Tuesday, 31 January 2012

မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရ နေ့သို့ ဖိတ်ခေါ်ခြင်း




သေတွင်းကို ချဉ်းနင်းသူချင်း
အချင်းချင်း ဂုဏ်ပြုလိုတယ်
သေသည်ဖြစ်စေ
ရှင်သည်ဖြစ်စေ
တစ်ဦးချင်းတွေရဲ့ ဖြတ်သန်းမှု
မြင့်မြတ်ရဲရင့်မှုတို့ အတွက်
အဓိပ္ပါယ်နက်တဲ့ဆုံဆည်းမှု
အခုပြုကြမယ်
နှစ်(၂၀)တိုင်
စိတ်ခိုင်ခိုင်နဲ့ 
သေသူများရဲ့ ကိုယ်စား ရှင်သူများဖြစ်ခဲ့
ကျန်ရစ်တဲ့သူများကို ဖိတ်ခေါ်လိုတယ်......

ဒို့ အထဲမှာနေ သေတာက-

(၁) စည်သူ (စမ်းချောင်း)
(၂) စမ်းမြင့်ကိုကို(ပျဉ်ပုံကြီး)
(၃) အောင်ဝင်း(မြစ်ကြီးနား)
(၄) သိန်းနိုင်ချို(မန္တလေး)
(၅) ကျော်ကျော်ဦး(မုံရွာ)
(၆) စံလွင်လေး(အမရပူရ) ထောင်မှလွတ်ပြီး မကြာခင်သေဆုံး
(၇) ရာပြည့်(ခ) ခင်မောင်ထွန်း အိုးဘိုထောင်အတွင်းသေဆုံး

အဝေးရောက်သွား ရေမြေခြားက- (ပြည်ပ)

(၁) မငယ်(ခ)နန်းအောင်ထွေးကြည် (ကမာရွတ်၊ရန်ကုန်)
(၂) ထင်လင်းအောင် (သထုံ)
(၃) ထိန်လင်း (အင်္ဂပူ/ဧရာဝတီတိုင်း)
(၄)ဖိုးကျော်(ခ)ကျော်ဝင်းဆွေ (စမ်းချောင်း၊ရန်ကုန်)
(၅)နန်စော (ဗန်းမော်)

ကျန်နေသူများ က (ပြည်တွင်း)

ရင်း(၄၀၁)မှ
(၁) ကျော်စွာဝင်းမောင် (ရန်ကုန်)
(၂) တိုးကြည် (ဒေါပုံ၊ရန်ကုန်)
(၃) ဝဏ္ဏဇော် (ရန်ကုန်)
(၄) ပိပိ(ခ)တင်လွှမ်းမိုး(ရန်ကုန်)
(၅) ဇော်မိုး (ရန်ကုန်)

ရင်း(၅၀၁)မှ
(၆) သိန်းထွန်း (ကျောင်းကုန်း/ရန်ကုန်)
(၇) ကျော်မျိုး (သထုံ)
(၈) နိုင်လင်း (သထုံ)
(၉) လှဝေ (သထုံ)
(၁၀) မောင်မောငေ (ဒလ)
(၁၁) အောင်နိုင် (သနပ်ပင်)

ရင်း(၇၀၁)မှ
(၁၂) ညီညီကျော် (မန္တလေး)
(၁၃) ညီညီ (မန္တလေး)
(၁၄) ဂျိုးဖြူ(ခ)နိုင်ဝင်းအောင်(မန္တလေး)
(၁၅) ခိုဖြူ(ခ)ခင်မောင်ဇော် (မန္တလး)
(၁၆) ကိုဇင်(ခ)ကျော်ဆန်းဦး (မန္တလေး)
(၁၇) မန္တလာထိန်လင်း(ခ)လွင်မင်းသန့်  (မန္တလေး)
(၁၈) စိုးလွင် (မန္တလေး)
(၁၉) ရဲလင်း (ရန်ကုန်)
(၂၀) ဘိုဘို(ခ)မိုးကျော်သူ (စမ်းချောင်း၊ရန်ကုန်)
(၂၁) မိုးကြီး(ခ)မိုးဇော်ထွန်း (ရန်ကုန်)
(၂၂) မြင့်ဇော်ဝင်း (ရန်ကုန်)
(၂၃) သင်းသင်းညီ (ရန်ကုန်)
(၂၄) ကိုကြောင်(ခ)ကျော်နိုင်ဦး (သာယာဝတီ)
(၂၅) ရိုဇာ(ခ)ညီညီအောင်( ပဲခူး)
(၂၆) ကျော်ဦး(ခ)အောင်ကျော်ဦး (ရန်ကုန်/ပဲခူး)
(၂၇) ဒဿ(ခ)မောင်မောင်ခင် (ကသာ/ဘုတလင်)
(၂၈) ကျော်ဇင်ထွန်း (ကသာ)
(၂၉) ဖိုးဆန်း(ခ)ဆန်းဝင်း (ကသာ)
(၃၀) သက်တင် (ဗန်းမော်/ရန်ကုန်)
(၃၁) ဂမ်မလီ (ဗန်းမော်)
(၃၂) စိုးကြိုင် (ကျွန်းကြီး၊ဗန်းမော်)
(၃၃) ဥတည်ဘွား(ခ)ကျော်သိန်း (ကျွန်းကြီး၊ဗန်းမော်)
(၃၄) စိုးလေး(ခ)စိုးဝင်းထွန်း (အင်းတော်/ပွင့်ဖြူ)
(၃၅) ဘိုတောက်(ခ)ထွန်လင်းစိုး (အင်းတော်/ )
(၃၆) စံမျိုးအောင် (အင်းတော်)
(၃၇) နိုင်အောင်(ခ)ဌေးမြင့်သိန်း (မိုးကုတ်)
(၃၈) မတူးတူး (မိုးညှင်း)
(၃၉) ရုက္ခစိုး(ခ)စိုးမိုး (မိုးညှင်း/ )
(၄၀) အီနွတ်(ခ)သန့် ဇင်မိုး (မိုးညှင်း)
(၄၁) ကိုမျိုး (နမ့်ဆော်လော်/နမ္မား)
(၄၂) ဝင်းနိုင်စိုး (နမ္မား)
(၄၃) အောင်အောင် (နမ္မား)
(၄၄) တာကော(ခ)ထွန်းဇံ (မြစ်ကြီးနား)
(၄၅) ပေါ်ဦး (မုံရွာ)
(၄၆) မြင့်ဇော် (မုံရွာ)
(၄၇) အောင်မွန် (မုံရွာ)
(၄ဂ) စိန်ဂေါ်လီ(ခ)မျိုးဇော်အောင် (ကန့် ဘလူ)
(၄၉) စွေစောင်း(ခ)ဝင်းမြင့် (ထန်းတပင်၊ဇီးကုန်း)
(၅၀) ဘောတလုံး(ခ)ကျော်ကျော်နိုင် (ကာဘိုး)
(၅၁) OK(ခ)အုန်းကြိုင် (မန္တလေး/ဇီးကုန်း)
(၅၂) ခင်မောင်ကြည် (အထက်မင်းလှ)
(၅၃) ကံမြင့်ဦး (လယ်ဝေး)
(၅၄) ထွန်းဦးခိုင် (ရွှေဘို)
(၅၅) ဇော်ထွန်း (ကျောက်မြောင်း)

ရင်း(၇၀၂)မှ-
(၅၆) မြင့်သိန်း(ဘာဘူ) (ကသာ/မန္တလေး)
(၅၇) ညီညီနိုင် (ဂန့် ဂေါ)
(၅ဂ) ဟန်ဝင်းအောင် (ကာဘိုး/မန္တလေး)

ABSDF(ဗဟို)မှလွတ်မြောက်
(၅၉)စိုးလင်း (မန္တလေး)

အားလုံး စုံစေချင်ပါတယ်၊ ဆက်သွယ်ပါ။
ညီညီကျော်(ဖုန်း-၀၉၉၁၀၁၈၇၅၃)နဲ့
နီးစပ်ရာသူငယ်ချင်းများကိုပေါ့။

(ကို Kyaw Gyi AB ၏ facebook စာမျက်နှာမှ
ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)
Read more »

ရေစက်ချ ကုသိုလ်ပွဲ


ABSDF မြောက်ပိုင်းမှာ တပ်ဖွဲ့ဝင် အချင်းချင်း မတရား ဖမ်းဆီး
နှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသား ကိုထွန်းအောင်ကျော်
(Mandalay)နှင့်တကွ အကြွေစောခဲ့ရှာသော ကျောင်းသားအားလုံးကို
ရည်စူးပြီး ရေစက်ချ ကုသိုလ်ပွဲကို February 13, 2012
မှာ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ၊ အမှတ်- ၈၀(က)
သံလွင်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်၊ ကျဆုံး
သွားသူတို့အတွက် ထိုက်တန်တဲ့ ကုသိုလ်ပြု အမျှပေး ဆုတောင်းပွဲ
ဖြစ်ပါတယ်။

ပြည်တွင်းနိုင်ငံရေး အခြေအနေများကြောင့် ABSDF north camp
မှာ ၁၉၉၂ ခုနှစ်က ကျဆုံး (မတရား စွပ်စွဲ သတ်ဖြတ်ခံရ) သွားသူတို့
အတွက် သူတို့၏ မိဘများဆွေမျိုးများသည် သူတို့၏သားသမီးများ
အတွက် လွတ်လပ်စွာ အမျှဝေ ကုသိုလ်လုပ်ခွင့် မရခဲ့ရှာပါ။ ဗုဒ္ဓဘာသာ
အစဉ်အလာအရ ကျဆုံးသွားသော သူများကို စိတ်ဝယ်ထားပြီး
အမျှဝေ ကုသိုလ်ကေါင်းမှု ပြုလုပ်ခြင်းသည် မွန်မြတ်သောအလုပ်
ဖြစ်ပါသည်။ ကျဆုံးသွားသော ကျောင်းသားများသည် နှစ် ၂၀ ကြာခဲ့
ပြီဖြစ်သော်လည်း သူတို့၏ သတ္တိ၊ ရပ်တည်မှုနှင့် ဂုဏ်သိက္ခာတို့
အတွက် ထိုက်တန်စွာ ဂုဏ်ပြုနိုင်ရန် အလို့ငှာ ….
(၀ိပဿနာတရားကို နေ့နေ့ညည ကျင့်ကြံအားထုတ်နေသော
သူတော်စင် ယောဂိများ၏ တရားစခန်းတွင်) ကျဆုံးသွားသူများအား
ရည်ရွယ်၍ ဆွမ်းကျွေးအမျှဝေ ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ပါသဖြင့်
မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

Date:
ဖေဖေါ်ဝါရီလ ၁၃ ရက်၊ တနင်္လာနေ့ မနက် ၁၁ နာရီ၊
February 13, 2012

Time:
11 AM ဆွမ်းကျွေး၊ 12:15 PM အမျှဝေ ...

Place:
ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ (ရွေတောင်ကြား)၊
အမှတ်-၈၀ (က)၊ သံလွင်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်:
တရားစခန်း (+၉၅၁) ၅၃၅ ၄၄၈
မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း …

Contact:
Ma April Oo(+951) 579538 မဧပရယ်ဦး (ရန်ကုန်)
မိုးအောင် (၆၅၁) ၂၆၁ ၉၂၉၂ USA
ဒေါ်အေး (347) 393-0848 USA
ကိုကျော်စွာ (ရန်ကုန်) (၀) ၉၇၃၀၅၃၁၄၀

(Ma Su Mon ၏ facebook စာမျက်နှာမှ ထပ်ဆင့်ကူးယူ
ဖော်ပြပါသည် …။)


Read more »

Sunday, 29 January 2012

ကျွန်တော် မှတ်မိသမျှ ကိုမောင်မောင်ကြွယ် (အပိုင်း-၂)

ယခင်အပိုင်း(၁)မှ အဆက် …

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင် အချုပ်ခံရသော
၁၉၈၉ ခုနှစ် ဇူလိုင်လ မတိုင်ခင်မှာ ကျနော်တို့ အ.က.သ BESU
ရန်ကုန်တိုင်းရုံးအဖွဲ့ဟာ ကိုမောင်မောင်ကြွယ်၏ မွေးစားမိခင်
ဒေါ်ချိုချိုကျော်ငြိမ်း၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် အုတ်လမ်းမှ
ယခု ဗိုလ်ဆွန်ပက်လမ်း (ယခင် မောင်ထော်လေးလမ်း- အလယ်ဘလောက်
-ဂေါဇာ) ရှိ ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများ
ပါတီသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ပါတယ်၊ အဲဒီကာလနောက်ပိုင်း
မောင်မောင်ကြွယ်နှင့် ကျနော် သိပ်မဆုံဖြစ်တော့ပါ၊ တနေ့တွင်
အ.က.သ လုံ/စည်း အဖွဲ့ဝင် တစ်ဦးဖြစ်သော ညိုမောင်ဦးထံ
မေးကြည့်သောအခါ၊ မောင်မောင်ကြွယ်တစ်ယောက် နယ်စပ်သို့
ထွက်ခွာရန် ဆုံးဖြတ်ပြီး ခြေရာဖျောက်နေကြောင်း သိရပါတယ်။


(ဓါတ်ပုံ- ကိုမောင်မောင်ကြွယ်အပါအ၀င် တောခိုကျောင်းသား
များအား သူလျှိုအဖြစ် မတရားစွပ်စွဲပြီး ခေါင်းဖြတ် သတ်ခဲ့သော
လိုင်စင်ဒေသ၊ အာဆံကုန်းခေါ် လူသတ်ကုန်း။)

အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အ.က.သ)ရဲ့ ခေါင်းဆောင်
များဖြစ်သော ကိုသီဟ၊ (ကို)မင်းဇင်နှင့် ကိုနေလင်းတို့ဆိုတာ ကျနော်
တို့ အားလုံးနဲ့ အသက်အရွယ် မတိမ်းမယိမ်းတွေပါ၊ ဒါကြောင့် တစ်ဦးနဲ့
တစ်ဦး ထိမ်းထိမ်း သိမ်းသိမ်း လုပ်ဖို့ အင်မတန် ခက်ပါတယ်၊ မကြာခဏ
ဆိုသလို အချိန်အနည်းငယ်အတွင်း ပေတရာပေါ် ဆန္ဒပြ အော်ဟစ်
လှုပ်ရှားမှုတွေမှာ ကျောင်းသားများအပြင် ကျောင်းသူများပါ ပါဝင်လေ့
ရှိပါတယ်၊ အရေးအကြောင်းရှိလို့ ပြေးရလွှားရတဲ့ အခါပေါင်းများစွာ
ရှိခဲ့ဖူးပါတယ်၊ အဲလို အခါမျိုးတွေမှာ ကိုမောင်မောင်ကြွယ်ဟာ ပြေးဖို့
လွှားဖို့ အခက်အခဲ ဖြစ်နေတဲ့ ကျောင်းသူတွေကို ထားရစ်ခဲ့တာမျိုး
လုံးဝ မရှိပါ၊ ဒါကြောင့် အစည်းအဝေးတချို့မှာ ပျောက်ကြားသပိတ်
များအတွင်း ကျောင်းသူတွေ မပါဝင်ဖို့ ကိုမောင်မောင်ကြွယ်နှင့်
ကျနော် မကြာခဏဆိုသလို ငြင်းခုန် စကားများခဲ့ရ ဖူးပါတယ်၊ သြော်
… အခုတော့လည်း ကျနော်တို့ အ.က.သ အပေါင်းရဲ့ သူငယ်ချင်း
ဟောင်း … သူငယ်ချင်းကောင်း ကိုမောင်မောင်ကြွယ်တစ်ယောက်
မြန်မာပြည် မြောက်ဖျားတစ်နေရာမှာ ကြွေလွှင့်ခဲ့ပါပြီ …. ။

ဒီလိုနဲ့ ၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဂန္ဒီခန်းမ
ကြေညာစာတမ်းအပြီးမှာတော့ ယင်းကြေညာစာတမ်းကို အ.က.သ
BESU က ထောက်ခံလိုက်ပါတယ်၊ ၁၉၉၀ -၉၁ ခုနှစ်တွေမှာ
မြန်မာနိုင်ငံတလွှားက အ.က.သ အဖွဲ့ဝင် ကျောင်းသားများဟာ
စစ်အစိုးရ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များဆီ ကျော်
ဖြတ်ရပါတော့တယ်၊ ၁၉၉၁- ၉၂ ခုနှစ်မှာ ကျောင်းသားလှုပ်ရှားမှုအချို့
ပြန်လည်ပြီး ခေါင်းထောင်လာတယ်လို့ ပြောလို့ရပါတယ် …

နိုဘယ်ဆု၊ 10-D၊ ဘိုးကလေးနှင့် ဦးစောမောင် …..

-၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု
ချီးမြှင့်ခံရမှုနဲ့ စပ်လျဉ်းပြီး ရန်ကုန် တက္ကသိုလ်ပင်မမှာ ကျောင်းသား
လှုပ်ရှားမှု ဖြစ်ပွားခဲ့ပါတယ်၊ ရန်ကုန် တနေရာတည်းမှာပဲ ဖြစ်ပွား
ခဲ့တဲ့အတွက် လူသိနည်းပါ ပါတယ်၊ တန်းဒီ (10-D) ခေါ် ဒီဇင်ဘာလ
၁၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ပင်မ၊ စက်မှုတက္ကသိုလ် R.I.T
တို့မှာ ဖြစ်ပွားခဲ့ပြီး ကျောင်းသား ကျောင်းသူ (၄၀၀) နီးပါး အဖမ်းခံ
ခဲ့ရပါတယ် …

-၁၉၉၁ ခုနှစ် အောက်တိုဘာလ (၄)ရက်ကနေ ဒီဇင်ဘာလ (၁၈)
ရက်နေ့အကြား မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း၊ ဘိုးကလေးမြို့နယ်မှာ
မုန်တိုင်းစစ်ဆင်ရေး အမည်ဖြင့် မြစ်ဝကျွန်းပေါ် ဒေသကို ထိုးဖောက်
လှုပ်ရှားလာတဲ့ KNU လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်အစိုးရ
အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ် ….

အထက်က `နိုဘယ်ဆု၊ 10-D၊ ဘိုးကလေးနှင့် ဦးစောမောင်´
ဆိုတဲ့ခေါင်းစဉ်က ကျနော် ပေးတဲ့ ခေါင်းစဉ် မဟုတ်ပါဘူး၊ အဲဒီအချိန်
က နိုင်ငံရေးနဲ့ ပက်သက်ပြီး အသက်အရွယ်အရ သုံးသပ်နိုင်စွမ်း
လည်း အဲဒီလောက် မရှိခဲ့ဘူးလို့ ရိုးရိုးသားသား ၀န်ခံပါရစေ၊
ဒီခေါင်းစဉ်ကို ဘာကြောင့် ပေးခဲ့ရသလဲဆိုတာ နောက်ပိုင်းမှာ
ကျနော် ရှင်းပြပါ့မယ် ….

၁၉၉၁ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒီဇင်ဘာ အုံကြွမှုနောက်ပိုင်း
ကျောင်းသားငယ် လှုပ်ရှားမှု အတော်အသင့် ပြန်လည် အသက်ဝင်
လာပါတယ်၊ ၁၉၉၀- ၉၁ ခုနှစ်များအတွင်း အထိမ်းသိမ်းခံရတဲ့
ကျနော်တို့ အ.က.သ BESU ကျောင်းသားတွေထဲက အတော်များများ
လည်း ပြန်လည် လွတ်မြောက် လာကြပါတယ်၊ အဲဒီ ၁၉၉၁- ၉၂ ခုနှစ်
မှာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဒေသဖြစ်တဲ့ တောင်ဥက္ကလာပ မြို့နယ်
နဲ့ သင်္ဃန်းကျွန်းမြို့နယ် အကြားမှာ (၁၆)ကွေ့ဖက်မှာ ကျောင်းသား
အရေအတွက် ရာဂဏန်းရှိတဲ့ ကျူရှင်တွေ ရှိပါတယ်၊ ကျူရှင်ဆရာတွေ
ဖြစ်တဲ့ ဓါတုဗေဒ ဦးညီညီ၊ ရူပဗေဒဆရာ ဦးဥာဏ်လွင်၊ သင်္ချာဆရာ
လက်ပြတ် ဦးတင်ရွှေ အစရှိတဲ့ ကျူရှင်တွေက တစ်ခုနဲ့ တစ်ခု နီးပါတယ်၊
ကျူရှင်ချိန် (၂)နာရီ ပြီးတာနဲ့ နောက်ထပ် ကျူရှင်တစ်ခုဆီ ပြေးလွှား
နေရတဲ့ ဆယ်တန်းကျောင်းသား အရေအတွက်ဟာ ထောင်ဂဏန်း
ပတ်ဝန်းကျင် ရှိပါတယ်၊ အဲဒီ ကျောင်းသားတွေ အားလုံးနီးပါး ၁၉၈၈
ခုနှစ်၊ ရှစ်လေးလုံး တော်လှန်ရေးအတွင်းမှာ အနည်းနဲ့ အများ ဆိုသလို
ဆန္ဒပြခဲ့ဖူးသူတွေပါ ...။

၉ တန်း စာမေးပွဲကြီး ပြီးကာစ သင်္ကြန်ကာလ မတိုင်ခင်ကတည်းက
၁၀ တန်းအတွက် ကျူရှင်တွေမှာ လူ အပြည့်ပါ၊ အဲဒီလို စည်ကား
နေတဲ့ ကျူရှင်အများစုရှိရာ နေရာတွေမှာ အစိုးရ ဆန့်ကျင်ရေး
စာရွက်စာတမ်း ဖြန့်ဝေရတာ အင်မတန် လွယ်ကူပါတယ်၊ စစ်အစိုးရ
ဆန့်ကျင်ရေး၊ လက်နက်ကိုင် တော်လှန်ရေး၊ သပိတ်စုံ သူပုန်ထ၊
အစရှိတဲ့ စာရွက်စာတမ်းကို ဖြန့်ဝေခဲ့တဲ့သူက စပ်စိန်မင်းလို့ ခေါ်ပါ
တယ်၊ (စပ်စိန်မင်းဟာ ကိုမိုးသီးဇွန်ရဲ့ တူတော်စပ်ပါတယ်)၊ လက်နက်ကိုင်
တော်လှန်ရေးလုပ်ဖို့၊ တောခိုဖို့ လက်ကမ်းစာစောင် ဖြန့်ဝေ စည်းရုံးမှု
ဟာ တော်တော်လေး အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်၊ ၁၉၉၂ ခုနှစ်
ဧပြီလမှာ စစ်အစိုးရ အာဏာသိမ်း စစ်ကောင်စီအတွင်း ဗိုလ်ချုပ်မှူးကြီး
စောမောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်လာပါတယ်၊
ဒါကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း အပြင်းအထန် ဖိနှိပ်ခြင်း
ခံရတဲ့ ကျောင်းသားငယ် လှုပ်ရှားမှု ခြေလှမ်း ပြန်သွက်လာပါတယ်။

စပ်စိန်မင်း ဦးဆောင် စည်းရုံးတဲ့ လက်နက်ကိုင်ဖို့ တောခိုမယ့်
လှုပ်ရှားမှု တော်တော်လေး အားကောင်းလာသော ၁၉၉၂ ခုနှစ်
ဇွန်လမှာ ကျနော်တို့ဆီ သတင်းဆိုးတစ်ခု ရောက်လာပါတယ်၊
၁၉၉၂ ခုနှစ် ဇွန်လ (၄)ရက်နေ့ထုတ် အစိုးရ သတင်းစာတွေ ဖော်ပြ
ချက်အရ ကိုမောင်မောင်ကြွယ်တစ်ယောက် ABSDF မြောက်ပိုင်းမှာ
အချင်းချင်း သူလျှိုအဖြစ် စွပ်စွဲ သတ်ဖြတ်မှုကြောင့် ကွယ်လွန်သွား
ကြောင်း သိရပါတယ်၊ ဒီသတင်းဟာ ချက်ချင်း တောမီးပမာ ပြန့်နှံ
သွားပြီး စစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုကို အား
လျှော့သွားစေပါတယ်၊ အဲဒီကာလနောက်ပိုင်း နိုင်ငံရေးကို စိတ်ဝင်
စားသော ကျောင်းသားများအကြား ABSDF အမည်ဟာ မထင်ရှား
တော့ပါ၊ စပ်စိန်မင်း အပါအ၀င် ကျောင်းသား အနည်းငယ်သာ နယ်စပ်
ကို ထွက်ခွာသွားခဲ့ကြပါတယ်။
….. …. ….

၁၉၉၅ ခုနှစ်မှာ ရန်ကုန် ပန်းဘဲတန်းမြို့နယ်က လျှပ်စစ်ပစ္စည်း ရောင်း
ဝယ်တဲ့ သူငယ်ချင်းတစ်ဦးကြောင့် ဗိုလ်တထောင်မြို့နယ် အခြေစိုက်
ထောက်လှမ်းရေး အမှတ်(၁၃) ၀န်းထဲကို ရောက်ရှိခဲ့ပါတယ်၊ အဲဒီခေတ်
က ရန်ကုန်မြို့ရဲ့ နေရာတိုင်းမှာ လျှပ်စစ်မီး မှန်မှန် မရပါ၊ မြို့သစ်တွေ
မှာ ရှိတဲ့ စက်မှုဇုန်တွေမှာလည်း လျှပ်စစ်မီးက မမှန်ပါ၊ မီးလာရင်လည်း
လိုချင်တဲ့ ဓါတ်အားက မပြည့်ပါ၊ ဒါကြောင့် စက်မှု လုပ်ငန်းရှင် အများစု
ဟာ လျှပ်စစ်မီး ပုံမှန်ရပြီး ဓါတ်အားပြည့်ရရှိနိုင်မယ့် ထောက်လှမ်းရေးဝန်း
တွေထဲ နေရာ သွားဌားရပါတယ်၊ လုပ်ငန်းပိုင်ရှင် ကျနော့်သူငယ်ချင်းမှာ
အသိမိတ်ဆွေ ထောက်လှမ်းရေး အရာရှိတစ်ဦး ရှိပါတယ်၊ သူ့အမည်က
ကိုမြတ်စိုး လား … ကိုမြတ်နိုင် လား … သူ့ရဲ့ နောက်ဆုံးအမည်က `စိုး´
သို့မဟုတ် `နိုင်´ ဖြစ်နိုင်ပါတယ်၊ ရှေ့အမည်က `မြတ်´ပါ၊ သူက အရက်စွဲ
နေတဲ့ ထောက်လှမ်းရေး အရာရှိတစ်ဦးပါ၊ ကျနော့်သူငယ်ချင်းကို အဲဒီ
အရာရှိက ညနေတိုင်း စားသောက်ဆိုင်တစ်ခုခုမှာ အရက် လိုက်တိုက်ခိုင်း
ပါတယ်၊ ကျနော့်သူငယ်ချင်းက အရက်ဆိုင်မှာ အရက်လိုက်တိုက်ရတဲ့
ဒုက္ခအတွက် ကျနော့်ကိုယ် အကူအညီ တောင်းပါတယ်၊ ဒါနဲ့ပဲ အဲဒီ
ထောက်လှမ်းရေး အရာရှိနဲ့ တစ်ပတ်မှာ သုံး … လေးရက်လောက် အရက်
ဆိုင် လိုက်ထိုင် ပေးရပါတယ်၊ သူ အရက်မှူးလာတဲ့အခါ သူ့ခံစားချက်
တွေ နားထောင်ရင်ကနေ ကိုမောင်မောင်ကြွယ်တို့ မြောက်ပိုင်းဇာတ်လမ်း
သူ ပြောပြသမျှ သိခဲ့ရပုံက ….

(မှတ်ချက်။ ။ ယခုအခါ အချိန်ကာလအားဖြင့် အတန်ကြာခဲ့ပြီ ဖြစ်တဲ့
အတွက် အဲဒီအချိန်က သူ ပြောခဲ့သမျှ အလုံးစုံကို စာရေးသူ ကျနော်
အနေဖြင့် မမှတ်မိတော့ပါ၊ မှတ်မိသလောက်ကိုပဲ တိတိကျကျ
တင်ပြပါရစေ … )

အဲဒီအရာရှိက ကိုမောင်မောင်ကြွယ်တို့ သတ်ဖြတ်ခံရတဲ့ ၁၉၉၁- ၉၂ ခုနှစ်
ကာလက နယ်စပ်ဒေသ တစ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်ထဲကို ကုန်သည်
ပုံစံ သွားရောက်ပြီး သတင်းယူရတဲ့ NIB ရုံးက ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး
ပါ၊ ၀င်ငွေ ကောင်းတဲ့ သူ့မှာ ဒုတိယ မယားအဖြစ် နယ်စပ်ဒေသက တိုင်းရင်း
သူလေး တစ်ဦးရှိကြောင်း ပြောပြပါတယ်၊ ကိုမောင်မောင်ကြွယ် အပါအ၀င်
ကျောင်းသားအုပ်စုလိုက် အချင်းချင်း စွပ်စွဲပြီး သတ်ဖြတ်ခံရတဲ့ သတင်း
ကို ကြိုတင် မရရှိသောကြောင့် သူ့ရာထူးဖြစ်တဲ့ ဗိုလ်ကြီးအဆင့်ကနေ
ဗိုလ်အဆင့်ကို တဆင့်အလျှော့ခံရပြီး ရန်ကုန်ကို အရွှေ့ခံရကြောင်း သူက
ပြောပြပါတယ်၊ နယ်မှာ ကျန်ခဲ့တဲ့ သူ့ တိတ်တိတ်ပုန်း ဒုတိယ မယား
လည်း ကုန်သည်တစ်ဦးဆီမှာ မယားငယ်အဖြစ် ပြောင်းသွားပြီး သူလည်း
အဲဒီစိတ်နဲ့ အသဲကွဲအရက်သမား ဖြစ်လာကြောင်း ပြောပြပါတယ် …

ကျနော် သိချင်တာတွေကို သူ မူးလာတိုင်း အခြေအနေကြည့်ပြီး
ထပ်ခါတလဲလဲ မေးခဲ့ပါတယ်၊ သူ့အဖြေက တစ်ရက်နဲ့ တစ်ရက်၊ တစ်ခါနဲ့
တစ်ခါ သိပ်တော့ မပြောင်းလဲပါ၊ `အကိုတို့ ထောက်လှမ်းရေးတွေ၊ ABSDF
မြောက်ပိုင်းမှာ အဖမ်းခံရတယ်ဆို ...´ လို့ ကျနော် မေးလိုက်တော့ …

`ညီလေး၊ အဲဒီအကြောင်း မပြောပါနဲ့ကွာ၊ အသဲနာလို့ပါ၊ ရန်သူ့
စခန်းနဲ့ အနီးဆုံးရွာမှာ MI က မွေးထားတဲ့ သတင်းပေးက ငါတို့ကို
အဲဒီဖြစ်စဉ် မဖြစ်ခင် (၅)လလောက်ကတည်းက ကြို သတင်းပေး
တယ်၊ ရန်သူ့စခန်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်၊ အချင်းချင်း ဖမ်းလား
ဆီးလာ ဖြစ်နေတယ်လို့ ပြောတယ်၊ ငါတို့က အဲဒီအချိန်က `ဂဲ(ဂဲလုံး)´
(ကျောက်စိမ်း မှောင်ခို) သယ်ဖို့ပဲ စိတ်ဝင်စားတယ်၊ ထောက်လှမ်းရေး
ဆိုရင် အမေးအမြန်း လုပ်လို့ မရဘူး၊ ငါတို့ကို လူတိုင်းက ကြောက်
နေရတာ၊ ရန်သူ့စခန်းထဲ ထိုးဖောက်ဝင်ရောက်ပြီး လှုပ်ရှားတယ်
ဆိုတာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေ လျှောက်ကြည့်ပြီး သူတို့ဘာသာ
သူတို့ တောင်ထင် မြောက်ထင် လျှောက်ထင်နေတာ၊ သူတို့
အုပ်စုလိုက် ပြေးလာတော့ လမ်းမှာ တရုတ်ရဲနဲ့ ပက်ပင်းတိုးပြီး
တရုတ်ရဲ အဲဒီသူတွေကို ဒို့ဆီအပ်မှ ဒို့လည်း သိရတာ၊ အဲဒီလောက်
ဖြစ်နေမှန်း ငါတို့ရော MI ပါ ထင်တောင် မထင်ထားဘူး၊ ဒါနဲ့
အထက်က ရန်သူ့သတင်း ဘာကြောင့် ကြိုမရသလဲ ထုချေလွှာ
တင်ခိုင်းတော့၊ ဂျူတီကျ(တာဝန်ကျ)တဲ့သူက တစ်ရစ်လျှော့၊
စခန်းထိုင်က နယ်ပြောင်းရတယ် ညီလေး …

ဒို့အဘ(သူတို့စခန်းရဲ့ အုပ်ချုပ်သူ တပ်ရင်းမှူးအဆင့်) တွေ ဟိုးအရင်
၈၈ ခုနှစ် မတိုင်ခင် ပြည်ကြီးဖက် နယ်စပ်မြို့တွေထဲ ၀င်ပြီး ရုံးဖွင့်မိလို့
တရုတ်ထောက်လှမ်းရေးက ဖမ်းတာ နှစ်ခါလောက် ခံရဖူးတယ်၊ ဗကပ
စစ်ရေးသတင်းကို သိချင်လို့ လိုက်တာ၊ နောက်တော့ တရုတ်နဲ့ ညှိုပြီး
မူးယစ်ဆေးဝါး ဖြတ်ကျော်မှု တားဆီးရေးလို့ အကြောင်းပြပြီး သူတို့
လည်း ငါတို့ဖက်က နယ်စပ်တွေမှာ ကုန်သည်ပုံစံ စခန်းဖွင့်၊ ငါတို့လည်း
သူတို့ဖက်က နယ်စပ်မြို့မှာ စခန်းသွားဖွင့်လို့ ရလာတယ်၊ ဒါပေမယ့်
`အတို´(သေနတ်) ကိုင်ခွင့်တောင် မရှိဘူး၊ သတင်းစု၊ သတင်းစစ်၊
သတင်းပို့ အဆင့်ပဲ ရတယ်၊ MI လည်း ရန်သူ့စခန်းထဲထိ မသွားဘူး၊
သို့ပေမယ့် ကုန်သည်ပုံစံနဲ့ တခါတလေ ရန်သူ့စခန်းထဲထိ ရောက်ဖူးတဲ့
သူတွေ ရှိတယ်၊ MI ရော ငါတို့ရော နယ်စပ်မှာ ဖွဲ့စည်းပုံ မပြည့်ဘူး၊
ဒါကြောင့် MI ဆိုရင် ခြေလျင်တို့ ခြေမြန်တို့ကနေ `တပ်အကူ
ထောက်လှမ်းရေး´ ထပ်ဖြည့် ရတယ်၊ ၉၃ ခုနှစ် ကျော်လောက်မှ
ဖွဲ့စည်းပုံက အားကောင်းလာတာ၊ ၉၁- ၉၂ တုန်းကဆို
`နိုဘယ်ဆု၊ 10-D၊ ဘိုးကလေးနှင့် ဦးစောမောင်´ ဆိုပြီး အော်ပရေရှင်း
တွေ အများကြီး၊ ရန်သူ့လည်း ကြည့်ရ … ကိုယ့်အချင်းချင်းလည်း
ကြည့်ရနဲ့ ထောက်လှမ်းရေးမှာ လူတောင် မလောက်ဘူး၊ အဲဒါနဲ့ တချို
SB ကိုင်ရမယ့် ဂွင်တွေကို MI ကို ကိုင်ခိုင်း ရတယ်၊ MI ဆိုတာ သတင်း
ပေးနဲ့ အလုပ် လုပ်တာ၊ ရန်သူ့စခန်းနဲ့ အနီးဆုံးရွာ၊ ရန်သူ့ ဂွင်ထဲက
ရန်သူ့ အမာခံရွာတွေမှာ နေရာ လိုက်ယူရတယ်၊ ရန်သူနဲ့ သမီးရည်စား
ပုံစံ ချစ်ကြိုက်နေတဲ့ ရွာထဲက မိန်းကလေးတွေကို အ၀တ်စတွေ အလကား
ပေး၊ မိတ်ကပ်တွေ အကြွေးနဲ့ လိုက်ရောင်း၊ အဲဒီဒေသကထွက်တဲ့
သီးနှံကို ဈေးပိုပေးတဲ့ ကုန်သည် လုပ်ပြီး ရန်သူ့သတင်း အနံ့ခံရတယ်၊
တခါတလေ ကုန်သည်ပုံစံ ပစ္စည်းလိုက်ရောင်းရင် ရန်သူ့စခန်းထဲ
ရောက်ဖူးတဲ့ MI တွေ ရှိပါတယ်၊ ဒါပေမယ့် နိုင်ငံခြား ရုပ်ရှင်တွေ
ထဲကလို ဘယ်သူမှ အသက် အန္တရာယ် ရှိတဲ့ ထိုးဖောက်စွန့်စားတဲ့
သူလျှိုအလုပ်မျိုး မလုပ်ဘူး၊ အထက်ကလည်း အဲဒီလောက်ထိ
ဘယ်သူ့ကိုမှ မလုပ်ခိုင်းဘူး၊ လုပ်ဖို့လည်း မလိုဘူး၊ ကုန်သည်က
ငါတို့ကို သတင်းပေးချင်နေတာ … ရန်သူ့ သတင်းကို တိတိကျကျ
ပေးနိုင်တဲ့ ကုန်သည်တွေကို ငါတို့က ခွင့်မပြုတဲ့ ကုန်ပစ္စည်း
တစ်ခေါက်လောက်ဖြစ်ဖြစ် သယ်ခွင့် ပေးလိုက်တယ်၊ ရန်သူက
ပြည်တွင်းကို ထိုးဖောက်ဖို့ အထဲကို ၀င်လာမယ် ဆိုရင်လည်း
အဲဒီ ကုန်သည်လမ်းကြောင်းကနေ ၀င်လာလေ့ရှိတယ်၊ အဲဒီတော့
MI မွေးထားတဲ့သူ ဆိုတာ အဲဒီ ကုန်သည်တို့ အထမ်းသမားတို့
ထဲမှာပဲ နေလေ့ရှိတယ်၊ စခန်းထဲအထိ အသက်စွန့်ပြီး သွားဖို့
မလိုပါဘူး ...
…..

မမူ(ဒေါ်မူမူကျော်လွင်)နှင့် ကိုလတ်တို့ထံမှ သိခဲ့ရသမျှ

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း မတိုင်ခင် ရက်အနည်းငယ်
အလိုမှာ မလေးရှားနိုင်ငံရောက် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများ
အစုအဖွဲ့ကို စတင် စုဖွဲ့ခဲ့ကြပါတယ်၊ အဲဒီ အစုအဖွဲ့အတွက်
လှုပ်ရှားရင် ABSDF မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မမူ
(ဒေါ်မူမူကျော်လွင်)၊ ကိုလတ်တို့နှင့် ခင်မင်ရင်းနှီးခဲ့ပါတယ် ..

ကိုမောင်မောင်ကြွယ်အပါအ၀င် ခေါင်းဖြတ် အသတ်ခံရတဲ့
အခင်း ဖြစ်ပွားခဲ့ချိန် ၁၉၉၂ ခုနှစ်မှာ လိုင်စင်စခန်းတွင် မမူ မရှိပါ၊
သို့သော် ယင်းကာလ မတိုင်ခင်ကတည်း AB မြောက်ပိုင်းစခန်း
မှာ `မြို့´အစွဲ `အုပ်စု´အစွဲများ ရှိကြောင်း ပြောပြပါတယ်၊
ဘောလုံးကစားကြလို့ တစ်ဖက်နဲ့ တစ်ဖက် ငြင်းခုန်ရာကနေ
`ဘားတိုက်´(စစ်တန်းလျား) ထဲက လက်နက်ပြေးဆွဲပြီး သေနတ်
ချိန်ရွယ်တာမျိုးတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်၊ အဲလို ပြဿနာ
မျိုးတွေ ဖြစ်ပွားရင် ရဲဘော်များ၊ ခေါင်းဆောင်များ ၀င်ရောက်
ထိန်းသိမ်းဖို့ ခက်ပါတယ်၊ အမျိုးသမီး ရဲမေများက ကြားကနေ
ဖြန့်ဖြေပေးရပါတယ်၊ ဦးဆောင်သူ ခေါင်းဆောင်များနှင့် ရဲဘော်
များအကြား `ဒေသအစွဲ´ တွေရှိပါတယ်၊ ဥပမာ … ခေါင်းဆောင်
ဖြစ်သူက သူနှင့် ဒေသ မတူသော တောခိုကျောင်းသားအား
အမိန့်ပေးရာတွင် အခက်အခဲများစွာ ရှိပါတယ်၊ ကိုမောင်မောင်ကြွယ်
အပါအ၀င် အသတ်ခံရသော ကျောင်းသားများအားလုံးမှာ သူလျှို
လုံးဝ မဟုတ်ကြောင်း မ(ဒေါ်)မူမူကျာ်လွင်က ပြောပြပါတယ် …

ကိုလတ်ဟာ ABSDF မြောက်ပိုင်း အကျဉ်းစခန်းကနေ သူလျှိုအဖြစ်
စွပ်စွဲခံရတဲ့ အကျဉ်းသား ၅၀ ကျော် အကျဉ်းထောင်ကိုဖောက်ပြီး
ထွက်ပြေးတဲ့ ညမှာ စခန်းရဲ့ ကင်းတာဝန်ကျ စာရင်းမှာ ပါဝင်ခဲ့သူ
လို့ ဆိုပါတယ်၊ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့
နောက်ပိုင်း ကိုလတ်ဟာ စစ်အစိုးရထံ လက်နက်ချ ခဲ့ပါတယ်၊
ကိုလတ် ပြောစကားများအရ … ABSDF မြောက်ပိုင်းဒေသဟာ
ရာသီဥတုအရ အင်မတန် အေးပါတယ်၊ စခန်းပတ်ဝန်းကျင် ကျေးရွာ
တချို့မှာလည်း ဆေးခြောက်ရှုတဲ့ အလေ့အထ ရှိပါတယ်၊ ထောက်လှမ်း
ရေး သူလျှိုအဖြစ် စတင်ဖမ်းဆီးဖြစ်ခဲ့ခြင်းဟာ စစ်သုံး စကားပြော
ကြေးနန်း `ဆိုက်ဘာ´ စကားဝှက်တစ်ခုကြောင့်လို့ ပြောပြပါတယ်၊
အဲဒီ စကားဝှက်အမည်က `ပလပ် ရိုက်မယ်´ ဆိုတဲ့ စကားလုံးပါ၊
စခန်းပတ်ဝန်းကျင်ရှိ ကျေးရွာတချို့က ရလာတဲ့ ဆေးခြောက်ကို
ဆေးပေါ့လိပ်ထဲက ဆေးသားနဲ့ ရောသမအောင် မွှေနှောက်ပြီး
ဆေးပေါ့လိပ်ထဲ ပြန်ထည့်ရပါတယ်၊ အဲလို ဆေးသားကို အပြင်ထုတ်
ပြီး အထဲ ပြန်ထည့်တာကို ရန်ကုန်မြို့၊ မန္တလေးမြို့က တောခိုလာ
သော ကျောင်းသားများရဲ့ ဗန်းစကား အခေါ်အရ `ပလပ် ရိုက်မယ်´
လို့ ခေါ်လေ့ရှိပါတယ်၊ အဲဒီအချိန်က ကချင်ပြည်နယ် အခြေစိုက်
စစ်အစိုးရ တိုက်ခိုက်ရေး တပ်ဖွဲ့များ လှုပ်ရှားတဲ့ဒေသများတွင်
စစ်အစိုးရ တပ်ဖွဲ့များ အချင်းချင်းဆက်သွယ်လေ့ရှိသော စကားလုံး
ကလည်း `ပလပ် ရိုက်မယ်´ ဆိုတဲ့ စကားလုံး ဖြစ်နေခဲ့ပါတယ်၊
အဲဒီ သူလျှိုအဖြစ် လူအများစုကို စဖမ်းဆီးခဲ့တဲ့ အချိန်ကာကက
စခန်းအတွင်း ညနေခင်းတွေမှာ `မင်းတို့ ပလပ် ရိုက်ပြီးပြီလား´...
စသဖြင့် အချင်းချင်း စနောက်လေ့ရှိပါတယ်၊ ဒီစကားလုံးဟာ
စစ်အစိုးရ စေလွှတ်လိုက်သော သူလျှိုဖြစ်သူများဟာ မိမိတို့တပ်ဖွဲ့
ဝင်များအကြား ရောက်နေပြီလားလို့ ယူဆသူများအကြား သံသယ
ကို တိုးပွားစေခဲ့တယ်လို့ ကိုလတ်ထံမှ သိရပါတယ် ….

စစ်ကြောရေး စခန်းများအတွင်း လူမဆန်အောင် ညှင်းပမ်းနှိပ်စက်
ပြီး ဇွတ်အတင်း ၀န်ခံခိုင်းတယ်လို့ ပြောပြပါတယ်၊ သူလျှိုအဖြစ်
စွပ်စွဲခံရသူတွေဟာ သူလျှိုမဖြစ်နိုင်ကြောင်း မည်သူမျှ နူတ်မဟ ရဲပါ၊
အနိမ့်ဆုံးအဆင့် ပါးရိုက် အပြစ်ပေးခြင်းကို ခံရနိုင်သလို အခြေအနေ
မကောင်းပါက သေဒဏ်အထိ ဖြစ်သွားနိုင်တယ်လို့ ဦးဆောင်သူများ
ဖြစ်တဲ့ ကိုရော်နယ်အောင်နိုင်၊ ကိုမျိုးဝင်း၊ ကိုသံချောင်းတို့က
ကြိမ်းမောင်း ပြောဆိုကြတယ်လို့ ကိုလတ်ထံမှ သိရပါတယ် ...

မမူ(ဒေါ်မူမူကျော်လွင်)နှင့် ကိုလတ်တို့ထံမှ သိရသမျှ
ကိုမောင်မောင်ကြွယ်အား သတ်ဖြတ်ခဲ့သူမှာ ယခုအခါ သာယာဝတီ
အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရသော သံချောင်းဖြစ်ကြောင်း
ပြောပြပါတယ် …
…. ….. ….

စာရေးသူ ကျနော် ရေးသားနေသာ `ကျွန်တော် မှတ်မိသမျှ
ကိုမောင်မောင်ကြွယ်´ အကြောင်းကို ဤမျှသာ ဖြစ်ပါတယ်၊
ကိုမောင်မောင်ကြွယ် အပါအ၀င်၊ သူလျှိုအဖြစ် အတင်းအဓမ္မ
စွပ်စွဲပြီး သေဒဏ် အပေးခံခဲ့ရသော ကျောင်းသား လူငယ်များနှင့်
ပက်သက်ပြီး ဆက်လက်၍ ယခုအခါ ကျနော် ရရှိထားသာ၊
စုဆောင်းထားသော သတင်း အချက်အလက်များကို ပြည်တွင်းရှိ ...
-၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့
-ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗ.က.သ)
-အခြေခံပညာကျောင်းသားများ သမဂ္ဂ
-၇၄- ၇၅- ၇၆၊ ၈၈၊ ၉၆၊ ၂၀၀၇ နိုင်ငံရေး မျိုးဆက်များ
နှင့် နိုင်ငံရေး၊ လူမှုရေး နယ်ပယ်မှ အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်
တစ်ဦးချင်းတို့ထံ တိုင်ကြားပေးပို့ အစီရင်ခံသွားမှာ ဖြစ်ပါတယ်။

ABSDF မြောက်ပိုင်းတွင် သူလျှိုအဖြစ် စွပ်စွဲပြီး ၁၉၉၂ ခုနှစ်
ဖေဖ်ါဝါရီလ (၁၂)ရက်နေ့တွင် မတရား သေဒဏ် အပေး
ခံခဲ့ရသော အခြေခံပညာ ကျောင်းသားများသမဂ္ဂ
အဖွဲ့ဝင် ကိုမောင်မောင်ကြွယ်သည် …
စွပ်စွဲထားသလို စစ်အစိုးရမှ စေလွှတ်လိုက်သည့်
စစ်ထောက်လှမ်းရေး သူလျှို လုံးဝ မဟုတ်ပါ ...
ယုတ္တိမရှိသော၊ အဓမ္မ အနိုင်ကျင့်မှုတစ်ခုသာ
ဖြစ်ပါတယ် ….။   ။

-စစ်ငြိမ်းဒီရေ

(ပြီးပါပြီ။)

(မှတ်ချက်။ ။ စာရေးသူရဲ့ အမည်အရင်းက အောင်ခင်မြင့် ဖြစ်ပါ
တယ်၊ ဘလော့ပေါ်မှာ `စစ်ငြိမ်းဒီရေ´ အမည်နဲ့ စာရေးပါတယ်၊
ဘလော့ဂါ အများစုက ကိုအောင်(ပျူနိုင်ငံ)လို့ ခေါ်ကြပါတယ်၊
၁၉၈၈- ၈၉ -၉၀ ခုနှစ်များအတွင်း အခြေခံပညာကျောင်းသားများ
သမဂ္ဂ (BESU) ရဲ့ အဖွဲ့ဝင် ကျောင်းသားအဖြစ် တာဝန် ထမ်းဆောင်
ခဲ့ပါတယ်၊ လက်ရှိ ဒိန်းမတ်နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည်
တစ်ဦးပါ။)
Read more »

Saturday, 28 January 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၇)

ရေးသူ- (ကို)အောင်မိုးဝင်း

ယခင်အပိုင်း(၆)မှ အဆက် ...

ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃
နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့
ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါ
တယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။
အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း
“ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင်
တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ
သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်”

လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။
ကျောင်းသားတွေက
“စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို
အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်”
ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာ
ရှင်းရှင်းလေးပါ။
“စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။
မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်
ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။

ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာ
နာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင်၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။
ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့ တချို့သော
(လက်ချိုးရေ လို့ရတဲ့) သူတချို့က “ရန်သူ့လူတွေဟာ သမိုင်းကို
ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတဲ့ သွေးရူးသွေးတန်း စကား
တွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို
နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ
သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်
အပြုံလိုက် လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ်
ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီ
တဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင်
လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။
ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်
ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင် မဖြေရှင်းရဲ
တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆို
ဖို့ကြိုးစားတယ်။ လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်း
ပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို
ကျနော်တို့က သတိရှိဖို့လိုပါတယ်။


ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ
ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြို
နေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။ တကယ်တော့
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်း
ရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေး စာတွေပို့
ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက
တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ
အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့ အရှိန်ပြင်းပြင်း
ဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။
(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ
(ခ) ကိုထွန်းအောင်ကျော်တို့တတွေကျဆုံးခဲ့တာအနှစ်(၂၀) ကြာ
(ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား
လှဆိုင်း တို့တတွေ ပြန်ပါနေတယ်။ စိတ်ကူးမယဉ်စေချင်ပါဘူး။
အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ
တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင်
နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF
(မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ် အဖြစ်ဆိုးကြီး
ကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း”က ၂၀၀၈ ခု
ဝန်းကျင်မှာ စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ
အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေတို့ ….

ကိုအောင်နိုင်
ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ်လို့ လုံးဝ
ယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊
မိုးညှင်း (အနကလ)နဲ့ အမရပူရ(အနကလ)မှာ အတူတူလှုပ်ရှားခဲ့
တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊
ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော်တို့ ဦးလေးအိမ်မှာ
နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင်
ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။
တတ်နိုင်ရင် ကျနော့်ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်
မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့
ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ ရင်ဆိုင်
ဖြေရှင်းပေးပါခင်ဗျား။

ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင်
ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ်
(၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့
သေခဲ့ရတာလဲ။ ကိုအောင်နိုင်တို့ ထောက်လှမ်းရေးဗိုလ်အဆင့်
သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံ
ပြန်လို့မရတာလဲ။ ဖိုးကျော် (မြွေဟောက်)တို့ ဒုက္ခသည်စခန်းကို
ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်
သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။
ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့
ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။

ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။
ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊
လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို
နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်
အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး
မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ်
မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် (မခင်ချိုဦး)က သတ်ခံကာနီး
ငိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံး
ရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေလို ထင်းတုံးပေါ်
ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့
ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး
နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့
ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် (ပါဂျောင်)လို
နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲ
ဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။
ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်
ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့်
မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေး
တခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။
မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်
ပေါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်

ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉
+၈၂ ၇၀ ၈၁၈၂ ၀၃၆၀



ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ
ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊
ကိုအောင်နိုင်တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင်
ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား
အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင်
လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေ
အတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှု
တရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်း
သည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင်
ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့်
ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော
ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေး
ထောက်ခံကြပါသည်။ ထို့နောက် တပ်တွင်းခေါင်းဆောင်နေရာများ
အတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင်
ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှ
စပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။
သူ၏ အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား
အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်
အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသား
တပ်မတော်ပြိုကွဲရန် အောက်ပါ ဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်
ဖြစ်ပါတော့သတည်း။

ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင်
သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်း
ရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့
ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာ
ကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ
အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော
တပ်သား စိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထို တပ်ပြေးစိုးမင်းအောင်
အား တရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်
နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်
ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်း
ရှိ အခြားသော ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသား
များ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ
ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေး
ကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက
သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည်
သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအား
နှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို
ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး
ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်
အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှ
တော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော
အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် (နန်းအောင်ထွေးကြည်)၊
မခင်ချိုဦးတို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏
အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။
ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း
နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့
မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့
သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။

ကိုထွန်းအောင်ကျော် ( မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့
ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို
မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြား
စေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊
ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊
ကိုချိုကြီး၏လက်ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊
ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ (လက်မ
တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထား
ခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာ လမ်းလျှောက်
နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊
ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း
ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊
ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင်
လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား
ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်
သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

မောင်မောင်ကြွယ်(ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသား
ဟုဆိုသူ
အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။
မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို
အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏
(အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့
ရပါသည်။

တူးတူး (မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ
မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ။

ကိုလှမြင့် (တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊
ပြင်းထန်စွာငြင်းဆန်သွားပါသည်။

ရန်အောင် (ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက်
ဖြင့် ထိုးသတ်ခံရ။

အောင်ဖိုး (ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ
တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊
မိုင်းခွဲခါ ခြေဖြတ်ခံရ၊ (ထိုမိုင်းခွဲပွဲတွင်) မငယ်(နန်းအောင်ထွေးကြည်)
အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲ
မခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

ဋ္ဌေးမြင့်ဝင်း (ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်း
အား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊
“ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလား
ဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊
ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့်
ပစ်သတ်ခံရပါသည်။

မခင်ချိုဦး (ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံး
ရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

ကိုကျော်ဝေ (မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။
အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို
သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်
မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက်ရတယ်လို့
အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင်
လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

ပြည်စိုးနိုင် (ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင်ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီး
ထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။
ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။
ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင်သည်
ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊
စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်
နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

မငယ်(ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်
သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲ
လောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။
သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်
မသေခဲ့ပါ။

နန်းစော (ဗန်းမော်)
သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့
သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင်တို့
ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစောသည် ယ္ခုအခါ စက်တင်ဘာ
အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင်
မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ (ယ္ခုအခါ ထိုင်းနယ်စပ်
သို့ရောက်ရှိနေပါပြီ)

ကိုထိန်လင်း (ဟင်္သာတ)
ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန်
စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူ ပန်းချီ
ဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊
ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊
ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်
လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု
ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။

ဘိုဘို (မိုးကျော်သူ)
နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ
ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည်
မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀)ချမှတ် ခံထား
ရသည်။ (ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော
အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်
ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း
ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်
များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထူးတာဝန်ယူပြီး ဖြစ်ပျက်
ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။
သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့လို့ ပေါ့တွေးထားခဲ့
ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ
ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့
နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်
ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့
ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။
ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင်
စုံစမ်းကြည့်သောအခါ အေဘီ (မြောက်ပိုင်း)မှ ကိုအောင်နိုင် ဖြစ်နေ
သည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင်
ကိုအောင်နိုင်အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော်လို့ပင်ခေါ်ခေါ်၊
သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုးပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ
ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်
အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။
ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေးလို့ သံသယရှိသူတွေ
ကို ကွပ်မျက်ရမယ်ဆိုတဲ့ ဥပဒေ ရှိပါတယ်လို့ သတင်းမီဒီယာတခု
တွင် ဖွင့်ဆိုသွားပါသည်။

ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များ
တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလားဟု သုံးသပ်မိသည်။
နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်
ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်
ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF
(မြောက်ပိုင်း)ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ
လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ်ဟု ပြောဆိုခဲ့ကြောင်း
သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ်
လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ
လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင်
တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို
လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။

ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင်
ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက်
ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့်
အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ
ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။
ဘီဘီစီဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော
အားကိုးရတဲ့ ရဲဘော်တယောက်လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။

ယုံကြည်လေးစားလျှက်
ကျော်ခိုင်ဝင်း
ABSDF (NB) ရဲဘော်ဟောင်း



Read more »

Thursday, 26 January 2012

ဒီဗွီဘီမှ ထုတ်ပြန်သော ငွေကြေးအလွှဲသုံးစားမှု အဖြစ် စွပ်စွဲမှုအပေါ် မျိုးမင်းနိုင်၊ ကိုနန္ဒခေါ် ကိုနေထွန်းမှ တုန့်ပြန်ချက်

ဒီဗွီဘီမှ ထုတ်ပြန်သော ငွေကြေးအလွှဲသုံးစားမှု အဖြစ်
စွပ်စွဲမှုအပေါ် မျိုးမင်းနိုင်၊ ကိုနန္ဒခေါ် ကိုနေထွန်းမှ
တုန့်ပြန်ချက် ....



DVB-1
Read more »

Wednesday, 25 January 2012

မြောက်ပိုင်းဒေသ အရိုးတွန်သံများကြောင့် နိုးထလာသော နှလုံးသားပုံရိပ် တစ်ခု

(၁)

ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင်ဖတ်ရသည့် အဆိုပါအကြောင်းအရာ
များကို လွန်ခဲ့သည့် အနှစ် ၂၀ ခန့်ကတည်းက ကျမသိရှိခဲ့ပြီးဖြစ်
ပါတယ်။ လူစာရင်းအတိအကျကိုတော့ ဒီဆောင်းပါးဖတ်မှ သိရပါ
တယ်။ ဒီဆောင်းပါးမှာပါတဲ့အတိုင်းပါပဲ အခုအချိန်မှ ဖွင့်ပြောခဲ့ကြ
ရတာကတော့ အချိန်မကျသေးတာရယ်၊ ကျောင်းသားအချင်းချင်း
ဖြစ်ပျက်ခဲ့တာကို လက်ရှိ စစ်အစိုးရသိရှိခဲ့ရင် လက်ညှိုးထိုး ပြောစရာ
ဖြစ်လာမှာရယ်ကို မလိုလားတာရယ် စတာတွေကြောင့်ပါ။



ကျမလို ကာယကံရှင်တစ်ယောက်မဟုတ်တဲ့သူအနေနဲ့ ပြောရရင်
အစွပ်စွဲအနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ကျောင်းသားစိတ်
အပြည့်ရှိပြီး မိမိတို့ အသက်အန္တရာယ် ထိခိုက်သည်အထိ ကြုံခဲ့ရ
ပေမဲ့ အဖွဲ့အစည်းဂုဏ်သိက္ခာအတွက် ရေငုံနေခဲ့ကြပါတယ်။
ကျောင်းသားသိက္ခာ ထိန်းခဲ့ကြတာပါ။ ဒါပေမယ့် ဒီမိုကရေစီဖော်ဆောင်
နိုင်တဲ့တစ်နေ့၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့ တစ်နေ့ကျရင်
ဒီကိစ္စတွေ၊ ဒီလူတွေဟာ စစ်အစိုးရကလွှတ်လိုက်တဲ့ စစ်ထောက်လှမ်း
ရေးတွေ မဟုတ်ဘူးဆိုတာရယ်၊ မတရားညှင်းဆဲသတ်ဖြတ်ခဲ့တယ်
ဆိုတာတွေရယ်ကို ဖော်ထုတ်ကျမယ်လို့ ရည်ရွယ်ထားပီးသားဆိုတာ
အဲဒီအနှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ကျမ သိရှိပြီးသားပါ။ ဒီတော့
ကျမအနေနဲ့ သိပြီးသားတွေ မထူးဘဲနဲ့ဘာလို့ရေးလာသလဲလို့ဆို
တာ ပြောရပါမယ်။ ဒီအကြောင်းအရာတွေ ဖတ်လိုက်ရတဲ့အခါ အစွပ်စွဲ
ခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကျောင်းသားမိဘ၊
ညီအစ်ကိုမောင်နှမတစ်တွေ ရင်ထဲကို ကိုယ်ချင်းစာစိတ်နဲ့ ခံစားမိရ
ပါတယ်။ ကိုယ့်ရဲ့သွေးသားကို နှိပ်စက်တာတွေကို ရင်နှင့်အမျှ၊ ကာယ
ကံရှင်ခံစားရသည့်နည်းတူ ရင်ပွင့်မတတ် ခံစားခဲ့ရတာတွေက အသစ်
တစ်ဖန်ခံစားလာရပြန်ပါတယ်။ အဲဒီအခါမှာ ကျမအမေလို ရင်းနှီးခင်မင်
ချစ်ခင်လေးစားခဲ့ရတဲ့ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ရဲ့ လွန်ခဲ့
တဲ့ အနှစ် ၂၀ က ပေါက်ကွဲလုမတတ် ခံစားခဲ့ရတဲ့ နှလုံးသားပုံရိပ်ကို
ပြန်ပြီး မြင်ယောင်လာခဲ့ပါတယ်။

(၂)

ဆရာမကြီးဆိုပေမယ့် ကျမတို့ငယ်စဉ်က မူလန်းပြဆရာမအဖြစ်
ဆုံခဲ့ရပါတယ်။ ကျမလေးတန်းမှာ ကျမရဲ့ အတန်းပိုင်ဖြစ်ခဲ့ပြီး၊ ကျမ
မိဘများနဲ့ ဆရာမကြီးခင်ပွန်းက ဌာနတစ်ခုမှာ အတူတာဝန်
ထမ်းဆောင်တဲ့အတွက် ခင်မင်ရင်းနှီးကြပါတယ်။ လေးတန်းမှာ
အတန်းပိုင်ဆရာမဖြစ်ခဲ့တဲ့အတွက် ဆရာမလို့ ခေါ်တာနှုတ်ကျိုး
နေပေမယ့် ကျမနဲ့ သားသမီးဖွယ် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီး
ခဲ့ပါတယ်။ နောက်ဆုံး ကျမ ကျောင်းဆရာမ လုပ်နေတဲ့အထိ ဆရာမ
ဟာ နှစ်ပေါင်းများစွာ ဆရာမကြီးဘဝနဲ့ အငြိမ်းစားယူသည်အထိ နှစ်
၄၀ ဝန်ထမ်းဘဝ တာဝန်ထမ်းခဲ့သူပါ။ စာအသင်အပြအလွန်ကောင်း
ပြီး၊ ကျောင်းသားများ ချစ်ကြောက် ရိုသေယုံမက မိဘများကပါ
လေးစားကြပါတယ်။ ဆရာမ စာသင်သံကြားရတဲ့ ရပ်ကွက်ထဲက
မိဘတချို့က သူ့ကလေးတွေစာကျက်ရင် “ဒါကဒီလိုပါ“ ဟု ပြန်ရှင်း
ပြတတ်ရာ၊ ကလေးတွေက “အမေတို့တောင် စာတွေရနေပါလား”
လို့ ပြန်ပြောမိကြပါတယ်။ ကလေးမိဘတွေကလည်း “ အေး မင်းတို့
ကံကောင်းတယ် ဒီလို ရှင်းကနဲ နားထဲဝင်အောင် သင်နိုင်တဲ့
ဆရာမမျိုးနဲ့ တို့တွေ့ခဲ့လို့ကတော့ ခုလို ကျောင်းတဝက်တပျက်နဲ့
ထွက်ခဲ့မှာမဟုတ်ဘူး” “မင်းတို့သေချာသင်ယူကြ” လို့ ပြောယူကြ
ရပါတယ်။

ဆရာ ဆရာမ အချင်းချင်းမှာတင် လူမှုရေး စီးပွားရေး၊ ကုန်ကုန်
ပြောရရင် ဆရာမပေါက်စလေးတွေရဲ့ အချစ်ရေးကအစ ဆရာမကိုပဲ
တိုင်ပင်ကြတာတွေ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး အင်မတန်
ကောင်းပြီး စိတ်နှလုံးအင်မတန်နူးညံ့ပါတယ်။ ဆရာမရော၊ ဆရာမ
ခင်ပွန်းပါ ရုပ်ရည်ချောမောကြပါတယ်။ ဆရာမဟာ ရုပ်ရည်ချောမော၊
ကျက်သရေရှိပြီး မျက်နှာအမူအယာအေးချမ်းတည်ကြည်သလောက်
ဆရာမဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်၊ လောကဓံရဲ့ ရိုက်ပုတ်
တဲ့ဒဏ်ကို ဘဝတလျှောက်လုံး ခါးစီးခံခဲ့ရပါတယ်။ ဒါပေမယ့် နင်လား
ဟဲ့ လောကဓံလို့တောင် ကြုံးဝါးမနေဘဲ အဲဒီလောကဒဏ်နဲ့ အတူ
လမ်းလျှေက်ရင်း ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ကျမဟာလည်း ဆရာမရဲ့
သမီးတစ်ယောက်သဖွယ်ချစ်ခင်ခဲ့ရသူဖြစ်တဲ့အတွက် ဆရာမ
လောကဒဏ်နဲ့အတူ လမ်းလျှေက်ချိန်မှာ၊ တခါတရံ အဖော်အဖြစ်
ပါခဲ့ပြီး အတူလျှောက်ဖြစ်ခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း
မေ့မရနိုင်တဲ့ နှလုံးသားပုံရိပ်တွေကို တထပ်ထဲ သိရှိခဲ့ရခြင်းပါ။

ဆရာမဟာ ဆီစက်ပိုင်ရှင် စက်သူဌေးသမီးဘဝကနေ ရုန်းကန်
လှုပ်ရှား စိုးရိမ်မကင်းစွာ ရပ်တည်နေရမယ့်ဘဝကို သူ့ဘာသာ
ရွေးချယ်ခဲ့တာပါ။ ၁၉၆၂ခုနှစ် ကျောင်းသားအရေးအခင်းကြောင့်
ဆရာမတို့ရွာကို တက္ကသိုလ်ကျောင်းသားတယောက် တိမ်းရှောင်
လာရာက ဆရာမဘဝပြောင်းလဲခဲ့ပါတယ်။ အဲဒီကျောင်းသားဟာ
အခုလက်ရှိ ဆရာမရဲ့ခင်ပွန်းပါပဲ။ ဆရာမက အဲဒီအချိန်က
High School Final အောင်ထားပါတယ်၊ နိုင်ငံရေးသမားကို
ယူရင် စိတ်ရှုပ်စရာတွေ ၊စိတ်ပင်ပန်းစရာတွေ ကြုံရလိမ့်မယ်လို့
ပြောကြဆိုကြပေမယ့် အသက် ၁၈ နှစ်မှာပဲ အိမ်ထောင်ပြုခဲ့ပါတယ်။
အဲဒီနောက်ရန်ကုန်မှာ အခြေချနေပြီး အသက် ၁၉ နှစ်၊ သား
တစ်ယောက် မွေးအပြီးမှာ မူလတန်းဆရာမ စလုပ်ပါတယ်။
အဲဒီအချိန်မှာ နယ်က ဆရာမရဲ့ဖခင် ရုတ်တရက်ဆုံးခြင်း၊
ဆီစက်ကို ပြည်သူပိုင်သိမ်းခြင်း၊ အိမ်မီးလောင်ခြင်း စတာတွေ
ဆက်တိုက်ကြုံခဲ့ရပါတယ်၊ ဒါတွေဟာ လူတိုင်းကြုံရတတ်တဲ့
လောကဓမ္မတာပဲလို့ ဖြေသိမ့်နိုင်ခဲ့တဲ့ ဆရာမဟာ သူ့ဘဝမှာ
ဘယ်လိုမှ မေ့မရနိုင်မယ့် အဖြစ်အပျက်တွေ ရှိလာလိမ့်မယ်လို့
မထင်ခဲ့ပါဘူးတဲ့။

(၃)

ဆရာမရဲ့သားအကြီးဆုံးက ကျမနဲ့အသက်အရွယ် အတန်းအတူတူ
ပါ။ ဒုတိယသမီး သမီးကြီးကတော့ ကျမထက် ငယ်ပါတယ်။ အဲဒီ
သမီးကြီးဟာ အဖေတူသမီးပါ၊ ဒါကြောင့် အဖေဖြစ်သူက တော်တော်
ချစ်ပါတယ်၊ အဖေချစ်သမီးပီပီ အမေကို အဖေလောက်တော်တယ်လို့
ဘယ်တော့မှ မမြင်ပါ။ ဒါကြောင့်လည်း ကျမနှင့်ဆရာမ ဒီလောက်နီးနီး
စပ်စပ် တွယ်တာမိတာ ဖြစ်နိုင်ပါသည်။ နောက်တခုက ဆရာမက
နိုင်ငံရေးအကြောင်းမပြော၊ နိုင်ငံရေးအကြောင်းလည်းမဖတ်။ ကျောင်းစာ
သာ သင်ပါတယ်။ စာသင်သည်သာ သူ့အလုပ်။ ဆရာမရဲ့ သမီးကြီးက
စာအုပ်တွေ စဖတ်ကတည်းက နိုင်ငံရေးစာအုပ်တွေကို ဖတ်ပါတယ်။
သူ့အဖေက လေ့ကျင့်ပေးထားခြင်းပင်။

၁၉၈၈ခုနှစ် ၊ မတ်လ ၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်
ကျဆုံးပြီးနောက် တက္ကသိုလ်ဝန်းကျင်က မငြိမ်သက်နိုင်တော့။ လှုပ်လှုပ်
ရှားရှားဖြစ်နေပါတယ်။ ဇွန်လမှာ ရန်ကုန် တက္ကသိုလ် အရေးအခင်း
စပါတယ်။ ဆရာမက သူ့သမီးကြီးကို ပူပန်ပါတယ်။ အဲဒီ သမီးကြီးအောက်
မှာ သားအငယ်က ဖြူဖြူနွဲ့နွဲ့ အသားဖြူဖြူအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး၊
မျက်ခုံးကောင်းကောင်းနဲ့ လူချောတစ်ယောက်၊ သူက ဒုတိယနှစ်
သင်္ချာအထူးပြုဖြင့် (လုပ်သားကောလိပ်) တက်ရောက်နေသူပါ။
ဒုတိယနှစ်ရောက်တော့ သူ့ဖခင်၏ရုံးမှာ အလုပ်ရလို့ လုပ်သား
ကောလိပ် ပြောင်းတက်ခဲ့တာပါ။ ဆရာမက စိတ်ပူလို့ ”မင်းအစ်မ က
ကျောင်းမှာစာမသင်တော့ဘူးဆိုလည်း မသွားနဲ့တော့ ပြောတာမရဘူး၊
ဘာကြောင့်သွားနေမှန်း မသိဘူး” ဟု ပြောရာ၊ အဲဒီသားအငယ်က
“ကျောင်းသားတွေ ဟောတာပြောတာ သိပ်ကောင်းတယ်၊ အဲဒါသွားပြီး
နားထောင်နေတာနေမှာပေါ့။ ဒီနေ့ခေတ် ဖြစ်ပျက်နေတာတွေ အမှန်အတိုင်း
ပြောရဲတာ၊ သိပ်ကောင်းတာပဲ၊ မဆလ အစိုးရတော့ ဒီတချီ သေဖို့သာပြင်၊
ကျောင်းသားတွေက နောက်မဆုတ်တော့ဘူး၊ ကျောင်းသားတွေ
သွေးမြေကျခဲ့ရတာတွေအတွက် ပေးဆပ်ရလိမ့်မယ်၊ ဒီအစိုးရကို
အပြုတ်တိုက်ဖို့ စီစဉ်နေကြပြီ” လို့ ပြောပါတယ်။

အဲဒီလို သားငယ်က ပြောတာကို အမှတ်တမဲ့သာနေခဲ့ပြီး၊ သမီးကြီး
ကို စိတ်ပူပြီး အာရုံစိုက် နေလို့ သားအငယ်ကို မေ့လျော့နေခဲ့ပါတယ်။
အဲဒီ သားအငယ်က အဲဒီအချိန် အသက် ၂၀ အရွယ်ပါ။ အဲဒီအရွယ်
ကစပြီး သူ့ဘဝတစ်ခုလုံး နိုင်ငံရေးနယ်ထဲ ကျောင်းသားတော်လှန်ရေး
နယ်ထဲ ရောက်သွားလိမ့်မယ်လို့ သူ့အမေက မထင်ခဲ့ပါ။ အဲဒီအချိန်မှာ
အစိုးရက တိုင်းပြည်အခြေအနေကို ရိပ်မိ၍ပဲလား အစိုးရဝန်ထမ်း
တွေကို စည်းရုံးတာပဲလားမသိ ဝန်ထမ်းဆန် တစ်ယောက် ၃ လစာ
ထုတ်ပေးခဲ့ပါတယ်။ ဆရာမ သားအငယ်က အဖေ၊ အမေ၊ သူ့ကိုယ်တာ
များကို ကားတစ်စီးဖြင့် ထုတ်၊ အိမ်သို့ပို့ခဲ့ပြီး အိမ်ကနေ ပျောက်ချင်း
မလှပျောက်သွားပါတယ်။ ဆရာမ အချစ်ဆုံးသားအတွက် ဆရာမ
ခံစားရလေပြီပေါ့..။

သမီးကြီးက ပြောတယ်တဲ့၊ သားငယ်က ကျောင်းမှာ တရားတက်ဟော
တယ်၊ မျက်နှာစည်းရန် ပုဝါတောင်လို့တောင် ပေးလိုက်ရသေးတယ်တဲ့။
ဆန်တွေ လာပို့တော့ “ အစ်မ ဒီဆန်တွေ တို့မိသားစု ၃ လ စားလို့
လောက်ရဲ့လား” လို့ မေးသွားတယ်။ “ငါမရှိရင် အဖေနဲ့အမေကို
ဂရုစိုက်ပါ” လို့ပြောသွားတယ်။ “သူကတော့ တိုင်းပြည်အတွက် လုပ်စရာ
တွေရှိလို့ သွားပီ” လို့ ပြောသွားတယ် ဆိုပြီး သမီးကြီးက ပြန်ပြောတော့
ဆရာမလည်း ဘာမှမပြောသာတော့ပါ။
သမီးကြီးကဆက်ပြောသေးသည်တဲ့
“မေမေစိတ်မပူနဲ့၊ မေမေ့သားတစ်ယောက်ထဲ မဟုတ်ဘူး၊ ဘယ်သွား
တယ်၊ ဘာလုပ်တယ်ဆိုတာ ပြောလို့မရပေမယ့် သူတို့ကျောင်းသား
လှုပ်ရှားမှုတွေ ဆက်လုပ်ဘို့ သွားကြတာပါ။ မေမေ့သားအတွက် အစစ
အဆင်ပြေအောင်သာ ဆုတောင်းပေးပါ။ မေမေ ခွဲရတယ်ဆိုတာ
သေသွားတဲ့ ကျောင်းသားတွေရဲ့ မိဘတွေလောက် မဆိုးပါဘူး” တဲ့

(၄)

၈-၈-၈၈ တွင် ကျောင်းသားများဦးဆောင်သော ရှစ်လေးလုံးအရေး
တ်ာပုံကြီးစတင်ပါတော့တယ်။ ပြည်သူတစ်ရပ်လုံး အုံးအုံးကြွက်ကြွက်
တောင်းဆိုသံများကြောင့် မဆလ အစိုးရပြုတ်ကျခဲ့ပါတယ်။ ဆရာမရဲ့
သမီးကြီးနဲ့တကွ ဆရာမခင်ပွန်းပါ သားပျောက်၊ မောင်ပျောက် ရှာကြ
ပါတယ်။ တရားဟောတဲ့နေရာမှာလည်း စောင့်ကြည့်၊ ချီတက်ရင်းနဲ့
လည်း ရှာကြပါတယ်။ သမီးကြီးက ကျောင်းသားသမဂ္ဂအဖွဲ့မှတဆင့်
စုံစမ်းပါတယ်။ အချို့ကျောင်းသားတွေက ဇွန်အရေးအခင်းပြီးကတည်း
က ရှစ်လေးလုံးအရေးတော်ပုံအတွက် တစ်နိုင်ငံလုံးအနှံ့ တာဝန်ကျရာ
နယ်တွေကို ရောက်နေကြောင်းတော့ သိရပါတယ်။ ကနဦးအစ ပစ်ခတ်
မှုများရှိရာ အသက်ရှင်ရက်ရှိပါ့မလား သံသယဝင်လာပါတယ်။
ဒီသံသယကို ဆရာမက မိခင်တို့ သိစိတ်နဲ့ ချေဖျက်နိုင်ပါတယ်။
ကိုယ့်သွေးသားဖြင့် ဖြစ်တည်ပြီး မိမိဝမ်းကြာတိုက်မှာ ကိုးလလွယ်
ဆယ်လဖွားခဲ့ရတဲ့ သားကို မသေသေးပါ၊ အလိုလိုသိပါတယ်တဲ့၊
တွေ့အောင်ရှာကြပါပြောရင်း အိပ်ယာထဲ လဲပါတော့တယ်။
သမီးကြီးက သမဂ္ဂရှိရာ ရန်ကုန်ဆေးရုံကြီးကို သူတို့နေထိုင်ရာ
မြို့စွန်ကနေ နေ့တိုင်း လမ်းလျှေက်သွားပါတယ်။ သူ့အလုပ်
သူလုပ်ရင်း မောင်ကို စုံစမ်းပါတယ်။ သူလည်းစိတ်ပူနေပြီ၊ တစ်နေ့
ပြန်လာမယ် ပြောသွားတာ ဒီအချိန်ပြန်လာရမှာပေါ့ဟု ဆိုကာ
မျှော်ရချေပြီ။ ကျမက ဆရာမကို စောင့်ရှောက်ပေးရင်း သားသမီးအပူ
များကို မျှဝေခံစားခဲ့ရပါတယ်။ စက်တင်ဘာ ၁၈ ရက်တွင်တော့ စစ်တပ်
မှ အာဏာသိမ်းပါတယ်။ ကျောင်းသားတွေ အလုပ်သမားတွေ ပြည်သူ
တွေ တောခိုကြလေပြီ။ ဆရာမက သားအငယ်အတွက် ပူပင်သောကများ
မငြိမ်းနိုင်တဲ့အတွက် ကျန်သမီးများအား အတင်းအကြပ် တားမြစ်ပါ
တယ်။ ဆရာမလည်း အိပ်ယာတွင် ဘုံးဘုံးလဲကာ လူထူမှသာ ထနိုင်
ခဲ့ပါတော့တယ်၊ မျှော်လင့်ချက်တွေ ပြိုလဲလုဖြစ်နေပါတော့တယ်။
လုံးဝ မထင်တားအချိန်မှာမှ အမျိုးသမီးတစ်ယောက် ရောက်လာပါ
တယ်။ သားငယ်ဟာ သန်လျှင်က သူငယ်ချင်းအိမ်ကို ရောက်နေတဲ့
အကြောင်းနဲ့ သူဟာ သူငယ်ချင်းရဲ့ အမေ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊
ခုလိုအချိန်မှာ သားကို လက်ခံမထားရဲတဲ့အတွက် လာခေါ်ဖို့ ပြောလာ
ပါတယ်။

ဆရာမဟာ သားအသက်ရှင်ရက်ရှိနေတာကို ဝမ်းသာအားရဖြစ်သွားပြီး
ထထိုင်ပါတယ်။ လမ်းတော့မလျှောက်နိုင်ပါဘူး။ ဆရာမခင်ပွန်းကတော့
အိမ်ရောက်ရင် ဖမ်းခံရမှာပေါ့၊ ဘယ်လိုလုပ်ကြမလဲ စဉ်းစားနေတုန်းမှာ
ပဲ၊ သမီးကြီးက “သူလိုက်သွားမယ် ၊ သူကြည့်စီစဉ်ခဲ့မယ်၊ မေမေ
နေကောင်းအောင်နေပါ၊ ဖေဖေက ဝန်ထမ်းဖြစ်တဲ့အတွက် ဖေဖေက
ဆက်သွယ်တယ်ဆို မကောင်းပါဘူး“ ဆိုကာ တခါမှ မမြင်ဘူးသည့်
အမျိုးသမီးကြီးတစ်ယောက်နောက်ကို လိုက်သွားလေရာ၊ ဆရာမမှာ
ဝမ်းသာစရာနှင့်အတူ စိတ်ပူပင်စွာ ကျန်ရစ်ခဲ့ပါတယ်။ သားငယ်က
အရေးအခင်းကာလမှာ မြိတ်ကိုရောက်နေပြီး အဲဒီမှာ ကျောင်းသား
အရေးတော်ပုံကို စတင်နိုင်ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ရန်ကုန်
မှာရှိတဲ့ ကျောင်းသားတွေ နယ်စပ်ကို ရှောင်တိမ်းကြတော့ အရေးအခင်း
မတိုင်ခင်ထွက်သွားတဲ့ သူတို့က ပြန်ဝင်လာကြတာပါ။ ဒါပေမယ့်
ပေါ်ပေါ်တင်တင် နေတာမဟုတ်ပဲ လုံခြုံတဲ့နေရာမှာပုန်းနေကြတာပါ။

သန်လျှင်ကို ကျောင်းသားတချို့နဲ့တွေ့ဘို့အလာ၊ သူငယ်ချင်းဖြစ်သူ
အိမ်ကို ဝင်တာဖြစ်ပါတယ်။ အိမ်ကိုပြန်မလိုက်နိုင်ပါ၊ ကျောင်းသားအရေး
ကိစ္စများ လုပ်စရာများစွာ ရှိနေသေးတဲ့အတွက် သူ့ကို မေ့ထားလိုက်ပါ၊
ဘာအကြောင်းမှ မကြားရရင် အသက်ရှင်ရက်ရှိနေသေးတယ်မှတ်ပါ
လို့ ပြောပါတယ်တဲ့။ သမီးကြီးက” အမေက တခါလောက်တော့ တွေ့ချင်
ရှာမယ်၊ ဘာမပြောညာမပြော ရုတ်တရက်ပျောက်သွားလို့ ခံစားနေရတာ
ဖြစ်မယ်။ ဒီတကြိမ်တော့တွေ့လိုက်ပါ၊ အတင်းပြန်လဲ မခေါ်ပါဘူး၊
လုပ်စရာရှိတာဆက်လုပ်ပါ၊ တွေ့လိုက်ပါလို့” ပြောတဲ့ အချိန်မှာ ရန်ကုန်ဘက်
က ညောင်တမ်းဆိပ်ကမ်းကို ရောက်မှ တွေ့မယ်လို့ အဖြေရပါတယ်။

ဒါပေမယ့် ညမထွက်ရအမိန့်ကရှိနေတော့ အချိန်က နာရီဝက်ပဲ ရပါ
တော့တယ်။ သမီးကြီးစီစဉ်ပေးလိုက်တဲ့ အိမ်ကို သားငယ်က သွားနှင့်ပြီး
ဆရာမနဲ့ အန်ကယ် (ဆရာမ အမျိုးသား) တို့ကို သမီးကြီးက အပြေး
အလွှား လာပြန်ခေါ်ပါတယ်၊ အံ့သြစရာပါပဲ ၊ သမီးကြီးက “ မေမေ
ဒီတခါမှမတွေ့ရရင် တွေ့ဖို့ မလွယ်ဘူး။ သူလုပ်စရာတွေ ဆက်လုပ်မှာ
မို့ ၊ မေမေအားတင်းပြီး လိုက်လာပါ´လို့ပြောတယ်ဆို ဆရာမဟာ
အနွေးထည်လေး ထပ်ဝတ်ပြီး လမ်းထလျှောက်ပါတယ်။ ကျမက ကျန်တဲ့
ဆရာမသမီးအငယ်တွေနဲ့အတူ အိမ်စောင့်ကျန်ခဲ့ရပါတယ်။ ညမထွက်ရ
အမိန့်ကြောင့် ဘယ်လိုမှ ပြန်မလာနိုင်ဘူးဆိုတာသိလို့ပါ။

(၅)

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း
ဥပဒေကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေကို ပြဌာန်း
ပါတယ်။ နိုင်ငံရေးပါတီစာရင်းတွေကို သတင်းစာမှာထုန်ပြန်တဲ့အခါ
“ဗမာ့မျိုးချစ် လူငယ်အစည်းအရုံး” ဆိုတဲ့ ကျောင်းသားပါတီတစ်ခုမှာ
သားငယ်နာမည်ကို တွေ့လိုက်ရပါတယ်။ မြေပေါ်မှာရှိနေတယ်ဆိုတာ
သိထားလို့လည်း သူလို့ထင်တာပါ။

နောက်တော့ အဲဒီပါတီရဲ့ ဥက္ကဌဖြစ်သူက စိတ်အေးအေးနေဘို့
ဆရာမကို ကိုယ်တိုင်ပဲ အိမ်ကိုလာပြောပါတယ်။ နောက်ပိုင်းမှာ
ဆရာမက ဘယ်လိုနေကြသလဲ၊ စားစရာရှိကြရဲ့လား သိချင်လာ
ပါတယ်။ အဲဒီတုန်းက ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရမယ်ဆိုပြီး
လက်မှတ်ထိုးထားရတဲ့အတွက် ထုံးစံအတိုင်း သမီးကြီးကို ပါတီ
လိပ်စာအတိုင်း သွားခိုင်းပါတယ်။ စားစရာတွေ အပို့ခိုင်းပါတယ်၊
ဆန်ုပြုတ်သောက်လိုက်၊ မရှိရှိတာ စားပြီး နေနေတာသိရတော့
ပို့ပေးနေရင်းက နောက်ဆုံး ဆရာမကိုယ်တိုင် သွားကြည့်ပါတယ်။
သားငယ်က “အမေမလာပါနဲ့၊ ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့
ထောင်တာမဟုတ်ဘူး၊ ကျောင်းသားအရေးကိစ္စတွေ လုပ်လို့ရအောင်
မှတ်ပုံတင်ထားတာ၊ ထောက်လှမ်းရေးက ရိပ်မိရင်လည်း ရိပ်မိ
နေလောက်ပြီ၊ အမေ ဒုက္ခရောက်မယ် လို့ တားပါတယ်”
နောက်ဆုံးမတော့ ဆရာမက ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်
တနေရာရောက်ပြီဆို ဘယ်မှာရှိနေတယ်ဆိုတာ သိရရင်ကျေနပ်ပြီ၊
သားတို့ ကျောင်းသားတွေကို မေမေ အမြဲမေတ္တာပို့နေတယ်၊ ဘယ်မှာ
ရှိတယ်ဆိုတာသာပြောသွားပါ” လို့ မှာပါတယ်၊ ဆရာမရဲ့ မသိစိတ်
ထဲမှာ နိုင်ငံရေးအခြေအနေတွေကြောင့် တစ်နေ့ သူ့သားသွားရမယ်
ဆိုတာ သိနေပါတယ်။

တကယ်တန်းကျတော့ သော့ခပ်ထားတဲ့ ပါတီရုံးခန်းသာကျန်ခဲ့ပီး၊
မြေလျှိုးသွားကြပါတယ်။ အခြေခံပညာကျောင်းသားသမဂ္ဂက
ကျောင်းသားတွေပါ ပါသွားကြပါတယ်။ အငယ်ဆုံးကျောင်းသားက
၁၆ နှစ် ၁၇ နှစ် အရွယ်တွေပါ။ ဆရာမက အင်မတန်ရိုးတဲ့အတွက်
ကျောင်းသားတပ်မတော် မြောက်ပိုင်းဆိုတာတောင်မသိပါဘူး။
နောက်ပိုင်း မိဘအချင်းချင်းမေးရာက ABSDF(NB) ကိုရောက်
သွားမှန်း သိရပါတယ်၊ ဆရာမလည်း AB မြောက်ပိုင်း၊ တောင်ပိုင်း
က ကျောင်းသားတွေကို ဘုရားရှစ်ခိုးတိုင်း မေတ္တာပို့ပါတယ်၊
တော်ရုံပို့တာမဟုတ်ပါဘူး၊ အရှည်ကြီးကို ရွတ်ပြီးပို့ပါတယ်။
ဆရာမရဲ့ မေတ္တာပို့မှာ ဒီမိုကရေစီလည်း ပါပါတယ်၊ ဒီမိုကရေစီရမှ
ကျောင်းသားတွေ ပြန်လာကြမှာကိုး။

၁၉၉၂ ခုနှစ်ခန့်က စစ်အစိုးရက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု
ကို ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရပါတယ်။ ကျောင်းသားတပ်မတော်
(မြောက်ပိုင်း)မှာ ကျောင်းသားအချင်းချင်း စစ်ထောက်လှမ်းရေးလို့
စွပ်စွဲပီး သတ်ဖြတ်နေကြတာတွေကို ထွက်ပြေးလွတ်မြောက်လာတဲ့
သူတွေက ဒဏ်ရာတွေ ပြပြီးရှင်းကြပါတယ်။ ကျမမှတ်မိသလောက်
ပြောရရင် အူတွေတောင်ထွက်ကျလာလို့ ပြန်ထည့်ပြီး အစိမ်းချုပ်ချုပ်
တာလဲပါရဲ့။ ကျမတို့တစ်အိမ်လုံး အစိုးရကို ဆဲကြပါတယ်။ ကျောင်းသား
တွေကို သက်သက်သိက္ခာချတယ်ဆိုကာ လုံးဝမယုံခဲ့ပါ။ သားငယ်
မြောက်ပိုင်းမှာရှိတယ်ဆိုတာ သိထားတဲ့ ကျမဟာ ဆရာမကို အဲဒီသတင်း
ကြည့်ရလား၊ ဖြစ်နိုင်ပါ့မလားလို့ သွားပြီးမေးခဲ့ပါတယ်။
ဆရာမဟာ စိတ်လှုပ်ရှားရင် နှလုံးခုန်မြန်ပီး၊ ခြေဖျားလက်ဖျား
အေးစက်တောင့်တင်းတဲ့ နှလုံးရောဂါတစ်မျိုး ရနေပြီဖြစ်တဲ့အတွက်၊
သေချာဆုံးအောင် မကြည့်တော့ပါတဲ့။ အတွေ့အကြုံတွေများလှပြီဖြစ်တဲ့
ဆရာမဟာ တခုခုကို တွေးဆနေပါတယ်။ ဖြစ်နိုင် မဖြစ်နိုင် လုံးဝမပြောပါ၊
တခုတော့ပြောပါတယ်။ အန်ကယ်ကတော့ “အစိုးရဟာ NLD ပြီးတော့
ကျောင်းသားတွေကို သိက္ခာချနေပြီဆိုပြီး ဆဲနေလေရဲ့” ကျမလည်း
ကျမနဲ့ အန်ကယ် အမြင်ချင်းတူတယ်ဆိုပြီး အန်ကယ်နဲ့သာ စကားပြော
ဖြစ်ခဲ့ပါတယ်။

(၆)

“ အဖေနှင့် အမေခင်ဗျား”
“ကျနော်ဟာ စစ်ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ ထောက်လှမ်းရေး
ဖြစ်တဲ့အတွက် ကျောင်းသားခေါင်းဆောင်များက ဖမ်းဆီးထားပါတယ်။
မိဘများက တောင်းပန်ပြီး လာရောက်ခေါ်ဆောင်ပါမှ အသက်ချမ်းသာ
ရာ ပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့် အမေ (သို့မဟုတ်) အဖေ အမြန်ဆုံး
လိုက်လာခဲ့ပါ“
ကျမ “စာကိုဖတ်ပြီးတာနဲ့ ဒီလောက် ကျောင်းသားအရေးတွေလုပ်နေတာ။
မိသားစုနဲ့ခွဲ၊ ကျောင်းပညာတဝက်တပျက်နဲ့ စွန့်ပြီးလုပ်လာတာ။ ဘာ
ထောက်လှမ်းရေးလဲ။ လိုက်သွားခေါ်ရင် ထောက်လှမ်းရေးဆိုတာ ဝန်ခံ
ရမှာလား“ ဆိုပြီး ဒေါသတကြီးပေါက်ကွဲပါတော့တယ်။ မျက်ရည်များလည်း
ရေသွန်သလို ဝေါကနည်းကိုကျလာပါတော့တယ်။

သမီးကြီးက ကျမပခုံးကိုလာကိုင်ပြီး” စာကို မိသားစုအားလုံး ဆယ်ခေါက်
ထက်မနည်း ဖတ်ပြီးကြပါပြီ။ သားငယ် အသက်ရှင်ဖို့ အရေးကြီးတယ်၊
သွားခေါ်ပြီး ဟိုရောက်မှ အခြေအနေကြည့်ရမှာ။ ကိုယ်လဲမြင်ရတာ
မဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲက အဖြစ်အပျက်တွေဟာ အမှန်တွေ
ဆို ကျောင်းသားအချင်းချင်း ပြဿနာတက်ကြတာဖြစ်မယ်၊ မိဘတွေ
လိုက်သွားရင် ကလေးတွေဘဲ မရိုင်းလောက်ပါဘူး။ ခုက သွားဘို့လည်း
ပြင်နေပြီ၊ ။ အမကအိမ်မှာ ညီမလေးတွေနဲ့ လာနေပေးရင်ဖြစ်မလားလို့၊
အဲဒါပြောမလို့၊ ညီမလည်း ရှိနေမှာပါ။” ဖြစ်ပုံက ဆရာမ သမီးအငယ်
တယောက်က ခွဲစိတ်ခန်းဝင်စရာရှိပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းပြီးသား၊
ဆရာမ နောက်ဆံမတင်းအောင် အိမ်မှာလူအင်အားဖြည့်တာပါ။
သမီးကြီးကလည်း သူ့အိမ်ထောင်နှင့်တခြားမှာ နေနေပေမယ့် ဒီရက်ပိုင်း
မှာ သူရော သူ့အမျိုးသားပါ လာနေပါတယ်။
“အန်ကယ်က ဘာလို့လိုက်မသွားတာလဲ” ဆရာမ လိုက်သွားမှာကို
သိလိုက်ရသည့်အတွက် ကျမ မေးလိုက်မိပါတယ်။

“သမီး အန်ကယ်နဲ့ လုံးဝမဖြစ်နိုင်ဘူး၊ သူက ဘုန်းကြီးစာချသွားလုပ်နေရင်
သူ့ပါ ဖမ်းချုပ်ထားလိမ့်မယ်” ဟု ဆရာမက ပြောရာ အန်ကယ်က“
အန်ကယ်က စကားများများ မပြောပါဘူး။ တခွန်းပဲပြောမှာ၊ “ဘာပြောမှာလဲ”
မေးတော့ “ ဟ အန်ကယ့်ကို သွားခိုင်းလေ ။ အဲဒီတော့ ဘာပြောမလဲ
သိရမှာပေါ့” တဲ့၊ အမှန်ကတော့ သွားခေါ်မယ့် ကျောင်းသားမိဘအချင်းချင်း
ချိတ်ဆက်မိကြပြီးပြီ။ အလားတူစာမျိုး ရန်ကုန်ရှိ ကျောင်းမိဘတချို့နဲ့
မန္တလေး၊ သာယာဝတီ စသဖြင့် စာများရောက်လာကြပြီးပြီ။ အများအား
ဖြင့် အမေများသာ လိုက်ကြပါတယ်။ တချို့လည်းအဖေ လိုက်ကြပါတယ်။
ကျမထင်တာက ယောင်္ကျားချင်းဆိုတော့ ပြောမှား ဆိုမှား စကားများကြရင်
အသက်အန္တရယ်ရှိလို့ ထင်ပါတယ်။

တစ်ခုပဲရှိတယ်။ ကျမ အမှတ်မမှားပါက ဝန်ထမ်းဆို၍ ဆရာမတစ်ယောက်သာ
ပါပါတယ်။။ ကျန်သူများက အငြိမ်းစားနှင့် ကုန်သည်များသာ၊ ဆရာမသည်
မြို့နယ်၊ တိုင်း အဆင့်ဆင့်မှသည် ပညာရေးဝန်ကြီးဌာနအထိ စာတင်ရပါ
တယ်။ သားအသက်ရှင်ရေးအတွက် သွားရောက်ခေါ်ခွင့်ပြုပါရန် အသနားခံစာ
တင်ရပါတယ်။ သွားရောက်မယ့် အဖွဲ့က ဆရာမသွားခွင့်ကျအောင် စောင့်ပေး
ကြပါတယ်။ တကယ့်ကို မိသားစုစိတ်ဓါတ် အပြည့်ရှိသူများပင်။ နောင်တချိန်တွင်
ထိုမိသားစုများသည် ယခုနှစ်ပေါင်း ၂၀ ကျော်သည့်တိုင် ချစ်ခင်စည်းလုံးလျက်
နေကြပါတယ်၊ သာရေးနာရေး ဖိတ်စရာမလို အလိုလိုသွေးစည်းကြတဲ့
သွေးသောက်မိသားစုများ ဖြစ်လာပါတယ်။ ဆရာမကို တစ်လအတွင်း ပြန်လာရန်
ခံဝန်ချက်ပေးပြီး လိုက်ခေါ်ဖို့ ခွင့်ပြုလိုက်ပါတယ်၊ ကျမ ဆရာမအတွက်
တော်တော်စိတ်ပူမိပါတယ်။ ဒါပေမယ့် စိတ်ဆောင်လို့လား မပြောတတ်
ပါဘူး ဆရာမဟာ သွက်လက်နေပြီး သူ့ကိုယ်သူ ကျန်းမာအောင်နေ
ပါတယ်။ ငါအသက်ရှင်မှ ဖြစ်မယ်လို့ တွေးကောင်းတွေးနေလိမ့်မယ်
ထင်ပါတယ်။ တကယ်တန်းမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး၊ ဆရာမဟာ
တစ်လကျော်ကျော်လောက်နေမှ ပြန်ရောက်လာသလို သားငယ်လည်း
ပါမလာပါ။ ဒါပေမယ့် ဆရာမဟာ သားကို မျက်မြင် အသက်ရှင်ရက်
တွေ့ခဲ့ရလို့ထင်ပါတယ်၊ သိပ်စိတ်မလှုပ်ရှားပဲ ဖြစ်ကြောင်းကုန်စင် ပြောပြ
ပါတယ်။ ရောက်ရောက်ချင်း ချက်ချင်းပေးမတွေ့ပါဘူးတဲ့၊ တော်တော်ကြာမှ
တွေ့ရတဲ့အပြင် တွေ့တဲ့အခါ အပြောအဆို ဆင်ခြင်ရပါတယ်တဲ့၊ သူတို့ကို
အချုပ်ခန်းကခေါ်ထုတ်ပြီး ပေးတွေ့ပါတယ်။

အားလုံးက သတိနဲ့နေနေရတာပါတဲ့၊ ကျောင်းသားတွေကို ရက်ရက်စက်စက်
သတ်ခံခဲ့ကြတာတွေ မိဘတွေကို ပြောပြပါသတဲ့။ ဆောင်းပါးမှာပါတဲ့
အကြောင်းအရာတွေပါပဲ။ အဲဒီအတိုင်းပါပဲ၊ မိဘတွေနဲ့ပြန်ထဲ့ပေးမယ်
ပြောပြီး ဘယ်လိုက ဘယ်လို စိတ်ပြောင်းသွားလည်း မသိပါတဲ့။ ပြန်လွှတ်
ပေးဖို့ ဘာတစ်ခုမှမပြောတော့ပါဘူးတဲ့။ အဲဒီမှာ စောင့်ရင်းစောင့်ရင်း ရက်တွေ
ကြာလာတာပါ။ နောက်ဆုံးတော့ မိဘတွေရဲ့တောင်းပန်မှုကြောင့် မသတ်ပါဘူး
ဆိုတဲ့ ကတိရလို့ ပြန်လာခဲ့ပါတယ်တဲ့။ ဆရာမက ပိုဆိုးတာက တလအတွင်း
ပြန်ရမယ့် ခံဝန်ချက်ကလည်းရှိနေတော့ နောက်ကြောင်းမအေးပဲ ဖြစ်ရပါတယ်
တဲ့။ ဆရာမလို ဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာ သားဇောကြောင့် KIA
ကချင်လွတ်မြောက်ရေးတပ်မတော်ကို ဖြတ်ပြီး ကျောင်းသားတပ်မတော်
စခန်းကို ဆိုးဝါးလှတဲ့ ရာသီဥတုနဲ့ လမ်းပန်းအခက်အခဲတွေကြားက
ရောက်အောင်သွားခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ဖြစ်ခဲ့ရပါတယ်။
ဆရာမဟာ မိသားစုကိုရော သမီးတမျှရင်းနှီးတဲ့ကျမကိုရော ခုချိန်ထိ
လျှို့ဝှက်ထားတယ်လို့ ကျမ ထင်ထားတာ တခုရှိပါတယ်။ ကျမဘယ်တော့
မှ မေးမှာမဟုတ်သလို သမီးကြီးကလည်း သူလည်းဘယ်တော့မှ မမေးပါ
ဘူးတဲ့။ အဲဒါကတော့ အချုပ်ခန်းကနေ ထွက်ပြေးမှ လွတ်တော့မယ်ဆိုတာကိုပါ။

(၇)

ကျောင်းသားတွေကို ထောက်လှမ်းရေးတွေပါလို့ စပြီးဖမ်းစဉ်က စစ်ဆေးရေး
အဖွဲ့မှာ သားငယ်ပါပါတယ်။ သားငယ်ဟာ ဒီကျောင်းသားတွေက သူနဲ့အတူ
တွဲပြီးလုပ်လာတာ သူသိပါတယ်။ ဘယ်လိုမှ ထောက်လှမ်းရေး မဟုတ်ဘူး
ဆိုတာသိနေတော့ မေးတာမြန်းတာ ပျော့ပြောင်းပါတယ်။ နဂိုထဲကလည်း
စိတ်သဘောထားပျော့ပြောင်းတဲ့ အတွက်ကတကြောင်း၊ ထောက်လှမ်းရေး
မဟုတ်ဘူးဆိုတာ သိနေတာတွေကလည်း တကြောင်းကြောင့် သူ့ရဲ့ ညှာတာ
မေးထားတဲ့ အချက်တွေကို သဘောမကျရာက သားငယ်ကို စစ်ထောက်လှမ်း
ရေးပဲ။ မင်းလည်းသူတို့နဲ့ တစ်ဖွဲ့ထဲပဲ စွပ်စွဲပြီး ဖမ်းချုပ်တာပါပဲတဲ့။

သားငယ်ကို စစ်တဲ့အခါမှာ တစ်ရက်မှာတော့ ခေါင်းကို ဒုတ်ကနဲရိုက်ခွဲ
လိုက်တာ သွေးအိုင်ထဲ ပုံရက်သား ကျသွားပါသတဲ့။ သေပြီလို့ အားလုံး
က ထင်လိုက်ကြပေမယ့် မသေခဲ့ပါဘူး။ ဒဏ်ရာကို ပက်သဒင်းတွေ
အတိုင်းအဆမရှိပေးပြီး ချုပ်ပါသတဲ့။ သားငယ်နာမည်ကို အော်ခေါ်ပြီး
ခြံထဲကိုဝင်လာတဲ့ ချာတိတ်ကို တွေ့လိုက်ရတော့ အိမ်ထဲမှာရှိတဲ့
မိသားစုတွေ ကြောင်ငေးပြီး ကြည့်နေမိပါတယ်။ သူ့ကို သားငယ်တို့နဲ့
အတူ မြောက်ပိုင်းမှာ စွပ်စွဲဖမ်းခံထားရတယ်လို့ သိထားသူပါ၊
တိုက်တိုက်ဆိုင်ဆိုင် ကျမကလည်း ဆရာမဆီ ကျောင်းကိစ္စတစ်ခုနဲ့
ရောက်အလာ ဆရာမ စက်ချုပ်ဆိုင်သွားနေတာနဲ့ စောင့်နေခြင်းပါ။
ဆရာမရောက်လာတော့ ထုံးစံအတိုင်း တအံ့တသြ။

နောက်မှသိရတာက မိဘတစ်ယောက်က နောက်တခေါက်
သူ့အစီအစဉ်နဲ့သူပြန်သွားပြီး အဲဒီတုန်းက ငယ်ရွယ်သေးတဲ့ သူ့သားနဲ့အတူ
ဒီချာတိတ်အပါအဝင် တချို့ကို အာမခံ ခေါ်ထုတ်လာတာပါ။
တဆက်ထဲ သားငယ်တို့က မကြာခင် အချုပ်ကနေထွက်ပြေးလာမှာ
သိထားတဲ့အတွက် လမ်းခရီးမှာ ချိတ်ဆက်တွေ ထားပေးခဲ့ပါတယ်တဲ့။
အစိုးရဘက်ရောက်ရင် မဖမ်းမဆီးအောင် ဒုက္ခတွေ့နေတဲ့ ကျောင်းသား
တွေ ရောက်လာရင် ကူညီအောင် စီစဉ်ပေးခဲ့ပါတယ်တဲ့၊ ခုဆို သားငယ်
တို့လည်း ရောက်လောက်ပြီဆိုပြီး လာခဲ့တာပါတဲ့။ ဆရာမလည်း တော်တော်
စိတ်ပူသွားချေပြီ။ ပြန်အဖမ်းခံရရင်တော့ သတ်မှာကျိန်းသေနေလေပြီ၊
ထိုချာတိတ်က အာမခံပါတယ်။ သားငယ်တို့က ဒီတောလမ်းခရီးကို
ကောင်းကောင်းကျွမ်းတယ်။ မျက်စေ့မလည်နိုင်၊ ဖြစ်နိုင်တာက မြို့ပေါ်
ရောက်မှ မျက်စေ့လည်ပြီး တနေရာရောက်တာဖြစ်မယ်။ တောထဲ
ကတော့ ကျိန်းသေလမ်းမပျောက်ပါဟု ဆိုပါတယ်။

ထိုအချိန် အန်ကယ်က နယ်ရောက်နေသည့်အတွက် ဖုန်းဆက်ခေါ်
ပါတယ်။ အန်ကယ့်မှာ နယ်မိတ်ဆွေများစွာရှိပါတယ်။ နယ်လှည့်စာရင်း
စစ်နေရသဖြင့် မရောက်ဖူးသည့်နယ်မရှိ အဆင်ပြေပါတယ်။ ကချင်
ပြည်နယ်ရှိ နယ်ရုံးခွဲများကို သံကြိုးရိုက်၍ တဖုံ ၊ ဖုန်းဆက်၍တနည်း
အကြောင်းကြားထားရာ မကြာမီ ဗန်းမော်မျာ အဖမ်းခံထားရတယ်လို့
မိတ်ဆွေတစ်ယောက်က သံကြိုးရိုက်ပါတယ်။ ကံတရားကား ဆန်းကျယ်
လှပါတယ်။ အန်ကယ့်ထံမှ သိရတဲ့အချိန်မှာ ထိုလူနဲ့ သားငယ်တို့
ရုံးထုတ်စစ်တာနဲ့ ကြုံရခြင်းပါ။ တောခိုကျောင်းသားများ ဖမ်းမိတယ်လို့
သိရလို့ အန်ကယ့်သားလား မေးရာမှ “ မင်းအဖေ စိတ်ပူနေတယ် ဦးလေး
လှမ်းအကြောင်းကြားပေးမယ်” ဆိုကာ ဝမ်းသာအားရ လှမ်းပြောခြင်းပါ။

အထက်အဆင့်ဆင့် စာတင်ရင်း မိဘများ၏ တင်ပြမှုများကြောင့်
နောက်ဆုံးတွင်တော့ မိဘရပ်ထံ ပြန်ရောက်ခဲ့ရချေပြီ။ ဆရာမ၏
နှလုံးသားတို့သည်လည်း ငြိမ်းချမ်းရချေပြီ။ သို့သော် စစ်အစိုးရ
လက်အောက်တွင် ယုံကြည်ချက်ပြင်းထန်သော ကျောင်းသားသည်
အဘယ်မှာ အေးအေးနေရပါမည်နည်း။ ၁၉၉၈ တခုသောရက်မှာ
မေးစရာရှိ၍ ခဏဆိုကာ ခေါ်သွားရာ ဘယ်မှာမှ မေးမရတော့ဘဲ
လအတော်ကြာမှ ထောင်ဝင်စာတွေ့သည့် လူတယောက်ကို အကူအညီ
တောင်းပြီး ပြောခိုင်းလိုက်သဖြင့် မန္တလေးထောင်တွင် ရောက်နေတာ
သိရတော့ပါတယ်။ နိုင်ငံရေးအမှုတွဲတစ်ခုဖြင့် ထောင် ၇ နှစ် ကျပါတော့
တယ်။ ဆရာမလည်း တောတွင်းအချုပ်ထောင်ကနေ မန္တလေးထောင်
ကို သွားရပြန်ပါတယ်။ တလတခါသွားတွေ့ရင်း ၂ နှစ်အကြာ ပခုက္ကူ
ထောင်ပြောင်းလိုက်တဲ့အတွက် ပိုပြီးဝေးလံစွာ သွားတွေ့ရပြန်ပါတယ်။
၂၀၀၄ မှာတော့ သားငယ်ထောင်ကလွတ်မြောက်လာခဲ့ပါပြီ၊ သားငယ်
အသက်လည်း ၄၀နား နီးလာချေပြီ။ ၂ နှစ်ခန့်အကြာမှာတော့ သူ့ကို
၁၈ နှစ်နီးပါး သစ္စာရှိစွာ စောင့်လာတဲ့ မိန်းကလေး အဲဒီအချိန်မှာတော့
အမျိုးသမီးကြီးနဲ့ လက်ထပ်လိုက်ပါတယ်။ ဆရာမတစ်ယောက် အဖေတူ
သားလို့ မကြာခဏပြောတတ်တဲ့ သားငယ်အတွက် စိတ်အေးချမ်း
နေတာကို ကြားသိနေရပါတယ်။

ကျမနဲ့ ဆရာမတို့လည်း လုပ်ငန်းတာဝန် မိသားစုတာဝန်တွေကြောင့်
တနယ်ကျေးစီ ကွဲကွာနေခဲ့ကြပါတယ်။ မြောက်ပိုင်းဒေသမှ အရိုးတွန်
သံများ ဆောင်းပါးကို ဖတ်လိုက်ရတဲ့အခါမှာ ကျမရင်ထဲ ကျမချစ်တဲ့
ဆရာမရဲ့ သားအပေါ်ထားတဲ့ နှလုံးသားကို ပြင်းပြင်းထန်ထန် သတိရမိ
ပါတယ်။ အကြောင်းအရာတွေဟာ ကိုယ်သိပြီးသားတွေဖြစ်ပါရက်နဲ့
နှလုံးသားတဆတ်ဆတ်တုန်အောင် ခံစားရပါတယ်၊ ဆရာမရော
ဘယ်လိုနေပါလိမ့်။ သားငယ်နဲ့နီးနီးကပ်ကပ် မခွဲမခွာရှိနေပြီဖြစ်တဲ့
အတွက် နှလုံးသားတွေ ငြိမ်သက်နေပြီလား၊ အသက်အရွယ်၊ အတွေ့
အကြုံတွေကြောင့် ခံနိုင်ရည်ရှိပြီး အကြောင်းအရာတွေကို ဆုံးခန်း
တိုင်အောင် ဖတ်နိုင်ပြီလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်(၂၀)။
အေးခဲနေတဲ့ ကချင်ပြည်နယ်ရဲ့ အအေးဒဏ်ကို အံတုရင်း
ကျောင်းသားတပ်မတော်စခန်းဆီက ငရဲခန်းအဖြစ်အပျက်တွေ
ကို သတိရနေလေမလား၊ ခေါင်မိုးပေါ်က တစက်စက်စီးလာတဲ့
နှင်းရည်တွေဟာ မြေပေါ်မကျခင် တံစက်မြိတ်မှာ ခဲသွားပြီး အချောင်း
လိုက်လေး တွဲကျနေတဲ့ မြင်ကွင်းကို ပြန်ပြောင်းသတိရနေလေမလား၊
ညဘက် အပေါ့အပါးထသွားချင်တဲ့အခါ ခေါင်းဖြတ်ခံထားရတဲ့
ကျောင်းသူလေးက ခေါင်းပြတ်ကြီးနဲ့ ချောက်တတ်တယ်ပြောကြလို့
ဟိုလူ့ လိုက်နှိုး ဒီလူ့လိုက်နှိုးပြီး သွားခဲ့ရတာတွေ သတိရနေလေမလား။

ရက်စက်လှတဲ့ လူမဆန်လှတဲ့ အဖြစ်တွေကို နှလုံးပျက်လုမတတ်
ကြားခဲ့ရလို့ သိခဲ့ရလို့ ပြန်တောင်မတွေးချင်တော့ပါဘူး ဆိုတာတွေကို
အဟောင်းတွေ အသစ်ဖြစ်ပြီး ဆရာမနှလုံးသားတွေ နာကျင်စွာခံစား
နေလေမလား။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတစ်ပတ်လည်ပြီး ဖျောက်မရစွာ
အမှန်တရားတွေ ဖော်ထုတ်နေပါပြီ။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ
ဆောင်းပါးလေးက သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ စာအုပ်လိုပဲ
သမိုင်းတွင်ပြီး၊ သင်ခန်းစာယူစရာ အဖြစ်အပျက်တွေဆိုတာကိုတော့
ဆရာမသိပြီး ကျေနပ်နေမယ်ဆိုတာ ဆရာမနှလုံးသားကို မှန်းဆ
အဖြေရှာ သိနေပါတယ်။

-ရွှေစင်ဦး
( မောက္ခစာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)


Read more »

Sunday, 22 January 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၆)


ရေးသူ- (ကို)အောင်မိုးဝင်း

ယခင်အပိုင်း(၅)မှ အဆက် ….

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို တင်ပြခဲ့တာ အပိုင်း (၆)
ကိုရောက်ရိှလာခဲ့တယ်။ ဒုတိယအဆင့် ကို ရောက်လာပြီ လို့ ဆိုရ
ပါလိမ့်မယ်။ ဒီအဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရ
သူတွေကို လေးလေးနက်နက် တိုက်တွန်း ချင်တာလေး တစ်ခုရှိပါ
တယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော်၊ သူငယ်ချင်း
တွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ
ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်
ဆွေးနွေးကြပါ။ တယောက်ချင်းစီ ဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်
မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါ
တယ်။ သူများရေးတဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊
ပဟေဋိ ပုစ္ဆာတစ်ပုဒ် တွက်သလိုမျိုး မေးခွန်းထုတ်နေတဲ့လုပ်ရပ်
တွေ၊ ပြဇာတ်ထဲက ဒဏ်ရာအနာတရမင်းသားတယောက် ကိုယ့်ရဲ့
ကြေကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်
ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။

ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသား
ခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော်
(မြောက်ပိုင်း ဥက္ကဋ္ဌ)၊ ရဲဘော်စိုးဝင်းသန်းနဲ့ ကျဆုံးခဲ့သော အပြစ်မဲ့
ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ
ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေးကြည်နဲ့ တခြားရဲဘော်တွေအတွက်
ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားပါမယ်။ မရှင်းမလင်းလုပ်နေတဲ့
သူတွေအတွက် ကျနော်တို့ရဲ့အသံတွေ တစုံတရာမှ ရှိမှာမဟုတ်ဘူး
ဆိုတာကိုတော့ တိတိကျကျပြောချင်ပါတယ်။ ကာယကံရှင်တွေက
သူရဲဘော ကြောင်စွာ ဆက်လက် ငြိမ်သက်နေမယ် ဆိုရင်တော့ ကြိုတင်
သတိပေးလိုက်ပါရစေ။ တတိယအဆင့်မှာ မုန်တိုင်း ကို ပို ဖြတ်ကြရပါ
လိမ့်မယ်။ ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ကြရပါ
လိမ့်မယ်။

မကောင်းဆိုးဝါးတကောင်ရဲ့ အသံ

“ရော်နယ်အောင်နိုင် ရဲ့ အသံကို ကြားရတိုင်း ပါဂျောင်စခန်းမှာ ညှင်းဆဲ
နှိပ်စက်ခံရတဲ့ အသံတွေကို ကြားနေရတယ်၊ သူ့အသံမှာ မကောင်းဆိုးဝါး
တစ်ကောင်ရဲ့ အခိုးအငွေ့တွေ ရိုက်ခပ်နေတယ်” လို့ အသက်မသေပဲ
ပြည်တွင်းကို ပြန်ရောက်သွားတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း
တွေက ရင်ဖွင့်ပြလေ့ရှိကြတယ်။ တကယ်တော့ ရော်နယ်အောင်နိုင်
ဆိုတဲ့သူဟာ လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က မြောက်ပိုင်းဒေသမှာ
မတရားသဖြင့် စွပ်စွဲ သတ်ဖြတ် ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှု
တွေကို လူတွေမေ့ပျောက်လောက်ပြီ လို့ ထင်နေသလားမသိပါဘူး။

အသံလွှင့်ဋ္ဌာနတွေနဲ့ အင်တာဗျူးတဲ့အခါတိုင်း လူတတ်ကြီးလုပ်ပြီး
သတိလက်လွတ် ပြောဆိုလေ့ရှိတယ်။ သူ့ရဲ့ အင်တာဗျုး တစ်ခုကတော့
မြောက်ပိုင်းဒေသမှာ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ သူတွေအားလုံးကို
မီးတောက်လောင်၊ ဒေါသထွက်စေခဲ့တယ်။ မှတ်မှတ်ရရ၊ ၂၀၀၆ ခုနှစ်မှာ
လူသတ်သမား သံချောင်းတယောက် စစ်အစိုးရဆီကို လက်နက်ချပြီး
ဝင်သွားတဲ့အခါ စစ်အစိုးရက သံချောင်းရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေ
အတွက် သေဒဏ် (၅) ခါ ချမှတ်ခဲ့တယ်။ ရော်နယ်အောင်နိုင်ကို ABSDF
(မြောက်ပိုင်း)နဲ့ ပတ်သက်ပြီး၊ အင်တာဗျုးလုပ်သူက မေးခွန်းတစ်ခု
မေးတဲ့အခါ၊ သူက လူတတ်လုပ်ပြီး၊ “ ABSDF မှာ ရန်သူ့သူလျှိုလို့
ယူဆသူအားလုံးကို သတ်ပစ်ရမယ်ဆိုတဲ့ မူ ရှိတယ်” လို့ ဖြေကြားခဲ့တယ်။
အထဲမှာ နားထောင်လိုက်ရတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း
တွေက သူ့ရဲ့အမေးအဖြေကို နားထောင်ပြီး ပါဂျောင်ဒေသဆီက
မချမဆန့်အန်ထွက်လာတဲ့ ရဲဘော်သူငယ်ချင်းတွေရဲ့ အော်သံတွေကို
နာနာကျင်ကျင် ခံစားလိုက်ကြတယ်။ ရော်နယ်အောင်နိုင် ဆိုတဲ့သူက
လူသတ်မှုကို မိန်ရည်ရှက်ရည်ထောက်ခံ ပြောဆိုနေတုံးပါလား ဆိုတာ
နားလည်သဘောပေါက်လိုက်ကြတယ်။ ရော်နယ်အောင်နိုင်က ဘာလို့
ထင်ယောင်ထင်မှား ကမ္ဘာမှာ ကိုယ့်ဘာသာလိမ်ချင်နေရတာလဲ။
တကယ်ဆို ထွန်းအောင်ကျော် ဆိုတဲ့ပုဂ္ဂိုလ်ဟာ မန္တလေးကတည်းက
ရင်းနှီးကျွမ်းဝင် ခဲ့တဲ့သူဖြစ်သလို၊ ထောက်လှမ်းရေးမဟုတ်ကြောင်း
သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရဘူးတယ်မို့လား။

ရန်သူ့သူလျှိုတွေဟာ ကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက်
အဆိပ်တွေ ခိုးယူလာခဲ့ပါတယ် လို့ စွပ်စွဲခဲ့တယ်။ ကျောင်းသားတွေကို
ဖမ်းဆီးနှိပ်စက်တယ်။ အဆိပ်ရှာမတွေ့တော့ လက်ဖြတ်တယ်။
ခန္ဓာကိုယ်ကို မီးရှို့တယ်။ ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့ပြီး ခေါင်းဖြတ်
သတ်ခဲ့ကြတယ်။ ABSDF(NB) စစ်ကြောရေးခေါင်းဆောင်တွေ
ကျောင်းသားတွေထံမှာ ရှာမတွေ့ခဲ့တဲ့ အဆိပ်တွေက သတင်းထောက်
တွေရှေ့မှာလည်း ရောက်ရော ဘာကြောင့် အရံသင့်ထုတ်ပြထားတဲ့
သက်သေခံ ပစ္စည်းတွေဖြစ်နေရတာလဲ။ တတ်လည်းတတ်နိုင်ကြလေရဲ့။
ဒါပေမဲ့ ဒါတွေဟာ ကိုယ့်ရှူးကိုယ်ပတ်မဲ့ ထောက်ကွက်တွေဖြစ်လာခဲ့ပြန်တယ်။
သက်သေပြချက်တွေ ရှိခဲ့ပေမဲ့

တကယ်တော့ ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ကျောင်းသားတွေဟာ
ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့ ကြတဲ့ ရဲမေ၊ ရဲဘော်
တွေရှိကြပါတယ်။ ဒီအထဲက အထင်ရှားဆုံး သက်သေပြပါဆိုရင်
ရဲမေ “သင်းသင်းညီ” ပဲ ဖြစ်ပါတယ်။ ABSDF (မြောက်ပိုင်း)ရဲ့
ခေါင်းဆောင်တယောက်ဖြစ်တဲ့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေ
ကို ထောက်လှမ်းရေးဟုတ်ဟုတ် သေသေချာချာ စစ်မေးနိုင်ဖို့အတွက်၊
“သင်းသင်းညီ” ဆိုတဲ့ ရဲမေလေး ကိုလည်း ဖမ်းဆီးချင်ယောင်ဆောင်ပြီး၊
သူတို့ဖမ်းထားတဲ့ “ ရန်သူ့ထောက်လှမ်းရေး” လို့ စွပ်စွဲခံရသူတွေအထဲကို
ထည့်ထားပေးလိုက်တယ်။ “သင်းသင်း”လည်း အဖမ်းခံရတဲ့သူတွေနဲ့
ရက်အတော်ကြာ၊ အတူသွားနေလိုက်ပြီးတဲ့နောက် သဘောပေါက်သွား
တယ်။ “သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ဘူး။ စစ်အစိုးရကို တကယ်
ဆန့်ကျင်ဖို့ လက်နက်ကိုင်နယ်မြေထဲကို ထွက်လာတဲ့ ကျောင်းသား၊
ကျောင်းသူ အစစ်အမှန်တွေဖြစ်တယ်”လို့ ABSDF ခေါင်းဆောင် မျိုးဝင်း
ဆီကို ရှင်းပြခဲ့တယ်။ မျိုးဝင်း ဆိုတဲ့ကောင်က “ မဟုတ်ဘူး” ဆိုတဲ့ အဖြေကို
မလိုချင်ဘူး။ “သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်တယ်” ဆိုတဲ့ အဖြေကိုသာ
လိုချင်သူဖြစ်တော့၊ “သင်းသင်းညီ”ရဲ့ စကားကို လက်မခံဘူး။ “သင်းသင်း”
လည်း ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသူတွေနဲ့အတူရောပြီး
နှိပ်စက် ညှင်းပမ်းခံခဲ့ရတယ်။

အရိပ်တွေလိုက်လာပြီ ….

ရော်နယ်အောင်နိုင်က ၂၀၀၈ မတိုင်ခင်မှာ လန်ဒန်မြို့က ဘီဘီစီမြန်မာပိုင်း
ဆီကို အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ ရောက်လာခဲ့တယ်။ သူရဲ့ အသံ
ကို ကြားတိုင်း ငရဲကျနေသလို ခံစားနေရတဲ့ ကျောင်းသားတပ်မတော်
ရဲဘော်ဟောင်းတွေကလည်း ရော်နယ်အောင်နိုင် ကို တစ်ခုခု ပြန် တုန့်ပြန်
ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အော်စတြေရီးယားမှာ အခြေချနေတဲ့
“နန်းအောင်ထွေးကြည်” က ဘီဘီစီ မြန်မာပိုင်းဋ္ဌာနမှူး၊ ဒေါ်တင်ထားဆွေ
ကို ဖုံးဆက်ပြီးပြောတယ်။ “အန်တီ တို့ ဘီဘီစီ ဋ္ဌာန က သတင်းထောက်တွေ
အနေနဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်း
အရာတွေကို မကြားမိဘူးလား။ ကိုအောင်နိုင်နဲ့ ပတ်သက်တဲ့ အကြောင်း
အရာတွေ ပြန်စုံစမ်းသင့်တယ်။ သတင်းထောက်ဆိုတာ ဘက်မလိုက်ဘူး
လို့ သေချာရင် ဒီကိစ္စကို အလေးအနက်ထားသင့်တယ်- ဘာညာ ဆိုတာ
တွေကို ကောင်းကောင်းမွန်မွန် ဆွေးနွေးတယ်။ ဒေါ်တင်ထားဆွေက
“ကိုအောင်နိုင်နဲ့ ပတ်သက်လို့ ဘယ်သူမှ စောတက မတက်ပါဘူး။ မငယ်
တယောက်တည်း တက်လို့လည်း သူ့ကို ရာထူးခန့်ထားရာကနေ ဖယ်ပစ်
ဖို့ မဖြစ်နိုင်ဘူး” ဆိုတဲ့ သဘောမျိုး တုန့်ပြန်တယ်။ နန်းအောင်ထွေးကြည်
ကလည်း “ဒါဆိုလည်း ရပါတယ် အန်တီ” ဆိုပြီး နောက်ထပ်တဆင့်
တက်လိုက် တယ်။ ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့
တိုင်စာတွေ ဘီဘီစီ မြန်မာပိုင်းဋ္ဌာဆီကို ရောက်လာတယ်။ ဒါပေမဲ့ မြန်မာပိုင်း
ဋ္ဌာနမှူး ဒေါ်တင်ထားဆွေက ရော်နယ်အောင်နိုင် အပေါ် အရေးယူမှုလုပ်ဖို့
မစတင်သေးပဲ “ဘယ်လိုလုပ်လိုက်တာလဲ” ဆိုတဲ့ စိတ်အနှောက်အရှက်
ဖြစ်တဲ့လေသံနဲ့ မေးခွန်းထုတ်လာတယ်။ ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနဆီမှာ
ပို့ထားတဲ့ တိုင်စာတွေအားလုံးကို နောက်ထပ် ပုဂ္ဂိုလ်တယောက်ဆီ
ထပ်ပို့လိုက်တယ်။ ဘီဘီစီဋ္ဌာနရဲ့ ဒါရိုက်တာဆီကို ဖြစ်တယ်။ ဘီဘီစီ
သတင်းဋ္ဌာနရဲ့ ဒါရိုက်တာက၊ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေကို
ခေါ်ပြီး မေးမြန်းခံရတော့မှ၊ ရော်နယ်အောင်နိုင် တယောက်လည်း
ဘီဘီစီ ဋ္ဌာန ကို စွန့်ခွာလိုက်ရတော့တယ်။ အံ့သြဖို့ကောင်းတာက
ကာယကံရှင်တွေရဲ့ထွက်ချက်တွေ၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေ
အကြောင်းတွေကို စာတမ်းတွေရေးသားပေးပို့ခဲ့ပေမဲ့၊ ၂၀၈ နောက်ပိုင်းမှာထိ၊
ဘီဘီစီက ဦးမောင်မောင်သန်းလို ပုဂ္ဂိုလ်တွေဟာ ရော်နယ်အောင်နိုင်ကို
အင်တာဗျုးလုပ်နေဆဲပဲဖြစ်တယ်။ စာတမ်းတွေကို သေသေချာချာ
မဖတ်တာလား။ ဋ္ဌာနမှူးဆီက မဖတ်ရတာလား။ ဒါမှမဟုတ် မတရားသဖြင့်
သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေဘက်က သားသမီးချင်း ကိုယ်ချင်းစာနာ
စိတ်မရှိတာလား ဆိုတဲ့အချက်ကိုတော့ ကာယကံရှင်တွေမှ သိလိမ့်မယ်။
သတင်းသမားတွေရဲ့ ရပ်တည်ချက်အတွက် စိတ်မကောင်းစရာပဲလို့
ပြောယုံမှတပါး ဘာမှ မရှိပါ။

ဘီဘီစီ- မြန်မာပိုင်း ဆီကို စာပို့ခဲ့တဲ့ သင်းသင်းညီ ရဲ့ လက်ရေးမူ ကို ပူးတွဲ
တင်ပြပေးလိုက်ပါတယ်။
သူမ ရေးခဲ့တဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

စက်တင်ဘာ၊ ၂၀၀၈



သို့
ကျမနာမည် သင်းသင်းပါ။ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလက ABSDF
(NB)ရဲ့ အဖွဲ့ဝင်တဦးပါ။ BBC မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှ ကိုအောင်နိုင်
အား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းကို ပြန်လည် စဉ်းစားစေလိုပါသည်။
ကိုအောင်နိုင်သည် ABSDF (NB) တွင် အထွေထွေ အတွင်းရေးမှူး အနေဖြင့်
တာဝန်ယူစဉ်ကာလတွင်၊ ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်ပြီး
သုံးသပ်စေချင်ပါသည်။ ထိုစဉ်က ABSDF (NB) မှ ရဲဘော်ရဲမေများကို
ထောက်လှမ်းရေးဟု စွပ်စွဲပြီး၊ ဖမ်းဆီးသော အကွဲအပြဲ ပြဿနာများတွင်
ကျမကို ABSDF (NB) မှ တွဲဘက် အထွေထွေ အတွင်းအရေးမှူး မျိုးဝင်းမှ
ဖမ်းဆီးခြင်း ဟန်ဆောင်ပြီး အကျဉ်းသားများကြားတွင် စုံစမ်းစေခဲ့ပါသည်။
ကျမက “အားလုံးထောက်လှမ်းရေးမဟုတ်” ဟု ဆိုသောအခါ၊ တွဲဘက်
အထွေထွေ အတွင်းရေးမှူး မျိုးဝင်းမှ ၊ ကျမကို “သေချာရှာပါ ရှိကိုရှိတယ်”
ဆိုပြီး ဆက်လက် ခိုင်းစေခဲ့ပါသည်။ ကျမကိုလည်း မျိုးဝင်းတို့ ခိုင်းထား
သော လူမှန်းမသိ သောကြောင့်၊ စစ်ကြောရေးမှာ၊ ကျမကိုယ်တိုင် ရင်ဘတ်
ထဲတွင် ကျင်စက်နှင့် တို့ကာ အနှိပ်စက် ခံခဲ့ရပါတယ်။ ထို့နောက် ကျမက
“ဒီလိုမျိုး မနေနိုင်ဘူး သတ်ရင်လည်း သတ်” လို့ ပြောသောအခါမှ ပြန်လွှတ်
ပေးခဲ့ပါတယ်။

ဒါပေမဲ့ အားလုံးထောက်လှမ်းရေးမဟုတ် ဟူသော ကျမ၏ ပြောဆိုချက်
ကို လုံးဝလက်မခံပဲ၊ ညှင်းဆဲ သတ်ဖြတ်မှုများကို တရားမဲ့စွာ ဆက်လက်
လုပ်ဆောင်ခဲ့ပါတယ်။ အကျဉ်းထောင်ထဲတွင် ကျမကိုယ်တိုင်လည်း
ညှင်းဆဲမှုများကို မတရားသဖြင့်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမဟုတ်ပဲ
သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ၊ သမိုင်းကြောင်းအမှန်ကို ပြန်ပြောရန်
မတတ်နိုင်တော့ပါဘူး။ ကံကောင်းထောက်မစွာ ကျန်ခဲ့တဲ့ ကျမက
သေဆုံးသွားတဲ့ အကိုကြီး ကိုထွန်းအောင်ကျော် (ဥက္ကဋ္ဌ) ABSDF (NB)
နှင့် သူငယ်ချင်းရဲဘော်ရဲဘက်များကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။
အသက်ရှင်ကျန်ပြီး ပြည်တွင်းပြန်ရောက်လာတဲ့ စွပ်စွဲခံရသူများထဲတွင်
နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင် နေသည့်အတွက်၊
ထောင်ကျ နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အများအပြားပင်
ရှိနေသည့်အတွက်၊ ယ္ခုတဖန် ကိုအောင်နိုင်၏ အင်တာဗျူးများကို သိရှိ
ရသည့်အခါ၊ ထိုသူများအစား ကျမရင်နာမိပါသည်။ ထိုကဲ့သို့ နောက်ခံ
သမိုင်းကြောင်း ကောင်းစွာရှင်းလင်းခြင်းမရှိသူအား၊ BBC မှ ဝန်ထမ်းခံရန်
သင့်မသင့်ကို ပြန်လည်ပြီး စဉ်းစားစေချင်ပါသည်။
သင်းသင်း
ABSDF (NB) ရဲမေဟောင်း

မှတ်ချက်- ABSDF (NB) ဆိုတာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)
ကိုအတိုကောက် ရေးထားခြင်းဖြစ်ပါတယ်။
ခုတော့ ရဲမေ “သင်းသင်းညီ” က ဗမာပြည်ထဲမှာ ပြန်ရောက်နေပါတယ်။
ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ မတရားသဖြင့်စွပ်စွဲ သတ်ဖြတ်ခံရတဲ့
ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး တေးသီချင်းတွေ သီဆိုထုတ်လုပ်ဖို့
အတွက် လုပ်ဖေါ်ကိုင်ဘက်တွေနဲ့အတူ ပြင်ဆင်နေပါတယ်။ ထွက်လာရင်
လည်း အားပေးလိုက်ကြပါအုံး လို့ နိုးဆော်လိုက်ပါရစေ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -အပိုင်း (၇) - မှာ နောက်ထပ် ကျောင်းသား
တပ်မတော်ရဲဘော်၊ သက်သေ တစ်ယာက်ရဲ့ စာ ကိုတင်ပြပေးပါမယ်။

ခင်မင်လေးစားလျှက်
-အောင်မိုးဝင်း
Read more »

၈၈ မျိုးဆက်များ၏ သတင်းစာ ရှင်းလင်းပွဲ (ရုပ်သံ)





Read more »

Wednesday, 18 January 2012

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ကိုယ်စားလှယ်လောင်း စာရင်း

ရန်ကုန်တိုင်း ...

၁။ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၂။ ဒေါ်စုစုလွင် သုံးခွမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၃။ ဒေါက်တာမျိုးအောင် ဒဂုံမြို့ သစ် ၊ ဆိပ်ကမ်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၎။ ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၅။ ဦးဖြိုးမင်းသိန်း လှည်းကူးမြို့နယ်၊ ပြည်သူ့လွတ်တော်
၆။ ဒေါက်တာမေ၀င်းမြင့် မရမ်းကုန်းမြို့နယ် ၊ ပြည်သူ့လွတ်တော်



ပဲခူးတိုင်း ...

၇။ ဦးအောင်စိုးမြင့် တောင်ငူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၈။ ဦးစိန်ထွန်း ထန်းတပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၉။ ဦးမြင့်ဦး သနပ်ပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၀။ ဦးကျော်မင်း လက်ပံတန်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၁။ ဦးမင်းဦး ထန်းတပင်မြို့နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ် (၇)
၁၂။ ဦးမျိုးခိုင် တိုင်းဒေသကြီး မဲန္ဒနယ် အမှတ် (၂)

မန္တလေးတိုင်း ...

၁၃။ ဦးအုန်းကြိုင် မဟာအောင်မြေမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၁၄။ ဦးဝင်းထိန် မိထ္တီလာ ၊ ပြည်သူ့လွတ်တော်

မွန်ပြည်နယ် ...

၁၅။ ဒေါ်ခင်ဌေးကြွယ် မော်လမြိုင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

ရှမ်းပြည်နယ် ...

၁၆။ ဒေါက်တာ ဒေါ်သန်းငွေ ကလောမြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၇။ ဦးစိုင်းမြင့်မောင် အမျိုးသား လွတ်တော် မဲဆန္ဒနယ် အမှတ် (၃)

ဧရာဝတီတိုင်း ...

၁၈။ ဦးဝင်းမြင့် ပုသိမ်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၉။ ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း မအူပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၀။ ဦးမန်းဂျော်နီ မြောင်းမြမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၁။ ဦးသိမ်းဆွေ မဲဆန္ဒနယ် အမှတ် (၁၀) ၊ အမျိုးသားလွတ်တော်
၂၂။ ဒေါက်တာလှမြတ်သွေး ရေကြည်မြို့နယ် ၊ တိုင်းဒေသကြီး လွတ်တော်

ကချင်ပြည်နယ် ....

၂၃။ ဒါရှီလဆိုင်း ဖါးကန့်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၄။ ဒေါ်ခင်ကြည် မိုးကောင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၅။ ဦးဘမြင့် ဗန်းမော်မြို့နယ် ၊ ပြည်သူ့လွတ်တော်

စစ်ကိုင်းတိုင်း ...

၂၆။ ဦးခင်မောင်သိန်း စစ်ကိုင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၇။ ဒေါ်ခင်စန်းလှိုင် ပုလဲမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၈။ ဒေါ်ခင်မွေးလွင် မင်းကင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၉။ ဒေါက်တာမြင့်နိုင် (မဲဆန္ဒ ၃)(ကန့်ဘလူ၊ ကျွန်းလှ၊ ရေးဦး၊တန့်ဆည်) အမျိုးသားလွတ်တော်
၃၀။ ဦးစောလှိုင် (မဲဆန္ဒ ၇) ဗန်းမောက် ၊ ကောလင်း ၀န်းသို ၊ ပင်လယ်ဘူး
အမျိုးသား လွတ်တော်

တနင်္သာရီတိုင်း .....

၃၁။ ဒေါ်တင်တင်ရီ ကျွန်းစုမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၂။ ဦးအောင်စိုး လောင်းလုံမြို့နယ် ၊ ပြည်သူ့လွတ်တော်

မကွေးတိုင်း ....

၃၃။ ဦးမြင့်သိန်း မကွေးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၄။ ဒေါက်တာတင်ဌေး ရေစကြိုမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၅။ ဦးမြင့်အောင် မြိုင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၆။ ဦးပိုက်ကို ပခုက္ကူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၇။ ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၈။ ဦးအောင်ကြည်ညွန့် (မဲဆန ၄ တောင်တွင်းကြီး) အမျိုးသားလွတ်တော်

မန္တလေးတိုင်း ....

၃၉။ ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၀။ ဦးပေါခင် နွားထိုးကြီးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၁။ဒေါ်ခင်သန္တာ တံတားဦးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၂။ ဦးကျော်သီဟ ပြင်ဦးလွင် ၊ ပြည်သူ့လွတ်တော်

ဧရာဝတီတိုင်း .....

၄၃။ ဒေါ်မြင်မြင့်စန်း ၀ါးခယ်မမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၄။ ဦးကျော်မြင့် မြန်အောင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

နေပြည်တော် ....

၄၅။ ဦးဇေယျာသော် ပုဗ္ဗသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၆။ ဒေါ်စန္ဒာမင်း ဇဗ္ဗူသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၇။ ဦးမင်းသူ ဥတ္တရသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၈။ ဦးနိုင်ငံလင်း ဒက္ခိဏသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်

Read more »

Monday, 16 January 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၅)

ရေးသူ- (ကို)အောင်မိုးဝင်း

ယခင်အပိုင်း(၄)မှ အဆက် ….

နားထောင်စမ်း-
ဒီည-- ပါဂျောင် ရဲ့အကျဉ်းထောင်ထဲမှာ “ယုဇနပင် နဲ့ ဖဲကြိုးဝါ” သီချင်း
ဆိုမဲ့သူမရှိဘူး “ထွန်းအောင်ကျော်”ရဲ့ ဝိညာဉ်တွေက စန္ဒယားခလုတ်
တွေပေါ်မှာ ပြေးဆော့နေတယ်၊ သမဂ္ဂ အလံတော်အောက်မှာ--- သမဂ္ဂ
အလံတော် အောက်မှာ   -------  တဲ့လေ…………….
“လှဆိုင်း၊ မျိုးဝင်း၊ သံချောင်း၊ အောင်နိုင်၊ သန်းဇော်” တို့အတွက်
ဆယ်ဘဝစာ လိပ်ပြာခြောက်လန့်နေတော့မယ်

မြောက်ပိုင်းဒေသရဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့အစုလိုက်
အပြုံလိုက် လူသတ်ပွဲကြီးအပြီး၊ မန္တလေးစစ်ထောက်လှမ်းရေးတွေ
ပြောနေကျ စကားတခုရှိတယ်။ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ
ဆီက အဖြေမရမချင်း “ဟေ့ ကောင်တွေ မှန်မှန်ဖြေနော် မဖြေရင် ABSDF
(မြောက်ပိုင်း) က ကောင်တွေကို ခေါ်လိုက်ရမလား” ဆိုတဲ့ ခြိမ်းခြောက်မှု
ပဲဖြစ်တယ်။ တကယ်တော့ ABSDF ( မြောက်ပိုင်း) ကို ၁၉၉၂ ခုနှစ်အတွင်း
မှာ ခေါင်းဆောင်ခဲ့ကြသူတွေ၊ စစ်ကြောရေးစခန်းမှာ ပါဝင်ခဲ့တဲ့သူတွေဟာ
ဖက်ဆစ်အစိုးရက ဆရာတင်ရလောက်အောင်အထိ ရိုင်းစိုင်းကြမ်းကြုတ်
ခဲ့ကြတယ်။
ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။

အဖွဲ့ဝင် (၃၀၀) ကျော်လောက်သာ ရှိတဲ့အဖွဲ့မှာ ယုတ်မာသိမ်ဖျင်းတဲ့
အောက်တန်းစား လူတစု ဦးဆောင်ပြီး ကျောင်းသား အယောက် (၁၀၀)
ကျော်ကို မတရားသဖြင့်စွပ်စွဲ ၊ တချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တယ်။
ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။

ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင်
တွေ အပါအဝင် အပြစ်မဲ့ ကျောင်းသားတွေကို လူမဆန်စွာနှိပ်စက်
သတ်ဖြတ်ခဲ့တယ်။ သမိုင်း ဆိုတာ လိမ်ညာလို့မရဘူး။ ပြင်ဆင်လို့
မရဘူး။ ဖာထေးကာကွယ်လို့မရဘူး “ နိုင်ငံရေးအတွေ့အကြုံ
မရင့်ကျက်ခြင်း” ဆိုတာကို နားလည်နိုင်ပေမဲ့ “ယုတ်မာကြမ်းကြုတ်ခြင်း”
ဆိုတာ မိမိကိုယ်တွင်းမှာ ဖွဲ့တည်နေတဲ့ သန္ဓေ ဖြစ်တယ်။ ဒီလို ကမ်းကုန်
အောင် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကပဲလုပ်လုပ်၊
ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မည်သည့်အဖွဲ့အစည်းကပဲ
လုပ်လုပ်၊ လက်ခံလို့မရပါ။ ဆန့်ကျင်တိုက်ဖျက်သွားရပါလိမ့်မယ်။

ရန်သူ့သူလျှို ဆိုတာ--
ရန်သူ့ သူလျှို ဆိုတဲ့စကားကို အုပ်စုတစုကချည်း လူပါးဝ စွပ်စွဲပြောဆို
နေမှုကို လုံးဝခွင့်မပြုနိုင်ပါ။  ဒါဟာ ပါဂျောင် မဟုတ်ဘူး။ မာနယ်ပလော
မဟုတ်ဘူး။ လက်နက်ကိုင်ထားသူချင်း အုပ်စုဖွဲ့ပြီး အားနည်းသူကို
အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ ဓါးပြ ဂိုဏ်းဆန်ဆန် အတွေးအခေါ်တွေ
ဟာ (၂၁) ရာစုမှာ အသုံးမဝင်တာ ဒီကနေ့ စစ်အာဏာရှင်တွေတောင်
သဘောပေါက်ပါတယ်။ ရန်သူ့သူလျှိုဆိုတာ- စွပ်စွဲခံခဲ့ရတဲ့ ကျောင်းသား
တချို့ထဲမှာလည်းရှိနိုင်သလို၊ လူသတ်မှုကို ရိုင်းရိုင်းစိုင်းစိုင်းကျူးလွန်ခဲ့ကြ
တဲ့ ABSDF  (မြောက်ပိုင်း) ကို ဦးဆောင်ခဲ့သူ သံချောင်း၊ ရော်နယ်အောင်နိုင်၊
မျိုးဝင်း နဲ့ လှဆိုင်း တို့လည်းဖြစ်နိုင်တယ်။ ထိုင်းနယ်စပ်မှာ ခြစားအကျင့်
ပျက်နေတဲ့ ဒီမိုကရေစီရေးအကြောင်းပြပြီး ချမ်းသာနေတဲ့ အဖွဲ့အစည်းတွေ
ထဲမှာလည်း ရှိနိုင်တယ်။ လူတိုင်းမှာ အုပ်စုရှိတယ်။ လက်ယဉ်တယ်။
ဝှက်ဖဲတွေရှိတယ် ဆိုတာ မမေ့ဖို့ လိုပါလိမ့်မယ်။

အနိမ့်ဆုံးသဘောတူညီမှု ရန်သူ့ သူလျှို လို့ ပြောဆိုနေတဲ့ အဖွဲ့တွေ
ကိုလည်း၊ အခြားအဖွဲ့တွေက ပြန်လည်စစ်မေးပိုင်ခွင့်ရှိရမယ်။ ဒါပေမဲ့
မန္တလေး၊ ရန်ကုန် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို နားမလည်ပဲ
တော်လှန်ရေးခေါင်းဆောင်ယောင်ယောင် လေသံ နဲ့ အပေါ်စီးက
စွပ်စွဲနေမယ် ဆိုရင် “ ကိုယ် အသုံးမကျတာ၊ ဗဟုသုတ မရှိတာ
လူသိတယ်” ဆိုတာမျိုးဖြစ်နေမယ် လို့ သတိပေးပါရစေ။ ဘာပဲဖြစ်ဖြစ်
အနိမ့်ဆုံး သဘောတူညီမှုအဖြစ် “ ဒီ လို ရက်စက်ကြမ်းကြုတ်တဲ့၊
လူမဆန်တဲ့ လုပ်ရပ်” ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြရပါလိမ့်မယ်။
အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကို ရာဇဝတ်မှုကြီး အဖြစ် ဆွဲချက်
တင်ကြရပါလိမ့်မယ်။ မတရားမှုကို မရှုတ်ချရဲသူတွေ၊ အဖွဲ့အစည်း
တွေကို တော်လှန်သူတွေအဖြစ် မသတ်မှတ်နိုင်သလို၊ တရားမျှတမှု
အတွက် တိုက်ပွဲဝင်ပါတယ် ပြောဆိုနေခြင်းဟာလည်း သံသယဖြစ်စရာ
ကောင်းနေပါတယ်။ ဘယ်လိုမှ အထင်ကြီးလို့မရပါ။

လူသတ်မှုမှာ အဓိက တာဝန်ရှိသူများအတွက် ..
၁၉၉၂ ကာလ ABSDF မြောက်ပိုင်းလူသတ်မှုမှာ အဓိက တာဝန်ရှိသူ
တွေက ရော်နယ်အောင်နိုင်( ယ္ခု-ချင်းမိုင်) ၊ မျိုးဝင်း ( သေဆုံး)၊
သံချောင်း ( ထောင်တွင်း) ၊ တို့ဖြစ်ပြီး၊ အာသံကုန်းမြင့်ပေါ်မှာ ကျောင်းသား
တွေကို ခေါင်းဖြတ်သတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ လှဆိုင်း
(ယ္ခု- ABSDF မြောက်ပိုင်း)၊ နဲ့ သန်းဇော်တို့ အုပ်စုကို “ယောင်္ကျား ပီသပါ၊
သတ္တိရှိပါ၊ လူထုကို မျက်နှာချင်းဆိုင်ရဲပါ” လို့ ပြောလိုက်ပါရစေ။ ဒီလို
လူတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း
သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။

မိတ်ဆွေတွေအတွက် ဂတိစကား ကာယကံရှင်တွေရဲ့ သူရဲဘောကြောင်
မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာမို့ ဖြစ်စဉ်တခု
လုံးဟာ ကျနော်တို့တည်ဆောက်ထားတဲ့ System Dynamics ထဲမှာပဲ
စံနစ်တကျလည်ပတ်နေကြတာဖြစ်တယ်။ ဒါဟာ ကောင်းတဲ့  အချက်ပါ။
နံရံတိုင်းမှာ နားတွေရှိတယ် ဆိုတဲ့ စကား ကို မကြာခင်မှာ နားလည်
သွားကြပါလိမ့်မယ်။

-အောင်မိုးဝင်း

                      
နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ ( ဒုတိယပိုင်း)ကို ဆက်လက်
ဖေါ်ပြလိုက်ပါတယ်။

ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ထောက်လှမ်းရေးသူလျှိုများ
အဖြစ် စတင်ခဲ့ပုံမှာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး (ယ္ခု Australia
နိုင်ငံသို့ ရောက်ရှိနေသူ) ၏ အောက်ခြေသိမ်း အလုပ်လုပ်ပေးနေရသည့်
ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်မှ ထွက်ပြေးရာမှ စတင်ခဲ့သည်။
ထိုတပ်ပြေး စိုးမင်းအောင် အား တရုပ်ပြည်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်
လာပြီး လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ပြီး ထောက်လှမ်းရေးသူလျှို ဟုတ်ပါ
သည်ဟု မတရားဝန်ခံခိုင်းသည်။ ညှင်းပမ်းမှုများ ဒဏ်ကြောင့် မခံမရပ်နိုင်
ဖြစ်ပြီး မတရားဝန်ခံချက်ကို ဟုတ်သည်ဟု ဖြေကြားခဲ့သည်။ ထိုမှတဆင့်
ထောက်လှမ်းရေးသူလျှို၏ အမည်ကို နှိပ်စက်ပြီး မေးလေတော့သည်။
ထို စိုးမင်းအောင်၏ ထွက်ဆိုချက်များအရ၊ ကျောင်းသား ရန်အောင်ကို
ဖမ်းဆီးနှိပ်စက်သည်။ ထိုမှတဆင့် အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးရာ
သူလျှိုများအဖြစ် မတရားဖမ်းဆီးခံရသူပေါင်း၊ ( မိမိ အပါအဝင်)
ကျောင်းသား (၁၀၁) ဦး ရှိလာသည်။

ABSDF ( မြောက်ပိုင်း) တွင် ကျောင်းသားအင်အား (၃၀၀) ကျော်ခန့်သာ
ရှိချိန်တွင် ထောက်လှမ်းရေးသူလျှိုအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်း
မှာ (၁၀၁) ဦးရှိခဲ့သည်။ ပထမဆုံး ဖမ်းဆီးနှိပ်စက်ခြင်းခံရသော ကျောင်းသား
စိုးမင်းအောင်မှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ ညှင်းပမ်း
နှိပ်စက်မှုကြောင့် စစ်ကြောရေး ဒဏ်ဖြင့် သေဆုံးသွားရသော ကျောင်းသား
ရဲဘော်မှာ (၁၃) ဦးရှိပြီး တရုပ်ပြည် ယင်ကျန်းတွင် လုပ်ကိုင်စားသောက်
နေသော အရပ်သား (၁) ဦးရှိသည်။ ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်စက်
စွာသတ်ဖြတ်ခံရသူ (၁၅) ဦးရှိသည်။ ထိုသေဒဏ်ချမှတ်ရာတွင် အဓိက
တာဝန်ရှိသော (၃) ဦးမှာ ထိုကာလတွင် ABSDF (မြောက်ပိုင်း)၏ ထိပ်တန်း
တာဝန်ယူထားသော ကျောင်းသားတပ်မတော် ခေါင်းဆောင်ဖြစ်သည့်

(၁) အောင်နိုင် ( ABSDF-မြောက်ပိုင်း ဥက္ကဋ္ဌ) ဘီဘီစီ မြန်မာပိုင်း
အသံလွှင့်ဋ္ဌာနမှ နှုတ်ထွက်ခဲ့ရသူတဦးဖြစ်ပြီး ယ္ခုအခါ ချင်းမိုင်နေထိုင်ကာ အင်တာနယူးအေဂျင်စီတွင် လုပ်ကိုင်နေသောသူဖြစ်သည်။
(၂) သံချောင်း (ခ) မြင့်စိုး ( ၂၀၀၆ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့စွဲပါ ကြေးမုံနှင့်
မြန်မာ့အလင်း သတင်းစာအရ စစ်အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ)
(၃) မျိုးဝင်း ( ၁၉၉၂ မေလ ကုန်ခန့်တွင် တိုက်ပွဲကျဆုံး)
ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေး
သူလျှိုများဟု ဖမ်းဆီးရာတွင် တာဝန်ရှိသည့် ကျောင်းသားဦးဆောင်သူများမှာ

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည်)
(၃) ဗိုလ်ကြီး မျိုးဝင်း (တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊
ဒု -စစ်ရေးတာဝန်ခံ) မိုးညှင်း- နန်းမား 
(၄) တပ်ကြပ်ကြီး သန်းဇော် (မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ) 
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း (မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး (မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး (ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း (ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း (ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များ

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
(အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်
ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF (မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်
မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း (မိုးညှင်း တပ်ခွဲမှူး)
(၅) စောရင်ထွေး (ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး (ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း (ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး)(ထလရအဖြစ် အဖမ်းခံရ)
(၈) ညီညီကျော်- (မန္တလေး- မန္တလေး ဒေသခရိုင်မှူး) (ထလရအဖြစ်
အဖမ်းခံရ)

ထောင်မှူးတာဝန်ခံများ

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)၊တပ်ကြပ်ကြီး ထိန်လွန်
(ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊ တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့်
သေဒဏ်ချ သတ်ဖြတ်ခံရသည်)

၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ
သတ်ဖြတ်ခံရသည့် (၁၅) ဦး

(၁) ရဲမေ ခင်ချိုဦး (ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး
ABSDF (မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ- သူမ၏တောင်းဆိုမှု
အရ သံချောင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း (ရန်ကုန်) (တောင်းဆိုမှုအရ သံချောင်းမှ
သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင်သေး
လဲဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့)
(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၅) ဗိုလ်သာဓု (ရန်ကုန်)  (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၆) ရဲဘော် အောင်ဖိုး     (ရန်ကုန်) (သေဒဏ်မချခင် ခြေထောက်
တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)
(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် (မန္တလေး) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၈) ရဲဘော်ရန်အောင် (မန္တလေး) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၉) ကိုချိုကြီး (မန္တလေး) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၀) ကိုလှမြင့် (မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၁) ရဲဘော်မောင်မောင် (ကသာ) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၂) ရဲဘော် အေးမြင့် (ကသာ ) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၃) ရဲဘော် ကျော်ကျော်မင်း (မုံရွာ ) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၄) တပ်ကြပ်ကြီး သောင်းမြင့် (စစ်ကိုင်းတိုင်း ) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၅) တပ်ကြပ်ကြီး တူးတူး (မြစ်ကြီးနား) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF
(ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း
အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက်
အရ သံချောင်း မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ကျန် (၁၃) ဦးမှာ
ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို
“မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ
ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။
ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး

(၁) ကိုကျော်ဝေ ( မန္တလေး) –
စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သော
ကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်
မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်
သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး)
၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး၏ လွဲမှား
သော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း
မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIAမှ
စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေး
စက်နှင့် အကြောင်းကြားမှုကို သတင်းလက်ခံသော တရုတ်ကြီးမှာ
“စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ
သတင်းပို့ခဲ့သည်။ မျိုးဝင်းတို့က အုပ်စု(၂) စုခွဲကာ တွေ့သည့်နေရာ
ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစ်စုမှာ တရုပ်ပြည်လမ်းကြောင်းကို
သွားပြီး၊ တစ်စုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်း
ပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်းမှာ ထွက်ပြေး
ခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသားများလာခေါ်
မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ငါသေဒဏ်ချခဲ့ပြီး
ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့
ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော်တို့အုပ်စုက “စိုးဝင်းသန်း”
ကို သတ်ဖြတ်ခဲ့သည်။
(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည (ဖေဖေါ်ဝါရီ
၁၉) ရက်နေ့တွင် မျိုးဝင်းနှင့်အောင်နိုင်တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊
ဝဏ္ဍဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး
(သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိ
တို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏
ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက
ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ
လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့်
မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေ
ပါသည်။)

(၃) ဝင်းနောင် (ရန်ကုန်) ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင်
သတ်ဖြတ်ခံခဲ့ရသည်

(၄) ရန်ရှင်း (ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်)

(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး) ( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်း
နှိပ်ဆက်ခံခဲ့ရသည်)

လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသား
တပ်မတော်ရဲဘော် (၁၄) ဦး

(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန် (ရန်ကုန်)
(၃) ရဲဘော် ပြည့်စိုးနိုင် (ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော် ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး(ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ်(ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး(စစ်ကိုင်း)
(၁၀)  ရဲဘော် တင့်လွင်(မြစ်ကြီးနား)
(၁၁) အောင်မင်း (မန္တလေး)
(၁၂) အရှည်ကြီး ၀င်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် (တရုတ်ပြည်၊ယင်ကျန်း)

စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄)ဦး

(၁) ညီညီကျော် (မန္တလေး)
(၂) ရဲဘော် သက်တင် (ဗန်းမော်)
(၃) ရဲဘော် ဂမ်လီ (လဇွန်ဂမ်လီ)
(၄) စိုးကြိုင်

မျိုးဝင်း၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး

(၁) တပ်ကြပ်ကြီး ခင်မောင်ဇော်(မန္တလေး) ဗဟိုစစ်ရုံးတာဝန်ခံ
(၂) ရဲဘော် မိုးဇော်ထွန်း (ခ) မိုးကြီး  (ရန်ကုန်)
(၃) ရဲမေ သင်းသင်းညီ (ရန်ကုန်)

ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၁၉.၂. ၁၉၉၂ တွင်
မိဘများထံ စာရေးခေါ်သောကြောင့် မိဘများ ABSDF( မြောက်ပိုင်း)သို့
ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား မိဘများ လာရောက်
ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ကတိကို ABSDF(NB) ခေါင်းဆောင်
များက ကတိဖျက်ခဲ့ပြီး မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော် မိဘ
များအား တောတွင်းတွင်ခေါ်ဆောင်ထားမည်ဟု အကြပ်ကိုင်သဖြင့် မိမိတို့
မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။
မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည်ဟု
ပြောခဲ့ပါသည်။ ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက် စုံထောက်
ပြီး လက်အုပ်မိုးကာ ကျောင်းသားခေါင်းဆောင်များအား ရှစ်ခိုးငိုယို
တောင်းပန်ကာ မိမိတို့ (၇) ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေးရန်
ပြောဆို ပန်ကြားခဲ့ပါသည်။ မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်
ခဲ့သူ (၇) ဦးမှာ

(၁) ရဲမေ နန်းအောင်ထွေးကြည် ( ရန်ကုန်)
(၂) ရဲဘော် ဝဏ္ဏဇော် ( ရန်ကုန်)
(၃) ခရိုင်မှူး ရဲလင်း (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်)
(၄) ရဲဘော် မိုးကျော်သူ (ခ) ဘိုဘို (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၂၁
နှစ် ချမှတ်ခဲ့သည်)
(၅) ရဲဘော် ညီညီအောင်(ခ) ဒိုဇာ ( ပဲခူး)
(၆) ကိုညီညီ ( မန္တလေး)
(၇) ရဲဘော် ကျော်နိုင်ဦး(ခ) ကြောင် (သာယာဝတီ)

မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ ထောင်အတွင်းတွင် ကျန်ရှိ
နေသော ကျောင်းသား (၅၆) ဦး ထောင်ဖောက် ထွက်ပြေးလွတ်မြောက်
သွားကြသည်။ ထိုညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီး
တို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦး
ထောင်ဖောက်ပြေးမှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော
ထောင်မှူး လှမျိုးအောင် အပါအဝင်၊ ကျောင်းသား (၃) ဦးအား တာဝန်
ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။

ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အား
စုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက်
အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊
မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။ တပ်ရင်းများအတွက်
လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF
(မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တိုးမြှင့်ရယူလိုက်သော အောင်နိုင်
(ယ္ခု - ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘော
တူညီမှု၊ ဦးဆောင်ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင်
နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီး
ABSDF (မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက်ရောက်ခိုင်းပြီး
ကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန်
ထမ်းဆောင်စေခဲ့သည်။

မှတ်မိသလောက်ဆိုလျင် ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်
သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ
(၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။
နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊
အောင်နိုင် နှင့် မြင့်စိုး(ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ်
ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင်
ဝမ်းဆာရှာစားသောက်နေသော အရပ်သား လူငယ်လူရွယ်များအား
လက်နက်ပြ ဖမ်းဆီးပြီး ABSDF (မြောက်ပိုင်း) ကျောင်းသားတပ်မတော်
၏ အင်အားအဖြစ် ဖြည့်ဆီးခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့်
အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။
အပိုင်း (၆) အဖြစ် မျက်မြင်သက်သေ နောက်ထပ်တယောက်ရဲ့ စာ ကို
တင်ပြပေးပါ့မယ်။ စိတ်ဝင်စားစရာအပြည့်ပါ။

(… ဆက်ရန်။)
Read more »