(မှတ်ချက်။ ။ အွန်လိုင်းပေါ်က ရသ … သုတ … ကိုယ်တွေ့ စသဖြင့်
ရေးသားနေသော ဘလော့ဂါများ ခင်ဗျာ … ယခုအခါ facebook ပေါ်
တွင် AAB (All about Bloggers) စုရပ်ကို ပြုလုပ်ထားပါတယ် …
မသက်ဝေတို့ … မချစ်ကြည်အေးတို့နဲ့ ဆက်သွယ်ကြပါ … :D )
ယခင်အပိုင်းကို ဤနေရာမှာ ဖတ်ရှုလို့ရပါတယ် …
ကျောင်းရဲ့ အောက်ခြေမှာ လူမနေတဲ့ အိမ်၂လုံးရှိပြီး အစိမ်းသေ သေခဲ့
တဲ့ အိမ်တွေမို့လို့ စွန့်ပစ်ထားတာတဲ့၊ လှေကားထစ် ၂၀၀လောက်မှာတော့
ဘုန်းကြီးကျောင်းရှိပြီး နောက်ထပ် ၁၀၀လောက်ဆက်တက်ရင် သိမ်
ရှိပါတယ်။ ဒီသိမ်ရှိတဲ့ အနောက်မှာတော့ တောအုပ်ကြီးပဲ၊ အင်မတန် သရဲ
ခြောက်တယ်ဆိုလို့ ကျွန်တော်တို့ ညီအကိုတွေ ၁၀ရက်ကိုရင်ဝတ်ချိန်မှာ
တောင် ငယ်ဖြူကိုရင်ကြီး တပါးခေါ်သွားလို့ တခါပဲရောက်ဖူးပါတယ်..။
လင်းနို့ချေးတွေကတော့ နေရာအနှံအပြားနဲ့ ရှုခင်းကတော့ အင်မတန်
သာယာပါတယ်..။ ပင်လယ်ကိုလည်း လှမ်းမြင်ရတယ်လေ... ကျွန်တော်
တို့ ကိုရင်ဝတ်တဲ့ ကျောင်းဆောင်နေရာကတော့ မြေပြင်ကို သင်ဗြူး
ဖျာခင်းထားသလို ညီညာပြီး မရမ်းချို၊ မရမ်းချဉ်ပင်နဲ့ ဇောင်းလျားပင်
တွေ ပေါမှ ပေါပါပဲ...
အဲဒီခေတ်က ကိုရင်ဝတ်ရင် သင်္ကန်းတောင်းကို အလွတ်ကျက်မှ
တက်ခွင့်ရမယ်လို့ စည်းကမ်းကြီးတဲ့ ကျောင်းထိုင်ဆရာတော်ကြီး
က မှာလိုက်လို့ ကျွန်တော်တို့တွေ ရန်ကုန်မှာကတည်းက သင်္ကန်း
တောင်းကို ဘုန်းကြီးကျောင်းတခုမှာ အလွတ်သွားကျက်မှတ်ရတာပေါ့။
စကားမစပ် ဒီဇာတ်လမ်းမှာ စပ်ဆက်နေတဲ့ လူတိုင်းသိတဲ့ ဂါထာ
တစ်ခုအကြောင်း သိသလောက်ပြောပါရစေဦး၊ လျှာရှည်တယ်လို့
တော့ မထင်ပါနဲ့ဗျာ... ကျွန်တော်ငယ်ငယ်က အားရင် အဘွားက
ဘုရားစာတွေ သင်ပေးသလို အိမ်ကဘုရားစင်ရှေ့မှာ ရှိတဲ့ စာအုပ်
စင်မှာ ဘုရားစာစာအုပ်တွေ ကျွန်တော်အမြဲဖတ်နေကျပေါ့.. တရက်
အားလို့ စာအုပ်တအုပ်ဖတ်မိတယ်.. တော်တော်လေးလည်း
ဟောင်းနွမ်းနေပါပြီ.. အဘွားတွေ တရိုတသေ သိမ်းထားတဲ့
စာအုပ်လေးပေါ့၊ ခုမှင်စာဇာတ်လမ်းမှာ ဒီဂါထာက ကယ်လိုက်တာ
လေ၊ စာအုပ်ထဲမှာ ရေးသားထားတဲ့ ဂါထာရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း
လေးပါ၊ ခုခေတ်လူတွေ သိချင်မှသိမယ်ထင်လို့ ခုထိ မှတ်မိနေတာ
လေး ရေးသားဖော်ပြပါရစေ၊ နောက်တခုက ဒီဂါထာကို ဋ္ဌာန်ကရိုဏ်း
ကျကျ သိစေချင်လို့ပါ။
ဒုတိယကမ္ဘာစစ် မတိုင်မှီက အညာဒေသ (စာအုပ်မှာတော့ သေချာ
မြို့ရွာအမည်ပါပါတယ်) ဦးမောင်ကြီးဆိုတဲ့ ဘုန်းကြီး လူထွက်တဦး
ဟာ လှေသူကြီးအဖြစ် ဦးစီးပြီး လှေသား၃ဦးနဲ့ အောက်ပြည် အောက်ရွာ
ကုန်ရောင်းသွားပါတယ်.. တရက် အောက်ပြည်ကအပြန် အချိန်လင့်
နေတဲ့ အတွက် ရွာစဉ်လည်းပြတ်နေတဲ့ နေရာတနေရာမှာ ခဏကျောက်ချ
ရပ်နားလေရဲ့။ အားလုံးပင်ပန်းလို့ အိပ်ပျော်သွားကြပေမယ့် လှေသူကြီးက
နိုးနေသတဲ့။ အဲဒါနဲ့ ကတွင်းချဉ်လာလို့ ဆေးလိပ်ကလည်း သောက်ချင်၊
မီးခြစ်ကလည်း ရှာမတွေ့ အားလုံး ပင်ပန်းလို့ အိပ်မောကြနေတော့
လှေသူကြီးလည်း ဟိုဟိုဒီဒီလှမ်းမျှော်ကြည့်တော့ ကမ်းခြေနဲ့ မနီးမဝေး
လယ်စောင့်တဲလေး တခုမှာ မီးရောင်ဖြဖြမြင်ရသတဲ့..။ ဦးမောင်ကြီး
လည်း ဘယ်သူမှ ဒုက္ခမပေးချင်တာနဲ့ လှေပေါ်ကနေ ကမ်းခြေကိုဆင်းပြီး
လျှောက်သွားလေရဲ့ မီးရောင်က တဖြည်းဖြည်းနီးလာ.. လယ်စောင့်တဲ
လေးထဲမှာ မီးဖိုထားတာ တွေ့ရတာပေါ့... ဒါနဲ့အထဲမှာ မီးရောင်နဲ့ဆိုတော့
ထိုင်နေသူက မမြင်ရလေ...။ အထဲကို လှမ်းဝင်ပြီး မီးပုံနားသွားပြီး
မီးတောင်းမယ်လည်း ကြံရော အားပါးပါး.. အင်မတန်ကြီးမားလှတဲ့
သဘက်(သရဲထက်ကြီးတဲ့ ပြိတ္တာ)က မီးဖိုရှေ့မှာ လယ်ပုဇွန်လုံးတွေကို
ကင်စားနေတာ မြင်လိုက်ရပါလေရော... ဧရာမလျှာကြီးနဲ့ ကြီးမား
တဲ့ မျက်လုံးကြီးတွေအောက်မှာ ဦးမောင်ကြီးကို စူးစူးစိုက်စိုက်ကြည့်
နေပါလေရော.. ဦးမောင်ကြီးလည်း ခေါင်းနပန်းတွေကြီးပြီး ဘာမှ
ပြန်မပြောနိုင် အံ့အားသင့်နေတုန်း ဗြုန်းဆို ထလာဖို့လုပ်ပါလေရော၊
ထလိုက်တော့ အရပ်ကလည်း ၆ပေလောက်ရှိမယ်... ဦးမောင်ကြီး
ကလည်း ဘုန်းကြီးလူထွက်လေ.. သတိပြန်စုပြီး ရသမျှ ဘုရားစာ
တွေ၊ ဂါထာတွေ ရွတ်တော့တာပေါ့.. သဘက်ကြီးက မဖြုံတဲ့အပြင်
ရှေ့တောင်တိုးလာပါလေရော နောက်ဆုတ်ရင်း ဆုတ်ရင်း တဲနံရံနဲ့
ကပ်တော့မယ့် မှီလုမှီခင်မှာ တစုံတခုသော ဂါထာကို သတိရလို့
ဆိုမယ့်အချိန်မှာ သဘက်ကြီးကကြိုတင် သိနေတဲ့အလား အမွေးအမျှင်
တွေနဲ့ လက်ကိုကာပြပြီး ရပ်သွားပါလေရော ဦးမောင်ကြီးလည်း
အဲဒီမှာမှ အားတက်ပြီး အားရပါးရ သံ သံ သံဗုဒ္ဓေဆိုပြီး ဆိုချလိုက်
တော့ သဘက်ကြီးလည်း နောက်ဆုတ် ဦးမောင်ကြီးလည်း သံဗုဒ္ဓေ
ဂါထာကို ဆိုပြီး မီးတုတ်ကိုကိုင် အနောက်က လိုက်ပါလေရော..
သဘက်လည်း ပြေးပေါ့ နောက်ဆုံး အမှောင်ထဲမှာ ရွာစပ်စပ်လိုရှိတဲ့ မြင်ကွင်းတနေရာမှာပျောက်သွားပါတော့တယ်.... ။ လှေသူကြီး
ဦးမောင်ကြီးလည်း မီးတုတ်ကိုင် လှေဆီပြန်လာခဲ့ပြီး မနက် အာရုဏ်
လင်းချိန်ကို ငုတ်တုတ်ထိုင်စောင့်နေခဲ့ပါတယ်..။ မနက်မိုးလင်းတော့
ဆက်ပြီးခရီးမနှင်သေးပဲ.. အာရုဏ်လင်းတော့ တပည့်တွေကို
အကျိုးအကြောင်း ပြောပြရင်း အနီးအနားက ရွာတွေကို စနည်းနာ
ထွက်ကြတယ်။
တနေရာရောက်တော့ ပိန္နဲပင်၊ သရက်ပင်၊ မာလကာပင်တွေမျိုးစုံနဲ့
ခူးဆွတ်ယူခြင်းမရှိပဲ ပြွတ်ပြွတ်သိပ်အောင် သီးနေတဲ့ ရွာအစွန်
ဧရာမခြံကြီးထဲမှာ လူမရှိတဲ့ ဘုန်းကြီးကျောင်းတခုကို တွေ့ကြတယ်။
ဘုန်းကြီးကျောင်းထဲမှာ လူအရိပ်အရောင်လည်း မမြင်ရပေါ့။။
အနီးအနား လယ်ယာမြေတွေမှာ အလုပ်လုပ်နေကြတဲ့ ရွာသားတွေကို
စနည်းနာကြည့်တာပေါ..
နောင်ကြီးတို့ ကျွန်တော်တို့ အညာက ကုန်ရောင်းရင် လမ်းကြုံလို့
ဝင်လာတာပါ... ဘုန်းကြီးကျောင်းလေးဘာလေး ရှိရင် လှူစရာ
တန်းစရာလေးလှူမလို့ ဝင်လာတာ... ဒါနဲ့ ရွာအဝင်မှာ တွေ့ခဲ့တဲ့
ရွာဦးကျောင်းက ဘယ်သူမှ မတွေ့မိပါလားဗျ..
ဒီမှာတင် ရွာခံက သြော် နောင်ကြီးတို့က တခြားနယ်က ဆိုတော့
ဒီရွာအကြောင်း ကောင်းကောင်းမသိထင်တယ်။ ရွာထိပ်မှာ တွေ့ခဲ့တဲ့
ကျောင်းက ကျောင်းထိုင် ဘုန်းကြီးပျံလွန်တော်မူပြီး နောက်ပိုင်း
အာဂန္နုကျောင်းထိုင်တွေ ဘယ်သူမှ မမြဲကြဘူး... ပျံလွန်တော်မူတဲ့
ကိုယ်တော်နဲ့ ထွက်ပြေးတဲ့ကိုယ်တော်နဲ့ ၃ပါးလောက် ကျောင်းထိုင်
ကြည့်တာ အရင်ဦးဆုံးကျောင်းထိုင် ကိုယ်တော်..က မကျွတ်ပဲ
ခြောက်လှန့်နေတော့ ဘယ်သူမှ ကျောင်းမထိုင်ရဲလို့ ကမ္မဝါဖတ်
လည်း ခဏလောက်ပျောက်သွားပြီး ပြီးရင်ပြန်ခြောက်နေလို့
ဘယ်သူမှ ကျောင်းမထိုင်ရဲတော့ဘူး နောင်ကြီးရေ.. သြော် ဒါနဲ့
နောင်ကြီးတို့က ကုန်ရောင်းကုန်ဝယ်လာတာလား၊ ဒီမှာတင်
ဦးမောင်ကြီးက ကုန်ရောင်း၊ ကုန်ဝယ်တာအဓိကပေါ့ ဒါ့အပြင်
ကျုပ်ကဆေးလေးဘာလေး ကုတတ်ပါတယ် ...
ဒီမှာတင် ရွာခံက ဟာ... ဆေးကုတတ်တယ်ဆိုရင်၊ ပရောဂရော
ကုတတ်လားဗျ...
ဦးမောင်ကြီးက ပယောဂလည်း ကုတတ်ပါတယ်...
ဒါဆိုရင် အတော်ပဲ နောင်ကြီးရေ ကျုပ်တို့ရွာသူကြီး သမီးအရင်က
ကွမ်းတောင်ကိုင် ချောချောလေးဗျာ.. အခု သွက်သွက်ခါအောင် ရူးသလို
ဖြစ်နေတာ... နောင်ကြီးကြည့်ပေးနိုင်ရင် ကြည့်ပေးပါဦး။ အရင် အနီးအနား
က ပယောဂဆရာတွေတော့ လက်လန် ပြေးတာပဲ...
ဒါဆိုရင် ကျုပ်လိုက်ကြည့်ပေးမယ်လေဆိုပြီး တပည့်တွေနဲ့ အတူလိုက်
သွားပါလေရော... ရွာမှာ အချမ်းသာဆုံး သူကြီးအိမ်ရောက်တော့ သူကြီး
မိန်းမက အားကိုးတကြီးနဲ့ပေါ့ ရပ်ဝေးကလာတဲ့သူဆိုတော့
ဆရာရယ် ကျွန်မသမီးလေးကို ကယ်ပါဦးဆိုပြီး ငိုပါလေရော၊ သူကြီးကတော့
အရင်ဆရာတွေ အတိုင်းပဲထင်လို့ သိပ်တော့အထင်ကြီးဟန်မရှိလေ ...
သူကြီးမိန်းမက ဆရာရယ် သမီးအဖြစ်က လွန်ခဲ့တဲ့ ၂လလောက်ကစပြီး
ကောက်ကာငင်ကာ ရွာအပြင် ဘုန်းကြီးကျောင်းအနားက ဖြတ်ပြန်လာ
ရင်း အခုလိုဖြစ်ရတာဆရာ အမဲသား ၁ ပိဿာချက်လည်း ခဏလေး
စားပစ်တာ ခု အဝတ်တောင် မကပ်ဘူးဆိုပြီး ပြောလည်းပြော
ငိုလည်းငိုပေါ့..
ဦးမောင်ကြီးတို့ အိမ်အနားရောက်ကတည်းက အခန်းထဲမှာ သူကြီး
သမီးက အသံနက်ကြီးနဲ့ ဒီဆရာကို အခုချက်ချင်း ပြန်ထွက်သွားခိုင်း
ဆိုပြီး အော်နေပြီ... နံရံကိုလည်း တဘုန်းဘုန်းထုပေါ့ ဦးမောင်ကြီးလည်း
နံရံနား အသာကပ်သွားတော့ သူကြီးသမီးဦးမောင်ကြီးကို ကြောက်လို့
အော်ဟစ်ဆဲဆိုလိုက်ပေါ့ သူကြီးသမီးမျက်လုံးကို လှမ်းမြင်လိုက်တော့
ဘယ်သူဆိုတာ ဦးမောင်ကြီးသိလိုက်ပြီ.. နောက်အသာ အိမ်ပေါ်က
ပြန်ဆင်းပြီး သူကြီးကို မကြောက်တတ်တဲ့ အားကောင်းမောင်းသန်
ယောကျာင်္း အယောက် ၃၀ ကို သံပုံးတွေ ကိုင်ဆောင်ပြီး အသင့်ပြင်
ထားဖို့ရယ် နောက်သံဗုဒ္ဓေဂါထာကို အလွတ်ရအောင် တထိုင်တည်း
သင်ပေးပေါ့။ အားလုံးသေသေချာချာ သင်ပေးပြီး မနက်ဖန်ပြန်လာခဲ့
မယ် ဆိုပြီး လှေကို ပြန်ခဲ့လေရဲ့ နောက်နေ့ မနက်စောစော သူကြီးအိမ်
ရောက်တော့ အိမ်ကို လူအားလုံးနဲ့ ဝိုင်းပြီး သံပုန်းတွေနဲ့ အပမှီနေတဲ့
သဘက်ကြီးထွက်လာရင် သံပုန်းတီးပြီး လိုက်ဖို့ မှာထာပေါ့ နောက်အိမ်ကို
ဝိုင်းထားသူတွေက သံဗုဒ္ဓေဂါထာတော်ကြီးကို ဝိုင်းရွတ်ဖတ်ကြတော့
အိမ်ထဲက ဘုန်းကြီးတစ္ဆေသဘက်ကြီးလည်း ပြေးပါလေရော...
မှာထားတဲ့ ယောကျာင်္းတွေက ထွက်လည်းထွက်လာရော သံပုန်းတွေ
တီးပြီးလိုက် သဘက်ကြီးကပြေး.. တခါတခါ အရပ်က ထန်းပင်
အမြင့်လောက်ဖြစ်လိုက် တခါတခါ.. လူအရပ်လောက် ပြန်သေး
သွားလိုက်နဲ့ နောက်ဆုံးတောအုပ်ထဲ ရောက်တဲ့အထိ ဝိုင်းမောင်း
ထုတ်လိုက်ကြပါတယ်...။ နောက် အရင်ရွာဦးကျောင်းကိုလည်း
အားလုံးသံဗုဒ္ဓေဂါထာရွတ်ပြီး ရေမန်းတွေ ပတ်ဖြန်းပေါ့.. သူကြီးသမီး
လည်း လူကောင်းပကတိပြန်ဖြစ်၊ ရွာသူရွာသားတွေလည်းကျေးဇူးတင်
လို့ လက်ဆောင်တွေပေးလိုက်ကြတာ အပြည့်အလျှံပါပဲ...
ဒါကတော့ ကျွန်တော်ဖတ်ခဲ့ပြီး ယခုတိုင် ရွတ်ဆိုနေတဲ့ သံဗုဒ္ဓေဂါထာ
တော်ကြီးပါပဲ.. နောက်ပိုင်းသိပ်တော့မမှတ်မိပေမယ့် ဦးမောင်ကြီးကို
သံဗုဒ္ဓေဂါထာတော်ကြီးအမှန်ကို လေးခါတိတိ အိပ်မက်ပေးတယ်လို့
ရေးထားပါတယ်.. ဒီမှာဘာလဲဆိုတော့ ကျွန်တော်တို့ တော်တော်များများ
နှုတ်ကျိုးနေတဲ့ ဝေစပေါက်တွေ နေရာမှာ ဝေစပေါက်တွေဖြုတ်ပြီး ဆိုရ
တာပါ..။ နောက်အသေးစိတ် သိလိုသူတွေ ကျွန်တော် နောက်ထပ်
ရေးပေးပါဦးမယ်... ပေရှည်သွားတာခွင့်လွှတ်ပါဗျာ ...
မှင်စာကိစ္စပြန်ဆက်ရအောင်.. ကျွန်တော်တို့ အဘိုးအဘွားတွေ
စီစဉ်တဲ့ ရှင်ပြုပွဲမှာ စည်းကမ်းတင်းကြပ်တဲ့ ဆရာတော်ကြီးက
ကျွန်တော်တို့ ရှင်ပြုပြီး နောက်တနေ့မှာပဲ တရားဟောပွဲတွေ လက်ခံ
ထားလို့ နယ်တွေကို ကြွရပါတော့တယ်..။ ကျောင်းမှာတော့ ဦးပဇ္ဇင်း
တပါးနဲ့ ငယ်ဖြူကိုရင်ကြီး ၅ပါးလောက်နဲ့ ကျွန်တော်တို့ ညီအကို
ကိုရင် ၄ ပါးနဲ့ နယ်ခံ အတူလိုက်ဝတ်တဲ့ ကိုရင်တပါးပဲကျန်ခဲ့ပါတယ်။
ကျွန်တော်တို့ ရန်ကုန်သားတွေ ဆိုတော့ ဆွမ်းလည်းခံစရာမလို မြို့ခံ
အိမ်တွေက အဆင်သင့်ပို့ပေါ့။ ဆရာတော်ကြီး မရှိတော့ လွတ်လပ်တာ
ဗျောင်းဆန်နေတာပါပဲ။ တရက် ကျွန်တော်တို့ ကိုရင်တစုနဲ့ ငယ်ဖြူ
၂ ပါး ကျောင်းအောက်က အစိမ်းသေသေတဲ့ အိမ်မှာ စားပွဲခင်းပြီး
မကြောက်မရွံ့ သရဲခေါ်ကြပါတော့တယ်...။ စားပွဲအောက်မှာ ခဲတလုံး
ခုပြီး ငယ်ဖြူကိုရင်ကြီးက ခေါ်ပြပါတော့တယ်... ဝင်လာရင် စားပွဲ
လှုပ်ပြပေါ့... မကြာခင်မှာပဲ စားပွဲစလုပ်ပါတော့တယ်... ဘယ်သူမှ
မကိုင်ရပဲ.. ကြောက်ကြောက်နဲ့ တဦးလက်တဦးကိုင် ကြည့်နေတုန်း
ဝင်လာသူ ယောကျာင်္းဆိုရင် တချက်လှုပ်ပါ...ဆို လှုပ်ပြပါတယ်...။
နောက်ဘယ်သူကြောင့် သေတာလည်းလည်း မေးရော ဝုန်းဒုန်းဆိုပြီး
စားပွဲခုံကြီး တုန်ခါသွားတာ ကျွန်တော်တို့ ညီအကိုတွေ အထစ် ၂၀၀
ရှိတဲ့ ကျောင်းပေါ် ဘယ်လိုပြန်ရောက်လာမှန်းကို မသိတော့ပါဘူး...။
ကျောင်းပေါ်ရောက်တော့ ဦးဇင်းမသိအောင် ကုပ်ကုပ် ကုပ်နဲ့ပေါ့ ...
တောင်ခြေအောက်က အိမ်ကိုတော့ ကြည့်တောင် မကြည့်ရဲတော့ပါ ...။
ဒီလိုနဲ့ တပတ်ပြည့်တဲ့ ညနေခင်းမှာ အကိုအကြီးဆုံး ကိုရင်ဦးဆောင်ပြီး
ကျောင်းက ဦးပဇင်းကို မပြောမဆိုပဲ မြို့ဦးကျောင်းကနေ အဘိုးတွေ
အဘွားတွေ ရှိရာကို တိတ်တဆိတ်ပြန်လာပြီး အဲ့ဒီအရပ်မှာ အင်မတန်
ပေါတဲ့ ဥသျှစ်သီးဖျော်ရည် ပြန်ဘုန်းပေးကြတာပေါ့။ အပြန်တော့
အဘိုးတို့၊ အမေတို့က ပြန်လိုက်ပို့ပေးကြပါတယ်..။ ဦးပဇင်း အသိ
မပေးပဲ ပြန်လာမှန်း လူကြီးတွေက မသိကြလေ...။ ကျောင်းရောက်မှ
ဦးပဇင်းက ကျွန်တော်တို့ ပျောက်သွားလို့ စိတ်ပူနေတာ...။ အဲဒီအတွက်
ခံရတဲ့ အပြစ်ဒဏ်ကတော့ နောက်တနေ့မှာ တောင်အောက် ရေတွင်းက
ရေကို ကျောင်းပေါ်ကို ကျွန်တော်တို့တွေ ကဆုန် ညောင်ရေအိုးလေး
တွေနဲ့ ရေခပ်ခိုင်းပြီး ရေဒဏ်ပေးခံရတော့တယ်..။ အဲ့ဒီ့ရေဒဏ်ရယ်
အအေးမိတဲ့ဒဏ်ကြောင့် အဲ့ညမှာ ကျွန်တော် အကြီးအကျယ် ဖျားတော့
တာပါပဲ..။ ကျွန်တော်တို့ ကိုရင်ဝတ်တဲ့ မြို့လေးက အဲ့ဒီ့အချိန်က ညနေ
၅ နာရီကနေ ၉ နာရီထိပဲ မီးစက်နဲ့ မီးပေးတာ..။
တောမြို့ဆိုတော့ ခြင်ကိုက်တာလည်းမရှိ ခြင်ထောင်လည်း မလိုလေ
တောင်ပေါ်ကျောင်းဆိုတော့ လေတဖြူးဖြူးပေါ့....။ အားလုံးအိပ်မအိပ်
တော့ မသိကျွန်တော်ကတော့ ပင်ပန်းပြီး စအိပ်ပျော်သွားတော့တယ်...။
တကယ်တော့ အဲ့ဒီအချိန်မှာ ကျွန်တော် အကြီးအကျယ်ဖျားနေပြီလေ...
အကိုတွေကတော့ သတိမထားမိကြဘူး...။ အိပ်ပျော်ပြီး တရေးနိုးလာ
တဲ့ အချိန်မှာ ဆူဆူညံညံအသံတွေ ကြားနေရပြီ ဘေးကကိုရင်တွေ
အသံ၊ ကျောင်းက ကိုရင်တွေအသံ အတိုင်းသားကြားနေရတယ်..။
ပထမဦးဆုံး အကိုငယ် ရှင်နန္ဒိယက ကျောင်းက ကိုရင်ကြီးကို အရှင်ဘုရား
ဟိုမှာကလေးတွေ အချိန်မတော် ဘာလုပ်နေကြတာလဲတဲ့...
ပြေးတာလည်း မြန်လိုက်တာတဲ့ အပေါ်သိမ်ရှိတဲ့ လှေကားကနေ အောက်
ပြေးဆင်းလိုက် ပြေးတက်လိုက် လုပ်နေတာ မြန်မှမြန်၊ ကလေး လေး ...
ငါးယောက်တဲ့ သူတို့ ပြတင်ပေါက် သံတိုင်ကြားက ကြည့်ပြီး ပြောနေကြ
တာ၊ အတိုင်းသားကြားနေရပေမယ့် ကျွန်တော်မလှုပ်နိုင်ဘူး ...
ကျွန်တော်မြင်နေရတာကတော့ လူလုံးမကွဲတဲ့ ကလေးတွေ လာခေါ်
နေကြတာပါပဲ... သင်္ကန်းချွတ်ဖို့ ပြောပြီး တိုးကပ်လာကြပြီ ဘေးမှာ
အကိုကိုရင်တွေက အော်ပြောနေကြတာ ကျောင်းအပြင် မရမ်းပင်
အောက်ကနေ သိမ်ပေါ်လှေကားပေါ် ပြေးတက်ပြေးဆင်းနေကြတဲ့
တကယ့်မြင်ကွင်း အဲဒီမှာ နားလည်တဲ့ ကိုရင်ကြီးက ...
ဟာ ဒါ … မှင်စာကလေးသရဲတွေတဲ့ နောက်အကိုတွေ ပြန်ပြောပြတာ
ကလေးပုံသဏ္ဍာန် ပြိတ္တာတွေ...။ ကျွန်တော်ကတော့ အပြင်ကမြင်ကွင်း
ကို မမြင်ရ လှဲနေရတာကိုး မြင်နေရတဲ့က မသဲကွဲတဲ့ ကလေးပုံဆန်တွေ
စကားလည်း ပြောမရ၊ လှုပ်လည်းမရတော့ ... လာခေါ်နေတာတော့
သိတယ်... ဘေးမှာလည်း အကိုတွေ ပြောနေတာ အတိုင်းသားပေါ့၊
ကျွန်တော်မလှုပ်နိုင်တဲ့ အချိန်မှာ နောက်ဆုံး သံဗုဒ္ဓေရွတ်ဆိုတဲ့ အသံ
ကို ကြားလိုက်ရပြီး ပါးစပ်က လှုပ်ပြီးမနည်း အားယူဆိုလိုက်တဲ့ အချိန်မှာ
တော့ ခုနလာခေါ်တဲ့ ပြိတ္တာမှင်စာတွေ ပျောက်ခြင်းမလှပျောက်သွားတယ်။
ဘေးကအကိုတွေ ကျွန်တော့်ကို သတိမထားမိပဲ သူတို့ သင်္ကန်းကို
ပြသူကပြနေကြပေါ့..။ မလှုပ်နိုင်တဲ့ ကျွန်တော်ကတော့ သံဗုဒ္ဓေကို
ဘယ်နှစ်ခေါက် ရွတ်မိမှန်းကို မသိတော့ပါ..။ နောက်ဆုံး ကိုရင်ကြီးတွေ
နဲ့ အကိုတွေ ပြောတာကြားလိုက်တာကတော့ ဟာစောင်းလျားပင်တွေကြား
မှာ ခေါင်းပေါင်းဖြူကြီးနဲ့ လူကြီးတဲ့ အဲဒီအချိန်မှာပဲ လျှပ် … လျှပ်နဲ့
ကျွန်တော်အသံပဲကြားပြီး အကိုတွေ အတိုင်းသားမြင်နေရတဲ့ ကလေး
အရွယ်.. ၁နှစ် ၂နှစ်သားအရွယ် မှင်စာတွေ ပျောက်ခြင်းမလှ ပျောက်
သွားပါတော့တယ်တဲ့။
အဲဒီမှာမှ ဘေးက ကျွန်တော့်ကို သတိရပြီး လှမ်းနှိုးပြီးပြဖို့ နှိုးတော့မှ
ကျွန်တော် ကိုယ်တွေ ချစ်ချစ်တောက်ပူနေတာ သူတို့သတိထားမိကြ
တယ်။ ကျွန်တော့်ကို ဦးဇင်းကြီးချက်ချင်းရောက်လာပြီး ရေပတ်တင်
ဆေးတိုက်လုပ်ရပါတော့တယ်။ ကျွန်တော်လည်း အားအင်ကုန်ခမ်းပြီး
အိပ်ပျော်သွားပါတော့တယ်...။ မနက်မိဘတွေ အဘိုးတွေလာတော့
ချက်ချင်းလူဝတ်လဲပြီး မြို့မှာ တဦးတည်းသော ဆရာဝန်နဲ့ ပြတော့မှ
ကျွန်တော် အသည်းရောင် အသားဝါဖြစ်နေတာ သိကြရပါတော့တယ်..။
အဲ့ဒီညက အဖြစ်အပျက်တွေကို အကိုကိုရင်တွေက လူကြီးတွေ
ပြောပြတော့မှ လူကြီးတွေ သိကြရတာ။ ရှင်းရှင်းပြောရရင်တော့
ကျွန်တော်သေကောင် ပေါင်းလဲဖြစ်နေတာကို ဝမ်းသာအားရ မှင်စာ
ကလေးသူရဲလေးတွေက လာခေါ်ကြတာလေ။ ကျွန်တော့်အကို
ကိုရင်တွေကတော့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာကို ယခုအထိ
ပြောစမှတ်ပြုနေပါတယ်။ နေရာကလည်း မြေကြမ်း နောက်
ကျွန်တော် သင်္ကန်းစီးထားရတာရယ်၊ သံဗုဒ္ဓေဂါထာကို ဆိုမိလိုက်တာ
ရယ်၊ သူတော်စင်တဦး ပေါ်ထွက်လာတာရယ် ဆုံသွားလို့ ကျွန်တော်
ပါမသွားတာလို့ ပြောစမှတ်ပြုကြရပါတယ်..။ အရေးကြုံလို့ အသက်
အန္တရာယ်ကြုံလာရင် အကြောက်တရားကြောင့် ဘာဆိုဘာမှ မသိတော့
ပါ။ ကျွန်တော်တခေါက် ရေနစ်စဉ်က ရေပေါ် သုံးခါပေါ်လာမှ ရေကူး
တတ်တယ်ဆိုတာ အပေါ်ကလှမ်းသတိပေးမှ သတိရတာပါ။ ခုလည်း
ဒီဖြစ်စဉ်မှာ သံဗုဒ္ဓေဂါထာကို သတိပေးမှ ရွတ်ဖြစ်တာကို သတိထား
မိခဲ့ပါတယ်။ ဒီလို ငယ်ငယ်က နာနာဘာဝတွေနဲ့ အဖြစ်အပျက်တွေ ကြုံခဲ့
ဘူးတဲ့ ကျွန်တော် လွန်ခဲ့တဲ့ ၆နှစ်ခန့်က ဂျပန်နိုင်ငံ တောမကျ မြို့မကျ
မြို့လေးတမြို့မှာ ထပ်မံကြုံတွေ့ခဲ့ရ ပြန်ပါတယ်။
ဆက်လက်ဖတ်ရှုချင်ရင်တော့ ကျွန်တော်ရေးသားပါဦးမယ်...။
ကိုအောင်ရေ
(ပြီးပါပြီ …. ။)
-ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦး
Dear Angel(15)....
2 days ago
17 comments:
ဖတ်ပြီးသွားပြီ ကိုအောင်ရေ ကျေးဇူး နောက်လည်း ဆက်ဖတ်ချင်ပါသေးတယ် လို့ တောင်းဆိုပါတယ်
နောက်ထပ်လည်းဖတ်ချင်ပါသေးတယ်
အကိုအောင်ရေ
အကိုရေ...နောက်ထပ်လည်းစောင့်မျှော် အားပေးနေပါတယ်လို့...:)
ခုက ညအိပ်ရဦးမယ်ကိုအောင်ရေ..
မဖတ်ရဲဘူး ခေါင်းစဉ်နဲ့ အပေါ်က တစ်ကြောင်းဘဲဖတ်တယ်
ိဟိ အဲလို သတ္တိရှိတာ..
မနက်ကျ ပြန်လာခဲ့မယ် အဲဒီတော့မှ မှင်စာနဲ့တွေ့တယ်.
နောက်ထပ် ပို့ စ်တွေ တင်ပါဗျို့ ...
ဖတ်သွားတယ်ရှင့်။ သမ္ဗုဒ္ဓေဂါထာက အရမ်းကိုစွမ်းတာအမှန်ပါပဲ။
ခင်တဲ့
မေသိမ့်
စိတ်ဝင်စားစရာပဲ ကိုအောင်ရေ။
လောကကြီးထဲမှာဆန်းကျယ်မှုတွေကတော့ ဒုနဲ့ဒေးပဲနော်။
ကိုအောင်အဆင်ပြေရင် ဖတ်ခွင့်ကြုံချင်ပါသေးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တောင်းဆိုပါတယ်
သံဗုဒ္ဓေဂါထာတော်က တကယ်ကို အစွမ်းထက်တယ်နော်...
တောနယ်တွေမှာတော့ မှင်စာသရဲပုံပြင်တွေ အများကြီးပါဘဲ ကိုအောင်ရေ..
စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်
နောက်ထပ်လည်း ဖတ်ချင်ပါသေးတယ်
ညက မဖတ်ရဲလို့ ခုမှ လာဖတ်တာပါ
ငယ်ငယ်ကတော့ သရဲဆိုတာနဲ့ ကြောက်တယ်၊ အသက်ကြီးလာတော့ မကြောက်တော့ဘူး၊
မြင်မှ မမြင်ဖူးတာကိုး။ အဲလေ မြင်လည်း မမြင်ချင်ပါဘူး :)
သမ္ဗုဒ္ဓေဂါထာက တကယ့်ကို အစွမ်းထက်တာပါ..။ မနက်လင်းလင်းချင်းချင်းကြီးမှာ ကျောတချမ်းချမ်းနဲ့ ဖတ်သွားပါတယ်။
အီး သိတယ် အဲလိုတော့ မဟုပ်ဘူး။ နောက်မှ ပဲ ပြောပြမယ်။
မှင်စာ တကယ် ရှိ မရှိ တော့ ကိုယ်တွေ့ မကြုံရသေးလို့ မသိဘူး ကိုအောင်ရေ ..
မေမေကတော့ သူ့ကြုံခဲ့ဖူးတဲ့ မှင်စာ နဲ့ ချီးစားစုန်းတွေ အကြောင်း ပြောပြဖူးတယ် ။အသည်းတထိတ်ထိတ်နဲ့ နားထောင်ရတာတော့ အရသာတခုပါပဲ..
ကိုယ်တိုင်လည်း မကြုံဖူးချင်ပါဘူး .. ကြောက်တတ်လို့  ..း))
ခင်တဲ့ မကိ
သံဗုဒ္ဓေဂါထာတော်က ကျမကို အခုထိ ကယ်တင်နေတယ်။ ပစည်းပျောက်တာ သာမာန် မဟုတ်ဘဲ နတ်ဖွက်တယ် ထင်ရင် ရွတ်လိုက် ၅မိနစ် အတွင်းပြန်ထွက်လာတယ်
တကယ်ဘဲ မယုံမရှိနဲ့ 
ဆောင်း
thankz
ဖတ်လို့ကောင်းတယ် အစ်ကိုအောင်ရေ။ ထပ်တင်ပါအုံးခင်ဗျာ။
ကျွန်တော်illegalဘ၀နဲ့မလေး-စင်ကာပူ(လ.၀.က)ထဲလမ်းမှားဝင်ပြီးအဖမ်းခံရ
ပါတယ်ကျွန်တော့်ကိုခေါ်သွားတဲ့စင်ကာပူက
သူဋ္ဌေးမကလဲငိုနေပြီသူလဲforeignerဆိုတော့ကျွန်တော်ကယ်ဖို့သာသာသူ့ဖာသူတောင်မနည်းရှင်းနေရတယ်သူ့ကိုစစ်တုန်း.ကျွန်တော်ထွက်ပြေးခဲ့တယ်.ထွက်ပေါက်ရှိမယ်အထင်နဲ့..တောင်မြေက်ပြေးလို့အပေါက်မတွေ့တော့ကားထွက်ပေါက်ကနေသံဗုဒ္ဓေရွတ်ပြီးလျှောက်တာနောက်ဆုံးဂိတ်မှာပြန်အတားခံရတယ်.ပိုက်ဆံပေးမရရှင်းမရလို့သံဗုဒ္ဓေဆက်ရွတ်တာ.မလေးသားအသိလာခေါ်လို့လွတ်မြောက်ခဲ့ရပါတယ်
Post a Comment