Monday, 6 August 2012

ကမ္ဘာတည်မည့်မော်ကွန်းများ

ရေးသူ- (ကို)မိုးမောင်မောင်

၈၈၈၈ အရေးတော်ပုံကြီး ၂၄ နှစ်ပြည့်မြောက်ခဲ့ပြီ။

ဒီလိုအချိန်ကိုရောက်တိုင်း မြန်မာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲကြီးအတွင်းမှာ စောစောစီးစီး ကြွေလွင့်ခဲ့ရရှာတဲ့ အညတရ အာဇာနည်တို့ရဲ့ ပုံရိပ်တွေ၊ ကျွန်တော်ကိုယ်တိုင် ဖြတ်သန်း ကြုံတွေ့ ခံစားခဲ့ရတဲ့ ရင်နင့်ကြေကွဲစရာ၊ အားကျဂုဏ်ယူစရာ လှုပ်ရှားမှုဖြစ်စဉ်လေးတွေ၊ ကျွန်တော်ထက် ပိုင်းဖြတ်မှုခိုင်မာတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ လှုပ်ရှားမှုတွေဟာ မျက်စေ့ထဲမှာ အနှေးပြရုပ်ရှင် ပြကွက်တစ်ခုလို မြင်ယောင်ခံစားနေရဆဲပါပဲ။

မှတ်တမ်း မှတ်ရာထားခွင့် မရခဲ့တဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေကြောင့် တချို့အမှတ်အသားလေးတွေ နေ့စွဲလေးတွေ ကွဲလွဲနိုင်ပေမဲ့ ဘယ်တော့မှမပြောင်းလဲနိုင် မကွဲလွဲနိုင်တာကတော့ ဖြစ်စဉ်တွေနဲ့ ကျွန်တော်တို့ ကျောင်းသားပြည်သူတွေရဲ့ ဂုဏ်ရောင်ပြောင်တဲ့ စွန့်လွတ်မှုတွေပါပဲ။ နာကျဉ်းကြေကွဲစရာ အဖြစ်အပျက်တွေရဲ့ အကြားမှာ ကျွန်တော်တို့ဟာ ငိုကြွေးတိုင်တည်နေမဲ့အစား ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို အင်အားဖြည့်ပေးနိုင်မယ့် ၊ ကမာ့္ဘမိသားစုက ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို စာနာသနားမှု တစ်ခုသာမကပဲ လေးစားတန်ဖိုးထားမှုနဲ့ပါ ထောက်ပံကူညီနိုင်ဖို့ ရည်၇ွယ်ချက်နဲ့ အတိတ်ကာလတစ်ခုကို ပြန်လည် တူးဆွကြည့်မိခြင်းဖြစ်ပါတယ်။

၂၈.၇.၁၉၈၈ မှာ ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဘက်တစ်ချို့နဲ့ BBC သတင်းထောက် ခရစ္စတိုဖာ ဂင်းနစ်တို့တွေ့ဆုံ ခဲ့ကြပြီး အဲဒီကာလ မြန်မာပြည်ရဲ့ ဆိုးဝါးမွန်းကျပ်လှတဲ့ ပကတိအခြအနေနဲ့ မဆလအစိုးရရဲ့ ဖိနှိပ်မှုတွေကို BBC အသံလွှင့်ဌာနမှတဆင့် ၆.၆.၁၉၈၈မှာ ပြည်သူတွေကိုအသိပေးနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ၈.၈.၈၈ မှာ အဆက်အစပ်မဲ့ ပြန့်ကျဲနေတဲ့ လူထုတိုက်ပွဲငယ်တွေကို လူထုအင်အားကြီး တစ်ရပ်အဖြစ် ချိတ်တွယ်နိုင်ဖို့၊မြန်မာပြည်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေးအရေးတော်ပုံကြီးကိုပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲကြဖို့  လူထုကို နိုးဆောင်တင်ပြနိုင်ခဲ့ပါတယ်။

၈.၈.၈၈ မနက်စောစောမှာ ကျွန်တော်တို့ ရန်ကုန်မြို့လယ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီ့မနက်ခင်းဟာ ပေါက်ကွဲလုဆဲဆဲ ဗုံးတလုံးလို အေးစက်ငြိမ်သက်လွန်းလှတယ်။ လမ်းတွေမှာ လူအသွားအလာနည်းနည်းပဲရှိတယ်။ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ ဖျတ်ကနဲ အကြည့်ချင်းဆုံလိုက်တဲ့ အခါတိုင်း ချစ်ခင်ခြင်းတွေ၊ ကြင်နာခြင်းတွေ၊ တည်ငြိမ်ခြင်းတွေ၊ အားပေးခြင်းတွေ၊ လေးစားခြင်းတွေ၊ ပိုင်းဖြတ်ထားခြင်းတွေဟာ သွေးသားတွေထဲ ကူးလူးယှက်နွယ်သွားသလို ခံစားခဲ့ကြရတယ်။ ဖြစ်မှဖြစ်ပါ့မလား။ တို့ပြည်သူတွေ၊ တို့ရဲဘော်တွေ၊ တဦးနဲ့တဦး မသိကြပေမဲ့ သွေးရင်းထက် ချစ်ခင်နေကြတဲ့ ခံစားချက်တွေနဲ့ တို့ပြည်သူတွေ၊ တို့ရဲဘော်တွေ၊ တို့တပြိုင်တည်း ပေးဆပ်ရတော့မယ်။အဲဒီ့အချိန်မှာ စက္ကန့်တွေကို ရပ်ထားချင်တဲ့ စိတ်နဲ့ အရှေ့ကို အမြန်တွန်းရွှေ့ချင်တဲ့ စိတ်က ရင်ထဲမှာ တပြိုင်တည်းပေါ်နေတယ်။ အချိန်ကလည်း မှန်မှန်သွားနေတယ်။ တို့ပြည်သူတွေ၊ တို့ရဲဘော်တွေ ရှေ့ကိုမှန်မှန် တိုးလာနေတယ်။ ၈.၈.၈၈ ရဲ့ မနက် ၈ နာရီကျော်ကျော်မှာ စဥ့်အိုးတမ်းလမ်းထိပ် ဆိပ်ကမ်းဝင်းထဲက ဆူညံတဲ့ အသံတွေက ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်သွားစေခဲ့တယ်။ လူတွေ၊ လူတွေ စဥ့်အိုးတန်းထိပ် တရုတ်ဘုံကျောင်းဝင်းရှေ့ကနေ ၁၉ လမ်း၊ လမ်း ၂၀ တလျှောက် အစုအအုပ်ကြီး ဖြစ်လာခိုက်မှာပဲ ဆိပ်ကမ်းဝင်းရဲ့ အုတ်တံတိုင်းကြီးနောက်ကနေ စာတမ်းကြီးတစ်ခု တဖြည်းဖြည်းပေါ်လာတယ်။

“၈.၈.၈၈- ၈ နာရီ ၈ မိနစ် ၈ စက္ကန့် ဆိပ်ကမ်းအလုပ်သမားများ သပိတ်စတင်ပြီ။”

ရပ်ကြည့်နေတဲ့ လူအုပ်ကြီးထံကနေ လက်ခုပ်သံတွေ၊ ဟစ်ကြွေးသံတွေ မရပ်မနား ထွက်ပေါ်လာတယ်။ အားလုံးရဲ့မေးရိုးတွေ တင်းထလို့။ အားလုံးရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေကိုယ်စီနဲ့။ အံတုခဲ့ကြပြီ။ ကျွန်တော်တို့ကျောင်းသားတွေ၊ လူငယ်တွေ၊ မိဘပြည်သူတွေ။ တယောက်ကိုတယောက် မသိကြပေမဲ့ လေးမြတ်တဲ့ ချစ်ခင်စိတ်နဲ့။ အမှန်တရားတခုကို ဆောင်ကျဉ်းဖို့၊ အနာဂတ်ကို လှပစေဖို့ အံတုနိုင်ခဲ့ပြီ။ ဆိပ်ကမ်းဝင်းတံခါးတွေကို သော့ခတ်ထားတဲ့ အတွက် အထဲမှာပိတ်မိနေတဲ့အလုပ်သမားတွေဟာ ကုန်သေတ္တာတွေကို ဆင့်ပြီး အုတ်တံတိုင်းပေါ်ကနေ ကျော်တက်ခုန်ချလာကြတယ်။ အပြာတွေ၊ အပြာတွေ၊အပြာတွေ ဟာ အပြာတန်း အရှည်ကြီးဖြစ်သွားတဲ့ အချိန်မှာပဲ အသွေးအရောင် ပေါင်းစုံဟာ ပူးကပ်ပါဝင်သွားခဲ့ကြပြီ။ တုန်ရီလှိုက်လှဲစွာ၊ တက်ကြွစွာ၊ အဲဒီ့နားက လက်ဖက်ရည်ဆိုင်လေးကို ရောက်သွားတယ်။ ကျွန်တော့မျက်ဝန်းထဲက မျက်ရည်စတွေနဲ့ ဆိုင်ရှင်တရုတ်အမျိုးသမီးလေးရဲ့ မျက်ဝန်းထဲက မျက်ရည်စတွေဆုံတွေ့ခဲ့ကြတယ်။ သူ့နှုတ်က စကားသံအချို့ ထွက်လာတယ်။

‘အကို ဖုံးဆက်မလား၊ ဒီမှာအလကားဆက် အားမနာနဲ့။’

ကျွန်တော် ဖုံးခွက်ကို ကောက်ကိုင်လိုက်တယ်။ နံပါတ်တွေကို တော်တော်ကျိုးစားပြီး လှည့်ယူခဲ့ရတယ်။

‘အေး… ဟုတ်တယ်၊ ဒီမှာစကုန်ပြီ၊ ဒီမှာ ချ ကုန်ပြီ’

‘အေး…မင်းစိတ်ကို ထိန်းထားပါ။ ငါတို့လည်း လာနေကြပြီ။’

ကျွန်တော် ဖုံးခွက်ကို ချလိုက်တယ်။ တရုတ် အမျိုးသမီးလေးကို ကြည့်လိုက်တယ်။ သူပြုံးလို့။ နောက် သူ့မျက်ဝန်းက မျက်ရည် ပိုးပိုးပေါက်ပေါက်ကြလို့။

‘မောင်လေး….သတိထားသွားနော်။’

‘သူတို့က ရက်စက်တယ်။’

အမေတယောက်ရဲ့ မေတ္တာတေးသံ၊ အမတယောက်ရဲ့ မေတ္တာတေးသံ။ အဲဒီ့အချိန်မှာပဲ ဟစ်ကြွေးသံတွေ၊ ဟစ်ကြွေးသံတွေ ဆူလို့ ညံလို့။ ရန်ကုန်မြို့ရဲ့ မဟာလမ်းမကြီး ၄ ခုလုံးမှာ ဒေါင်းတွေ၊ ကြယ်တွေ၊ ချိုးငှက်တွေ ပလူပျံလို့။ လူမျိုးပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံ၊ အယူအဆပေါင်းစုံဟာ တူညီတဲ့ ခံစားချက်တစ်ခုနဲ့ ရန်ကုန်မြို့ရဲ့ ဗဟိုချက်ဖြစ်တဲ့ မြို့တော်ခန်းမရှေ့ကို လှိုင်းလုံးကြီးတွေလို တရွေ့ရွေ့ လှိမ့်ဆင်းလာခဲ့ကြတော့တယ်။

မြို့တော်ခန်းမရဲ့ ရှေ့မှာ လူလှိုင်းလုံးကြီးဟာ လူပင်လယ်ကြီး ဖြစ်သွားတော့တယ်။ မြို့တော်ခန်းမရဲ့ မျက်နှာစာခြံဝင်းအတွင်းမှာ စစ်သားတွေဟာ သေနတ်တွေကို လျော့ရဲရဲကိုင်ပြီး သံတိုင်တွေကြားကနေ အပြင်ကို ငေးနေကြတယ်။ သူတို့ရင်ထဲမှာ ရှိတဲ့ အမှန်တရားဟာ court martial ဆိုတဲ့ အကြောက်တရားရဲ့ လွှမ်းမိုးခြင်းကို ခံနေရပုံပဲ။ တပါတီ အာဏာရှင် အစိုးရဟာ လူထုရဲ့အင်အားကို ဒီလိုနေ့အချိန်မျိုးမှာ ဘယ်လိုမှ ရင်ဆိုင်မဖြေရှင်းရဲပဲ ညအမှောင်ကို စောင့်ဆိုင်းနေခဲ့ကြရတယ်။ ဒါပေမဲ့ ညရောက်တဲ့ အထိ လူထုဟာမြို့တော်ခန်းမရှေ့မှာ ဇွဲနပဲကြီးကြီးနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုနေခဲ့ကြတယ်။ညဥ့်နက်သထက် နက်လာပြီ။ ည ၁၁ နာရီလောက်မှာ ဘားလမ်းတစ်လျောက် စစ်သားတွေအပြည့်နဲ့ “တီအီး” ကားတွေရောက်လာတယ်။ လူအများစုရဲ့စိတ်ထဲမှာ ဒီလောက်များတဲ့ ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်ရက်လိမ့်မယ်လို့ မထင်ကြဘူး။ ဒီလူအုပ်ကြီးထဲမှာ စစ်သားတွေရဲ့ ဆွေမျိုးသားချင်းတွေလည်း ပါဝင်ကောင်းပါဝင်နေနိုင်ပါတယ်။ ဒါပေမဲ့ မြို့တော်ခန်းမပေါ်ကနေ အသံချဲ့စက်နဲ့ လှမ်းအော် အမိန့်ပေးလိုက်သံအဆုံးမှာ ကားမီးတွေကို တပြိုင်နက်ဖွင့်လိုက်ပြီး ကားစက်သံတွေဆူညံနေအောင် ဖန်တီးလိုက်ကြတယ်။ မရှေးမနှောင်းမှာပဲ ပစ်သံခတ်သံတွေပေါ်လာပြီး ရန်ကုန်မြို့ရဲ့ အထင်ကရ ဘုရားတဆူဖြစ်တဲ့ ဆူးလေစေတီရှေ့၊ ပြည်ထောင်စုဖလားကြီးစတင်သယ်ယူတဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးရဲ့ ရှေ့မှာ အပြစ်မဲ ပြည်သူတွေရဲ့ သွေးတွေ ရွဲရွဲစို သွားခဲ့တော့တယ်။ လူထုဟာ အလဲလဲအပြိုပြိုနဲ့ မဟာဗန္ဓုလ လမ်းမကြီးကနေ လမ်းမတော်ဘက်ကို ဆုတ်ခွာလာခဲ့ရတယ်။ လူထုဟာ ရက်စက်ယုတ်မာလှတဲ့ အာဏာရှင် အစိုးရတရပ်ကို ဖြုတ်ချနိုင်ဖို့ နောက်မဆုတ်တမ်း ဆက်လက်ကြိုးပမ်းသွားဖို့ သူတို့ရဲ့ သွေးတွေနဲ့ ဆူးလေဘုရားကြီးရှေ့မှာ ခိုင်မာတဲ့ သံဓိဌာန်တရပ်ကို ရေးဖြစ်ခဲ့ကြတယ်။

၁၀.၈.၈၈ နေ့မှာ ကျွန်တော်တို့တတွေ မြို့ထဲဘက်ကို ထပ်ပြီး ထွက်လာခဲ့ကြတယ်။ မနက် ၁၀ နာရီလောက်မှာ မဟာဗန္ဓုလ လမ်းမကြီးနဲ့ ၁၄ လမ်းထိပ်ကို ရောက်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ဘေးမှာ အသက် ၁၄ နှစ်လောက်ပဲ ရှိတဲ့ ကောင်မလေးတယောက်နဲ့ ကောင်လေး နှစ်ယောက်။ ကောင်မလေးရဲ့ပုံရိပ်ဟာ ခုချိန်ထိ ကျွန်တော်ရဲ့ အိမ်မက်ထဲက ဖျောက်ဖျက်လို့မရနိုင်ဘူး။ အဲဒီ့တုန်းက အင်မတန်ခေတ်စားတဲ့ two step ဆံပင်ပုံစံလေးနဲ့၊ အင်မတန် ဈေးကြီးတဲ့ Henry Hill ရှပ်အင်္ကျိ အ၀ါကွက်ကျားလေးနဲ့၊ သူတို့ဟာ ငတ်မွတ်ခေါင်းပါးနေတဲ့ သူတွေမဟုတ်ဘူး။ ပြည်သူလူထုကြီး တရပ်လုံးရဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကို ဖြေရှင်းပေးဖို့ သူတို့ရဲ့ ဘ၀တွေကို စွန့်လွှတ်ပေးလှူဖို့ အသင့်ဖြစ်နေတဲ့ လူငယ်တွေ ဖြစ်တယ်။ လူထုဟာ သူတို့ရဲ့ နောက်မှာ တဖြေးဖြေးများလာတယ်။ ကောင်မလေးက သူ့ရဲ့ ရှပ်အင်္ကျီ ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်ပြီး ရင်ဘတ်ကြားမှာ ဖွက်ယူလာတဲ့ ခွပ်ဒေါင်းအလံတော်ကို ဆွဲထုတ်လိုက်တယ်။ နောက် ၁၄ လမ်းကြားထဲက အ၀တ်လှမ်းစင်တခုရဲ့ ၀ါးလုံးတလုံးကို ဆွဲယူလိုက်ပြီး ခွပ်ဒေါင်းအလံတော်ကို ချည်နှောင်ကာ လေထဲမှာ လေး ငါးကြိမ် ဝှေ့ရမ်းလိုက်ပြီး သခင်မြပန်းခြံဘက်ကို ဦးတည်ချီတက်သွားတော့တယ်။ သူမရဲ့ဘေးမှာ အဖော်ကောင်လေး ၂ ယောက်က ခြံရံလို့။ ခွပ်ဒေါင်းအလံတော်နဲ့ ကျောင်းသားငယ် ၃ ယောက်ဟာ လေထဲမှာ လွင့်နေသလိုပဲ။ သူတို့ရဲ့ နောက်မှာ လူထုဟာ ထပ်ချပ်မကွာ။ အဲဒီအချိန်မှာပဲ ကမ်းနားလမ်းဘက်ကနေ စစ်ကားတစီးက လူအုပ်ကြီးကို လှမ်းကြည့်ပြီး လိုက်လာခဲ့တယ်။ ရွှေပုဇွန် ကိတ်မုန့်တိုက်အနီး မော်တင်လမ်းထိပ်အရောက်မှာ စစ်ကားဟာ လူထုရဲ့ ဦးတည်ရာ လမ်းကြောင်းကို ပိတ်ပြီးရပ်လိုက်တယ်။ ကန့်လန့်ရပ်ထားတဲ့ စစ်ကားပေါ်ကနေ စစ်သားတွေက အေးစက်တဲ့ အကြည့်တွေနဲ့ သေနတ်တွေကို အသင့်ချိန်ပြီး ရပ်နေကြတယ်။ ကောင်မလေးဟာရင်ဘတ်ကိုကော့လို့ ခွပ်ဒေါင်းအလံတော်ကို လက် နှစ်ဖက်နဲ့ တင်းတင်းဆုပ်ကိုင်လို့။ သူ့ဘေးက ကောင်လေး ၂ ယောက်ကလည်း ပိုင်းဖြတ်ထားတဲ့ စိတ်ဓါတ်တွေနဲ့ ရင်ကိုကော့ပြီး ၁၀ ပေလောက်သာဝေးတဲ့ စစ်ကားပေါ်ကို မမှိတ်မသုန် စိုက်ကြည့်နေကြတယ်။ အဲဒီ့အချိန်မှာပဲ ခြေထောက်မှာ သွေးတွေစွန်းပေနေတဲ့ ပတ်တီးတွေနဲ့ ဘုန်းကြီးတပါးကို တင်ဆောင်လာတဲ့ ဆိုက်ကားတစီးဟာ လူအုပ်ကြီးရဲ့ကြားကနေ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းပြီး အဲဒီ့လူငယ် ၃ ယောက်နဲ့ သွားရောက် ပူးပေါင်းလိုက်တယ်။ ဘုန်းကြီးရဲ့ အသံဟာ တည်တည်ငြိမ်ငြိမ်နဲ့ လူအုပ်ကြီးဆီ ပျံလွင့်လာတယ်။

“ဒကာတို့ မင်းတို့ ငါတို့ဟာ မြန်မာပြည်သားတွေ။ ငါတို့ဟာ သူပုန်တွေမဟုတ်ဘူး။ ငါတို့မှာ ဘာလက်နက်မှ မရှိဘူး။ ငါတို့မြန်မာပြည်ရဲ့ အနာဂတ်အတွက် ငါတို့ ရသင့်တာကို ငြိမ်းချမ်းစွာ တောင်းဆိုနေတာဖြစ်တယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဘုန်းကြီး တောင်းဆိုပါတယ်။”

ဘုန်းကြီးရဲ့ စကားသံအဆုံးမှာ လူအုပ်ကြီးက ကြွေးကြော်လိုက်ကြတယ်။

‘ပြည်သူ့ တပ်မတော် တို့တပ်မတော်၊ ပြည်သူ့တပ်မတော်…..တို့တပ်မတော်’။

ဟစ်ကြွေးသံတွေ မဆုံးခင်မှာပဲ သေနတ်သံတွေ ဖုံးလွှမ်းသွားခဲ့တော့တယ်။ ကောင်းဘွိုင်ရုပ်ရှင်ကား တခုထဲကလိုပဲ ဆိုက်ကားရော၊ဘုန်းကြီးရော၊ ခွပ်ဒေါင်းအလံတော်ရော၊ ကလေး ၃ ယောက်လုံးရောဟာ လေထဲမှာ လွင့်ပျံထွက်သွားခဲ့တယ်။ မယုံကြည် နိုင်လောက်တဲ့ ရက်စက်ကြမ်းကြုတ်မှု။ လူထုဆီက ဟာ…ကနဲ အသံကြီးတစ်ခု တပြိုင်တည်း ထွက်လာပြီး ၂ မိနစ်လောက် လောကကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့တယ်။ အဲဒီနောက်ပိုင်းမှာ ပိုမိုကျယ်လောင်တဲ့ ဟစ်ကြွေးသံကြီးတစ်ခု တပြိုင်တည်း ပေါ်လာတယ်။

“ပြည်သူ့ တပ်မတော်…..×ီးတပ်မတော်၊ ပြည်သူ့တပ်မတော်……×ီးတပ်မတော်”

စစ်တပ်ဟာ သူတို့ရဲ့ ကြေးစားစိတ်ဓါတ်ကို ပြခဲ့ပြီ။ ပြည်သူလူထုရဲ့ ချစ်ခင်လေးစားမှုတွေကို အပြီးတိုင် ဆုံးရှုံးခဲ့ပြီ။ အဲဒီ့နောက် ဗဟိုစည်ရပ်ကွက်ကြီး တစ်ခုလုံး အပါအ၀င် လူထုဟာ စစ်တပ်ကို ရရာလက်နက်တွေနဲ့ စတင်တိုက်ခိုက်တော့တယ်။ ဒါပေမဲ့ အသတ်အဖြတ် ကျွမ်းကျင်ပြီး ခေတ်မှီလက်နက်တွေ စွဲကိုင်ထားတဲ့ စစ်တပ်ဟာ လူထုကို ဖြိုခွဲပစ်လိုက်နိုင်ခဲ့တယ်။

(န၀တ တက်လာပြီးတာနဲ့ ဗဟိုစည်ရပ်ကွက်ကို ချက်ချင်းရွှေ့ပစ်တာ အဲဒီ့ဖြစ်ရပ်ကြောင့်ဖြစ်တယ်။ )

မော်တင်လမ်း သတ်ဖြတ်မှုကြီးကနေ ဆုတ်ခွာလာတဲ့ လူထုကြီးဟာ သူတို့ရဲ့ နာကျည်းချက်တွေ၊ ဒေါသတွေကို ဖြေဖျောက်ပစ်ဖို့အတွက် မီးပွိုင့်တွေ၊ အဲဒီတုန်းက ရှိတဲ့ မြို့ပတ်ဘတ်စ်ကားဂိတ်တွေက အချိန်ထိန်းရုံးတွေကို ရိုက်ချိုးမီးရှို့ခဲ့ကြတယ်။ အဲဒီလိုနဲ့ လမ်းမတော်ထိပ်ကိုအရောက်မှာ ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာကုဌာနရဲ့ ပေါ်တီကို အမိုးပေါ်မှာ တရားဟောနေတဲ့ သရက်တောကျောင်းတိုက်က ကိုယ်တော်တွေနဲ့ ထပ်မံပူးပေါင်း မိကြတယ်။ အဲဒီအချိန်မှာ လမ်းမတော် ဘူတာရုံ တံတိုင်းထိပ် ဆေးကျောင်းရှေ့မှာ စစ်လော်ရီ ကား ၄ စင်းဟာ စက်တွေနှိုးပြီး စစ်သားတွေက ကားပေါ်မှာ အသင့်နေရာယူထားကြတယ်။ သိပ်မကြာခင်မှာပဲ ပြင်ပလူနာကုဌာနရဲ့ အတွင်းကနေ ဆေးဝန်ထမ်းတွေ တန်းစီပြီး ထွက်လာကြတယ်။ လူထုရဲ့ လက်ခုပ်သံတွေကဆူညံလို့။ မြန်မာပြည်ရဲ့ အမြင့်ဆုံး ပညာတတ်လူတန်းစား အထက်တန်းလွှာတွေဟာ လူထုနဲ့ တသားတည်း ပူးပေါင်းမိကြပြီ။ ရှေ့ဆုံးက အစိမ်းရောင်လုံခြည်ဝတ် မေထရွန်ကြီးတွေ၊ ပြီးတော့ Blue Stuff တွေ၊ ပြီးတော့ ဆရာဝန်တချို့၊ နောက်မှာ အမျိုးသား/ အမျိုးသမီး သူနာပြုတွေ။ လမ်းမတော်ကနေ ဗိုလ်ချုပ်လမ်းပေါ်ကွေ့တက်လိုက်တဲ့ အချိန်မှာပဲ ကုန်းပေါ်က စစ်ကားတွေ လှိမ့်ဆင်းလာကြတော့တယ်။ မြို့တော်ခမ်းမရှေ့ကို ချီတက်ဖို့ ရည်ရွယ်ထားကြပေမဲ့ ထိပ်တိုက်ပြဿနာ မဖြစ်ချင်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးရဲ့ ပင်မ တံခါးပေါက်ကနေ ဆေးရုံဝင်းထဲ ပြန်ကွေ့ဝင်ကြတဲ့ အချိန်မှာပဲ ဖြတ်မောင်းသွားးတဲ့ စစ်ကား ၄ စင်းရဲ့ နောက်ဆုံးစစ်ကားပေါ်ကနေ အသင့်ပြင်လိုက်တဲ့ လှုပ်ရှားမှုတခု ကို တွေ့လိုက်ရတယ်။

“၀ပ်ကြ…..၀ပ်ကြ မပြေးနဲ့ ပစ်တော့မယ်”

ကျွန်တော်အသံကုန်အော်လိုက်တယ်။ နောက်ကျသွားခဲ့ပြီ။ ဆူညံတဲ့ ပစ်ခတ်သံတွေကြားမှာ လူတွေ အတုံးအရုန်း လဲပြိုကြရပြန်ပြီ။ သေနတ်သံတွေ ငြိမ်အသွားမှာ လူတွေထပြီး ဆေးရုံအဆောက်အဦးထဲ ၀င်ပြေးသွားကြတယ်။ ဒါပေမဲ့ လေဟာပြင်ဈေးထောင့်ကနေ စစ်ကားတွေ ရပ်ထားပြီး ကျည်ကွယ်မျက်ကွယ်မဲ့နေတဲ့ ဆေးရုံဝင်းထဲကို ဒုတိယအကြိမ် ထပ်မံပစ်ခတ်ပြန်တယ်။ ရက်စက်မှုတွေဟာ ကမ်းကုန်ခဲ့ပြီ။ ဂျီနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြပြီ။ ကျဆုံးသူတွေ၊ ဒဏ်ရာရသူတွေကို အရေးပေါ်ဌာနရဲ့ အောက်ခန်းမှာထားပြီး တဦးစီကို စစ်ဆေးဓါတ်မှန်ရိုက်ပြီး သင့်တော်ရာအဆောင်တွေကို ပို့ကြတယ်။ တချို့သူနာပြု ဆရာမတွေဟာ ကြေကွဲတုန်လှုပ်စွာ ငိုယိုရင်း အော်ဟစ်နေကြတယ်။

“……တွေ၊ ငါတို့ တသက်လုံးပြုစုစောင့်ရှောက်လာသမျှ ကျည်ဆံတွေနဲ့ ကျေးဇူးဆပ်လိုက်ပြီပေါ့”

မြန်မာပြည်ရဲ့ သမိုင်းတလျောက်လုံးမှာ စစ်သားနဲ့ သူနာပြုဆရာမဆိုတာဟာ အခင်တွယ်ဆုံး လူတန်းစား ၂ ရပ်ပဲ။ ကျွန်တော်တို့ရဲ့ လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတောင် သူနာပြုဆရာမတယောက်ရဲ့ မေတ္တာတရားကို ပိုင်ဆိုင်ခွင့်တောင်းခဲ့တာပဲ။ ခုတော့ စစ်တပ်ဟာ အရာအားလုံးပျက်သုဉ်းခဲ့ပြီ။ အဒီအချိန်က အရေးပေါ်ဌာနမှာ ဓါတ်မှန်ရိုက်စက် သုံးလုံးရှိတယ်။ တလုံးက လူနာအားလုံးအတွက်၊ တလုံးက ပျက်နေတယ်။ တလုံးက အရေးကြီးပုဂ္ဂိုလ်တွေအတွက်လို့ ထင်တယ်။ ဒဏ်ရာရသူ များလွန်းတဲ့ အတွက် အဲဒီစက်တွေ အကုန်သုံးခွင့်ရဖို့ ကပ်လျှက်ရှိတဲ့ (အစည်းအဝေး ခန်းမလို့ထင်တယ်) အခန်းမှာ ဆရာဝန်ကြီးနဲ့တွေ့ဖို့ ၀င်သွားခဲ့တယ်။ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ၊ ဆေးဝန်ထမ်းတွေ စာပွဲရှည်ကြီးတစ်ခုကို ၀ိုင်းပြီးထိုင်နေကြတယ်။ ဆရာဝန်ကြီးက သူ့လက်ချောင်းတွေကို ပွယောင်းနေတဲ့ ဆံပင်တွေကြားထိုးထည့်ပြီး တံတောင်ဆစ် ၂ ဖက်ကို စားပွဲပေါ်ထောက်ပြီး ထိုင်နေတယ်။ မော့ကြည့်လာတဲ့ သူ့မျက်ဝန်းထဲမှာ အံသြမှု၊ တုန်လှုပ်မှု၊ နာကျည်းမှု၊ နားမလည်မှုတွေရောပြွမ်းနေတယ်။ ဘာစကားတခွန်းမှ မဆိုနိုင်ပဲ ခွင့်ပြုတယ်ဆိုတဲ့အမူအယာလုပ်ပြတယ်။ကျွန်တော်တို့တတ်နိုင်သမျှဝိုင်းလုပ်နေကြတဲ့အချိန်မှာ အင်မတန်အံသြစရာကောင်းပြီး ဂုဏ်ရောင်ပြောင်တဲ့ စွန့်လွှတ်မှုတွေ တွေ့ခဲ့ရတယ်။ စစ်ကားတွေဟာ ဆေးရုံဝင်းကို တပတ်ပြီး တပတ်ပတ်နေတဲ့ အချိန်မှာ စစ်ကားတစီးဟာ ကားရှေ့ခန်း အမိုးပေါ်မှာ (G-4)တလက်ကို အသင့်ပြင်ပြီး သရက်တောကျောင်းတိုက်နဲ့ ပြင်ပလူနာကုဌာနကို စောင့်ကြည့်နေတယ်။ သရက်တောကျောင်းတိုက်ဝင်းထဲက ဘုန်းကြီးတွေခေါင်းပြူလာတာနဲ့ တရစပ်ပစ်တော့တာပဲ။ အဲဒီအချိန်မှာ လူတချို့ဟာ ကျဆုံးသူတွေရဲ့ သွေးနဲ့ ၁၅ ပေ ၃ ပေ လောက်ရှိတဲ့ ပိတ်ဖြူပေါ်မှာ “ယခုအချိန်အထိ ကျဆုံးသူ ၂၁ ဦး ရှိပြီ” လို့ရေးပြီး အရေးပေါ်ဌာနရဲ့ ခေါင်မိုးပေါ်မှာချိတ်ဖို့ ကျိုးစားခဲ့ကြတယ်။ တက်ချိတ်လိုက်။ စစ်တပ်က အဲဒီလုကို ပစ်ချလိုက်။ နဖူးစည်းစာတမ်းမှာ လူဦးရေတိုးပြီး ရေးလိုက်တယ်။ နောက်တယောက်တက်ချိတ်လိုက်။ ထပ်ပစ်ချလိုက်နဲ့။ အဲဒီလူတွေဟာ ရှုးသွပ်နေတာမဟုတ်ဘူး။

သူတို့ရဲ့ တရားမျှတတဲ့ တောင်းဆိုချက်တွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို စစ်တပ်အနေနဲ့ နားလည်သဘောပေါက်အောင် အသက်နဲ့ရင်းပြီး ပြောပြနေတာဖြစ်တယ်။ တချို့က စစ်ကားတွေ ဗိုလ်ချုပ်လမ်းမကြီးကို ဖြတ်လို့မရအောင် လမ်းအလယ်ခေါင်က လုံးပတ် ၁ ပေ အမြင့် ၁၅ ပေလောက်ရှိတဲ့ ရေတမာပင်တွေကို သုံး လေးယောက်ဝိုင်းပြီး ဆွဲလှဲကြတယ်။ လူတဦးချင်းစီရဲ့ လူထုကို ကာကွယ်လိုတဲ့ ဇောနဲ့ ဒေါသတွေဟာ ဘယ်လောက်ပြင်းထန်တဲ့ ခွန်အားဖြစ်လာသလဲဆိုရင် ရေတမာပင် တော်တော်များများဟာ အမြစ်ကကျွတ်ပြီး လမ်းပေါ်လဲကြကုန်တယ်။ တချို့ကတော့ ဆေးရုံဝင်းထဲမှာ ရှိတဲ့ ကားတွေထဲက ဓါတ်ဆီတွေကိုယူပြီး ဖန်ပုလင်းထဲမှာထည့် ကျောက်စရစ်ခဲတွေထည့်၊ အ၀တ်စုတ်ကို ဓါတ်ဆီစိမ်ပြီး အဲဒီပုလင်းထိပ်မှာ ကျပ်နေအောင် ပိတ်ပြီး စစ်ကားတွေရဲ့ ဘေးကနေ ယှဉ်ပြေးလိုက်ပြီး အဲဒီအ၀တ်စုတ်တွေကို မီးရှို့ပြီး ပေါက်ကြတယ်။ ဒါပေမဲ့ တလုံးမှ မပေါက်ကွဲဘူး။ တလုံးမှာ စစ်ကားပေါ်မရောက်ဖူး။ စစ်သားတွေက ပြုံးဖြီးဖြီးနဲ့ အဲဒီလူကို သေနတ်နဲ့တေ့ပြီး ပစ်ချလိုက်ပြန်တယ်။ အဲဒီ အနိဌာရုံတွေဟာ အိန္ဒိယ သံအမတ်ကြီးကား ဆေးရုံဝင်းထဲဝင်လာမှ အဆုံးသတ်သွားခဲ့တော့တယ်။ ဒါတောင်မှ နေ၀င်းရဲ့ လက်ရုံးတပ်တွေဟာ သံအမတ်ကြီးကိုယ်တိုင် စီးနင်းလာတဲ့ မာစီးဒီးကားကို သေနတ်နဲ့ တချက် ပစ်လိုက်သေးတယ်။ အဲဒီနောက်မှာတော့ ဆေးတွေ၊ ဂွမ်းလိပ်တွေ အပြည့်တင်ဆောင်လာတဲ့ကိုယ်ပိုင်ကားတွေ အရေးပေါ်ဌာနရှေ့ကို ရောက်လာကြတယ်။ အဲဒီကာလကချမ်းသာတဲ့လူတန်းစားစာရင်းဝင်စိန်ဂျွန်းဈေးဆေးကုန်သည်တွေဟာလူထုရဲ့ခံစားချက်တွေ၊လိုလားချက်တွေကို လုံးဝ နားလည် သဘောပေါက်ပြီး သူတို့ရဲ့ အသက်တွေ၊ ဘ၀တွေကို ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်တယ်။

လူထုရဲ့ အင်အားနဲ့ ယုံကြည်ချက်တွေကို ဒီလို ပစ်ခတ်ပြီး နှိပ်ကွပ်လို့ မရနိုင်ဘူးဆိုတာ သိသွားတဲ့အတွက် နေ၀င်းတပ်(န၀တ) တွေဟာ ရန်ကုန်ဆေးရုံကြီးထဲမှာ ဒဏ်ရာရ လူနာတွေကို ဖမ်းဆီးမှာ မဟုတ်ကြောင်းနဲ့ အခြား အပြင်လူများ ဒီညမှာ ဆေးရုံဝင်းအတွင်းက အပြီးအပိုင်ထွက်ပေးဖို့၊ အကယ်၍ ၎င်းတို့ ညပိုင်းမှာ ၀င်ရောက်စီးနင်းပြီး ရှာဖွေတွေ့ရှိခဲ့ရင် ပြင်းထန်စွာ အရေးယူမယ်လို့ ကြေငြာပြီး အပစ်အခတ်တွေကို ရပ်ဆိုင်းပေးခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဘက် ထွက်ပေါက်မှာ အငှားကားသမားတွေဟာ အိမ်ပြန်ဖို့ လမ်းကြောင်းတူသူတွေကို အခမဲ့တင်ပြီး အခေါက်ခေါက် အခါခါ ပို့ဆောင်ပေးခဲ့ကြတယ်။ အဲဒီလို လူထုရဲ့ အသက်သွေးချွေးတွေကို အရင်းအနှီးကြီးကြီး ပေးဆပ်ခဲ့တဲ့ အတွက် သြဂုတ်လ ၁၂ ရက်နေ့မှာ ဦးစိန်လွင် အစိုးရ ပြုတ်ကျသွားခဲ့တော့တယ်။

မိုးမောင်မောင်။

၅.၈.၀၄ နံနက် ၄ နာရီ

ဝန်ခံချက်။ ။မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မှထုတ်ဝေသည့်
ဒေါင်းအိုးဝေ စာစောင် (၂၀၀၄ခုနှစ်၊၁၆နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အထူးထုတ်တွင်) ဖေါ်ပြပြီး
သော စာမူဖြစ်ပါသည်။

စာလုံးအကျအပေါက်များနှင့်ဝါကျအထားအသိုအချို့ကိုဖတ်ရလွယ်အောင်

ပြုပြင်ချင်းမှလွဲ၍မူရင်းရေးဟန်အတိုင်းပြန်လည်ဖေါ်ပြလိုက်ပါသည်။

(၈- လေးလုံးအမှတ်တရအဖြစ် အသုံးပြုလိုသူများအသုံးပြုနိုင်

ရန်ပေးပို့ပါတယ်။

ခင်မင်စွာဖြင့်

ကိုမိုးကြီး .... )

1 comments:

လင်္ကာ said...

ပျုနိုင်ငံမှာ ချိတ်ထားတဲ့ လင်္ကာဘလော့ရဲ့ လင့်က ဖွင့်မရတော့လို့ လိပ်စာအသစ်ပြောင်းလိုက်ရပါတယ်။
အောက်ကလင်္ကာ ရဲ့ လိပ်စာအသစ်ပါ။
http://8888linker.blogspot.com/