Friday, 30 December 2011

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၃)

ရေးသူ- (ကို)အောင်မိုးဝင်း

ယခင် အပိုင်း(၂)မှ အဆက် ....

မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့
ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊ ဒဏ်ရာအနာတရဖြစ်စရာကောင်းတဲ့
အကြောင်းအရာတွေကို အင်တာနက်မှာ တင်ပြီးမရေးချင်ပါဘူး။ ၁၉၉၈ ထိုင်းနယ်စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဘူးတယ်။ “အရေးတော်ပုံပြီး ရင် ရှင်းမှာပါ”
ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပ
မှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ်
နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင်တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့အလည်ဝင်လာပါတယ်။ အဲ့ဒီတုံးကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဒီကိစ္စဟာ လူတွေသက်ရှိထင်ရှားရှိနေစဉ်မှာ ရှင်းရမယ် လို့ ပြောလိုက်ပါတယ်။ အဲ့ဒီစကားတွေကို ကျနော့ဘာသာ ကြားကနေ ပွဲစားလုပ်ပြောပေးနေတာ အကြောင်းရှိပါတယ်။ သူ့ကို သဲကြီးမဲကြီးလိုက်နေတဲ့ အုပ်စုတွေရှိနေသလို၊ အချိန်ကြာလာတာနဲ့အမျှ၊ ဒီကိစ္စကြီးက ရှုပ်ထွေးလာတော့မှာမို့ပါ။ ပက်ပက်စက်စက် ခံလိုက်ရသူတွေက အများကြီးပဲလေ။ ဘယ်လိုလုပ်ကြေအေးနိုင်မှာလဲ။ ပြီးတော့ ရော်နယ်အောင်နိုင်တယောက် ဘီဘီစီ မှ ဘယ်လိုအလုပ်ပြုတ်ခဲ့သလဲ ဆိုတဲ့အချက်တွေကိုလည်း ကျနော်သိနေလို့ပါ။



ကျနော်က ဒီလိုတွေးတယ်။ “ လူသတ်မှုကြီးက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီ။ ကျူးလွန်ခဲ့သူတွေက ကာယကံရှင်တွေကို သေသေချာချာ တောင်းပန်ပြီး အဖွဲ့အစည်းအတွက် သိက္ခာပြန်ဆယ်လို့ရမဲ့ ဇာတ်သိမ်းခန်းလေး တခုလိုမျိုးဆို သိတ်ကောင်းမှာပဲ” လို့ စိတ်ကူးခဲ့ မိတယ်။ ဥပမာ ရဝမ်ဒါမှာ ပြန်လုပ်တဲ့ ပြန်လည်သင့်မြတ်ရေးဇာတ်လမ်းတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဒါကလည်း ကျနော့်စိတ်ကူးပါ။ ကြုံတွေခံစားခဲ့ရသူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေးစဉ်းစားကြရမှာ မဟုတ်လား။ လူသတ်မှုမှာ တာဝန်ရှိသူတွေက ဘာမှအကြောင်းမပြန်လာတဲ့အတွက် ခုလို အင်တာနက်ပေါ်မှာ ချရေးပြီး ပြည်သူလူထုနဲ့သတင်းသမားတွေကို ချပြရတဲ့အဆင့်ကိုရောက်သွားတာပါ။ ဒါကလည်း ကျနော်ရွေးတဲ့ လမ်းမဟုတ်ဘူး။ ကာယကံရှင်တွေ ရွေးတဲ့လမ်းဖြစ်တယ်။
ဒုတိယကအချက်ကတော့- ကျနော့ရဲ့ ဆောင်းပါးတွေဟာ ဖေ့ဘွတ်မှာတင်ရေးပြီး ပျောက်သွားလိမ့်မယ်ထင်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို တင်ပြတဲ့အခါ ကျနော်တို့သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ် တခုဖြစ်တဲ့ System Dynamics လို တည်ဆောက်ထားခဲ့ပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ System တွေမှာ ထည့်ထားတယ်။ အဲ့ဒီ ဒီဇိုင်းကို ပုံဖေါ်လည်ပတ်ကြည့်တယ်။ အရှိန်တခုရောက်ရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ ဇာတ်ဆောင်တွေဟာ ဟော့ဒီ System ထဲမှာ အလိုလို လိုက်ပြီးလည်ပတ်ရပါတယ်။ မလည်ပတ်ဘူးဆိုရင်၊ နောက်တဆင့်မှာ ကြိတ်ချေခံရတတ်ပါတယ်။ အခုမှ စလည်ပတ်ခါစပဲ ရှိပါသေးတယ်။ အရှိန်ရလာတာနဲ့အမျှ၊ ခရီးတခုဟာ မလွှဲမသွေရောက်လာမှာပါ။ လူတွေဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲဖို့လိုပါလိမ့်မယ်။ ဒီ အဖြစ်အပျက်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့တဲ့သူတချို့ ဟာ ယနေ့ချိန်ထိ တာဝန်မဲ့စွာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ရှက်စရာကောင်းတဲ့ ဂုဏ်သိက္ခာတွေပါပဲ။ သွေးဆူပြီး ဆန္ဒစောနေတဲ့ မိတ်ဆွေတွေလည်း ဇာတ်လမ်းကို ဆုံးအောင်နားထောင် စေချင်ပါတယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ပါ။ ကာယကံရှင်တွေရဲ့အသံတွေကို နားထောင်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တရားကို နတ်စောင့်ပါတယ်။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၃-) ကို သုံးသပ်ကြည့်နိုင်ကြပါစေ။

(က)

ကမ်းပါးပြိုတဲ့ ညအောက်ကိုမှ အနီးကပ်ရောက်သွားမိခဲ့ကြတယ်။ တဖြည်းဖြည်းမှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေက ရွေ့နေဆဲပဲလေ ဟိုး--- အေးစက်တဲ့လေထုထဲကနေ “ တက္ကသိုလ် ---- ဒို့ ကျောင်း------” ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေသံတွေလေ--- အိမ်ပြန်ချင်လိုက်တာကွာ--- “တက္ကသိုလ်နယ်မြေတနေရာဆီမှာ--” သီချင်းကို ဘယ်သူဆိုနေတာလဲ။ ----- ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။ “လှဆောင်” ဆိုတဲ့ကောင်က ခေါင်းပြတ်ကြီးကို ကန်ချရင်း “ ကျောင်းသားဆိုတဲ့ကောင်တွေ တော်တော်ခေါင်းမာတဲ့ကောင်တွေပဲ” “ တော်တော်လည်း သွေးသောက်ရဲဘော်တွေ ပီသကြပါလား” တဲ့ သန်းဇော်တို့ အုပ်စုက သူတို့လက်ထဲက ဓါးတွေကို ပစ်ချလိုက်တယ်။ “ ဒီကောင်တွေကို ခုတ်ရတာ တော်တော်နဲ့ မပြတ်ဘူး”တဲ့ သူ့တို့ရဲ့အသံနက်ကြီးတွေကို့ ဝိညာဉ်တွေ နဲ့ လိုက်ကြည့်နေမိတယ်။ ကျော်ဝေ- ချိုကြီး- စိုးဝင်းသန်း--- ထစမ်း ထစမ်း ခေါင်းပြတ်တွေကို နောက်မှ ပြန်ဆက်ကြကွာ--- အဲ့ဒီ လှဆောင်၊ မျိုးဝင်း၊ သန်းဇော် ၊ သံချောင်း ဆိုတဲ့ကောင်တွေ နောက်ကို လိုက်ကြရမယ် သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြဟေ့ သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြ---- ဟိုမယ် ----ဟိုမယ်-- “လှဆောင်” ဆိုတဲ့ကောင် ကချင်ပြည်နယ်ထဲမှာ ပြန်ပေါ်လာပြီ သေချာနားထောင်စမ်း သေချာနားထောင်စမ်း အဲ့ဒီ လူသတ်သမားတွေရဲ့ခြေသံတွေကို ငါတို့ကြားနေဆဲပဲ ကျော်ဝေ-- မင်းဟစ်ကြွေးခဲ့တဲ့စကားတခွန်း ပြန်အော်ပြောလိုက်စမ်းကွာ “ငါ့ကို မင်းတို့ သတ်လို့ရမယ်- ငါ့ဝိညာဉ်ကို မင်းတို့မသတ်နိုင်ပါဘူးကွာ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေ ကွ” “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး” “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ် ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”

(ခ)

ဝိညာဉ်စီး တယ်ဆိုတဲ့ ဝေါဟာရကို ခင်ဗျားတို့ ကြားဘူးမလားမသိဘူး။ ကျနော်ကတော့ အသံထွက်ခွင့်မရရှာတဲ့ ဝိညာဉ်တွေ ကို ကျနော့အခန်းငယ်လေးထဲမှာ သိမ်းထားခဲ့တယ်။ ညတိုင်ရင် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ သစ္စာဆိုခဲ့တယ်။ “ သူတို့အတွက် ထုတ်ပြော နိုင်ခွင့်ရမဲ့ အခွင့်အရေး တခါလောက်ဖြစ်ဖြစ် ရပါရစေသား” လို့။ ခုတော့ ကာယကံရှင်တွေရဲ့ ကျွံဝင်လာတဲ့ စကားတွေထဲမှာ ဝန်ခံခြင်းတဝက်၊ အမှားတသက် ထင်ထင်ရှားရှားတွေ့နေရပြီ။ ဧရာဝတီမဂ္ဂဇင်း ( အင်္ဂလိပ်) ဆောင်းပါးထဲမှာ ဆောင်းပါးရှင်တွေက မြောက်ပိုင်းလူသတ်ပွဲနဲ့ပတ်သက်ပြီး၊ ရော်နယ်အောင်နိုင် ကို မေးခွန်းတခုမေးတော့၊ ရော်နယ်အောင်နိုင်က လူသတ်မှုကို ငြင်းဆန်မှုမရှိစွာပဲ ဖြေခဲ့တယ်။ “ကျောင်းသား (၁၅) ယောက်ဟာ ထောက်လှမ်းရေးအစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေရှိပါ သတဲ့။ “ဆောင်းပါး (၁) နဲ့ (၂) မှာ ကျနော် ခင်းထားတဲ့ လမ်းကြောင်းထဲကို တည့်တည့်ဝင်လာတာပဲ” လို့ တွေးနေမိတယ်။ တကယ်တော့ ရော်နယ်အောင်နိုင်တယောက်၊ ၁၉၉၂ ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ The Nation သတင်းစာ ကို ပြန်ဖတ်သင့်တာပေါ့။ မြောက်ပိုင်း လူသတ်ပွဲ အပြီးမှာ၊ The Nation သတင်းထောက် Yindee Lertcharoenchok က အဲ့ဒီနေရာကို ရောက်သွားပြီး မြောက်ပိုင်း ABSDF ခေါင်းဆောင်တွေ၊ ဖမ်းဆီးထားခံရတဲ့ ကျောင်းသားတွေနဲ့တွေ့ဆုံအင်တာဗျူးထားမှုကို ဆောင်းပါးလုပ်ထားတာ။ ဆောင်းပါးအမည်က Burmese Rebels Defend Executions။ အဲ့ဒီဆောင်းပါးရဲ့ ( အပိုဒ်-၁၃) မှာ ကျော်ကျော် ( ကချင်) နဲ့ ရော်နယ် အောင်နိုင်က အခုလို ဝန်ခံထားတယ်။ Aung Naing and Kyaw Kyaw , however, admitted that torture, particularly “ beating and telephone-wire electric shocks ” were applied to force confessions. “ဝန်ခံဖို့အတွက် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ရှော့တိုက်ခြင်းလို နှိပ်စက်ညင်းပမ်းမှုတွေကိုအသုံးပြုခဲ့ပါတယ်” တဲ့။ သူတို့လိုချင်တဲ့ အဖြေမထွက်မချင်း နှိပ်စက်ညှင်းပမ်းမှုတွေကို ရက်ရက်စက်စက်လုပ်ခဲ့ကြတာဆိုတာမို့လား။ နှိပ်စက်ခံရသူတွေက နောက်ဆုံး သူတို့ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်ကြောရေးစခန်းက လွတ်ရင်ပြီးရော၊ “ဟုတ်တယ်” လို့ အဖြေပေးလိုက်ကြရတော့တယ်။ ဒီအချက်ကို ထောင်ကျဘူး သူတိုင်းသိပါတယ်။ တကယ်တော့ မြောက်ပိုင်းလူသတ်မှုဖြစ်ပွားနေစဉ်ကာလတုံးက ကျနော်နဲ့လုပ်ဖေါ်ကိုင်ဘက် ဗကသ (အထက်ဗမာပြည်) ခေါင်းဆောင် တချို့ ဟာ မန္တလေးအကျဉ်းထောင်ထဲမှာပါ။ မန္တလေးထောက်လှမ်းရေးအုပ်စုတွေက သူတို့ကို အကျဉ်းထောင်ထဲကနေ ညတိုင်းဆွဲထုတ်ပြီး၊ ဓါတ်ပုံတွေကို ပြပြီး သေချာမှုတွေ ယူသတဲ့။ “ဒါ-- ထွန်းအောင်ကျော် ဟုတ်တယ်မို့လား” “ ဒီ ပုံကတော့ စိုးဝင်းသန်း မို့လား” “ ဒီကောင်ကရော ဘယ်သူလဲ” အကျဉ်းထောင်တွင်းမှာ ရောက်နေရှာတဲ့ ဗကသတွေဟာ ကြိတ်ပြီး ငိုခဲ့ရတယ် လို့ ဆိုတယ်။ လူတွေသေပြီးတိုင်း ဓါတ်ပုံတွေက အမြန်ရောက် ရောက်လာတော့ ပါဂျောင် စခန်းရဲ့ လူသတ်မှုတွေထဲမှာ အစိုးရစစ်ထောက်လှမ်းရေးရဲ့လူတွေက တောက်လျှောက် သတင်းပို့နေတယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့။ ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း လူသေတွေကို ညမှာ သေသေချာချာ ရိုက်ထားတာလို့ ဆိုတယ်။ ဒါဖြင့် မန္တလေး ထောက်လှမ်းရေးဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူလဲ။ မန္တလေးထောက်လှမ်းရေးတွေဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူတွေလဲ။ သေချာတာတော့ ထောက်လှမ်းရေးလို့စွပ်စွပ်ခံရ၊ အသတ်ခံရတဲ့သူတွေမဟုတ်ဘူးလေ။

(ဂ)

ကိုထွန်းအောင်ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလမှာ “နန်းအောင်ထွေးကြည်” ဆိုတဲ့ ဘေဘီရဲမေလေးက သူနဲ့ စကားပြောခွင့်ရခဲ့တယ်။ နန်းအောင်ထွေးကြည်ဆိုတာ ကျနော်တို့တင်ပြထားတဲ့ ဓါတ်ပုံ (ရဲမေ ၄ ယောက်ရပ်နေတဲ့ပုံ) ထဲက ညာဘက်အစွန်က ကောင်မလေး။
တကယ်တော့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ နန်းအောင်ထွေးကြည် ကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲ၊ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။ သူမမျက်နှာကို မီးရဲရဲထောက်နေတဲ့ ထင်းမီးနဲ့ ထိုးနှိပ်စက်ခဲ့တယ်။ နဂိုက ချောမောလှပခဲ့တဲ့ မျက်နှာတခုလုံး ဒဏ်ရာဒဏ်ချက်တွေရခဲ့ရှာတယ်။ ပြီးတော့ နှမချင်းမစာနာ မိုက်မိုက်ရိုင်းရိုင်း စစ်ဆေးနည်းတွေကို လုပ်ခဲ့တယ်။ ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကလည်း အသတ်ခံရတော့မယ် လို့ သူကိုယ်တိုင်သဘောပေါက်သွားတဲ့အခါမှာတော့ နန်းအောင်ထွေးကြည် ကို ပြောရှာတယ်။ “ မငယ် ငါ့စိတ်ထဲမှာတော့ နင် လွတ်သွားလိမ့်မယ်လို့ထင်နေတယ်။ ဟုတ်တယ်ဟာ ငါ့စိတ်ထဲမှာ တကယ့်ကို ယုံကြည်နေတာ နင်လွတ်သွားလိမ့်မယ်။ နင်လွတ်သွားတဲ့ အခါကျရင် ဟော့ဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီးပြောပြပေးပါမယ် လို့ ဂတိပေးစမ်းပါဟာ” တဲ့။ “ စိတ်ချပါအကိုကြီး ကျမပြောပြပါမယ်” တဲ့။ နန်းအောင်ထွေးကြည် က မျက်ရည်တွေကြားကနေ ဂတိပေးခဲ့တယ်။ ဘဝဆိုတာ အံသြ ဖို့ ကောင်းပါတယ်။ နန်းအောင်ထွေးကြည်အပါအဝင် မြောက်ပိုင်းဒေသမှာ ကြုံတွေ့ခံစားလာခဲ့ရသူတွေ၊ ကျူးလွန်ခဲ့သူတွေ အများအပြား နဲ့ ဆုံဆည်းခွင့်၊ စကားပြောဆွေးနွေးခွင့်တွေ ရလိုက်တယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်က “ ကျမလေ ဒီအဖြစ်အပျက်တွေကို တရက်မှ မမေ့နိုင်ခဲ့ဘူး” တဲ့။ သူမက ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပဲ သူတယောက်တည်း အော်စီမှာ ဇာတ်မြှုပ်နေပြီး ဘဝကို ရှင်သန်ခဲ့ရတယ်။ ငရဲက သယ်လာတဲ့ ဒဏ်ရာတွေကို ကျနော်မြင်နေရတယ်။ ဟုတ်မှာပေါ့လေ။ ကျနော်လည်း သူတို့တတွေပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကို ဆက်ပြီးနားမထောင်ရဲလောက်အောင်ပဲ။ ပါဂျောင်ဒေသ က အော်ဟစ်ဆူညံနေတဲ့ ဝိညာဉ်တွေ ကျနော့ရင်တခုလုံးဆီ မချိမဆန့်လူးလွန့်နေတယ်။ “နန်းအောင်ထွေးကြည်” ကို ကျနော်ပြောခဲ့ဘူးတယ်။ “ ဖြစ်ခဲ့တာတွေအတွက် ယူကြုံးမရဘူးဗျာ။ ဒါပေမဲ့ အချိန်တန်ရင် ဒီလူတွေ သူ့အရှိန်နဲ့သူသွားမှာပါ။ ခင်ဗျား မပူပါနဲ့။ တည်ငြိမ်အောင်နေပါ။ အကုသိုလ်ကံတွေကို ရောက်မလာစေနဲ့။ ဒီ လူတွေ ဝဋ်လည်အုံးမှာပါ။ ယုံစမ်းပါ” လို့။ နန်းအောင်ထွေးကြည်က ကျနော့ကို ပြောတယ်။ “ကိုအောင်မိုးဝင်း ကလည်း ထိန်လင်း အတိုင်းပဲ သံဝေဂ တရားစကားတွေ ပြောတယ်” တဲ့။ အေးလေ။ သူမရဲ့ ဘဝမှာ ရက်ရက်စက်စက်ကြုံတွေ့ခဲ့တာဆိုတော့ ပြင်းပြင်းထန်ထန်တုန့်ပြန်ချင်တဲ့စကားလုံးတွေကို အလိုရှိမှာ အမှန်ပဲ။ ကျနော်တွေးတာက ဒီလိုပါ။ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ပွဲ ပဲ။ လူတွေကို လပေါင်းများစွာဖမ်း၊ နှိပ်စက်ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာမျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါတလေပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲ ကြည့်ဘူးတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ ဒီလို လူမျိုးတွေကို ရင်ဆိုင်ဖို့အတွက် ဝုန်းဝုန်းဒိုင်းဒိုင်း စိတ်ခံစားမှုတွေနဲ့သွားလုပ်လို့မဖြစ်ဘူး။ စံနစ်တကျပြင်ဆင်ရမယ်။ သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေကို တဆင့်ခြင်းဆွဲချွတ်ပစ်ရမယ်။ တခါတလေတော့လည်း ရီစရာတော့ ကောင်းတယ်။ လူသတ်မှုနဲ့ ဆက်နွယ်နေတဲ့ သူတွေက သူတို့ကို အင်တာနက်မှာ တယောက်ယောက်က ချတိုင်း၊ နောက်ကွယ်ကနေ ကျနော်က မြှောက်ပေးတယ် လို့ ထင်ကြတယ်။ ကျနော်က ဘာလို့နောက်ကွယ်က နေရမှာလဲ။ ထိုင်းနယ်စပ်ကို ခြေချ ကတည်းက ဒီကိစ္စကို ဗြောင်မေး၊ ဗြောင်ပြော၊ ဗြောင် စိန်ခေါ်နေခဲ့တာပဲ မို့လား။ လာရင် ရှေ့တည့်တည့်က လာမှာ စိတ်ချ လို့ စိတ်ထဲမှာ ပြောနေမိတယ်။ ကျနော်ကြောက်ရမဲ့အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူးလေ။ ကြောက်တတ်ရင် အစောကြီးကတည်းက နိုင်ငံရေးမလုပ်ဘူး။ အထူးသဖြင့် ခွေးအ လိုလို လူမျိုးတွေကို ကြောက်စရာမလိုဘူး။ ခွေးအ ဆိုတာက အုပ်စုရှိမှ အမဲလိုက်ရဲတယ်။ အပုပ်ကို စားတယ်။ ဒါပေမဲ့ ခွေးအ တွေ အမဲလိုက်လေ့ရှိတဲ့ နေရာဒေသဟာ သိတ်ကျဉ်းပါတယ်။ ကျနော်တို့ အမဲလိုက်မဲ့နေရာက အများကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ သမိုင်းဆိုတာကတော့ ရှင်းကြရအုံးမှာပါ။ လူဆိုတာ စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်။

(ဃ)

ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ၊ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာလေးတခုကို ပြောပြချင်ပါတယ်။ ၁၉၉၂ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ နဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသားထုကို ရန်တိုက်ပေးထားတာတွေ့ကြပါလိမ့်မယ်။ ကေအိုင်အေ ဟာ ကချင်ကျောင်းသားတွေကို အသုံးချပြီး ဗမာကျောင်းသားတွေကို သတ်တယ်-- ဘာညာ ဆိုတဲ့ ဝါဒဖြန့်မှုတွေပါ။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို သံယောင်လိုက်ပြီး လျှောက်ပြောနေတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဖြစ်သမျှ ရာဇဝတ်မှုကို သေဆုံးသွားတဲ့ မျိုးဝင်းအပေါ်မှာ လွှဲချပြီး ဇာတ်လမ်းဆင်ရှောင်ထွက်ဖို့ ကြိုးစားချင်ပုံရပါတယ်။ တကယ်တော့ ရှောင်ထွက်လို့မရပါဘူး။ အာသံကုန်းမြင့်မှာ လူသတ်မှုကို ကျူးလွန်ခဲ့တာ မျိုးဝင်းတယောက်တည်း မဟုတ်သလို၊ ဖမ်းဆီးထားတဲ့ မန္တလေးကျောင်းသားတချို့ကို ရိုက်နှက်နှိပ်စက်ပြတဲ့ အထဲမှာ ရော်နယ်အောင်နိုင်လည်းပါပါတယ်။ မန္တလေးက ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုရာကျော်ရဲ့မျက်နှာ ကို စစ်ဖိနပ်နဲ့ ချွတ်ပြီး ရိုက်ခဲ့တာ ရော်နယ်အောင်နိုင်ပါ။ ဗမာပြည်ဆီကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုရာကျော် ကတော့ မန္တလေး အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျရင်း ကျဆုံးခဲ့ပါတယ်။ မျိုးဝင်း တို့ အုပ်စုက ကေအိုင်အေဟာ သူတို့နောက်က ရှိတယ်။ သူတို့ကသာ ကေအိုင်အေနဲ့ပိုင်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ဟန်ပန်တွေကို လုပ်ခဲ့ကြပုံရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်တချို့က သတိပေးခဲ့တယ် လို့ဆိုပါတယ်။ “ ကျနော်တို့မှာ အတွေ့အကြုံရှိတယ်။ ဖြုတ်ထုတ်သတ် လုပ်ခဲ့မိလို့ ကျနော်တို့ပါတီဟာ တလျှောက်လုံးပေးဆပ်နေရတယ်။ ခင်ဗျားတို့မလုပ်ကြပါနဲ့ဗျာ” လို့ တိုက်တွန်းခဲ့တယ်။ နားမထောင်ပါဘူး။ လူသတ်မှုတွေ နားနဲ့မဆန့်အောင် ကြားလာရတဲ့အခါ ကေအိုင်အေခေါင်းဆောင်တွေရောက်လာပြီး အတင်းဝင်ရောက်တားဆီးပါတော့တယ်။ ကေအိုင်အေ ဟာ မျိုးဝင်းနဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေကို အင်မတန်စိတ်ပျက်သွားခဲ့တယ်။ နန်းအောင်ထွေးကြည်ကို သူတို့စစ်မေးမယ် ဆိုပြီး၊ လွှဲပြောင်းယူခဲ့တယ်။ ဗိုလ်ချုပ်ဇော်မိုင် နဲ့ ခေါင်းဆောင် သုံးယောက်က နန်းအောင်ထွေးကြည်ကို စစ်ဆေးစဉ်ကာလက မှတ်တမ်းတွေ ကို ယူပြီး ပြန်လည်မေးခွန်းထုတ်ခဲ့တယ်။ “သမီးရဲ့ ထောက်လှမ်းရေး ကိုယ်ပိုင်နံပါတ်က (------x+) ဟုတ်လား” “ ဟုတ်ပါတယ်” ဗိုလ်ချုပ်ဇော်မိုင်နဲ့ ကေအိုင်အေ ခေါင်းဆောင်တွေက ရီကြတယ်။ “ ကဲ--- ငါ့သမီး ခုချိန်က စပြီး သမီးဝန်ခံပြောဆိုနေတဲ့ ထောက်လှမ်းရေးဆိုတာကြီးကို မေ့လိုက်တော့။ “သမီးပြောတဲ့ ကိုယ်ပိုင်နံပါတ်က ဗိုလ်ချုပ်နေဝင်း နဲ့ တန်းတူဖြစ်နေတယ်” တဲ့။ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တသက်လုံးတိုက်လာခဲ့တဲ့ ကေအိုင်အေ က ရန်သူရဲ့ ကိုယ်ပိုင်နံပါတ်တွေ၊ သင်တန်းဆင်း နံပါတ်တွေကို အလွတ်ရတာပေါ့။ တကယ်တော့ စစ်ထောက်လှမ်းရေးနံပါတ်ဆိုတာတွေကလည်း မျိုးဝင်း၊ သံချောင်းနဲ့ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေက ဇွတ်အတင်းဖန်တီးဝန်ခံခိုင်းတာ ဆိုတော့ နန်းအောင်ထွေးကြည်အနေနဲ့ အဲ့ဒီအတိုင်းပဲ နုတ်တိုက်ရွတ်ဝန်ခံ ထွက်ဆိုရတော့တယ်။ ဗိုလ်ချုပ်ဇော်မိုင်က နန်းအောင်ထွေးကြည်ကို ပြောတယ်။ “ ငါ့သမီး- ဒီကိစ္စက ပြန်ပြီးရှင်းရမယ်။ ဒီလိုခံနေလို့မဖြစ်ဘူး။ ငါ့သမီးတို့က ခံခဲ့ရတာကိုး။ ဒါပေမဲ့ အချိန်ကို စောင့်ပါ။ ငါတို့လည်း အပစ်အခပ်ရပ်ဆဲတော့မှာဆိုတော့ ----” မကြာခင်မှာပဲ ကေအိုင်အေ နဲ့ ဗမာအစိုးရကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု စကားပြောပွဲတွေက စတင်ခဲ့တယ်။ နန်းအောင်ထွေးကြည်လည်း ဒုက္ခသည်စခန်းက တဆင့် အော်စီ ( ------) ကို ထွက်လာခဲ့တော့တယ်။ ဗိုလ်ချုပ်ဇော်မိုင်ပြောသလိုပါပဲ။ “ကျမ အချိန်ကိုစောင့်နေခဲ့ရတယ်” တဲ့။ စောင့်ခဲ့ရတဲ့ အချိန်ကလည်း အနှစ် (၂၀) လောက်ဖြစ်သွားတယ်။ တကယ်တော့ မြောက်ပိုင်း လူသတ်မှုဟာ တချက်ခုတ် (၃) ချက်ပြတ် ကြံတဲ့ပွဲဖြစ်တယ်။
(၁) ဒီမိုကရေစီအင်အားစုဘက်က ကျောင်းသားအစစ်အမှန်တွေကို သတ်ပစ်တယ်
(၂) ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားသမဂ္ဂကြားမှာ အထင်အမြင်မှားအောင်ရန်တိုက်ပေးတယ်။
(၃) ဖေဖေါ်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ပြလိုက်ခြင်းအားဖြင့်၊ ကေအိုင်အေ ဟာ ဗမာကျောင်းသားတွေကို သတ်ဖြတ်လိုက်ကြပြီ ဆိုပြီး ဗမာကျောင်းသားနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးလိုက်တယ်။ မျိုးဝင်းတို့အုပ်စုကို ကချင်လက်နက်ကိုင်တပ်က ပစားပေးထား မြှောက်ပင့်ထားပြီး ဗမာကျောင်းသားတွေကို သတ်ခဲ့တယ် ဘာညာပေါ့။ ၁၉၉၂ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က အဲ့ဒါပါပဲ။ မျိုးဝင်းတို့အုပ်စုရဲ့ နှိပ်စက်မှု အစစ်အမှန်တွေကို ရောထည့်ပေးလိုက်ပြီး စစ်အစိုးရက သူတို့လိုချင်တဲ့ နိုင်ငံရေးဝါဒဖြန့်ချီပွဲကို လုပ်ခဲ့တယ်။ ပြဿနာက ပြည်သူတွေဟာ အစိုးရသတင်းစာရှင်းလင်းပွဲထဲက အချက်အလက်တွေကို ဘာတခုမှ မယုံကြည်ခဲ့ကြတော့၊ မြောက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ တာတွေကိုလည်း နားမထောင်ခဲ့ကြတော့ဘူး။ ပြန်ဝင်လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဒဏ်ရာကို လှန်ပြလည်း အစိုးရရဲ့လုပ်ကြံဝါဒဖြန့်မှု လို့ ထင်နေခဲ့ကြတယ်။ လှိုင်းက တအားကြီးနေတဲ့အချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ ကလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။ မြောက်ပိုင်းကနေ အသက်လုပြေးလာတဲ့ ကျောင်းသားတွေလည်း ကံမကောင်းကြပါဘူး။ ထောင်ဒဏ်နှစ်ရှည်တွေ ကျကုန်ကြပြန်တယ်။

(င)

ကိုထွန်းအောင်ကျော် အကြောင်းကို ပြောမယ်ဆိုရင် ဗကသ ညီလာခံနှစ်ခုအကြောင်းကို မိတ်ဆက်ပေးရမယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး နောက်ဆုံးကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများညီလာခံ နှစ်ခုလုံးဟာ မန္တလေးမှာ ကျင်းပခဲ့တာဖြစ်တယ်။ ၁၉၈၉ မှာကျင်းပတဲ့ ဗကသ ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ပြုလုပ်ခဲ့တယ်။ ရန်ကုန်ဗကသခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ကိုရန်မျိုးသိန်း ( ဆေးတက္ကသိုလ်)၊ ဒုတိယအကြိမ်ကျင်းပတဲ့ ညီလာခံက ၁၉၉၀ ၊ မန္တလေး မစိုးရိမ်တိုက်ထဲမှာ ကျင်းပတာဖြစ်တယ်။ ရန်ကုန် ဗကသ က နှစ်ဖွဲ့ကွဲ နေတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ဗကသ နဲ့ ကိုအောင်ထွန်း( ကျောင်းသားသမဂ္ဂ သမိုင်းစာအုပ်ရေးသူ)၊ ဗသက်အောင်၊ ဖြိုးမင်းသိန်း တို့ ခေါင်းဆောင် တဲ့ (အောက်ဗမာပြည်၊ ဗကသ)၊ အခု ရှစ်လေးလုံးမျိုးဆက်မှာ လုပ်နေတဲ့ ကိုထွန်းမြင့်အောင် ဆိုတာလည်း ဖြိုးမင်းသိန်းနဲ့တဖွဲ့တည်းပဲလေ။ ၁၉၉၀ တလျှောက်၊ ရန်ကုန် ဗကသ နှစ်ဖွဲ့လုံး မန္တလေးကို လာကြရတယ်။ ကိုပြုံးချို၊ ကိုညိုထွန်း၊ ကိုကိုကြီး တို့တတွေလည်း သက်ရှိထင်ရှားရှိနေပါသေးတယ်။ ပြည်ပမှာရောက်နေသော မဟာ့ မဟာ ကျောင်းသားတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ----- ကိုယ့်သမိုင်းတွေချည်း ကိုယ်ရည်သွေး အမွှန်းတင်ပြောမနေပါနဲ့။ သူများတွေရဲ့ သမိုင်းတွေကိုလည်း အသိအမှတ်ပြုကြပါအုံး။ အပြင်မှာ သမိုင်းလိမ်တာတွေ၊ လက်ဝါးကြီးအုပ်တာတွေများလာတယ်။ ဂိုဏ်းဂဏဖွဲ့ရန်ဖြစ်တာကလည်း များလာတယ်။ တယောက်နဲ့တယောက် ကလည်း လေးစားမှုမရှိတော့ဘူး။ နောက်မျိုးဆက်တွေကလည်း မလေးစားတော့ဘူးလေ။ သမိုင်းနားမလည်တော့ ဗကသ ခေါင်းဆောင်က ထောက်လှမ်းရေးဖြစ်၊ NGOs တွေဆီမှာ ပိုက်ဆံရှာနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လို့ဖြစ်နဲ့။ ပြည်ပမှာ အဲ့သလို မိုးကြီးချုပ်နေမဲ့အစား၊ ရှစ်လေးလုံးမျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ ဆယ်ယူကြစေချင်ပါတယ်။ ကိုထွန်းအောင်ကျော် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အသံလွှင့်ဋ္ဌာနတခုရှိပါတယ်။ GTI ကျောင်းဝင်း အတွင်းကနေ ထုတ်လွှင့်တာပါ။ ကိုထွန်းအောင်ကျော် ဆိုတာ ဂျီတီအိုင် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ပါ။ သူ့ကို ချစ်ခင်လေးစားသူ တွေက “အကိုကြီး” လို့ခေါ်ဆိုလေ့ရှိတယ်။ အရေးတော်ပုံအရှိန်မြင့်လာတယ်။ သူ့ကိုလည်း သပိတ်တပ်ပေါင်းစုထဲမှာ တွေ့လာရတယ်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း အစည်းအဝေးပွဲတွေမှာ သွားတက်ခဲ့တယ်။ ဒေါ်ခင်ကြည်ဈာပန အခမ်းအနားတွေမှာ ဦးဆောင်ပါဝင် ခဲ့တယ်။
ရန်ကုန်ကျောင်းသားခေါင်းဆောင်တော်တော်များများက သူ့ကို သိကြပါတယ်။ သူ့ရဲ့ ညီ ကိုလတ် က ကိုမောင်မောင်ဝမ်းတို့နဲ့ အတူ မကသ မှာ လုပ်တယ်။ ဗကသ သမဂ္ဂညီလာခံ ( ၁၉၈၉) ၁၉၈၈ သြဂတ်စ် (၂၈) မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ညီလာခံဟာ တတိုင်းပြည်လုံးက ကျောင်းသားတွေကို မစုစည်းနိုင်ခဲ့ဘူး။ ကျောင်းသားတွေဟာ တနိုင်ငံလုံးကို ကိုယ်စားပြုမဲ့ ညီလာခံတခုကိုကျင်းပကြဖို့ ပြင်ဆင်ခဲ့ကြတယ်။ ထုံးစံအတိုင်း ဗကသ၊ မကသ ကွဲနေတော့ မန္တလေးမှာ ညီလာခံနှစ်ခုဖြစ်ခဲ့တယ်။ တခုက- မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ကျင်းပတဲ့ ဗကသ ညီလာခံ။ နောက်တခုက ကိုမောင်မောင်ဝမ်း၊ ကိုလတ်၊ တို့ ဦးစီးကျင်းပတဲ့ ရတနာဘုံမ္မိနယ်မြေ ကဉ္စနဆောင် ထဲက၊ မကသ ညီလာခံ။ ရန်ကုန် ဗကသ ကနေ တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ရန်မျိုးသိမ်း တို့ဖြစ်တယ်။ ကိုညိုထွန်း ကတော့ မန္တလေးမှာ ဗကသ ဖွဲ့စည်းဖို့အတွက် ဘုရားကြီး၊ မြတောင်၊ မစိုးရိမ် -- စတဲ့ ဘုန်းကြီးကျောင်းအစည်းအဝေးတွေမှာ ကတည်းက ကျောက်ချ ပါဝင်နေတော့တယ်။ အဲ့ဒီညီလာခံမှာ- ဗကက ( အထက်ဗမာပြည်) ဥက္ကဋ္ဌ က ကိုသန့်စင် ( ဆေးတက္ကသိုလ်) နဲ့ အပြိုင် ကျောင်းသားထုထောက်ခံတဲ့ခေါင်းဆောင်က ကိုထွန်းအောင်ကျော်။ သူကလည်း လူချစ်လူခင်များတယ်။ ၁၉၈၉ ဗကသ ညီလာခံကို ရော်နယ်အောင်နိုင် ( အနကလ)၊ ကိုစိုးလင်း ( အနကလ) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ လူထုဒေါ်အမာ၊ MA ဒေါ်အုံး၊ ဒေါ်ကြည်ကြည် ( သခင်ဇင့် မိန်းမ) တို့လို နာမည်ကြီး မျိုးချစ် ပုဂ္ဂိုလ်တွေအပြင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ တက်ရောက်ခဲ့ကြတယ်။ ဒီညီလာခံထဲမှာ ဗိုလ်ကြီးမြင့်ဦးရဲ့ စစ်ထောက်လှမ်းရေးတွေကလည်း တရားဝင်တက်ရောက် သတင်းယူခဲ့ကြတယ်။ အဲ့ဒီတုံးက ကိုထွန်းအောင်ကျော်ဘေးမှာ တိုးတိုးတိတ်တိတ် နဲ့ အကြံပေးလိုက် လုပ်နေတာ ရော်နယ်အောင်နိုင် ပဲ မဟုတ်လား။ တကယ်တော့ ရော်နယ်အောင်နိုင်၊ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း ဆိုတာ ညီလာခံမှာ တတွဲတည်းထိုင်ခဲ့တဲ့ သူငယ်ချင်တွေမဟုတ်လား။ ကဲ-- ဗကသခေါင်းဆောင်တယောက်ဟာ ထောက်လှမ်းရေးဖြစ်လို့ ခေါင်းဖြတ်သတ်လိုက်ပါတယ် ဆိုတဲ့ အခိုင်အမာဝန်ခံချက်တွေကို မန္တလေးသားတွေကို ရှင်းပြပေးသင့်တာပေါ့။ မန္တလေးသားတွေကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမယ်ဆိုတာတော့ ယုံကြည်စေချင်ပါတယ်။ အချက်အလက်တွေ များနေမှာမို့ တတိယပိုင်း ကို ဒီမှာပဲ ရပ်လိုက်ပါမယ်။ စတုတ္ထပိုင်းမှာ “ နန်းအောင်ထွေးကြည်” ရဲ့ အစီရင်ခံစာတွေ ကို သူမရဲ့ မူရင်းလက်ရေးနဲ့အတူ တင်ပြပေးပါမယ်။
Read more »

ကြိုး


The_ROPE from Minn_Thaik on Vimeo.

(*ရန်ကုန် လူနေမှု စနစ်သစ်အကြောင်း ရိုက်ကူးထားသော
လွတ်လပ်ရုပ်ရှင် ... THE ART of FREEDOM FILM FESTIVAL 2012)
Read more »

Wednesday, 28 December 2011

ကျွန်တော် မှတ်မိသမျှ ကိုမောင်မောင်ကြွယ် (အပိုင်း-၁)

အခြေခံပညာကျောင်းသားများ သမဂ္ဂ (BESU) အဖွဲ့ဝင်၊
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာ ကျောင်းသား
သမဂ္ဂကို ၁၉၈၈- ၈၉ ခုနှစ် စတင်ထူထောင်ရာတွင် ဦးဆောင်
ခဲ့သော ကျောင်းသားငယ်လှုပ်ရှားမှု ခေါင်းဆောင် ကိုမောင်မောင်ကြွယ်
တစ်ယောက် ကချင်ပြည်နယ် အခြေစိုက် ABSDF (မြောက်ပိုင်း)
ပါဂျောင် တပ်စခန်းတွင် ၁၉၉၂ ခုနှစ် ဖေဖ်ါဝါရီလ (၁၂)ရက်နေ့
တွင် ကျဆုံး (စွပ်စွဲ သတ်ဖြတ်ခြင်းခံရ) ခဲ့သည်မှာ ယခုအခါ
နှစ်ပေါင်း(၂၀) ပြည့်ဖို့ မဝေးတော့ပါ။


အရပ် မနိမ့်မမြင့်၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်၊ မျက်နှာပုံစံအားဖြင့်
ဖ.ဆ.ပ.လ ခေတ် နိုင်ငံတော် ဒုတိယ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်
ခဲ့သူ ဦးကျော်ငြိမ်းနှင့် အင်မတန် ဆင်တူသူ ဖြစ်ပါတယ်၊ ထိုကြောင့်
ဒေါ်ချိုချိုကျော်ငြိမ်းက ကိုမောင်မောင်ကြွယ်ကို သူ့ မွေးစားသား
ပမာ အင်မတန် ခင်မင်ရင်းနှီးကြောင်း ပြောစမှတ် ရှိပါတယ်၊ ကွယ်လွန်
သူ ကိုမောင်မောင်ကြွယ်နှင့် ဒီစာကို ရေးတဲ့ ကျနော်ဟာ ဟိုးလွန်ခဲ့တဲ့
၁၉၈၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင် ခင်မင်ရင်းနှီးခဲ့ကြပါတယ်၊ အုတ်လမ်း
NLD ရန်ကုန်တိုင်းရုံးနှင့် ခြံချင်း ကပ်လျပ်ရှိသော ဒေါ်ချိုတို့ ခြံထဲဆီ
ကျနော် ရောက်ခဲ့သော အကြောင်းကိစ္စမှာ အခြေခံပညာ ကျောင်းသား
သမဂ္ဂ အစည်းအဝေးပွဲများ ဖြစ်ပါတယ်၊ အုတ်လမ်း NLD ရန်ကုန်တိုင်းရုံး
လို့ ကျနော် အဲလို ရေးလိုက်လို့ တစ်မျိုး မထင်ပါနဲ့၊ အဲဒီခေတ် ၁၉၈၉
ခုနှစ်က NLD ရဲ့ ရုံးချုပ်ဟာ တက္ကသိုလ်ရိပ်သာ လမ်းပေါ်မှာပဲ ရှိနေ
သေးပါတယ်၊ အုတ်လမ်းရုံးဟာ တိုင်းအဆင့် ရုံးဖြစ်တာမို့ တိုင်းရုံးလို့
ကျနော်တို့ ခေါ်ကြတာပါ၊ ဒေါ်ချိုတို့ ခြံထဲက အိမ်နဲ့ ကပ်လျပ်မှာ ကား
ဂိုဒေါင်ရှိပါတယ်၊ ကားဂိုဒေါင်ရဲ့ အတွင်းဖက် အပေါ်တစ်နေရာမှာ
ထပ်ခိုးပုံစံ ပြုလုပ်ထားပြီး ခေတ်အဆက်ဆက် ထုတ်ဝေခဲ့တဲ့ သတင်းစာ
အဟောင်းတွေကို နှစ်အလိုက် ထုတ်ပိုးပြီး သိမ်းဆည်းထားပါတယ်။

အဲဒီ ကားဂိုဒေါင်အတွင်း ပြုလုပ်ခဲ့ကြတဲ့ ကျောင်းသားငယ် လှုပ်ရှားမှု
အ.က.သရဲ့ အစည်းအဝေးပွဲတွေမှာ ကျနော့် မျက်လုံးဟာ အဲဒီ
သတင်းစာထုတ်တွေဆီပဲ ရောက်နေလေ့ရှိပါတယ်၊ မောင်မောင်ကြွယ်အား
ရယ်စရာ မောစရာအဖြစ် ကျနော် ပြောလေ့ရှိတာက …
`မောင်မောင်ကြွယ်၊ မင်းအမေ ဒေါ်ချိုကို ပြောကြည့်ပါလား၊ ဒီဂိုဒေါင်ကြီး
ကို ငါတို့ သန့်ရှင်းရေး လုပ်ပေးမယ်လို့၊ ဒီသတင်းစာ စက္ကူအဟောင်း
တွေကို ပစ္စည်းအဟောင်းတို့ သတင်းစာစက္ကူ အဟောင်းတို့ကို ပိဿချိန်နဲ့
လိုက်ဝယ်တဲ့ ကုလားတွေဆီ ရောင်းစားလိုက်ရင် ပိုက်ဆံ တော်တော်
ရမယ် သူငယ်ချင်း၊ ငါတို့ အ.က.သ အတွက်လည်း ရန်ပုံငွေ ရတာပေါ့ …´

အဲဒီအချိန်က ကျနော် မှတ်မိသလောက် ဒေါ်ချိုချိုကျော်ငြိမ်းတို့ အိမ်
မှာ စက်ဘီးတစ်စီး ရှိပါတယ်၊ အဲဒီစက်ဘီးဖြင့် မောင်မောင်ကြွယ်ဟာ
တခါတရံ ကိုကိုလတ် (အ.က.သ G.S၊ ယခုအခါ ဂျပန်နိုင်ငံတွင် နေထိုင်
သူ)၊ တခါတရံတွင် တွတ်ပီ (အ.က.သ ညီလာခံက ဥက္ကဋ္ဌအဖြစ် ရွေး
ချယ်ခံရဖူးသူ)၊ တခါတရံတွင် ညီညီလှိုင် (ယခု ထိုင်းနိုင်ငံ)တို့နှင့်အတူ
ဗဟန်း ရေတာရှည်လမ်းဖက်တွင် နေထိုင်သော သူ စိတ်ဝင်စားနေသည့်
ကျောင်းသူလေး အိမ်ဖက်သို့ ညနေခင်းတချို့မှာ လူငယ်တို့ သဘာဝ
လူပျိုလည်လေ့ရှိပါတယ်၊ ကျနော် မှတ်မိသလောက် မောင်မောင်ကြွယ်
ဟာ အပြင်ထွက်ရင် ဦးထုပ်တွင် `နှိပ်စိ´ တပ်ထားသော ဦးထုပ်ကို
ဆောင်းလေ့ရှိပါတယ်။

ပျောက်ကြားသပိတ် တိုက်ပွဲများနှင့် မောင်မောင်ကြွယ်

၁၉၈၉ ခုနှစ် ရန်ကုန် သိမ်းကြီးဈေး၊ သံဈေးသပိတ် လှုပ်ရှားမှုများ
အတွင်း မောင်မောင်ကြွယ်ဟာ ထိုလှုပ်ရှားမှုများအတွင်း ပါဝင်ကြတဲ့
အ.က.သ ကျောင်းသားတွေကို စည်းရုံးရာမှာ တာဝန်ယူရတဲ့
စည်းအဖွဲ့ဝင် တစ်ဦးပါ၊ (ကျနော် မှတ်မိသလောက် သိမ်းကြီးဈေး
သံဈေးသပိတ်ခေတ် လှုပ်ရှားမှုတွေမှာ အ.က.သ တဖွဲ့တည်း
မဟုတ်ပါဘူး၊ တခြား ကျောင်းသားသမဂ္ဂတွေ၊ တပ်ဦးလူငယ်
အဖွဲ့တွေနဲ့ လက်တွဲပြီး အလုပ် လုပ်ရပါတယ်)။
(ဒီအကြောင်း ယခင်က ဒီနေရာမှာ ရေးထားပါတယ်။)

တံတားနီ တစ်နှစ်ပြည့် (၁၉၈၉ ခုနှစ်၊ မတ်လ ၁၆) ...
တံတားနီ တစ်နှစ်ပြည့် အခမ်းအနားအတွက် အ.က.သ ဗဟိုက
ထုံးသုတ်ထားတဲ့ ကန်ဘောင်ရိုးလမ်းတွေပေါ် ဆေးအနီရောင်တွေ
လောင်းချဖို့ အစီအစဉ်တွေ ရေးဆွဲခဲ့ပါတယ်၊ ဆေးလောင်းချတဲ့
အလုပ်ကို လုပ်ရတဲ့ ကျောင်းသား အရေအတွက်ဟာ ကျနော် မှတ်မိ
သလောက် လူ(၂၀)လောက်ရှိပါတယ်၊ လှုပ်ရှားမှုကို နံဘေးက စောင့်
ကြည့်ပေးရတဲ့ အပြင်စည်းအဖြစ် (၁၀)ယောက်နီးပါး တာဝန် ယူခဲ့ကြ
ပါတယ်၊ မောင်မောင်ကြွယ်ဟာ အဲဒီလှုပ်ရှားမှုအတွင်း အတွင်းစည်း
ဒုတာဝန်ခံအဖြစ် ဆေးအနီရောင်တွေ လိုက်လောင်းချ ပက်ကျဲခဲ့တဲ့
ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း ဆန္ဒပြပွဲ (၂၅.၃.၁၉၈၉)နေ့ ….
အဲဒီအချိန်က မြန်မာ့ဒီမိုကရေစီအရေး အရေးတော်ပုံကြီးရဲ့
ကြွေးကျော်သံဟာ `စစ်အစိုးရ ကျဆုံးရေး၊ ကြားဖြတ်အစိုးရ
ဖွဲ့စည်းရေး´ ဖြစ်ပါတယ်၊ ခုချိန်ခါ ဘာကြောင့် အဲဒီအချိန်က
တက္ကသိုလ်ရိပ်သာလမ်းပေါ် ဆန္ဒပြခဲ့ကြသလဲလို့ မေးခွန်း
မေးခဲ့ရင် ဖြေဖို့ အခက်အခဲရှိပါတယ်၊ အဲဒီအချိန်က အဲဒီ
လုပ်ရပ်အတွက် မေးခွန်းများ မရှိခဲ့ပါဘူး၊ ပထမဆုံး ဆန္ဒပွဲပြ
သတ်မှတ်ဖို့ အ.က.သမှာ ဆုံးဖြတ်ခဲ့တဲ့ ရက်စွဲဟာ (၂၅.၃.၁၉၈၉)
နေ့ မဟုတ်ပါဘူး၊ အဲဒီမတိုင်ခင် (၂၄.၃.၁၉၈၉)နေ့ ဖြစ်ပါတယ်၊
ညနေပိုင်းမှာ ကျနော်တို့ အ.က.သက ကျောင်းသားတွေ (၃၀)နီးပါး
အဲဒီ ပတ်ဝန်းကျင် ရောက်သွားကြပါတယ်၊ တက္ကသိုလ်ရိပ်သာလမ်း
NLD ရုံးချုပ်ရဲ့ တစ်ဖက် ကားလမ်းနံဘေးက ကုန်းမြင့်တွေပေါ်
မှာ ကျနော်တို့ အုပ်စုလိုက် အချိန်တော်တော်ကြာ စောင့်နေ
ခဲ့ကြပါတယ်၊ (၂၄.၃.၁၉၈၉)နေ့မှာ အခြေအနေ သိပ်မကောင်းလို့
မနက်ဖြန် (၂၅.၃.၁၉၈၉)နေ့ ရွှေ့မယ်လို့ (ကို)မင်းဇင်က ကျနော်
တို့ကို ပြောပြပါတယ်၊ အဲဒီနေရာကနေ တာမွေမြို့နယ်မှာ ရှိတဲ့
(ကို)မင်းဇင်တို့ အိမ်ဆီ ကျနော်နဲ့ မောင်မောင်ကြွယ် အပါအ၀င်
အ.က.သ ကျောင်းသား (၁၀)ဦးနီးပါး လိုက်ပါသွားပြီး (၂၅)ရက်
နေ့ အစီအစဉ်တွေအတွက် (ကို)မင်းဇင်တို့ နေအိမ် အောက်ထပ်
က ဆရာဦးမြသန်းရဲ့ ကျူရှင်ခန်းထဲမှာ ထပ်မံပြီး ဆွေးနွေးခဲ့
ကြပါတယ်၊ (၂၅.၃.၁၉၈၉) နေ့ ကျနော်တို့ အုပ်စုလိုက် ကမ္ဘာအေး
ဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း မီးပွိုင့်ကနေ စပြီး ချီတက်
ခဲ့ပါတယ်၊ NLD ရုံးချုပ်အကျော် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့
မရောက်ခင် အ.မ.က ကျောင်းရှေ့အရောက်မှာ မျက်နှာချင်းဆိုင်
ဖက်က စစ်ကားတွေ ရောက်လာပါတယ်၊ သွပ်ဆူးကြိုးတွေ ပတ်ထား
တဲ့ ၀ါးရင်းတုတ်နဲ့ လိုက်ရိုက်ပါတော့တယ်၊ အဲဒါနဲ့ ကျနော်တို့
အားလုံး ဒေါ်စုခြံထဲကို ၀င်ပြေးခဲ့ကြပါတယ်၊ ခြံထဲရောက်တော့
အဲဒီအချိန်က ဒေါ်စုခြံ ၀င်ကာစမှာ `၀ါးရုံတဲကြီး´ ရှိပါတယ်၊
အဲဒီနေရာမှာ NLD ဗဟိုလူငယ်ရုံး ရှိပါတယ်၊ အဲဒီအချိန်က NLD
ဗဟိုလူငယ်ရဲ့ တာဝန်ခံဟာ ကိုစိုးသိမ်း ဖြစ်ပါတယ်၊ (ကို)မင်းဇင်နဲ့
(ကို)မင်းနိုင်တို့ကို ကိုစိုးသိမ်း ဆူနေတဲ့ အချိန်မှာ မောင်မောင်ကြွယ်
အပါအ၀င် ကျနော်တို့ အားလုံး အဲဒီ ၀ါးရုံတဲကြီးထဲမှာ ရှိနေ
ကြပါတယ် ….။

မိုးကောင်းဘုရား ကားမှတ်တိုင် လှုပ်ရှားမှု (၂၇.၃.၁၉၈၉) ….
မိုးကောင်းဘုရား ကားမှတ်တိုင် သပိတ်တိုက်ပွဲ ဆင်နွှဲမှုဟာ
စစ်အာဏာရှင်လက်ထက် ထင်ရှားတဲ့ သမိုင်းဖြစ်စဉ်တစ်ခု
ဖြစ်ပါတယ်၊ သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲ ခံခဲ့ရတဲ့ ဖြစ်စဉ်
တစ်ခုဖြစ်ပါတယ်၊ ဒီလှုပ်ရှားမှုမှာ အ.က.သ ဗဟိုက CEC တွေ
ကိုယ်တိုင် ဦးဆောင်ပါဝင်ကြပါတယ်၊ မိုးကောင်းဘုရား ကား
မှတ်တိုင်ကနေ လူစုကွဲလာတဲ့ ကျောင်းသားအုပ်စုကို ထပ်မံ
စုစည်းပြီး ဦးနုရဲ့ ဒီ/ငြိမ်း ပါတီ (ဗဟန်း၊ ၀င်္ကဘာလမ်းရှိ၊ ဒီမို
ကရေစီနှင့် ငြိမ်းချမ်းရေး ဌာနချုပ်) ရုံးဆီ ဦးဆောင်ခဲ့တဲ့သူတွေ
ထဲမှာ မောင်မောင်ကြွယ်လည်း တစ်ဦး အပါအ၀င် ဖြစ်ပါတယ်...
ဒီလှုပ်ရှားမှု အကြောင်းကို ယခင်က ကျနော့်စာမျက်နှာမှာ
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃) … တို့ကို ရေးထားတာ ရှိပါတယ်။

အ.က.သ ခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခဲ့တဲ့
သုံးနှစ်ပြည့် အမှတ်တရ ပို့စ်မှာလည်း `မောင်မောင်ကြွယ်´
အကြောင်း ကျနော် တစွန်းတစ ရေးခဲ့ဖူးပါတယ် ...။

(အပိုင်း(၂)တွင် ဆက်လက်ဖော်ပြပါမယ် ...။)

-စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ စာရေးသူရဲ့ အမည်အရင်းက အောင်ခင်မြင့် ဖြစ်ပါ
တယ်၊ ဘလော့ပေါ်မှာ `စစ်ငြိမ်းဒီရေ´ အမည်နဲ့ စာရေးပါတယ်၊
ဘလော့ဂါ အများစုက ကိုအောင်(ပျူနိုင်ငံ)လို့ ခေါ်ကြပါတယ်၊
၁၉၈၈- ၈၉ -၉၀ ခုနှစ်များအတွင်း အခြေခံပညာကျောင်းသားများ
သမဂ္ဂ (BESU) ရဲ့ အဖွဲ့ဝင် ကျောင်းသားအဖြစ် တာဝန် ထမ်းဆောင်
ခဲ့ပါတယ်၊ လက်ရှိ ဒိန်းမတ်နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည်
တစ်ဦးပါ။)
Read more »

Sunday, 25 December 2011

တခါက ဒီဇင်ဘာပိတ်ရက်များ

လွန်ခဲ့သော သုံးနှစ်ခန့်က သူ၏ ခရစ်စမတ်ပိတ်ရက်
များထဲတွင် ထူးထူးခြားခြား အဖြစ်အပျက်တချို့ ရှိခဲ့ဖူးသည်၊
တကယ်တော့ ခရစ်စမတ်ပွဲတော်မှ နှစ်သစ်ကူး ပွဲတော်
အထိ ပျော်ရွှင်စရာကောင်းသော ပွဲတော်ရက်များကို သူ
ဘယ်တော့မျှ လက်လွတ်မခံခဲ့၊ အမိ မြန်မာပြည်၌ နေထိုင်
ခဲ့သော ကာလများတွင်လည်း ဤပိတ်ရက်များတွင်
ပျော်ရွှင်ဖွယ်ကောင်းသော အဖြစ်အပျက်များထဲ၌ အချိန်ပြည့်
သူ ရှင်သန်ခဲ့သည် ...


သခင်ယေရှုအား ယုံကြည်သည့် သူ့ဖခင်နှင့် ဖခင်ဖက်မှ
ဆွေမျိုးမိတ်သင်္ဂဟများက ဤကာလ ညဥ့်နက်ပိုင်းများတွင်
ကျေးဇူးတော်ကို ချီးမွမ်းသော တေးသံသာများဖြင့် သူတို့
အိမ်ထံ သယ်ဆောင်လာခဲ့သော သူ၏ ငယ်စဉ်ဘ၀သည်
ပျော်ရွှင်ဖွယ်ရာ ….

**** … `အသဲနှလုံးတံဆိပ် ရိုက်နှိပ်ထားတဲ့ ကိတ်မှန့်
အနီရောင်ကို လူစုံချိန်မှာ ရွှေဓါးလေးနဲ့ မင်း တအားလှီးခဲ့
တာ … အားလုံးက လက်ခုပ်တီးတာ ငါအတွက် စိုးရိမ်းစရာ …
ဟု သီဆိုသော အဆိုတော် ကိုင်ဇာ၏ တေးသံများက သူ့နား
ထဲတွင် ဟောင်းနွမ်းမသွားခဲ့ … အပြစ်ရှိသူ … ကျူးလွန်သူတို့
ကိုယ်စား ပေးဆပ်ရဲသော သခင်၏ မွေးနေ့ပွဲတော် ကာလတွင်
ပျော်ရွှင်စရာများအပ မည်သည့်အရာမျှ မကြီးစိုးနိုင် …. ****

လွန်ခဲ့သော သုံးနှစ်ခန့်က သူနှင့် သူ့အလုပ်မှ မန်နေဂျာတို့သည်
ဤ ခရစ်စမတ်ပိတ်ရက်များထဲတွင် ထူးထူးဆန်းဆန်း အဖြစ်အပျက်
တစ်ခုကို ကြုံတွေ့ ဖြတ်သန်းခဲ့ဖူးသည်၊ ဤပိတ်ရက်များအတွင်း
အလုပ်၊ ကျောင်းများနှင့် ဈေးဆိုင်များက ဆက်တိုက် ပိတ်ထား
လေ့ရှိသောကြောင့် အိမ်သုံး ပစ္စည်းတစ်ခုခု အရေးပေါ် လိုအပ်ပါက
လွယ်လွယ်ကူကူ မရရှိနိုင်၊ သူတို့ အလုပ်ထဲမှ သူ့မိတ်ဆွေ မန်နေဂျာ
၏ ခေါ်ဆောင်မှုကြောင့် သူ နေထိုင်ရာမြို့မှ ကီလိုမီတာ ၁၀၀ ၀န်းကျင်
ခန့်ဝေးသော တောမြို့လေး တစ်မြို့၏ စားသောက်ကုန် ပစ္စည်း
များ သိုလှောင်ထားရာ ဂိုဒေါင်သို့ သူတို့ နှစ်ဦး သွားရောက်ခဲ့ကြ
သည်၊ အိမ်မှ သူတို့ စတင်ထွက်လာစဉ်က ညနေ (၃)ခန့်၊ သို့သော်
ဥရောပ မြောက်ဖျားနိုင်ငံများ၏ ဒီဇင်ဘာ ညနေခင်းများက အလင်း
ရောင် လုံးဝမရှိ၊ သူတို့လိုချင်သော အိမ်သုံး ကုန်ပစ္စည်းများကို
ရောင်းချပေးဖို့ သဘောတူထားသော နေရာက လမ်းကြောင်း
ပြ မြေပုံ G.P.S တွင် လုံးဝ မပြ၊ ထိုကြောင့် G.P.S ထဲတွင်
ထိုလမ်းအမည်နှင့် တခြား အိမ်အမှတ်တစ်ခုကို ထည့်ရိုက်ပြီး
မှန်းဆမှုဖြင့် ကားမောင်းခဲ့ကြသည် ….

အချိန်တစ်နာရီစွန်းစွန်း ကားမောင်းနှင်းအပြီး ထိုတောမြို့လေး
ဆီ သူတို့နှစ်ဦး ရောက်သွားခဲ့ကြသည်၊ ဖျော့တော့တော့ ထွန်းညှိ
ထားသော မီးအိမ်ငယ်များ ချိတ်ဆွဲထားသည့် အိမ်ငယ်လေးများ
ပြည့်နှက်နေသော ထိုတောမြို့လေး၊ သူတို့နှစ်ဦး မောင်းနှင်း
လာသော ကားမီးရောင်ကို မသိကျေးကျွန်ပြုနိုင်သော ခြံဝန်းတချို့
ဆီမှ ခွေးဟောင်သံများ၊ ကွဲကွာနေသော မိသားစုဝင်များဖြင့် ပြန်
လည် ဆုံစည်းမှု ညစား စားပွဲများဖြင့် ပြည့်နှက်နေသော ထိုတောမြို့
လေးထဲတွင် သူတို့ကားကို လှည့်ပတ် မောင်းနှင်ရင်း သွားရမည့်
လိပ်စာကို မည်သို့ စုံစမ်းရမှန်း သူတို့နှစ်ဦးသား အဖြေရှာမတွေ့ …

အိမ်တစ်အိမ်ရှေ့ ကားထိုးရပ်ပြီး လူခေါ် ခေါင်းလောင်းကို နှိပ်လိုက်
သည့်အခါ တစုံတယောက်ကို အမျှော်လင့်ကြီး မျှော်လင့်နေသည့်
မျှော်လင့်ချက်များဖြင့် အိမ်တံခါးကို ရုတ်တရက် ဆွဲဖွင့်လိုက်သော
တုန်တုန်ရီရီဖြစ်နေသည့် အဖွားအိုတစ်ဦး …
`အမေ၊ ကျနော်တို့ ဒီမြို့က မဟုတ်ပါဘူး၊ ဒီမြို့က လိပ်စာတစ်ခုဆီ
သွားချင်လို့ပါ၊ အမေ့ကို အနှောက်အယှက် ပေးသလို ဖြစ်သွားခဲ့ရင်
ကျနော်တို့ကို ခွင့်လွှတ်ပါနော် … ´

သူတို့နူတ်ဖျားက အမေ ဟူသော ခေါ်ဝေါ်မှုကြောင့် မျက်ဝန်းထဲ
မျက်ရည်များ ပြည့်နှက်သွားသော ထိုအဖွားအိုက သူတို့ ပြသသော
စာရွက်ပေါ်က လိပ်စာကို ဖတ်ရင်း …
`သားတို့၊ ဒီလမ်းအတိုင်း တည့်တည့်သွား … ပြီးရင် ဘယ်ချိုး၊ လမ်းဆုံ
ရောက်ရင် ညာဖက်ကို ပြန်ကွေ့၊ အဲဒီလမ်းမကြီးအတိုင်း မောင်းသွားလို့
သစ်တောအုပ်တစ်ခုကို တွေ့ရင် အဲဒီသစ်တော အစွန်းက အတွင်း
ထဲ ၀င်ရမယ့် လမ်းသွယ်လေး တစ်ခု တွေ့လိမ့်မယ်၊ အဲဒီလမ်းထဲ
ဝင်လိုက်၊ လမ်းထိပ်မှာ အိမ်တစ်ဆောင် ရှိတယ်၊ အဲဒီအိမ် မဟုတ်ဘူး၊
လမ်းသွယ်လေးရဲ့ နောက်ဆုံးမှာ တွေ့ရမယ့် အဆောက်အအုံက
လူလေးတို့ သွားချင်တဲ့ အိမ်လိပ်စာ … ´

ကျေးဇူးတင်ပါသည်ဟူသော စကားလုံးများ၊ ပျော်ရွှင်ဖွယ်ကောင်း
သော ခရစ်စမတ်နှင့် နှစ်သစ်ကူး အခါသမယ ဖြစ်ပါစေလို့
ဆုတောင်းစကားများကို အဖွားအိုအား လက်ဆောင်ပေးရင်း
သူတို့ ကျောခိုင်းထွက်ခွာခဲ့ကြ၊ တိုးညှင်းစွာ ပိတ်သွားသည့်
တံခါး၏ အခြားတစ်ဖက်တွင် အဖွားအိုသည် အမှန်တကယ်
ပျော်ရွှင်နေသလော … သူမ၏ မျက်ဝန်းအိမ်ထဲမှ မျှော်လင့်ခြင်း
ဖြင့် ပြည့်နှက်နေသော မျက်ရည်စများရော တစုံတယောက်
အတွက် ဆက်လက် သိုမှီသိမ်းဆည်းထားသလော … သူတို့နှစ်ဦး
မသိနိုင်ခဲ့ …

အဖွားအို ပြောလိုက်သည့် လိပ်စာအတိုင်း လမ်းမကြီးပေါ်က
တောအုပ်တစ်ခုကို ကျော်ကာစ လမ်းသွယ်လေးတစ်ခု၊ လမ်းထဲ
ဝင်ကာစ လမ်းထိပ်တွင် ရှိသော အိမ်ကြီးကို ကြည့်ရင်း သူတို့
နှစ်ဦး အနည်းငယ် ပျော်ရွှင်သွားသလို၊ ခရစ်စမတ် သစ်ပင်နံဘေး
တွင် ဆော့ကစား ပြေးလွှားနေသော ခြံဝန်းထဲက ကလေးငယ်
နှစ်ဦး၊ ရုတ်တရက် သူ့နံဘေးတွင် ကားမောင်းလာသော သူ့
မိတ်ဆွေက ကားကို ထိုခြံနံဘေးတွင် ထိုးရပ်ရင်း ခြံထဲက
ကလေးငယ်များကို သူတို့သွားရမည့် လိပ်စာကို မေးမြန်း
ဖို့ ကြံရွယ်လိုက်ပုံရသည်၊ ရုတ်တရက် ထိုးရပ်လိုက်တဲ့ သူတို့
ကားကို ကြည့်ရင်း ကလေးငယ်နှစ်ဦး သူတို့ အိမ်ထဲ ပြေးဝင်
သွားသည်၊ သူ့မိတ်ဆွေလည်း ထိုအိမ်ထဲသို့ ၀င်ရောက်သွား
သည်၊ သူကတော့ ကား ကတ်ဆတ်မှ ခရစ်စမတ် တေးသံများ
ကို နားထောင်ရင်းဖြင့် ကားပေါ်တွင် ကျန်ရစ်ခဲ့ပါသည် …

ဆယ်မိနစ် … ဆယ့်ငါးမိနစ် … မိနစ်နှစ်ဆယ်ခန့် ကြာသည့်
အထိ သူ့မိတ်ဆွေ ထိုအိမ်ထဲမှ ထွက်မလာသေး …
သူ လုံးဝ စိတ်မရှည်တော့ပါ၊ ဖုန်းခေါ်ကြည့်တော့ ဖုန်းမကိုင်၊
ကားဟွန်းကို ခပ်ဆတ်ဆတ်လေး ဆက်တိုက်တီးလိုက်တော့
ခပ်ကျဲကျဲ ခြေလှမ်းများဖြင့် ထိုအိမ်ထဲမှ ပြေးထွက်လာ
သည် … `ခင်ဗျားကလည်း ကြာလိုက်တာဗျာ၊ သူတို့က
ခင်ဗျား အသိတွေလား … ´ဟု သူက ပြောလိုက်တော့ သူ့မိတ်ဆွေ
က ဘာမျှ မတုန့်ပြန်၊ ထိုလမ်းအတိုင်း သူတို့ နှစ်ဦး ကားဆက်
မောင်းသွားတော့ လမ်းအဆုံးတွင် ဈေးဝယ်ဖို့ ချိန်းဆိုထားသည့်
လူသုံးကုန်ပစ္စည်းများရှိရာ ဂိုဒေါင်သို့ ရောက်သွားခဲ့ကြသည်၊
သူ့မိတ်ဆွေနှင့် ထိုဂိုဒေါင် ပိုင်ရှင်တို့ အတန်ကြာအောင် စကား
ပြောနေသည်ကို တွေ့ရသည်၊ ဘာတွေ ပြောနေသည်ကို သူ
မသိပါ၊ သူတို့ အလိုရှိသော ပစ္စည်းတချို့ကို ၀ယ်ယူအပြီး ထိုလမ်း
အတိုင်း ပြန်လည် ထွက်ခွာလာခဲ့သည် …

လမ်းသွယ်လေးထိပ်ကို သူတို့ကားရောက်တော့ လမ်းမကြီးပေါ်
ချိုးကွေ့ဖို့ အတန်ကြာအောင် စောင့်နေရသည်၊ တ၀ီဝီ ဖြင့်
ဖြတ်သန်းမောင်းနှင်းနေသော ကားတန်းရှည်ကို သူတို့ စောင့်နေ
ရသေးသည်၊ ထိုအချိန်တွင် လမ်းသွယ်လေးထိပ်ရှိ စောစောက
ကလေးငယ်လေးနှစ်ဦး ပြေးဝင်သွားသော အိမ်ကို သူ လှမ်းကြည့်
မိသည်၊ သူ မြင်တွေ့လိုက်ရသော မြင်ကွင်းကို မယုံချင်လောက်
အောင် ဖြစ်သွားသည်၊ စောစောက ခရစ်စမတ်သစ်ပင်တွင် မီးရောင်
စုံ ထွန်းညှိပြီး တစ်အိမ်လုံး လှပ သပ်ရပ်နေသော ထိုအိမ်သည်
ယခု မိနစ်ပိုင်းအတွင်း မဲမှောင်တိတ်ဆိတ်ပြီး အရာရာကို သူ
မဟုတ်သလို အမှောင်ထဲတွင် အထီးကျန်နေသည်၊ ရုတ်တရက်
ခပ်ဝေးဝေး တစ်နေရာမှ ကားမီးကြီးထိုးပြီး မောင်းနှင်းလာသော
ကားမီးရောင်အောက်တွင် ထိုအိမ်ကို သူ သေသေချာချာ ကြည့်
မိလိုက်သည် ထိုအိမ်သည် စောစောက မြင်တွေ့ရသလို သစ်လွင်
တောက်ပနေသော အိမ်မျိုး မဟုတ်တော့ပဲ အရာရာ ပျက်ဆီး
ယိုယွင်းနေသော အိမ်အို အိမ်ဟောင်းကြီးတစ်ခု …

သူ့နံဘေးတွင် ကားမောင်းနေသော သူ့မိတ်ဆွေက လမ်းမကြီး
ထဲ ချိုးဝင်ဖို့ ဟန်အပြင်မှာ သူ့နူတ်ဖျားက … `ဂျွန် .. ခဏလေး
… ဒီအိမ်က ဘယ်လို ဖြစ်သွားသလဲ၊ ကျနော်တို့ အလာတုန်း
က ဒီပုံစံမျိုး မဟုတ်ပါဘူး ...´

သူ့မိတ်ဆွေက လမ်းမကြီးပေါ် ချိုးကွေ့လို့ ဆက်မောင်းရင်း …
`မေ့လိုက်ပါကွာ၊ ငါတို့ရဲ့ အမြင်တွေ မှားယွင်းသွားတယ်လို့
သဘောထားလိုက်ပါ၊ ခုနက အဲဒီအိမ်ထဲ ငါ ရောက်သွားတယ်၊
ငါ့ရှေ့က ပြေးဝင်သွားတယ်လို့ မြင်လိုက်တဲ့ ကလေးနှစ်ယောက်
ကို အစအနတောင် အိမ်ထဲမှာ မမြင်ရဘူး၊ ပထမ အိမ်ပေါက်ဝ
ကနေ ခေါ်ကြည့်တယ်၊ ဘာသံမှ ပြန်မထူးတာနဲ့ အိမ်ထဲဝင်ပြီး
ခေါ်ကြည့်တယ်၊ အဲဒီအိမ်ထဲမှာ ဘယ်သူမှ မရှိဘူး ….
ပစ္စည်းရောင်းတဲ့ ဂိုဒေါင်က အဖိုးကြီးကို မေးကြည့်တော့
ဒီကာလရောက်တိုင်း ဒီအိမ်နံဘေးက ဖြတ်သွားရင် အဲလို
ထူးထူးဆန်းဆန်းတွေ တွေ့ရတယ်လို့ ပြောတယ် …

…... …. ….
၂၀၁၁ ခုနှစ် …

ယခု ခရစ်စမတ် ပိတ်ရက် ညနေခင်းများတွင် အတိုးချ အနားယူ
မည်ဟု ရည်ရွယ်ချက်ဖြင့် TV ရုပ်မြင်သံကြား ရှေ့တွင် ကျကျနန
သူ နေရာယူလိုက်သည်၊ ရုတ်တရက် သူ့ဇနီးသည်ထံမှ …
`အကိုရေ … အိမ်အတွက် ပစ္စည်းနည်းနည်း ၀ယ်ချင်လို့၊ ဒီအချိန်
ဈေးဝယ်လို့ရသေးတဲ့ အသိ ဈေးရောင်းတဲ့ လိပ်စာများရှိလား ...

-စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ ခင်မင်ရင်းနှီးသော ဘလော့ဂါ မရို့စ်
ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် (tag) တက်ပို့စ်အတွက်
ကျေနပ်မည်ဟု ထင်ပါသည် … )
Read more »

Saturday, 24 December 2011

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၂)

ရေးသူ- (ကို) အောင်မိုးဝင်း

ယခင်အပိုင်း(၁)မှ အဆက် …

ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ
ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။
“တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့
လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခရဲ့
မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်း
ရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊
ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့
ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ
တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။
သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေ
လောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ
အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။


မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀)
ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ
ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွား
ပြီး “ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။
သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်
မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက
သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံး
သွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်)
တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်
မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာ
ဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့်
(၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့
ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်
မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်
(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေ
က သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။
“ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက
တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။

နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြော
ရရင် လှဆောင် ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်
နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ
မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်
ခဲ့သူ လို့ နာမည်ကြီးတာပဲ။ တွေ့ချင်ပါသေးတယ်ဗျာ။ ဒီလောက်
ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထား
သလဲ လို့ပါ။

(က)

ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့
ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို
အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသား
တပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်
ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက မိဘတွေနဲ့အတူ
နေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့
အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ
ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြ
တယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။
တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊
သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊
ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိ
အမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ
မပေးစေချင်ပါဘူး။ လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊
ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ
အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေ
ထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲ
ဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင်
ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို
လက်ခံစေချင်ပါ။ ရဲဘော်တွေက ရိုးသားချစ်စရာကောင်း
ပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့
ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို
အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့
ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊
ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်
အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊
ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသား
တွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင်
ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ မန္တလေး
ကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း)
ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။
ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာ
တွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။
အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ
ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။
ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်
ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။
မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို
စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့
မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့တယ်။
မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့
သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။

(ခ)

အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊
ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်
တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။
မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊
အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊
ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပ
ပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။
ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း
ဖြည့်ဆည်းပေးဖို့ အသင့်ပါ။
“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသား
ချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား” လို့ သံသယနဲ့ကောက်ချက်
ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါ
တယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု
ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ
တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်
အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။
လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ (စံနစ်တကျလေ့ကျင့်
သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူး
လား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။

(၁) ကျောင်းသားချင်းသတ်တာလား
(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို
သတ်တာလား
(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို
သတ်တာလား
ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင်
ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။

(ဂ)

ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှ
အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင်
အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာ
ကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက်
အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်
တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။
နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊
တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊
ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်
လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ
မတွေးခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊
ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က
မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်
သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စား
မူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊
ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေး
နေတာကိုတွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် (ဗကသ-အထက်
ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ)
က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေး
လာရပါတယ်။

မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃)
ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ (မပူပါနဲ့။
သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့
အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး
အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။
Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆)မှာပါတဲ့
Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကို
လည်း ဖတ်ကြရမှာပါ။) စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေ
မဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါး
တွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိ
ပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီး
ကြည့်ရအုံးမှာပါ။ တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊
သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေ
ကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား
လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုး
နေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့အကြောင်းသိချင်ရင်၊
ABSDF မိုးညှင်းအုပ်စုက RIT ကျောင်းသာတွေကို မေးကြည့်
လိုက်ပါ လို့ အကြံပေးချင်ပါတယ်။ မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့
သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင်
စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။ တခုတော့
သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF ( မြောက်ပိုင်း)
ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်
တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့
ဘယ်လိုနေမလဲ။

(ဃ)

ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်း
ကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်
ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်
ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့
တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော်
ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊
တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့
ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။
စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေး
ကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။
အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို
စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေး
လွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊
နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေ
ဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်
ခဲ့ရတော့တယ်။
“ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။
တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊
စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ
(၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေး
စိတ်ဖေါ်ပြထားပါတယ်။
ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက
ရတယ်လို့ ပြောချင်ပါသေးလား။
ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ
ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။


ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊
ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များ

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်
ခဲ့သူဖြစ်တယ်။ လှဆိုင်း (လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေ
နေတယ် လို့ သိရတယ်။
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်း
ရေးအဖြစ် ဖမ်းခံရပြန်တယ်)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်း
ရေးအဖြစ် ဖမ်းခံရပြန်တယ်)

ထောင်မှူးတာဝန်ခံများ

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)
ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)
တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့်
သေဒဏ်ချ သတ်ဖြတ်ခံရသည်)

ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား(၁၅) ယောက်အပြင်၊ စစ်ကြော
ရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့
ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့

(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာ
လဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်း
တခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့
ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ
အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။

“ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့
ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။
Read more »

Friday, 23 December 2011

ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင် ဗားဆလပ်ဟာဗဲလ်ရဲ့ ဈာပန အခမ်းအနား(ရုပ်သံ)

ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ဟာ မြန်မာ
နိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ရှေ့ဆုံးကနေ ထောက်ခံအားပေး
ကူညီခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါတယ် ...



Read more »

Wednesday, 21 December 2011

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၁)

ရေးသူ-(ကို)အောင်မိုးဝင်း

(က)
ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်
ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေ
အားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်
ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်း
တဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။
မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်)
ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်
တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို
အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော်
(မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီး
ချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်
လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့
သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။
ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊
ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်
မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့
ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံ
တွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာ
တွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။


လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။

တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့

သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။

(ခ)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။

တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။

(ဂ)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။

တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။ ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။

အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။

(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ

( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက

(၁) ကိုကျော်ဝေ ( မန္တလေး)

(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။

(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊

(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်

(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်

ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများ ရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။
Read more »

Monday, 19 December 2011

ကောင်းကင်ဘုံသွား ဗားဆလပ်ဟာဗဲလ်/ ဆင်ဆာ ထိသွားတဲ့ ကင်ဂျုံအီ (ရုပ်သံ)

အင်တာနက်ပေါ်မှာ ပရိတ်သတ် စိတ်ဝင်စားမှု အများ
ဆုံး ဖြစ်နေသော ရုပ်ရှင်ဆင်ဆာအဖွဲ့ ကို သရော်ထား
သည့် ဟာသဇာတ်လမ်းတို ….



မြန်မာ့ဒီမိုကရေစီအရေးကို ရှေ့တန်းမှ ကူညီအားပေး ထောက်ခံ
သူ၊ ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေး နိုဗယ်ဆု ပေးအပ်
ဖို့ အဆိုတင်သွင်းခဲ့သော ဗားဆလပ်ဟာဗဲလ် Vaclav Havel
အသက် (၇၅)နှစ်၊ ချက်နိုင်ငံ ဒီမိုကရေစီရရှိရေး ခေါင်းဆာင်၊
သမ္မတဟောင်း၊ အာဏာရှင် ကွန်မြူနစ်စနစ်ကို တွန်းလှန်ရာတွင်
ဦးဆောင်သူသည် ... (၁၈.၁၂.၂၀၁၁) တနင်္ဂနွေနေ့ နံနက်တွင်
ကွယ်လွန် အနိစ္စရောက် …



မြောက်ကိုရီးယားနိုင်ငံ ကွန်ုမြူနစ် ခေါင်းဆောင် ကင်ဂျုံအီ
ယနေ့ (၁၉.၁၂.၂၀၁၁) တနင်္လာနေ့တွင် ကွယ်လွန်သွားရာ
မြောက်ကိုရီးယား ပြည်သူလူထုသည် အမိန့်ပေးစနစ်အောက်
မှ စက်ရုပ်လူသားများ ဆန်ဆန် ငိုကြွေးနေကြ ….



-စစ်ငြိမ်းဒီရေ
Read more »

Saturday, 17 December 2011

တစ်သန်းပြည့်သွားတဲ့ ပျူနိုင်ငံ

`ပျူနိုင်ငံ´ ဘလော့ကို လာရောက်ကြည့်ရှုတဲ့
အကြိမ်အရေအတွက် Pageviews all time history
မှာ တစ်သန်းပြည့်သွားပါပြီ
View Blog> Stats> Overview> All time
မိမိဘလော့ကို လာရောက် ကြည့်ရှုတဲ့ အကြိမ်အရေအတွက်
အနေအထားကို မှန်မှန်ကန်ကန် စစ်ဆေးလို့ရအောင်
Google က စီစဉ်ပေးထားပါတယ် ….


၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲကာလက ရွေးကောက်
ပွဲရလဒ်သတင်းများကို up date လုပ်နိုင်ခဲ့တဲ့အတွက် အဲဒီအချိန်
တစ်နာရီအတွင်း `ပျူနိုင်ငံ´ စာမျက်နှာကို ၀င်ရောက် ကြည့်ရှုတဲ့
အရေအတွက်ဟာ တစ်ထောင်(၁၀၀၀) ကျော်အထိ ရှိခဲ့ပါတယ် …

၂၀၁၀ ခုနှစ် အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်က မလွတ်ခင်
အချိန်အတွင်း မျှော်လင့်စောင့်စားနေတဲ့ ပြည်သူလူထု သတင်းတွေ
ကို up date လုပ်နိုင်ခဲ့တဲ့အတွက်လည်း `ပျူနိုင်ငံ´ စာမျက်နှာကို
အဲဒီအချိန်က ၀င်ရောက်ကြည့်ရှုသူ များပြားခဲ့ပါတယ် …


ပျူနိုင်ငံ စာမျက်နှာကို `ဒီမိုဝေယံ´၊ `မေနှင်းအေး´၊ `ခင်ဦးမေ´
နှင့် `မြတ်လေးငုံ´တို့ရဲ့ စာမျက်နှာများမှ တဆင့် လာရောက်သူ
အများအပြားရှိတဲ့အတွက် ကိုဒီမိုဝေယံ၊ မေနှင်းအေး စာမျက်နှာ၊
အမကြီး မခင်ဦးမေနှင့် မမြတ်လေးငုံတို့ကို ကျေးဇူးတင်ပါတယ်၊
Google ရဲ့ မှတ်တမ်းအရ တခြား စာမျက်နှာတွေကနေ တဆင့်
လာရောက်သူထက် `ပျူနိုင်ငံ´ စာမျက်နှာကို တိုက်ရိုက် လာရောက်
ကြည့်ရှုသူ များပြားကြောင်း သိရလို့ ၀င်ရောက်ကြည့်ရှုသူ
မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါတယ် ….


ပျူနိုင်ငံ ဘလော့ကို ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်အရေအတွက်
မှာ အများဆုံး ဖြစ်သော စင်္ကာပူနိုင်ငံမှ စာဖတ်သူများ၊ ဒုတိယ
အများဆုံးဖြစ်သော အမေရိကန် ပြည်ထောင်စု၊ ယခုအခါ
မထင်မှတ်လောက်အောင် များပြားလာတဲ့ မြန်မာပြည်တွင်းက
စာဖတ်သူများကို ကျေးဇူး အထူးတင်ပါတယ် ….


-ကိုအောင်/စစ်ငြိမ်းဒီရေ
Read more »

Thursday, 15 December 2011

မောင်မြင့်ဇော်/လွမ်းစိမ့်/ အိုင်ဝေေ၀နှင့် တရုတ်ကလေးငယ် (ရုပ်သံ)

ဘာသာစကား လေးမျိုးကို ပြောဆိုတတ်သော
ခရီးသွားဧည့်ကြို မောင်မြင့်ဇော် …



ဒါရိုက်တာ ကိုချိုတူးဇော်ရဲ့ လွမ်းစိမ့် ...



တရုတ်နိုင်ငံမှ အာဏာရှင် ကွန်မြူနစ်စနစ်ကို လက်မခံသော
အနုပညာရှင် အိုင်ဝေေ၀ ...


Ai Weiwei: Never Sorry TEASER from Ai Weiwei: Never Sorry on Vimeo.

တရုတ်နိုင်ငံမှာ ကားအောက်ထဲ ၀င်သွင်းတဲ့
ကလေးငယ်အကြောင်း (ဇာတ်လမ်းအသစ်)...

Read more »

Tuesday, 13 December 2011

ကြက်သမား


နိုင်တုန်းကတော့
ဖေ့သားကြီး ဖေ့သားကြီးနဲ့
တရွာလုံး ကြားအောင်
ကုန်ကုန်အော်ပြီး
ရှုံးတဲ့အခါလည်းရောက်ရော
တသက်လုံးချစ်ခဲ့သမျှ
ဆီပြန်ဟင်း တစ်ခွက်အဖြစ်
မြိန်ရည်ယှက်ရည် သုံးဆောင်တော်မူကြပါ  … ။ ။


-စစ်ငြိမ်းဒီရေ
Read more »

Friday, 9 December 2011

စွဲလမ်းသူ၏ အနုပညာ

လွန်ခဲ့သော ငါးနှစ်ခန့်က သူသည် အိပ်ခန်းတွဲများ ကပ်လျက်တည်
ရှိသော တန်းလျားတစ်ခုမှာ နေထိုင်ခဲ့ဖူးသည်၊ သူ၏ အခန်းသည်
တန်းလျား၏ အလယ်တွင်ရှိသော အခန်း တစ်ခန်း၊ ထိုစဉ်က သူသည်
အိမ်ထောင်သည်ဘ၀သို့ မရောက်ရှိသေး၊ တစ်နေ့၌ သူသည်
ရေချိုးခန်းထဲတွင် ရေချိုးနေရင်း အစအဆုံး မသီဆိုနိုင်သော
ကြားဖူးနားဝရှိသည့် သီချင်းများကို စိတ်လွှတ်ကိုယ်လွှတ်
ဆိုညည်းနေမိသည်၊ ရေချိုးခန်းအတွင်း ရေကျသံ၊ သူ၏ သီချင်း
ဆိုသံများမှအပ မည်သည့်အသံမှ မရှိ။


ရေချိုးနေရင်း ဆပ်ပြာတိုက်ရန်အတွက် သူသည် ရေပူ ရေအေး
ခလုတ်များကို ပိတ်ပြီး ဆပ်ပြာရည်ကို လက်ဝါးပေါ်သို့ ညစ်ထုတ်
ရန် ကိုယ်တိုက်ဆပ်ပြာရည်ဗူးဆီ လက်လှမ်းလိုက်မိသည်၊ ရေကျသံ
ရော သီချင်းဆိုသံပါ ပိတ်ထားသော ထိုခဏအတွင်း သူ့နားထဲသို့
အသံတချို့ တိုးဝင်လာသည်၊ သေသေချာချာ နားထောင်လိုက်တော့
ဘင်ဂျိုတီးသံ၊ ဟုတ်ပါပြီ၊ သူနှင့် အခန်းချင်း ကပ်လျက်တွင် နေထိုင်
သော သူ့သူငယ်ချင်း ဘင်ဂျိုတီးနေပါလား ….

ရေဆက်ချိုးရင်း သဘောကျနေသည်၊ သူနှင့် အခန်းချင်း ကပ်လျက်
တွင် နေသော သူ့သူငယ်ချင်းတို့ နှစ်ဦးသာ လွန်ခဲ့သော ရက်ပိုင်းက
လူသုံးကုန် ပစ္စည်းအဟောင်းများ (good second hand) ရောင်းချ
သော ဈေးဆိုင်တစ်ဆိုင်သို့ ရောက်ခဲ့ကြသည်၊ ထိုဈေးဆိုင်မှ ဂျပန်
လူမျိုးများ၏ တူရိယာ တစ်မျိုးဖြစ်သော ဘင်ဂျိုကို သူ့သူငယ်ချင်းက
သဘောကျပြီး ၀ယ်ယူခဲ့ပါသည်၊ သူ့အတွေးသည် ရုတ်တရက် လွှင့်
ပျယ်သွားပြန်သည်၊ … ဒီကောင် ဘင်ဂျို မတီးတတ်ဘူးလို့ သေသေ
ချာချာ ပြောဖူးပါတယ်၊ အခု ဒီဘင်ဂျိုကို ဘယ်သူ တီးနေပါလိမ့် …

ရေချိုးခန်းထဲမှ ထွက်လာကာစ ရေဆိုနေသော ဆံပင်ကို သုတ်ရင်း
တဖက်အခန်းက ဘင်ဂျိုသံကို ဆက်လက် နားထောင်နေမိသည်၊
မြူးမြူးကြွကြွ တီးကွက်တစ်ခုပါလား၊ သီချင်းတွေတောင် ဆိုလို့
ခပ်မြန်မြန်လေ အ၀တ်လဲရင်း တစ်ဖက်ခန်း အပေါက်ဝသို့ မပြေးရုံ
တမယ် ခြေလှမ်းများဖြင့် သူ ရောက်သွားသည်၊ လူခေါ် ခေါင်းလောင်
ကို အဆက်မပြတ် သူ နှိပ်လိုက်သည်၊ ဘယ်သူမှ ထွက်မလာကြ၊
အင်း … ဒင်းတို့ စိတ်လွှတ်ကိုယ်လွှတ် ပျော်နေကြတာပဲ ဖြစ်ရမယ်၊
အိမ်ရှေ့က ခေါ်လို့ မရရင် နောက်ဖေးဖက်က သွားခေါ်မည်လို့
သူ ဆုံးဖြတ်ပြီး သူတို့တန်းလျားရဲ့ နောက်ဖေးဖက်ဆီ ရောက်ခဲ့ပါတယ်၊
ကြိုးဆွဲ ယင်းလိပ်တွေအကြား တိုးဝင်နေတဲ့ အလင်းရောင် အားကိုး
ဖြင့် အခန်းအတွင်းကို သူ ချောင်းကြည့်လိုက်သည်၊ နောက်ဖေး
အပေါက်ဝဖက်ကို ကျောပေးထားသော ထိုင်ခုံ တစ်ခုတွင် ထိုင်ရင်း
ဘင်ဂျိုတီး သီချင်းဆိုနေသူသည် သူ့သူငယ်ချင်း လုံးဝ မဟုတ်၊
သူ … ဘယ်သူလဲ၊ သူ့ သူငယ်ချင်း၏ လျှပ်စစ်မီး မဖွင့်ထားသော
အခန်းထဲတွင် ဘင်ဂျိုကို တီးခတ်နေသူသည် မည်သူနည်း၊
နောက်ဖေးဖက် တံခါးနှင့် မှန်တံခါးတို့ကို ထုပြီး အသံပေးလိုက်
သည်၊ သို့သော် ဘင်ဂျိုတီးသူသည် သူ့အား လုံးဝ လှည့်မကြည့်၊
လေး … ငါးခါလောက် အသံပေးသော်လည်း မသိချင်ယောင် မကြား
ချင်ယောင် ဆောင်နေမှုကို သူ လုံးဝ စိတ်ပျက်သွားပါသည်၊ ဖွင့်
မပေးလည်း နေပေါ့၊ ဒီတခါ အဟောင်းဆိုင်ဖက် ရောက်ရင် ငါလည်း
ဘင်ဂျိုပဲ ဖြစ်ဖြစ်၊ ဂစ်တာပဲဖြစ်ဖြစ် … အသံထွက်လို့ရတဲ့ တူရိယာ
ပစ္စည်းအဟောင်း တစ်ခုလောက် ၀ယ်ပြီး တီးချင်သလို တီးပြစ်အုံး
မယ်လို့ စိတ်ထဲမှာ ကြုံးဝါးရင်း သူ့အခန်းဖက်ဆီသို့ လေးတိလေးကန်
ခြေလှမ်းများဖြင့် သူ ပြန်လာခဲ့ပါသည်၊ သူ့ အခန်းထဲ အရောက်
စားပွဲပေါ်က သူ့လက်ကိုင်ဖုန်းကို ယူကြည့်လိုက်မိပါသည်၊ miss call
ပေါင်းများစွာ ပါလား၊ အားအားယားယား ဘယ်သူတွေ ခေါ်ထားလဲ မသိ
ဟု မြည်တွန်တောက်တီးပြီး ခေါ်ထားသော ဖုန်းနံပါတ်ကို ကြည့်မိလိုက်
သည်၊ သြော် … ဟိုဖက်က … ခုနက သူ့ကို အခန်းတံခါး မဖွင့်ပေးခဲ့
သော ဘင်ဂျိုတီးသံများ ထွက်ပေါ်နေသော ဟိုဖက်အခန်းက သူ့
သူငယ်ချင်းပါလား၊ … ဖုန်းကို ပြန်ခေါ်ရင်း ဆောင့်ဆောင့်အောင့်အောင့်
လေသံဖြင့် … ဘာလဲကွာ … လို့ သူက စပြောလိုက်တော့ တစ်ဖက်က
သူ့သူငယ်ချင်းမှ … ငါ ဆန်အိတ် ၀ယ်လာတာ နှစ်အိတ်ဖြစ်နေလို့
… မင်း အားရင်း ဘူတာကို ခဏလာပြီး ငါ့ကို ကူပါအုံးတဲ့ …

သူလည်း စိတ်ညစ်ညစ် ဒေါကန်ကန်ဖြင့် … မင်းအခန်းထဲမှာ ရောက်နေတဲ့
ဧည့်သည်ကို မင်း ခေါ်ပါလား … ခုနက ဘင်ဂျိုသံကြားလို့ မင်းအခန်းဖက်
ငါ ရောက်သွားတော့ … ငါ့ကို တံခါးတောင် ထ'မဖွင့်ပေးဘူး၊ ဘယ်လောက်
လူမှုရေး ခေါင်းပါးသလဲ … လို့ ဖုန်းထဲကနေ စိတ်ရှိလက်ရှိ ပြောချလိုက်
မိသည်၊ .. ဟေ့ကောင် ဘာတွေ ပြောနေတာလဲ၊ ငါ့အခန်းမှာ ဘယ်ဧည့်သည်
မှ မရှိဘူး၊ ငါ အပြင်ထွက်သွားကတည်းက ငါ့အခန်းကို ငါကိုယ်တိုင် သော့
ပိတ်သွားတာ၊ မြန်မြန်လေးလာပြီး ဆန်အိတ် တစ်အိတ်လောက် ၀ိုင်းသယ်
ပေးပါအုံးတဲ့ ….

ဤသို့ဖြင့် သူနှင့် အခန်းချင်း ကပ်လျက်တွင် နေထိုင်သော သူ့သူငယ်ချင်း
တို့ နှစ်ဦးသား ထူးထူးဆန်းဆန်း အဖြစ်အပျက်တစ်ခုကို စတင် တွေ့ကြုံ
ခဲ့ပါသည်၊ သူ့သူငယ်ချင်း ပြောပြသော စကားများအရ ညဖက် တခါတရံ
တွင် သူ့အခန်းအတွင်း ထူးထူးခြားခြား အသံတချို့ ကြားရကြောင်း၊ ဘာသံ
ဟု တိတိကျကျ ပြောဖို့ခက်ကြောင်း၊ တခါက သူ့သူငယ်ချင်း အိမ်သာ
တက်နေစဉ် ဧည့်ခန်းဖက်ဆီမှ ဘင်ဂျိုတီးသံလိုလို TV က ထွက်လာသော
အသံလိုလို အသံများ ကြားရကြောင်း၊ သို့သော် သူတို့ နှစ်ဦးက တစ္ဆေ
သရဲ၊ နာမ်ဝိညာဉ်များ ပရလောကသားများကို မယုံကြည်ကြ၊ တခြား
အသိမိတ်ဆွေများ၏ အကြံပေးချက်အရ ပစ္စည်းအဟောင်း ရောင်းဆိုင်မှ
သူတို့ ၀ယ်ယူခဲ့သော ဘင်ဂျိုကို နောက်ထပ် တစ်လလောက်
အကြာတွင် ကြက်ခြေနီ ကုသိုလ်ဖြစ်အဖွဲ့၏ အမှိုက်ပုံး အတွင်းသို့
သူတို့နှစ်ဦး စွန့်ပြစ်ခဲ့ကြသည်၊ ထိုနောက် သူ့သူငယ်ချင်း၏
အခန်းထဲက အသံများ … သတင်းများကို ထပ်မကြားရတော့ …။

လွန်ခဲ့သော တစ်လ ၀န်းကျင်လောက်က သူ အလုပ် လုပ်သော
ဈေးဆိုင်မှ သူ့မိတ်ဆွေက သူ အပါအ၀င် အလုပ်ထဲက မိတ်ဆွေ
များကို သူတို့အိမ်၏ ထူးထူးဆန်းဆန်း အသံများအကြောင်း ပြောပြ
သည်၊ သူတို့အိမ်၏ ကားဂိုဒေါင် အတွင်းမှ ညဖက်များတွင် အသံ
တချို့ ထွက်လာလေ့ရှိကြောင်း၊ သူတို့မိသားစု ထ'ကြည့်သောအခါ
ထိုအသံများ ထူးဆန်းစွာ ပျောက်ကွယ်သွားကြောင်း ပြောပြသည်၊
စိတ်ဝင်းစားသော သူနှင့် သူ့မိတ်ဆွေတို့တွင် တူညီသော အချက်
တစ်ခုရှိသည်၊ ထိုအချက်က သူတို့နှစ်ဦးစလုံး ဂျာမန်ဘောလုံးအသင်း
၏ ကစားပုံကို နှစ်ခြိုက်သဘောကျမှုပင်ဖြစ်သည်၊ လွန်ခဲ့သော
ရက်သတ္တပတ် (၂)ပတ်ကျော်ခန့်က ဂျာမန်အမျိုးသား လက်ရွေးစင်
ဘောလုံးအသင်းသည် နယ်သာလန် ဘောလုံးအသင်းနှင့် ချစ်ကြည်
ရေးအဖြစ် ကစားကြမည့် ညနေခင်းတစ်ခုတွင် သူသည် သူ့မိတ်ဆွေ
အိမ်သို့ အလည်အပတ် ရောက်ဖြစ်ခဲ့တော့သည်၊ တခါတရံ ထူးခြား
ဆန်းကြယ်စွာ သို့မဟုတ် ညစဉ် အသံများ ထွက်ပေါ်လေ့ရှိသော
သူ့မိတ်ဆွေ၏ ကားဂိုဒေါင်အတွင်း သူ့အား သူ့မိတ်ဆွေဖြစ်သူက လိုက်လံ
ပြသသည်၊ သူ သတိထားမိလိုက်သည့် အရာက ကားဂိုဒေါင်၏ ထောင့်
နေရာတွင် ဖုန်အနည်းငယ် တက်နေသော စန္ဒယားအိုတစ်ခု၊ … ဒါ ဘယ်သူ
စန္ဒယားလဲလို့ သူ မေးလိုက်တော့ … သူ့မိတ်ဆွေက ကွယ်လွန်သူ
သူတို့အဖိုး၏ ပစ္စည်းဖြစ်ကြောင်း၊ ပြည်ပတွင် နေထိုင်လျက်ရှိသော
သူ့အဒေါ်အငယ်ဆုံးအား မသေခင် အမွေပေးခဲ့သော ပစ္စည်းဖြစ်
ကြောင်း၊ သူ့အဒေါ်က လာရောက်မသယ်ဖြစ်သေးသောကြောင့် သူ့
ကားဂိုဒေါင်ထဲမှတပါး စန္ဒယားထားဖို့ သူ့အိမ်ထဲတွင် နေရာလုံးဝ မရှိဟု
သိခဲ့ရသည်။

ဂျာမန်ဘောလုံးအသင်း၏ လှပသော တိုက်စစ်များအောက်တွင်
အသဲအသန်း ခုခံတွန်းလှန်နေရသော နယ်သာလန် ဘောလုံးအသင်းတို့
ကစားပုံကို ကြည့်ရင်း သူ့နားထဲ စန္ဒယားတီးသံလိုလို အသံတစ်ခုကို
ကြားနေမိသည်၊ ဘောလုံးပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းအကြား TV ကအသံ
ကို လျှော့ချရင်း သူ့မိတ်ဆွေ ကမ်းလိုက်သော ကော်ဖီကို သောက်ဖို့ ဟန်ပြင်
လိုက်သည်၊ ငြိမ့်ညောင်းသာယာသော စန္ဒယားသံကြောင့် သူ့မိတ်ဆွေအား
... အခု စန္ဒယားတီးနေတဲ့သူက ဘယ်သူလဲဗျ၊ နားထောင်လို့ ကောင်းလိုက်
တာဟု ပြောလိုက်သောအခါ မျက်စိပျက် မျက်နှာပျက် ဖြစ်နေသူက သူ့မိတ်ဆွေ၊
အိမ်အပြင်ဖက် သွားကြရအောင် သူ့မိတ်ဆွေ၏ တီးတိုးပြောသံနှင့်အတူ
သူတို့နှစ်ဦးသာ အိမ်ပေါက်ဝတံခါး၏ လက်ကိုင်ကို ဖြေးဖြေးချင်း လှည့်ဖွင့်ရင်း
အိမ်ပေါက်ဝနှင့် မလှမ်းမကမ်းတွင် ရှိသော ကားဂိုဒေါင်ကို ကြည့်နေမိသည်၊
မဲမှောင်တိတ်ဆိတ်နေသော ကားဂိုဒေါင်အတွင်းမှ ထွက်ပေါ်နေဆဲ စန္ဒယား
သံကို နားထောင်ရင်း သူ့လက်ပေါ်တွင် ကြက်သီးဖုလေးများ ထွက်လာသလိုလို၊
စန္ဒယားတီးသံနှင့်အတူ ထွက်ပေါ်နေသော သီချင်းဆိုသံက အသက်ကြီးကြီး
အမျိုးသားတစ်ဦး၏ အသံ၊ ဒီလောက်မှောင်မဲ တိတ်ဆိတ်နေသော ကားဂိုဒေါင်
ထဲတွင် မည်သူသည် ဤကဲ့သို့ တီးခတ်သီဆိုနေပါသနည်း၊ ခေါင်းငိုက်စိုက်ဖြင့်
မျက်နှာအနည်းငယ် နီရဲနေသော သူ့မိတ်ဆွေက ကားဂိုဒေါင်ဘေးဖက်မှ
တံခါးကို တွန်းဖွင့်လိုက်သည်၊ တံခါးဖွင့်လျှင် အလိုအလျောက် လင်းသွားတတ်
သည့် လျှပ်စစ်မီးကြောင့် ကားဂိုဒေါင်၏ နေရာအနှံကို သူတို့နှစ်ဦးသာ မြင်နေ
ရသည်၊ သူ့ မျက်လုံးများက ထောင့်တစ်နေရာတွင် ဖုန်တက်နေသော စန္ဒယားအို
ကြီးကို ကြည့်ရင်း ကြက်သီးများ တဖြန်းဖြန်း ထ’လျက်ရှိသည်၊ စန္ဒားခလုတ်များကို
ဖုံးအုပ်ထားသော သစ်သားအဖုံးကို သူ့မိတ်ဆွေက ဖွင့်လိုက်သောအခါ စန္ဒယား
ခလုတ်များကို မရဲတရဲ သူ ကြည့်နေမိသည်၊ ရုတ်တရက် သူ့နှာခေါင်းထဲသို့ တိုး
ဝင်လာသော အနံ့တစ်ခုကို ရှုရှိုက်မိလိုက်သည်၊ ဆေးတံဖြင့် ဆေးလိပ်သောက်
သည့် အနံ့၊ သူ့မိတ်ဆွေရော သူပါ ဆေးလိပ်သောက်သူများ မဟုတ်၊ စဉ်းစားလို့
အဖြေ ပေါ်မလာသော အရာများကို ကျောခိုင်းပြီး သူတို့နှစ်ဦး ကားဂိုဒေါင်မှ
ထွက်ခွာလာခဲ့ကြသည် ....

တနေ့က သူတို့မြို့ ကြက်ခြေနီအသင်း၏ ကုသိုလ်ဖြစ် ပစ္စည်းအဟောင်းဈေးဆိုင်
ရှေ့က သူ ဖြတ်လျှောက်ခဲ့သည်၊ အိမ်ထောင်ပြုကာစ သူ့မိတ်ဆွေ ဇနီးမောင်နှံ
နှစ်ဦး ထိုဆိုင်အတွင်းမှ ထွက်လာသည်ကို တွေ့လိုက်သောကြောင့် နူတ်ဆက်ရန်
အတွက် ခေတ္တရပ်နေမိသည်၊ သူ့မိတ်ဆွေ ဇနီးမောင်နှံ နှစ်ဦး ၀ယ်ယူလာသော
သူတို့လက်ထဲက အနုပညာ တူရိယာတစ်ခုကို ကြည့်ရင်း သူ့ ပါးစပ်က မည်သို့
မည်ပုံ အဟောင်းသာ ဖြစ်သွားသည်ကို သူကိုယ်တိုင် မသိခဲ့ ....


-စစ်ငြိမ်းဒီရေ
Read more »

Saturday, 3 December 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံပွဲ (ရုပ်သံ)



အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဇာဂနာတို့ ကိုကျော်သူတို့
ခင်ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်နှင့် ပက်သက်ပြီး
အကြံပြုချင်ပါတယ်  ...

`အရုဏ်ဦးတွင် ဖူးသည့်ကြာ´ ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင်
ခန့်စည်သူသည် နိုင်ငံတော်နှင့် နိုင်ငံသား လူ့အဖွဲ့အစည်းအတွက်
အသက်နှင့် ဘ၀ကို ပေးဆပ်ခဲ့သော နိုင်ငံရေးအသိုင်းအ၀ိုင်းမှ
နိုင်ငံရေးသမားများ တော်လှန်ရေးသမားများကို ဂုဏ်သိက္ခာ ညှိုးနွမ်း
အောင် ပြုလုပ်ခဲ့ပါတယ် ....
ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်မည်ဆိုလျှင်
ခန့်စည်သူကို ဂဋ္ဌုန်ဦးစောအဖြစ် ရွေးချယ်ပြီး လွင်မိုးအား ဦးစောတပည့်
သက်နှင်းအဖြစ် သရုပ်ဆောင် နေရာများအတွက် ရွေးချယ်သင့်
ပါကြောင်း အကြံပြုချင်ပါတယ် ခင်ဗျာ ...

-စစ်ငြိမ်းဒီရေ
Read more »