Friday, 30 December 2011

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၃)

ရေးသူ- (ကို)အောင်မိုးဝင်း

ယခင် အပိုင်း(၂)မှ အဆက် ....

မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့
ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊ ဒဏ်ရာအနာတရဖြစ်စရာကောင်းတဲ့
အကြောင်းအရာတွေကို အင်တာနက်မှာ တင်ပြီးမရေးချင်ပါဘူး။ ၁၉၉၈ ထိုင်းနယ်စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဘူးတယ်။ “အရေးတော်ပုံပြီး ရင် ရှင်းမှာပါ”
ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပ
မှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ်
နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင်တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့အလည်ဝင်လာပါတယ်။ အဲ့ဒီတုံးကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဒီကိစ္စဟာ လူတွေသက်ရှိထင်ရှားရှိနေစဉ်မှာ ရှင်းရမယ် လို့ ပြောလိုက်ပါတယ်။ အဲ့ဒီစကားတွေကို ကျနော့ဘာသာ ကြားကနေ ပွဲစားလုပ်ပြောပေးနေတာ အကြောင်းရှိပါတယ်။ သူ့ကို သဲကြီးမဲကြီးလိုက်နေတဲ့ အုပ်စုတွေရှိနေသလို၊ အချိန်ကြာလာတာနဲ့အမျှ၊ ဒီကိစ္စကြီးက ရှုပ်ထွေးလာတော့မှာမို့ပါ။ ပက်ပက်စက်စက် ခံလိုက်ရသူတွေက အများကြီးပဲလေ။ ဘယ်လိုလုပ်ကြေအေးနိုင်မှာလဲ။ ပြီးတော့ ရော်နယ်အောင်နိုင်တယောက် ဘီဘီစီ မှ ဘယ်လိုအလုပ်ပြုတ်ခဲ့သလဲ ဆိုတဲ့အချက်တွေကိုလည်း ကျနော်သိနေလို့ပါ။



ကျနော်က ဒီလိုတွေးတယ်။ “ လူသတ်မှုကြီးက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီ။ ကျူးလွန်ခဲ့သူတွေက ကာယကံရှင်တွေကို သေသေချာချာ တောင်းပန်ပြီး အဖွဲ့အစည်းအတွက် သိက္ခာပြန်ဆယ်လို့ရမဲ့ ဇာတ်သိမ်းခန်းလေး တခုလိုမျိုးဆို သိတ်ကောင်းမှာပဲ” လို့ စိတ်ကူးခဲ့ မိတယ်။ ဥပမာ ရဝမ်ဒါမှာ ပြန်လုပ်တဲ့ ပြန်လည်သင့်မြတ်ရေးဇာတ်လမ်းတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဒါကလည်း ကျနော့်စိတ်ကူးပါ။ ကြုံတွေခံစားခဲ့ရသူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေးစဉ်းစားကြရမှာ မဟုတ်လား။ လူသတ်မှုမှာ တာဝန်ရှိသူတွေက ဘာမှအကြောင်းမပြန်လာတဲ့အတွက် ခုလို အင်တာနက်ပေါ်မှာ ချရေးပြီး ပြည်သူလူထုနဲ့သတင်းသမားတွေကို ချပြရတဲ့အဆင့်ကိုရောက်သွားတာပါ။ ဒါကလည်း ကျနော်ရွေးတဲ့ လမ်းမဟုတ်ဘူး။ ကာယကံရှင်တွေ ရွေးတဲ့လမ်းဖြစ်တယ်။
ဒုတိယကအချက်ကတော့- ကျနော့ရဲ့ ဆောင်းပါးတွေဟာ ဖေ့ဘွတ်မှာတင်ရေးပြီး ပျောက်သွားလိမ့်မယ်ထင်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို တင်ပြတဲ့အခါ ကျနော်တို့သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ် တခုဖြစ်တဲ့ System Dynamics လို တည်ဆောက်ထားခဲ့ပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ System တွေမှာ ထည့်ထားတယ်။ အဲ့ဒီ ဒီဇိုင်းကို ပုံဖေါ်လည်ပတ်ကြည့်တယ်။ အရှိန်တခုရောက်ရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ ဇာတ်ဆောင်တွေဟာ ဟော့ဒီ System ထဲမှာ အလိုလို လိုက်ပြီးလည်ပတ်ရပါတယ်။ မလည်ပတ်ဘူးဆိုရင်၊ နောက်တဆင့်မှာ ကြိတ်ချေခံရတတ်ပါတယ်။ အခုမှ စလည်ပတ်ခါစပဲ ရှိပါသေးတယ်။ အရှိန်ရလာတာနဲ့အမျှ၊ ခရီးတခုဟာ မလွှဲမသွေရောက်လာမှာပါ။ လူတွေဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲဖို့လိုပါလိမ့်မယ်။ ဒီ အဖြစ်အပျက်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့တဲ့သူတချို့ ဟာ ယနေ့ချိန်ထိ တာဝန်မဲ့စွာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ရှက်စရာကောင်းတဲ့ ဂုဏ်သိက္ခာတွေပါပဲ။ သွေးဆူပြီး ဆန္ဒစောနေတဲ့ မိတ်ဆွေတွေလည်း ဇာတ်လမ်းကို ဆုံးအောင်နားထောင် စေချင်ပါတယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ပါ။ ကာယကံရှင်တွေရဲ့အသံတွေကို နားထောင်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တရားကို နတ်စောင့်ပါတယ်။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၃-) ကို သုံးသပ်ကြည့်နိုင်ကြပါစေ။

(က)

ကမ်းပါးပြိုတဲ့ ညအောက်ကိုမှ အနီးကပ်ရောက်သွားမိခဲ့ကြတယ်။ တဖြည်းဖြည်းမှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေက ရွေ့နေဆဲပဲလေ ဟိုး--- အေးစက်တဲ့လေထုထဲကနေ “ တက္ကသိုလ် ---- ဒို့ ကျောင်း------” ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေသံတွေလေ--- အိမ်ပြန်ချင်လိုက်တာကွာ--- “တက္ကသိုလ်နယ်မြေတနေရာဆီမှာ--” သီချင်းကို ဘယ်သူဆိုနေတာလဲ။ ----- ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။ “လှဆောင်” ဆိုတဲ့ကောင်က ခေါင်းပြတ်ကြီးကို ကန်ချရင်း “ ကျောင်းသားဆိုတဲ့ကောင်တွေ တော်တော်ခေါင်းမာတဲ့ကောင်တွေပဲ” “ တော်တော်လည်း သွေးသောက်ရဲဘော်တွေ ပီသကြပါလား” တဲ့ သန်းဇော်တို့ အုပ်စုက သူတို့လက်ထဲက ဓါးတွေကို ပစ်ချလိုက်တယ်။ “ ဒီကောင်တွေကို ခုတ်ရတာ တော်တော်နဲ့ မပြတ်ဘူး”တဲ့ သူ့တို့ရဲ့အသံနက်ကြီးတွေကို့ ဝိညာဉ်တွေ နဲ့ လိုက်ကြည့်နေမိတယ်။ ကျော်ဝေ- ချိုကြီး- စိုးဝင်းသန်း--- ထစမ်း ထစမ်း ခေါင်းပြတ်တွေကို နောက်မှ ပြန်ဆက်ကြကွာ--- အဲ့ဒီ လှဆောင်၊ မျိုးဝင်း၊ သန်းဇော် ၊ သံချောင်း ဆိုတဲ့ကောင်တွေ နောက်ကို လိုက်ကြရမယ် သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြဟေ့ သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြ---- ဟိုမယ် ----ဟိုမယ်-- “လှဆောင်” ဆိုတဲ့ကောင် ကချင်ပြည်နယ်ထဲမှာ ပြန်ပေါ်လာပြီ သေချာနားထောင်စမ်း သေချာနားထောင်စမ်း အဲ့ဒီ လူသတ်သမားတွေရဲ့ခြေသံတွေကို ငါတို့ကြားနေဆဲပဲ ကျော်ဝေ-- မင်းဟစ်ကြွေးခဲ့တဲ့စကားတခွန်း ပြန်အော်ပြောလိုက်စမ်းကွာ “ငါ့ကို မင်းတို့ သတ်လို့ရမယ်- ငါ့ဝိညာဉ်ကို မင်းတို့မသတ်နိုင်ပါဘူးကွာ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေ ကွ” “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး” “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ် ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”

(ခ)

ဝိညာဉ်စီး တယ်ဆိုတဲ့ ဝေါဟာရကို ခင်ဗျားတို့ ကြားဘူးမလားမသိဘူး။ ကျနော်ကတော့ အသံထွက်ခွင့်မရရှာတဲ့ ဝိညာဉ်တွေ ကို ကျနော့အခန်းငယ်လေးထဲမှာ သိမ်းထားခဲ့တယ်။ ညတိုင်ရင် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ သစ္စာဆိုခဲ့တယ်။ “ သူတို့အတွက် ထုတ်ပြော နိုင်ခွင့်ရမဲ့ အခွင့်အရေး တခါလောက်ဖြစ်ဖြစ် ရပါရစေသား” လို့။ ခုတော့ ကာယကံရှင်တွေရဲ့ ကျွံဝင်လာတဲ့ စကားတွေထဲမှာ ဝန်ခံခြင်းတဝက်၊ အမှားတသက် ထင်ထင်ရှားရှားတွေ့နေရပြီ။ ဧရာဝတီမဂ္ဂဇင်း ( အင်္ဂလိပ်) ဆောင်းပါးထဲမှာ ဆောင်းပါးရှင်တွေက မြောက်ပိုင်းလူသတ်ပွဲနဲ့ပတ်သက်ပြီး၊ ရော်နယ်အောင်နိုင် ကို မေးခွန်းတခုမေးတော့၊ ရော်နယ်အောင်နိုင်က လူသတ်မှုကို ငြင်းဆန်မှုမရှိစွာပဲ ဖြေခဲ့တယ်။ “ကျောင်းသား (၁၅) ယောက်ဟာ ထောက်လှမ်းရေးအစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေရှိပါ သတဲ့။ “ဆောင်းပါး (၁) နဲ့ (၂) မှာ ကျနော် ခင်းထားတဲ့ လမ်းကြောင်းထဲကို တည့်တည့်ဝင်လာတာပဲ” လို့ တွေးနေမိတယ်။ တကယ်တော့ ရော်နယ်အောင်နိုင်တယောက်၊ ၁၉၉၂ ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ The Nation သတင်းစာ ကို ပြန်ဖတ်သင့်တာပေါ့။ မြောက်ပိုင်း လူသတ်ပွဲ အပြီးမှာ၊ The Nation သတင်းထောက် Yindee Lertcharoenchok က အဲ့ဒီနေရာကို ရောက်သွားပြီး မြောက်ပိုင်း ABSDF ခေါင်းဆောင်တွေ၊ ဖမ်းဆီးထားခံရတဲ့ ကျောင်းသားတွေနဲ့တွေ့ဆုံအင်တာဗျူးထားမှုကို ဆောင်းပါးလုပ်ထားတာ။ ဆောင်းပါးအမည်က Burmese Rebels Defend Executions။ အဲ့ဒီဆောင်းပါးရဲ့ ( အပိုဒ်-၁၃) မှာ ကျော်ကျော် ( ကချင်) နဲ့ ရော်နယ် အောင်နိုင်က အခုလို ဝန်ခံထားတယ်။ Aung Naing and Kyaw Kyaw , however, admitted that torture, particularly “ beating and telephone-wire electric shocks ” were applied to force confessions. “ဝန်ခံဖို့အတွက် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ရှော့တိုက်ခြင်းလို နှိပ်စက်ညင်းပမ်းမှုတွေကိုအသုံးပြုခဲ့ပါတယ်” တဲ့။ သူတို့လိုချင်တဲ့ အဖြေမထွက်မချင်း နှိပ်စက်ညှင်းပမ်းမှုတွေကို ရက်ရက်စက်စက်လုပ်ခဲ့ကြတာဆိုတာမို့လား။ နှိပ်စက်ခံရသူတွေက နောက်ဆုံး သူတို့ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်ကြောရေးစခန်းက လွတ်ရင်ပြီးရော၊ “ဟုတ်တယ်” လို့ အဖြေပေးလိုက်ကြရတော့တယ်။ ဒီအချက်ကို ထောင်ကျဘူး သူတိုင်းသိပါတယ်။ တကယ်တော့ မြောက်ပိုင်းလူသတ်မှုဖြစ်ပွားနေစဉ်ကာလတုံးက ကျနော်နဲ့လုပ်ဖေါ်ကိုင်ဘက် ဗကသ (အထက်ဗမာပြည်) ခေါင်းဆောင် တချို့ ဟာ မန္တလေးအကျဉ်းထောင်ထဲမှာပါ။ မန္တလေးထောက်လှမ်းရေးအုပ်စုတွေက သူတို့ကို အကျဉ်းထောင်ထဲကနေ ညတိုင်းဆွဲထုတ်ပြီး၊ ဓါတ်ပုံတွေကို ပြပြီး သေချာမှုတွေ ယူသတဲ့။ “ဒါ-- ထွန်းအောင်ကျော် ဟုတ်တယ်မို့လား” “ ဒီ ပုံကတော့ စိုးဝင်းသန်း မို့လား” “ ဒီကောင်ကရော ဘယ်သူလဲ” အကျဉ်းထောင်တွင်းမှာ ရောက်နေရှာတဲ့ ဗကသတွေဟာ ကြိတ်ပြီး ငိုခဲ့ရတယ် လို့ ဆိုတယ်။ လူတွေသေပြီးတိုင်း ဓါတ်ပုံတွေက အမြန်ရောက် ရောက်လာတော့ ပါဂျောင် စခန်းရဲ့ လူသတ်မှုတွေထဲမှာ အစိုးရစစ်ထောက်လှမ်းရေးရဲ့လူတွေက တောက်လျှောက် သတင်းပို့နေတယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့။ ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း လူသေတွေကို ညမှာ သေသေချာချာ ရိုက်ထားတာလို့ ဆိုတယ်။ ဒါဖြင့် မန္တလေး ထောက်လှမ်းရေးဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူလဲ။ မန္တလေးထောက်လှမ်းရေးတွေဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူတွေလဲ။ သေချာတာတော့ ထောက်လှမ်းရေးလို့စွပ်စွပ်ခံရ၊ အသတ်ခံရတဲ့သူတွေမဟုတ်ဘူးလေ။

(ဂ)

ကိုထွန်းအောင်ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလမှာ “နန်းအောင်ထွေးကြည်” ဆိုတဲ့ ဘေဘီရဲမေလေးက သူနဲ့ စကားပြောခွင့်ရခဲ့တယ်။ နန်းအောင်ထွေးကြည်ဆိုတာ ကျနော်တို့တင်ပြထားတဲ့ ဓါတ်ပုံ (ရဲမေ ၄ ယောက်ရပ်နေတဲ့ပုံ) ထဲက ညာဘက်အစွန်က ကောင်မလေး။
တကယ်တော့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ နန်းအောင်ထွေးကြည် ကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲ၊ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။ သူမမျက်နှာကို မီးရဲရဲထောက်နေတဲ့ ထင်းမီးနဲ့ ထိုးနှိပ်စက်ခဲ့တယ်။ နဂိုက ချောမောလှပခဲ့တဲ့ မျက်နှာတခုလုံး ဒဏ်ရာဒဏ်ချက်တွေရခဲ့ရှာတယ်။ ပြီးတော့ နှမချင်းမစာနာ မိုက်မိုက်ရိုင်းရိုင်း စစ်ဆေးနည်းတွေကို လုပ်ခဲ့တယ်။ ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကလည်း အသတ်ခံရတော့မယ် လို့ သူကိုယ်တိုင်သဘောပေါက်သွားတဲ့အခါမှာတော့ နန်းအောင်ထွေးကြည် ကို ပြောရှာတယ်။ “ မငယ် ငါ့စိတ်ထဲမှာတော့ နင် လွတ်သွားလိမ့်မယ်လို့ထင်နေတယ်။ ဟုတ်တယ်ဟာ ငါ့စိတ်ထဲမှာ တကယ့်ကို ယုံကြည်နေတာ နင်လွတ်သွားလိမ့်မယ်။ နင်လွတ်သွားတဲ့ အခါကျရင် ဟော့ဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီးပြောပြပေးပါမယ် လို့ ဂတိပေးစမ်းပါဟာ” တဲ့။ “ စိတ်ချပါအကိုကြီး ကျမပြောပြပါမယ်” တဲ့။ နန်းအောင်ထွေးကြည် က မျက်ရည်တွေကြားကနေ ဂတိပေးခဲ့တယ်။ ဘဝဆိုတာ အံသြ ဖို့ ကောင်းပါတယ်။ နန်းအောင်ထွေးကြည်အပါအဝင် မြောက်ပိုင်းဒေသမှာ ကြုံတွေ့ခံစားလာခဲ့ရသူတွေ၊ ကျူးလွန်ခဲ့သူတွေ အများအပြား နဲ့ ဆုံဆည်းခွင့်၊ စကားပြောဆွေးနွေးခွင့်တွေ ရလိုက်တယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်က “ ကျမလေ ဒီအဖြစ်အပျက်တွေကို တရက်မှ မမေ့နိုင်ခဲ့ဘူး” တဲ့။ သူမက ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပဲ သူတယောက်တည်း အော်စီမှာ ဇာတ်မြှုပ်နေပြီး ဘဝကို ရှင်သန်ခဲ့ရတယ်။ ငရဲက သယ်လာတဲ့ ဒဏ်ရာတွေကို ကျနော်မြင်နေရတယ်။ ဟုတ်မှာပေါ့လေ။ ကျနော်လည်း သူတို့တတွေပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကို ဆက်ပြီးနားမထောင်ရဲလောက်အောင်ပဲ။ ပါဂျောင်ဒေသ က အော်ဟစ်ဆူညံနေတဲ့ ဝိညာဉ်တွေ ကျနော့ရင်တခုလုံးဆီ မချိမဆန့်လူးလွန့်နေတယ်။ “နန်းအောင်ထွေးကြည်” ကို ကျနော်ပြောခဲ့ဘူးတယ်။ “ ဖြစ်ခဲ့တာတွေအတွက် ယူကြုံးမရဘူးဗျာ။ ဒါပေမဲ့ အချိန်တန်ရင် ဒီလူတွေ သူ့အရှိန်နဲ့သူသွားမှာပါ။ ခင်ဗျား မပူပါနဲ့။ တည်ငြိမ်အောင်နေပါ။ အကုသိုလ်ကံတွေကို ရောက်မလာစေနဲ့။ ဒီ လူတွေ ဝဋ်လည်အုံးမှာပါ။ ယုံစမ်းပါ” လို့။ နန်းအောင်ထွေးကြည်က ကျနော့ကို ပြောတယ်။ “ကိုအောင်မိုးဝင်း ကလည်း ထိန်လင်း အတိုင်းပဲ သံဝေဂ တရားစကားတွေ ပြောတယ်” တဲ့။ အေးလေ။ သူမရဲ့ ဘဝမှာ ရက်ရက်စက်စက်ကြုံတွေ့ခဲ့တာဆိုတော့ ပြင်းပြင်းထန်ထန်တုန့်ပြန်ချင်တဲ့စကားလုံးတွေကို အလိုရှိမှာ အမှန်ပဲ။ ကျနော်တွေးတာက ဒီလိုပါ။ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ပွဲ ပဲ။ လူတွေကို လပေါင်းများစွာဖမ်း၊ နှိပ်စက်ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာမျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါတလေပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲ ကြည့်ဘူးတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ ဒီလို လူမျိုးတွေကို ရင်ဆိုင်ဖို့အတွက် ဝုန်းဝုန်းဒိုင်းဒိုင်း စိတ်ခံစားမှုတွေနဲ့သွားလုပ်လို့မဖြစ်ဘူး။ စံနစ်တကျပြင်ဆင်ရမယ်။ သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေကို တဆင့်ခြင်းဆွဲချွတ်ပစ်ရမယ်။ တခါတလေတော့လည်း ရီစရာတော့ ကောင်းတယ်။ လူသတ်မှုနဲ့ ဆက်နွယ်နေတဲ့ သူတွေက သူတို့ကို အင်တာနက်မှာ တယောက်ယောက်က ချတိုင်း၊ နောက်ကွယ်ကနေ ကျနော်က မြှောက်ပေးတယ် လို့ ထင်ကြတယ်။ ကျနော်က ဘာလို့နောက်ကွယ်က နေရမှာလဲ။ ထိုင်းနယ်စပ်ကို ခြေချ ကတည်းက ဒီကိစ္စကို ဗြောင်မေး၊ ဗြောင်ပြော၊ ဗြောင် စိန်ခေါ်နေခဲ့တာပဲ မို့လား။ လာရင် ရှေ့တည့်တည့်က လာမှာ စိတ်ချ လို့ စိတ်ထဲမှာ ပြောနေမိတယ်။ ကျနော်ကြောက်ရမဲ့အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူးလေ။ ကြောက်တတ်ရင် အစောကြီးကတည်းက နိုင်ငံရေးမလုပ်ဘူး။ အထူးသဖြင့် ခွေးအ လိုလို လူမျိုးတွေကို ကြောက်စရာမလိုဘူး။ ခွေးအ ဆိုတာက အုပ်စုရှိမှ အမဲလိုက်ရဲတယ်။ အပုပ်ကို စားတယ်။ ဒါပေမဲ့ ခွေးအ တွေ အမဲလိုက်လေ့ရှိတဲ့ နေရာဒေသဟာ သိတ်ကျဉ်းပါတယ်။ ကျနော်တို့ အမဲလိုက်မဲ့နေရာက အများကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ သမိုင်းဆိုတာကတော့ ရှင်းကြရအုံးမှာပါ။ လူဆိုတာ စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်။

(ဃ)

ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ၊ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာလေးတခုကို ပြောပြချင်ပါတယ်။ ၁၉၉၂ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ နဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသားထုကို ရန်တိုက်ပေးထားတာတွေ့ကြပါလိမ့်မယ်။ ကေအိုင်အေ ဟာ ကချင်ကျောင်းသားတွေကို အသုံးချပြီး ဗမာကျောင်းသားတွေကို သတ်တယ်-- ဘာညာ ဆိုတဲ့ ဝါဒဖြန့်မှုတွေပါ။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို သံယောင်လိုက်ပြီး လျှောက်ပြောနေတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဖြစ်သမျှ ရာဇဝတ်မှုကို သေဆုံးသွားတဲ့ မျိုးဝင်းအပေါ်မှာ လွှဲချပြီး ဇာတ်လမ်းဆင်ရှောင်ထွက်ဖို့ ကြိုးစားချင်ပုံရပါတယ်။ တကယ်တော့ ရှောင်ထွက်လို့မရပါဘူး။ အာသံကုန်းမြင့်မှာ လူသတ်မှုကို ကျူးလွန်ခဲ့တာ မျိုးဝင်းတယောက်တည်း မဟုတ်သလို၊ ဖမ်းဆီးထားတဲ့ မန္တလေးကျောင်းသားတချို့ကို ရိုက်နှက်နှိပ်စက်ပြတဲ့ အထဲမှာ ရော်နယ်အောင်နိုင်လည်းပါပါတယ်။ မန္တလေးက ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုရာကျော်ရဲ့မျက်နှာ ကို စစ်ဖိနပ်နဲ့ ချွတ်ပြီး ရိုက်ခဲ့တာ ရော်နယ်အောင်နိုင်ပါ။ ဗမာပြည်ဆီကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုရာကျော် ကတော့ မန္တလေး အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျရင်း ကျဆုံးခဲ့ပါတယ်။ မျိုးဝင်း တို့ အုပ်စုက ကေအိုင်အေဟာ သူတို့နောက်က ရှိတယ်။ သူတို့ကသာ ကေအိုင်အေနဲ့ပိုင်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ဟန်ပန်တွေကို လုပ်ခဲ့ကြပုံရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်တချို့က သတိပေးခဲ့တယ် လို့ဆိုပါတယ်။ “ ကျနော်တို့မှာ အတွေ့အကြုံရှိတယ်။ ဖြုတ်ထုတ်သတ် လုပ်ခဲ့မိလို့ ကျနော်တို့ပါတီဟာ တလျှောက်လုံးပေးဆပ်နေရတယ်။ ခင်ဗျားတို့မလုပ်ကြပါနဲ့ဗျာ” လို့ တိုက်တွန်းခဲ့တယ်။ နားမထောင်ပါဘူး။ လူသတ်မှုတွေ နားနဲ့မဆန့်အောင် ကြားလာရတဲ့အခါ ကေအိုင်အေခေါင်းဆောင်တွေရောက်လာပြီး အတင်းဝင်ရောက်တားဆီးပါတော့တယ်။ ကေအိုင်အေ ဟာ မျိုးဝင်းနဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေကို အင်မတန်စိတ်ပျက်သွားခဲ့တယ်။ နန်းအောင်ထွေးကြည်ကို သူတို့စစ်မေးမယ် ဆိုပြီး၊ လွှဲပြောင်းယူခဲ့တယ်။ ဗိုလ်ချုပ်ဇော်မိုင် နဲ့ ခေါင်းဆောင် သုံးယောက်က နန်းအောင်ထွေးကြည်ကို စစ်ဆေးစဉ်ကာလက မှတ်တမ်းတွေ ကို ယူပြီး ပြန်လည်မေးခွန်းထုတ်ခဲ့တယ်။ “သမီးရဲ့ ထောက်လှမ်းရေး ကိုယ်ပိုင်နံပါတ်က (------x+) ဟုတ်လား” “ ဟုတ်ပါတယ်” ဗိုလ်ချုပ်ဇော်မိုင်နဲ့ ကေအိုင်အေ ခေါင်းဆောင်တွေက ရီကြတယ်။ “ ကဲ--- ငါ့သမီး ခုချိန်က စပြီး သမီးဝန်ခံပြောဆိုနေတဲ့ ထောက်လှမ်းရေးဆိုတာကြီးကို မေ့လိုက်တော့။ “သမီးပြောတဲ့ ကိုယ်ပိုင်နံပါတ်က ဗိုလ်ချုပ်နေဝင်း နဲ့ တန်းတူဖြစ်နေတယ်” တဲ့။ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တသက်လုံးတိုက်လာခဲ့တဲ့ ကေအိုင်အေ က ရန်သူရဲ့ ကိုယ်ပိုင်နံပါတ်တွေ၊ သင်တန်းဆင်း နံပါတ်တွေကို အလွတ်ရတာပေါ့။ တကယ်တော့ စစ်ထောက်လှမ်းရေးနံပါတ်ဆိုတာတွေကလည်း မျိုးဝင်း၊ သံချောင်းနဲ့ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေက ဇွတ်အတင်းဖန်တီးဝန်ခံခိုင်းတာ ဆိုတော့ နန်းအောင်ထွေးကြည်အနေနဲ့ အဲ့ဒီအတိုင်းပဲ နုတ်တိုက်ရွတ်ဝန်ခံ ထွက်ဆိုရတော့တယ်။ ဗိုလ်ချုပ်ဇော်မိုင်က နန်းအောင်ထွေးကြည်ကို ပြောတယ်။ “ ငါ့သမီး- ဒီကိစ္စက ပြန်ပြီးရှင်းရမယ်။ ဒီလိုခံနေလို့မဖြစ်ဘူး။ ငါ့သမီးတို့က ခံခဲ့ရတာကိုး။ ဒါပေမဲ့ အချိန်ကို စောင့်ပါ။ ငါတို့လည်း အပစ်အခပ်ရပ်ဆဲတော့မှာဆိုတော့ ----” မကြာခင်မှာပဲ ကေအိုင်အေ နဲ့ ဗမာအစိုးရကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု စကားပြောပွဲတွေက စတင်ခဲ့တယ်။ နန်းအောင်ထွေးကြည်လည်း ဒုက္ခသည်စခန်းက တဆင့် အော်စီ ( ------) ကို ထွက်လာခဲ့တော့တယ်။ ဗိုလ်ချုပ်ဇော်မိုင်ပြောသလိုပါပဲ။ “ကျမ အချိန်ကိုစောင့်နေခဲ့ရတယ်” တဲ့။ စောင့်ခဲ့ရတဲ့ အချိန်ကလည်း အနှစ် (၂၀) လောက်ဖြစ်သွားတယ်။ တကယ်တော့ မြောက်ပိုင်း လူသတ်မှုဟာ တချက်ခုတ် (၃) ချက်ပြတ် ကြံတဲ့ပွဲဖြစ်တယ်။
(၁) ဒီမိုကရေစီအင်အားစုဘက်က ကျောင်းသားအစစ်အမှန်တွေကို သတ်ပစ်တယ်
(၂) ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားသမဂ္ဂကြားမှာ အထင်အမြင်မှားအောင်ရန်တိုက်ပေးတယ်။
(၃) ဖေဖေါ်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ပြလိုက်ခြင်းအားဖြင့်၊ ကေအိုင်အေ ဟာ ဗမာကျောင်းသားတွေကို သတ်ဖြတ်လိုက်ကြပြီ ဆိုပြီး ဗမာကျောင်းသားနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးလိုက်တယ်။ မျိုးဝင်းတို့အုပ်စုကို ကချင်လက်နက်ကိုင်တပ်က ပစားပေးထား မြှောက်ပင့်ထားပြီး ဗမာကျောင်းသားတွေကို သတ်ခဲ့တယ် ဘာညာပေါ့။ ၁၉၉၂ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က အဲ့ဒါပါပဲ။ မျိုးဝင်းတို့အုပ်စုရဲ့ နှိပ်စက်မှု အစစ်အမှန်တွေကို ရောထည့်ပေးလိုက်ပြီး စစ်အစိုးရက သူတို့လိုချင်တဲ့ နိုင်ငံရေးဝါဒဖြန့်ချီပွဲကို လုပ်ခဲ့တယ်။ ပြဿနာက ပြည်သူတွေဟာ အစိုးရသတင်းစာရှင်းလင်းပွဲထဲက အချက်အလက်တွေကို ဘာတခုမှ မယုံကြည်ခဲ့ကြတော့၊ မြောက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ တာတွေကိုလည်း နားမထောင်ခဲ့ကြတော့ဘူး။ ပြန်ဝင်လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဒဏ်ရာကို လှန်ပြလည်း အစိုးရရဲ့လုပ်ကြံဝါဒဖြန့်မှု လို့ ထင်နေခဲ့ကြတယ်။ လှိုင်းက တအားကြီးနေတဲ့အချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ ကလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။ မြောက်ပိုင်းကနေ အသက်လုပြေးလာတဲ့ ကျောင်းသားတွေလည်း ကံမကောင်းကြပါဘူး။ ထောင်ဒဏ်နှစ်ရှည်တွေ ကျကုန်ကြပြန်တယ်။

(င)

ကိုထွန်းအောင်ကျော် အကြောင်းကို ပြောမယ်ဆိုရင် ဗကသ ညီလာခံနှစ်ခုအကြောင်းကို မိတ်ဆက်ပေးရမယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး နောက်ဆုံးကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများညီလာခံ နှစ်ခုလုံးဟာ မန္တလေးမှာ ကျင်းပခဲ့တာဖြစ်တယ်။ ၁၉၈၉ မှာကျင်းပတဲ့ ဗကသ ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ပြုလုပ်ခဲ့တယ်။ ရန်ကုန်ဗကသခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ကိုရန်မျိုးသိန်း ( ဆေးတက္ကသိုလ်)၊ ဒုတိယအကြိမ်ကျင်းပတဲ့ ညီလာခံက ၁၉၉၀ ၊ မန္တလေး မစိုးရိမ်တိုက်ထဲမှာ ကျင်းပတာဖြစ်တယ်။ ရန်ကုန် ဗကသ က နှစ်ဖွဲ့ကွဲ နေတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ဗကသ နဲ့ ကိုအောင်ထွန်း( ကျောင်းသားသမဂ္ဂ သမိုင်းစာအုပ်ရေးသူ)၊ ဗသက်အောင်၊ ဖြိုးမင်းသိန်း တို့ ခေါင်းဆောင် တဲ့ (အောက်ဗမာပြည်၊ ဗကသ)၊ အခု ရှစ်လေးလုံးမျိုးဆက်မှာ လုပ်နေတဲ့ ကိုထွန်းမြင့်အောင် ဆိုတာလည်း ဖြိုးမင်းသိန်းနဲ့တဖွဲ့တည်းပဲလေ။ ၁၉၉၀ တလျှောက်၊ ရန်ကုန် ဗကသ နှစ်ဖွဲ့လုံး မန္တလေးကို လာကြရတယ်။ ကိုပြုံးချို၊ ကိုညိုထွန်း၊ ကိုကိုကြီး တို့တတွေလည်း သက်ရှိထင်ရှားရှိနေပါသေးတယ်။ ပြည်ပမှာရောက်နေသော မဟာ့ မဟာ ကျောင်းသားတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ----- ကိုယ့်သမိုင်းတွေချည်း ကိုယ်ရည်သွေး အမွှန်းတင်ပြောမနေပါနဲ့။ သူများတွေရဲ့ သမိုင်းတွေကိုလည်း အသိအမှတ်ပြုကြပါအုံး။ အပြင်မှာ သမိုင်းလိမ်တာတွေ၊ လက်ဝါးကြီးအုပ်တာတွေများလာတယ်။ ဂိုဏ်းဂဏဖွဲ့ရန်ဖြစ်တာကလည်း များလာတယ်။ တယောက်နဲ့တယောက် ကလည်း လေးစားမှုမရှိတော့ဘူး။ နောက်မျိုးဆက်တွေကလည်း မလေးစားတော့ဘူးလေ။ သမိုင်းနားမလည်တော့ ဗကသ ခေါင်းဆောင်က ထောက်လှမ်းရေးဖြစ်၊ NGOs တွေဆီမှာ ပိုက်ဆံရှာနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လို့ဖြစ်နဲ့။ ပြည်ပမှာ အဲ့သလို မိုးကြီးချုပ်နေမဲ့အစား၊ ရှစ်လေးလုံးမျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ ဆယ်ယူကြစေချင်ပါတယ်။ ကိုထွန်းအောင်ကျော် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အသံလွှင့်ဋ္ဌာနတခုရှိပါတယ်။ GTI ကျောင်းဝင်း အတွင်းကနေ ထုတ်လွှင့်တာပါ။ ကိုထွန်းအောင်ကျော် ဆိုတာ ဂျီတီအိုင် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ပါ။ သူ့ကို ချစ်ခင်လေးစားသူ တွေက “အကိုကြီး” လို့ခေါ်ဆိုလေ့ရှိတယ်။ အရေးတော်ပုံအရှိန်မြင့်လာတယ်။ သူ့ကိုလည်း သပိတ်တပ်ပေါင်းစုထဲမှာ တွေ့လာရတယ်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း အစည်းအဝေးပွဲတွေမှာ သွားတက်ခဲ့တယ်။ ဒေါ်ခင်ကြည်ဈာပန အခမ်းအနားတွေမှာ ဦးဆောင်ပါဝင် ခဲ့တယ်။
ရန်ကုန်ကျောင်းသားခေါင်းဆောင်တော်တော်များများက သူ့ကို သိကြပါတယ်။ သူ့ရဲ့ ညီ ကိုလတ် က ကိုမောင်မောင်ဝမ်းတို့နဲ့ အတူ မကသ မှာ လုပ်တယ်။ ဗကသ သမဂ္ဂညီလာခံ ( ၁၉၈၉) ၁၉၈၈ သြဂတ်စ် (၂၈) မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ညီလာခံဟာ တတိုင်းပြည်လုံးက ကျောင်းသားတွေကို မစုစည်းနိုင်ခဲ့ဘူး။ ကျောင်းသားတွေဟာ တနိုင်ငံလုံးကို ကိုယ်စားပြုမဲ့ ညီလာခံတခုကိုကျင်းပကြဖို့ ပြင်ဆင်ခဲ့ကြတယ်။ ထုံးစံအတိုင်း ဗကသ၊ မကသ ကွဲနေတော့ မန္တလေးမှာ ညီလာခံနှစ်ခုဖြစ်ခဲ့တယ်။ တခုက- မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ကျင်းပတဲ့ ဗကသ ညီလာခံ။ နောက်တခုက ကိုမောင်မောင်ဝမ်း၊ ကိုလတ်၊ တို့ ဦးစီးကျင်းပတဲ့ ရတနာဘုံမ္မိနယ်မြေ ကဉ္စနဆောင် ထဲက၊ မကသ ညီလာခံ။ ရန်ကုန် ဗကသ ကနေ တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ရန်မျိုးသိမ်း တို့ဖြစ်တယ်။ ကိုညိုထွန်း ကတော့ မန္တလေးမှာ ဗကသ ဖွဲ့စည်းဖို့အတွက် ဘုရားကြီး၊ မြတောင်၊ မစိုးရိမ် -- စတဲ့ ဘုန်းကြီးကျောင်းအစည်းအဝေးတွေမှာ ကတည်းက ကျောက်ချ ပါဝင်နေတော့တယ်။ အဲ့ဒီညီလာခံမှာ- ဗကက ( အထက်ဗမာပြည်) ဥက္ကဋ္ဌ က ကိုသန့်စင် ( ဆေးတက္ကသိုလ်) နဲ့ အပြိုင် ကျောင်းသားထုထောက်ခံတဲ့ခေါင်းဆောင်က ကိုထွန်းအောင်ကျော်။ သူကလည်း လူချစ်လူခင်များတယ်။ ၁၉၈၉ ဗကသ ညီလာခံကို ရော်နယ်အောင်နိုင် ( အနကလ)၊ ကိုစိုးလင်း ( အနကလ) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ လူထုဒေါ်အမာ၊ MA ဒေါ်အုံး၊ ဒေါ်ကြည်ကြည် ( သခင်ဇင့် မိန်းမ) တို့လို နာမည်ကြီး မျိုးချစ် ပုဂ္ဂိုလ်တွေအပြင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ တက်ရောက်ခဲ့ကြတယ်။ ဒီညီလာခံထဲမှာ ဗိုလ်ကြီးမြင့်ဦးရဲ့ စစ်ထောက်လှမ်းရေးတွေကလည်း တရားဝင်တက်ရောက် သတင်းယူခဲ့ကြတယ်။ အဲ့ဒီတုံးက ကိုထွန်းအောင်ကျော်ဘေးမှာ တိုးတိုးတိတ်တိတ် နဲ့ အကြံပေးလိုက် လုပ်နေတာ ရော်နယ်အောင်နိုင် ပဲ မဟုတ်လား။ တကယ်တော့ ရော်နယ်အောင်နိုင်၊ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း ဆိုတာ ညီလာခံမှာ တတွဲတည်းထိုင်ခဲ့တဲ့ သူငယ်ချင်တွေမဟုတ်လား။ ကဲ-- ဗကသခေါင်းဆောင်တယောက်ဟာ ထောက်လှမ်းရေးဖြစ်လို့ ခေါင်းဖြတ်သတ်လိုက်ပါတယ် ဆိုတဲ့ အခိုင်အမာဝန်ခံချက်တွေကို မန္တလေးသားတွေကို ရှင်းပြပေးသင့်တာပေါ့။ မန္တလေးသားတွေကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမယ်ဆိုတာတော့ ယုံကြည်စေချင်ပါတယ်။ အချက်အလက်တွေ များနေမှာမို့ တတိယပိုင်း ကို ဒီမှာပဲ ရပ်လိုက်ပါမယ်။ စတုတ္ထပိုင်းမှာ “ နန်းအောင်ထွေးကြည်” ရဲ့ အစီရင်ခံစာတွေ ကို သူမရဲ့ မူရင်းလက်ရေးနဲ့အတူ တင်ပြပေးပါမယ်။

8 comments:

san htun said...

အပိုင်း ၄ ကို ဆက်မျှော်နေပါတယ်

လှိုင်ဘွား(သီချင်းအိမ်) said...

စိတ်ဝင်စားစွာ ဖတ်နေပါတယ် အစ်ကိုရေ

one2onetextile said...

I am very interesting and amazing surprise of event ,wait and see your story.if real one?must to refar ICC.

အလင်းရောင် said...

I"ll be waiting to red fast from end posts

အလင်းရောင် said...

amazing post. i will copy to read all of my friends

jasmine(တောင်ကြီး) said...

သိချင်လွန်းလို့ဆက်ဖတ်နေတာပါပါကိုအောင်ရေ
သိပြီးတော့လဲစိတ်ထဲမကောင်းပါဘူး
အဲ----- နန်းအောင်ထွေးကြည် ကိုလဲသနားလိုက်တာ
ခုတော့သူအော်စီမှာရှိနေတာပေါ့
အေးချမ်းနေပြီထင်ပါရဲ့

Anonymous said...

ပို့စ်တပုဒ်လုံးပြီးမှ အသက်ရှုဖြစ်သွားသလားထင်လိုက်ရတယ်
စိတ်ထဲမှာပဲ သိမ်းထားဖြစ်တဲ့ မှတ်ချက်တခု လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းကရှိခဲ့တယ်
အဲဒါက ........... တွေ့ဖူးသမျှ လူမျိုးခြား ၉မျိုးလောက်နဲ့ယှဉ်ကြည့်ပြီး ရာခိုင်နှုန်းအရ ကိုယ့်အမျိုးကို အဆင့်တခုသတ်မှတ်မိတယ်


မောင်ဘကြိုင်

Anonymous said...

မောလိုက်တာ အစ်ကိုရေ။ စိတ်မကောင်းဖြစ်မိတယ်။
ဆက်လက်မျှော်လင့်နေပါတယ်။
(လီယို)