတွေကို အစိုးရမှ ထိရောက်စွာ
ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်နေပါပြီ။ ကိုယ့်မြေကိုယ်ရေကို
ကိုယ့်လူမျိုးနဲ့ အပေါင်းပါတရုတ်တွေရဲ့လက်ကနေ ပြန်တိုက်ယူရတဲ့ဘဝ
ရောက်အောင်တော့ မလုပ်ကြပါနဲ့လို့ တောင်းပန်ပါရစေလားဗျာ. ..
- ကျော်ကြီး(MDY)
၉.၈.၂၀၁၄ ထွက် Tomorrow ဂျာနယ်တွင်ပါရှိသည့် ဆောင်းပါး ....
0 comments:
Post a Comment