ရေးသူ- (ကို) အောင်မိုးဝင်း
ယခင်အပိုင်း(၁)မှ အဆက် …
ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ
ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။
“တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့
လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခရဲ့
မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်း
ရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊
ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့
ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ
တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။
သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေ
လောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ
အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။
မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀)
ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ
ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွား
ပြီး “ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။
သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်
မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက
သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံး
သွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်)
တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်
မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာ
ဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့်
(၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့
ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်
မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်
(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေ
က သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။
“ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက
တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။
နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြော
ရရင် လှဆောင် ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်
နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ
မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်
ခဲ့သူ လို့ နာမည်ကြီးတာပဲ။ တွေ့ချင်ပါသေးတယ်ဗျာ။ ဒီလောက်
ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထား
သလဲ လို့ပါ။
(က)
ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့
ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို
အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသား
တပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်
ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက မိဘတွေနဲ့အတူ
နေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့
အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ
ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြ
တယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။
တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊
သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊
ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိ
အမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ
မပေးစေချင်ပါဘူး။ လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊
ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ
အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေ
ထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲ
ဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင်
ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို
လက်ခံစေချင်ပါ။ ရဲဘော်တွေက ရိုးသားချစ်စရာကောင်း
ပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့
ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို
အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့
ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊
ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်
အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊
ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသား
တွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင်
ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ မန္တလေး
ကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း)
ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။
ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာ
တွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။
အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ
ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။
ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်
ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။
မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို
စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့
မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့တယ်။
မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့
သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။
(ခ)
အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊
ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်
တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။
မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊
အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊
ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပ
ပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။
ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း
ဖြည့်ဆည်းပေးဖို့ အသင့်ပါ။
“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသား
ချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား” လို့ သံသယနဲ့ကောက်ချက်
ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါ
တယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု
ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ
တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်
အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။
လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ (စံနစ်တကျလေ့ကျင့်
သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူး
လား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။
(၁) ကျောင်းသားချင်းသတ်တာလား
(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို
သတ်တာလား
(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို
သတ်တာလား
ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင်
ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။
(ဂ)
ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှ
အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင်
အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာ
ကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက်
အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်
တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။
နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊
တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊
ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်
လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ
မတွေးခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊
ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က
မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်
သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စား
မူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊
ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေး
နေတာကိုတွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် (ဗကသ-အထက်
ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ)
က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေး
လာရပါတယ်။
မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃)
ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ (မပူပါနဲ့။
သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့
အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး
အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။
Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆)မှာပါတဲ့
Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကို
လည်း ဖတ်ကြရမှာပါ။) စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေ
မဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါး
တွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိ
ပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီး
ကြည့်ရအုံးမှာပါ။ တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊
သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေ
ကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား
လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုး
နေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့အကြောင်းသိချင်ရင်၊
ABSDF မိုးညှင်းအုပ်စုက RIT ကျောင်းသာတွေကို မေးကြည့်
လိုက်ပါ လို့ အကြံပေးချင်ပါတယ်။ မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့
သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင်
စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။ တခုတော့
သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF ( မြောက်ပိုင်း)
ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်
တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့
ဘယ်လိုနေမလဲ။
(ဃ)
ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်း
ကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်
ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်
ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့
တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော်
ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊
တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့
ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။
စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေး
ကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။
အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို
စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေး
လွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊
နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေ
ဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်
ခဲ့ရတော့တယ်။
“ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။
တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊
စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ
(၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေး
စိတ်ဖေါ်ပြထားပါတယ်။
ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက
ရတယ်လို့ ပြောချင်ပါသေးလား။
ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ
ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။
ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊
ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)
စစ်ကြောရေးအဖွဲ့ဝင်များ
(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်
ခဲ့သူဖြစ်တယ်။ လှဆိုင်း (လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေ
နေတယ် လို့ သိရတယ်။
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်း
ရေးအဖြစ် ဖမ်းခံရပြန်တယ်)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်း
ရေးအဖြစ် ဖမ်းခံရပြန်တယ်)
ထောင်မှူးတာဝန်ခံများ
(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)
ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)
တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့်
သေဒဏ်ချ သတ်ဖြတ်ခံရသည်)
ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား(၁၅) ယောက်အပြင်၊ စစ်ကြော
ရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့
ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့
(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)
ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာ
လဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်း
တခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့
ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ
အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။
“ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့
ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။
၂၃၀၉၂၀၂၃
1 day ago
19 comments:
ဆက်လက်ဖတ်ရှုသွားတယ်အကို...ကျေးဇူးပါလို့...
Merry Christmas & Happy New Year....!!!
စိတ်ဝင်တစားဖတ်နေပါတယ် အစ်ကို
တိမ်မြုတ်နေတဲ့ သမိုင်းအပိုင်းအစလေးကို ဖေါ်ထုတ်ပေးတဲ့ အစ်ကို့ ကို ကျေးဇူးတင်ပါတယ် ...
အချီးအနှီး သေဆုံးသွားကြရတဲ့ ကျနော် မမြင်ဘူးတဲ့ အစ်ကို အမ များလဲ ကောင်းရာ သုဂတိလားပါစေ လို့ ဆုတောင်းလိုက်ပါတယ်
ဝေဇင်
ဟုတ်တယ်ကိုအောင်ရေ----
လူတိုင်းမှာ ဝှက်ဖဲတွေ
ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။
အဲ အဖွဲ့အစည်းတွေမှာလဲ အဲဒီလို ဝှက်ဖဲတွေ
ရှိနေပြန်ရော နောက်ကြုံရင် ပြောပြပါ့မယ်
Merry Christmas & Happy New Yearပါနော်
အပိုင်း(၁)မေ့သွားလို့ပြန်ဖတ်နေရတယ်
Christmas မှာ ပျော်ရွှင်ပါစေ
ကျေးဇူး ကိုအောင်
ဖတ်ရင်းနဲ့ စိတ်တွေမောလာတယ်အကိုရာ...၊ဒါပေမယ့်
ဆက်ပြီးဖတ်ချင်သိချင်ပါသေးတယ်....။ပျော်ရွင်ကြည်နူး
ဖွယ် ခရစ်စမတ်နှင့်နှစ်ကူးကာလ ကို ပိုင်ဆိုင်နိုင်ပါစေ
ဗျား....။
လူမဆန်တဲ့လူတစုကြောင့် အသက်ပေးသွားတဲ့ အကို၊အမတွေ ကောင်းရာသုဂတိလားပါစေ..အပိုင်း ၃ ကို မျှော်နေပါတယ်
သတ်တဲ့သူတွေက မိုးညှင်းနဲ့ ဗန်းမော်က အုပ်စုတွေ...
အသတ်ခံရသူတွေက အညာအကြေနဲ့ ရန်ကုန်အုပ်စုတွေ
... တစ်ခုခုတော့ ဖြစ်ခဲ့ကြသေးလားဗျာ...။
သမိုင်းရဲ့အမဲစက် သွေးစွန်းကွက်တွေရဲ့ ဖြောင့်ချက်တွေကို သိချင်ပါသေးတယ်.......။
ရက်စက်မှုတွေဖတ်ရင်း နှလုံးမသာမယာဖြစ်မိ တယ် သေဆုံးခဲ့တဲ့သူတွေအတွက် အင်မတန်ဝမ်းနည်းမိပါတယ်.......
အဲဒီလူသတ်တဲ့ မျိုးဝင်း၊ လှဆိုင်း၊ သံချောင်းတို့နဲ့ အပေါင်းပါတွေဟာ ဗမာတွေမှဟုတ်ရဲ့လား။ သိရသလောက်တော့ ဗမာတွေက အတော်သွေးဆာတယ်။ အခုဒီကျောင်းသားထုထဲရောက်တဲ့ အာအိုင်တီကျောင်းသားဆိုတဲ့ မျိုးဝင်းတို့အကြောင်းဖတ်ရတာ..ဒီကောင်တွေ ဗမာထောက်လှမ်းရေး၊ စစ်တပ်၊ အကျဉ်းဦးစီးကကောင်တွေထက်တောင်ဆိုးနေတာတွေ့ရတယ်။
နိုင်ငံရေး ကို မလုပ်ဖူးပါ၊ သိပ်ကြီးလည်း နားလည်းမလည်ပေမယ့် ကျောင်းသားတပ်ထဲမှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်တယ်ဆိုတာ သိရတော့ စိတ်ကောင်းပါ။ ဘာကြောင့် နှစ် ၂၀ ထိ ဖုံးကွယ်ထားလည်းဆိုတာလည်း နားမလည်ပါ။ ဖြစ်ပုံတွေကို သေချာသိချင်လို့ အပိုင်း ၃ ကို စောင့်နေပါတယ်...
နိုင်ငံေ၇းတွေ ဘာတွေ သိပ်နားမလည်ပေမယ့် ကျောင်းသားတပ် ထဲမှာ အဲလိုတွေဖြစ်တယ် ဆိုတာ သိရတော့ စိတ်မကောင်းပါ။ ဘာလို့ နှစ် ၂၀ လောက် ဖုံးဖိထားလည်း ဆိုတာလည်း နားမလည်ပါ။
ဘာတွေဖြစ်ကြတယ် သေချာသိဖို့ အပိုင်း ၃ ကို စောင့်မျှော်နေပါတယ်...
ဒီအမှုကြီဟာအလွန်တရာရက်စက်ပြီးအလွန်တရာမှလဲကြေကွဲစရာကောင်းလှပါတယ်၊ ဒါမျိုးဟာဒီအတိုင်းမပြီးသင့်တာအမှန်ပါပဲ တရားခံတွေကို
ဖေါ်ထူတ်ပြီးကောင်ကောင်းကြီး စံပြအနေနဲအရေးယူရပါမယ် သေဆုံးသူတွေရဲ့ခံစားချက်တွေကိုကျနော်တွေးရင်း တကယ်ပဲစိတ်မကောင်းပါဘူး
အဲဒီအချိန်(၁၉၈၈)ကကျနော် ငယ်ငယ်လေးပဲရှိပါသေးတယ်၊ ဒါပေမဲ့ ခုကျနော်ဒီစာတွေ
ကိုဖတ်ရသလောက်တွေးမိတာက ရန်သူဟာသွေးခွဲလိုရုံသာမက ခေါင်ညွှန့်တွေကိုပါဖြတ်ပြစ်လိုက်တာပါ ယုတ်ညံ့လွန်းလှတဲ့တရားခံခွေးမျိုးတွေကိုသိချင်လှပါတယ်
ကျဆုံးသွားကြရတဲ့ ဆောင်းပါးပါ အစ်ကို၊အစ်မများအားလုံးကို ကျနော့်ရဲ့ကောင်းမှူတွေကိုအမျှပေးဝေရင်း ကောင်းရာဘ၀ဘုံဌာနကိုရောက်ကြပါစေလို့ ဒီ comment နဲအတူဆုတောင်ပါတယ် ....
ဒီအမှုကြီဟာအလွန်တရာရက်စက်ပြီးအလွန်တရာမှလဲကြေကွဲစရာကောင်းလှပါတယ်၊ ဒါမျိုးဟာဒီအတိုင်းမပြီးသင့်တာအမှန်ပါပဲ တရားခံတွေကို
ဖေါ်ထူတ်ပြီးကောင်ကောင်းကြီး စံပြအနေနဲအရေးယူရပါမယ် သေဆုံးသူတွေရဲ့ခံစားချက်တွေကိုကျနော်တွေးရင်း တကယ်ပဲစိတ်မကောင်းပါဘူး
အဲဒီအချိန်(၁၉၈၈)ကကျနော် ငယ်ငယ်လေးပဲရှိပါသေးတယ်၊ ဒါပေမဲ့ ခုကျနော်ဒီစာတွေ
ကိုဖတ်ရသလောက်တွေးမိတာက ရန်သူဟာသွေးခွဲလိုရုံသာမက ခေါင်ညွှန့်တွေကိုပါဖြတ်ပြစ်လိုက်တာပါ ယုတ်ညံ့လွန်းလှတဲ့တရားခံခွေးမျိုးတွေကိုသိချင်လှပါတယ်
ကျဆုံးသွားကြရတဲ့ ဆောင်းပါးပါ အစ်ကို၊အစ်မများအားလုံးကို ကျနော့်ရဲ့ကောင်းမှူတွေကိုအမျှပေးဝေရင်း ကောင်းရာဘ၀ဘုံဌာနကိုရောက်ကြပါစေလို့ ဒီ comment နဲအတူဆုတောင်ပါတယ် ....
တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် နှစ်နှစ်ကာကာသစ္စာခံတဲ့သူတွေဆိုတာမျိုးဟာ
နိုင်ငံ့ရတနာမျိုးပါပဲ။ အများကောင်းစားဖို့အတွက် သူတို့ရဲ့ဘဝကို အနှစ်နာခံပြီးစတေးခဲ့ကြတယ်။ ဒါဟာ ပါရမီဖြည့်တာပဲ။ ပါရမီဆိုတာ မွန်မြတ်သူတို့ရဲ့လုပ်ငန်းလို့ ဆရာကြီးဦးရွှေအောင်ကပြောခဲ့တယ်။ ဒီလိုရတနာ(ပါရမီရှင်)မျိုးတွေ ပျက်စီးသွားရတာဟာ
ပြည်သူတွေအတွက် ရတနာပျောက်တာပါပဲ။ အင်မတန် နမြောဖို့ကောင်းလှပါတယ်။
အခုလိုသိရတော့ ရင်ထဲမလဲ မချိပါဘူးကွယ်။
ဒီလိုကိစ္စမျိုးဟာ ကောင်းသောစေတနာနဲ့ဖော်ထုတ်ပေးတဲ့သူတွေရှိမှလဲ အမှန်တရားဆိုတာပေါ်ပေါ်က်လာရပေတာပဲ။
ဒီအဖြစ်သနစ်တွေကိုဆုံးခန်းတိုင်အောင် ဆက်ပြီးရေးပါဦးကွယ်။
ABSDF ကျောင်းသားတပ်မတော်ဆိုတာ အရင်ကတည်းကို ကြားဖူးခဲ့ပါတယ်။ ၈၈ မှာ ကျွန်တော် က ၂ တန်းကျောင်းသားပဲရှိသေးပေမဲ့ စာကိုများများဖတ်တာမို့ မြန်မာ့တော်လှန်ရေးသမိုင်းကို ကောင်းကောင်းနားလည်ပါတယ်။ စစ်အစိုးရရဲ့ ၀ါဒဖြန့် စာစောင်တွေမှာ ကျောင်းသားတပ်မတော်ကို ဖောက်ခွဲရေးသမားတွေ လူသတ်ကောင်တွေ အကြမ်းဖက်သမားတွေလို့ သမုတ်ထားတာကို ကြားသိနေခဲ့ရတာကြပါပီ။ မိုင်းကွဲ ဗုံးကွဲ ဖြစ်စဉ်တွေ မှာ ကျောင်းသားတပ်မတော်နာမည်က များနေပါတယ်။ ဒါပေမဲ့ ကျောင်းသားတပ်မတော်က ဒီလောက်ရက်စက်မယ်မထင်ခဲ့ပါဘူး။ စစ်အစိုးရကိုမယုံခဲ့ပါဘူး မျက်စိထဲမှာ ကျောင်းသားတပ်မတော်ဆိုတာ ဖြူစင်တဲ့နှလုံးသားနဲ့ တော်လှန်နေကြတဲ့သူတွေလို့ သတ်မှတ်ခဲ့ဖူးပါတယ်။ ခုတော့ ဒီဖြစ်စဉ်တွေကို ဖတ်မိလိုက်ရတာ ငါကျောင်းသားတပ်မတော်မှာ လူသွားမဖြစ်ရတာကိုက ကံကောင်းနေပီလို့တွေးမိပါတယ်။ စစ်အစိုးရရဲ့ စစ်ကြောရေးစခန်းတွေမှာတောင်မကြားဖူးတဲ့အလုပ်တွေကို ကျောင်းသားတပ်မတော်နာမည်ခံ အာဏာရုးတွေက လုပ်ခဲ့ကြတယ်။ ဖြူစင်တဲ့ ကျောင်းသားတွေလဲ နာမည်ပျက်ကြရပါတယ်။ ကျောင်းသားတွေခမျာ အေဘီရဲ့လူသတ်ကွင်းကနေ ထွက်ပြေးလာရသလို အိမ်ပြန်ရောက်တော့လဲ ထောင်နန်းစံရပါတယ်။ မိအေးနှစ်ခါနာဆိုသလိုဖြစ်ပေမဲ့ ခေါင်းဖြတ်သတ်ခံရတာနဲ့စာရင် သံတိုင်ကြားက စစ်အကျဉ်းစခန်းက ပိုကောင်းပါသေးတယ်လို့တွေးမိပါတယ်။ အထူးသဖြင့် ကေအိုင်အေရဲ့ ဆေးရုံမှာ ကျောင်းသားလာခေါ်တာကိုစောင့်နေတဲ့ နေကောင်းခါစ ကျောင်းသားကို မျိုးဝင်းအမိန့်နဲ့သေဒဏ်ပေးခဲ့တာဟာ အင်မတန်ရက်စက်ယုတ်မာလွန်းတဲ့ ခေါင်းဆောင်နာမည်နဲ့မလိုက်တဲ့ လူရဲ့လုပ်ဆောင်ချက်ပဲဆိုတာသိရပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကြာခဲ့ပီဆိုပေမဲ့ ဒါကိုဖျောက်ဖျက်လို့မရပါဘူး။ အမှုအမှန်ကိုဖော်ထုတ်ပေးဖို့ ကျောင်းသားများကိုယ်စားတောင်းဆိုပါတယ်။ အခုလို ထုတ်ဖေါ်ရေးသားကြတဲ့နောင်တော်များကိုလဲကျေးဇူးတင်ပါတယ်။ နောက်လာနောက်သားကျောင်းသားတွေ သင်္ခန်းစားယူကြစေဖို့ပါ
It is really a shocking story after all these painful years. The truth should come out and let the justice serve those evils. The question is when will we get' justice' in Myanmar, especially for those torture and abuse during democratic movement periods?
hello ko gyi aung i will copy and use our weekily newspaper in bangkok
i think this post is inported for all people
Post a Comment