Tuesday, 3 January 2012

ကျနော် လူကက်ဆက် (စ-ဆုံး)

ရေးသူ- ပန်းချီ(ကို)ထိန်လင်း

(၁၉၉၂ ဖေဖော်ဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံ (ဝဲမှယာ - ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်))

တလောက သန်းဂျီးမတွေ အကြောင်း ရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ၊ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါ တယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်း ရေးမယ် စိတ်ကူးမိပါတယ်။ ပိုးက ရိုးရိုးပိုးမျိုးမဟုတ်ပါဘူး ဂီတပိုး၊ အနုပညာ ပိုးများ အကြောင်းပါ။ သန်းဂျီးမတွေကို ရေနွေးတွေ ကြိုထားတဲ့ ဒယ်အိုး ထဲ ထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေး အိုးထဲ ထည့်လည်း မသေ၊ လျှပ်စစ်နဲ့တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရ ခက်တတ်ပါတယ်။ ၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ်ကာလ ခြောက်နှစ်ခွဲအတွင်း ထောင်အာဏာပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။ တခါကဆို သီချင်းအသစ် တပုဒ်ကို စိတ်နဲ့ရေးပြီးစ သီချင်းတပုဒ်ကို ထ အသံစမ်းဆိုကြည့်တော့ ထောင်ဝန်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြား ပြေးဝင်လာကြပါတယ်။ နောက်တော့ ကျနော် သီချင်းဆိုတာဆိုလည်း သိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်နေသွားတော့တာပါပဲဗျာ။ သူတို့ အဆိုအရ ကျနော့်သီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ် လို့ ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ၊ သီချင်း ဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက် ပြောလာ ရင်တော့ ကျနော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲလုမယူခဲ့ရင် တခြား လူရဖို့ မမြင်တော့ပါဘူး။ အဲလောက်ရူးပါတယ်။ ရူးတဲ့အထဲမှာတော့ ကာလတခုမှာ လူကက်ဆက် ဖြစ်သွားတဲ့ အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကက်ဆက်ခေတ် ဖြစ်တာမို့ လူကက်ဆက် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကတ်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာ နောက်ပိုင်းကနေ ၁၉၉၂ မိုးလယ်ပိုင်းအတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) တပ်ဖွဲ့၏ အကျဉ်းသား ဘ၀ကဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။

အဲဒီလို ပြောရတဲ့အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည် နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်း မတ်တပ် တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြဿနာတွေနဲ့ ဆက်စပ် ပတ်သက်နေသယောင် ထင်ယောင်ထင်မှား မဖြစ်ရဖို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြဿနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူတွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ရာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။ ကျနော့်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဖို့ လက်တွန့်တဲ့ အထဲမှာ အဓိက အချက်တခုကတော့ နှစ်ပေါင်း ၂၀ ကျော်လာ တဲ့ ကျောင်းသားတော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင် ဖြစ်စေ ချစ်နေဦးမည်ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်ဆိုတာကို လည်း သိနေတဲ့အခါ အတော် လက်တွံ့မိတယ်ဆိုတာ ရိုးသားစွာ ၀န်ခံပါတယ်။ ပြည်ပကို ထွက်ခွင့်စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲကိစ္စနဲ့ လာတဲ့ အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင်(ကို) သံခဲက သမီးလေးနဲ့ အတူ ဆိုင်ကယ်လေးနဲ့ လေယာဉ်ကွင်းလာကြိုသဗျ။ ကျနော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်းစခန်းမှာ ကျနော့်အနွံအတာ အများကြီး သည်းခံနားလည်မှုပေးခဲ့တဲ့ သူငယ်ချင်းဖြစ်လို့ပါ။

ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာတော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာ ကျွေးမယ်ဆိုပြီး လာခေါ်ပါတယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီဥက္ကဋ္ဌတဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင်ကယ်လေးနောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တဆိုင်ကို ၀င်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း ၂ ထုပ် ၀င်ဝယ်သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှားထားတဲ့ အခန်းလေးကို သွားကြပါတယ်။ သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲရောက်တော့ မဒမ်သံခဲက ကျနော့်အတွက် အထူးစီမံထားတဲ့ ဟင်းတခွက်နဲ့ စောင့်နေပါတယ်။ တခြားဟုတ်ပါရိုးလားဗျာ။ ကျနော်တို့ အိန္ဒိယမှာ နေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ ထောင်းထားသဗျ။ ပြောစရာတခုရှိတာကတော့ မဒမ်သံခဲ (ကျနော်တို့အခေါ် ဒေါ်လှိုင် ခေါ် မခင်ဆွေလှိုင်) ဟာ ကျနော်တို့ မြောက်ပိုင်းပြဿနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဋ္ဌာရုံအားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင်တဦးလည်း ဖြစ်ပါသဗျ။ ဒီလိုနဲ့ သုံးဦးသား ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရင်း မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်။ (ရွှေလှံဗိုလ်ငြုပ်သီးကြောင့်ပါ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည် ကျအောင် စပ်ပါတယ်။) ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF (NB) က တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဖို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလိုပြောပါတယ်။ သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှားရှိနေပါရက်နဲ့ ဘာသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဖို့ ဘာမှမလိုဘူးထင်တယ် လို့ ပြောပါတယ်။ သူပြောတာ အမှန်ပါပဲ။

အမှန်ကတော့ ကျနော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျနော်တို့တွေရဲ့ အားနည်းချက်။ ကျနော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှုသက်သက် ဖြစ်ပါတယ်။ ပြီးတော့ ဆက်ပြောတာက ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေ ကို ထိမ်းထားနိုင်ဖို့ကို မနည်းရုန်းကန်နေရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေ ကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။ ဒါလည်း အမှန်ပါ။ လောလောဆယ် ကျနော်တို့ သုံးယောက် ထမင်းစားနေရတာ ကိုက သူတို့မိသားစု အိပ်ခန်းထဲမှာ စားနေရတာပါ။ အိပ်ခန်းနဲ့ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို ပေါင်းထားတဲ့ သရီးအင်န်ဝမ်း အခန်းလေးကို ကြည့်ပြီး လက်ရှိ အေဘီ အတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင် တဦးတောင် ခုလို ကျပ်ကျပ်တည်းတည်း ချို့ချို့တဲ့တဲ့ နေရရင် အထဲမှာ ရုန်းနေရတဲ့ ရဲဘော်တွေခမျာ ဘယ်လောက် ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ ဒီလို အကျပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓာတ်ကိုလည်း လေးစားမိသွားပါတယ်။ ဒါကြောင့် အခု ရေးသားမယ့် လူကတ်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန်မရှိပါကြောင်း ကြိုတင် ပြောထားရပါတယ်။ ရိုးရိုးသားသားပြောရရင် ခုလို ကြိုတင် ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲပါပါလာတတ်တဲ့ ရဲဘော်သံခဲ ဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျနော်ရဲ့ ငယ်ကျိုးငယ်နာအားလုံးကို ဒီငသိက သိထားတာ၊ မတော် အိန္ဒိယ စခန်းမှာ နေခဲ့တုန်းက ကျနော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တယောက်ယောက် နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျနော့်မိန်းမမေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီး တလုံး ထဲနဲ့တင် ကျနော် စပွန်ဆာပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရကျင်းရ တင်ရမြောက်ရတာလေးတွေတော့ ရှိတာ ပေါ့ဗျာ။ ကျနော်တို့ လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင် မှာ ရပ်ရွာအခြေအနေ ကြည့်ပြီး ပဏာမအမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာ လေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖားခုန် ၀င်လာတာကနေ ကျားခုန်ဝင်လာတယ်ဖြစ်လို့ ပြေးပေါက်တွေ မှားခဲ့ရဖူး တဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။ နောက်ပြဿနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူပြဿနာ ပါ။ ခက်တာက ၂ ယောက်စလုံးက အေဘီဥက္ကဋ္ဌတွေချည်း ဖြစ်နေတာ ပါ။ ခုလောလောဆယ် အမေရိကားမှာ ရှိနေတဲ့ ကိုထွန်းအောင်ကျော် က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျနော်တို့ရှေ့က ၁၉၇၄ မျိုးဆက် က ဖြစ်ပြီး ကျနော်တို့ထက်အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။ ဒီလောက် နိဒါန်းပျိုးပြီးပြီဆိုရင်ဖြင့် ကျနော့် လူကက်ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ ပြောသလို အင်မတန် ၀ဋ်ကြွေးမကင်း တဲ့ လူတွေ လုပ်တဲ့ အလုပ်ဗျ။ ရေးတဲ့စာမူက စာရိုက်လို့ မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ ခေတ်ကြီးကိုး။

ကျနော်တို့ ပါဂျောင်မှာ ဖြစ်ပွားခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီး ကြတဲ့နောက်မှာ အမျိုးမျိုး တုန့်ပြန်လာတာ တွေ့ရပါတယ်။ ကျနော်ကို လည်း ဒီပြဿနာကို ဘယ်သူတွေ ကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူတွေ အသက်မသေဘဲ ကျန်နေတယ် … စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျနော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် ၅၀ လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသလို တိကျတဲ့ စာရင်း ဇယားနဲ့ ထုတ်ဖို့လည်း လုပ်နေတယ်ဆိုတာ ကြားရပါတယ်။

နောက် တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေကတဆင့် အချက်အလက်တွေကို ဖေ့ဘွတ်စာမျက်နှာပေါ် တက်လာတာလည်း တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီစာမျက်နှာတွေ ကိုပဲ ညွန်းဆိုရပါတယ်။ ကျနော်အဓိက ရေးချင်တာက အဲဒီကာလဆိုးကြီး မှာ ကျနော်တို့ ဘယ်လို ခံစားရသလဲ၊ ဘယ်လို အသက်ရှင်အောင် မွေးခဲ့ ကြသလဲ၊ ဘယ်လို အမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။ ဒီလိုဗျ ဒီပြဿနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်ပါ။ ဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင် အားလုံး လိုလိုကို ထောက်လှမ်းရေးတွေဆိုပြီး ဖမ်းဆီးခဲ့တဲ့အဖွဲ့မှာ ဥက္ကဋ္ဌ လုပ်ခဲ့ သူက ကိုအောင်နိုင်။ အတွင်းရေးမှူးက ကိုမျိုးဝင်းပါ။ စစ်ရေးတာဝန်ခံက ကိုသံချောင်းပါ။ ကျနော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ ကိစ္စတွေ ကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့က ဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။

အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျနော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေ ခေါ်ထုတ် ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူ ပြီး ကြိုက်တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ ညှဉ်းပန်းနည်းမျိုးစုံကို လည်း တီထွင်ခွင့်ရှိပါတယ်။ ဒီလို ပြောရတာကတော့ တကြိမ်မှာ ကျနော်ကို ခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ ပြီး ပါးစပ်ကို တိတ်နဲ့ ပိတ်လိုက်ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့ လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ ဆက်ပြီး လျှပ်စစ်ဓာတ် ထွက်လာတဲ့ အထိ လှည့်ပြီး ညှဉ်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီက ထွက်လာတဲ့ လျှပ်စစ်ဓာတ်ကြောင့် ကျနော့် ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ် အော်နေတဲ့ အာရုံမှာ မြင်နေရတဲ့ အထိပါပဲ။ စစ်နေတဲ့ ချာတိတ်တွေက ကျနော့်ကို ကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။ အကြောင်းကတော့ ကျနော့် မျက်နှာဟာ လျှပ်စစ်စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွနေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ်ဖြစ်သွားပုံဟာ တော်တာ် ရီစရာကောင်းနေပုံရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။ နောက်တော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြလိုက်ပါ သေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေး ရွဲ့တယ်၊ များများလှည့်ရင် များများရွဲ့တယ် စသည်ဖြင့်ပေါ့ဗျာ။ အဲဒီချိန် က ကျနော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ ကောင်လေးဆိုတာ ကလည်း ၁၈ နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျနော့်ကို ထင်တိုင်း လှိမ့်ရိုက်နေရာက သူတို့ တချက်ရိုက်ရင် ကျနော်က ဒူဝေေ၀ လို့ အော်ပေးရမယ်လို့ ပြောလာပြန်သဗျ။ အဲဒီတော့ ကျနော့်လို ကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀တင်မက ဒူဝေးဝေး ဝေးဝေးထိ ကွန့်ရတဲ့ထိပေါ့ဗျာ။

အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေ ကတော့ ကျနော်တို့တွေဟာ အကျဉ်းထောင်တာဝန်ကျတဲ့ အဖွဲ့ရဲ့ လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်းတာဝန်ခံဆိုတဲ့ အဖွဲ့ ကလည်း သူတို့ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေးအဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။ အဲဒီလုံခြုံရေးလက်မှာ ကျနော်တို့အသက်ကို ၀ကွက်အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။ သူတို့ကလည်း သူတို့ ခန့်ထားတဲ့ တာဝန် နဲ့ လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျနော်တို့ကို မျက်နှာတွေ စည်းထားပြီး အိပ်ရာထဲ လှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေးအစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ မင်းတို့အထဲက ဘယ်သူ သီချင်းကောင်းကောင်း ဆိုတတ်သလဲကွတဲ့။ အားလုံး တိတ်ပြီး နေပါတယ်။ ဘာများ လုပ်ဦး မလို့လဲပေါ့လေ။ လုပ်ပါကွတို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့် နေရတာ။ ပျင်းစရာကြီး အပျင်းပြေ သီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရအောင်ဆိုတော့ တယောက်က ကိုဘောကြီး ဆိုတတ်တယ် ဆိုပြီး ကျနော့်ဆီကို ကျနော်တို့ထဲက တယောက်က ချွန်တွန်းလုပ် လွှတ်လိုက်ပါတယ်။ ကျနော် အဖမ်းမခံရခင်မှာ အူကျသလို ဖြစ်လို့ ခွဲစိတ်မှုတခု လုပ်ခဲ့ တာကို စွဲပြီး ကျနော့်ကို ဖမ်းတဲ့အခါမှ မင်းလို ထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချုပ်ငယ်နာမည် မှည့်ရကောင်းလားဆိုပြီး နောက်နာမည် တခုရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင်ဆိုပြီး နံနှိမ်လိုက်ပြီး တဲ့နောက် ကျနော့်နာမည်ဟာ ဘောကြီး ဖြစ်လာပါတယ်။ နောက်ဆုံးတော့ ကျနော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ လူပျိုကြီးသီချင်းကို ခပ်နောက်နောက်လေး ဆိုပြ လိုက်ပြီးတဲ့ နောက်မှာတော့ ကျနော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့ လူတယောက်ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့ လူက ကျနော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ ကျနော် ပါးစပ်ဟလိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျနော်ဟာ နေရင်းထိုင်ရင်း လူ ၇၀ ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။ သောက်တယ်ဆိုတာ ကလည်း သူ့စေတနာ ရှိသလောက် သုံးလေးဖွာပေါ့ဗျာ။ လက်ပြန်ကြိုး ချည်ထားတဲ့အပြင် မျက်လုံးကလည်း စီးထားသေးတာကိုး။ ဒီလိုနဲ့ ကျနော်တယောက် ဆေးလိပ်ကလေး သောက်ခွင့်ရပြီး ထောင်စောင့်နဲ့ ကောင်တွေရဲ့ မျက်နှာသာရတာလေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်းဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တယောက်က ဆိုနေချိန်မှာ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့သူကပဲ ထထိုင်ပြီး မျက်နှာစည်းထားရက်က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျနော်တို့ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲ ကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတည အစဖြစ်ခဲ့ပါတယ်။

ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျနော်တို့ လုံခြုံရေးတဖွဲ့ရဲ့ သဘော ထားကလည်း အမျိုးမျိုးပြောင်းနေတာမို့ တညမှာတော့ လုံခြုံရေး တာဝန်ခံတဲ့ အဖွဲ့ရော ထောက်လှမ်းရေးတာဝန်ခံတဲ့ အဖွဲ့တွေရော တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တနေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြပါတယ်။ ဒီလိုညမျိုးတွေဟာ ကျနော်တို့တွေအတွက် တော့ မြိုင်ရာဇာတွတ်ပီ စကားကို ငှားပြောရမယ်ဆိုရင်တော့ ဒီည ကံမကောင်းပါလားလို့ ပြောရမယ့်ညပါ။ ထုံးစံအတိုင်း တရားခံ တွေ ထ ဆိုတော့ ထထိုင်နေရပြီး မျက်နှာတွေ စည်းထားတဲ့ ကျနော် တို့ရှေ့က အလာလမ်းပေါ်မှာ လူတွေ လမ်းတွေ လျှောက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင် ရမလဲဗျာ။ တယောက်က ဟာ ဒီကောင်တွေ သီချင်းဆိုကောင်း တယ်ဗျ ဆိုပြီး စလာပါတော့တယ်။ အဲဒီအချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန် ကစပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါး ကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက် ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြား နေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလည်း ကြားရသဗျ။ စက္ကန့်ပိုင်း အတွင်းမှာပဲ ဖြန်းကနဲ ကျနော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီးသီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက် ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။ ပြောရရင်တော့ အဲဒီညက ကျနော်ကနေ အစပြုပြီး သီချင်းဆိုတတ် တဲ့ အကျဉ်းသားရဲဘော် အတော်များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ် မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဖိနပ်နဲ့ ဆောင်ကန် လိုက်တာ ခံရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။ တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကား တဲ့ကိစ္စပါ။ ဒါပေမယ့် ကျနော်ဆိုတဲ့ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီအစီအစဉ်ကို စပြောပြနေတုန်းက တော်တော် ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော်တော် စိက်ကူးကောင်းတဲ့ လူလို့ စိတ်ထဲက တွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရားတ မိတာဗျ။ အဲဒီနောက်ပိုင်းက စလို့ ကျနော်တို့အားလုံးဟာ ဒီလူကက်ဆက် တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗီအိုင်ပီ တွေကို ဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခု ဖြစ်လာပါတော့တယ်။ ကျနော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူး ဖြစ်နေကြောင့် လည်းဖြစ်လို ဒီသီချင်းသီဆိုတဲ့ အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတခု ရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့ လူက ကျနော်တို့ကို နှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့လူ အများစုကတော့ ထောက်လှမ်းရေးရဲ့ နှိပ်စက်မှု ဒဏ်နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရတဲ့ ဘ၀တူ တော်လှန်ရေးရဲဘော်တွေ ဖြစ်နေလို့ ပါ။ တကယ်လည်း နေ့မြင် ညပျောက် သွားတာတွေကလည်း မနည်း မနောကိုးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရတဲ့အချိန်လေး တခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်း ဘူးဆိုတဲ့ စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန်တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့် ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။ ဒီလောက်ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာ ပြက်လုံးထုတ်ရတာ တော်တော် အန္တရာယ်များသလို စိန်ခေါ်ချက်လည်း များပါတယ်။ နားထောင်နေတဲ့ လူတွေက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး၊ ထိုင်နေရင်း ကနေ လုပ်ရတာဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပိတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုက လာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓာတ်ဆီ၊ ဦးဓာတ်ဆံတို့ ပြက်လုံးကို အစအဆုံး ရနေတာမို့ အဲဒီပြက်လုံးကို အခြေအနေကြည့်ပြီး တိုက်ရိုက်ပြက်တဲ့ အခါ ပြက်၊ နည်းနည်း လစ်ရင်လစ်သလို ကိုယ်ထည့်ပြောချင်တာလေးေ တွကိုလည်း ထည့်နဲ့ ထောင်တွင်း ပျော်တော်ဆက်တယောက် ဖြစ်ခဲ့ပါတယ်။ သီချင်းဆိုဖို့ တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေ မြေပေါ်မသက်မသာ လှဲအိပ်နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ နာထောင် နေတဲ့ အစောင့်က စေတနာရှိရင် ဆေးလိပ်လေး တဖွာ နှစ်ဖွာ သောက်ခွင့် ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်သွားတတ်ထာ ကိုယ်ရွေးလိုက်တဲ့ သီချင်း မှားလို့ နားထောင်နေတဲ့ကောင်က နားကြားပြင်းကတ်ပြီး ဆောင့်ကန် တာတို့ ခံရတတ်ပါတယ်။

ဥပမာ ထူးအိမ်သင်ရဲ့ ညီလေးရေဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ အောင်မာ ထောက်လှမ်းရေးက ရာစစ မှန်ရာလုပ် ဟုတ်တာပြောဖို့ မမေ့နဲ့ လုပ် နေသေးတယ်၊ ငါတို့ကို ရိနေတာပေါ့ ဟုတ်လား ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင် မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။ မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောက မှာ မုန်တိုင်း ၃ လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံက ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူ မကြာခဏ ဆိုလေ့ရှိတဲ့ သီချင်း ကတော့ ဆရာမြို့မငြိမ်း ရေးတဲ့ ရေချိုးဆိပ်နဲ့ နပန်းဆံ သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ ဖြန်းကနဲ ပြီးတာနဲ့ လုပ်ပါဦးကွ အိပွဲ့ အိပွဲ့ ပြောလိုက်ရင် သူက စဆို ပါတော့တယ်။ အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ် …။ ကိုစံလွင်လေးကို စစ်ဆေးတဲ့အချိန်မှာ ဓားမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစား ရရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျနော် တို့နဲ့အတူ ပါလာပြီး ၁၉၉၈ ကျနော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှား တဲ့ စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျနော်တို့ နဲ့အတူ ပျော်ပျာ်ကြီး ပါလာပါတယ်။ ၅ ညနဲ့ ၇ နှစ်ပါ။ မန်းလေး ထောင်ထဲမှာ ကျနော်တို့နဲ့ ဆက်ပြီး အိပွဲ့ အိပွဲ့ သီချင်း ဆက်ဆို ကြပါတယ်။ ခုတော့ ထောင်က ပြန်လွတ်လာပြီး အထဲမှာ စဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။

နောက် အဆိုကောင်းတယောက်ကတော့ စမ်းချောင်း အခြေခံပညာ သမဂ္ဂ ကျောင်းသားလေးဘ၀က တောခိုလာတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာ ချစ်ကြတဲ့ ဘိုဘို တယောက်ဟာလည်း အသက်မသေရေးအတွက် ကျနော် NIP က ပါလို့ ထွက်ဆိုချက်ပေးပြီး အကျဉ်းသားဖြစ်လာရရှာပါတယ်။ ဘိုဘို ကျောင်းသားတပ်ဖွဲ့က တီးဝိုင်းမှာ ပင်တိုင်အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲဆိုရတာမို့ ကျောင်သားတပ်ထဲက ကေအိုင်အေဘက်က မိသားစုတွေက အစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။ ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့သူက ဘိုဘိုရဲ့ သဘာဝ ရဲ့ရင်သွေးငယ် အပြီးမှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ သီချင်းတပုဒ် ကို ဆိုဖို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီလို အချီအချ ဖြစ်နေကတည်း က ဘိုဘို့ ဘေးမှာ ကပ်ပြီး လှဲအိပ်နေတဲ့ ကျနော့်စိတ်ထဲမှာ ပြဿနာ တော့ စပြီဆိုတာ သိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်း သာတော့ဘဲ “ပျံသာပျံပါ ခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်း ဆွတ်ဆွတ်နဲ့ စဆိုပါတော့တယ်။ ဒီလိုအခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့ သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကို စည်းပြီး လှဲအိပ်နေကြရတဲ့ ကျနော်တို့အားလုံးဟာ စူးနစ်တဲ့ ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။

“… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ …” တဲ့။ ကျနော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက် ပါဘူး၊ “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့ တကိုယ်လုံး ကျနော့်အပေါ် ပုံကျလာပါတယ်။ အကြောင်းကတော့ သူ သီချင်းဆို တဲ့အချိန်မှာ အင်မတန် လက်ယဉ် သွေးဆာတတ်တဲ့ လက်သီးဆိုတဲ့ နောက်တန်း လုံခြုံရေးတာဝန်ကျ တယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ ဘိုဘို့မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသား တော်လှန်ရေးသီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန် သေနတ်ဒင်နဲ့ ခေါင်းကို ရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်း က သွေးတွေ ကျနော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။ အဲဒီမှာ မရပ်သေးဘဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။ ခံရတဲ့သူမှာတော့ မသိပါဘူး၊ ကျနော့်စောင်နဲ့ အင်္ကျီတွေကတော့ သွေး နဲ့ ရွှဲနစ်နေပေမယ့် ကျနော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံမှ ထွက်မလာပါဘူး။ အမှန်တရားကို ချစ်လွန်းလို့ ကျနော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသား ကြားနေရတဲ့ ဒီမတရားမှုကြီး အတွက် တားမြစ်ကန့်ကွက်ဖို့ နေနေသာသာ နားရွက်တောင် မခတ်ရဲဘဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ်မိမိ စက်ဆုပ်အော့နှလုံးနာရပါတယ်။ တကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာ ကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကို ချော်ပြီး အိပ်နေတဲ့ ကျနော့်နံကြားထဲ ကို အရှိန်နဲ့ တိုးဝင်ဆောင့်ပါတော့တယ်။ နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တချိန်လုံး ဘယ်သူ တဦးတယောက်ကမှ တားမြစ်ခြင်းမရှိပါဘူး။ တနာရီလောက် ကြာတော့ သူနာပြုအဖွဲ့ ရောက်လာပြီး ခေါင်းက ကွဲနေတာတွေကို အစိမ်းချုပ်ချုပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။

ဒီဘိုဘို (ခေါ်) မိုးကျော်သူဟာ ၁၉၉၈ ခုနှစ် ကျနော်နဲ့အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့အထဲမှာ အမှုတွဲဖြစ်ပြီး ကျနော်တို့က ၅ ည နဲ့ ၇ နှစ် သာ ကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ်နှစ်ဆယ် ချလိုက်ပါတယ်။ မန်းထောင်ရဲ့ ညချမ်းဂီတ ဆည်းဆာတွေဆိုရင် အမြဲပွဲတောင်းခံရပြီး မကြာ ခဏ “ပျံသာပျံပါ ခွပ်ဒေါင်းနီ” သီချင်းကို ဆိုလေ့ရှိပါတယ်။ ၂၀၀၀ ခုနှစ် မန်းထောင် ထောင်တွင်းတိုက်ပွဲတွေမှာ ကျနော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘိုတယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံလိုက် ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘိုတယောက် ပြန်လွတ်လာပါတယ်။ အွန်လိုင်း ပေါ်မှာ တနေ့က တွေ့တော့ ခု ထောင်က လွတ်လာပြီး ဘာတွေလုပ် နေလဲဆိုတော့ ၈၈ က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကာလ အတွင်း ထင်ရှားခဲ့တဲ့ တိုက်ပွဲဝင် တော်လှန်ရေးသီချင်းတွေကို ခုလူငယ် တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတခုကို လုပ်နေတယ်။ အခု အတီးပိုင်းပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့ မေးတော့ ….. “အဟီး ... ကျနော်ပဲပေါ့” … တဲ့။ လူငယ် ပြောလေ့ရှိတဲ့ စကားနဲ့ပြောရင်တော့ “အင်း… မနိုင်ပါလား” လို့ တွေးမိပါတယ်။ “ကျနော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ် (၀ါးဟားဟား)” “လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)” “တနေ့ကလည်း လူသုံးယောက် ကျနော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရ မလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး (၀ါးဟားဟား)” “သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျှောက်သွားတော့ ဌာနာအုပ်က မေးတယ် ဘယ်သွားမလို့လဲတဲ့။ ကျနော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲ ပြောလိုက်တယ်။ ရေနံဆီ ၀ယ်သွားမလို့ပါ (၀ါးဟားဟားဟား)” ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင် ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ် လူရွှင်တော်ကြီး ဦးဓာတ်ဆီ၊ ဦးဓာတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။ ဒီပြက်လုံးတွေကို ရွေးချယ်တင်ဆက်ရတာက ကျနော်တို့ ရဲဘော် အကျဉ်းစံတွေအားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရယ်ရမယ့် နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့ လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။ သူတို့တွေ ထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေ စည်း ထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက် တွေ၊ ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။ ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေ အားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု ၂ မျိုး၊ ၃ မျိုး လောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျနော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိသတ်က ရယ်ကြတယ်ဆိုတာမျိုးက အလွန် ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲဖြစ်ဖြစ်၊ ပရိသတ်က မသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲ မှာကတော့ ပရိသတ်က ရာခိုင်နှုန်းပြည့် အူလှိုက်သည်းလှိုက် ရီကြ သဗျ။ တခါတလေဆို မရယ်ရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက် သည်းလှိုက် ရယ်ကြသဗျ။ ဘယ်မရယ်လို့ ရမလဲဗျာ။ ထောင်မှူးဆိုတဲ့ ယမမင်းလက်သစ်က ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ်၊ လူရွှင် တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရယ်ရမယ့်နေရာရောက်ရင် ရယ်ရမယ်ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက် မှာ မသဲကွဲလို့ သူမျုားနဲ့ ရောယောင်မရယ်ဘဲ အူကြောင်ကြောင်ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရယ်တာလဲဆိုပြီး “ဂွမ်း” ကနဲ ခေါင်းကို တချက်ကျွေးလိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန် တဲ့သူအားလုံးဟာ ကျနော် တလုံးပြက်ပြီးတာနဲ့ “၀ါးကနဲ ... ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်က လိုက်ရယ်ပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရယ်လိုက်ကြတာ တခါတခါ သူတို့ရယ်သံက ရှေ့က ပြက်လုံး ပြက်နေတဲ့ ကျနော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ရယ်သံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ်တချောင်းနဲ့ ခေါက်တုန့်ခေါက်ပြန် ရယ်ဖို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။

တကယ်ပါ။ ကဗျာဆရာ မာယောကော့စကီးနဲ့ ကျနော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှားသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင် မှာ ဖြစ်ခဲ့တယ်။ အရှေ့ ခွန်နှစ်ဘ၀၊ အနောက် ခွန်နစ်ဘ၀ အနုပညာမရ တဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျနော့်အနေနဲ့ သူတို့နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ တခါ က မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ်ဘုရင်ခံတောင် မရှုစားခဲ့ရ ဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အ၀တ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံးအလိုက်နဲ့ တ၀ါးတဟားဟား အော်ရယ်ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည်ရှက်ရည် ခံစားနေကြသဗျ။ တခါတခါကျတော့လည်း ကျနော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက် စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံ တွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျနော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖောင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံး ဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှ ပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန် မြေအောက် လိုဏ်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။ အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ၊ ဘွတ်ဖိနပ်တွေ ရှပ်တိုက် ရွေ့လျားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီး ဟာ ထိုင်နေတဲ့ ကျနော်တို့လူတန်း တဘက်ထိပ်ကနေ တရွေ့ရွေ့ နီးလာနေသလို အဲဒီနောက်ကနေ “ဟိုတယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိခေါင်း ကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက်ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီး ပထမတုတ်ချက်မှာတင် ခေါင်းကွဲသွား ဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲ တချက်ဖြစ်ပြီး လဲအကျ “ဘောကြီး ခေါင်းကွဲသွားပြီ” လို့ နောက်က လိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ ကျနော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့် သူနာပြု တွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော် ရိုက်နှက်ဦးမယ့် နောက်အကျော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ ကွဲသွားတဲ့ ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ ကွဲလွယ်မှုအပေါ် တော်တော်ဂုဏ်ယူသွားသဗျ။ ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို ခေါ် လို့ရတဲ့ အကြောင်းမယ် ကျနော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေး တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှုသဖွယ် ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှူး၊ ထောက်လှမ်းရေးမှူး၊ တခါတလေ အထူး ဧည့်သည်တွေရောပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလိုပေါ့ဗျာ။

ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေး ကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလား မသိဘူးဗျ။ “မိမိတို့နိုင်ငံအတွက် အသက်ကိုပင် မငဲ့ကွက်ဘဲ ပေးလှူထားသော တော်လှန်ရေးခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှာ အရက်သေစာ တို့ကို သောက်ကြ စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ် ယစ်ကာ အပျော်အပါးကြား မျောပါနေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန် တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန် ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင် နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” လို့လေ ...။ အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါ သာအောင် လာရောက်ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ ... ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ” လို့ ကျနော် ရှေ့က ပြောသွားတဲ့ နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားက လာပြီး “ဒါသက်သက် လူအချင်းချင်း ခြေနဲ့နင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောက ပြောသလို စိတ်ပြောင်းပြီး တုတ်သွားဆွဲတော့ ခင်ဗျားက ဘာမှတတ်နိုင်တာ မဟုတ်ဘူးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျနော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြ ရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူး ကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။

ပထမဦးဆုံး ကိုနေ၀င်း ရေးပြီး ခိုင်ထူး ဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲ ဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင် (ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက် ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘိုဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင်ကလည်း အေဘီမြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျနော်တို့ ပြဿနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနား ဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဖူးသဗျ။ ဒီအနိဌာရုံတွေ မကြုံလိုက်ရဘူးပေါ့ဗျာ။ ကျနော် ခုပြောတဲ့ မောင်မောင်ခင် က နောက်ပိုင်း ကျနော်တို့နဲ့အတူ ထွက်ပြေး လွတ်မြောက်လာတဲ့အထဲမှာ ပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျနော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။ သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံး လုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ့ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေကို မီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ် ချတော့မှ ကိုယ်တော်က ကျနော်နဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေ ပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။ သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရော ခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှမ်းရေး စစ်ကြောရေးတာဝန်ခံ တပ်ကြပ်ကြီး သန်းဇော်က ကျနော်တို့ကို လာပြောလို့ သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီး ရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ ရတာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့အတူ ချုပ်ထားစဉ် တလျှောက်လုံး ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ၊ ခြေသလုံးထိ သံကို ရိုက်သွင်း ထားတဲ့ ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ ပါဘူး။

ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။ သူ့ကိုက ငြှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက်လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူ သီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။ “မှိုင်းပြာမှုန်ဝေ ... တိမ်မဲညိုရိပ်တွေ ... တောင်ပြန်လေ ...” သီချင်းစာသားတွေအတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျနော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။

ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြမလဲ” လို့ မေးရင်ကို တခါတရံ မှာ သူ့သဘောနဲ့သူကို ထထိုင်ပြီး ကိုနေ၀င်းရဲ့ ‘အားလုံးကို ကျော်ဖြတ်ရမယ်’ ဆိုတဲ့ သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်း ကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော် မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာ ချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလား လို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။ တကြိမ်မှာတော့ သူနဲ့ကျနော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။ သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျနော့် ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖော်ထုတ်ပေး ပါဗျာ” လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့ နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ပုံက တကယ့် အဆိုတော် တယောက်လို ဆိုနိုင်သလို တလုံးတလေ ယိုင်သွားတာ တိမ်းသွား တာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် ၂ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။ ကျနော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီးဆိုတဲ့ လုံခြုံ ရေးတာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အစ်ကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဖူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီးအတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရ နိုင်တော့ပါဘူး။ ကျနော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီးတယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော် ကြာမှ “ကျေးဇူးပါပဲ အစ်ကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။

နောက်ပိုင်း ကျနော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင် မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရ တော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊ မျိုးရိပ် မကင်းဘူး ဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအစ်ကိုတွေဟာ အိမ်မှာ အပျော်တမ်းတီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာ ကြီးတယ်လို့ ဆိုပါတယ်။

ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျနော်တို့ နားထောင်ခွင့်ရခဲ့ဖူးပါတယ်။ အဲဒါ အသတ်မခံရမီ ရက်ပိုင်းအလိုကပါ။ ဒီလို စပယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆို တဲ့သူက ဥက္ကဋ္ဌလုပ်တဲ့ ကိုအောင်နိုင် ဖြစ်လို့ပါ။ ကျနော်တို့အားလုံး အစ်ကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကို အသားကုန် စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာလက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ်။ တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မထွက်ပါဘူး။ “အိုး ... ခေါင်းမှာ စည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး အများကြီး အများကြီး တွေ့တယ် ...” ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျနော်တို့ အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်း မှာ သီချင်းဆိုရင် ဂစ်တာကို ကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခို လာတာပါ။ မငယ်တယောက် NIP က လွှတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ရတယ် ဆိုတာ မဖော်ပြပါရစေနဲ့။ ကေအိုင်အေက ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာအသိုင်းဝိုင်းကိုမှ အဆက်အသွယ်မလုပ်ဘဲ နှစ်ပေါင်း ၂၀ နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲ့သီချင်း အမြဲဆိုလေ့ရှိသဗျ။ မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့အလှပါ။

အေဘီ ရဲဘော် အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာ တော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။ သူတို့ရှေ့က ပုလင်းတွေထဲက အရက် တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓာတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရ ပါတယ်။ နောက်ဆုံးမှာတော့ ကျနော်တို့ဆီ ရောက်လာပြီး လူကက်ဆက် တွေထ လုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှူး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာ ဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီးတခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တတွေပေါ့ဗျာ။ ကျနော်ထင်ပါတယ်၊ ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ် ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။

ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက်ဟောင်းတွေဆီက ကွန်ပလိန်း တက်လာ တာလေး ပြောချင်သဗျ။ အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက်ဖန်ရှင် တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့် ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက်အဖွင့်နဲ့ အပိတ် ဘယ်လို လုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ်စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ် မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက် သီဆိုရပါသဗျ။ နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။ မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျနော် အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ အတူ လုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက် လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဘက်ကို သံရိုက်ဖောက်ပြီး ကားရားကြီး ဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျ ခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။ မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေး ထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ် ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေ့ရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက် ခဲ့ပုံကို မြင်တွေ့ဖူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင် ညဘက် လူကက်ဆက်ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျနော့်အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာ ဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့် ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။ အထူးသဖြင့် … “လေကို ဆန်ကာ ပြေးလေသလား ငှက်ငယ်၊ မြေကို လှန်ကာ ပြေးလေသလား ငှက်ငယ်” ဆိုတဲ့နေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲ ထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်းချင်ပါနဲ့ကွယ်၊ အခက်ပွေ သေးတယ်၊ ငှက်တေလေကလေးရယ်” … ဆိုတဲ့ နေရာရောက်ရင် ဘ၀အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောက ထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။ ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်း ရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေလို့ တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေ က မန္တလေးဘွဲ့ရ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့ သိရပါ တယ်။ ကိုကျော်ဝေနဲ့ ကျနော်တို့အားလုံးကြား ကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ ဖောက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်း ကို မြင်ရတိုင်း ကျနော်တို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင် ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာ နီးမှာတော့ ... “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။ ခုဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦး အကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျနော် ထပ်မရေးပြချင်တော့ပါဘူး။ မချိုဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင်သွားခဲ့ရသဗျ။ ကျနော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသားအားလုံးအတွက် ထမင်းချက်ကျွေး ရပါတယ်။ ထမင်းချိန်မှာ ကျနော်တို့က သတ်မှတ်ထားတဲ့နေရာမှာ ခေါင်းငုံ့ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည် လောက်ရှိတဲ့ မိုးကာစမှာ ထမင်းတွေ ထည့်ပြီး လိုက်ချပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေး တွေကို ခွာပြီး ကျနော်တို့ကို ထမင်းနဲ့ တို့စားရအောင် မျှဝေပေးတတ် ပါတယ်။ မချိုကို ကြည့်ရတာ သီချင်းတွေ ဘာတွေဆိုတာ ၀ါသနာရှိ ပုံမရသလို ဆိုလည်း ဆိုဖူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမယ့် လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့် ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်း ကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသော ပန်းချီကား” သီချင်းပါ။ နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခို လာသတဲ့။ ၉ တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဖူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊ မဟုတ် မသိ ပေမယ့် ကျနော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာတော့ ကျောင်းသား ခေါင်းဆောင် ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှုတွေ လုပ်ခဲ့တဲ့ အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့အဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစော ဘယ်မှာလဲ မေး ကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ် တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင် ရေးပြီး ကိုခင်ဝမ်း ဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်း နဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆို တယ် ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ခမျာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။ မျိုးချစ်လူငယ်များအစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဖူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ရသဗျ။ တညမှာ သီချင်း ဆိုနေရင်း တပ်ရင်းမှူး အောင်သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျနော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက ၂ ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တာ့ ၂ ပတ်လောက် ဘာမှ မေးလို့မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ်ပြန်ရောက် လာတော့မှ သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့်ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျနော်တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။ သူ့မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ ၇ နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။

ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆို သူက ၀ဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြေငြိမ်းတို့လို ဆိုက်ဂိုက်မျိုးမို့ ဓာတ်ရှင်မင်းသားဘ၀နဲ့ ကျော်ကြားနိုင် ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။ သူ ပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှုတလျှောက်လုံးမှာ အမှန် အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓားမြောင်နဲ့ သူ့ခြေသလုံး ကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ကျနော် ရန်ကုန်ကို ပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျနော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏသူငယ်ချင်းပါ။ တောထဲမှာ ဆုံဖူးတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေသဗျ။ ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင် ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီကလည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲခင်ဗျ။ အေဘီအတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့် တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်း လေးဖွင့် အသက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးဂဲလ်ရဲ့ “ဟော်တယ် ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ်သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘိုသီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှူးလက်ဝါးက ကိုညီညီဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင် နားလည်တဲ့သူ ဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံ ရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ်ပန်းချီကျော် ခင်ဝမ်းက သူ့ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ ‘မြားဘုရင်’ သီချင်းတပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။ သေရေးရှင်ရေးဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ ရဖို့ ဖြစ်လာတဲ့ ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှ မညဉ်းဖူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦးလို လူမျိုးလည်း ကြုံခဲ့ရဖူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဖူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေး ထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့လူ ရှိကို မရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီတဲ့အလုပ်ကို ကိုယ့်အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အန်အယ်လ်ဒီပါတီဝင် ဦးကျားကြီးလို လူမျိုး မြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောက မှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုး ပါပဲ။ အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ် ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓာတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော် အကျပ်ရိုက် ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။ “ရောင်စုံ ဘောလုံး ... ရောင်စုံ ဘောလုံး ... တလုံး ငါးပြား” ... ပါ။ ကျနော်တို့ကို ၁၉၉၈ ခုမှာ ဖမ်းတော့ ကိုကြောင်ကို ထောက်လှမ်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေ လည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်းတယောက် သာယာဝတီထောင် ရောက်လာတယ်ဆိုတာ ကိုကြောင်က ပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ်လို့ ပြောတဲ့အခါ ကျနော်တို့ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှ သဘောထား ပေးမလာတဲ့အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျနော်တို့ သဘောကတော့ ကိုသံချောင်း ပြုခဲ့တဲ့ ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။ ကျနော်တို့ ကြုံခဲ့ရဖူးတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျနော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပတ် ထပ်မလည်ကြဖို့က အရေးကြီး ဆုံး ဖြစ်ပါတယ်။ ကျနော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ်ဓာတ်ကို ပိုလို့ လေးစားမိပါတယ်။ ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ.ထ.က ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို တွံတေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ အညှာတခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျနော်တို့အားလုံး စာသားအတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို ကျနော်တို့လည်း သူနဲ့ အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြား နေရာ ဟုတ်ပါရိုးလား။ ကြည်း ရေ လေ တပ်မတော်တွင်းက သူငယ်ချင်း တွေ ဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာ မဖြစ်တာ။ တညမှာတော့ ထောင်မှူးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျနော်တို့ကို တယောက်ပြီး တယောက် ထခိုင်းပြီး စည်းစိမ်ယူနေရာ မန္တလေးတက္ကသိုလ်က မြန်မာစာ တတိယနှစ်ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက် လာပါသဗျ။ ကိုအောင်မင်းက တခါမှ သီချင်းဆိုဖို့ ခိုင်းတာ မခံဖူးရလေ တော့ ကျနော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့မှာလား ... အို တခါတရံ အမှားအတွက်နဲ့ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျနော်တို့ အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေအတိုင်း စီးမျောပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်းခရေဇီကိုး။ “ကာယကံရှင် လူကိုယ်တိုင် အသိထက် ဘယ်ပိုနိုင်မှာတုန်း ... အများနဲ့ တယောက် တုဖက်ပြောရင် ... အားနည်းတဲ့ တယောက်က အရှုံးပေါ့ ... မသွားလည်းဘဲ ရောက်ခဲ့မိပြီကိုး ...” သီချင်းရဲ့ စာသားရော သံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။ “မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရား စွပ်စွဲဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ... ငါ့ နံချပ်ကူ အစွမ်း ပြရသေးတာပေါ့ကွာ။ မင်းတို့ကို စစ်နေတဲ့ ထောက်လှမ်းရေးလောက်တော့ ငါလည်း ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညည်းညူသံ၊ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ်လာပါတော့တယ်။ ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာ ရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာမတားကြပါဘူး။ ကျနော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ကြသူတွေပါ။ တကယ့်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာ ကြီးကို ကြားနေပါလျက်နဲ့ ကျနော်တို့ လူ ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူ မတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြော နိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှူးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရ တဲ့ ဘ၀ဟာ ကိုအောင်မင်းအတွက်သာမက ကျနော်တို့အတွက်လည်း ငရဲညပါပဲ။ တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင် အပြင်ကိုထွက် တန်းမစီနိုင်တော့ပါဘူး။ ကျနော်တို့တွေကတော့ ထုံးစံ အတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် ... စတဲ့ အလုပ်ကြမ်းခွင် တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေ အလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက် ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက်တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညက သူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ပဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင် ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူအသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဖို့ မေး တော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက် လာဘဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။ ၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်) ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါ တွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျောခိုင်းသွားခဲ့ရဖူးတဲ့ ဒီမိုကရေစီဘက်တော်သားတဦး ရှိခဲ့ဖူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက် ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့်သူလို့ ယုံကြည်ပါရစေ။ ဒါဖြင့် ရိုက်သတ်လိုက်တဲ့ကိစ္စအတွက် ထောင်လုံခြုံရေးတာဝန်ခံ ဘယ်သူကမှလည်း လာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင် ထုတ်ထား လိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြော ပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ်၊ ဘယ်သူတွေ တာဝန် ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြှုပ်ပေးမယ်ဆိုရင် မြှုပ်တဲ့အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့ လိပ်တစည်း ရပါတယ်။ ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့် သူတွေအတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျနော်အပါအ၀င် ဖမ်းထားသူတွ ညသန်းခေါင် လောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ ညတာဝန် ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ် လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တပ်သားရဲဘော် တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဖို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင်ခမျာ တပ်ဖွဲ့ ဘက်ဂျက်ထဲက ငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။ ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ပါတယ်။ ဆိုးဝါးလှတဲ့အဖြစ်တွေ ကျနော်တို့ သမိုင်း မှာ ရှိခဲ့ပါတယ်။ တကယ်က ကျနော်တို့ ဖြတ်သန်းချိန်မှာ တာဝန် မကျေနိုင်ခဲ့ကြပါဘူး။ မိမိအသက်ကို ငဲ့ပြီး အမှန်တရားကို မျက်ကွယ် ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ်နေခဲ့ရတာလောက် ပြန်တွေး တိုင်း ရှက်စရာကောင်းတာ မရှိတော့ပါဘူး။ စာကို ဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင် ကျနော်တို့ သူရဲဘောကြောင်မှု အတွက် တောင်းပန်လိုက်ပါတယ်။ တခါတခါကျတော့လည်း ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရတာ သူများကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဖူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။

-ပန်းချီ ထိန်လင်း

17 comments:

nyinyi said...

ခင်ဗျားတို့ဘ၀ကလည်းဆိုးလိုက်တာဗျာ စိတ်မကောင်းပါဘူး... ဘယ်လိုဖြစ်ပြီးဒီလိုဘ၀မျိုးတွေနဲ့ကြုံတွေ့ခဲ့ရတာလည်းဗျာ

nyinyi said...

စိတ်မကောင်းပါဘူး

Anonymous said...

ဘယ်လိုဖြစ်ပြီးဒီလိုဘ၀မျိုးတွေထဲကို ရောက်ခဲ့ကြုံခဲ့ရတာလည်းဗျာ စိတ်မကောင်းစရာပါဘဲ

Anonymous said...

စိတ်မကောင်းလိုက်တာဗျာ

Anonymous said...

ကျေဇူးပါဘဲ

Anonymous said...

ဘယ်လိုဖြစ်လို့ တော်လှန်ရေးရဲဘော် ရဲဘက်တွေကနေ အဲဒီလို ရုတ်တရက် အဖမ်းဆီးခံလိုက်ရလည်း ဆိုတာ သေချာသိပါတယ်

Thiha oo said...

ဘယ်လိုဖြစ်လို့ တော်လှန်ရေးရဲဘော် ရဲဘက်တွေကနေ အဲဒီလို ရုတ်တရက် အဖမ်းဆီးခံလိုက်ရလည်း ဆိုတာ သေချာသိချင်ပါတယ်

Anonymous said...

ဘယ်လိုဖြစ်လို့ တော်လှန်ရေးရဲဘော် ရဲဘက်တွေကနေ အဲဒီလို ရုတ်တရက် အဖမ်းဆီးခံလိုက်ရလည်း ဆိုတာ သေချာသိချင်ပါတယ်

lin zaw said...

I am really sorry for your story bro no matter how many years passed by we will never forget what they've done that was written by the bloods of our comrades.Thanks to "human cassette" for sharing information.

Anonymous said...

သြော်.. ဒါလား ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ အဖွဲ့အစည်းကလူတွေ၊ လုပ်ရပ်တွေ???

လူဆိုး said...

တ၇ားခံတွေကိုလွှတ်မထားပါနဲ့ အဆုံးထိလိုက်ကြပါ ခံခဲ့၇တဲ့သူတွေ သနားဖို့ကောင်းတယ်

Anonymous said...

I read many time and very sad , Myo Win , Ronald Aung Naing ,Dr Naing Aung ,Than Gyaung and Hla Sine group were cetful ,wicked and mind inferior.

Anonymous said...

ပါဝင်တဲ့ သူတွေရဲ့ ပုံတွေ..နေရပ်လိပ်စာတွေကို စိတ်ဝင်စားတယ်ဗျာ...သိချင်လို့...ကျေးဇူးပြုပြီး တင်ပေးပါလား...

Ko Marky said...

အသည်းနာစရာ ကောင်းလိုက်တာဗျာ။

Ko Marky said...

အသည်းနာစရာ ကောင်းလိုက်တာဗျာ။

Aungsoe said...

အေဘီသမိုင်ကိုရုပ်ဆိုးအကျည်းတန်အောင်လုပ်ခဲ့သူတွေကို- လှည့်စားချေကြပါ။

အဲဒီကောင်တွေနားမှာအခုတဲ့ထိတော်လှန်ရေးအမည်ခံသမားတွေကအရှက်ကြောက်

မရှိဆက်ဆံနေတုန်းပါ။ အမှန်မှာ- အဲဒီမှာပါဝင်ပတ်သက်သူတွေကိုအဆက်ဆံမလုပ်ပဲ- ကျဉ်ထားရမယ်။

Aungsoe said...

အေဘီသမိုင်ကိုရုပ်ဆိုးအကျည်းတန်အောင်လုပ်ခဲ့သူတွေကို- လှည့်စားချေကြပါ။

အဲဒီကောင်တွေနားမှာအခုတဲ့ထိတော်လှန်ရေးအမည်ခံသမားတွေကအရှက်ကြောက်

မရှိဆက်ဆံနေတုန်းပါ။ အမှန်မှာ- အဲဒီမှာပါဝင်ပတ်သက်သူတွေကိုအဆက်ဆံမလုပ်ပဲ- ကျဉ်ထားရမယ်။