တပေါင်းကျိန်စာ
အို..လူသတ်သမား
စိတ်ထားရိုးဖြူ တို့ ပြည်သူ၏
ရယူပိုင်သင့် လူ့ အခွင့်ကို
ကမ်းလင့်ပေးပါ ငြိမ်းချမ်းစွာဖြင့်
ဗလာလက်နက် တို့ ချီတက်စဉ်
ရက်စက်ရိုက်ချိုး ကန်ကျောက်ထိုး၍
တိုးဝှေ့ လွှားပြေး ကျောင်းသားသွေးဖြင့်
အင်းယားနီနီစွေးခဲ့သည်။
အို..လူသတ်သမား
တရားဂရု သင်မပြုဘဲ
ပြည်သူ့ ၏သား တို့ ကျောင်းသား၏
ပြည်သားတို့ တွက် တောင်းဆိုချက်ကို
လက်နက်ပိုင်သူ အနိုင်ယူဟု
လူသားပေါ်စ ကျောက်ခေတ်မှထုံး
နှလုံးသွင်းလျက် သင်ရက်စက်လည်း
လက်ချင်းယှက်သွယ် စိတ်ချင်းနွယ်လျက်
မကွယ်ရှေ့ တိုး တို့ အရိုးကို
ကျည်မိုးမဖေါက်နိုင်ခဲ့ပြီ။
အို..လူသတ်သမား
အခုများမှ ခြောက်ချားတုန်လှုပ်
စိတ်အယုတ်အား ဖုံးအုပ်ကွယ်ဝှက်
သွေးစွန်းလက်ကို မျက်နှာချိုဖြင့်
မူပိုကမ်းလင့် သင်လှမ်းဝံ့လည်း
တွေးချင့်ပြည်သား ဥပုသ်ကျားကို
အနားအကပ်မခံပြီ။
အို..လူသတ်သမား
သင်ကားမာယာ ကြွယ်ဝပါလည်း
ဘယ်မှာတရား ညာမှာဒါးဟု
စွဲထားမှတ်ယူ တို့ ပြည်သူသည်
ဆူသောနှလုံး နီမျက်လုံးဖြင့်
သိကုံးပတ်စီး စိတ်ပုတီးကို
သင့်ကြောင့်မြေမြုပ်ပြီးခဲ့ဘီ။
အို..လူသတ်သမား
သင်နားဆင်လော့ ခေတ်တကျော့ဝယ်
မလျော့စိတ်တည် ဒေါင်းသွေးနီတို့ 
ပီပြင်ကြည်မြ အောင်ပွဲရလိမ့်။
ဖိုးခအတွက် တို့ အသက်ကို
လက်မတွန့် ဘဲ တို့ ပေးရဲလည်း
ခွေးဆွဲသောကျား သေခဲ့ငြားသို့ 
တို့ ကားမျက်ရည်ဝေခဲ့ပြီ။
အို..လူသတ်သမား
ရက်ကားလငြောင်း နှစ်တို့ ပြောင်းလည်း
မဟောင်းပျက်ကျေ တပေါင်းရွက်ကြွေ
ဒေါင်းမျက်ရည်ကို သက်သေထူကာ
ကျိန်ဆိုပါ၏။
ယုတ်မာပက်စက် သင့်မျိုးဆက်သည်
ကွယ်ဝှက်မျက်နှာ ညှိုးငယ်စွာဖြင့်
သံသရာတလျောက် မြန်ပြည်ပျောက်ထိ
သမိုင်းတစ္ဆေ ခြောက်စေသော်။
(အာကာသြရ)
0 comments:
Post a Comment