Wednesday, 25 January 2012

မြောက်ပိုင်းဒေသ အရိုးတွန်သံများကြောင့် နိုးထလာသော နှလုံးသားပုံရိပ် တစ်ခု

(၁)

ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင်ဖတ်ရသည့် အဆိုပါအကြောင်းအရာ
များကို လွန်ခဲ့သည့် အနှစ် ၂၀ ခန့်ကတည်းက ကျမသိရှိခဲ့ပြီးဖြစ်
ပါတယ်။ လူစာရင်းအတိအကျကိုတော့ ဒီဆောင်းပါးဖတ်မှ သိရပါ
တယ်။ ဒီဆောင်းပါးမှာပါတဲ့အတိုင်းပါပဲ အခုအချိန်မှ ဖွင့်ပြောခဲ့ကြ
ရတာကတော့ အချိန်မကျသေးတာရယ်၊ ကျောင်းသားအချင်းချင်း
ဖြစ်ပျက်ခဲ့တာကို လက်ရှိ စစ်အစိုးရသိရှိခဲ့ရင် လက်ညှိုးထိုး ပြောစရာ
ဖြစ်လာမှာရယ်ကို မလိုလားတာရယ် စတာတွေကြောင့်ပါ။



ကျမလို ကာယကံရှင်တစ်ယောက်မဟုတ်တဲ့သူအနေနဲ့ ပြောရရင်
အစွပ်စွဲအနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ကျောင်းသားစိတ်
အပြည့်ရှိပြီး မိမိတို့ အသက်အန္တရာယ် ထိခိုက်သည်အထိ ကြုံခဲ့ရ
ပေမဲ့ အဖွဲ့အစည်းဂုဏ်သိက္ခာအတွက် ရေငုံနေခဲ့ကြပါတယ်။
ကျောင်းသားသိက္ခာ ထိန်းခဲ့ကြတာပါ။ ဒါပေမယ့် ဒီမိုကရေစီဖော်ဆောင်
နိုင်တဲ့တစ်နေ့၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့ တစ်နေ့ကျရင်
ဒီကိစ္စတွေ၊ ဒီလူတွေဟာ စစ်အစိုးရကလွှတ်လိုက်တဲ့ စစ်ထောက်လှမ်း
ရေးတွေ မဟုတ်ဘူးဆိုတာရယ်၊ မတရားညှင်းဆဲသတ်ဖြတ်ခဲ့တယ်
ဆိုတာတွေရယ်ကို ဖော်ထုတ်ကျမယ်လို့ ရည်ရွယ်ထားပီးသားဆိုတာ
အဲဒီအနှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ကျမ သိရှိပြီးသားပါ။ ဒီတော့
ကျမအနေနဲ့ သိပြီးသားတွေ မထူးဘဲနဲ့ဘာလို့ရေးလာသလဲလို့ဆို
တာ ပြောရပါမယ်။ ဒီအကြောင်းအရာတွေ ဖတ်လိုက်ရတဲ့အခါ အစွပ်စွဲ
ခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကျောင်းသားမိဘ၊
ညီအစ်ကိုမောင်နှမတစ်တွေ ရင်ထဲကို ကိုယ်ချင်းစာစိတ်နဲ့ ခံစားမိရ
ပါတယ်။ ကိုယ့်ရဲ့သွေးသားကို နှိပ်စက်တာတွေကို ရင်နှင့်အမျှ၊ ကာယ
ကံရှင်ခံစားရသည့်နည်းတူ ရင်ပွင့်မတတ် ခံစားခဲ့ရတာတွေက အသစ်
တစ်ဖန်ခံစားလာရပြန်ပါတယ်။ အဲဒီအခါမှာ ကျမအမေလို ရင်းနှီးခင်မင်
ချစ်ခင်လေးစားခဲ့ရတဲ့ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ရဲ့ လွန်ခဲ့
တဲ့ အနှစ် ၂၀ က ပေါက်ကွဲလုမတတ် ခံစားခဲ့ရတဲ့ နှလုံးသားပုံရိပ်ကို
ပြန်ပြီး မြင်ယောင်လာခဲ့ပါတယ်။

(၂)

ဆရာမကြီးဆိုပေမယ့် ကျမတို့ငယ်စဉ်က မူလန်းပြဆရာမအဖြစ်
ဆုံခဲ့ရပါတယ်။ ကျမလေးတန်းမှာ ကျမရဲ့ အတန်းပိုင်ဖြစ်ခဲ့ပြီး၊ ကျမ
မိဘများနဲ့ ဆရာမကြီးခင်ပွန်းက ဌာနတစ်ခုမှာ အတူတာဝန်
ထမ်းဆောင်တဲ့အတွက် ခင်မင်ရင်းနှီးကြပါတယ်။ လေးတန်းမှာ
အတန်းပိုင်ဆရာမဖြစ်ခဲ့တဲ့အတွက် ဆရာမလို့ ခေါ်တာနှုတ်ကျိုး
နေပေမယ့် ကျမနဲ့ သားသမီးဖွယ် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီး
ခဲ့ပါတယ်။ နောက်ဆုံး ကျမ ကျောင်းဆရာမ လုပ်နေတဲ့အထိ ဆရာမ
ဟာ နှစ်ပေါင်းများစွာ ဆရာမကြီးဘဝနဲ့ အငြိမ်းစားယူသည်အထိ နှစ်
၄၀ ဝန်ထမ်းဘဝ တာဝန်ထမ်းခဲ့သူပါ။ စာအသင်အပြအလွန်ကောင်း
ပြီး၊ ကျောင်းသားများ ချစ်ကြောက် ရိုသေယုံမက မိဘများကပါ
လေးစားကြပါတယ်။ ဆရာမ စာသင်သံကြားရတဲ့ ရပ်ကွက်ထဲက
မိဘတချို့က သူ့ကလေးတွေစာကျက်ရင် “ဒါကဒီလိုပါ“ ဟု ပြန်ရှင်း
ပြတတ်ရာ၊ ကလေးတွေက “အမေတို့တောင် စာတွေရနေပါလား”
လို့ ပြန်ပြောမိကြပါတယ်။ ကလေးမိဘတွေကလည်း “ အေး မင်းတို့
ကံကောင်းတယ် ဒီလို ရှင်းကနဲ နားထဲဝင်အောင် သင်နိုင်တဲ့
ဆရာမမျိုးနဲ့ တို့တွေ့ခဲ့လို့ကတော့ ခုလို ကျောင်းတဝက်တပျက်နဲ့
ထွက်ခဲ့မှာမဟုတ်ဘူး” “မင်းတို့သေချာသင်ယူကြ” လို့ ပြောယူကြ
ရပါတယ်။

ဆရာ ဆရာမ အချင်းချင်းမှာတင် လူမှုရေး စီးပွားရေး၊ ကုန်ကုန်
ပြောရရင် ဆရာမပေါက်စလေးတွေရဲ့ အချစ်ရေးကအစ ဆရာမကိုပဲ
တိုင်ပင်ကြတာတွေ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး အင်မတန်
ကောင်းပြီး စိတ်နှလုံးအင်မတန်နူးညံ့ပါတယ်။ ဆရာမရော၊ ဆရာမ
ခင်ပွန်းပါ ရုပ်ရည်ချောမောကြပါတယ်။ ဆရာမဟာ ရုပ်ရည်ချောမော၊
ကျက်သရေရှိပြီး မျက်နှာအမူအယာအေးချမ်းတည်ကြည်သလောက်
ဆရာမဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်၊ လောကဓံရဲ့ ရိုက်ပုတ်
တဲ့ဒဏ်ကို ဘဝတလျှောက်လုံး ခါးစီးခံခဲ့ရပါတယ်။ ဒါပေမယ့် နင်လား
ဟဲ့ လောကဓံလို့တောင် ကြုံးဝါးမနေဘဲ အဲဒီလောကဒဏ်နဲ့ အတူ
လမ်းလျှေက်ရင်း ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ကျမဟာလည်း ဆရာမရဲ့
သမီးတစ်ယောက်သဖွယ်ချစ်ခင်ခဲ့ရသူဖြစ်တဲ့အတွက် ဆရာမ
လောကဒဏ်နဲ့အတူ လမ်းလျှေက်ချိန်မှာ၊ တခါတရံ အဖော်အဖြစ်
ပါခဲ့ပြီး အတူလျှောက်ဖြစ်ခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း
မေ့မရနိုင်တဲ့ နှလုံးသားပုံရိပ်တွေကို တထပ်ထဲ သိရှိခဲ့ရခြင်းပါ။

ဆရာမဟာ ဆီစက်ပိုင်ရှင် စက်သူဌေးသမီးဘဝကနေ ရုန်းကန်
လှုပ်ရှား စိုးရိမ်မကင်းစွာ ရပ်တည်နေရမယ့်ဘဝကို သူ့ဘာသာ
ရွေးချယ်ခဲ့တာပါ။ ၁၉၆၂ခုနှစ် ကျောင်းသားအရေးအခင်းကြောင့်
ဆရာမတို့ရွာကို တက္ကသိုလ်ကျောင်းသားတယောက် တိမ်းရှောင်
လာရာက ဆရာမဘဝပြောင်းလဲခဲ့ပါတယ်။ အဲဒီကျောင်းသားဟာ
အခုလက်ရှိ ဆရာမရဲ့ခင်ပွန်းပါပဲ။ ဆရာမက အဲဒီအချိန်က
High School Final အောင်ထားပါတယ်၊ နိုင်ငံရေးသမားကို
ယူရင် စိတ်ရှုပ်စရာတွေ ၊စိတ်ပင်ပန်းစရာတွေ ကြုံရလိမ့်မယ်လို့
ပြောကြဆိုကြပေမယ့် အသက် ၁၈ နှစ်မှာပဲ အိမ်ထောင်ပြုခဲ့ပါတယ်။
အဲဒီနောက်ရန်ကုန်မှာ အခြေချနေပြီး အသက် ၁၉ နှစ်၊ သား
တစ်ယောက် မွေးအပြီးမှာ မူလတန်းဆရာမ စလုပ်ပါတယ်။
အဲဒီအချိန်မှာ နယ်က ဆရာမရဲ့ဖခင် ရုတ်တရက်ဆုံးခြင်း၊
ဆီစက်ကို ပြည်သူပိုင်သိမ်းခြင်း၊ အိမ်မီးလောင်ခြင်း စတာတွေ
ဆက်တိုက်ကြုံခဲ့ရပါတယ်၊ ဒါတွေဟာ လူတိုင်းကြုံရတတ်တဲ့
လောကဓမ္မတာပဲလို့ ဖြေသိမ့်နိုင်ခဲ့တဲ့ ဆရာမဟာ သူ့ဘဝမှာ
ဘယ်လိုမှ မေ့မရနိုင်မယ့် အဖြစ်အပျက်တွေ ရှိလာလိမ့်မယ်လို့
မထင်ခဲ့ပါဘူးတဲ့။

(၃)

ဆရာမရဲ့သားအကြီးဆုံးက ကျမနဲ့အသက်အရွယ် အတန်းအတူတူ
ပါ။ ဒုတိယသမီး သမီးကြီးကတော့ ကျမထက် ငယ်ပါတယ်။ အဲဒီ
သမီးကြီးဟာ အဖေတူသမီးပါ၊ ဒါကြောင့် အဖေဖြစ်သူက တော်တော်
ချစ်ပါတယ်၊ အဖေချစ်သမီးပီပီ အမေကို အဖေလောက်တော်တယ်လို့
ဘယ်တော့မှ မမြင်ပါ။ ဒါကြောင့်လည်း ကျမနှင့်ဆရာမ ဒီလောက်နီးနီး
စပ်စပ် တွယ်တာမိတာ ဖြစ်နိုင်ပါသည်။ နောက်တခုက ဆရာမက
နိုင်ငံရေးအကြောင်းမပြော၊ နိုင်ငံရေးအကြောင်းလည်းမဖတ်။ ကျောင်းစာ
သာ သင်ပါတယ်။ စာသင်သည်သာ သူ့အလုပ်။ ဆရာမရဲ့ သမီးကြီးက
စာအုပ်တွေ စဖတ်ကတည်းက နိုင်ငံရေးစာအုပ်တွေကို ဖတ်ပါတယ်။
သူ့အဖေက လေ့ကျင့်ပေးထားခြင်းပင်။

၁၉၈၈ခုနှစ် ၊ မတ်လ ၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်
ကျဆုံးပြီးနောက် တက္ကသိုလ်ဝန်းကျင်က မငြိမ်သက်နိုင်တော့။ လှုပ်လှုပ်
ရှားရှားဖြစ်နေပါတယ်။ ဇွန်လမှာ ရန်ကုန် တက္ကသိုလ် အရေးအခင်း
စပါတယ်။ ဆရာမက သူ့သမီးကြီးကို ပူပန်ပါတယ်။ အဲဒီ သမီးကြီးအောက်
မှာ သားအငယ်က ဖြူဖြူနွဲ့နွဲ့ အသားဖြူဖြူအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး၊
မျက်ခုံးကောင်းကောင်းနဲ့ လူချောတစ်ယောက်၊ သူက ဒုတိယနှစ်
သင်္ချာအထူးပြုဖြင့် (လုပ်သားကောလိပ်) တက်ရောက်နေသူပါ။
ဒုတိယနှစ်ရောက်တော့ သူ့ဖခင်၏ရုံးမှာ အလုပ်ရလို့ လုပ်သား
ကောလိပ် ပြောင်းတက်ခဲ့တာပါ။ ဆရာမက စိတ်ပူလို့ ”မင်းအစ်မ က
ကျောင်းမှာစာမသင်တော့ဘူးဆိုလည်း မသွားနဲ့တော့ ပြောတာမရဘူး၊
ဘာကြောင့်သွားနေမှန်း မသိဘူး” ဟု ပြောရာ၊ အဲဒီသားအငယ်က
“ကျောင်းသားတွေ ဟောတာပြောတာ သိပ်ကောင်းတယ်၊ အဲဒါသွားပြီး
နားထောင်နေတာနေမှာပေါ့။ ဒီနေ့ခေတ် ဖြစ်ပျက်နေတာတွေ အမှန်အတိုင်း
ပြောရဲတာ၊ သိပ်ကောင်းတာပဲ၊ မဆလ အစိုးရတော့ ဒီတချီ သေဖို့သာပြင်၊
ကျောင်းသားတွေက နောက်မဆုတ်တော့ဘူး၊ ကျောင်းသားတွေ
သွေးမြေကျခဲ့ရတာတွေအတွက် ပေးဆပ်ရလိမ့်မယ်၊ ဒီအစိုးရကို
အပြုတ်တိုက်ဖို့ စီစဉ်နေကြပြီ” လို့ ပြောပါတယ်။

အဲဒီလို သားငယ်က ပြောတာကို အမှတ်တမဲ့သာနေခဲ့ပြီး၊ သမီးကြီး
ကို စိတ်ပူပြီး အာရုံစိုက် နေလို့ သားအငယ်ကို မေ့လျော့နေခဲ့ပါတယ်။
အဲဒီ သားအငယ်က အဲဒီအချိန် အသက် ၂၀ အရွယ်ပါ။ အဲဒီအရွယ်
ကစပြီး သူ့ဘဝတစ်ခုလုံး နိုင်ငံရေးနယ်ထဲ ကျောင်းသားတော်လှန်ရေး
နယ်ထဲ ရောက်သွားလိမ့်မယ်လို့ သူ့အမေက မထင်ခဲ့ပါ။ အဲဒီအချိန်မှာ
အစိုးရက တိုင်းပြည်အခြေအနေကို ရိပ်မိ၍ပဲလား အစိုးရဝန်ထမ်း
တွေကို စည်းရုံးတာပဲလားမသိ ဝန်ထမ်းဆန် တစ်ယောက် ၃ လစာ
ထုတ်ပေးခဲ့ပါတယ်။ ဆရာမ သားအငယ်က အဖေ၊ အမေ၊ သူ့ကိုယ်တာ
များကို ကားတစ်စီးဖြင့် ထုတ်၊ အိမ်သို့ပို့ခဲ့ပြီး အိမ်ကနေ ပျောက်ချင်း
မလှပျောက်သွားပါတယ်။ ဆရာမ အချစ်ဆုံးသားအတွက် ဆရာမ
ခံစားရလေပြီပေါ့..။

သမီးကြီးက ပြောတယ်တဲ့၊ သားငယ်က ကျောင်းမှာ တရားတက်ဟော
တယ်၊ မျက်နှာစည်းရန် ပုဝါတောင်လို့တောင် ပေးလိုက်ရသေးတယ်တဲ့။
ဆန်တွေ လာပို့တော့ “ အစ်မ ဒီဆန်တွေ တို့မိသားစု ၃ လ စားလို့
လောက်ရဲ့လား” လို့ မေးသွားတယ်။ “ငါမရှိရင် အဖေနဲ့အမေကို
ဂရုစိုက်ပါ” လို့ပြောသွားတယ်။ “သူကတော့ တိုင်းပြည်အတွက် လုပ်စရာ
တွေရှိလို့ သွားပီ” လို့ ပြောသွားတယ် ဆိုပြီး သမီးကြီးက ပြန်ပြောတော့
ဆရာမလည်း ဘာမှမပြောသာတော့ပါ။
သမီးကြီးကဆက်ပြောသေးသည်တဲ့
“မေမေစိတ်မပူနဲ့၊ မေမေ့သားတစ်ယောက်ထဲ မဟုတ်ဘူး၊ ဘယ်သွား
တယ်၊ ဘာလုပ်တယ်ဆိုတာ ပြောလို့မရပေမယ့် သူတို့ကျောင်းသား
လှုပ်ရှားမှုတွေ ဆက်လုပ်ဘို့ သွားကြတာပါ။ မေမေ့သားအတွက် အစစ
အဆင်ပြေအောင်သာ ဆုတောင်းပေးပါ။ မေမေ ခွဲရတယ်ဆိုတာ
သေသွားတဲ့ ကျောင်းသားတွေရဲ့ မိဘတွေလောက် မဆိုးပါဘူး” တဲ့

(၄)

၈-၈-၈၈ တွင် ကျောင်းသားများဦးဆောင်သော ရှစ်လေးလုံးအရေး
တ်ာပုံကြီးစတင်ပါတော့တယ်။ ပြည်သူတစ်ရပ်လုံး အုံးအုံးကြွက်ကြွက်
တောင်းဆိုသံများကြောင့် မဆလ အစိုးရပြုတ်ကျခဲ့ပါတယ်။ ဆရာမရဲ့
သမီးကြီးနဲ့တကွ ဆရာမခင်ပွန်းပါ သားပျောက်၊ မောင်ပျောက် ရှာကြ
ပါတယ်။ တရားဟောတဲ့နေရာမှာလည်း စောင့်ကြည့်၊ ချီတက်ရင်းနဲ့
လည်း ရှာကြပါတယ်။ သမီးကြီးက ကျောင်းသားသမဂ္ဂအဖွဲ့မှတဆင့်
စုံစမ်းပါတယ်။ အချို့ကျောင်းသားတွေက ဇွန်အရေးအခင်းပြီးကတည်း
က ရှစ်လေးလုံးအရေးတော်ပုံအတွက် တစ်နိုင်ငံလုံးအနှံ့ တာဝန်ကျရာ
နယ်တွေကို ရောက်နေကြောင်းတော့ သိရပါတယ်။ ကနဦးအစ ပစ်ခတ်
မှုများရှိရာ အသက်ရှင်ရက်ရှိပါ့မလား သံသယဝင်လာပါတယ်။
ဒီသံသယကို ဆရာမက မိခင်တို့ သိစိတ်နဲ့ ချေဖျက်နိုင်ပါတယ်။
ကိုယ့်သွေးသားဖြင့် ဖြစ်တည်ပြီး မိမိဝမ်းကြာတိုက်မှာ ကိုးလလွယ်
ဆယ်လဖွားခဲ့ရတဲ့ သားကို မသေသေးပါ၊ အလိုလိုသိပါတယ်တဲ့၊
တွေ့အောင်ရှာကြပါပြောရင်း အိပ်ယာထဲ လဲပါတော့တယ်။
သမီးကြီးက သမဂ္ဂရှိရာ ရန်ကုန်ဆေးရုံကြီးကို သူတို့နေထိုင်ရာ
မြို့စွန်ကနေ နေ့တိုင်း လမ်းလျှေက်သွားပါတယ်။ သူ့အလုပ်
သူလုပ်ရင်း မောင်ကို စုံစမ်းပါတယ်။ သူလည်းစိတ်ပူနေပြီ၊ တစ်နေ့
ပြန်လာမယ် ပြောသွားတာ ဒီအချိန်ပြန်လာရမှာပေါ့ဟု ဆိုကာ
မျှော်ရချေပြီ။ ကျမက ဆရာမကို စောင့်ရှောက်ပေးရင်း သားသမီးအပူ
များကို မျှဝေခံစားခဲ့ရပါတယ်။ စက်တင်ဘာ ၁၈ ရက်တွင်တော့ စစ်တပ်
မှ အာဏာသိမ်းပါတယ်။ ကျောင်းသားတွေ အလုပ်သမားတွေ ပြည်သူ
တွေ တောခိုကြလေပြီ။ ဆရာမက သားအငယ်အတွက် ပူပင်သောကများ
မငြိမ်းနိုင်တဲ့အတွက် ကျန်သမီးများအား အတင်းအကြပ် တားမြစ်ပါ
တယ်။ ဆရာမလည်း အိပ်ယာတွင် ဘုံးဘုံးလဲကာ လူထူမှသာ ထနိုင်
ခဲ့ပါတော့တယ်၊ မျှော်လင့်ချက်တွေ ပြိုလဲလုဖြစ်နေပါတော့တယ်။
လုံးဝ မထင်တားအချိန်မှာမှ အမျိုးသမီးတစ်ယောက် ရောက်လာပါ
တယ်။ သားငယ်ဟာ သန်လျှင်က သူငယ်ချင်းအိမ်ကို ရောက်နေတဲ့
အကြောင်းနဲ့ သူဟာ သူငယ်ချင်းရဲ့ အမေ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊
ခုလိုအချိန်မှာ သားကို လက်ခံမထားရဲတဲ့အတွက် လာခေါ်ဖို့ ပြောလာ
ပါတယ်။

ဆရာမဟာ သားအသက်ရှင်ရက်ရှိနေတာကို ဝမ်းသာအားရဖြစ်သွားပြီး
ထထိုင်ပါတယ်။ လမ်းတော့မလျှောက်နိုင်ပါဘူး။ ဆရာမခင်ပွန်းကတော့
အိမ်ရောက်ရင် ဖမ်းခံရမှာပေါ့၊ ဘယ်လိုလုပ်ကြမလဲ စဉ်းစားနေတုန်းမှာ
ပဲ၊ သမီးကြီးက “သူလိုက်သွားမယ် ၊ သူကြည့်စီစဉ်ခဲ့မယ်၊ မေမေ
နေကောင်းအောင်နေပါ၊ ဖေဖေက ဝန်ထမ်းဖြစ်တဲ့အတွက် ဖေဖေက
ဆက်သွယ်တယ်ဆို မကောင်းပါဘူး“ ဆိုကာ တခါမှ မမြင်ဘူးသည့်
အမျိုးသမီးကြီးတစ်ယောက်နောက်ကို လိုက်သွားလေရာ၊ ဆရာမမှာ
ဝမ်းသာစရာနှင့်အတူ စိတ်ပူပင်စွာ ကျန်ရစ်ခဲ့ပါတယ်။ သားငယ်က
အရေးအခင်းကာလမှာ မြိတ်ကိုရောက်နေပြီး အဲဒီမှာ ကျောင်းသား
အရေးတော်ပုံကို စတင်နိုင်ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ရန်ကုန်
မှာရှိတဲ့ ကျောင်းသားတွေ နယ်စပ်ကို ရှောင်တိမ်းကြတော့ အရေးအခင်း
မတိုင်ခင်ထွက်သွားတဲ့ သူတို့က ပြန်ဝင်လာကြတာပါ။ ဒါပေမယ့်
ပေါ်ပေါ်တင်တင် နေတာမဟုတ်ပဲ လုံခြုံတဲ့နေရာမှာပုန်းနေကြတာပါ။

သန်လျှင်ကို ကျောင်းသားတချို့နဲ့တွေ့ဘို့အလာ၊ သူငယ်ချင်းဖြစ်သူ
အိမ်ကို ဝင်တာဖြစ်ပါတယ်။ အိမ်ကိုပြန်မလိုက်နိုင်ပါ၊ ကျောင်းသားအရေး
ကိစ္စများ လုပ်စရာများစွာ ရှိနေသေးတဲ့အတွက် သူ့ကို မေ့ထားလိုက်ပါ၊
ဘာအကြောင်းမှ မကြားရရင် အသက်ရှင်ရက်ရှိနေသေးတယ်မှတ်ပါ
လို့ ပြောပါတယ်တဲ့။ သမီးကြီးက” အမေက တခါလောက်တော့ တွေ့ချင်
ရှာမယ်၊ ဘာမပြောညာမပြော ရုတ်တရက်ပျောက်သွားလို့ ခံစားနေရတာ
ဖြစ်မယ်။ ဒီတကြိမ်တော့တွေ့လိုက်ပါ၊ အတင်းပြန်လဲ မခေါ်ပါဘူး၊
လုပ်စရာရှိတာဆက်လုပ်ပါ၊ တွေ့လိုက်ပါလို့” ပြောတဲ့ အချိန်မှာ ရန်ကုန်ဘက်
က ညောင်တမ်းဆိပ်ကမ်းကို ရောက်မှ တွေ့မယ်လို့ အဖြေရပါတယ်။

ဒါပေမယ့် ညမထွက်ရအမိန့်ကရှိနေတော့ အချိန်က နာရီဝက်ပဲ ရပါ
တော့တယ်။ သမီးကြီးစီစဉ်ပေးလိုက်တဲ့ အိမ်ကို သားငယ်က သွားနှင့်ပြီး
ဆရာမနဲ့ အန်ကယ် (ဆရာမ အမျိုးသား) တို့ကို သမီးကြီးက အပြေး
အလွှား လာပြန်ခေါ်ပါတယ်၊ အံ့သြစရာပါပဲ ၊ သမီးကြီးက “ မေမေ
ဒီတခါမှမတွေ့ရရင် တွေ့ဖို့ မလွယ်ဘူး။ သူလုပ်စရာတွေ ဆက်လုပ်မှာ
မို့ ၊ မေမေအားတင်းပြီး လိုက်လာပါ´လို့ပြောတယ်ဆို ဆရာမဟာ
အနွေးထည်လေး ထပ်ဝတ်ပြီး လမ်းထလျှောက်ပါတယ်။ ကျမက ကျန်တဲ့
ဆရာမသမီးအငယ်တွေနဲ့အတူ အိမ်စောင့်ကျန်ခဲ့ရပါတယ်။ ညမထွက်ရ
အမိန့်ကြောင့် ဘယ်လိုမှ ပြန်မလာနိုင်ဘူးဆိုတာသိလို့ပါ။

(၅)

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း
ဥပဒေကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေကို ပြဌာန်း
ပါတယ်။ နိုင်ငံရေးပါတီစာရင်းတွေကို သတင်းစာမှာထုန်ပြန်တဲ့အခါ
“ဗမာ့မျိုးချစ် လူငယ်အစည်းအရုံး” ဆိုတဲ့ ကျောင်းသားပါတီတစ်ခုမှာ
သားငယ်နာမည်ကို တွေ့လိုက်ရပါတယ်။ မြေပေါ်မှာရှိနေတယ်ဆိုတာ
သိထားလို့လည်း သူလို့ထင်တာပါ။

နောက်တော့ အဲဒီပါတီရဲ့ ဥက္ကဌဖြစ်သူက စိတ်အေးအေးနေဘို့
ဆရာမကို ကိုယ်တိုင်ပဲ အိမ်ကိုလာပြောပါတယ်။ နောက်ပိုင်းမှာ
ဆရာမက ဘယ်လိုနေကြသလဲ၊ စားစရာရှိကြရဲ့လား သိချင်လာ
ပါတယ်။ အဲဒီတုန်းက ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရမယ်ဆိုပြီး
လက်မှတ်ထိုးထားရတဲ့အတွက် ထုံးစံအတိုင်း သမီးကြီးကို ပါတီ
လိပ်စာအတိုင်း သွားခိုင်းပါတယ်။ စားစရာတွေ အပို့ခိုင်းပါတယ်၊
ဆန်ုပြုတ်သောက်လိုက်၊ မရှိရှိတာ စားပြီး နေနေတာသိရတော့
ပို့ပေးနေရင်းက နောက်ဆုံး ဆရာမကိုယ်တိုင် သွားကြည့်ပါတယ်။
သားငယ်က “အမေမလာပါနဲ့၊ ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့
ထောင်တာမဟုတ်ဘူး၊ ကျောင်းသားအရေးကိစ္စတွေ လုပ်လို့ရအောင်
မှတ်ပုံတင်ထားတာ၊ ထောက်လှမ်းရေးက ရိပ်မိရင်လည်း ရိပ်မိ
နေလောက်ပြီ၊ အမေ ဒုက္ခရောက်မယ် လို့ တားပါတယ်”
နောက်ဆုံးမတော့ ဆရာမက ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်
တနေရာရောက်ပြီဆို ဘယ်မှာရှိနေတယ်ဆိုတာ သိရရင်ကျေနပ်ပြီ၊
သားတို့ ကျောင်းသားတွေကို မေမေ အမြဲမေတ္တာပို့နေတယ်၊ ဘယ်မှာ
ရှိတယ်ဆိုတာသာပြောသွားပါ” လို့ မှာပါတယ်၊ ဆရာမရဲ့ မသိစိတ်
ထဲမှာ နိုင်ငံရေးအခြေအနေတွေကြောင့် တစ်နေ့ သူ့သားသွားရမယ်
ဆိုတာ သိနေပါတယ်။

တကယ်တန်းကျတော့ သော့ခပ်ထားတဲ့ ပါတီရုံးခန်းသာကျန်ခဲ့ပီး၊
မြေလျှိုးသွားကြပါတယ်။ အခြေခံပညာကျောင်းသားသမဂ္ဂက
ကျောင်းသားတွေပါ ပါသွားကြပါတယ်။ အငယ်ဆုံးကျောင်းသားက
၁၆ နှစ် ၁၇ နှစ် အရွယ်တွေပါ။ ဆရာမက အင်မတန်ရိုးတဲ့အတွက်
ကျောင်းသားတပ်မတော် မြောက်ပိုင်းဆိုတာတောင်မသိပါဘူး။
နောက်ပိုင်း မိဘအချင်းချင်းမေးရာက ABSDF(NB) ကိုရောက်
သွားမှန်း သိရပါတယ်၊ ဆရာမလည်း AB မြောက်ပိုင်း၊ တောင်ပိုင်း
က ကျောင်းသားတွေကို ဘုရားရှစ်ခိုးတိုင်း မေတ္တာပို့ပါတယ်၊
တော်ရုံပို့တာမဟုတ်ပါဘူး၊ အရှည်ကြီးကို ရွတ်ပြီးပို့ပါတယ်။
ဆရာမရဲ့ မေတ္တာပို့မှာ ဒီမိုကရေစီလည်း ပါပါတယ်၊ ဒီမိုကရေစီရမှ
ကျောင်းသားတွေ ပြန်လာကြမှာကိုး။

၁၉၉၂ ခုနှစ်ခန့်က စစ်အစိုးရက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု
ကို ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရပါတယ်။ ကျောင်းသားတပ်မတော်
(မြောက်ပိုင်း)မှာ ကျောင်းသားအချင်းချင်း စစ်ထောက်လှမ်းရေးလို့
စွပ်စွဲပီး သတ်ဖြတ်နေကြတာတွေကို ထွက်ပြေးလွတ်မြောက်လာတဲ့
သူတွေက ဒဏ်ရာတွေ ပြပြီးရှင်းကြပါတယ်။ ကျမမှတ်မိသလောက်
ပြောရရင် အူတွေတောင်ထွက်ကျလာလို့ ပြန်ထည့်ပြီး အစိမ်းချုပ်ချုပ်
တာလဲပါရဲ့။ ကျမတို့တစ်အိမ်လုံး အစိုးရကို ဆဲကြပါတယ်။ ကျောင်းသား
တွေကို သက်သက်သိက္ခာချတယ်ဆိုကာ လုံးဝမယုံခဲ့ပါ။ သားငယ်
မြောက်ပိုင်းမှာရှိတယ်ဆိုတာ သိထားတဲ့ ကျမဟာ ဆရာမကို အဲဒီသတင်း
ကြည့်ရလား၊ ဖြစ်နိုင်ပါ့မလားလို့ သွားပြီးမေးခဲ့ပါတယ်။
ဆရာမဟာ စိတ်လှုပ်ရှားရင် နှလုံးခုန်မြန်ပီး၊ ခြေဖျားလက်ဖျား
အေးစက်တောင့်တင်းတဲ့ နှလုံးရောဂါတစ်မျိုး ရနေပြီဖြစ်တဲ့အတွက်၊
သေချာဆုံးအောင် မကြည့်တော့ပါတဲ့။ အတွေ့အကြုံတွေများလှပြီဖြစ်တဲ့
ဆရာမဟာ တခုခုကို တွေးဆနေပါတယ်။ ဖြစ်နိုင် မဖြစ်နိုင် လုံးဝမပြောပါ၊
တခုတော့ပြောပါတယ်။ အန်ကယ်ကတော့ “အစိုးရဟာ NLD ပြီးတော့
ကျောင်းသားတွေကို သိက္ခာချနေပြီဆိုပြီး ဆဲနေလေရဲ့” ကျမလည်း
ကျမနဲ့ အန်ကယ် အမြင်ချင်းတူတယ်ဆိုပြီး အန်ကယ်နဲ့သာ စကားပြော
ဖြစ်ခဲ့ပါတယ်။

(၆)

“ အဖေနှင့် အမေခင်ဗျား”
“ကျနော်ဟာ စစ်ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ ထောက်လှမ်းရေး
ဖြစ်တဲ့အတွက် ကျောင်းသားခေါင်းဆောင်များက ဖမ်းဆီးထားပါတယ်။
မိဘများက တောင်းပန်ပြီး လာရောက်ခေါ်ဆောင်ပါမှ အသက်ချမ်းသာ
ရာ ပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့် အမေ (သို့မဟုတ်) အဖေ အမြန်ဆုံး
လိုက်လာခဲ့ပါ“
ကျမ “စာကိုဖတ်ပြီးတာနဲ့ ဒီလောက် ကျောင်းသားအရေးတွေလုပ်နေတာ။
မိသားစုနဲ့ခွဲ၊ ကျောင်းပညာတဝက်တပျက်နဲ့ စွန့်ပြီးလုပ်လာတာ။ ဘာ
ထောက်လှမ်းရေးလဲ။ လိုက်သွားခေါ်ရင် ထောက်လှမ်းရေးဆိုတာ ဝန်ခံ
ရမှာလား“ ဆိုပြီး ဒေါသတကြီးပေါက်ကွဲပါတော့တယ်။ မျက်ရည်များလည်း
ရေသွန်သလို ဝေါကနည်းကိုကျလာပါတော့တယ်။

သမီးကြီးက ကျမပခုံးကိုလာကိုင်ပြီး” စာကို မိသားစုအားလုံး ဆယ်ခေါက်
ထက်မနည်း ဖတ်ပြီးကြပါပြီ။ သားငယ် အသက်ရှင်ဖို့ အရေးကြီးတယ်၊
သွားခေါ်ပြီး ဟိုရောက်မှ အခြေအနေကြည့်ရမှာ။ ကိုယ်လဲမြင်ရတာ
မဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲက အဖြစ်အပျက်တွေဟာ အမှန်တွေ
ဆို ကျောင်းသားအချင်းချင်း ပြဿနာတက်ကြတာဖြစ်မယ်၊ မိဘတွေ
လိုက်သွားရင် ကလေးတွေဘဲ မရိုင်းလောက်ပါဘူး။ ခုက သွားဘို့လည်း
ပြင်နေပြီ၊ ။ အမကအိမ်မှာ ညီမလေးတွေနဲ့ လာနေပေးရင်ဖြစ်မလားလို့၊
အဲဒါပြောမလို့၊ ညီမလည်း ရှိနေမှာပါ။” ဖြစ်ပုံက ဆရာမ သမီးအငယ်
တယောက်က ခွဲစိတ်ခန်းဝင်စရာရှိပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းပြီးသား၊
ဆရာမ နောက်ဆံမတင်းအောင် အိမ်မှာလူအင်အားဖြည့်တာပါ။
သမီးကြီးကလည်း သူ့အိမ်ထောင်နှင့်တခြားမှာ နေနေပေမယ့် ဒီရက်ပိုင်း
မှာ သူရော သူ့အမျိုးသားပါ လာနေပါတယ်။
“အန်ကယ်က ဘာလို့လိုက်မသွားတာလဲ” ဆရာမ လိုက်သွားမှာကို
သိလိုက်ရသည့်အတွက် ကျမ မေးလိုက်မိပါတယ်။

“သမီး အန်ကယ်နဲ့ လုံးဝမဖြစ်နိုင်ဘူး၊ သူက ဘုန်းကြီးစာချသွားလုပ်နေရင်
သူ့ပါ ဖမ်းချုပ်ထားလိမ့်မယ်” ဟု ဆရာမက ပြောရာ အန်ကယ်က“
အန်ကယ်က စကားများများ မပြောပါဘူး။ တခွန်းပဲပြောမှာ၊ “ဘာပြောမှာလဲ”
မေးတော့ “ ဟ အန်ကယ့်ကို သွားခိုင်းလေ ။ အဲဒီတော့ ဘာပြောမလဲ
သိရမှာပေါ့” တဲ့၊ အမှန်ကတော့ သွားခေါ်မယ့် ကျောင်းသားမိဘအချင်းချင်း
ချိတ်ဆက်မိကြပြီးပြီ။ အလားတူစာမျိုး ရန်ကုန်ရှိ ကျောင်းမိဘတချို့နဲ့
မန္တလေး၊ သာယာဝတီ စသဖြင့် စာများရောက်လာကြပြီးပြီ။ အများအား
ဖြင့် အမေများသာ လိုက်ကြပါတယ်။ တချို့လည်းအဖေ လိုက်ကြပါတယ်။
ကျမထင်တာက ယောင်္ကျားချင်းဆိုတော့ ပြောမှား ဆိုမှား စကားများကြရင်
အသက်အန္တရယ်ရှိလို့ ထင်ပါတယ်။

တစ်ခုပဲရှိတယ်။ ကျမ အမှတ်မမှားပါက ဝန်ထမ်းဆို၍ ဆရာမတစ်ယောက်သာ
ပါပါတယ်။။ ကျန်သူများက အငြိမ်းစားနှင့် ကုန်သည်များသာ၊ ဆရာမသည်
မြို့နယ်၊ တိုင်း အဆင့်ဆင့်မှသည် ပညာရေးဝန်ကြီးဌာနအထိ စာတင်ရပါ
တယ်။ သားအသက်ရှင်ရေးအတွက် သွားရောက်ခေါ်ခွင့်ပြုပါရန် အသနားခံစာ
တင်ရပါတယ်။ သွားရောက်မယ့် အဖွဲ့က ဆရာမသွားခွင့်ကျအောင် စောင့်ပေး
ကြပါတယ်။ တကယ့်ကို မိသားစုစိတ်ဓါတ် အပြည့်ရှိသူများပင်။ နောင်တချိန်တွင်
ထိုမိသားစုများသည် ယခုနှစ်ပေါင်း ၂၀ ကျော်သည့်တိုင် ချစ်ခင်စည်းလုံးလျက်
နေကြပါတယ်၊ သာရေးနာရေး ဖိတ်စရာမလို အလိုလိုသွေးစည်းကြတဲ့
သွေးသောက်မိသားစုများ ဖြစ်လာပါတယ်။ ဆရာမကို တစ်လအတွင်း ပြန်လာရန်
ခံဝန်ချက်ပေးပြီး လိုက်ခေါ်ဖို့ ခွင့်ပြုလိုက်ပါတယ်၊ ကျမ ဆရာမအတွက်
တော်တော်စိတ်ပူမိပါတယ်။ ဒါပေမယ့် စိတ်ဆောင်လို့လား မပြောတတ်
ပါဘူး ဆရာမဟာ သွက်လက်နေပြီး သူ့ကိုယ်သူ ကျန်းမာအောင်နေ
ပါတယ်။ ငါအသက်ရှင်မှ ဖြစ်မယ်လို့ တွေးကောင်းတွေးနေလိမ့်မယ်
ထင်ပါတယ်။ တကယ်တန်းမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး၊ ဆရာမဟာ
တစ်လကျော်ကျော်လောက်နေမှ ပြန်ရောက်လာသလို သားငယ်လည်း
ပါမလာပါ။ ဒါပေမယ့် ဆရာမဟာ သားကို မျက်မြင် အသက်ရှင်ရက်
တွေ့ခဲ့ရလို့ထင်ပါတယ်၊ သိပ်စိတ်မလှုပ်ရှားပဲ ဖြစ်ကြောင်းကုန်စင် ပြောပြ
ပါတယ်။ ရောက်ရောက်ချင်း ချက်ချင်းပေးမတွေ့ပါဘူးတဲ့၊ တော်တော်ကြာမှ
တွေ့ရတဲ့အပြင် တွေ့တဲ့အခါ အပြောအဆို ဆင်ခြင်ရပါတယ်တဲ့၊ သူတို့ကို
အချုပ်ခန်းကခေါ်ထုတ်ပြီး ပေးတွေ့ပါတယ်။

အားလုံးက သတိနဲ့နေနေရတာပါတဲ့၊ ကျောင်းသားတွေကို ရက်ရက်စက်စက်
သတ်ခံခဲ့ကြတာတွေ မိဘတွေကို ပြောပြပါသတဲ့။ ဆောင်းပါးမှာပါတဲ့
အကြောင်းအရာတွေပါပဲ။ အဲဒီအတိုင်းပါပဲ၊ မိဘတွေနဲ့ပြန်ထဲ့ပေးမယ်
ပြောပြီး ဘယ်လိုက ဘယ်လို စိတ်ပြောင်းသွားလည်း မသိပါတဲ့။ ပြန်လွှတ်
ပေးဖို့ ဘာတစ်ခုမှမပြောတော့ပါဘူးတဲ့။ အဲဒီမှာ စောင့်ရင်းစောင့်ရင်း ရက်တွေ
ကြာလာတာပါ။ နောက်ဆုံးတော့ မိဘတွေရဲ့တောင်းပန်မှုကြောင့် မသတ်ပါဘူး
ဆိုတဲ့ ကတိရလို့ ပြန်လာခဲ့ပါတယ်တဲ့။ ဆရာမက ပိုဆိုးတာက တလအတွင်း
ပြန်ရမယ့် ခံဝန်ချက်ကလည်းရှိနေတော့ နောက်ကြောင်းမအေးပဲ ဖြစ်ရပါတယ်
တဲ့။ ဆရာမလို ဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာ သားဇောကြောင့် KIA
ကချင်လွတ်မြောက်ရေးတပ်မတော်ကို ဖြတ်ပြီး ကျောင်းသားတပ်မတော်
စခန်းကို ဆိုးဝါးလှတဲ့ ရာသီဥတုနဲ့ လမ်းပန်းအခက်အခဲတွေကြားက
ရောက်အောင်သွားခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ဖြစ်ခဲ့ရပါတယ်။
ဆရာမဟာ မိသားစုကိုရော သမီးတမျှရင်းနှီးတဲ့ကျမကိုရော ခုချိန်ထိ
လျှို့ဝှက်ထားတယ်လို့ ကျမ ထင်ထားတာ တခုရှိပါတယ်။ ကျမဘယ်တော့
မှ မေးမှာမဟုတ်သလို သမီးကြီးကလည်း သူလည်းဘယ်တော့မှ မမေးပါ
ဘူးတဲ့။ အဲဒါကတော့ အချုပ်ခန်းကနေ ထွက်ပြေးမှ လွတ်တော့မယ်ဆိုတာကိုပါ။

(၇)

ကျောင်းသားတွေကို ထောက်လှမ်းရေးတွေပါလို့ စပြီးဖမ်းစဉ်က စစ်ဆေးရေး
အဖွဲ့မှာ သားငယ်ပါပါတယ်။ သားငယ်ဟာ ဒီကျောင်းသားတွေက သူနဲ့အတူ
တွဲပြီးလုပ်လာတာ သူသိပါတယ်။ ဘယ်လိုမှ ထောက်လှမ်းရေး မဟုတ်ဘူး
ဆိုတာသိနေတော့ မေးတာမြန်းတာ ပျော့ပြောင်းပါတယ်။ နဂိုထဲကလည်း
စိတ်သဘောထားပျော့ပြောင်းတဲ့ အတွက်ကတကြောင်း၊ ထောက်လှမ်းရေး
မဟုတ်ဘူးဆိုတာ သိနေတာတွေကလည်း တကြောင်းကြောင့် သူ့ရဲ့ ညှာတာ
မေးထားတဲ့ အချက်တွေကို သဘောမကျရာက သားငယ်ကို စစ်ထောက်လှမ်း
ရေးပဲ။ မင်းလည်းသူတို့နဲ့ တစ်ဖွဲ့ထဲပဲ စွပ်စွဲပြီး ဖမ်းချုပ်တာပါပဲတဲ့။

သားငယ်ကို စစ်တဲ့အခါမှာ တစ်ရက်မှာတော့ ခေါင်းကို ဒုတ်ကနဲရိုက်ခွဲ
လိုက်တာ သွေးအိုင်ထဲ ပုံရက်သား ကျသွားပါသတဲ့။ သေပြီလို့ အားလုံး
က ထင်လိုက်ကြပေမယ့် မသေခဲ့ပါဘူး။ ဒဏ်ရာကို ပက်သဒင်းတွေ
အတိုင်းအဆမရှိပေးပြီး ချုပ်ပါသတဲ့။ သားငယ်နာမည်ကို အော်ခေါ်ပြီး
ခြံထဲကိုဝင်လာတဲ့ ချာတိတ်ကို တွေ့လိုက်ရတော့ အိမ်ထဲမှာရှိတဲ့
မိသားစုတွေ ကြောင်ငေးပြီး ကြည့်နေမိပါတယ်။ သူ့ကို သားငယ်တို့နဲ့
အတူ မြောက်ပိုင်းမှာ စွပ်စွဲဖမ်းခံထားရတယ်လို့ သိထားသူပါ၊
တိုက်တိုက်ဆိုင်ဆိုင် ကျမကလည်း ဆရာမဆီ ကျောင်းကိစ္စတစ်ခုနဲ့
ရောက်အလာ ဆရာမ စက်ချုပ်ဆိုင်သွားနေတာနဲ့ စောင့်နေခြင်းပါ။
ဆရာမရောက်လာတော့ ထုံးစံအတိုင်း တအံ့တသြ။

နောက်မှသိရတာက မိဘတစ်ယောက်က နောက်တခေါက်
သူ့အစီအစဉ်နဲ့သူပြန်သွားပြီး အဲဒီတုန်းက ငယ်ရွယ်သေးတဲ့ သူ့သားနဲ့အတူ
ဒီချာတိတ်အပါအဝင် တချို့ကို အာမခံ ခေါ်ထုတ်လာတာပါ။
တဆက်ထဲ သားငယ်တို့က မကြာခင် အချုပ်ကနေထွက်ပြေးလာမှာ
သိထားတဲ့အတွက် လမ်းခရီးမှာ ချိတ်ဆက်တွေ ထားပေးခဲ့ပါတယ်တဲ့။
အစိုးရဘက်ရောက်ရင် မဖမ်းမဆီးအောင် ဒုက္ခတွေ့နေတဲ့ ကျောင်းသား
တွေ ရောက်လာရင် ကူညီအောင် စီစဉ်ပေးခဲ့ပါတယ်တဲ့၊ ခုဆို သားငယ်
တို့လည်း ရောက်လောက်ပြီဆိုပြီး လာခဲ့တာပါတဲ့။ ဆရာမလည်း တော်တော်
စိတ်ပူသွားချေပြီ။ ပြန်အဖမ်းခံရရင်တော့ သတ်မှာကျိန်းသေနေလေပြီ၊
ထိုချာတိတ်က အာမခံပါတယ်။ သားငယ်တို့က ဒီတောလမ်းခရီးကို
ကောင်းကောင်းကျွမ်းတယ်။ မျက်စေ့မလည်နိုင်၊ ဖြစ်နိုင်တာက မြို့ပေါ်
ရောက်မှ မျက်စေ့လည်ပြီး တနေရာရောက်တာဖြစ်မယ်။ တောထဲ
ကတော့ ကျိန်းသေလမ်းမပျောက်ပါဟု ဆိုပါတယ်။

ထိုအချိန် အန်ကယ်က နယ်ရောက်နေသည့်အတွက် ဖုန်းဆက်ခေါ်
ပါတယ်။ အန်ကယ့်မှာ နယ်မိတ်ဆွေများစွာရှိပါတယ်။ နယ်လှည့်စာရင်း
စစ်နေရသဖြင့် မရောက်ဖူးသည့်နယ်မရှိ အဆင်ပြေပါတယ်။ ကချင်
ပြည်နယ်ရှိ နယ်ရုံးခွဲများကို သံကြိုးရိုက်၍ တဖုံ ၊ ဖုန်းဆက်၍တနည်း
အကြောင်းကြားထားရာ မကြာမီ ဗန်းမော်မျာ အဖမ်းခံထားရတယ်လို့
မိတ်ဆွေတစ်ယောက်က သံကြိုးရိုက်ပါတယ်။ ကံတရားကား ဆန်းကျယ်
လှပါတယ်။ အန်ကယ့်ထံမှ သိရတဲ့အချိန်မှာ ထိုလူနဲ့ သားငယ်တို့
ရုံးထုတ်စစ်တာနဲ့ ကြုံရခြင်းပါ။ တောခိုကျောင်းသားများ ဖမ်းမိတယ်လို့
သိရလို့ အန်ကယ့်သားလား မေးရာမှ “ မင်းအဖေ စိတ်ပူနေတယ် ဦးလေး
လှမ်းအကြောင်းကြားပေးမယ်” ဆိုကာ ဝမ်းသာအားရ လှမ်းပြောခြင်းပါ။

အထက်အဆင့်ဆင့် စာတင်ရင်း မိဘများ၏ တင်ပြမှုများကြောင့်
နောက်ဆုံးတွင်တော့ မိဘရပ်ထံ ပြန်ရောက်ခဲ့ရချေပြီ။ ဆရာမ၏
နှလုံးသားတို့သည်လည်း ငြိမ်းချမ်းရချေပြီ။ သို့သော် စစ်အစိုးရ
လက်အောက်တွင် ယုံကြည်ချက်ပြင်းထန်သော ကျောင်းသားသည်
အဘယ်မှာ အေးအေးနေရပါမည်နည်း။ ၁၉၉၈ တခုသောရက်မှာ
မေးစရာရှိ၍ ခဏဆိုကာ ခေါ်သွားရာ ဘယ်မှာမှ မေးမရတော့ဘဲ
လအတော်ကြာမှ ထောင်ဝင်စာတွေ့သည့် လူတယောက်ကို အကူအညီ
တောင်းပြီး ပြောခိုင်းလိုက်သဖြင့် မန္တလေးထောင်တွင် ရောက်နေတာ
သိရတော့ပါတယ်။ နိုင်ငံရေးအမှုတွဲတစ်ခုဖြင့် ထောင် ၇ နှစ် ကျပါတော့
တယ်။ ဆရာမလည်း တောတွင်းအချုပ်ထောင်ကနေ မန္တလေးထောင်
ကို သွားရပြန်ပါတယ်။ တလတခါသွားတွေ့ရင်း ၂ နှစ်အကြာ ပခုက္ကူ
ထောင်ပြောင်းလိုက်တဲ့အတွက် ပိုပြီးဝေးလံစွာ သွားတွေ့ရပြန်ပါတယ်။
၂၀၀၄ မှာတော့ သားငယ်ထောင်ကလွတ်မြောက်လာခဲ့ပါပြီ၊ သားငယ်
အသက်လည်း ၄၀နား နီးလာချေပြီ။ ၂ နှစ်ခန့်အကြာမှာတော့ သူ့ကို
၁၈ နှစ်နီးပါး သစ္စာရှိစွာ စောင့်လာတဲ့ မိန်းကလေး အဲဒီအချိန်မှာတော့
အမျိုးသမီးကြီးနဲ့ လက်ထပ်လိုက်ပါတယ်။ ဆရာမတစ်ယောက် အဖေတူ
သားလို့ မကြာခဏပြောတတ်တဲ့ သားငယ်အတွက် စိတ်အေးချမ်း
နေတာကို ကြားသိနေရပါတယ်။

ကျမနဲ့ ဆရာမတို့လည်း လုပ်ငန်းတာဝန် မိသားစုတာဝန်တွေကြောင့်
တနယ်ကျေးစီ ကွဲကွာနေခဲ့ကြပါတယ်။ မြောက်ပိုင်းဒေသမှ အရိုးတွန်
သံများ ဆောင်းပါးကို ဖတ်လိုက်ရတဲ့အခါမှာ ကျမရင်ထဲ ကျမချစ်တဲ့
ဆရာမရဲ့ သားအပေါ်ထားတဲ့ နှလုံးသားကို ပြင်းပြင်းထန်ထန် သတိရမိ
ပါတယ်။ အကြောင်းအရာတွေဟာ ကိုယ်သိပြီးသားတွေဖြစ်ပါရက်နဲ့
နှလုံးသားတဆတ်ဆတ်တုန်အောင် ခံစားရပါတယ်၊ ဆရာမရော
ဘယ်လိုနေပါလိမ့်။ သားငယ်နဲ့နီးနီးကပ်ကပ် မခွဲမခွာရှိနေပြီဖြစ်တဲ့
အတွက် နှလုံးသားတွေ ငြိမ်သက်နေပြီလား၊ အသက်အရွယ်၊ အတွေ့
အကြုံတွေကြောင့် ခံနိုင်ရည်ရှိပြီး အကြောင်းအရာတွေကို ဆုံးခန်း
တိုင်အောင် ဖတ်နိုင်ပြီလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်(၂၀)။
အေးခဲနေတဲ့ ကချင်ပြည်နယ်ရဲ့ အအေးဒဏ်ကို အံတုရင်း
ကျောင်းသားတပ်မတော်စခန်းဆီက ငရဲခန်းအဖြစ်အပျက်တွေ
ကို သတိရနေလေမလား၊ ခေါင်မိုးပေါ်က တစက်စက်စီးလာတဲ့
နှင်းရည်တွေဟာ မြေပေါ်မကျခင် တံစက်မြိတ်မှာ ခဲသွားပြီး အချောင်း
လိုက်လေး တွဲကျနေတဲ့ မြင်ကွင်းကို ပြန်ပြောင်းသတိရနေလေမလား၊
ညဘက် အပေါ့အပါးထသွားချင်တဲ့အခါ ခေါင်းဖြတ်ခံထားရတဲ့
ကျောင်းသူလေးက ခေါင်းပြတ်ကြီးနဲ့ ချောက်တတ်တယ်ပြောကြလို့
ဟိုလူ့ လိုက်နှိုး ဒီလူ့လိုက်နှိုးပြီး သွားခဲ့ရတာတွေ သတိရနေလေမလား။

ရက်စက်လှတဲ့ လူမဆန်လှတဲ့ အဖြစ်တွေကို နှလုံးပျက်လုမတတ်
ကြားခဲ့ရလို့ သိခဲ့ရလို့ ပြန်တောင်မတွေးချင်တော့ပါဘူး ဆိုတာတွေကို
အဟောင်းတွေ အသစ်ဖြစ်ပြီး ဆရာမနှလုံးသားတွေ နာကျင်စွာခံစား
နေလေမလား။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတစ်ပတ်လည်ပြီး ဖျောက်မရစွာ
အမှန်တရားတွေ ဖော်ထုတ်နေပါပြီ။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ
ဆောင်းပါးလေးက သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ စာအုပ်လိုပဲ
သမိုင်းတွင်ပြီး၊ သင်ခန်းစာယူစရာ အဖြစ်အပျက်တွေဆိုတာကိုတော့
ဆရာမသိပြီး ကျေနပ်နေမယ်ဆိုတာ ဆရာမနှလုံးသားကို မှန်းဆ
အဖြေရှာ သိနေပါတယ်။

-ရွှေစင်ဦး
( မောက္ခစာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)


6 comments:

SHWE ZIN U said...

ကိုအောင် အဲဒါ ကျနော် နဲ့ နံမည် တူတာ ဖြစ်လိမ့်မယ် ကျနော် မရေးဘူး

ခင်မင်တဲ့
ရွှေစင်ဦး (http://www.shwezinu.com)

mstint said...

လူသားမဆန်တဲ့လုပ်ရပ်တွေဖတ်ရတိုင်း
စိတ်မကောင်းဖြစ်မိတယ် ကိုအောင်ရေ။
ခံရသူတွေရဲ့ဘဝကလည်းဆိုးသနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုအောင် said...

ဟုတ် ... အမ မရွှေစင် ...

မချို said...

ကိုအောင်ရေးတဲ့ပို့စ်နဲ့တော့မဆိုင်ပါဘူး
စကားမစပ်ကိုအောင်ရေ
အမျိုးသမီးနာမည်ရောအမျိုးသားနာမည်ရောမျိုးစုံသုံးပြီးဘလော့တွေဖွင့်ပို့စ်တစ်ပိုဒ်တောင်ရေးနိုင်စွမ်းအားမရှိဘဲကဗျာရေးပြီးကော်မန့်တွေလိုက်ပေးရင်းနှီးမှု့ယူနေတဲ့အပုန်းတစ်ယောက်ကိုတော့သတိထားပါကိုအောင်ရေ

ခင်တဲ့
ချိုလွင်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သေသေချာချာဖတ်ပြီး စိတ်ညစ်မိတယ် ကိုအောင်ရေ
တကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပျက်တွေအတွက် ရင်နင့်ရပါတယ်ဗျာ

Anonymous said...

http://www.scribd.com/doc/79645480/ABSDF-MTZ-Statement-on-Northen-Alledged-Spies-Case