Friday, 9 December 2011

စွဲလမ်းသူ၏ အနုပညာ

လွန်ခဲ့သော ငါးနှစ်ခန့်က သူသည် အိပ်ခန်းတွဲများ ကပ်လျက်တည်
ရှိသော တန်းလျားတစ်ခုမှာ နေထိုင်ခဲ့ဖူးသည်၊ သူ၏ အခန်းသည်
တန်းလျား၏ အလယ်တွင်ရှိသော အခန်း တစ်ခန်း၊ ထိုစဉ်က သူသည်
အိမ်ထောင်သည်ဘ၀သို့ မရောက်ရှိသေး၊ တစ်နေ့၌ သူသည်
ရေချိုးခန်းထဲတွင် ရေချိုးနေရင်း အစအဆုံး မသီဆိုနိုင်သော
ကြားဖူးနားဝရှိသည့် သီချင်းများကို စိတ်လွှတ်ကိုယ်လွှတ်
ဆိုညည်းနေမိသည်၊ ရေချိုးခန်းအတွင်း ရေကျသံ၊ သူ၏ သီချင်း
ဆိုသံများမှအပ မည်သည့်အသံမှ မရှိ။


ရေချိုးနေရင်း ဆပ်ပြာတိုက်ရန်အတွက် သူသည် ရေပူ ရေအေး
ခလုတ်များကို ပိတ်ပြီး ဆပ်ပြာရည်ကို လက်ဝါးပေါ်သို့ ညစ်ထုတ်
ရန် ကိုယ်တိုက်ဆပ်ပြာရည်ဗူးဆီ လက်လှမ်းလိုက်မိသည်၊ ရေကျသံ
ရော သီချင်းဆိုသံပါ ပိတ်ထားသော ထိုခဏအတွင်း သူ့နားထဲသို့
အသံတချို့ တိုးဝင်လာသည်၊ သေသေချာချာ နားထောင်လိုက်တော့
ဘင်ဂျိုတီးသံ၊ ဟုတ်ပါပြီ၊ သူနှင့် အခန်းချင်း ကပ်လျက်တွင် နေထိုင်
သော သူ့သူငယ်ချင်း ဘင်ဂျိုတီးနေပါလား ….

ရေဆက်ချိုးရင်း သဘောကျနေသည်၊ သူနှင့် အခန်းချင်း ကပ်လျက်
တွင် နေသော သူ့သူငယ်ချင်းတို့ နှစ်ဦးသာ လွန်ခဲ့သော ရက်ပိုင်းက
လူသုံးကုန် ပစ္စည်းအဟောင်းများ (good second hand) ရောင်းချ
သော ဈေးဆိုင်တစ်ဆိုင်သို့ ရောက်ခဲ့ကြသည်၊ ထိုဈေးဆိုင်မှ ဂျပန်
လူမျိုးများ၏ တူရိယာ တစ်မျိုးဖြစ်သော ဘင်ဂျိုကို သူ့သူငယ်ချင်းက
သဘောကျပြီး ၀ယ်ယူခဲ့ပါသည်၊ သူ့အတွေးသည် ရုတ်တရက် လွှင့်
ပျယ်သွားပြန်သည်၊ … ဒီကောင် ဘင်ဂျို မတီးတတ်ဘူးလို့ သေသေ
ချာချာ ပြောဖူးပါတယ်၊ အခု ဒီဘင်ဂျိုကို ဘယ်သူ တီးနေပါလိမ့် …

ရေချိုးခန်းထဲမှ ထွက်လာကာစ ရေဆိုနေသော ဆံပင်ကို သုတ်ရင်း
တဖက်အခန်းက ဘင်ဂျိုသံကို ဆက်လက် နားထောင်နေမိသည်၊
မြူးမြူးကြွကြွ တီးကွက်တစ်ခုပါလား၊ သီချင်းတွေတောင် ဆိုလို့
ခပ်မြန်မြန်လေ အ၀တ်လဲရင်း တစ်ဖက်ခန်း အပေါက်ဝသို့ မပြေးရုံ
တမယ် ခြေလှမ်းများဖြင့် သူ ရောက်သွားသည်၊ လူခေါ် ခေါင်းလောင်
ကို အဆက်မပြတ် သူ နှိပ်လိုက်သည်၊ ဘယ်သူမှ ထွက်မလာကြ၊
အင်း … ဒင်းတို့ စိတ်လွှတ်ကိုယ်လွှတ် ပျော်နေကြတာပဲ ဖြစ်ရမယ်၊
အိမ်ရှေ့က ခေါ်လို့ မရရင် နောက်ဖေးဖက်က သွားခေါ်မည်လို့
သူ ဆုံးဖြတ်ပြီး သူတို့တန်းလျားရဲ့ နောက်ဖေးဖက်ဆီ ရောက်ခဲ့ပါတယ်၊
ကြိုးဆွဲ ယင်းလိပ်တွေအကြား တိုးဝင်နေတဲ့ အလင်းရောင် အားကိုး
ဖြင့် အခန်းအတွင်းကို သူ ချောင်းကြည့်လိုက်သည်၊ နောက်ဖေး
အပေါက်ဝဖက်ကို ကျောပေးထားသော ထိုင်ခုံ တစ်ခုတွင် ထိုင်ရင်း
ဘင်ဂျိုတီး သီချင်းဆိုနေသူသည် သူ့သူငယ်ချင်း လုံးဝ မဟုတ်၊
သူ … ဘယ်သူလဲ၊ သူ့ သူငယ်ချင်း၏ လျှပ်စစ်မီး မဖွင့်ထားသော
အခန်းထဲတွင် ဘင်ဂျိုကို တီးခတ်နေသူသည် မည်သူနည်း၊
နောက်ဖေးဖက် တံခါးနှင့် မှန်တံခါးတို့ကို ထုပြီး အသံပေးလိုက်
သည်၊ သို့သော် ဘင်ဂျိုတီးသူသည် သူ့အား လုံးဝ လှည့်မကြည့်၊
လေး … ငါးခါလောက် အသံပေးသော်လည်း မသိချင်ယောင် မကြား
ချင်ယောင် ဆောင်နေမှုကို သူ လုံးဝ စိတ်ပျက်သွားပါသည်၊ ဖွင့်
မပေးလည်း နေပေါ့၊ ဒီတခါ အဟောင်းဆိုင်ဖက် ရောက်ရင် ငါလည်း
ဘင်ဂျိုပဲ ဖြစ်ဖြစ်၊ ဂစ်တာပဲဖြစ်ဖြစ် … အသံထွက်လို့ရတဲ့ တူရိယာ
ပစ္စည်းအဟောင်း တစ်ခုလောက် ၀ယ်ပြီး တီးချင်သလို တီးပြစ်အုံး
မယ်လို့ စိတ်ထဲမှာ ကြုံးဝါးရင်း သူ့အခန်းဖက်ဆီသို့ လေးတိလေးကန်
ခြေလှမ်းများဖြင့် သူ ပြန်လာခဲ့ပါသည်၊ သူ့ အခန်းထဲ အရောက်
စားပွဲပေါ်က သူ့လက်ကိုင်ဖုန်းကို ယူကြည့်လိုက်မိပါသည်၊ miss call
ပေါင်းများစွာ ပါလား၊ အားအားယားယား ဘယ်သူတွေ ခေါ်ထားလဲ မသိ
ဟု မြည်တွန်တောက်တီးပြီး ခေါ်ထားသော ဖုန်းနံပါတ်ကို ကြည့်မိလိုက်
သည်၊ သြော် … ဟိုဖက်က … ခုနက သူ့ကို အခန်းတံခါး မဖွင့်ပေးခဲ့
သော ဘင်ဂျိုတီးသံများ ထွက်ပေါ်နေသော ဟိုဖက်အခန်းက သူ့
သူငယ်ချင်းပါလား၊ … ဖုန်းကို ပြန်ခေါ်ရင်း ဆောင့်ဆောင့်အောင့်အောင့်
လေသံဖြင့် … ဘာလဲကွာ … လို့ သူက စပြောလိုက်တော့ တစ်ဖက်က
သူ့သူငယ်ချင်းမှ … ငါ ဆန်အိတ် ၀ယ်လာတာ နှစ်အိတ်ဖြစ်နေလို့
… မင်း အားရင်း ဘူတာကို ခဏလာပြီး ငါ့ကို ကူပါအုံးတဲ့ …

သူလည်း စိတ်ညစ်ညစ် ဒေါကန်ကန်ဖြင့် … မင်းအခန်းထဲမှာ ရောက်နေတဲ့
ဧည့်သည်ကို မင်း ခေါ်ပါလား … ခုနက ဘင်ဂျိုသံကြားလို့ မင်းအခန်းဖက်
ငါ ရောက်သွားတော့ … ငါ့ကို တံခါးတောင် ထ'မဖွင့်ပေးဘူး၊ ဘယ်လောက်
လူမှုရေး ခေါင်းပါးသလဲ … လို့ ဖုန်းထဲကနေ စိတ်ရှိလက်ရှိ ပြောချလိုက်
မိသည်၊ .. ဟေ့ကောင် ဘာတွေ ပြောနေတာလဲ၊ ငါ့အခန်းမှာ ဘယ်ဧည့်သည်
မှ မရှိဘူး၊ ငါ အပြင်ထွက်သွားကတည်းက ငါ့အခန်းကို ငါကိုယ်တိုင် သော့
ပိတ်သွားတာ၊ မြန်မြန်လေးလာပြီး ဆန်အိတ် တစ်အိတ်လောက် ၀ိုင်းသယ်
ပေးပါအုံးတဲ့ ….

ဤသို့ဖြင့် သူနှင့် အခန်းချင်း ကပ်လျက်တွင် နေထိုင်သော သူ့သူငယ်ချင်း
တို့ နှစ်ဦးသား ထူးထူးဆန်းဆန်း အဖြစ်အပျက်တစ်ခုကို စတင် တွေ့ကြုံ
ခဲ့ပါသည်၊ သူ့သူငယ်ချင်း ပြောပြသော စကားများအရ ညဖက် တခါတရံ
တွင် သူ့အခန်းအတွင်း ထူးထူးခြားခြား အသံတချို့ ကြားရကြောင်း၊ ဘာသံ
ဟု တိတိကျကျ ပြောဖို့ခက်ကြောင်း၊ တခါက သူ့သူငယ်ချင်း အိမ်သာ
တက်နေစဉ် ဧည့်ခန်းဖက်ဆီမှ ဘင်ဂျိုတီးသံလိုလို TV က ထွက်လာသော
အသံလိုလို အသံများ ကြားရကြောင်း၊ သို့သော် သူတို့ နှစ်ဦးက တစ္ဆေ
သရဲ၊ နာမ်ဝိညာဉ်များ ပရလောကသားများကို မယုံကြည်ကြ၊ တခြား
အသိမိတ်ဆွေများ၏ အကြံပေးချက်အရ ပစ္စည်းအဟောင်း ရောင်းဆိုင်မှ
သူတို့ ၀ယ်ယူခဲ့သော ဘင်ဂျိုကို နောက်ထပ် တစ်လလောက်
အကြာတွင် ကြက်ခြေနီ ကုသိုလ်ဖြစ်အဖွဲ့၏ အမှိုက်ပုံး အတွင်းသို့
သူတို့နှစ်ဦး စွန့်ပြစ်ခဲ့ကြသည်၊ ထိုနောက် သူ့သူငယ်ချင်း၏
အခန်းထဲက အသံများ … သတင်းများကို ထပ်မကြားရတော့ …။

လွန်ခဲ့သော တစ်လ ၀န်းကျင်လောက်က သူ အလုပ် လုပ်သော
ဈေးဆိုင်မှ သူ့မိတ်ဆွေက သူ အပါအ၀င် အလုပ်ထဲက မိတ်ဆွေ
များကို သူတို့အိမ်၏ ထူးထူးဆန်းဆန်း အသံများအကြောင်း ပြောပြ
သည်၊ သူတို့အိမ်၏ ကားဂိုဒေါင် အတွင်းမှ ညဖက်များတွင် အသံ
တချို့ ထွက်လာလေ့ရှိကြောင်း၊ သူတို့မိသားစု ထ'ကြည့်သောအခါ
ထိုအသံများ ထူးဆန်းစွာ ပျောက်ကွယ်သွားကြောင်း ပြောပြသည်၊
စိတ်ဝင်းစားသော သူနှင့် သူ့မိတ်ဆွေတို့တွင် တူညီသော အချက်
တစ်ခုရှိသည်၊ ထိုအချက်က သူတို့နှစ်ဦးစလုံး ဂျာမန်ဘောလုံးအသင်း
၏ ကစားပုံကို နှစ်ခြိုက်သဘောကျမှုပင်ဖြစ်သည်၊ လွန်ခဲ့သော
ရက်သတ္တပတ် (၂)ပတ်ကျော်ခန့်က ဂျာမန်အမျိုးသား လက်ရွေးစင်
ဘောလုံးအသင်းသည် နယ်သာလန် ဘောလုံးအသင်းနှင့် ချစ်ကြည်
ရေးအဖြစ် ကစားကြမည့် ညနေခင်းတစ်ခုတွင် သူသည် သူ့မိတ်ဆွေ
အိမ်သို့ အလည်အပတ် ရောက်ဖြစ်ခဲ့တော့သည်၊ တခါတရံ ထူးခြား
ဆန်းကြယ်စွာ သို့မဟုတ် ညစဉ် အသံများ ထွက်ပေါ်လေ့ရှိသော
သူ့မိတ်ဆွေ၏ ကားဂိုဒေါင်အတွင်း သူ့အား သူ့မိတ်ဆွေဖြစ်သူက လိုက်လံ
ပြသသည်၊ သူ သတိထားမိလိုက်သည့် အရာက ကားဂိုဒေါင်၏ ထောင့်
နေရာတွင် ဖုန်အနည်းငယ် တက်နေသော စန္ဒယားအိုတစ်ခု၊ … ဒါ ဘယ်သူ
စန္ဒယားလဲလို့ သူ မေးလိုက်တော့ … သူ့မိတ်ဆွေက ကွယ်လွန်သူ
သူတို့အဖိုး၏ ပစ္စည်းဖြစ်ကြောင်း၊ ပြည်ပတွင် နေထိုင်လျက်ရှိသော
သူ့အဒေါ်အငယ်ဆုံးအား မသေခင် အမွေပေးခဲ့သော ပစ္စည်းဖြစ်
ကြောင်း၊ သူ့အဒေါ်က လာရောက်မသယ်ဖြစ်သေးသောကြောင့် သူ့
ကားဂိုဒေါင်ထဲမှတပါး စန္ဒယားထားဖို့ သူ့အိမ်ထဲတွင် နေရာလုံးဝ မရှိဟု
သိခဲ့ရသည်။

ဂျာမန်ဘောလုံးအသင်း၏ လှပသော တိုက်စစ်များအောက်တွင်
အသဲအသန်း ခုခံတွန်းလှန်နေရသော နယ်သာလန် ဘောလုံးအသင်းတို့
ကစားပုံကို ကြည့်ရင်း သူ့နားထဲ စန္ဒယားတီးသံလိုလို အသံတစ်ခုကို
ကြားနေမိသည်၊ ဘောလုံးပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းအကြား TV ကအသံ
ကို လျှော့ချရင်း သူ့မိတ်ဆွေ ကမ်းလိုက်သော ကော်ဖီကို သောက်ဖို့ ဟန်ပြင်
လိုက်သည်၊ ငြိမ့်ညောင်းသာယာသော စန္ဒယားသံကြောင့် သူ့မိတ်ဆွေအား
... အခု စန္ဒယားတီးနေတဲ့သူက ဘယ်သူလဲဗျ၊ နားထောင်လို့ ကောင်းလိုက်
တာဟု ပြောလိုက်သောအခါ မျက်စိပျက် မျက်နှာပျက် ဖြစ်နေသူက သူ့မိတ်ဆွေ၊
အိမ်အပြင်ဖက် သွားကြရအောင် သူ့မိတ်ဆွေ၏ တီးတိုးပြောသံနှင့်အတူ
သူတို့နှစ်ဦးသာ အိမ်ပေါက်ဝတံခါး၏ လက်ကိုင်ကို ဖြေးဖြေးချင်း လှည့်ဖွင့်ရင်း
အိမ်ပေါက်ဝနှင့် မလှမ်းမကမ်းတွင် ရှိသော ကားဂိုဒေါင်ကို ကြည့်နေမိသည်၊
မဲမှောင်တိတ်ဆိတ်နေသော ကားဂိုဒေါင်အတွင်းမှ ထွက်ပေါ်နေဆဲ စန္ဒယား
သံကို နားထောင်ရင်း သူ့လက်ပေါ်တွင် ကြက်သီးဖုလေးများ ထွက်လာသလိုလို၊
စန္ဒယားတီးသံနှင့်အတူ ထွက်ပေါ်နေသော သီချင်းဆိုသံက အသက်ကြီးကြီး
အမျိုးသားတစ်ဦး၏ အသံ၊ ဒီလောက်မှောင်မဲ တိတ်ဆိတ်နေသော ကားဂိုဒေါင်
ထဲတွင် မည်သူသည် ဤကဲ့သို့ တီးခတ်သီဆိုနေပါသနည်း၊ ခေါင်းငိုက်စိုက်ဖြင့်
မျက်နှာအနည်းငယ် နီရဲနေသော သူ့မိတ်ဆွေက ကားဂိုဒေါင်ဘေးဖက်မှ
တံခါးကို တွန်းဖွင့်လိုက်သည်၊ တံခါးဖွင့်လျှင် အလိုအလျောက် လင်းသွားတတ်
သည့် လျှပ်စစ်မီးကြောင့် ကားဂိုဒေါင်၏ နေရာအနှံကို သူတို့နှစ်ဦးသာ မြင်နေ
ရသည်၊ သူ့ မျက်လုံးများက ထောင့်တစ်နေရာတွင် ဖုန်တက်နေသော စန္ဒယားအို
ကြီးကို ကြည့်ရင်း ကြက်သီးများ တဖြန်းဖြန်း ထ’လျက်ရှိသည်၊ စန္ဒားခလုတ်များကို
ဖုံးအုပ်ထားသော သစ်သားအဖုံးကို သူ့မိတ်ဆွေက ဖွင့်လိုက်သောအခါ စန္ဒယား
ခလုတ်များကို မရဲတရဲ သူ ကြည့်နေမိသည်၊ ရုတ်တရက် သူ့နှာခေါင်းထဲသို့ တိုး
ဝင်လာသော အနံ့တစ်ခုကို ရှုရှိုက်မိလိုက်သည်၊ ဆေးတံဖြင့် ဆေးလိပ်သောက်
သည့် အနံ့၊ သူ့မိတ်ဆွေရော သူပါ ဆေးလိပ်သောက်သူများ မဟုတ်၊ စဉ်းစားလို့
အဖြေ ပေါ်မလာသော အရာများကို ကျောခိုင်းပြီး သူတို့နှစ်ဦး ကားဂိုဒေါင်မှ
ထွက်ခွာလာခဲ့ကြသည် ....

တနေ့က သူတို့မြို့ ကြက်ခြေနီအသင်း၏ ကုသိုလ်ဖြစ် ပစ္စည်းအဟောင်းဈေးဆိုင်
ရှေ့က သူ ဖြတ်လျှောက်ခဲ့သည်၊ အိမ်ထောင်ပြုကာစ သူ့မိတ်ဆွေ ဇနီးမောင်နှံ
နှစ်ဦး ထိုဆိုင်အတွင်းမှ ထွက်လာသည်ကို တွေ့လိုက်သောကြောင့် နူတ်ဆက်ရန်
အတွက် ခေတ္တရပ်နေမိသည်၊ သူ့မိတ်ဆွေ ဇနီးမောင်နှံ နှစ်ဦး ၀ယ်ယူလာသော
သူတို့လက်ထဲက အနုပညာ တူရိယာတစ်ခုကို ကြည့်ရင်း သူ့ ပါးစပ်က မည်သို့
မည်ပုံ အဟောင်းသာ ဖြစ်သွားသည်ကို သူကိုယ်တိုင် မသိခဲ့ ....


-စစ်ငြိမ်းဒီရေ

14 comments:

ZT said...

သရဲက အခန်းတော့ မကူးတတ်ဘူး ထင်တယ်။ ကျွန်တော် ဘန်ကောက်ကို သွားလည်တော့ အဆောင်မှာ နေဖြစ်တယ်။ ကျွန်တော်နေတဲ့ အခန်းရဲ့ တစ်ခန်းကျော်လား နှစ်ခန်းကျော်လား မသိဘူး အဲဒီအခန်းက သရဲ ခြောက်တယ်လို့ နာမည်ကြီးတဲ့ အခန်း။ ကျွန်တော့် အခန်းဘက်တော့ ကူးမလာဘူး။ :D

khin oo may said...

ဇတ်သိမ်းခန်းကတော့ဘယ်သူနဲ့လဲမသိဆင်တယ်။ ရုပ်ရှင်လိုပေါ့ နောက်တစ်ကားရိုက်ဖို့အကွက်ဆင်ထားသလိုမျိုး.။

မေသိမ့်သိမ့် ကျော် said...

စိတ်ဝင်စားဖို့ကောင်းတယ်။ ကြောက်လည်း ကြောက်ဖို့ကောင်းတယ်။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအောင်
ဒီတစ်ခေါက် ရေးထားတဲ့ စာရေးဟန်ကို သဘောကျတယ်။
ဇာတ်လမ်းလည်းကောင်းတယ်
စိတ်ဝင်စားမှုကို တစ်ထစ်ပြီးတစ်ထစ် တိုးလာစေတယ်...
သေသွားတဲ့လူတွေရဲ့ စိတ်စွဲမှုဘဲထင်တယ်နော်..
ဒါဖတ်ပြီး စဉ်းစားနေတာ
ငါသာခုချိန်သေသွားရင် ကွန်ပျုတာ လာနှိပ်နေမလားမသိဘူးလို့

Anonymous said...

ဟိ... ကြောက်တော့ တော်တော်ကြောက်ဖို့ကောင်းတယ်.. တကယ်ကြက်သီးထစရာ။

ခင်လျက်
Junemoe

ညိမ်းနိုင် said...

ကိုအောင့်ဆီလာလိုက်ရင် တစ်ခေါက်တစ်မျိုး မရိုးရအောင်
ကို သရဲဇာတ်လမ်းတွေဖတ်ရပါ့....၊အဲ့လိုတူရိယာတစ်မျိုးမျိုး
တော့ ရနိုင်ရင်လိုချင်တယ်....၊ဟန်ကျတယ်...ရေဒီယို၊
အမ်ပီသရီးတွေဘာတွေ ဝယ်စရာမလိုတော့ဘူး....:)

San San Htun said...

ဆက်မျှော်နေတယ်ဗျို့ 

sosegado said...

တစ်ခါတစ်လေစဉ်းစားမိတယ်၊ သေပြီးတဲ့သူတွေနဲ့
မသေ သေးတဲ့သူတွေ ဘယ်သူကပိုကြောက်ဖို့ကောင်းသလဲလို့။
ဇာတ်လမ်းကဖတ်လို့ကောင်းပါသည်၊ အဟောင်းတွေ ဝယ်တတ်တဲ့သူတွေ သတိထားစရာပါပဲ၊ အပိုတွေပါလာတတ်လို့။

မြသွေးနီ said...

ဇာတ်ကားတိုလေး ရိုက်လိုက်ရရင်.. ရှယ်ပဲ..။ ထိတ်နေရမှာ..။

mstint said...

စွဲလမ်းမှုဆိုတာ အသက်ရှင်နေသူအတွက်သာမက
သေဆုံးသွားသူအတွက်လည်း အကျုံးဝင်တာနဲ့
ပတ်သက်ပြီး တီတင့် စက်ရုံတစ်ရုံမှာ အလုပ်လုပ်စဉ်က
ညသန်းခေါင် လူမရှိဘဲ ယက္ကန်းစင် ထလည်တာကို
ကြုံဘူးတယ် ကိုအောင်ရေ။ ကြုံတဲ့အခါ ရေးအုံးမယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

အင်း... ဟုတ်မယ် အစ်ကို တခုခုကို စွဲလမ်းပြီး သေသွားရင် မကျွတ်မလွတ် ဖြစ်ပြီး ဒီလိုဘဲ ဖြစ်တတ်တယ်လို့ လူကြီးတွေ ပြောတာ ကြားဖူးတယ်.... လူကို အန္တာရာယ် မလုပ်တာဘဲ ကျေးဇူးတင်ရမယ်နော်...

Angelhlaing(May everybody be happy and healthy! said...

ညဘက်ဖတ်မိတာဆိုတော့ ပိုဆိုးတယ်အကို...ရင်တထိတ်ထိတ်နဲ့...:)
စောင့်မျှော်လျှက်ပါအကို...

Tayza Aung said...

ကိုယ်တွေ့လား...? သရဲတော့မကြောက်ပေါင် .. :P

Tayza Aung said...

ကိုယ်တွေ့လား..သရဲတော့မကြောက်ပေါင်..
ငယ်ငယ်တုန်းကတွေ့ဖူးတယ်. :P