ရေးသူ- (ကို)အောင်မိုးဝင်း
ယခင်အပိုင်း(၁၀)မှ အဆက် ….
“ပေးဆပ်ခဲ့သမျှ အတွက် ၊ မမေ့ကောင်းရာအဖြစ်၊
သစ္စာပန်းတစီး” ……..
ကိုမင်းကိုနိုင်
“သမိုင်းရဲ့ အမှန်တရား ဆုံးဖြတ်ချက်ကို ဘယ်အရာနဲ့မှ
ပြောင်းလဲလို့မရနိုင်ပါ”…
ကိုမြတ်စံ
ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသမှာ ကျဆုံးသွားတဲ့
ကျောင်းသားရဲဘော်တွေအတွက် ရန်ကုန်၊ မန္တလေးမြို့တွေမှာ
အခမ်းအနားလုပ်တဲ့အခါ ကိုမင်းကိုနိုင်နဲ့ ကျောင်သားတချို့ဟာ
အပြင်းအထန် နေမကောင်းတဲ့ ကြားကနေ အခမ်းအနားကို
တက်ခဲ့ကြတယ်၊ တိုင်းပြည်အတွက် အလုပ်များနေတဲ့ကြားကနေ၊
တခုတ်တရ တက်ရောက် ပြောဆိုဆွေးနွေးကြတယ် လို့ ဆိုတယ်။
သူတို့ရဲ့ စကားလုံးတွေကလည်း ရင်ကိုထိခပ် ခံစားစေခဲ့တယ်။
သမိုင်းရဲ့ အလင်းအမှောင်ကို နားလည်တန်ဘိုးထား သူတွေက၊
အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း သုံးသပ်ခံစားတယ်။
လူ့အဖွဲ့အစည်းမှာ တရားမျှတမှုတွေ၊ မေတ္တာတွေထွန်းကားဖို့
အတွက်၊ တည်ငြိမ်စွာဖြတ်သန်းကြတယ်။ ဆုံးရှုံးမှုနဲ့ ညီညွတ်မှု
တွေရဲ့ အပေးအယူကို နားလည်ကြတယ်။
မြောက်ပိုင်းအရိုးတွန်သံများရဲ့ အဆင့် (၃) ကို ဖြတ်ကြတဲ့အခါ၊
ကျနော်တို့ ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မျက်နှာဖုံးတွေ
ကွာကျလာမယ်။ စိတ်ဓါတ်အဆင့်အတန်းတူရာ စုကြမယ်။
နိုင်ငံရေးသုံးသပ်နိုင်စွမ်းရေချိန်အနှိမ့်အမြင့်ပေါ်မှာ မူတည်ပြီး၊
ယုတ်မာ ရိုင်းစိုင်းမှု့ကို မလိမ့်တပတ်ကာကွယ်ချင်သူတွေ၊
အရက်ပုန်းရောင်းသူဆီမှာ တောက်တိုမယ်ရ အသုံးခံရသူတွေရဲ့
သွေးရူးသွေးတန်းတွေ စကားသံတွေကိုလည်း ရံဖန်ရံခါကြား
နေရမယ်။ သူတို့ကိုတော့
“ကမ္ဘာပျက်နေတဲ့အချိန်မှာ ရွာက ဇာတ်မင်းသားဂိုက်နဲ့ စတီဒီယို
အဆိုတော် ဖြစ်ချင်သူတွေပါလား” လို့ နားလည်ပေးလိုက်
ပါတယ်။ တကယ်တော့ ဒီလိုလူတွေကို စဉ်းစားနေစရာ အကြောင်း
မရှိပါဘူး။ ရာဇဝတ်မှုရဲ့ အရိပ်တွေက နွယ်မြက်ရိုင်းတွေလို တရိပ်ရိပ်
တက် ချည်နှောင်နေတဲ့အချိန်မှာ ကြွင်းထဲက ကြွက်တွေဆိုတာ
အပေါ်ကို မော့ကြည့်ရင်း စုတ်တသတ်သတ် ကျန်ရစ်ခဲ့ကြရမှာပါ။
ခွေးအ နှစ်ကောင်ကို အမဲလိုက်ခြင်း
တခါတုံးက လူဆိုးလူမိုက်ဆန်ဆန်အုပ်စုဖွဲ့ပြီး သခင်အားရ ကျွန်ပါးဝ
လုပ်၊ သူများတွေကို ဆဲဆို ခြိမ်းခြောက်လေ့ရှိတဲ့ လူတယောက်ကို
မေးကြည့်မိဘူးတယ်။ ခြင်္သေ့ နဲ့ ခွေးအ ရဲ့ ကွာခြားမှုကို ရှင်းရှင်း
လင်းလင်း နားလည်လား ဆိုတဲ့မေးခွန်းပါ။ ခြင်္သေ့ဆိုတဲ့ ကောင်က
တကောင်တည်း အမဲလိုက်ဖို့ဝန်မလေးဘူး။ လတ်လတ်ဆတ်ဆတ်
အသားကို စားလေ့ရှိတယ်။ ခွေးအကတော့ အုပ်စုရှိမှ အမဲလိုက်ရဲလေ့
ရှိတယ်။ သူတို့ရဲ့ထောင်ချောက်ထဲကို ဝင်လာမှ ကိုက်သတ်ရဲတဲ့
သတ္တိရှိတယ်။ သူများတွေရဲ့ စားကြွင်းစားကျန်တွေကို ကိုက်ချီ
စားသောက်ဖို့ ဝန်မလေးသလို၊ ယုတ်မာ ကောက်ကျစ်တဲ့အကြံတွေ
ကျင့်သုံးဖို့လည်း ဝန်လေးသူတွေ မဟုတ်ဘူး။ အဖွဲ့အစည်း အသီးသီး
က လူတွေဟာ အမှန်တရားကို ရှာဖွေတဲ့အခါ၊ မိမိတို့အနေနဲ့
`ခွေးအတွေလား၊ ခြင်္သေ့လိုမျိုး သတ္တိရှိသူတွေ လား” ဆိုတဲ့
အချက်ကို ကိုယ့်ဘာသာ မေးခွန်းထုတ်ကြဖို့ လိုပါလိမ့်မယ်။
ဇော်ဇော်မင်း (မိုးညှင်း)နဲ့ သန်းဇော် (မန္တလေး) ဆိုတာ
ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဒေသဆီက အလင်းပြန်ဝင်
လာတဲ့ ရာဇဝတ်ကောင် နှစ်ယောက်ပါ။ ဖေဖေါ်ဝါရီ (၁၂) အာသံ
ကုန်းပေါ်က ခေါင်းဖြတ်သတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့
သူတွေဖြစ်တယ်။ ဖမ်းခံထားရတဲ့ ကျောင်းသားတွေကို ရက်ရက်
စက်စက် ညှင်းဆဲ နှိပ်စက်ခဲ့သူတွေဖြစ်တယ်။ ကျောင်းသားတွေကို
သတ်ဖြတ်၊ လက်နက်ကိုင်တော်လှန်ရေးကို ဦးကျိုးအောင်ခဲ့၊
ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ကို သမိုင်းရဲ့ အပုတ်နံ့တွေ
ထဲမှာ ပိုးစိုးပက်စက် ထားပစ်ခဲ့ပြီးတဲ့နောက်၊ သူတို့ဟာ တာဝန်
တခု ပြီးဆုံးသွားပြီလို့ ယူဆ ဟန်တူပါတယ်။ ဗမာပြည်ထဲကို
လက်နက်ချ အလင်းဝင်လာခဲ့ကြပါတယ်။ မြောက်ပိုင်းဒေသမှာ
ရန်သူ့ သူလျှို လို့ စွပ်စွဲခံရတဲ့သူတွေက စစ်အစိုးရရဲ့ အကျဉ်း
ထောင်တွေထဲမှာ ခါးသီးနာကျင်စွာ ရှင်သန်နေရချိန်မှာ၊ ရာဇဝတ်
ကောင် နှစ်ဦးဖြစ်တဲ့ ဇော်ဇော်မင်းနဲ့ သန်းဇော်တို့ကတော့၊
စစ်ထောက်လှမ်းရေးတွေနဲ့ စီးပွားရေးလုပ်အကာအကွယ်ယူပြီး
ဆောင့်ကြွား ဆောင့်ကြွား လျှောက်သွားနေခဲ့ကြပါတယ်။
ပြန်တွင်းကို ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားတွေက
“ခင်ဗျားတို့က ဘာတွေလဲ ကျနော်တို့ကိုကျတော့ ရန်သူ့
ထောက်လှမ်းရေးလို့ စွပ်စွဲ၊ နှိပ်စက် ညှင်းပမ်းခဲ့ပြီး အခုကျတော့
ခင်ဗျားတို့က စစ်ထောက်လှမ်းရေးတွေနဲ့ပေါင်း ဒီမိုကရေစီ
အင်အားစုတွေကို၊ ချေမှုန်းနေတယ်။ နှောက်ရှက်တားဆီး
နေတယ်” လို့ မျက်နှာချင်းဆိုင်သွားပြောပြီး စိန်ခေါ်ကြတဲ့အခါ၊
အဲ့ဒီ ရာဇဝတ်ကောင် နှစ်ကောင်က စစ်ထောက်လှမ်းရေးတွေဆီ
ပြေးကပ်ပြီး ကျောင်းသားတွေဟာ သူတို့ကို ရန်လုပ်နေတဲ့
အတွက် အကာအကွယ်ပေးပါ လို့ အကူအညီတောင်းခဲ့ကြပါတယ်။
စစ်ထောက်လှမ်းရေးတွေကလည်း သူတို့ရဲ့ လူနှစ်ယောက်ကို
အကာအကွယ်ပေးခဲ့ပါတယ်။ “ဇော်ဇော်မင်းနဲ့ သန်းဇော်ကို နှောက်ရှက်
တဲ့သူ ဘယ်သူမဆို၊ အဖမ်းခံရမယ်” အထိ ပေါ်ပေါ်တင်တင်
ခြိမ်းခြောက်ခဲ့ကြပါတယ်။
ကျောင်းသားတပ်မတော် မြောက်ပိုင်း မျက်နှာဖုံးစွပ်ထားခဲ့ပြီး၊
စစ်ထောက်လှမ်းရေးနဲ့ ပလူးပလဲလုပ်နေတဲ့ ဇော်ဇော်မင်းနဲ့
သန်းဇော် တို့ဟာ တောထဲမှာ သူတို့နှိပ်စက်သတ်ဖြတ်ခဲ့တဲ့
ကျောင်းသားတွေ၊ ဝိညာဉ်တွေအပေါ်မှာ၊ ယနေ့တိုင် မထေမဲ့မြင်
ပြုလုပ် စော်ကားနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပါဂျောင်ဒေသတုံး
ကလို ကျောင်းသားတွေကို နှိပ်စက်သတ်ဖြတ်ဖို့၊ သူတို့အတွက်
အခွင့်မသာတော့ဘူး ဆိုတာကိုလည်း နားလည်နေပုံရပါတယ်။
ဒီလို ခွေးအ နှစ်ကောင် ဟာ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်က
ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး အင်အားစုတွေကို
အုပ်စုဖွဲ့ အနိုင်ကျင့်ဖြိုခွဲခဲ့တဲ့ စွမ်းအားရှင်တွေနဲ့ အဆင့်အတန်း
အတူတူပဲဖြစ်တယ်။ စွမ်းအားရှင်တွ၊ ကြံ့ဖွံ့တွေ ဆိုတာ တယောက်
ချင်းစီ နေထိုင်နေတဲ့အခါ သိတ်ကြောက်တတ်ပါတယ်။ အုပ်စုရှိမှ၊
အကာအကွယ်ရှိမှ မိုက်ရိုင်းကြမ်းကြုတ်တဲ့အလုပ်ကို လုပ်ရဲခဲ့ကြတာ
ပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ စိတ်ရောဂါပညာရှင်တွေရဲ့အဆိုအရတော့
အကြမ်းဖက်မှုတွေကို မီးကုန်ယမ်းကုန် ကျူးလွန်ခဲ့မိသူတိုင်းမှာ
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှာ အကြီးမားဆုံး ချို့ယွင်း
ချက်၊ အားနည်းချက်တွေ အပြည့်ရှိကြတယ် လို့ဆိုတယ်။ အာသံ
တောင်ကုန်းရဲ့ လူမသိသူမသိ တောနက်နက်ထဲမှာ ကျောင်းသား
သွေးကို သောက်ခဲ့တဲ့ ခွေးအ နှစ်ကောင်ရဲ့ အားနည်းချက်ကို
စောင့်ကြည့်ကြရပါမယ်။ မန္တလေး၊ မိုးညှင်း၊ မိုးကောင်း ဘက်က
သတင်းမီဒီယာသမားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့
သူတို့ရဲ့ လက်ရှိပုံပန်းသဏ္ဍန်တွေ၊ လှုပ်ရှားမှုတွေကို အဆက်မပြတ်
မှတ်တမ်းတင်ထားပြီး၊ ဓါတ်ပုံတွေကို ပြည်သူလူထုကြားမှာ ဖြန့်ထား
ပေးသင့်ပါတယ်။ တချိန်ချိန်မှာ အသုံးဝင်လာမှာမို့ပါ။
၁၉၉၀ ဗကသများ ညီလာခံ
အမေရိကားမှာ ABSDF ခေါင်းဆောင်တယောက်နဲ့ ဆုံတွေ့တုံးက
“၁၉၉၀ မန္တလေးမှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂ ညီလာခံမှာ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကိုယ်စား
လှယ်တွေ လာရောက်တက်ခဲ့ကြတာ သိလား” လို့ မေးခဲ့မိတယ်။
သူက မြေပေါ်ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့ တော်တော် အလှမ်း
ဝေးပါတယ်။ “မသိဘူး” တဲ့။ ကျနော် စိတ်တော်တော်လေသွားတယ်။
တခါတလေ ဒီလူတွေ မြေပေါ်ကျောင်းသားလှုပ်ရှားမှု့ သမိုင်းကို
မသိပဲနဲ့ ခင်ဗျားတို့ ဘယ်လို တော်လှန်ရေးလုပ်လဲလို့ မေးကြည့်
ချင်တယ်။ ဘာမှလည်း ဇြစ်လာမှာမဟုတ်တော့ မမေးဖြစ်ခဲ့ပါဘူး။
တကယ်တော့ မစိုးရိမ်တိုက်ဟောင်းထဲမှာ ဗကသ ရဲဘော်တွေရဲ့
ဧည့်ဝတ်ကျေမှုကို မြိန်ရည်ရှက်ရည် စားခဲ့ကြတဲ့ မြောက်ပိုင်းဒေသ
မှ ကျောင်းသားတပ်မတော်ရဲဘော်တွေအနေနဲ့ မန္တလေး၊ ရန်ကုန်မှ
တောခိုလာတဲ့ကျောင်းသားတွေဟာ ရန်သူ့ သူလျှို မဟုတ်ဘူး
ဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါဖြင့် ဒီလို ရက်ရက်
စက်စက် နှိပ်စက် ညှင်းပမ်းမှုကြီးကို ငြိမ်သက်စွာ ထိုင်ကြည့်
နေခဲ့တာဟာ ဇော်ဇော်မင်း တို့နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့တာလား။
မတတ်သာလို့ ဝင်ရောက် မစွက်ဖက်ခဲ့တာလား။ ခွပ်ဒေါင်း အလံ
တော်အောက်မှာ ကိုယ့်ရဲဘော်ချင်း လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်
ခဲ့သူတွေက သူတို့ရဲ့ လိပ်ပြာတွေကို ဘယ်လိုသန့်စင်ကြမလဲ။
သစ္စာအဖောက်ခံလိုက်ရတဲ့ မြို့က လူတွေအတွက်တော့၊ အမှန်တရား
ပေါ်ပေါက်ရေးကလွဲလို့ မည်သည့်အဖွဲ့အစည်းကိုမှ ဂရုစိုက်နေမှာ
မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့
လိုကြပါလိမ့်မယ်။ ကျောင်းသားထု ညီညွတ်ရေး နဲ့ အဖွဲ့အစည်း
ခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာရှိမှု၊ မရှိမှု ဆိုတာ၊ အမှန်တရား
ပေါ်မှာ ဘယ်လောက် သတ္တိရှိရှိ ရပ်တည်တိုက်ပွဲဝင်သလဲ ဆိုတဲ့
အချက်ပေါ်မှာ အဓိက မူတည်ပါတယ်။ တရားမျှတမှုကို “ဘူး”ကွယ်
ငြင်းပယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ညီညွတ်စရာ
အကြောင်းတစက်မှ မရှိပါ။
သတင်းမီဒီယာခေတ်ကြီးမှာ၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေနဲ့
အကြမ်းဖက်နေတဲ့ ခေတ်ကြီးမှာ ---- အနှစ်မပါတဲ့ ဟန်ရေးပြမှုတွေကို
ကျော်လွန်ပြီး ၊ တယောက်နှလုံးသားကို တယောက် အကဲခပ်တတ်ဖို့
လိုပါလိမ့်မယ်။
မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲနဲ့
ပတ်သက်ပြီး၊ ကာယကံရှင်တွေရဲ့ ပြောဆိုသံတွေကို ဆက်လက်
နားစွင့်သွားပါမယ်။ ဘယ်သူ ဘာလဲ ဆိုတာရှင်းရှင်းလင်း သိရှိနားလည်
နေကြမှတော့၊ ကိုယ့်ရဲ့ နည်းဗျူဟာတွေကို စံနစ်တကျ တည်ဆောက်
ကြရပါလိမ့်မယ်။ တရားကို နတ်စောင့်ပါတယ်။ နစ်နာခံစားရသူတွေ
အားလုံးအတွက် တရားမျှတတဲ့ မနက်ခင်း မကြာခင် လင်းလက်တောက်ပ
နိုင်စေရပါမယ်။
-အောင်မိုးဝင်း
My Crush .....(2)
2 days ago
5 comments:
တော်လှန်ေ၇းအတွက်တောထဲကိုထွက်လာပြီးမှ ထောက်လှမ်းရေး မဟုတ်ပါပဲနဲ့ အဓမ္မစွပ်စွဲပြီးတော့ ရက်ရက်စက်စက်အသတ်ခံ၇တဲ့ သူတွေအတွက် အသတ်ခံရကာနီးမှာကြောက်ရွံ့မှုထက် သူတို့ရင်ထဲက စိတ်မကောင်းမှု၊ ၀မ်းနည်းမှုတွေကို ခံစားမိတယ်ဗျာ
ကိုအောင်ရေ တဂ်ပို့စ်လေးတဂ်ထားပါတယ်ခင်ဗျ ဖြေပေးပါဦးနော်း)
http://www.thettantcho.com/2012/02/blog-post_29.html
လေးစားခင်မင်စွာဖြင့်
သက်တန့်ချို
တရားမျှတ တဲ့မနက်ခင်းလေး လင်းလက်လာဖို့ မျှော်လင့်မိပါတယ် အစ်ကို..
ကိုအောင်မိုးဝင်းရေ
အခန်းတိုင်းကို ဖတ်တိုင်းစိတ်မကောင်းဖြစ်ရ တယ် ဆိုတာထက် ရင့်နင့်ရတယ်ဆိုရင်ပိုမှန်မလားဘဲ
ဖြစ်နိုင်ပါကအစအဆုံး pdf နဲ့လုပ်ပေးပါ
မြိုပေါ်ရောက်နေတဲ့ခွေးအတွေရဲပုံကိုလဲတင်ပေးပါခင်ဗျား
ကျေးဇူးတင်ပါတယ်
Post a Comment