အောက်တိုဘာလ(၃၁)ရက်နေ့ ညနေပိုင်းကို ဟောလိုဝင်းညနေခင်း
အဖြစ် ကမ္ဘာနဲ့အ၀ှမ်း ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကြတဲ့ ယဉ်ကျေးမှု
ဟာ ယနေ့ တော်တော်လေး ကျယ်ပြန့်လာပါပြီ၊ ဘာသာတရား
ကိုးကွယ်ယုံကြည်မှုကို အပြင်းအထန် ဝေဖန်ဆန်းစစ်နေတဲ့ ယနေ့
ခေတ် ကမ္ဘာ့လူငယ်တွေအကြား သရဲတစ္ဆေဆိုတာ ရင်ခုန်စရာ ကြည်နူး
ပျော်ရွှင်စရာပေးတဲ့ ပုံပြင်တစ်ပုဒ်လို ဖြစ်လာပါပြီ။ အထူးခြားဆုံးကတော့
ယနေ့ (၂၁)ရာစု လူငယ်များဟာ သရဲတစ္ဆေဆိုရင် နောက်ဆုတ်
သွားမယ့် ပုံစံမျိုး မဟုတ်တော့ပဲ ရှေ့တစ်လှမ်းတိုးပြီး စူးစမ်းဖို့
မှတ်တမ်းတင်ဖို့ ခွန်အားသတ္တိတွေ တိုးပွားလာအောင် ပေးစွမ်း
နေသလိုလို ….။
၁၂ ရာစု အလယ်ခေတ် ခရစ်ယာန်ဘာသာ ယဉ်ကျေးမှုကတဆင့်
မွေးဖွားလာခဲ့တဲ့ Halloween eve၊ All Saints' Day နဲ့ All Souls' Day
တို့ဟာ အောက်တိုဘာလ (၃၁)ရက်၊ နိုဝင်ဘာလ(၁)နဲ့ နိုဝင်ဘာလ
(၂)ရက်နေ့များအဖြစ် ဆက်တိုက် ဖြစ်နေတာမို့ ဒီအချိန် ဒီကာလနဲ့
ပက်သက်ပြီး နာမ်ဝိညာဉ်များနှင့် သက်ဆိုင်သော မှတ်တမ်းမှတ်ရာ
များကလည်း အမျိုးအစား ခပ်များများပါ။ ဆောင်းဦးပေါက်ရာသီ
(Autumn)ရဲ့ နောက်ဆုံးလဖြစ်သော နိုဝင်ဘာလကို ကူးပြောင်း
လာချိန် ကမ္ဘာ့မြောက်ပိုင်းဒေသတွေမှာ နေရဲ့ အလင်းရောင်ကို
ရရှိမှု တဖြေးဖြေး လျှော့နည်းလာကြပါတယ်။ နံနက်ပိုင်း ၈ နာရီ၊
၉ နာရီမှာ နေထွက်တာကို မတွေ့ရနိုင်သေးသလို၊ ညနေခင်း ၄ နာရီ
လောက်ကစပြီး တဖြေးဖြေး စတင် မှောင်မိုက်လာလေ့ရှိပါတယ်။
လွန်ခဲ့သော (၂)နှစ်ခန့်က စာရေးသူဟာ ဟောလိုဝင်း ပွဲတော်တစ်ခု
ဆီ ရောက်ခဲ့ဖူးပါတယ်၊ အသိမိတ်ဆွေ အတော်များများလည်း
အဲဒီပွဲကို သူတို့ရဲ့ သားသမီးတွေနဲ့ ဆူဆူညံညံ ပျော်ပျော်ရွှင်ရွှင်
ပါဝင် ဆင်နွှဲကြပါတယ်။ ပွဲကို ဦးဆောင်ကျင်းပတဲ့ ဇနီးမောင်နှံဟာ
ယူလန်(Jylland) ကျွန်း၊ အတွင်းဖက်ချောင်ကျကျ ကျေးရွာတစ်ခုမှာ
နေထိုင်သူတွေပါ၊ ပွဲလုပ်မယ့် ညနေခင်း သူတို့အိမ်ကို အချိန်
နည်းနည်းစောပြီး ရောက်သွားတော့ သူတို့ခြံထဲ လျှောက်ပြီး
ကြည့်မိပါတယ်၊ သူတို့ခြံဟာ ဘုရားကျောင်းနဲ့ ကျောချင်းကပ်ပါ၊
ခရစ်ယာန်ဘာသာရေး ထုံးစံအတိုင်း ဘုရားကျောင်းဝန်းထဲမှာ
သင်္ချိုင်းအုတ်ဂူတွေလည်း ရှိပါတယ်၊ သပ်သပ်ရပ်ရပ် သန့်သန့်
ရှင်းရှင်း အမြဲတမ်း ပြုလုပ်ထားပုံရတဲ့ ဘုရားကျောင်းထဲက
သင်္ချိုင်းမြေဟာ ကြောက်စရာ အသွင်သဏ္ဍာန်မျိုး လုံးဝ မရှိပါ။
အိမ်ရှင် လင်မယားနှစ်ဦးမှာ ခင်ပွန်းဖြစ်သူဟာ ဘာသာမဲ့တစ်ဦး
ပါ၊ ဘယ်ဘာသာတရားမှ မကိုးကွယ်ပါဘူး၊ ကွန်မြူနစ် မာ့စ်ဝါဒီ
လို ရုပ်ဝါဒီမျိုးလည်း မဟုတ်ပါဘူး၊ သို့ပေမယ့် သူ့ကြည့်လိုက်ရင်
အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်လို့ လူချစ်လူခင်လည်း
အင်မတန် ပေါပါတယ်။ အမျိုးသမီးကတော့ ဗုဒ္ဓဘာသာဝင်ပါ။
သူတို့လင်မယားဟာ အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်း
ရှင်တွေပါ၊ ငွေရေးကြေးရေးလည်း ပြည့်စုံပါတယ်။ သို့ပေမယ့်
စီးပွားရေးနဲ့ ပက်သက်လာရင် ညတရေးနိုးတောင် အရောင်းအ၀ယ်
ထ'လုပ်မယ့် လူစားမျိုးတွေပါ။ ဒီလိုနဲ့ ပွဲတော်စတဲ့အချိန်
ကလေးတွေက မျက်နှာဖုံးတွေ စွပ်၊ သရဲပုံစံ မျက်နှာပေါ် ဆေးချယ်
ပြီး အိမ်အရေအတွက် အနည်းငယ်ပဲ ရှိတဲ့ အဲဒီရွာထဲက အိမ်တွေဆီ
တစ်အိမ်တက် တစ်အိမ်ဆင်း တံခါးတွေခေါက်ပြီး ချောကလက်တို့
အအေးဗူးတို့ အလှူလိုက်ခံကြပါတယ်။ ဘာသာတရား လုံးဝ မကိုး
ကွယ်တဲ့ အိမ်ရှင်မိတ်ဆွေအပါအ၀င် စာရေးသူနဲ့ တခြား လူကြီး
အရွယ် သုံး … လေးဦးဟာ ကလေးတချို့ကို ရွာထဲက အိမ်တွေဆီ
ဦးဆောင် ခေါ်သွားပြီး ဟောလိုဝင်း အလှူခံထွက်ကြပါတယ်။
မှောင်မဲပြီး တိတ်ဆိတ်ကာစ ညနေစောင်းရဲ့ မှောင်ရိပ်ပျိုချိန်မှာ
အဲဒီရွာထဲမှာတော့ တဟေးဟေး တဟားဟားနဲ့ ရယ်သံတွေ
လွှမ်းခြုံနေပါတယ်။ ဒီလိုနဲ့ ခဏလောက်နေတော့ မိတ်ဆွေခြံရဲ့
အနောက်ဖက်မှာ ရှိတဲ့ ဘုရားကျောင်းလမ်းပေါ် စာရေးသူတို့အုပ်စု
ရောက်လာကြပါတယ်၊ အဲဒီအချိန်မှာ ဘုရားကျောင်း ရှေ့တည့်တည့်
က ခြံထဲကနေ ခွေးတစ်ကောင်ရဲ့ စွဲစွဲငင်ငင် အူလိုက်တဲ့ အသံ
ကြောင့် လမ်းလျှောက်လာကြတဲ့ တစ်ဖွဲ့လုံး ခေတ္တတိတ်ဆိတ်
သွားပါတယ်။ ဟောလိုဝင်းပွဲတော် ဦးဆောင်ကျင်းပတဲ့ မိတ်ဆွေကို
သူ့နံဘေးက အသိတစ်ယောက်ကနေ မေးလိုက်ပါတယ် …
အခု ခွေးအူသံ ထွက်လာတဲ့ ခြံက မင်း ထပ်ဝယ်လိုက်တဲ့ ခြံလား
တဲ့၊ အဲဒီခြံမှာ သရဲခြောက်တယ်လို့ ခြံနီးနားချင်းတွေ ပြောတာ
ကြားဖူးတယ်တဲ့ … အဲလိုလည်း မေးလိုက်ရော စာရေးသူရဲ့မိတ်ဆွေ
က သရဲတစ္ဆေကို သူအနေနဲ့ လုံးဝ မယုံကြည်ကြောင်း၊ လက်မခံ
ကြောင်း ပြန်ပြောပါတယ်၊ အခုလို ခွေးအူသံဟာ တခါတရံ အခုလို
အဲဒီခြံထဲမှာရှိတဲ့ အိမ်ကနေ ထွက်လာသလိုလို ကြားရကြောင်း
လည်း သူက ဆက်ပြောပါတယ်။
လက်ရှိ သူတို့ဇနီးမောင်နှံနေထိုင်တဲ့ ခြံနဲ့ သူတို့ထပ်ဝယ်လိုက်တဲ့
ခြံဟာ အဝေးကြီးတော့ မဟုတ်ပါ၊ လက်ရှိခြံနဲ့ ဘုရားကျောင်းက
ကျောချင်းကပ် ဖင်ချင်းပေါက်၊ ထပ်ဝယ်တဲ့ခြံက ဘုရားကျောင်းရှေ့
က ကားလမ်းရဲ့တစ်ဖက် မျက်နှာချင်းဆိုင်မှာပါ၊ စာရေးသူက
သူ့ကို အခုလို အလယ်ကနေ သင်္ချိုင်းမြေ ကြားခံနေတဲ့ တစ်ဖက်
အဆောက်အဦးမျိုးကို မ၀ယ်ယူသင့်ကြောင်း ပြောပြပါတယ်။
စာရေးသူရဲ့ မိတ်ဆွေက သူ ထပ်ဝယ်လိုက်တဲ့ ခြံဟာ ဈေးအင်မတန်
ပေါကြောင်း၊ အခုလို ဈေးချိုချို ၀ယ်ရဖို့ဆိုတာ မလွယ်ကူတဲ့
ကိစ္စဖြစ်ကြောင်း၊ သူ့ဇနီးနဲ့ တခြားမိတ်ဆွေတွေကလည်း အခုလို
ကြားမှာ သင်္ချိုင်းမြေ ကြားခံဖြစ်သွားမယ့် တစ်ဖက်ခြံကို ထပ် မ၀ယ်
ဖို့ သူ့ကို တားကြကြောင်း ပြောပြပါတယ်၊ သရဲတစ္ဆေနာမ်ဝိညာဉ်
ကို လုံးဝ လက်မခံတဲ့ သူ့အတွက် ပြဿနာ လုံးဝမရှိကြောင်းပဲ
ထပ်ခါတလဲလဲ ပြောပြပါတယ်။ သို့ပေမယ့် ခွေးမရှိပဲ ထူးထူးဆန်းဆန်း
ခွေးအူသံထွက်လာတာကို သူလည်း အဖြေ ရှာမတွေ့ပါ။
အဲဒီမတိုင်ခင်က သူတို့ ဇနီးမောင်နှံဟာ ခွေးအူသံ ထွက်လာတဲ့
အဲဒီခြံထဲမှာ အိမ်အသစ် ဆောက်ဖို့အတွက် အိမ်အဟောင်းကို
ဖြိုချကြပါတယ်၊ အလုပ်သမားခ ဈေးကြီးလို့ဆိုပြီး သူတို့လင်မယား
ဟာ စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ အိမ်ဟောင်းဖျက်တဲ့
အလုပ်ကို လုပ်ကြပါတယ်။ တညမှာ ဇနီးဖြစ်သူဟာ အိမ်မက်တစ်ခု
ကို မက်ပါတယ်၊ အိမ်မက်ထဲတွင် ကုတင်ပေါ်မှာ သူ့ခင်ပွန်းတစ်ဦး
တည်း အိမ်ပျော်နေပါတယ်၊ ကုတင်နံဘေးကနေ အစွယ်တငေါငေါဖြင့်
ဒေါသထွက်နေသော ခွေးတစ်ကောင်က သူ့ယောက်ျားကို ကြည့်ရင်း
ဟောင်နေပါတယ်။ သူ့ယောက်ျားက အိပ်ပျော်နေရာကနေ လုံးဝ
မနိုးပါ၊ နောက်ဆုံးမှာ ခွေးက သူတို့ ကုတင်ပေါ် ခုန်တက်လာလို့
ဇနီးသည်ဖြစ်သူ လန့်ပြီး အော်လိုက်ချိန်မှာ အိမ်မက်ကနေ လန့်ပြီး
နိုးလာတယ်တဲ့ ...။
သူတို့လင်မယားက အဲဒီအိမ်မက်ကို ရယ်စရာအဖြစ် ဟောလိုဝင်း
ပါတီပွဲ ရောက်လာသူ အားလုံးကို ပြောပြပါတယ်။ မကြာခင် အဲဒီခြံ
ထဲက အိမ်ဟောင်းဖြိုတာ ပြီးတော့မှာမို့လို့ ခွေးလည်း ဟောင်နိုင်
တော့မှ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ မိတ်ဆွေများက သတိထား
ဖို့ တိုက်တွန်းမှုဟာ သူတို့လင်မယားအတွက် အရာ မထင်တော့ပါ။
… အခုလို ဟောလိုဝင်းအချိန်ကာလမှာ ပေါက်ကရ အိမ်မက်ဆိုးတွေ
မက်တာ မထူးဆန်းပါဘူး … လို့ သူတို့ လင်မယားက ဆိုကြပါတယ်။
ဒီလိုနဲ့
ဒီလိုနဲ့
ဒီလိုနဲ့ … တစ်နေ့မှာတော့ စိတ်မကောင်းဖွယ် သတင်းစကားတစ်ခု
ကြားရပါတော့တယ်၊ ခင်ပွန်းဖြစ်သူဟာ ခြံထဲမှာ သန့်ရှင်းရေးလုပ်မယ်
လို့ ပြောပြီး ထွက်သွားပါတယ်၊ တစ်နာရီပြီး တစ်နာရီ၊ အချိန်
တော်တော်ကြာတဲ့အထိ အိမ်ထဲ ပြန်မလာပါ၊ ဒါကြောင့် ခြံအတွင်း
လိုက်ရှာလိုက်တော့ သင်္ချိုင်းမြေနဲ့ ကပ်ရပ် ခြံထောင့်တစ်နေရာ
မှာ လဲကျနေတာကို တွေ့ရပါတယ်၊ ခြံနီးနားချင်းတွေ အကူအညီ
နဲ့ ဆေးရုံ အရေးပေါ်ကားကို ချက်ချင်းဆိုသလို ခေါ်ယူနိုင်ခဲ့ပါတယ်၊
သို့ပေမယ့် … လဲကျနေတာကို တွေ့ရတဲ့ အချိန်ကတည်းက
သူ့ခင်ပွန်းတွင် အသက်မရှိတော့ပါ …
အဲဒီနောက်ပိုင်းက စပြီး သူတို့ထပ်မံဝယ်ယူခဲ့တဲ့ ခြံထဲကနေ
ခွေးအူသံ ထွက်မလာတော့ပါ ….။
-စစ်ငြိမ်းဒီရေ
05122023
16 hours ago
7 comments:
Halloween day နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ လူတွေပိုပြီး အာရုံစိုက်လာသလိုပဲနော်။ တီတင့်တို့ ကိုယ်တိုင်ပဲ ဗဟုသုတနည်းလို့လားတော့မသိဘူး ငယ်ငယ်က ဒီလိုနေ့တွေရှိတယ်ဆိုတာ မသိခဲ့သလို သရဲ တစ္ဆေဆိုတာလည်း မကြောက်တတ်လို့ထင်ပါရဲ့ အခြောက်မခံရခဲ့ဘူးး) Halloween နဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးဖတ်သွားတယ် ကိုအောင်ရေ။ ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒါမျိုးတွေကို မယုံကြည်ဘူးလို့ ပြောလို့ မရဘူး...
ဒီအဖြစ်မျိုးတွေက တကယ်ရှိတယ်...
လန့်စရာကြီးပါလား ကိုအောင်ရေ...မမြင်ရ မတွေ့ရပေမယ့်လည်း မယုံဘူးလို့ ပြောလို့ကလည်း မရပြန်ဘူးမဟုတ်လား...တွေးရင်းတွေးရင်းနဲ့ ကြောတောင်နည်းနည်းစိမ့်ချင်လာတယ်...
ကြောက်စရာကြိးနော်အကို... ယုံတယ် ..မြင်ဖူး၊ ကြုံဖူးလားဆို ဟင့်အင်း....အသံကြားရရုံနဲ့ နေစရာမရှိအောင် ကြောက်တက်တယ် :):)
ကိုအောင်ရေ....
ဟောလိုဝင်းညတွေနဲ့ ဇာတ်အိမ်ပြုထားတဲ့ အင်္ဂလိပ်ဇာတ်ကားတွေ ကြည့်ဖူးတယ်။ ဟောလိုဝင်းညမှာ သရဲအတု မျက်နှာဖုံးတွေကြားမှာ သရဲအစစ်က ရောနေပြီး လူတွေကို လိုက်သတ်တာ။ သူတို့ရဲ့ ဓလေ့အရသည်လိုပွဲတွေ ကျင်းပနေကြပေမယ့် ဗမာမျက်စေ့နဲ့ကြတော့ တမျိုးကြီးပဲ..။ ဖတ်ပြီး ကျောချမ်း၏။
ယုံတယ်..
တကယ်ရှိတယ်..
သက်သေပြလို့မရပေမယ့် ကြုံခဲ့ဖူးတယ်...။
ကြောက်စရာကြီး ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
Post a Comment