မှာ `ကမ္ဘာကြီးကို ကယ်တင်ပါ´ ဆိုတဲ့ ပို့စ်တစ်ခု တင်ထားပါတယ်၊
အဲဒီအထဲက အမှတ်စဉ်(၉)မှာ … ဆေးလိပ်သောက်ခြင်းမှ ရှောင်ရှား
ပါ၊ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို
ညစ်ညမ်း ပျက်စီးစေတယ် … လို့ ဆိုပါတယ် … ။ ဒါနဲ့ပဲ ကျွန်တော်
ဆေးလိပ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ကို မျှဝေလိုက်ပါတယ်။
ကျနော်ဟာ တချိန်က ဖင်ကနေ မီးခိုထွက်အောင် ဆေးလိပ်သောက်
သူလို့ ငယ်သူငယ်ချင်း၊ အခြေခံပညာ ကျောင်းသားဘ၀ကတည်းက
နိုင်ငံရေး လုပ်ဖော်လုပ်ဖက် ကောင်းမြင့်ထွဋ် (တောင်ဥက္ကလာပမြို့နယ်
မှာ ၀င်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)က မှတ်ချက်
ချ ပြောခဲ့တဲ့ အသံကို ယနေ့အထိ နားထဲ ကြားယောင်ဆဲပါ။ ၁၉၈၉-၉၀
ခုနှစ်မှာ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းကွေ့က လူ့ဘောင်သစ်ပါတီ
ဝန်းအတွင်း အ.က.သ (B.E.S.U) ရန်ကုန်တိုင်းအဆင့် အစည်းအဝေးပြီး
သွားရင်၊ လူ့ဘောင်သစ်ပါတီ ရုံးခန်းရဲ့ အတွင်းဖက် အိပ်ခန်းထဲမှာ
ကျနော်တို့ ဗဟန်းမြို့နယ်က အ.က.သ တသိုက်ဟာ မြို့နယ်အဆင့်
အစည်းအဝေးကို ဆက်လုပ်ပါတယ်။ အစည်းအဝေးခန်းအတွင်း
ကျနော့်ရဲ့ အားဘောင်အားရင်သန်သန် ငြင်းခုန်သံတွေနဲ့အတူ
အငွေ့တွေကို အစည်းအဝေးလာတက်တဲ့ ကျောင်းသားကျောင်းသူ
များရှုရှိုက် နေရပါတယ်၊ အဲဒါကတော့ ကျနော့်ပါးစပ်ကနေ
မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေပါ …. ။
ဆေးလိပ်ကို ကျနော် ပထမဆုံး ခိုးသောက်ပုံက ဒီလိုပါ၊ ၁၉၈၈ ခုနှစ်
ဒေါက်တာမောင်မောင်လက်ထက် ဆန္ဒပြပွဲအတွင်းကပါ၊ မနေ့တစ်နေ့
ကမှ ထောင်ထဲကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကိုသော်ဇင်ထွန်း
ဟာ ကျနော့်ရဲ့ ခေါင်းဆောင်တစ်ဦးပါ။ ကိုသော်ဇင်ထွန်း ဦးဆောင်တဲ့
ကျနော်တို့အဖွဲ့ကို ဒေါက်တာ မောင်မောင် အစိုးရလက်ထက်က မ.က.ဒ
လို့ခေါ်ပြီး လက်ရှိ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုမင်းဇေယျ၊
ကိုဋ္ဌေးကြွယ်နဲ့ ကိုလှမျိုးနောင်တို့ ဦးဆောင်ပါတယ်၊ နောက်ပိုင်းမှာ မ.က.ဒ
ဟာ မ.က.သ.ဖ အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ ကျနော်တို့ ဗဟန်းမြို့နယ်
မ.က.ဒ စုရပ်က ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်က `ကြေးသွန်းဘုရားကြီး´
မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဗဟန်းခေါင်းဆောင် ကိုသော်တို့ မိသားစု
ရဲ့ အိမ်ဟာ ကြေးသွန်းဘုရားကြီး အနောက်ဖက်မှာပါ၊ ရန်ကင်းနဲ့ ဗဟန်း
က မ.က.ဒ အဖွဲ့ဝင်တွေဟာ မနက်မိုးလင်းတာနဲ့ ရပ်ကွက်အသီးသီးရဲ့
ပထမ စုရပ်ကနေ ဒုတိယစုရပ်ဖြစ်တဲ့ ကြေးသွန်းဘုရားကြီးဝန်းဆီ နံနက်
(၉)နာရီ မထိုးခင် အရောက်ချီတက်ရပါတယ်၊ အဲဒီကနေ အလုံမြို့နယ်
မှာ ရှိတဲ့ မ.က.ဒ ဗဟိုစုရပ်ဖြစ်တဲ့ ရေနံရုံးဆီ ကျနော်တို့ ထပ်မံ့ချီတက်
ရပါတယ်။
ကြေးသွန်းဘုရားဝန်းထဲ ရောက်လို့ လူမစုံသေးရင် လူစုံတဲ့အထိ စောင့်
ရတာမျိုး ရှိပါတယ်၊ အဲဒီအချိန်မှာ တက္ကသိုလ်တက်ဆဲ အကိုတချို့က
ဆေးပေါ့လိပ်တို့ စီးကရက်တို့ သောက်ကြပါတယ်၊ ဒါနဲ့ ကျနော်လည်း
သူတို့ဆီမှာ တစ်ဖွာ … နှစ်ဖွာလောက် တောင်းဖွာကြည့်ပါတယ်၊ အဲဒီ
အချိန်မှာ ကျနော်တို့ခေါင်းဆောင် ကိုသော်တို့အဖေက ကျနော်တို့
ဆန္ဒပြရင်းစားဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း ထမင်းထုပ်တွေ လိုက်စုပေး
ပါတယ်၊ ကျနော် အဲလို ဆေးလိပ်ခိုးသောက်ဖို့ ကြိုးစားတာကို ကိုသော်တို့
အဖေက လုံးဝ လက်မခံပါ၊ တွေ့တာနဲ့ … ဟိုကောင်လေး၊ ဆေးလိပ်
မသောက်နဲ့နော်၊ မင်းအဖေဆီ ငါ လာတိုင်ပြောမယ် …. ဆိုပြီး စေတနာဖြင့်
ပြောဆိုဆုံးမ တားမြစ်ခဲ့ဖူးပါတယ်။
အချိန်ကာလနှင့် ဘ၀ရဲ့ အချိုးအကွေ့တွေ၊ စစ်ကြောရေးနဲ့ ထောင်တွေ၊
….. စတဲ့ ဖြတ်သန်းမှုများကို ကျော်လွန်သောအခါ ကျနော်သည် ဆယ်တန်း
အောင်လို့ တက္ကသိုလ် မတက်ခင်ကပင် ဆေးလိပ်ကို ကျွမ်းကျွမ်းကျင်ကျင်
သောက်တတ်နေပါပြီ၊ ဆေးပေါ့လိပ်ကို ရှုရှိုက်ပြီး ပြန်ထွက်တဲ့အငွေ့ကို
အကွင်းလိုက် ပေါ်အောင် မှုတ်ထုတ်ပြတဲ့ ပြိုင်ပွဲမျိုးရှိလို့ ၀င်ပြိုင်ခွင့်ရခဲ့ရင်
ကျနော်ဟာ မြန်မာဘောလုံးအသင်းလို တတိယဆုတော့ မကပါ …း)
ဒီလိုနဲ့ အသက် (၁၇)နှစ်သားလောက်ကတည်းက ဆေးလိပ်သောက်တတ်
ခဲ့သော ကျနော်တစ်ယောက် မလေးရှားနိုင်ငံကို ရောက်ခဲ့ပြန်ပါတယ်၊ မလေး
ရှားနိုင်ငံက မြန်မာသံရုံးရှေ့မှာ ဆန္ဒပြလို့ တရားမ၀င် လူစုဝေးမှုနဲ့ မလေး
ရှားရဲက ကျနော်အပါအ၀င် မြန်မာ(၂၀)ကျော်ကို ထောင်ထဲ ပို့လိုက်ပါ
တယ်။ မလေးရှားနိုင်ငံက ထောင်အတွင်း ဆေးလိပ်သောက်ခွင့် မရှိပါ၊
ထောင်ထဲမှာ ဆေးလိပ်ဟာ ဈေးအရမ်းကြီးပါတယ်၊ `တမာကောက်´
လို့ ခေါ်တဲ့ စက္ကူနဲ့လိပ်သောက်ရတဲ့ ဆေးလိပ်ဆေးမျိုးပဲ ရှိပါတယ်၊
ဆေးလိပ် (၂)လိပ်စာ ဆေးသားဟာ အင်္ကျီ(၁)ထည်နဲ့ တန်ဖိုးချင်း ညီပါ
တယ်။ ကွာလာလန်ပူမြို့လယ်ခေါင်က `ပူလူးထောင်´ ထောင်အတွင်း
ကျနော်တို့ ဆေးလိပ်ခိုးသောက်နေစဉ် ထောင်ရဲတွေ ၀င်လာပါတယ်၊
ဒါနဲ့ ကျနော်က ဆေးလိပ်သောက်ဆေးထည့်ထားတဲ့ ပလပ်စတစ်အိတ်
ကို ပြတင်းပေါက်ကနေ လွှင့်ပြစ်လိုက်ပါတယ်၊ အဲဒီ ပလပ်စတစ်အိတ်
ထဲမှာ ကျနော်တို့အဖွဲ့ထဲက တစ်ယောက်ရဲ့ မျက်မှန် ပါသွားပါတယ်၊
မျက်မှန်ပိုင်ရှင်က အမေရိကားက ဘလော့ဂါတစ်ဦးဖြစ်တဲ့
ကိုဇော်မျိုးလွင် ပါ ...း)
ထောင်ထဲမှာ ဆေးလိပ်ရှာမရခဲ့တဲ့ နေ့တွေမှာ ထောင်ဝင်စာ
လာကြလို့ ဗူးဝဈေးဆိုင်က ၀ယ်လာတဲ့ `ကွေကာအု´ကို
သတင်းစာ စက္ကူနဲ့ လိပ်ပြီး ဆေးလိပ်ပုံစံ အငွေ့ထွက် ပြီးရောအဖြစ်
သောက်ပါတယ် …း)
ဒီလိုနဲ့ ဆေးလိပ်သောက်ဖို့ ခဲယဉ်းတဲ့ မလေးရှားက ထောင်
တွေဖြစ်တဲ့ ပူလူးထောင်၊ ဆွတ်ခိုင်ဘလို့ထောင်၊ ကာဂျမ်းထောင်၊
စတဲ့ ထောင်တွေထဲ ဆေးလိပ်ဆေး `တမာကောက်ရဖို့´ ကြံဖန်
ပါတော့တယ်၊ မလေးရှားနိုင်ငံက ထောင်တွေထဲမှာ ဆေးလိပ်ကို
တရားဝင် သောက်ခွင့်ရတဲ့ အကျဉ်းသားတွေ ရှိပါတယ်၊ သူတို့က
သေဒဏ်ကျခံရတဲ့ ကြိုးသမားတွေပါ၊ သူတို့ကို တရားရုံးချုပ်က
သေဒဏ်ပေးလိုက်ပါပြီ၊ သူတို့ဟာ ၀န်ကြီးချုပ်၊ ပြည်နယ်အဆင့်
ဘုရင်ခံ၊ နိုင်ငံတော်ဘုရင်ဖြစ်တဲ့ ဆူလေတန်စော်ဘွားဆီ အဆင့်
(၃)ဆင့်နဲ့ အယူခံဝင်ရပါတယ်၊ အဲဒီ (၃)ဆင့်စလုံးက အယူခံလွှာ
ကို ပယ်ချလိုက်တာနဲ့ (၄၅)ရက်အတွင်း ကြိုးပေးပါတော့တယ်။
ဒါကြောင့် ကြိုးသမားတွေကို ထောင်က အထူးအခွင့်အရေးအဖြစ်
တစ်ပတ်ကို ဒယ်ဟီးတံဆိပ် စီးကရက်တစ်တောင့်နဲ့ တမာကောက်
အထုပ်(၂၀)အား နိုင်ငံတော်ရဲ့နောက်ဆုံးစေတနာသဘော
ချီးမြှင့်ပါတယ်။ မလေးရှားထောင်ထဲက သေဒဏ်ကျ ကြိုးသမား
တွေအတွက် အစားအစာ ကျွေးတာ စပယ်ရှယ်ပါ၊ ကြက်သား
ကျွေးရင်တောင် သူတို့ အရိုးစူးမှာကို နိုင်ငံတော်က စိုးရိမ်းလို့
အရိုးထွင်ပြီး ကျွေးပါတယ်။
သေဒဏ်ကျ ကြိုးသမားဟာ စိတ်ဓါတ်ကျပြီး ကြိုးမပေးခင် သူ့ဘာသာ
သူ သတ်သေဖို့ ကြိုးစားတာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကြက်သား
ဟင်း ကျွေးတဲ့နေ့မှာတောင် အရိုးထွင်ပြီး ကျွေးတာပါ၊ သူတို့ကို
နေ့စဉ်ကျွေးတဲ့ ထောင်ထမင်း (၂)နှပ်မှာ (၁)နှပ်ဟာ ကြက်သားဟင်း
ပါ၊ ကြက်ရိုးတွေကို စုပြီး ကိုယ့်ဘာသာ သတ်သေဖို့ ကြိုးစားဖူးတဲ့
ဟိုအရင်က အဖြစ်အပျက်သမိုင်းတွေ ရှိခဲ့လို့ပါ၊ ဒါကြောင့် သူတို့စား
တဲ့ ကြက်သားကို အရိုးထွင်ပြီး ကျွေးပါတယ်၊ အရိုးထွင်တဲ့ အလုပ်ကို
လုပ်ပေးတဲ့သူတွေက ကျနော် အပါအ၀င် ထောင်အတွင်း ဆေးလိပ်
သောက်ချင်လို့ စဖိုးဆောင်က ဆေးလိပ်ချစ်သူတွေပေါ့ …
ဆေးလိပ်သောက်ခွင့် လုံးဝ မရတဲ့ ထောင်ထဲမှာ စီးကရက်သောက်
ရတယ်ဆိုတာ နည်းတဲ့ ကုသိုလ်ကံ မဟုတ်ဘူးဗျ၊ စီးကရက်လေးများ
တစ်ဖွာလောက် ဖွာလိုက်ရတာနဲ့ လူက မြေကြီးနဲ့ လွတ်ပြီး
အာကာသထဲ မျှောနေသလိုလို …
တစ်ညတော့ စီးကရက်ဗူးလိုက်ပေးခဲ့တဲ့ ကြိုးသမားက ကြိုးပေးခံ
ရပြီး ဘ၀ကူးသွားပါတယ်၊ ဒါပေမယ့် ကျနော် မသိသေးပါ၊ မနက်
စောစော ထောင်က ခရာသံတွေအကြား သံတိုင်တွေအနောက်
ကနေ လက်လာပြတော့ ဆေးလိပ်ကြိုက်သော ကျနော်လည်း
လေး … ငါးရက်လောက် ဆေးလိပ် ပျက်ချင်သလိုလို ဖြစ်ဖူး
ပါတယ်၊ ဒါပေမယ့် ဆေးလိပ်သောက်ခြင်းကို မရပ်နားခဲ့ပါ ...။
ဒီလိုနဲ့ အသက် (၁၇)နှစ်သားကနေ (၂၁)နှစ်တိတိ တရှိုက်မက်မက်
ဖွာရှိုက်ခဲ့သော ဆေးလိပ်ကို လက်တွဲဖြုတ်ဖို့ လွန်ခဲ့သော ၂၀၁၀ ခုနှစ်
နှစ်ကုန်ပိုင်းမှာ စ'ကြိုးစားကြည့်ပါတယ် ….
ကျနော့်လက်ရှိ နေထိုင်တဲ့ ဒိန်းမတ်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး
ဌာနက ဆေးလိပ်သောက်သူတွေ ဆေးလိပ်ပြတ်ဖို့ သင်တန်းတွေ
ဖွင့်ထားပါတယ်၊ သင်တန်းအမည်က rygestopkursus ၊ အင်္ဂလိပ်လို
smoking cessation courses … ဆေးလိပ်ဖြတ် သင်တန်းပေါ့ ...။
သင်တန်းစတဲ့နေ့ သင်တန်းဆရာမရဲ့ အဖွင့်နူတ်ဆက်ပုံက ...
ဆေးလိပ်သောက်ချင်ဟာ ကင်ဆာရောဂါကို ဖြစ်စေတယ်ပေါ့၊ ဒါ
အားလုံးသိထားပြီးသားပါ၊ ကင်ဆာရောဂါရဲ့ တချို့ ကုထုံးတွေဟာ
အင်္ဂလန်သုံး ပေါင်စတာလင် ၄ … ၅ သိန်းနီးပါး ကုန်ကျတဲ့အထိ ကြီးမား
တဲ့ နှုန်းထားတွေ ရှိပါတယ်။ ဥရောပရဲ့ ကျန်းမာရေးစနစ်မှာ ပြည်သူ
တွေကို အစိုးရဆေးရုံက အခမဲ့ ကုသပေးပါတယ်၊ အစိုးရက အဲလို
ငွေပမာဏကြီးမားတဲ့ ကုသပေးမှုမျိုးမရှိတဲ့ နိုင်ငံတွေဆိုရင် ဘယ်လို
လုပ်ကြမလဲ … ဒါလည်း စဉ်းစားစရာပါ။ ဥရောပမှာ နော်ဝေးနိုင်ငံနဲ့
ဟော်လန်နိုင်ငံတွေမှာ နိုင်ငံသားတွေအပြင် နိုင်ငံသား မဖြစ်သေးတဲ့
အမြဲတမ်းနေထိုင်ခွင့်ရတဲ့သူတွေကိုတောင် အဲလို ပေါင်စတာလင်
၎ .. ၅ သိန်းအထိ ကုန်တဲ့ ဆေးဝါးကုသမှုကို ကုပေးပါတယ်၊ နော်ဝေး
နဲ့ နယ်သာလန်(ဟော်လန်)နိုင်ငံကလွှဲရင် ကျန် ဥရောပနိုင်ငံတွေမှာ
အဲလို ပေါင်စတာလင် သိန်းချီကုန်တဲ့ ကျန်းမာရေးစရိတ်ကို နိုင်ငံသား
မှအပ ကျန်တဲ့သူတွေကို ကုပေးမယ်… မကုပေးဘူး ဆိုတာ တရားဥပဒေ
ဆုံးဖြတ်ချက်တော့ မရှိပါဘူး၊ နိုင်ငံတော်က အရမ်းကြီး ပြေလည်နေရင်
တော့ ဖြစ်နိုင်ပါတယ် … ´
ကျနော်နဲ့အတူ သင်တန်းတက်တဲ့ ဒိန်းမတ် အမျိုးသမီးငယ်လေး
တစ်ဦးကလည်း ဆရာမကို ပြန်ပြောပုံက …
`ဆေးလိပ်သောက်တိုင်း ကင်ဆာရောဂါ ဖြစ်တာ မဟုတ်ဘူးလေ၊
လွှတ်တော်ထဲမှာ smoking နေတဲ့သူတွေ အများကြီး …´
(*စစ်အသုံးစရိတ်ကို ဆိုလိုတာပါ)
ဒီလိုနဲ့ ကျနော် ဆေးလိပ်ဖြတ်သင်တန်းကို စ'တက်ပါတယ်၊
စ'တက်တယ်ဆိုလို့ တစ်မျိုး မထင်နဲ့နော်၊ ကျနော်က အဲဒီဆေးလိပ်
ဖြတ်သင်တန်းကို တက်ခဲ့တာက တစ်ကြိမ်တည်း မဟုတ်ဘူး၊
သုံးကြိမ် …
*ဆေးလိပ်သောက်ခဲ့တဲ့ အချိန်ကာလ
*တစ်ရက်ကို ဆေးလိပ် ဘယ်လောက်သောက်သလဲ
(ဆေးလိပ်တစ်ဗူးကို အချိန်ဘယ်လောက်အထိ သောက်သလဲ)
*ဆေးလိပ်စွဲလမ်းမှု `ယင်းကိုက်´ မှု ပုံစံ
-တစ်ခုခု စားပြီးတိုင်း သောက်တတ်လား …
-ည တရေးနိုးတဲ့အခါ ဆေးလိပ် ထ'သောက်သလား ….
-မနက် နိုးတာနဲ့ ဆေးလိပ် သောက်တတ်သလား …
အဲဒီအပေါ် အထက်က မေးခွန်းတွေအပေါ် မူတည်ပြီး ….
*ဆေးလိပ်သောက်ချင်တိုင်း ပါးစပ်ထဲ ထည့်ဝါးဖို့ ပီကေ
*နှစ်ပေါင်းများစွာ နေ့စဉ် ပျမ်းမျှ ဆေးလိပ်(၁)ဗူးနဲ့ (၁)ဗူး
နဲ့ အထက် သောက်သူများအတွက် ညအိပ်ရင် ကျော၊လက်မောင်း
မှာကပ်နိုင်သော ဆေး ပလာစတာ
*ဆေးလိပ်သောက်ချင်စိတ်ကို ဇွတ်အတင်း ချုပ်တည်းပြီး
အိပ်ယာထဲ လဲနေသူတွေအတွက် ငုံးဆေး
(*** အဲဒီငုံးဆေး ငုံးပြီးရင် မူးတဲ့အာနိသင်ရှိပါတယ်၊ ငုံးဆေး
သုံးပြီးတာနဲ့ (၄)နာရီအထိ ကားမောင်းခွင့်မရှိ)
*မဖြစ်မနေ ဆေးလိပ်သောက်ချင်သူတွေအတွက် ဆေးလိပ်
ပုံစံ လုပ်ထားတဲ့ ဆေးလိပ်အတု
*နာခေါင်းထဲထည့်တဲ့ ဆေးရည်
*ပါးစပ်ထဲ ဖြန်းတဲ့ ဆေးရည်
ဒီလိုနဲ့ သင်တန်းကို စတက်ပါတော့တယ် …
ပထမနေ့မှာ ဆရာမက ပြောပါတယ်၊ အခုပြန်တဲ့အချိန်ကစပြီး
ဆေးလိပ်သောက်တာကို ထက်ဝက်လျှော့ပါ၊ မနက်ဖြန်မှာ ကြိုဆို
နေမယ်ပေါ့၊ ဒုတိယနေ့ရောက်တဲ့အထိ တ၀က်မပြောနဲ့၊တစိတ်
တောင် လျှော့လို့မရပါ၊ ဒါနဲ့ ဒုတိယနေ့ ပြီးပြန်တော့ ဆရာမက
ထပ်ပြောပါတယ်၊ တတိယနေ့(ပထမနေ့နဲ့ ဒုတိယနေ့က
ကပ်လျက်ပါ၊ ဒုတိယနေ့နဲ့ တတိယနေ့က သုံးရက်လောက်
ကွာထားတယ်) ပြန်တွေ့ရင် လုံးဝ ပြတ်တဲ့အဆင့်ကို ကြိုးစားပါ …
တတိယမြောက် ချိန်းဆိုထားတဲ့ နေ့အထိ ဆေးလိပ်ပြတ်ဖို့
နေနေသာသာ အသိတွေနဲ့ နေ့တိုင်းလိုလို တွေ့နေလို့ သူ့
ဆေးလိပ်ဗူးက ဆေးလိပ်ကို ကိုယ်ယူသောက်၊ ကိုယ့်ဗူးထဲက
ဆေးလိပ် သူ ယူသောက်နဲ့ ဆေးလိပ်သောက်တဲ့ အရေအတွက်
တောင် တိုးလာသေး …
တတိယမြောက် သင်တန်းပြန်တွေ့တော့ ဆရာမက ကြားရက်
မှာ ဆေးလိပ်သောက်ထားလား … မသောက်ဘူးလားဆိုတာ
စစ်ပါတယ်၊ သူတို့ စစ်ဆေးတဲ့ ကိရိယာက ပါးစပ်နဲ့ မှုတ်ပြရတဲ့
လေမှုတ်ကိရိယာ၊ အဝေးပြေးလမ်းတွေမှာ ရဲက ကားမောင်းသူတွေ
အရက် alcohol ရာခိုင်နှုန်း စစ်တဲ့ပုံစံမျိုး ( ကားမောင်းသူ alcohol
0.5% ထက် ပိုသောက်ထားတာ တွေ့ရင် အရေးယူတယ်)၊
ကျနော့်လည်း စစ်ကြည့်ရော ဆရာမ မျက်လုံးပြူးသွားပါတယ်၊
ခင်ဗျား …. ဆေးလိပ်ဖြတ် သင်တန်းကို လာ တက်တာလား၊
ဆေးလိပ်သောက် သင်တန်းကို လာတတ်တာလားတဲ့ …
ဒီလိုနဲ့ ဆေးလိပ်ဖြတ်သင်တန်း နောက်ထပ် တစ်လလောက်
အကြာမှာ ဒုတိယအကြိမ် သွားတက်ပါတယ်၊ ဒါလည်း အရင်လိုပဲ
ဆေးလိပ်ဖြတ်လို့ မရတာနဲ့ ဆေးလိပ်မပြတ်ပဲ ဖြစ်နေခဲ့ပါတယ်။
ဒုတိယအကြိမ် သင်တန်းနဲ့ နောက်ဆုံး တတိယ အကြိမ်အကြာ
နှစ်လလောက် ဆေးလိပ်ဖြတ်ဖို့ ကိုယ့်ဘာသာ ပုံစံအမျိုးမျိုး
စဉ်းစားကြည့်ပါတယ်၊ ဒါနဲ့ ကျနော် လုပ်ခဲ့မိတာတွေက …
*တစ်ခါသောက်ရင် တစ်လိပ်ကုန်အောင် သောက်တဲ့ နေရာမှာ
ဆေးလိပ်တ၀က်ပဲ သောက်ကြည့်ပါတယ်၊ ဒါနဲ့ နှစ်ရက်ကို
ဆေးလိပ်တစ်ဗူးနှုန်း ဖြစ်နေရာကနေ သုံးရက်ကို ဆေးလိပ်တစ်ဗူး
နှုန်းဖြစ်သွားပါတယ်။
*နေ့လည်နေ့ခင်း ပုံမှန် ဆေးလိပ်သောက်နေကြ အချိန်တွေမှာ
ဆေးလိပ်အစား ပီကေ ၀ါးပါတယ်၊ ပီကေ ၀ါးလွန်းလို့ ကိုယ့်လျှာ
ကိုယ်တောင် ပြန်ကိုက်မိပါတယ် …
(ဒီလိုနဲ့ သုံးရက်တစ်ဗူးကနေ လေးရက် တစ်ဗူး ဖြစ်သွားပါတယ်)
*ထမင်းစားပြီးကာစနဲ့ ညဖက် အိပ်ယာဝင်စ အချိန်တွေကလွှဲရင်
ကျန်အချိန်တွေမှာ ဆေးလိပ်အစား ပီကေ ၀ါးပါတယ် …
-ကိုယ့်ရှေ့မှာ ဆေးလိပ်လာသောက်နေတာတွေ တွေ့တာနဲ့
သူတို့နံဘေးကနေ ပြေးပါတယ် …
-အဲဒီရက်ပိုင်းမှာ ဆေးလိပ်သောက်တတ်တဲ့သူတွေ ရှိတဲ့
အလှူ၊ အစည်းအဝေး … စတဲ့နေရာတွေကို လုံးဝ မသွားပါ …
(ဒီလိုနဲ့ လေးရက်တစ်ဗူးကနေ ခြောက်ရက်တစ်ဗူးဖြစ်သွားပါတယ်)
အဲလို (၆)ရက်ကို ဆေးလိပ်တစ်ဗူးနှုန်း ဖြစ်သွားတဲ့အချိန်မှာ
ဆေးလိပ်ဖြတ်သင်တန်းကို တတိယအကြိမ်မြောက် ကျနော်
သွား တက်ခဲ့ပါတယ်၊ သင်တန်းရဲ့ ဒုတိယမြောက်နေ့မှာပဲ
အလုပ်ကနေ ခွင့်(၁)ပတ် ယူခဲ့ပါတယ်၊ ဒုတိယမြောက် သင်တန်း
ကနေ အိမ်အပြန်မှာ အိမ်ထဲက အိမ်ပြင် လုံးဝ မထွက်ပဲ
ဆေးလိပ်ကို ဖြတ်ခဲ့ပါတယ် (မနေနိုင်ရင် ထ'သောက်ဖို့ဗူးထဲမှာ
နှစ်လိပ်လောက်တော့ ရှိပါသေးတယ် …)
*ဆေးလိပ်အနံ့ကို လုံးဝ မရှုပဲ လေးရက်လောက်နေတော့
နေသာ ကျသွားပါတယ်၊ သင်တန်းတတိယနေ့မှာ ဆေးလိပ်ကို
ကျနော် လုံးဝ ဖြတ်နိုင်ခဲ့ပါပြီ ….
ဆေးလိပ်ဖြတ်ပြီးကာစ ကျနော် နေခဲ့ပုံက …
*အဲလို အိမ်ထဲကနေ အိမ်ပြင် လုံးဝ မထွက်ပဲ ဆေးလိပ် ဖြတ်နေတုန်း
ပျင်းလို့ TV တို့ အင်တာနက်ပေါ်က ရုပ်ရှင်တွေ ကြည့်တဲ့အခါ
ဆေးလိပ်သောက်ခန်းပါရင် ကျော်ပါတော့တယ် …
*ဆေးလိပ်အနံ့ကို ရတဲ့ ဆေးလိပ်သောက်တဲ့သူတွေ နံဘေးနား
လုံးဝ မသွားတော့ပါ၊ ဆေးလိပ်ရောင်းတဲ့ ကောင်တာက ဆေးလိပ်ဗူး
တွေကို မမြင်အောင် အတတ်နိုင်ဆုံး နေခဲ့ပါတယ်၊ ပီကေ တော့
ဆေးလိပ် လုံးဝ ဖြတ်ခဲ့တဲ့ အချိန်ကစပြီး နောက်ထပ် (၂)လလောက်
အထိ အချိန်တိုင်လိုလို ၀ါးခဲ့ပါတယ် …
(ကိုယ့်လျှာ ကိုယ်ပြန်ကိုက်မိတဲ့ အခါပေါင်းလည်း မနည်းတော့ပါ ...)
ဒီလိုနဲ့ ကျနော် ဆေးလိပ်ဖြတ်နိုင်ခဲ့တာ (၈)လ ကျော်ပါပြီ၊
(*အစားထိုးခဲ့တဲ့ ပီကေကိုယ်လည်း ဆက် မ၀ါးဖြစ်တော့ပါ၊
ပါးတွေလည်း ညောင်းနေပါပြီ …)
ဟိုတလောက ဆေးလိပ်ဖြတ် သင်တန်းကျောင်းက ဆရာမ
ကျနော့် အလုပ် လုပ်နေတဲ့ နေရာကို အလည် ရောက်လာပါတယ်၊
`ခင်ဗျား … ကျနော့်ဆီ ဘယ်တော့ ပြန်လာအုံးမလဲလို့ ကျနော်
မျှော်နေသေးတယ် ….´
ကျနော် ဘာမှ ပြန်မပြောတော့ပါ၊ ရယ်ရုံသာ ရယ်နေခဲ့ပါတယ် ….
-စစ်ငြိမ်းဒီရေ
လေ့လာစရာ ဓါတ်ပုံအချို့ ….
*ဆေးလိပ်သောက်ချင်တိုင်း ပါးစပ်ထဲ ထည့်ဝါးဖို့ ပီကေ

ဆေး ပလာစတာ
ဆေးလိပ်အတု
ပါးစပ်ထဲ ဖြန်းတဲ့ ဆေးရည်
နာခေါင်းထဲထည့်တဲ့ ဆေးရည်
http://www.youtube.com/watch?v=ojOwk6NyXBY
http://www.youtube.com/watch?v=zRei97WJE6k&feature=related
11 comments:
ဆေးလိပ်သမားတွေနဲ့ ကြုံဘူးတယ်...။
သူတို့ ဒုက္ခက တကယ်မသေးတာပါ...။
ကိုယ်တွေ စွဲသောက်မိလည်း အလားတူဖြစ်မယ်ထင်တာပဲ..။
တဖြည်းဖြည်းမျှဉ်းဖြတ်တာပဲဖြစ်ဖြစ်...
တိခနဲဖြတ်တာပဲဖြစ်ဖြစ်....
ပြတ်ရင်ကောင်းတာပဲ...။
အကျိုးမှမပေးတဲ့အရာကိုနော်..။
ဖေဖေလည်း ၁၆ နှစ် ၁၇ နှစ်သားလောက်ထဲက သောက်လာတာ မနှစ်က သြဂုတ်လ ကမှ လိုအပ်လို့ ဖြတ်လိုက်ရတယ်... ဆေးလိပ်မသောက်တဲ့ အချိန်တွေကို ဖေဖေ ဘယ်လို ဖြတ်သန်းခဲ့တယ် မသိခဲ့ဖူး.. ဒီလိုပဲ မသောက်ပဲနေရင်း ပြတ်သွားတယ် အောက်မေ့တာ...း(
ဆေးလိပ်တော့ မဖြတ်နိုင်ဘူးအစ်ကိုရာ...၊သောက်သလား
ဆိုတော့လည်း အများကြီးမသောက်ပါဘူး...၊တစ်နေ့မှ
၃လိပ်၊တစ်ခါတစ်လေ ၄လိပ်၊အဲ့လောက်ပါပဲ..၊မဖြတ်နိုင်
တာတော့ဟုတ်ဘူးဗျ..၊မသောက်ပဲနေဆိုနေနိုင်တယ်..။
ဒါပေမယ့် ဖြတ်ချင်စိတ်ကိုမရှိတာ....:)။ မသောက်ဖြစ်
တာတော့အကောင်းဆုံးပေါ့နော်...၊ကောင်းပါတယ်အကို၊
ပြန်မသောက်နဲ့တော့နော့.....။
အိမ်ကလူကိုဆေးလိပ်ဖြတ်ခိုင်းနေတာ
ကြာပါပြီ ခုထိမဖြတ်သေးတာ
ဘယ်လိုလုပ်ရမှန်းကိုမသိတော့ပါဘူး
ဆေးဆိုင်တွေမှာတော့ဆေးရှိတယ်ပြောတာပဲ
စမ်းကြည့်ပါဆိုလဲ ပြောမရတာနဲ့
မပြောတော့ဘူး
ခင်မင်တဲ့ jasmine
ဆေးလိပ်ဖြတ်နိုင်တာကို၊ ချီးကျုးပါတယ်၊ လွယ်တဲ့ကိစ္စ တစ်ခုမဟုတ်ပါဘူး၊ ဆေးလိပ်ဖိုးကို ခလေးတွေမုန့်ဖိုးပေးလို့ ရတာပေါ့။
အေးဗျာ စွဲလမ်းမှုတစ်ခုခုကို ပျောက်အောင်ကြိုးစားရတာ ဘယ်လောက်ပင်ပန်းမယ်မှန်း ခံစားကြည့်လို့ ရပါတယ်ဗျာ...မိတ်ဆွေတစ်ယောက်ကတော့ ပြောဖူးတယ်...ဆေးလိပ်ဖြတ်တာ လွယ်လွယ်လေးတဲ့...သူဆိုရင် ဆေးလိပ်ဖြတ်တာ ၆ ခါရှိပြီတဲ့...
ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို ရယူပိုင်ဆိုင်နိုင်ပါစေ ကိုအောင်ရေ...
သြော်... အစ်ကို တော်တော်လေး ကြိုးစားပြီး ဆေးလိပ် ဖြတ်ခဲ့ရတာပါလား။ ကျွန်တော်ကတော့ ဆေးလိပ် မသောက်တတ်တော့ ဒီလို အဖြစ်မျိုးတွေတော့ ဝေးတယ် အစ်ကိုရ... ကျွန်တော်က ဆေးလိပ်သောက်တဲ့ သူငယ်ချင်းကို မင်းတို့ ကလဲကွာ အငွေ့ ကို ရှူပြီး ပြန်မှုတ်ထုတ်တာ ဗိုက်ဝတာလဲ မဟုတ်ဘဲနဲ့ လို့ ပြောတော့ မင်းဆေးလိပ်ကို ရှိုက်လိုက်ချိန်မှာ ရလိုက်တဲ့ ဖီးကို မင်းမသိပါဘူးကွာတဲ့။ အဲဒါ တကယ့်ဖီးကွလို့ ပြောတာဘဲ။ ကျွန်တော်တော့ မသိပါဘူး အစ်ကိုရာ...
ကျန်းမာရေးအတွက် မကောင်းမှန်းသိရက်နဲ့ စိတ်အလိုကို မတားဆီးနိုင်သူတွေရဲ့ ကျန်းမာရေးကို စိုးရိမ်မိတယ် ကိုအောင်ရေ။
မောင်ညိန်းက မသောက်လဲ နေနိုင်တယ် ဆိုပေမယ့် မောင်ကျန်တစ်တို့ မဖြစ်သွားဘို့တော့အရေးကြီးတာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခက်ခက်ခဲခဲလုပ်ယူရတာပဲ။
ဇွဲရှိဘို့လိုတာပဲနော်။
ဆေးလိပ်ဖြတ်တာ လွယ်တဲ့ကိစ္စ မဟုတ်ပါ..Bravo...ဆေးလိပ်သောက်တာ ပိုက်ဆံကို မီးရှို့ သလိုပါပဲ..
ဆေးလိပ်ပြတ်အောင် ဖြတ်နိုင်တဲ့ အတွက် ဂုဏ်ယူပါတယ် အစ်ကိုရေ။ ကိုယ်တွေ့လေးဖြစ်လို့ တကယ်သိချင်တဲ့လူတွေ အတွက် အကျိုးများစေမှာပါ။ ကောင်းသောနေ့လေး ဖြစ်ပါစေခင်ဗျာ။
Post a Comment