Friday, 16 March 2012

အမှတ်တရ မတ်လတံတားနီ

ရေးသူ- (ကို)မိုးမောင်မောင်


(၁၆)
ကွန်ဗိုကေးရှင်းကြီးကိုသတိရတယ်။ စာရွက်အပိုင်းလေးတွေ၊
ထမင်းစေ့လေးတွေကို သတိရတယ်၊ လှမျိုးနောင်၊ ဇော်မင်း၊
ဌေးကြွယ်တို့ ကိုသတိရတယ်၊ ကျောင်းသားတွေ သူတို့ ကို
မချီပြီး ကျောင်းဝင်းတပတ်လှည့်လည်ကြပုံကိုသတိရတယ်၊၊
အီကိုဆောင် ဂိတ်ပေါက်ကို သတိရတယ်။ ခင်မောင်ရီ(ခ)
တင်အေး၊ အိတ်ခ်ျယင်းမာ၊ ညိုထွန်း။ ညွန့် ဝင်းတို့ ကို သတိရ
တယ်၊ ရေအိုးကြီးတစ်လုံး ရင်မှာပိုက်ပြီး ပြေးထွက်လာတဲ့
ခရမ်းပြာ လဘက်ရည်ဆိုင်ဘေးက ငရုတ်ဆီချက်တဲ့ အိမ်ပိုင်ရှင်
ကယားသူဌေးမကြီးကိုသတိရတယ် ကမ္ဘာမကျေ မြန်မာပြည်
သီချင်းကိုသတိရတယ်၊ မင်္ဂလာပါ ပြန်မထွင်းရသေးလို့
မြေစိုင်ခဲတွေပွထနေတဲ့ အင်းယားကန်ဘောင်ရိုးကို သတိရတယ်
ဖွေးဖွေးဖြူတဲ့ တံတားသေးသေးလေးကိုသတိရတယ်၊မြေစာရင်း
ဦးစီးဌာနနဲ့ သံဆူးကြိုးတန်းတွေကိုသတိရတယ်၊ကုလသမဂ္ဂသို့
တင်ပြမည့် ကျောင်းသားထု၏နစ်နာချက် ၁၄ ချက်ဆိုတဲ့
ဗလာစာရွက်ပိုင်းလေးကို သတိရတယ်၊ ဝါးလုံးပိုင်းကို ဓါးနဲ့
၂ ချမ်းခွဲလိုက်သလို မာလာဆောင်ရှေ့ကနေ ကန်ဘောင်ဘက်ကို
တခြမ်း၊ ခရမ်းပြာဘက်ကိုတခြမ်း သပ်သပ်ရပ်ရပ် ကွဲထွက်
သွားတဲ့ ပြာမွဲမွဲ ယူနီဖေါင်းအုပ်ကြီးကိုသတိရတယ်၊ အဲဒီ၂ အုပ်
ကြားကနေ လီဗာကုန်နင်းပြီး မောင်းထွက်လာတဲ့မျက်ရည်ယိုဗုံးကို
ကားခေါင်မိုးကနေ ဒလက်နဲ့ ပြစ်လို့ ရတဲ့ ကားပြာကြီးတွေကို
သတိရတယ်၊ သံဆူးကြိုးတန်းအရောက်မှာ ကားကို ဂငယ်ကွေ့
ဆွဲကွေ့လိုက်ပုံ၊ ခိုလိုက်လာတဲ့ ပြာမွဲမွဲကောင်က တမဟုတ်ချင်း
ခုန်ဆင်းပြီး အနီးဆုံး ညီတစ်ယောက် သို့ မဟုတ် အကိုတယောက်
သို့ မဟုတ် ညီမတယောက် သို့ မဟုတ်အစ်မတယောက်
သို့မဟုတ် ငါ့ကိုယ်ထဲက သွေး ၆ ပုလင်းကို ရိုက်ခွဲလိုက်တာကို
သတိရတယ်၊ အင်းယားကန်ဘောင်ရိုးနဲ့ မာတင်ရိပ်သာလမ်းကြား
ကို သူရူးတယောက်လို ခေါက်တုံ့ ခေါက်ပြန်ပြေးပြီး ပြာမွဲမွဲ
ကောင်တွေကို မြေစိုင်ခဲတွေနဲ့ တလစပ်လိုက်ပစ်နေမိတဲ့
ကဗျာဆရာ သိတ်ဖြစ်ချင်တဲ့ ကောင်လေးတယောက်ကို သတိရ
တယ်၊ ခြံလေးတခုထဲက မန်ကျဉ်းပင်ရိပ်အောက်မှာ ကွပ်ပျစ်လေး
ခင်းပြီး လသာသာညတွေမှာ ရေနွေးကြမ်းနဲ့ ငါးရံ့ ခြောက်ဖုတ်
ဆီဆမ်းလေးစားပြီး မိန်းမကို ကဗျာတွေရွတ်ပြချင်တဲ့ အိပ်မက်လေး
ကျိုးကျေသွားတာကိုသတိရတယ်၊ ကြောက်လန့် တကြားနဲ့
ရေထဲကကနေ ကန်ဘောင်ဘက်ကိုပြန်ကူးလာတဲ့ ညီတယောက်
သို့မဟုတ် အကိုတယောက် သို့ မဟုတ် ညီမတယောက်
သို့ မဟုတ် အစ်မတယောက် သို့ မဟုတ် ငါ့ကိုယ်ထဲက
သွေး ခြောက်ပုလင်းကို ပြာမွဲမွဲ ကောင်တကောင်က ဆွဲမ
တင်လိုက်ပုံ ပြီးတော့မှ နဖူးကို ရိုက်ချလိုက်ပုံကို သတိရတယ်၊
၃ ပဲသား တမတ်သား ဆွဲကြိုးလေးတွေနဲ့ ညီမတယောက်
သို့ မဟုတ် အစ်မတယောက်ရဲ့ ဖူးသစ်စရင်သားတွေပေါ်မှာ
စော်ကားကျူးကျော်ခဲ့တဲ့ ပြာမွဲမွဲကောင်တွေရဲ့ လက်သရမ်း
တွေကိုသတိရတယ်၊ မာတင်ရိပ်သာလမ်းကြားက တိုက်ကြီး
တလုံးကိုသတိရတယ်၊ ကြောက်ကြောက်လန့်လန့် နဲ့ 
မလွယ်ပေါက်တံခါးလေး ဖွင့်ထားတဲ့အကြောင်း လာပြောတဲ့
အိမ်ဖေါ်မလေးတယောက်ရဲ့ မျက်နှာကိုသတိရတယ်၊
ညီတယောက် သို့ မဟုတ် အကိုတယောက် ငယ်ငယ်က
ရေချမ်းစင်လုပ်တမ်း ကစားသလို လက်ချင်းယှက်ပြီး ညီမ
တယောက် သို့ မဟုတ် အစ်မတယောက်ကို အုတ်တံတိုင်း
တဖက်ကို ကျော်နိုင်အောင်ကူညီနေကြပုံကိုသတိရတယ်
ရေစင်ကြီးအောက်က ဖါးလောင်းလေးတွေ ကူးနေပြီး
ရေညှိတွေနဲ့ ချွဲနေတဲ့  အုတ်ကန်လေးထဲကရေတွေကို မောနေ
တဲ့ ညီတယောက် သို့ မဟုတ် အကိုတယောက် သို့ မဟုတ်
ညီမတယောက် သို့ မဟုတ် အစ်မတယောက် သို့ မဟုတ်
ငါ့ရင်ထဲက သွေးခြောက်ပုလင်းကို လက်ခုပ်လေးတွေနဲ့
ခံလို့ အပြန်အလှန်တိုက်နေကြပုံကို သတိရတယ်၊
ဒီကောင်တွေကို လက်စားချေရမယ်ကွဆိုပြီး ထော့ကျိုး
ထော့ကျိုးနဲ့ အင်းစိန်လမ်းမဘက်ကို ဦးဆောင်ထွက်သွား
တဲ့ အောင်သူကို သတိရတယ်၊ မျက်ရည်တွေနဲ့ နာနာကျဉ်းကျဉ်း
ရှိုက်ကြီးတငင်ငိုရင်း အောင်သူနောက်ကို ပြေးလိုက်သွားတဲ့
မင်းသူကို သတိရတယ်၊ ဒေါသတွေနဲ့ အံကြိတ် တက်ခေါက်
နေတဲ့ ကိုလင်း(ခ) ရွက်နုသစ်ကို သတိရတယ်၊ ရှေးဟောင်း
သုတေသနဌာနဝင်းထဲက ကဗျာဆရာ ကိုဂျက်ရဲ့ တစ်ထပ်
တိုက်ပုလေးကို သတိရတယ်၊ ညနေခြောက်နာရီကျော်မှာ
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ပြည်လမ်းမကြီးအတိုင်း
၈ မိုင်ဘက်ကို ခံစားချက်မဲ့ လျောက်ပြန်လာခဲ့ပုံ၊ အာစီတူး
အဝက အင်းယားလေးကန်နဲ့ စကားပြောခဲ့ပုံ အေဒီလမ်းထိပ်
မှာ စစ်သား ၂ ယောက်ပျင်းရိပျင်းတွဲရပ်နေပုံကို သတိရ
တယ်၊ ငါတို့ အဖမ်းမခံရရင် နောက်နေ့  မနက် ရ နာရီမှာ
သိပ္ပံကင်တင်းမှာတွေ့မယ်ဆိုတဲ့ ကတိစကားကို သတိရတယ်။

(၁၇)
လိုင်ဘရီရှေ့က ကံ့ကော်ပင်အောက်က အုတ်ခုံလေးကို သတိ
ရတယ်၊ ၈ နာရီလောက်မှာ သွေးတွေ ပြန်လည်ပေါင်းစုံ လာကြပုံ
ကို သတိရတယ်၊ သားရေဂျာကင်အနက်ကို ကံ့ကော်ပင်ကိုင်း
တခုပေါ် ဟန်ပါပါပစ်တင်ရင်း အဓိပတိလမ်းနဲ့ လိုင်ဘရီအဝင်ဝ
အုတ်ခုံလေးပေါ်ကနေ စကားပြောနေတဲ့ ဇော်မင်းကို သတိရတယ်၊
နယ်မြေ စည်းကမ်းထိမ်းသိမ်းရေးက ကုလားတယောက်ကို
ထောက်လှမ်းရေးဆိုပြီး စဖမ်းတာ၊ ရယ်ရယ်မောမော ပျော်ပျော်
ရွှင်ရွှင်နဲ့ ပြန်လွှတ်ပေးလိုက်တာ သတိရတယ်၊ ကျောင်းသားများ
အပန်းဖြေရိပ်သာအဝင်ဝ ကွန်ကရစ်အမိုးကြီးနဲ့ အောက်က နယ်မြေ
ရုံးခန်းလေးကို သတိရတယ်၊ ဆရာတွေ ဆရာမတွေရောက်လာပြီး
တားမြစ်ပုံ၊ ညီတယောက် သို့ မဟုတ် အကိုတယောက် သို့ မဟုတ်
ညီမတယောက် သို့ မဟုတ် အစ်မတယောက် သို့ မဟုတ် ငါ့ရင်ထဲ
က သွေးခြောက်ပုလင်းရဲ့ ခံစားရပုံတွေကို သတိရတယ်၊
ဆရာဆရာမတွေကို ထိုင်ကန်တော့ပြီး ခဲတွေနဲ့ ပေါက်မလို့
ရွယ်လိုက်တော့မှ အဓိပတိလမ်း ဟိုဘက်ထိ ဆုတ်သွားပြီး
သစ်ပုတ်ပင်ကြီးကနေ ဝမ်းနည်းကြေကွဲ စိုးရိမ်ခြင်းများစွာနဲ
ရပ်ငေးနေကြရှာတဲ့ တို့ကျေးဇူးရှင်တွေရဲ့ မျက်နှာတွေကို
သတိရတယ်။ သတင်းနှင့်ပြန်ကြားရေး ကော်မီတီ၊ လုံခြုံရေး
ကော်မီတီ၊ ဘဏ္ဌာရေးကော်မီတီ၊ စည်းရုံးရေးကော်မီတီ
ဆိုပြီး ဖွဲ့ဖြစ်တာ သတိရတယ်၊ ခင်မာဝေ၊ ယုယုမော်၊ မိုးမြင့်ဦး၊
သက်ဇင်၊ ရွှေတူ(ခ) ဝင်းထိုက်တို့ ကို သတိရတယ်။ ကွန်ဗို
ကေးရှင်းနောက်မှာ ရပ်ကွက်ကောင်စီတွေ ရဲတွေနဲ့ လောက်စာလုံး
တိုက်ပွဲ ဆင်နွှဲနေတဲ့ ဇော်ဇော်အောင်ကို သတိရတယ်၊ စာတိုက်ပုံး
တွေနဲ့ အဓိပတိလမ်း ဓါတ်တိုင်တွေမှာ ထောက်လှမ်းရေးက
ကင်မရာတွေ တပ်ထားတယ်လို့ ပြောတဲ့ သူရိန် ကို သတိရ
တယ်၊ ငါတို့ မိန်းမတွေတောင် စင်ပေါ်တက်ပြောနေတာ နင်တို့
ယောင်္ကျားတွေ ရှေ့တိုးမလာရဲဘူးလားဆိုပြီး ထမိန်ကို ပေါင်ရင်း
လောက်အထိ ဆွဲတင်လိုက်တဲ့ ယုယုမော်ရဲ့ဟန်ကို သတိရ
တယ်။ အဓိပတိလမ်းပေါ်မှာ ၅ ယောက်တတွဲ ညီညီညာညာ
ထိုင်ခဲ့တဲ့ ညီတွေ အကိုတွေ ညီမတွေ အမတွေ သို့ မဟုတ်
ငါ့ရင်ထဲက သွေးခြောက်ပုလင်းကို သတိရတယ်၊ လိုင်ဘရီ
အုတ်ခုံပေါ်ကနေ ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့ မင်းဇေယျကို
သတိရတယ်၊ ခုဖြစ်ရပ်ဟာ မြန်မာပြည်မှာဒီမိုကရေစီဆိုတာမရှိ
လို့ ဆိုပြီး ကျောင်းသားတွေနဲ့ ဒီမိုကရေစီကို တရားဝင် မိတ်ဆက်
ပေးခဲ့တဲ့ ကိုမောင်မောင်(ခ) ဗိုလ်တိုက်မောင်းကို သတိရတယ်၊
စိုင်းထင်ကျော်(ခ) ခြင်္သေ့ကို သတိရတယ်၊ မောင်နှမ ၂ ယောက်
တစ်ယောက်ကို တစ်ယောက် ပတ်ထွက်လာပြီး အာစီခေါင်မိုးပေါ်
မှာ ပြန်ဆုံကြတဲ့ ညီမလေး ပေါက်စီနဲ့ အကို သာကျော်မောင်တို့
တစ်ယောက်ကို တစ်ယောက်တင်းတင်းဖက်ထားကြပုံကို သတိရ
တယ်၊ သူတို့ လိုဘဲ ရန်ကင်းက လိုက်လာတဲ့ ၉ တန်း ကျောင်းသား
လေး စောလင်းကို သတိရတယ်၊ နင်တို့ ဒီအတိုင်းလုပ်နေလို့
မရဘူး၊ အသံချဲ့စက် သုံးမှရမယ် ဂျပ်ဆင်ချာခ်ျထဲမှာ ရှိတယ်လို့
လာအကြံပေးခဲ့ တဲ့  မေငြိမ်း၊ ဇောင်းထက်၊ အံ့ဘွယ်ကျော်တို့
အုပ်စုကို သတိရတယ်၊ ကျမတို့ လည်း ဒီကျောင်းက ထွက်တာဘဲ၊
ရှင်တို့ မယုံရင် ကြိုက်တာလုပ်။ တို့ ကျောင်းသားတွေဆီ တို့
လာတာလို့ ရဲရဲကြီးပြောခဲ့တဲ့ မော်တော်ပီကယ်က ဒုရဲအုပ် အမကြီး
၂ ယောက်ကို သတိရတယ်၊ သာသနာပိုင်ပစ္စည်းကို ကျွန်တော့်လက်
နဲ့ ပေးခွင့်မရှိပါဘူးဆိုပြီး သံကြိုးကွင်းပေါ်မှာ ခတ်ထားတဲ့ ဂျပ်ဆင် ချာ့ခ်ျ
ဘေးအဝင်ပေါက်သော့ကို ကျောင်းသားတွေဘက်ကို လှည့်ပေးထား
ခဲ့တဲ့ ဂျပ်ဆင် ချာ့ခ်ျက အစောင့်အကိုကြီးကို သတိရတယ်၊ ချာ့ခ်ျထဲ
ကနေ အသံချဲ့စက်ပစ္စည်းတွေ ယူကြတော့ ဘစ်ရှော့ကြီးရဲ့
အခန်းနဲ့  တရားဟောစင်မြင့်ပေါ်က သမ္မာကျမ်းစာအုပ်ကို လုံးဝမထိ
ဘို့ ပြောခဲ့တဲ့ စကားသံတွေကို သတိရတယ်၊ အသံချဲ့စက်တွေ
အာစီအမိုးပေါ်မှာဆင်ရင်း ချွေးတလုံးလုံးဖြစ်နေတဲ့ အံ့ဘွယ်ကျော်
ကို သတိရတယ်၊ ငွေစာရင်းဌာန အပေါ်ထပ်ကနေ ဓါတ်ပုံရိုက်တယ်
ထင်ပြီး သွားစီးကြတာ သတိရတယ်၊ လှည်းတန်းထိပ်ကနေ
လက်ကိုင်ပုဝါတွေ၊ စားစရာတွေပို့ ပေး၊ ကျောင်းသားတွေရေးသမျှကို
သံစည်းရိုးကြားကစောင့်ယူပြီး စာကူးစက်နဲ့ ပွားပေးတဲ့ ရတနာထွန်း
စတိုးနဲ့  လူထုကြီးကို သတိရတယ်၊ အာစီ အပေါ်ဆုံးထပ် ရိုးရာ
ပွဲတော်တွေ ကျင်းပတဲ့ခန်းမကြီးထဲမှာ ဖွဲ့ စည်းတဲ့ တိုးတက်သော
တက္ကသိုလ်ကျောင်းသားများအဖွဲ့ (တ.တ.ဖ)ကို သတိရတယ်၊
ကော်မီတီဝင် ၂၁ ဦးပါတာ သတိရတယ်၊ သူတို့တွေ မြန်မာ့အသံ
နားချိန် နေ့ လည် ၂ နာရီနဲ့  ပြန်စမယ့် ညနေ ၄ နာရီကြားမှာ
ဖြိုခွင်းလိမ့်မယ်၊ တော်လှန်ရေးကို ဆက်လုပ်ဘို့  တို့ ထဲကတစ်ဝက်
အပြင်ကို ထွက်ရလိမ့်မယ်လို့ အကြံပေးခဲ့တဲ့ မင်းဇေယျကို
သတိရတယ်၊ အလှုငွေတွေကို ခြေထောက်နဲ့တောင် နင်းသိပ်
ထည့်ထားရတဲ့ တက္ကသိုလ် အနုပညာအသင်း စတိုခန်းထဲက
ယူလာတဲ့ ၂ ပေ ပတ်လည်လောက်ရှိတဲ့  ၂ ပေလောက်မြင့်တဲ့
အလူမီနီယမ် သေတ္တာ ၂ လုံးကိုသတိရတယ်၊ ကျောင်းသားတွေ
ဒီနေ့ ကစပြီး သပိတ်စခန်းချကြတော့မယ်ဆိုတော့ မျက်နှာမှာ
အဝတ်စီးထားတဲ့ ခပ်ဝဝအမကြီးတယောက်က ဒီနေ့ ညနေစာကို
ကျွန်မတို့ မိသားစုကတာဝန်ယူတယ်၊ အလှုငွေ အခုလည်း ၅၀၀၀
ကျပ်ထည့်ဝင်ပါတယ်၊ အမည်မသိ အလှုရှင်တဦးလို့ မှတ်ထား
ပေးပါဆိုပြီး လှည့်ထွက်သွားတဲ့အချိန်မှာ စင်ပေါ်ကနေ ဒီနေ့
ညနေစာကို ဦးချစ် လက်ဖက်ရည်ဆိုင်မိသားစုက လှုဒါန်းပါတယ်
လို့ ကြေငြာလိုက်တော့ ပြန်ပြေးလာပြီး ခွေးကောင်လေးတွေ
နင်တို့ တော်တော်ဆိုးတယ် ဆိုပြီး ကျေနပ်ခြင်းတဝက် စိတ်လှုပ်ရှား
ခြင်းတဝက်နဲ့ ပြောသွားတဲ့ ဦးချစ်သမီး အကြီးဆုံး အမကြီးကို
သတိရတယ်။ နေ့ လည် ၂နာရီကျော်ကျော်မှာ အဓိပိတိလမ်းမကြီး
မိန်းတံခါးကနေ ခွာသံညီညီနဲ့ ဝင်လာတဲ့ပြာမွဲမွဲကောင်တွေကို
သတိရတယ်၊ သူတို့ ရှေ့ကနေ တဖျပ်ဖျပ် ဓါတ်ပုံရိုက်ရင်း
လိုက်လာတဲ့ ကောင်တချို့ ကို သတိရတယ်၊ တရားဟောနေတာ
မရပ်လို့ စင်ပေါ်ကနေ အတင်းဆွဲချပြီး ပြေးခိုင်းရတဲ့ အကသ
ကျောင်းသားလေး စောလင်းရဲ့ မျက်လုံးတွေနဲ့ မေးရိုးတွေ
ထောင်တက်နေတာကို သတိရတယ်၊ ညီတယောက် သို့ မဟုတ်
အကိုတယောက် သို့ မဟုတ် ညီမတယောက် သို့ မဟုတ် အစ်မ
တစ်ယောက် သို့ မဟုတ် ငါ့ရင်ထဲက သွေးခြောက်ပုလင်းရဲ့ မုန်တိုင်း
ခေါ်သံတွေကို သတိရတယ်၊ထင်းရူးသားအလံတိုင် ထက်ပိုင်းကျိုး
တွေကို သတိရတယ်အုတ်ခဲအပိုင်းအစတွေကို သတိရတယ်၊
ဖေါင် ဖေါင် ဆိုပြီးကြားရတဲ့ အသံအဆုံးမှာ နို့ ဆီဗူးခွံသေးသေး
လေးတွေရှေ့ကိုကျလာပြီး အငွေ့ တလူလူထွက်လာတာကို သတိရ
တယ်၊ ပြာမွဲမွဲ လူအုပ်ကြားမှာ လေး ငါးယောက်ချုပ်လို့ မနိုင်၊ ရိုက်လို့
မလဲတဲ့ ညီတစ်ယောက် သို့ မဟုတ် အစ်ကို တစ်ယောက် သို့ မဟုတ်
ညီမတယောက် သို့ မဟုတ် အစ်မတယောက် သို့ မဟုတ် ငါ့ရင်ထဲက
သွေးခြောက်ပုလင်း၊ ငါ့ ရင်ထဲက သွေးခြောက်ပုလင်း တဖေါင်းဖေါင်း
ပေါက်ကွဲနေတာ ငါ ပြန်ကြားနေရတာ သတိရတယ်၊ အဲဒီနေ့ မှာ
ခြံတခြံထဲက မန်ကျဉ်းပင်ရိပ်အောက်မှာ ရေနွေးကြမ်းလေး သောက်လိုက်၊
ငါးရံ့ခြောက်ဖုတ်လေး မြည်းလိုက်နဲ့ မိန်းမကို ကဗျာလေးတွေ
ရွတ်ပြနေတဲ့ ၂၃ နှစ်သားလေးတစ်ယောက် သေသွားတာကို
သတိရတယ်၊
ငါမွေးလာတာကို သတိရတယ်၊
ငါမွေးလာတာကိုသတိရတယ်၊
ငါမွေးလာတာကိုသတိရတယ်၊
ပုဂံလမ်းပေါ် ကျောင်းပြင်ထွက်တဲ့ တံခါးဝမှာ ငါတို့  ၅၁ယောက်
ထိုင်ပြီးအဖမ်းခံဘို့ စောင့်နေတာကို သတိရတယ်၊ ကျောင်းဝင်းတံခါးကို
ကျော်တက်ဘို့ လုပ်တဲ့ ကျောင်းသားတွေကို ဘက်နက်နဲ့ လှန့် ပြီး
ရယ်နေတဲ့ မြန်မာစကားမတတ်တဲ့ စစ်သားတွေကို သတိရတယ်၊
ပေါက်စီကလေးကို ….ိုးမလေး နင်တော့ ဒီည ဆန္ဒပြတဲ့ အရသာသိဘို့
ပြင်ထားပေတော့လို့ ပြောခဲ့တဲ့ ပြာမွဲမွဲကောင်တကောင်ရဲ့ စကားသံကို
သတိရတယ်၊ ခင်ဗျားတို့ သားသမီးချင်းမစာနာမပြောပါနဲ့ လို့
ပြောလိုက်တဲ့ မိုးမြင့်ဦးရဲ့ ခါးရိုးကို၊ နောက် ပြာမွဲမွဲ တကောင်က
စစ်ဖိနပ်နဲ့ ကန်လိုက်တာ သတိရတယ်၊ စစ်သားတစ်စုဝင်လာပြီး
ဗိုလ်ကြီးလုပ်သူက ကျောင်းသားတွေကို မနှိပ်စက်ဘို့ ၊ ခနနေ
အချုပ်ကားနဲ့ လာခေါ်မယ်လို့ ပြောတာသတိရနေတယ်၊
ပုဂံလမ်းကနေ အချုပ်ကားနဲ့ တင်ပြီး တက္ကသိုလ်ဓမ္မာရုံဝင်းထဲကို
ခေါ်သွားတာ၊ အဲဒီမှာ ကျောင်းသားတွေအပြည့်နဲ့ အချုပ်ကားတွေ
အများကြီး တန်းစီရပ်ထားတာ၊ ရပ်ကွက်ထဲက လူတချို့
အောက်ကနေပြီး စားစရာတွေပေးတာ၊ အိမ်လိပ်စာတောင်းတာတွေ
သတိရတယ်၊ တလမ်းလုံးမှာ ကမ္ဘာမကြေ မြန်မာပြည်သီချင်းကို
သံပြိုင် အော်ဆို သွားကြတာ၊ ကျောင်းသားကဒ်တွေ ပစ်ချ
ပေးခဲ့ကြတာ၊ စာတွေရေးပြီး လူစုစုရှိတဲ့ နေရာတွေမှာ ပြစ်ချပေး
ခဲ့တာ၊ လူတွေကြောက်ကြောက်နဲ့ ပြေးကောက်ကြတာတွေ
သတိရတယ်၊ အင်းစိန် ဂုံးကျော်တံတားကြီးပြင်နေတာသတိရတယ်၊
အင်းစိန်ဘူတာ သံလမ်းအကူးမှာ ဖရဲသီးသည်လေးတွေ ပြေးလာပြီး
အကိုတို့ အမတို့ စားကြ စားကြ ဟိုလက်ဘက်ရည်ဆိုင်က
အကိုကြီးတွေကျွေးတာဆိုပြီးပြောတာ သတိရတယ်၊အချုပ်ကား
တံခါးဝက ရဲက ဖရဲသီးသည်မလေးကို ဆောင့်တွန်းလိုက်လို့
လဲသွားချိန်မှာဘဲ တအုံးအုံး မြည်သံတွေ အချုပ်ကားနံဘေးနံရံမှာ
ဆူညံနေတာ၊ အချုပ်ကား မြေအောက်ဓါတ်ကြိုးလိုင်းတွေသွယ်ဘို့
တူးထားတဲ့ မြောင်းထဲ ထိုးကျသွားတာ သတိရတယ်၊ ခုနက ခဲတွေ
တုတ်တွေ ခွေးခြေတွေနဲ့ ဝိုင်းသမကြတဲ့ ညီအကိုတွေ အချုပ်ကား
တံခါးသော့ကို မဖွင့်တတ်တာ၊ တို့ တော့လွတ်ပြီဆိုပြီးပျော်နေတုန်း
မှာဘဲ ကားက ဘက်ဂီယာဆုတ်ပြီး မြောင်းထဲကလွတ်လာတာ
ရှေ့ကို တရှိန်ထိုးမောင်းထွက်ပြီး လူအုပ်ကြီးဝေးကျန်ခဲ့တာ သတိ
ရတယ်၊ စိတ်ပျက်လက်ပျက်နဲ့ ကမ္ဘာမကြေ ကို ဆက်ဆိုရင်း
တို့ ကာကွယ်မလေ အဖိုးတန် မြေဆိုတဲ့ အချပိုက်အဆုံးမှာ
တိုက်တိုက်ဆိုင်ဆိုင် အင်းစိန်တွဲဘက်ထောင်ရဲ့ ဗူးဝကြီးမှာ
အချုပ်ကားကြီးရပ်လိုက်တာကို သတိရတယ်။
(၁၅)(၁၆)…..(၁၅)(၁၆) အသင်္ချေ ညီတယောက် သို့ မဟုတ်
အကိုတယောက် သို့ မဟုတ် ညီမတယောက် သို့ မဟုတ်
အစ်မတယောက် သို့ မဟုတ် ငါ့ကို လှုပ်ရှားမောင်းနှင်နေတဲ့
သွေးခြောက်ပုလင်း၊ သေပြီးတဲ့သူကို သတ်လို့ မရဘူး၊ သူတို့ ကို
သတိရခြင်းနဲ့  ငါ့လိပ်ပြာကို ထုံမွှမ်းထားတယ်ဟေ့၊ ငါတို့ ဟာ
ဝိဥာဏ် တစ်ခုစီမဟုတ်ဘူး၊ ငါတို့ရဲ့ ဝိဥာဏ်တခုတိုင်းဟာ
အခြား ညီတွေ၊ အခြားအကိုတွေ၊ အခြားညီမတွေ၊ အခြားအစ်မ
တွေ သို့ မဟုတ် အခြားသော သွေးအုပ်စုတူ သွေးပုလင်းပေါင်း
သန်းနဲ့ ချီလို့ အပြန်အလှန် ကိုယ်စားပြုတယ်ဟေ့၊ ငါတို့ ဟာ
ဝိဥာဏ်တွေ၊ မျိုးဆက်သစ်တွေ၊ အမှန်တရားမြတ်နိုးသူတွေရဲ့
အသည်းနှလုံးထဲကို စိမ့်ဝင် ထုံကူးနိုင်စွမ်းတဲ့ ဝိဥာဏ်တွေ၊
ငါ အသက်ရှု ရပ်သွားတဲ့တနေ့ မှာ ငါ့ဝိဥာဏ်က ညီတယောက်
သို့ မဟုတ် အကို တစ်ယောက် သို့ မဟုတ် ညီမတယောက်
သို့ မဟုတ်အစ်မတယောက်ရဲ့ သွေးခြောက်ပုလင်းထဲမှာ
ပျော်ဝင်သွားလိမ်းမယ်လို့ ငါယုံတယ်။

သင်ပုန်းချေတယ်ဆိုတာကို မေ့ပြစ်လိုက်တယ်လို့
ဘာသာပြန်လို့ မရ။

မိုးမောင်မောင်
(၁၆ မတ် ၂၀၁၂)

8 comments:

Anonymous said...

ဖတ်လို့ကိုး မ၀ဘူး။ စာဖတ်ရတာ လှိုင်းတစ်ခုကို စိးရသလို ခံစားရတယ် တကယ်ပဲ။ ကိုအောင်နဲ့ အဲဓီ စာရေးသူနဲ့ ခင်လာဗျာ။ နောက်ထပ် အဲလို အောကာင်းတွေ ဖတ်ချင်လို့ များများရေးပါလို့ ပြောပေးပါဗျာ။

ကိုထွန်းထွန်းဦး

Unknown said...

မြန်မာတွေကပြေပြောက်လွယ်ကြတယ် ...သတိရစရာလေးတွေထဲမှာလွမ်းဆွေးစရာတွေလဲပါတယ်၊နာကျည်းစရာတွေလဲပါတယ်၊မုန်းတီးစရာတွေလဲပါတယ် ။။ဂျာမဏီမှာ ဂျူးလူမျိုးတွေကိုသတ်တဲ့တရားခံတွေကိုတော့ ခုထိလိုက်ရှာဖမ်းပြီးအပြစ်ပေးနေတုံးဘဲ။

Unknown said...

မြန်မာတွေကပြေပြောက်လွယ်ကြတယ် ...သတိရစရာလေးတွေထဲမှာလွမ်းဆွေးစရာတွေလဲပါတယ်၊နာကျည်းစရာတွေလဲပါတယ်၊မုန်းတီးစရာတွေလဲပါတယ် ။။ဂျာမဏီမှာ ဂျူးလူမျိုးတွေကိုသတ်တဲ့တရားခံတွေကိုတော့ ခုထိလိုက်ရှာဖမ်းပြီးအပြစ်ပေးနေတုံးဘဲ။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ရင်ထဲဆို့နင့်စေတဲ့ စာသားတွေနဲ့
မြင်ကွင်းတွေက ကွင်းကွင်းကွက်ကွက်ပဲ ကိုအောင်
း(

LIFE KILLER said...

ကျွန်တော် ကဘာမှမသိသေးသူတစ်ယောက်ပါ ဒါပေမယ့် ဒီစာလေးကိုဖတ်ရတာဟာ ကိုထွန်းထွန်းဦးပြောသလိုပေါ့ ရင်ထဲမှာလှိုင်းတစ်ခုဖြစ်သွားတယ်...။

Anonymous said...

ကျွန်တော်က ငယ်သေးပါတယ် အကို့တို့တွေထက်စာရင် ဒီအကြောင်းတွေကိုလဲ ဘာမှမသိခဲ့ဘူး...........
ဒါပေမယ့် စာအရေးအသားကောင်းတာရယ်
စာသားတွေကခံစားချက်တွေပါလို့ .... ကိုထွန်းထွန်းဦးပြောသလိုပေါ့ ရင်ထဲမှာလှိုင်းတစ်ခုလှုပ်ခတ်သွားတယ်.............

Maung Pho Thar said...

သမိုင်းရဲ့..မမေ့ကောင်းတဲ့..မှတ်တမ်းလေးတစ်ခုပေါ့

Anonymous said...

ရင်ထဲမှာနင့်ကျန်ရစ်အောင်ခံစားသွားပါတယ်