Friday, 28 October 2011

အမှတ်တရ (အပိုင်း- ၄)

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ မဖတ်ရှုသင့်ပါ။)

ယခင် အပိုင်း(၃)မှ အဆက် ….

အိမ်ခေါင်မိုးပေါ်ကို တဖျောက်ဖျောက်ကျဆင်းလာတဲ့ မိုးရေကျသံ
နှင့်အတူ ဗွီဒီယိုဇာတ်လမ်းကို ကြည့်ရင်း သူတို့ မျက်ခွံတွေ
လေးလံနေပါပြီ၊ မမအေး ထ'ယူပေးတဲ့ ဖြူဖြူတို့အိမ်က ရှိရှိသမျှ
စောင်တွေကို မျှခြုံရင် တချို့က နံရံကို မှီ၊ တချို့က မောက်ခုံ၊
တချို့က ပက်လက်၊ ချစ်ကြိုက်ညားကွဲ ဇာတ်လမ်းထဲက စကားလုံး
များဟာ သူတို့အာရုံများကို ဖမ်းစားလျက်။

ဇာတ်လမ်းတစ်ခု ပြီးဆုံးသွားလို့ နောက်ထပ် ဇာတ်လမ်းခွေ တစ်ခွေကို
တစုံတယောက်က စက်ထဲကို ထည့်လိုက်လို့ “ချောက်ကနဲ” မြည်သံ
ကို ကြားလိုက်ရပါတယ်၊ ဇာတ်လမ်းနာမည် ဘာလဲ၊ ဘယ် မင်းသား
မင်းသမီးတွေ ပါလဲ၊ ဒါရိုက်တာ ဘယ်သူလဲလို့ မေးခွန်းထုတ်သူ
မရှိသော တိတ်ဆိတ်မှုထဲ နောက်ထပ် ဇာတ်လမ်းအသစ်က စတင်
နေပါပြီ။ ဗွီဒီယိုကြည့်နေသူတွေကြား တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူက
နွေအေးရဲ့ သူငယ်ချင်း မျောက်မူးလဲ ....


`နွေအေး၊ မင်းပြောတော့ မင်းတို့ခေါင်းရင်းက အိမ်မှာ ဟိုဟာ
ဖြစ်တယ်ဆို၊ ခုထိ ဘာမှ မကြားရသေးပါလား ...´
`မင်းကလဲ၊ အဲဒီသရဲ အပြင်လျှောက်သွားနေလို့ ဖြစ်မှာပေါ့ ...´
`သရဲက လူလို လဖက်ရည်ဆိုင်တွေ ဘာတွေ ထိုင်တတ်လို့လား ...´
`သရဲ ဗိုက်ဆာလို့ အပြင်ထွက် ၀ယ်စားနေတာဖြစ်မယ် ...´
`ဟားဟားဟား … ´
`ဟဲ့ မျောက်မူးလဲနဲ့ နောက်တိုး၊ တီဗွီက လာတဲ့အသံကို မကြားရဘူး၊
နင်တို့အသံပဲ ဆူနေတာ၊ ငါတို့အိမ်ပေါ်မှာ ပေါက်ကရတွေ လျှောက်
မပြောနဲ့နော် ...´
`မဖြူ ကြောက်လို့ မလား၊ ဟားဟားဟား ...´
`ကြောက်တယ်လို့လည်း မဟုတ်ပါဘူး၊ ဒါပေမယ့် နည်းနည်းတော့
ကြောက်တယ် … ´
`ဟားဟားဟား ...´

ဇာတ်လမ်းစလို့ သိပ်မကြာခင် ထွေးထွေးတစ်ယောက် ဖြူဖြူကို
လက်ကုတ်ပြီး နောက်ဖေးအိမ်သာသွားချင်လို့ အဖော်စပ်နေပါတယ်။
အိမ်သာထဲက ထွေးထွေးကို စောင့်နေရင် ဖြူဖြူတစ်ယောက်
နောက်ဖေးပြတင်းပေါက်ကနေ လျှောက်ကြည့်နေမိပါတယ်။
ရုတ်တရက် စကားပြောသံလိုလို ငိုရှိုက်သံလိုလို အသံတစ်ခုကို
ကြားလိုက်ရသောကြောင့် ဖြူဖြူ ထိတ်လန့်သွားပါတယ်။ အိမ်ရှေ့
က ဖွင့်နေတဲ့ ဗွီဒီယိုဇာတ်လမ်းထဲက လား … နောက်ဖေးအိမ်က
ထွေးထွေးတို့ သားပုတို့ မိဘနှစ်ပါး ရန်များ ဖြစ်နေသလား … စသဖြင့်
အိမ်သာအပေါက်ဝမှာ စဉ်းစားရင် အဖြေရှာလို့ မရ။

`ထွေးထွေး … ကြာလိုက်တာဟာ … ဟဲ့ ...ထွေးထွေး …
ထွေးထွေး ...´ အိမ်သာထဲကို ဘယ်လို ခေါ်ခေါ် ထွေးထွေးထံမှ
မည်သည့်အသံမှ ထွက်ပေါ်မလာသောကြောင့် ဖြူဖြူအသံဟာ
တဖြေးဖြေးချင်း ပိုပိုကျယ်လာပါတယ် ...။ ဖြူဖြူအသံကြောင့်
အိမ်ရှေ့ခန်းမှာ ဗွီဒီယိုကြည့်နေကြတဲ့ ကိုစိုး၊ မမအေးနဲ့ နွေအေး
အပါအ၀င် ကလေးငယ်အားလုံး နောက်ဖေးဆီ ပြေးဝင်လာကြ
ပါတယ်။ အိမ်သာတံခါးကို သူတို့အားလုံး ဘယ်လို ထုထု အိမ်သာ
ထဲက ထွေးထွေးရဲ့အသံတော့ ထွက်မလာ၊ အတန်ကြာအောင်
ခေါ်နေကြပေမယ့် ပြန်ထူးသံ မကြားရတဲ့အဆုံး အိမ်သာတံခါးကို
ဇွတ်အတင်း ဆွဲဖွင့်ဖို့ ကိုစိုးက ဟန်ပြင်လိုက်ပါတယ်၊ အိမ်သာ
အပေါက်တည့်တည့်မှာ မမအေးနဲ့ ဖြူဖြူတို့ နှစ်ဦးသာရပ်နေပြီး
ယောင်္ကျားလေးအားလုံးကို ဘေးဖယ်ခိုင်းလိုက်ပါတယ်။ အိမ်သာရဲ့
အပေါ်ထောင့် တစ်နေရာက ပြတင်းပေါက် သေးသေးလေးကို
ဖုံးအုပ်ထားတဲ့ မိုးကာ ပလပ်စတစ်ရဲ့ တဗြန်းဗြန်းရိုက်သံကြောင့်
သူတို့ ဆံပင်မွှေးတွေ ထောင်သွားကြ။

သူတို့အားလုံးရဲ့ ဇွတ်အတင်း လှုပ်နိုးသံကြောင့် တအင်းအင်း
ဖြစ်နေတဲ့ ထွေးထွေးကို ကြည့်ရင်း အားမလို အားမရ၊ အိမ်ရှေ့
ခန်းက မပိတ်ခဲ့တဲ့ တီဗွီအသံကြောင့် နွေအေးကို တီဗွီ သွားပိတ်
ဖို့ ကိုစိုးက ပြောလိုက်ပါတယ်။ နောက်ဖေးခန်းရဲ့ မီးလုံး ၀ါကျင့်ကျင့်
အောက်မှာ သူတို့ရဲ့ မျက်နှာတွေကို ပြူးကြောင်ကြောင် ကြည့်ရင်း
တစ်ခုခုကို ကြောက်လန့်နေပုံရတဲ့ ထွေးထွေး မျက်ဝန်းအိမ်ထဲ
တွင် မျက်ရည်များက အပြည့်။ ထွေးထွေးဆီ တစ်ယောက်တစ်ခွန်း
မေးနေတဲ့ စကားသံတွေ ဖုံးလွှမ်းသွားအောင် ကြားလိုက်ရတဲ့
အသံက သူတို့အကြားက မဟုတ်၊ အိမ်ရှေ့က တီဗွီကို သွားပိတ်
နေသော နွေအေး၏ အသံ ….
`လာကြပါအုံး … ဘာကြီးလဲ … ဘယ်သူလဲ … ဘယ်သူလဲ ...´

ဖြူဖြူတို့အားလုံး အိမ်ရှေ့ခန်းကို ရောက်လုဆဲဆဲ အချိန် နားထဲမှာ
ကြားနေရတာက အမျိုးသမီးတစ်ဦးရဲ့ လှောင်ရယ်သံ လိုလို၊ အိမ်ရှေ့
ခန်းရဲ့ ထောင့်တစ်နေရာမှာ ကြောက်လန့်နေတာက နွေအေး၊ တီဗွီရှေ့
မှာ ကြမ်းပြင်ပေါ်က ရေစိုနေသော ခြေရာများက သူတို့အားလုံးကို
လှောင်ပြောင်နေသလိုလို၊ ဘယ်သူ ဖွင့်လိုက်မှန်းမသိတဲ့ ခေါင်းရင်းဖက်
ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ လေတချို့က သူတို့နောက်ကျော
ထဲ စိမ့်ပြီး ၀င်လာသလိုလို ….။ … ဘာဖြစ်တာလဲ နွေအေး … ဘာကို
မြင်လိုက်လို့လဲ …
`ကျနော် တီဗွီပိတ်ဖို့ ဒီနားကို ရောက်လာတော့ ခေါင်းရင်းပြတင်း
ပေါက်က ပွင့်နေတယ်၊ အဲဒါနဲ့ တီဗွီကို မပိတ်သေးပဲ ပြတင်းပေါက်ကို
အရင်ပိတ်ဖို့ တံခါးကို ဆွဲလိုက်တော့ ကျနော့်နောက်ကနေ ရယ်သံ
လိုလို အသံတစ်ခု ထွက်လာတယ်၊ အဲဒါ လှည့်ကြည့်လိုက်တော့
ဆံပင်ရှည်ရှည်နဲ့ အမကြီးတစ်ယောက်က ကျနော့်ပခုံးကို ဆုပ်ကိုင်ပြီး
ဒီကြမ်းပြင်ပေါ် တွန်းချလိုက်တာဗျာ၊ ကျနော် အော်ဖို့ ကြိုးစားတယ်၊
ကျနော့်ပါးစပ်က ဘာစကားမှ ပြောလို့မရဘူး၊ အဲဒီအချိန်မှာ ခေါင်းရင်း
အိမ်က ပြတင်းပေါက်ပွင့်လာပြီး အ၀တ်အစားတွေ ရေစိုနေတဲ့ အကိုကြီး
တစ်ယောက်လည်း ဒီဖက်ကို ခုန်ကူးလာတယ်၊ လဲကျနေတဲ့ ကျနော့်ကို
ကြည့်ရင်း သူတို့နှစ်ယောက် ဟားတိုက် ရယ်နေတာ အကြာကြီးပဲ၊
အဲလို ရယ်မောနေရင်း သူတို့ရဲ့ပုံစံက လူပုံစံကနေ သရဲလိုလို တစ္ဆေ
လိုလို ကြောက်စရာပုံစံတွေ ပြောင်းသွားတယ်၊ ဒါနဲ့ ကျနော်လည်း
ကုန်းရုန်းပြီး အော်လိုက်တာ … အဲဒီတော့မှ ကျနော့်အသံက ထွက်
လာတယ် … သူတို့နှစ်ယောက် အခုလေးတင် ပြတင်းပေါက်ကနေ
သူတို့အိမ်ဖက်ကို ခုန်ကူးသွားတာ … ကြောက်စရာကြီး ….´

ရုတ်တရက် ဖြူဖြူတို့အိမ်ရှေ့ကနေ ပေါင်ချိန်တို့အဖွား ဖွားဖွားမြ
ရဲ့ အော်ခေါ်သံကို သူတို့ ကြားလိုက်ရပါတယ် …
`ကလေးတို့ရေ … ကလေးတို့ ...´
အိမ်ပေါ်ကနေ အလုအယက် ပြေးဆင်းလာကြသော သူတို့အားလုံး
ဖွားဖွားမြထံ သူတို့ဖြစ်ပျက်နေပုံကို မပြောနိုင်၊ ဖွားဖွားမြက ကိုစိုးနှင့်
မမအေးကို ပြောပြနေသာ စကားတွေကို နားထောင်ရင်း အသက်ရှုဖို့
မေ့နေကြ …
`ဒီ ခေါင်းရင်းအိမ်ရဲ့ ခေါင်းရင်းဖက် တစ်အိမ်ကျော်မှာ နေတဲ့ လေးဘီး
ကားမောင်းတဲ့ စည်သူတို့အိမ်မှာ စည်သူ့မိန်းမ ဇာခြည်တစ်ယောက်
ငိုလိုက် ရယ်လိုက်ဖြစ်နေတယ် … ဘယ်လို ပြောရမလဲ … ညကြီးမိုးချုပ်
… အပမှီတာ သရဲဝင်ပူးတာ ခံနေရတယ်လို့ ပြောနေကြတယ် …
မင်းတို့ခေါင်းရင်းအိမ်က သူတို့အိမ်နဲ့ဆို ခြေရင်းအိမ်လေ … အဲဒါ
ခပ်စောစောက သူတို့အိမ် အပေါ်ထပ်က ပြတင်းပေါက်တံခါးကို လာ
ခေါက်သံကြားရလို့ ထ' ဖွင့်ပေးလိုက်တာ... ဘာမှ မမြင်ရဘူး … အဲဒီ
အချိန်ကစပြီး ဇာခြည် ငိုလိုက်ရယ်လိုက်နဲ့ အပမှီသလို ဖြစ်နေတာ …
အခု သူတို့အိမ်မှာ အိမ်နီးနားချင်းတွေ အကုန်လုံး ရောက်နေကြတယ်၊
သူတို့နဲ့ အဖွားတို့အိမ်က အိမ်ချင်း ဖင်ချင်းပေါက်ဆိုတော့ အဖွား
လည်း သွားကြည့်မလို့ … မင်းတို့ကို စိတ်ပူလို့ လာပြောတာ ...´

(၈)

အဖွားမြက လိုက်ဖို့မခေါ်ပေမယ့် ကိုစိုးတို့ မမအေးတို့ လင်မယား
အပါအ၀င် ဖြူဖြူတို့အားလုံး လေးဘီးကားမောင်းသော ကိုစည်သူ
တို့ အိမ်ပေါက်ဝတွင် စုပြုံးတိုးဝှေ့ပြီး သရဲအပူးခံနေရသော မဇာခြည်
ကို ကြည့်နေကြပါတယ်၊ အိမ်နီးနားချင်း အရပ်ထဲက လူကြီးများရဲ့
မေးခွန်းများကို မျက်ထောက်နီဖြင့် ပြန်ဖြေနေသူက မဇာခြည် …

မင်းက ဘယ်သူလဲ ဘယ်ကလဲ …
ကျမက ဟိုဖက်အိမ်က၊ ကျမ နာမည်က မွန်မွန် …
ဘာ လိုချင်လို့လဲ၊ ဘာဖြစ်လို့ အခုလို လုပ်ရတာလဲ …
ကျမတို့ ချစ်သူနှစ်ဦး အမျှအတန်း လိုချင်လို့ပါ …
မင်းတို့က ဘယ်လိုဖြစ်ပြီး အဲဒီအိမ်မှာ စွဲကပ်နေတာလဲ …
ကျမက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပါ … ကျမ မကျွတ်မလွတ်
မှန်း အိမ်သားတွေက သိတော့ … သူတို့အားလုံး အိမ်မှာ မနေရဲလို့
နယ်မှာ သွားနေကြတာပါ …
မင်းက ဒီအိမ်မှာ သတ်သေခဲ့တာ ဟုတ်လား … ဒီအိမ်မှာ ကိုယ့်ကိုယ်ကိုယ်
သတ်သေမှုဖြစ်တယ်လို့ ဒို့လည်း တခါမှ မကြားဘူးပါလား … ဒါနဲ့ မင်းရဲ့
ချစ်သူဆိုတာကရော .. သူက ဘယ်ကလဲ …
သူ့နာမည်က ကိုသက်ပိုင်ပါ …. သူက မလေးရှားနိုင်ငံမှာ အလုပ်သွား
လုပ်ရင်း မလေးရှားမှာ အဆင်မပြေလို့ … ပထမ အလုပ်ရှင်ဆီကနေ
ထွက်ပြေးပြီး နောက်အလုပ်ရှင်တစ်ဦးစီမှာ အလုပ် ပြောင်းလုပ်ပါတယ်၊
အဲဒီလိုနဲ့ တရားဝင် အလုပ်သမားဘ၀ကနေ တရားမ၀င် အလုပ်သမား
ဖြစ်သွားတာ၊ မလေးရှားရောက်နေတဲ့ နှစ်တွေသာ ကြာလာတယ်
သူ့ဘ၀က ဘာမှ တိုးတက် မလာဘူး၊ ဒါနဲ့ တရားမ၀င် အလုပ် လုပ်
ရတာချင်းအတူတူ မလေးရှားကနေ စင်္ကာပူနိုင်ငံမှာ သွားလုပ်မယ်ဆိုပြီး
စင်္ကာပူနိုင်ငံထဲကို ရေလမ်းကတဆင့် ခိုးဝင်ဖို့ ကြိုးစားပါတယ် …
ကျမချစ်သူ ကိုသက်တို့ လိုက်ပါသွားတဲ့ မော်တော်ဟာ စင်္ကာပူနိုင်ငံ
ထဲကို အ၀င် ရဲမော်တော်ကို မြင်လိုက်ရလို့ သူရော တခြားသူတွေ
ပါ ရေထဲခုန်ချခဲ့ပါတယ်၊ သို့ပေမယ့် သူ စီးထားတဲ့ ၀ါကင်းရှုဖိနပ်
ကြောင့် ရေကူးရာမှာ လေးလံပြီး ရေနစ်သေဆုံးခဲ့ပါတယ် ….

(ဆက်ရန်။)

-စစ်ငြိမ်းဒီရေ
Read more »

Thursday, 27 October 2011

Wednesday, 26 October 2011

ကြုံရဆုံရ ဂျပန်ဝိညာဉ်လောက (အပိုင်း -၁)

(ဒီစာကို ရေးတဲ့သူဟာ ဒီဘလော့က မဟုတ်ပါ၊ ကော်ပီကူးပြီး
အီမေးလ်ကတဆင့် ဖြန့်ချီနေသူများ စည်းကမ်းရှိကြပါ။)

ငယ်ငယ်က ကိုယ်တိုင် အတွေ့အကြုံလေးတွေ ရေးရင်း၊ ပြောရင်းက
ခုလူကြီးပိုင်းမှာ လွန်ခဲ့တဲ့ ၆နှစ်လောက်က ဂျပန်နိုင်ငံ တောမကျ၊
မြို့မကျနယ်မြို့လေးမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရ ကိုယ်တွေ့
ဇာတ်လမ်းလေးကို ပြောပါရစေ..။

ဒီဇာတ်လမ်းကို မရေးခင် ဂျပန်နိုင်ငံအကြောင်းလေးကို နည်းနည်း
ပါးပါး ပြောပါရစေ..။ ဂျပန်နိုင်ငံလို့ ပြောရရင် ကျွန်တော်တို့ ဂျပန်နိုင်ငံ
ရဲ့ အထင်ကရ လှပတဲ့ ဖူဂျီယာမ တောင်ကြီးကို ပြေးမြင်မိကြမှာပါ..။
ဂျပန်လိုဆိုရင်တော့ ယာမဆိုတော တောင်ကို ရည်ညွှန်းတာဆိုတော့
ဖူဂျီတောင်ပေါ့..။ ဂျပန်လူမျိုးတွေကတော့ ဖူဂျီလို့ ခေါ်ရင် မကြိုက်ကြ
ပါဘူး။ သက်ရှိ လူတစ်ဦးတယောက်ကို လေးစားသမှုနဲ့ ခေါ်ညွှန်းသလို
ဖူဂျီစန်လို့ ခေါ်မှ ကြိုက်ကြပါတယ်...။ ဒီလို အင်မတန်မှ လှပတဲ့ ဖူဂျီစန်
ရဲ့ ပတ်ဝန်းကျင် တောအုပ်တွေထဲမှာ ဂျပန်လူမျိုးတွေ ကိုယ့်ကိုယ်ကို
Suicide လုပ် သတ်သေကြပါတယ်..။


နွေရာသီရောက်ရင် ဖူဂျီတောင်ခြေက တောတွေထဲကို ရှာဖွေရေး
တွေ ဝင်ပြီး သေဆုံးသူတွေကို ရှာဖွေရတာ နှစ်စဉ်ပါပဲ...။ လွန်ခဲ့တဲ့
နှစ်တွေကတော့ ဂျပန်ဟာ ကမ္ဘာမှာ လူဦးရေ အချိုးစားအရ နှစ်စဉ်
သတ်သေမှုနှုန်း တနှစ်ကို သောင်းကျော်ပါတယ်..။ အရင်ကတော့
ဒုတိယနေရာ ၊ ရှေ့မှာ ရုရှားက ခွဲထွက်နိုင်ငံတွေက ပထမပေါ့..
၂၀၁၀ခုနှစ်မှာတော့ နံပတ်၅နေရာမှာ ရှိနေပါတယ်။ ကိုရီးယားက
ဒုတိယနေရာရောက်သွားပါတယ်.. နောက်တခုကတော့ ဂျပန်နိုင်ငံမှာ
Suicide လုပ်တာကတော့ မီးရထားလမ်းပေါ်ခုန်ချ သတ်သေတာပါပဲ..။
မကြာခဏ ရထားတွေရပ် သွားရေလာရေးခက်ခဲကုန်တာ မကြာခဏ
ပါပဲ..။ နောက်တခုကတော့ တိုက်ပေါ်ကနေ ခုန်ချသေတာတွေ
အဲလိုသေတဲ့ တိုက်တွေဆို အခန်းငှားသူ၊ ဝယ်သူတွေက လက်ရှောင်
ကြတယ်..။ အခန်းငှားခ ဈေးပေါနေပြီဆိုရင် သတိသာထားပေတော့...။

ဒါကတပိုင်းပေါ့ နောက်တခုက မဟာယာနဗုဒ္ဓဘာသာတွေ ဖြစ်တဲ့
အတွက် အစွဲအလန်းတွေနဲ့ သေတဲ့သူတွေက ကျွတ်ဖို့ ဘယ်လွယ်
မလဲ..။ နောက်သူတို့က သြဂုတ်လနွေရာသီမှာ တရုတ်လူမျိုးတွေလို
သေဆုံးတဲ့ မိဘတွေကို ပြန်ခေါ်ပြီး သချိင်္ုင်းတွေမှာာ ကန်တော့
ကျွေးမွေးကြတာလဲ ရိုးရာတခုလိုဖြစ်နေတာပေါ့..။ နှစ်တိုင်း နွေရာသီ
ညတွေမှာ တီဗီဖန်သားပြင်ပေါ်မှာ တစ္ဆေသရဲ ဖြစ်ရပ်မှန်တွေ အမြဲပြသ
နေကြလေ.. သေချာစူးစမ်းရိုက်ကူးထားတဲ့ ကိုယ်တွေ ဓာတ်ပုံ၊၊
ရုပ်သံတွေလည်း စုံမှစုံ.. အထူးသဖြင့် တောင်ကြားဥမင်လှိုဏ်ခေါင်း
ကားလမ်းတွေကတော့ နာမည်ကြီးပါပဲ..။ ၁၉၉၉ခုနှစ်အစက ထင်ပါ
တယ်.. ကျေးဇူးရှင် ဗောဓိတထောင် ဆရာတော်ဘုရားကြီး အိန္ဒိယ
နိုင်ငံကနေ အပြန်ဂျပန်ကို ပြန်ကြွလာတုန်းက သွားရောက်ဖူးမျှော်
မိပါတယ်...။ အဲ့ဒီအချိန်က ဆရာတော်ကြီးက ဂျပန်မှာ ဆောက်လုပ်
ပြီးစီးသွားတဲ့ ကမ္ဘာအမြင့်ဆုံးရပ်တော်မူ အုရှိကုရုပ်ပွားတော်ကြီးလို
မြန်မာပြည်မုံရွာ ဗောဓိတစ်ထောင်မှာ ရပ်တော်မူ ရုပ်ပွားတော်ကြီး
တည်ဆောက်ဖို့အတွက် လိုအပ်တဲ့သံတွေကို အိန္ဒိယက တံတားပျက်
တစ်စင်းက သံတွေကို လေလံ ဝယ်ယူလာပြီး ပြန်လာတယ်လို့
ဆိုပါတယ်..။

အဲဒီမှာ ဆရာတော်ကြီး ဂျပန်ရောက်စဉ် ဂျပန်ရဲ့ နာမည်ကြီး ကမာကူရ
ရုပ်ပွားတော်ကြီးကို တိုကျိုကဒကာတွေနဲ့ သွားဖူးကြပါတယ်..။
ကမာကူရဘုရားဝင်းထဲရောက်တော့ ဆရာတော်ကြီးက အတူပါလာတဲ့
ဒကာ၊ ဒကာမတွေကိုမေးပါတယ်..။ ဘေးမှာ အသံတွေကြားလား..
ဘာတွေမြင်ရလည်းတဲ့..။ ဒကာ၊ ဒကာမတွေက သာမာန်လူတွေဆိုတော့
ဘာမှမမြင်၊ မသိလေ... ဆရာတော်ကြီးက တစ်ဦးတည်း၊ နူတ်ဆက်
စကားတွေဆို (နားမလည်တဲ့စကားတွေနဲ့တဲ့) အမျှအတမ်းဝေနေတာ
ကို ကြားနေရတယ်..။ ဘေးကဒကာတွေကတော့ ဓာတ်ပုံရိုက် မှတ်တမ်း
တင်ပေါ့..။ အားလုံးအမျှအတမ်းဝေ ပြီးတော့ ဆရာတော်ကြီးက
ကမာကူရပတ်ဝန်းကျင်က နတ်တွေ မကျွတ်မလွတ်သူတွေ အမျှအတမ်း
လိုချင်လို့ လာကြတာ များမှများတဲ့ ဆူညံနေတာပဲတဲ့...။ ဒကာတွေက
တော့ ဘာမှမသိလေ..။ ကျွန်တော်အဲ့ဒီညက ဆရာတော်ကြီးကို
သွား ဖူးမျှော်တော့ အတူလိုက်သွားတဲ့ ဒကာက ဆရာတော်ကြီးကို
မှတ်တမ်းတင်ထားတဲ့ ပုံတွေထုတ်ပြတယ်...။ ကျွန်တော် အံ့သြမိပြီး
ပါးစပ်ဟောင်းလောင်း ဖြစ်သွားတာကတော့ ဆရာတော်ကြီး
လက်အုပ်ချီနေတဲ့ ပုံနံဘေးပတ်ပတ်လည်မှာ တိမ်လို အဖြူရောင်
အလင်းတန်းတွေ အတွန့်တွန့်နဲ့ ရိုက်ထားတဲ့ ပုံတော်တော်များမှာ
တွေ့ရတာပါ .။ ပတ်ဝန်းကျင်က မမြင်ရတဲ့ ပုဂ္ဂိုလ်တွေတဲ့.. တသက်နဲ့
တကိုယ် ပထမဦးဆုံး တွေ့လိုက်ရတာပါပဲ.။

၂၀၀၅ခုနှစ်က နယ်မြို့မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက် မတိုင်မှီ တိုကျိုမြို့
ပေါ်က အလုပ်မှာ ၂၀၀၄ခုနှစ်ကကြုံခဲ့ရတာတခုကတော့ တရက်
အလုပ်ပြန်ချိန်နောက်ကျပြီး.. ရထားမမှီတော့တဲ့ အတွက် အလုပ်မှာ
ပဲ အိပ်ဖြစ်တဲ့ညပေါ့...။ အလုပ်ကတော့ ရှားရှားပါးပါး မြန်မာဘုရားစင်
နဲ့ ပုံတော်ကို ထားခွင့်ရတဲ့ အလုပ်လေ..။ တယောက်တည်း အလုပ်မှာ
အိပ်ဖူးတဲ့ ပထမဦးဆုံးညပါ.. အလုပ်က မြေညီထပ်နဲ့ မြေအောက်ထပ်
၂ ထပ်ရှိပါတယ်... မြေညီထပ်မှာ ဘုရားစင်ရှိပြီး အောက်ထပ်မှာ ဘုရားစင်
မရှိ၊ အပေါ်က ခုံတန်းလျားမှာ ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွားတုန်း
ဝုန်းဒိုင်းဆိုပြီး မြေအောက်ထပ် က ခုန်တွေ ပြုတ်ကျသံကြားပြီး
ကျွန်တော်လှန့်နိုးလာပါတယ်.. ဖြတ်ခနဲ လှေကားပေါ်ကဆင်း မီးတွေ
အကုန်ဖွင့်ပြီး အောက်ဆင်းပြေးကြည့်ပေါ့။

အောက်ရောက်လို့ ကြည့်လိုက်တော့ ခုံတွေကလည်း နေရာတကျ
ခြေရာလက်ရာမပြတ်.. ကျွန်တော်လည်း ငါနားကြားများ မှားလားပေါ့။
အဲဒါနဲ့ ပြန်အိပ်ပြီး ခဏအကြာ ဝုန်းဒိုင်း၊ ဝုန်းဒိုင်းနဲ့ အောက်က ရှိသမျှ
ခုံတွေ အကုန် ပြိုကျ ပစ်ကြသလားထင်ရအောင် မြည်းဟီးသံတွေ
စုံနေတော့တာပဲ.. ကျွန်တော်လည်း ရှိသမျှမီးတွေဖွင့် ဒီတခါ နားကြား
မှားတာ မဟုတ်မှန်း သိတော့ ဘေးမှာတွေ့တဲ့ တုတ်တချောင်းကိုကိုင်
အောက်ကို ပြေးဆင်းကြည့်ပေါ့... အောက်ရောက်လို့ ကြည့်လိုက်တော့
ဘာဆိုဘာမှ ခြေရာလက်ရာမပြတ် ဒါပေမယ့် ထူးဆန်းတာက တချက်
လှမ်းကြည့်လိုက်တော့ ခုံတခုံပေါ်မှာ အောင်မလေး လူတယောက်
နောက်ပြန် ထိုင်နေသလားပဲ သေချာကြည့်တော့ မရှိတော့ဘူး။
အဲယားကွန်းလည်း ဖွင့်မထားပဲ စိမ့်ကနဲ ကိုယ့်အနားက တခုခုဖြတ်သွား
သလို အေးစိမ့်ပြီး ခေါင်နပန်းကြီး သွားတော့တာပါပဲ..။ ခေါင်းနပန်းကြီး
တာမှ ကိုယ့်ခေါင်းက လေးပြီး အကြီးကြီး ဖြစ်သွားသလိုပါပဲ..။ တခါတည်း
ကျွန်တော်အပေါ်ကို အပြေးပြန်တက်.. လက်ကနာရီကြည့်တော့ ည
၂ နာရီ... ပြီးဘုရားစင်ဖက်ကို အာရုံပြုပြီး ၂၄ပစ္စည်း ပဋ္ဌာန်းကို စိတ်နဲ့
စည်းချလိုက်တော့တာပါပဲ..။ ပြီးမနက်၅နာရီထွက်မဲ့ ရထားချိန်ကို
စောင့်ရင်းငုတ်တုတ်ထိုင် နေခဲ့ရပါတော့တယ်..။ အပေါ်ထပ်မှာ ပဋ္ဌာန်း
စည်းချထားတော့ ဘာမှမဖြစ်ပေမယ့်.. အောက်ဘက်မှာတော့
တချက်တချက် အသံတွေက အရင်ကလောက် မဆိုးတော့ပေမယ့်
အနည်းငယ်တော့ ကြားနေရဆဲပါပဲ...။ ထူးခြားတာကတော့ အိပ်ငိုက်ပြီး
မပျော်တပျော် အချိန်မှာ ကြားရတာပါပဲ.. အဲ့ဒီနေ့က ဘုရားစာရွတ်ရင်း
`ရထားထွက်ချိန် စောင့်လိုက်ရတဲ့ ၃နာရီဟာ နာရီ ၃၀လောက်
ကြာညောင်းသလား ထင်ရလောက်အောင် ကြာညောင်းခဲ့ရပါတယ်..။

ဒီလိုနဲ့ တိုကျိုမှာ ဆယ်စုနှစ်ကျော် နေလာခဲ့တဲ့ ကျွန်တော် မြို့ပြကို
ငြီးငွေ့လာတဲ့အတွက် ၂၀၀၅ခုနှစ်မှာတော့ အပြောင်းအလဲဖြစ်အောင်
မြို့ပြကို စွန့်ခွာပြီး ဘဝမှာ ထူးခြားဆန်းကျယ်တဲ့ မြို့လေးတခုကို
အလုပ်ပြောင်းရင်း ရောက်ရှိခဲ့ပါတော့တယ်။

ဆောင်းပါးထဲက ဘုရားပုံတွေ လိုချင်
http://www.bugbog.com/exotic_places/japan-travel-guide/kamakura-japan.html
ဗောဓိတထောင် ဆရာတော်ကြီး ဒီဆင်းတုတော်ရှေ့မှာ လက်အုပ်ချီရင်း
ရိုက်ထားတဲ့ပုံမှာ တိမ်လှိုင်းတွေပေါ်နေတာပါပဲ... ဓာတ်ပုံပိုင်ရှင်ဆီမှာ
ရှိသေးရင် အများသိအောင် ဖော်ပြပေးပါမယ်...။

http://www.google.com/search?q=Ushiku%2BBuddha&hl=en&prmd=imvns&source=lnms&tbm=isch&ei=ZianTpb3GeSemQWkju2pDw&sa=X&oi=mode_link&ct=mode&cd=2&ved=0CAwQ_AUoAQ&biw=1366&bih=510
ဒါကတော့ ကမ္ဘာအမြင့်ဆုံးရပ်တော်မူ

http://www.google.com/search?q=%E6%97%A5%E6%9C%AC%2B%E3%81%8A%E3%81%B0%E3%81%91&hl=en&prmd=imvns&source=lnms&tbm=isch&ei=OienTqvrLIzzmAXEq5DXDw&sa=X&oi=mode_link&ct=mode&cd=2&ved=0CAwQ_AUoAQ&biw=1366&bih=472 ဂျပန်သရဲပုံတွေက ဒီမှာရှာနိုင်ပါတယ် ….

(ဆက်ရန်။)

-ဂျပန်နိုင်ငံရောက်မြန်မာတစ်ဦး
Read more »

Tuesday, 25 October 2011

Facebook ပေါ်က သီးသန့်စုရပ်(၂)ခု

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး
အတွင်း ရှေ့ဆုံးကနေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား
ခဲ့တဲ့ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ(B.E.S.U)
မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားများ၏ သီးသန့်စုရပ်ကို
ယခုအခါ facebook ပေါ်မှာ ဖွင့်လှစ်ထားပါတယ်။
ပြည်တွင်း ပြည်ပရောက် အ.က.သ လှုပ်ရှားမှုမှာ ပါဝင်
ခဲ့ဖူးတဲ့ မိတ်ဆွေသူငယ်ချင်းများ အားလုံး
ကိုရန်နိုင် (ဗဟန်းမြို့နယ် အ.က.သ စည်းရုံးရေး တာဝန်ခံ
ဟောင်း) ထံမှတဆင့် စုရပ်ဆီ ပါဝင်လို့ ရပါတယ်။


(၁၉၈၉ ခုနှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
နှင့်အတူ အ.က.သ ခေါင်းဆောင်များ၏ အမှတ်တရ ဓါတ်ပုံ။)
((ကို)မင်းဇင် (CEC)၊ ကိုကိုလတ် (G.S)၊ ဒေါ်အောင်ဆန်းစုကြည်၊
ကိုရန်ကျော် (ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသား
ဟောင်းများပါတီ)၊ (ကို)သီဟ (CEC))
…... ….. …

အင်တာနက် အွန်လိုင်းပေါ်တွင် ဘလော့စပေါ့၊ wordpress
အစရှိသော ကိုယ်ပိုင်စာမျက်နှာ အသီးသီးဖြင့် ရသ .. သုတ …
ကိုယ်တွေ့ အဖြစ်အပျက်များ ရေးသားနေကြသော ပြည်တွင်း ပြည်ပ
ဘလော့ဂါအားလုံးတို့၏ သီးသန့်စုရပ်ကို ယခုအခါ facebook
ပေါ်မှာ ဖွင့်လှစ်ထားပါတယ်။


မိတ်ဆွေသူငယ်ချင်းများအားလုံး အမ မသက်ဝေနှင့် အမ မချစ်ကြည်အေး
တို့ထံမှတဆင့် စုရပ်ထံ ပါဝင်လို့ ရပါတယ်။
Read more »

Sunday, 23 October 2011

သို့ ကဗျာဆရာ ဦးလှသန်း


ရှင်ဒလာလစ်စ်* ရုပ်ရှင်၏ နောက်ဆုံး
အော်စကာရှင်ဒလာ* ရဲ့ အုတ်ဂူပေါ်ဆီ
ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျောက်ခဲငယ်တွေကို
သွားချကြည့်တယ်
ကဗျာဆရာ သို့မဟုတ် ဦးလှသန်းရေ …
သစ္စာရှိတဲ့ ခရိုနီတွေရဲ့အကြောင်း
ခရိုနီတွေ သစ္စာရှိဖို့အရေး
ဇမ္ဗူဒီပါတောင်ကျွန်းပေါ်
ကဗျာတစ်ပုဒ်လောက်
ရေးသွားပါအုံး … ။ ။

-စစ်ငြိမ်းဒီရေ

(ရှင်ဒလာလစ်စ်*= Schindler's List )
အော်စကာရှင်ဒလာ*= Oskar Schindler )
Read more »

Thursday, 20 October 2011

မှင်စာ ရှိ … မရှိ (ဇာတ်သိမ်းပိုင်း)

(မှတ်ချက်။ ။ အွန်လိုင်းပေါ်က ရသ … သုတ … ကိုယ်တွေ့ စသဖြင့်
ရေးသားနေသော ဘလော့ဂါများ ခင်ဗျာ … ယခုအခါ facebook ပေါ်
တွင် AAB (All about Bloggers) စုရပ်ကို ပြုလုပ်ထားပါတယ် …
မသက်ဝေတို့ … မချစ်ကြည်အေးတို့နဲ့ ဆက်သွယ်ကြပါ … :D )

ယခင်အပိုင်းကို ဤနေရာမှာ ဖတ်ရှုလို့ရပါတယ် …

ကျောင်းရဲ့ အောက်ခြေမှာ လူမနေတဲ့ အိမ်၂လုံးရှိပြီး အစိမ်းသေ သေခဲ့
တဲ့ အိမ်တွေမို့လို့ စွန့်ပစ်ထားတာတဲ့၊ လှေကားထစ် ၂၀၀လောက်မှာတော့
ဘုန်းကြီးကျောင်းရှိပြီး နောက်ထပ် ၁၀၀လောက်ဆက်တက်ရင် သိမ်
ရှိပါတယ်။ ဒီသိမ်ရှိတဲ့ အနောက်မှာတော့ တောအုပ်ကြီးပဲ၊ အင်မတန် သရဲ
ခြောက်တယ်ဆိုလို့ ကျွန်တော်တို့ ညီအကိုတွေ ၁၀ရက်ကိုရင်ဝတ်ချိန်မှာ
တောင် ငယ်ဖြူကိုရင်ကြီး တပါးခေါ်သွားလို့ တခါပဲရောက်ဖူးပါတယ်..။
လင်းနို့ချေးတွေကတော့ နေရာအနှံအပြားနဲ့ ရှုခင်းကတော့ အင်မတန်
သာယာပါတယ်..။ ပင်လယ်ကိုလည်း လှမ်းမြင်ရတယ်လေ... ကျွန်တော်
တို့ ကိုရင်ဝတ်တဲ့ ကျောင်းဆောင်နေရာကတော့ မြေပြင်ကို သင်ဗြူး
ဖျာခင်းထားသလို ညီညာပြီး မရမ်းချို၊ မရမ်းချဉ်ပင်နဲ့ ဇောင်းလျားပင်
တွေ ပေါမှ ပေါပါပဲ...


အဲဒီခေတ်က ကိုရင်ဝတ်ရင် သင်္ကန်းတောင်းကို အလွတ်ကျက်မှ
တက်ခွင့်ရမယ်လို့ စည်းကမ်းကြီးတဲ့ ကျောင်းထိုင်ဆရာတော်ကြီး
က မှာလိုက်လို့ ကျွန်တော်တို့တွေ ရန်ကုန်မှာကတည်းက သင်္ကန်း
တောင်းကို ဘုန်းကြီးကျောင်းတခုမှာ အလွတ်သွားကျက်မှတ်ရတာပေါ့။
စကားမစပ် ဒီဇာတ်လမ်းမှာ စပ်ဆက်နေတဲ့ လူတိုင်းသိတဲ့ ဂါထာ
တစ်ခုအကြောင်း သိသလောက်ပြောပါရစေဦး၊ လျှာရှည်တယ်လို့
တော့ မထင်ပါနဲ့ဗျာ... ကျွန်တော်ငယ်ငယ်က အားရင် အဘွားက
ဘုရားစာတွေ သင်ပေးသလို အိမ်ကဘုရားစင်ရှေ့မှာ ရှိတဲ့ စာအုပ်
စင်မှာ ဘုရားစာစာအုပ်တွေ ကျွန်တော်အမြဲဖတ်နေကျပေါ့.. တရက်
အားလို့ စာအုပ်တအုပ်ဖတ်မိတယ်.. တော်တော်လေးလည်း
ဟောင်းနွမ်းနေပါပြီ.. အဘွားတွေ တရိုတသေ သိမ်းထားတဲ့
စာအုပ်လေးပေါ့၊ ခုမှင်စာဇာတ်လမ်းမှာ ဒီဂါထာက ကယ်လိုက်တာ
လေ၊ စာအုပ်ထဲမှာ ရေးသားထားတဲ့ ဂါထာရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း
လေးပါ၊ ခုခေတ်လူတွေ သိချင်မှသိမယ်ထင်လို့ ခုထိ မှတ်မိနေတာ
လေး ရေးသားဖော်ပြပါရစေ၊ နောက်တခုက ဒီဂါထာကို ဋ္ဌာန်ကရိုဏ်း
ကျကျ သိစေချင်လို့ပါ။

ဒုတိယကမ္ဘာစစ် မတိုင်မှီက အညာဒေသ (စာအုပ်မှာတော့ သေချာ
မြို့ရွာအမည်ပါပါတယ်) ဦးမောင်ကြီးဆိုတဲ့ ဘုန်းကြီး လူထွက်တဦး
ဟာ လှေသူကြီးအဖြစ် ဦးစီးပြီး လှေသား၃ဦးနဲ့ အောက်ပြည် အောက်ရွာ
ကုန်ရောင်းသွားပါတယ်.. တရက် အောက်ပြည်ကအပြန် အချိန်လင့်
နေတဲ့ အတွက် ရွာစဉ်လည်းပြတ်နေတဲ့ နေရာတနေရာမှာ ခဏကျောက်ချ
ရပ်နားလေရဲ့။ အားလုံးပင်ပန်းလို့ အိပ်ပျော်သွားကြပေမယ့် လှေသူကြီးက
နိုးနေသတဲ့။ အဲဒါနဲ့ ကတွင်းချဉ်လာလို့ ဆေးလိပ်ကလည်း သောက်ချင်၊
မီးခြစ်ကလည်း ရှာမတွေ့ အားလုံး ပင်ပန်းလို့ အိပ်မောကြနေတော့
လှေသူကြီးလည်း ဟိုဟိုဒီဒီလှမ်းမျှော်ကြည့်တော့ ကမ်းခြေနဲ့ မနီးမဝေး
လယ်စောင့်တဲလေး တခုမှာ မီးရောင်ဖြဖြမြင်ရသတဲ့..။ ဦးမောင်ကြီး
လည်း ဘယ်သူမှ ဒုက္ခမပေးချင်တာနဲ့ လှေပေါ်ကနေ ကမ်းခြေကိုဆင်းပြီး
လျှောက်သွားလေရဲ့ မီးရောင်က တဖြည်းဖြည်းနီးလာ.. လယ်စောင့်တဲ
လေးထဲမှာ မီးဖိုထားတာ တွေ့ရတာပေါ့... ဒါနဲ့အထဲမှာ မီးရောင်နဲ့ဆိုတော့
ထိုင်နေသူက မမြင်ရလေ...။ အထဲကို လှမ်းဝင်ပြီး မီးပုံနားသွားပြီး
မီးတောင်းမယ်လည်း ကြံရော အားပါးပါး.. အင်မတန်ကြီးမားလှတဲ့
သဘက်(သရဲထက်ကြီးတဲ့ ပြိတ္တာ)က မီးဖိုရှေ့မှာ လယ်ပုဇွန်လုံးတွေကို
ကင်စားနေတာ မြင်လိုက်ရပါလေရော... ဧရာမလျှာကြီးနဲ့ ကြီးမား
တဲ့ မျက်လုံးကြီးတွေအောက်မှာ ဦးမောင်ကြီးကို စူးစူးစိုက်စိုက်ကြည့်
နေပါလေရော.. ဦးမောင်ကြီးလည်း ခေါင်းနပန်းတွေကြီးပြီး ဘာမှ
ပြန်မပြောနိုင် အံ့အားသင့်နေတုန်း ဗြုန်းဆို ထလာဖို့လုပ်ပါလေရော၊
ထလိုက်တော့ အရပ်ကလည်း ၆ပေလောက်ရှိမယ်... ဦးမောင်ကြီး
ကလည်း ဘုန်းကြီးလူထွက်လေ.. သတိပြန်စုပြီး ရသမျှ ဘုရားစာ
တွေ၊ ဂါထာတွေ ရွတ်တော့တာပေါ့.. သဘက်ကြီးက မဖြုံတဲ့အပြင်
ရှေ့တောင်တိုးလာပါလေရော နောက်ဆုတ်ရင်း ဆုတ်ရင်း တဲနံရံနဲ့
ကပ်တော့မယ့် မှီလုမှီခင်မှာ တစုံတခုသော ဂါထာကို သတိရလို့
ဆိုမယ့်အချိန်မှာ သဘက်ကြီးကကြိုတင် သိနေတဲ့အလား အမွေးအမျှင်
တွေနဲ့ လက်ကိုကာပြပြီး ရပ်သွားပါလေရော ဦးမောင်ကြီးလည်း
အဲဒီမှာမှ အားတက်ပြီး အားရပါးရ သံ သံ သံဗုဒ္ဓေဆိုပြီး ဆိုချလိုက်
တော့ သဘက်ကြီးလည်း နောက်ဆုတ် ဦးမောင်ကြီးလည်း သံဗုဒ္ဓေ
ဂါထာကို ဆိုပြီး မီးတုတ်ကိုကိုင် အနောက်က လိုက်ပါလေရော..
သဘက်လည်း ပြေးပေါ့  နောက်ဆုံး အမှောင်ထဲမှာ ရွာစပ်စပ်လိုရှိတဲ့ မြင်ကွင်းတနေရာမှာပျောက်သွားပါတော့တယ်.... ။ လှေသူကြီး
ဦးမောင်ကြီးလည်း မီးတုတ်ကိုင် လှေဆီပြန်လာခဲ့ပြီး မနက် အာရုဏ်
လင်းချိန်ကို ငုတ်တုတ်ထိုင်စောင့်နေခဲ့ပါတယ်..။ မနက်မိုးလင်းတော့
ဆက်ပြီးခရီးမနှင်သေးပဲ.. အာရုဏ်လင်းတော့ တပည့်တွေကို
အကျိုးအကြောင်း ပြောပြရင်း အနီးအနားက ရွာတွေကို စနည်းနာ
ထွက်ကြတယ်။

တနေရာရောက်တော့ ပိန္နဲပင်၊ သရက်ပင်၊ မာလကာပင်တွေမျိုးစုံနဲ့
ခူးဆွတ်ယူခြင်းမရှိပဲ ပြွတ်ပြွတ်သိပ်အောင် သီးနေတဲ့ ရွာအစွန်
ဧရာမခြံကြီးထဲမှာ လူမရှိတဲ့ ဘုန်းကြီးကျောင်းတခုကို တွေ့ကြတယ်။
ဘုန်းကြီးကျောင်းထဲမှာ လူအရိပ်အရောင်လည်း မမြင်ရပေါ့။။
အနီးအနား လယ်ယာမြေတွေမှာ အလုပ်လုပ်နေကြတဲ့ ရွာသားတွေကို
စနည်းနာကြည့်တာပေါ..

နောင်ကြီးတို့ ကျွန်တော်တို့ အညာက ကုန်ရောင်းရင် လမ်းကြုံလို့
ဝင်လာတာပါ... ဘုန်းကြီးကျောင်းလေးဘာလေး ရှိရင် လှူစရာ
တန်းစရာလေးလှူမလို့ ဝင်လာတာ... ဒါနဲ့ ရွာအဝင်မှာ တွေ့ခဲ့တဲ့
ရွာဦးကျောင်းက ဘယ်သူမှ မတွေ့မိပါလားဗျ..

ဒီမှာတင် ရွာခံက သြော် နောင်ကြီးတို့က တခြားနယ်က ဆိုတော့
ဒီရွာအကြောင်း ကောင်းကောင်းမသိထင်တယ်။ ရွာထိပ်မှာ တွေ့ခဲ့တဲ့
ကျောင်းက ကျောင်းထိုင် ဘုန်းကြီးပျံလွန်တော်မူပြီး နောက်ပိုင်း
အာဂန္နုကျောင်းထိုင်တွေ ဘယ်သူမှ မမြဲကြဘူး... ပျံလွန်တော်မူတဲ့
ကိုယ်တော်နဲ့ ထွက်ပြေးတဲ့ကိုယ်တော်နဲ့ ၃ပါးလောက် ကျောင်းထိုင်
ကြည့်တာ အရင်ဦးဆုံးကျောင်းထိုင် ကိုယ်တော်..က မကျွတ်ပဲ
ခြောက်လှန့်နေတော့ ဘယ်သူမှ ကျောင်းမထိုင်ရဲလို့ ကမ္မဝါဖတ်
လည်း ခဏလောက်ပျောက်သွားပြီး ပြီးရင်ပြန်ခြောက်နေလို့
ဘယ်သူမှ ကျောင်းမထိုင်ရဲတော့ဘူး နောင်ကြီးရေ.. သြော် ဒါနဲ့
နောင်ကြီးတို့က ကုန်ရောင်းကုန်ဝယ်လာတာလား၊ ဒီမှာတင်
ဦးမောင်ကြီးက ကုန်ရောင်း၊ ကုန်ဝယ်တာအဓိကပေါ့ ဒါ့အပြင်
ကျုပ်ကဆေးလေးဘာလေး ကုတတ်ပါတယ် ...

ဒီမှာတင် ရွာခံက ဟာ... ဆေးကုတတ်တယ်ဆိုရင်၊ ပရောဂရော
ကုတတ်လားဗျ...
ဦးမောင်ကြီးက ပယောဂလည်း ကုတတ်ပါတယ်...
ဒါဆိုရင် အတော်ပဲ နောင်ကြီးရေ ကျုပ်တို့ရွာသူကြီး သမီးအရင်က
ကွမ်းတောင်ကိုင် ချောချောလေးဗျာ.. အခု သွက်သွက်ခါအောင် ရူးသလို
ဖြစ်နေတာ... နောင်ကြီးကြည့်ပေးနိုင်ရင် ကြည့်ပေးပါဦး။ အရင် အနီးအနား
က ပယောဂဆရာတွေတော့ လက်လန် ပြေးတာပဲ...

ဒါဆိုရင် ကျုပ်လိုက်ကြည့်ပေးမယ်လေဆိုပြီး တပည့်တွေနဲ့ အတူလိုက်
သွားပါလေရော... ရွာမှာ အချမ်းသာဆုံး သူကြီးအိမ်ရောက်တော့ သူကြီး
မိန်းမက အားကိုးတကြီးနဲ့ပေါ့ ရပ်ဝေးကလာတဲ့သူဆိုတော့
ဆရာရယ် ကျွန်မသမီးလေးကို ကယ်ပါဦးဆိုပြီး ငိုပါလေရော၊ သူကြီးကတော့
အရင်ဆရာတွေ အတိုင်းပဲထင်လို့ သိပ်တော့အထင်ကြီးဟန်မရှိလေ ...
သူကြီးမိန်းမက ဆရာရယ် သမီးအဖြစ်က လွန်ခဲ့တဲ့ ၂လလောက်ကစပြီး
ကောက်ကာငင်ကာ ရွာအပြင် ဘုန်းကြီးကျောင်းအနားက ဖြတ်ပြန်လာ
ရင်း အခုလိုဖြစ်ရတာဆရာ အမဲသား ၁ ပိဿာချက်လည်း ခဏလေး
စားပစ်တာ ခု အဝတ်တောင် မကပ်ဘူးဆိုပြီး ပြောလည်းပြော
ငိုလည်းငိုပေါ့..

ဦးမောင်ကြီးတို့ အိမ်အနားရောက်ကတည်းက အခန်းထဲမှာ သူကြီး
သမီးက အသံနက်ကြီးနဲ့ ဒီဆရာကို အခုချက်ချင်း ပြန်ထွက်သွားခိုင်း
ဆိုပြီး အော်နေပြီ... နံရံကိုလည်း တဘုန်းဘုန်းထုပေါ့ ဦးမောင်ကြီးလည်း
နံရံနား အသာကပ်သွားတော့ သူကြီးသမီးဦးမောင်ကြီးကို ကြောက်လို့
အော်ဟစ်ဆဲဆိုလိုက်ပေါ့ သူကြီးသမီးမျက်လုံးကို လှမ်းမြင်လိုက်တော့
ဘယ်သူဆိုတာ ဦးမောင်ကြီးသိလိုက်ပြီ.. နောက်အသာ အိမ်ပေါ်က
ပြန်ဆင်းပြီး သူကြီးကို မကြောက်တတ်တဲ့ အားကောင်းမောင်းသန်
ယောကျာင်္း အယောက် ၃၀ ကို သံပုံးတွေ ကိုင်ဆောင်ပြီး အသင့်ပြင်
ထားဖို့ရယ် နောက်သံဗုဒ္ဓေဂါထာကို အလွတ်ရအောင် တထိုင်တည်း
သင်ပေးပေါ့။ အားလုံးသေသေချာချာ သင်ပေးပြီး မနက်ဖန်ပြန်လာခဲ့
မယ် ဆိုပြီး လှေကို ပြန်ခဲ့လေရဲ့ နောက်နေ့ မနက်စောစော သူကြီးအိမ်
ရောက်တော့ အိမ်ကို လူအားလုံးနဲ့ ဝိုင်းပြီး သံပုန်းတွေနဲ့ အပမှီနေတဲ့
သဘက်ကြီးထွက်လာရင် သံပုန်းတီးပြီး လိုက်ဖို့ မှာထာပေါ့ နောက်အိမ်ကို
ဝိုင်းထားသူတွေက သံဗုဒ္ဓေဂါထာတော်ကြီးကို ဝိုင်းရွတ်ဖတ်ကြတော့
အိမ်ထဲက ဘုန်းကြီးတစ္ဆေသဘက်ကြီးလည်း ပြေးပါလေရော...
မှာထားတဲ့ ယောကျာင်္းတွေက ထွက်လည်းထွက်လာရော သံပုန်းတွေ
တီးပြီးလိုက် သဘက်ကြီးကပြေး.. တခါတခါ အရပ်က ထန်းပင်
အမြင့်လောက်ဖြစ်လိုက် တခါတခါ.. လူအရပ်လောက် ပြန်သေး
သွားလိုက်နဲ့ နောက်ဆုံးတောအုပ်ထဲ ရောက်တဲ့အထိ ဝိုင်းမောင်း
ထုတ်လိုက်ကြပါတယ်...။ နောက် အရင်ရွာဦးကျောင်းကိုလည်း
အားလုံးသံဗုဒ္ဓေဂါထာရွတ်ပြီး ရေမန်းတွေ ပတ်ဖြန်းပေါ့.. သူကြီးသမီး
လည်း လူကောင်းပကတိပြန်ဖြစ်၊ ရွာသူရွာသားတွေလည်းကျေးဇူးတင်
လို့ လက်ဆောင်တွေပေးလိုက်ကြတာ အပြည့်အလျှံပါပဲ...

ဒါကတော့ ကျွန်တော်ဖတ်ခဲ့ပြီး ယခုတိုင် ရွတ်ဆိုနေတဲ့ သံဗုဒ္ဓေဂါထာ
တော်ကြီးပါပဲ.. နောက်ပိုင်းသိပ်တော့မမှတ်မိပေမယ့် ဦးမောင်ကြီးကို
သံဗုဒ္ဓေဂါထာတော်ကြီးအမှန်ကို လေးခါတိတိ အိပ်မက်ပေးတယ်လို့
ရေးထားပါတယ်.. ဒီမှာဘာလဲဆိုတော့ ကျွန်တော်တို့ တော်တော်များများ
နှုတ်ကျိုးနေတဲ့ ဝေစပေါက်တွေ နေရာမှာ ဝေစပေါက်တွေဖြုတ်ပြီး ဆိုရ
တာပါ..။ နောက်အသေးစိတ် သိလိုသူတွေ ကျွန်တော် နောက်ထပ်
ရေးပေးပါဦးမယ်... ပေရှည်သွားတာခွင့်လွှတ်ပါဗျာ ...

မှင်စာကိစ္စပြန်ဆက်ရအောင်.. ကျွန်တော်တို့ အဘိုးအဘွားတွေ
စီစဉ်တဲ့ ရှင်ပြုပွဲမှာ စည်းကမ်းတင်းကြပ်တဲ့ ဆရာတော်ကြီးက
ကျွန်တော်တို့ ရှင်ပြုပြီး နောက်တနေ့မှာပဲ တရားဟောပွဲတွေ လက်ခံ
ထားလို့ နယ်တွေကို ကြွရပါတော့တယ်..။ ကျောင်းမှာတော့ ဦးပဇ္ဇင်း
တပါးနဲ့ ငယ်ဖြူကိုရင်ကြီး ၅ပါးလောက်နဲ့ ကျွန်တော်တို့ ညီအကို
ကိုရင် ၄ ပါးနဲ့ နယ်ခံ အတူလိုက်ဝတ်တဲ့ ကိုရင်တပါးပဲကျန်ခဲ့ပါတယ်။
ကျွန်တော်တို့ ရန်ကုန်သားတွေ ဆိုတော့ ဆွမ်းလည်းခံစရာမလို မြို့ခံ
အိမ်တွေက အဆင်သင့်ပို့ပေါ့။ ဆရာတော်ကြီး မရှိတော့ လွတ်လပ်တာ
ဗျောင်းဆန်နေတာပါပဲ။ တရက် ကျွန်တော်တို့ ကိုရင်တစုနဲ့ ငယ်ဖြူ
၂ ပါး ကျောင်းအောက်က အစိမ်းသေသေတဲ့ အိမ်မှာ စားပွဲခင်းပြီး
မကြောက်မရွံ့ သရဲခေါ်ကြပါတော့တယ်...။ စားပွဲအောက်မှာ ခဲတလုံး
ခုပြီး ငယ်ဖြူကိုရင်ကြီးက ခေါ်ပြပါတော့တယ်... ဝင်လာရင် စားပွဲ
လှုပ်ပြပေါ့... မကြာခင်မှာပဲ စားပွဲစလုပ်ပါတော့တယ်... ဘယ်သူမှ
မကိုင်ရပဲ.. ကြောက်ကြောက်နဲ့ တဦးလက်တဦးကိုင် ကြည့်နေတုန်း
ဝင်လာသူ ယောကျာင်္းဆိုရင် တချက်လှုပ်ပါ...ဆို လှုပ်ပြပါတယ်...။
နောက်ဘယ်သူကြောင့် သေတာလည်းလည်း မေးရော ဝုန်းဒုန်းဆိုပြီး
စားပွဲခုံကြီး တုန်ခါသွားတာ ကျွန်တော်တို့ ညီအကိုတွေ အထစ် ၂၀၀
ရှိတဲ့ ကျောင်းပေါ် ဘယ်လိုပြန်ရောက်လာမှန်းကို မသိတော့ပါဘူး...။
ကျောင်းပေါ်ရောက်တော့ ဦးဇင်းမသိအောင် ကုပ်ကုပ် ကုပ်နဲ့ပေါ့ ...
တောင်ခြေအောက်က အိမ်ကိုတော့ ကြည့်တောင် မကြည့်ရဲတော့ပါ ...။

ဒီလိုနဲ့ တပတ်ပြည့်တဲ့ ညနေခင်းမှာ အကိုအကြီးဆုံး ကိုရင်ဦးဆောင်ပြီး
ကျောင်းက ဦးပဇင်းကို မပြောမဆိုပဲ မြို့ဦးကျောင်းကနေ အဘိုးတွေ
အဘွားတွေ ရှိရာကို တိတ်တဆိတ်ပြန်လာပြီး အဲ့ဒီအရပ်မှာ အင်မတန်
ပေါတဲ့ ဥသျှစ်သီးဖျော်ရည် ပြန်ဘုန်းပေးကြတာပေါ့။ အပြန်တော့
အဘိုးတို့၊ အမေတို့က ပြန်လိုက်ပို့ပေးကြပါတယ်..။ ဦးပဇင်း အသိ
မပေးပဲ ပြန်လာမှန်း လူကြီးတွေက မသိကြလေ...။ ကျောင်းရောက်မှ
ဦးပဇင်းက ကျွန်တော်တို့ ပျောက်သွားလို့ စိတ်ပူနေတာ...။ အဲဒီအတွက်
ခံရတဲ့ အပြစ်ဒဏ်ကတော့ နောက်တနေ့မှာ တောင်အောက် ရေတွင်းက
ရေကို ကျောင်းပေါ်ကို ကျွန်တော်တို့တွေ ကဆုန် ညောင်ရေအိုးလေး
တွေနဲ့ ရေခပ်ခိုင်းပြီး ရေဒဏ်ပေးခံရတော့တယ်..။ အဲ့ဒီ့ရေဒဏ်ရယ်
အအေးမိတဲ့ဒဏ်ကြောင့် အဲ့ညမှာ ကျွန်တော် အကြီးအကျယ် ဖျားတော့
တာပါပဲ..။ ကျွန်တော်တို့ ကိုရင်ဝတ်တဲ့ မြို့လေးက အဲ့ဒီ့အချိန်က ညနေ
၅ နာရီကနေ ၉ နာရီထိပဲ မီးစက်နဲ့ မီးပေးတာ..။

တောမြို့ဆိုတော့ ခြင်ကိုက်တာလည်းမရှိ ခြင်ထောင်လည်း မလိုလေ
တောင်ပေါ်ကျောင်းဆိုတော့ လေတဖြူးဖြူးပေါ့....။ အားလုံးအိပ်မအိပ်
တော့ မသိကျွန်တော်ကတော့ ပင်ပန်းပြီး စအိပ်ပျော်သွားတော့တယ်...။
တကယ်တော့ အဲ့ဒီအချိန်မှာ ကျွန်တော် အကြီးအကျယ်ဖျားနေပြီလေ...
အကိုတွေကတော့ သတိမထားမိကြဘူး...။ အိပ်ပျော်ပြီး တရေးနိုးလာ
တဲ့ အချိန်မှာ ဆူဆူညံညံအသံတွေ ကြားနေရပြီ ဘေးကကိုရင်တွေ
အသံ၊ ကျောင်းက ကိုရင်တွေအသံ အတိုင်းသားကြားနေရတယ်..။
ပထမဦးဆုံး အကိုငယ် ရှင်နန္ဒိယက ကျောင်းက ကိုရင်ကြီးကို အရှင်ဘုရား
ဟိုမှာကလေးတွေ အချိန်မတော် ဘာလုပ်နေကြတာလဲတဲ့...
ပြေးတာလည်း မြန်လိုက်တာတဲ့ အပေါ်သိမ်ရှိတဲ့ လှေကားကနေ အောက်
ပြေးဆင်းလိုက် ပြေးတက်လိုက် လုပ်နေတာ မြန်မှမြန်၊ ကလေး လေး ...
ငါးယောက်တဲ့ သူတို့ ပြတင်ပေါက် သံတိုင်ကြားက ကြည့်ပြီး ပြောနေကြ
တာ၊ အတိုင်းသားကြားနေရပေမယ့် ကျွန်တော်မလှုပ်နိုင်ဘူး ...
ကျွန်တော်မြင်နေရတာကတော့ လူလုံးမကွဲတဲ့ ကလေးတွေ လာခေါ်
နေကြတာပါပဲ... သင်္ကန်းချွတ်ဖို့ ပြောပြီး တိုးကပ်လာကြပြီ ဘေးမှာ
အကိုကိုရင်တွေက အော်ပြောနေကြတာ ကျောင်းအပြင် မရမ်းပင်
အောက်ကနေ သိမ်ပေါ်လှေကားပေါ် ပြေးတက်ပြေးဆင်းနေကြတဲ့
တကယ့်မြင်ကွင်း အဲဒီမှာ နားလည်တဲ့ ကိုရင်ကြီးက ...
ဟာ ဒါ … မှင်စာကလေးသရဲတွေတဲ့ နောက်အကိုတွေ ပြန်ပြောပြတာ
ကလေးပုံသဏ္ဍာန် ပြိတ္တာတွေ...။ ကျွန်တော်ကတော့ အပြင်ကမြင်ကွင်း
ကို မမြင်ရ လှဲနေရတာကိုး မြင်နေရတဲ့က မသဲကွဲတဲ့ ကလေးပုံဆန်တွေ
စကားလည်း ပြောမရ၊ လှုပ်လည်းမရတော့ ... လာခေါ်နေတာတော့
သိတယ်... ဘေးမှာလည်း အကိုတွေ ပြောနေတာ အတိုင်းသားပေါ့၊
ကျွန်တော်မလှုပ်နိုင်တဲ့ အချိန်မှာ နောက်ဆုံး သံဗုဒ္ဓေရွတ်ဆိုတဲ့ အသံ
ကို ကြားလိုက်ရပြီး ပါးစပ်က လှုပ်ပြီးမနည်း အားယူဆိုလိုက်တဲ့ အချိန်မှာ
တော့ ခုနလာခေါ်တဲ့ ပြိတ္တာမှင်စာတွေ ပျောက်ခြင်းမလှပျောက်သွားတယ်။
ဘေးကအကိုတွေ ကျွန်တော့်ကို သတိမထားမိပဲ သူတို့ သင်္ကန်းကို
ပြသူကပြနေကြပေါ့..။ မလှုပ်နိုင်တဲ့ ကျွန်တော်ကတော့ သံဗုဒ္ဓေကို
ဘယ်နှစ်ခေါက် ရွတ်မိမှန်းကို မသိတော့ပါ..။ နောက်ဆုံး ကိုရင်ကြီးတွေ
နဲ့ အကိုတွေ ပြောတာကြားလိုက်တာကတော့ ဟာစောင်းလျားပင်တွေကြား
မှာ ခေါင်းပေါင်းဖြူကြီးနဲ့ လူကြီးတဲ့ အဲဒီအချိန်မှာပဲ လျှပ် … လျှပ်နဲ့
ကျွန်တော်အသံပဲကြားပြီး အကိုတွေ အတိုင်းသားမြင်နေရတဲ့ ကလေး
အရွယ်.. ၁နှစ် ၂နှစ်သားအရွယ် မှင်စာတွေ ပျောက်ခြင်းမလှ ပျောက်
သွားပါတော့တယ်တဲ့။

အဲဒီမှာမှ ဘေးက ကျွန်တော့်ကို သတိရပြီး လှမ်းနှိုးပြီးပြဖို့ နှိုးတော့မှ
ကျွန်တော် ကိုယ်တွေ ချစ်ချစ်တောက်ပူနေတာ သူတို့သတိထားမိကြ
တယ်။ ကျွန်တော့်ကို ဦးဇင်းကြီးချက်ချင်းရောက်လာပြီး ရေပတ်တင်
ဆေးတိုက်လုပ်ရပါတော့တယ်။ ကျွန်တော်လည်း အားအင်ကုန်ခမ်းပြီး
အိပ်ပျော်သွားပါတော့တယ်...။ မနက်မိဘတွေ အဘိုးတွေလာတော့
ချက်ချင်းလူဝတ်လဲပြီး မြို့မှာ တဦးတည်းသော ဆရာဝန်နဲ့ ပြတော့မှ
ကျွန်တော် အသည်းရောင် အသားဝါဖြစ်နေတာ သိကြရပါတော့တယ်..။

အဲ့ဒီညက အဖြစ်အပျက်တွေကို အကိုကိုရင်တွေက လူကြီးတွေ
ပြောပြတော့မှ လူကြီးတွေ သိကြရတာ။ ရှင်းရှင်းပြောရရင်တော့
ကျွန်တော်သေကောင် ပေါင်းလဲဖြစ်နေတာကို ဝမ်းသာအားရ မှင်စာ
ကလေးသူရဲလေးတွေက လာခေါ်ကြတာလေ။ ကျွန်တော့်အကို
ကိုရင်တွေကတော့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာကို ယခုအထိ
ပြောစမှတ်ပြုနေပါတယ်။ နေရာကလည်း မြေကြမ်း နောက်
ကျွန်တော် သင်္ကန်းစီးထားရတာရယ်၊ သံဗုဒ္ဓေဂါထာကို ဆိုမိလိုက်တာ
ရယ်၊ သူတော်စင်တဦး ပေါ်ထွက်လာတာရယ် ဆုံသွားလို့ ကျွန်တော်
ပါမသွားတာလို့ ပြောစမှတ်ပြုကြရပါတယ်..။ အရေးကြုံလို့ အသက်
အန္တရာယ်ကြုံလာရင် အကြောက်တရားကြောင့် ဘာဆိုဘာမှ မသိတော့
ပါ။ ကျွန်တော်တခေါက် ရေနစ်စဉ်က ရေပေါ် သုံးခါပေါ်လာမှ ရေကူး
တတ်တယ်ဆိုတာ အပေါ်ကလှမ်းသတိပေးမှ သတိရတာပါ။ ခုလည်း
ဒီဖြစ်စဉ်မှာ သံဗုဒ္ဓေဂါထာကို သတိပေးမှ ရွတ်ဖြစ်တာကို သတိထား
မိခဲ့ပါတယ်။ ဒီလို ငယ်ငယ်က နာနာဘာဝတွေနဲ့ အဖြစ်အပျက်တွေ ကြုံခဲ့
ဘူးတဲ့ ကျွန်တော် လွန်ခဲ့တဲ့ ၆နှစ်ခန့်က ဂျပန်နိုင်ငံ တောမကျ မြို့မကျ
မြို့လေးတမြို့မှာ ထပ်မံကြုံတွေ့ခဲ့ရ ပြန်ပါတယ်။

ဆက်လက်ဖတ်ရှုချင်ရင်တော့ ကျွန်တော်ရေးသားပါဦးမယ်...။
ကိုအောင်ရေ

(ပြီးပါပြီ …. ။)

-ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦး
Read more »

Sunday, 16 October 2011

မှင်စာ ရှိ … မရှိ

(မှတ်ချက်။ ။ဒီဇာတ်လမ်းကို ကိုယ်တွေ့ကြုံခဲ့တဲ့ သူ၊ ရေးသား
တင်ပြတဲ့ စာရေးသူဟာ ပြင်ပက ဖြစ်ပါတယ်၊ ကော်ပီကူးယူပြီး
အီမေးလ်ကနေ ဖြန့်ချီသူများအနေဖြင့် စည်းကမ်းရှိရှိ လုပ်ကြပါလို့
မေတ္တာရပ်ခံပါတယ်၊ ကိုယ်တွေ့ အဖြစ်အပျက် သရဲဇာတ်လမ်းများ
ရှိရင် ကျနော့်ရဲ့ `ပျူနိုင်ငံ´ဘလော့ဆီ ပို့ပေးလို့ ရပါတယ်၊
ကျနော့်`ပျူနိုင်ငံဘလော့ (Pyustate)´ ရဲ့ Facebook စာမျက်နှာ
ကိုလည်း ဖွင့်လှစ်ထားပါတယ် ခင်ဗျာ ... :D )

ဂျပန်မှာ ကြုံတွေ့ရတဲ့ ကိုယ်တွေ့ သရဲဇာတ်လမ်းလေး
မရေးမှီ.... ကျွန်တော် ၇-နှစ်သားလောက်က အဘိုး၊ အဘွား
တွေရှိရာ ပင်လယ်ကမ်းခြေနဲ့ နီးတဲ့တောမြို့လေးမှာ ကိုရင်ဝတ်
တုန်းက မသေကောင်း မပျောက်ကောင်းကြုံခဲ့ရတဲ့ ကိုယ်တွေ့
ဇာတ်လမ်းလေးတခုပေါ့.... ကဗျာဆရာတွေ ကဗျာသွားရွတ်တဲ့
ပင်လယ်ကမ်းခြေကျွန်းလေးရှိတဲ့ မြို့ဆိုရင် မမှားပါဘူး...


ဒီအကြောင်းမရေးခင် အရင် ကုလားသရဲ ဇာတ်လမ်းတုန်းက
သေတာတောင် ဆိုင်းဘာဘာပုံ ကိုးကွယ်ဖို့ ဘာလို့ ခွင့်တောင်း
လဲ မေးစရာရှိပါတယ်... အဝိဇ္ဇာဖုံးလွှမ်း အမှောင်လွှမ်းနေတော့
ကိုယ့်ဘဝအခြေအနေမှန်ကို မသိကြဘူးပေါ့... အရင်ဘဝမပြော
နဲ့ အခုဘဝမှာတောင် ကျွန်တော်တို့ အမိဝမ်းကြာတိုက်ထဲမှာ
ကိုးလ၊ ဆယ်လ ကြပ်ကြပ်တည်းတည်း ဒုက္ခခံနေခဲ့ရတဲ့ အနေအထား
ကိုတောင် ပြန်မြင်ရ၊ သိရတာမဟုတ်ဘူးလေ.. ကုလားသရဲနဲ့
စပ်ဆက်လို့ကြုံတုန်း မဂန္ဓာရုံ တောင်မြို့ဆရာတော်ဘုရာကြီး
အရှင်ဇနကာဘိဝံသရဲ့ ရေးသားချက်ထဲက တခုကို ပြန်ပြောပြ
ပါမယ်၊ တချို့လည်း သိပြီးဖြစ်ပါလိမ့်မယ်။ မန္တလေးမြို့က ဘုန်းကြီး
ကျောင်းတကျောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့ ဆီ၊မီးပူဇော်ကြ
တော့ ကျောင်းဝင်းအတွင်းနဲ့ နေရာအနှံ ဆီမီးပူဇော်ကြသတဲ့...
အဲမှာ ကိုရင်လေးတပါးက ကျောင်းအတွင်း သစ်ပင်ကြီး တပင်
ပေါ်တက်ပြီး ဆီးမီးပူဇော်ရှာတယ်။

အဲ့လိုတက်ပူဇော်နေတုန်း ဗြုန်းဆို အပင်ပေါ်က ပြုတ်ကျလာပြီး
အပမှီသလို ဖြစ်နေပါလေရော... ဒါကို သတိထားမိတဲ့ ကျောင်းထိုင်
ဆရာတော်က ဆေးကြိမ်လုံး.ယူပြီး ခေါ်မေးသတဲ့ အဲ့မှာ ဝင်ပူး
နေတဲ့ သရဲကို နင်ဘယ်သူလဲ ဘာညာဆိုတော့ ဘယ်သူပါပေါ့...
ဘာလို့ ဒီမှာနေသလည်းဆိုတော့ ကျောင်းမှာ စားကြွင်းစားကျန်
တွေ ပေါများလို့ပါပေါ့..။ ဘာလို့ ကိုရင်ကို တွန်းချသလဲ ပြောစမ်း
ဆိုတော့... အပင်ပေါ်မှာ ဆီမီးလာပူဇော်လို့ပါပေါ့ အဲ့တော့ ဒါ
ကောင်းတဲ့အလုပ် ဘာကြောင့်ဒီလိုလုပ်ရတာလဲပေါ့.. အဲမှာ
ဘာပြန်ပြောသလဲဆိုတော့ သူကဘာသာခြား ဖြစ်တဲ့အတွက်
သူ့ဘာသာနဲ့ မဆိုင်လို့ တွန်းချတာတဲ့ ကဲဘယ်လောက်လဲ ဆိုတာ..
အဲဒါနဲ့ကျောင်းထိုင်က ဆေးကြိမ်လုံးကိုင်ပြီး စားကြွင်းစားကျန်လဲ
စာသေး စော်လည်း စော်ကားသေးဆိုပြီး မောင်းထုတ် လိုက်တယ်၊
အဲတော့ ဘာသာခြား ပြိတ္တာက သွားဆို သွားရတာပေါ့ဆိုပြီး ပမာမခန့်
ပြောပြီး ထွက်သွားလေရဲ့ ...။ (ကျွန်တော်တို့ တိုင်းပြည်မှာလည်း
ဒီလို ပြိတ္တာတွေပေါများ သလားပဲ) ထားပါတော့ ...။ ဒါပေမယ့်
တောင်မြို့ဆရာတော်ကြီးကတော့ သူသာဆိုရင် မေတ္တာနဲ့ နှင်မယ်
လို့ ရေးသားထားပါတယ်.... (လိုအပ်တာရှိရင်လည်း ခွင့်လွှတ်ပါ ...
ဖတ်ထားတာနှစ်တွေကြာနေလို့.. အမှောင်ဖုန်းလွှမ်းနေတော့
အစွဲက ပြိတ္တာဖြစ်တဲ့ အထိ မိမိဘဝမှန်ကို မသိသေးတာ
ပြောချင်တာပါ..

တလက်စတည်း ဆွေမျိုးနီးစပ် သေရွာပြန် ဦးလေးတစ်ယောက်
သူဆေးရုံတက်တုန်းက အဖြစ်အပျက် ပြန်ပြောပြတာလေးပေါ့..
အဆိုပါ ဦးလေးဖြစ်သူ ဆီးမသွားနိုင်ပဲ ဆီးအိတ်ယောင်တဲ့ ဝေဒနာ
အပြင်းအထန်ခံစားရလို့ ရန်ကုန်ဆေးရုံကြီးကို တင်လိုက်ရပါတယ်။
တစ်ရက် အပြင်းအထန်ဝေဒနာ ခံစားရပြီး သတိလစ်မြောသွားပါ
တယ်။ မေ့မြောသွားတဲ့ အချိန်မှာ သူမြင်တွေ့လိုက်ရတာကတော့
ရန်ကုန်ဆေးရုံကြီးပတ်ဝန်းကျင်မှာ များပြားလှတဲ့ လူတွေပါပဲ...
လူဆိုတာထက် ပြိတ္တာတွေပါ... ဘယ်လောက်များသလဲဆို ဆေးရုံ
ကြီးရဲ့ လက်တန်းတွေမှာ ထိုင်နေကြတာ အပြည့်တဲ့၊ ဆေးရုံကြီး
ရှေ့က စိန်ပန်းပင်တွေမှာလည်း အပြည့်ရရာနေရာမှာ ထိုင်နေကြ
တာတဲ့.. ထူးခြားတာက သေမယ့်လူနာတွေကို စောင့်နေကြတာတဲ့
တချို့ကလည်း လူ့ဘဝက အမူအကျင့်အတိုင်း ပြုံးပြုံရွှင်ရွှင်၊ တချို့
ကြတော့ မာမာထန်ထန်ဆိုပဲ.။ သူ့လည်း အဲ့နားမှာ မယောင်မလည်
နဲ့ပေါ့... အဲဒီအချိန်မှာ အားလုံးဟေး ဆိုတဲ့အသံကြီးနဲ့ ဝိုင်းဝန်း
ဝမ်းသာအားရ အော်ဟစ်သံကို ကြားလိုက်ရပါတယ်..။ အလုံဘက်
မှာ ဂတ်စ်အိုးပေါက်လို့ လူ၂ဦးသေတာကို ဝမ်းသာအားရကြိုဆိုပြီး
အော်ဟစ်နေကြတာတဲ့ ဒီလိုနဲ့ ဆက်လျှောက်လာလိုက်တာ များပြား
လှတဲ့ ပြိတ္တာတွေလေ ....

လမ်းလျှောက်လာတာ ပထမဆေးရုံဝင်းထဲကနေ ဘယ်လိုလုပ်
ဘယ်လို.. ရန်ကုန်မြို့မှာ တခါမှ မမြင်ဘူးတဲ့ လမ်းတွေကို ရောက်
သွားတယ် ဆိုပါတယ်၊ ပတ်ဝန်းကျင် အနေအထားကတော့ တောအုပ်
တခုက မြေသားလမ်းလိုမျိုး ရောက်သွားတယ်ပေါ့၊ ပတ်ဝန်းကျင်မှာ
သစ်ပင်တွေပေါ်မှာတော့ ပြိတ္တာမျိုးစုံပါပဲ၊ ဆက်ပြီး ထပ်လျှောက်သွားရင်
ဧရာမတောအုပ်ကြီး တစ်ခုကိုဝင်ရတော့မယ့် လမ်းကို မြင်နေရပြီ၊
ဒါနဲ့ သူလည်းဝင်ရမလို မဝင်ရမလို ဖြစ်နေချိန်မှာ သစ်ပင်ပေါ်က
ပြိတ္တာတွေက အတင်းဝင်ဖို့ လှမ်းဆွယ်နေလေရဲ့ ချီတုံချီချဖြစ်နေတုန်း
ကြားလိုက်ရတာကတော့ ဆရာတော်ကြီး တပါးရဲ့ တရားဟောသံပါပဲ၊
သူ နားဆိုက်ထောင်နေလိုက်တဲ့ အချိန်မှာတော့.. ပီတိစိတ်တွေနဲ့ အတူ
ဆေးရုံဝင်းထဲ ပြန်ရောက်သွားပါတော့တယ်၊ ခုနဆေးရုံ နေရာအနှံအပြား
တွေ့ရတဲ့ ပြိတ္တာတွေကတော့ မနှစ်မြို့ဟန်နဲ့ပေါ့၊ သူသတိပြန်ရတဲ့
အချိန်မှာ ဇောချွေးတွေနဲ့ အတူသတိယလာပြီး ၃ … ၄ ရက် ဆီးမသွား
နိုင်တဲ့ အခြေအနေကလည်း ချောချောရှုရှု သွားလာနိုင်တော့တယ်။

သူကြားလိုက်ရတဲ့ ဆရာတော်ကြီးရဲ့ တရားသံကတော့ ဆေးရုံကြီးရှေ့
မှာ ထီရောင်းတဲ့သူ တရားခွေဖွင့်ထားတဲ့ တရားသံပါတဲ့ ...။
(ဆရာတော်ကြီးအမည် ပြောပြပေမယ့် ကျွန်တော်လည်း မှားမှာဆိုးလို့
မရေးတော့ပါ။)။ အရင်က တရားဘာဝနာဆိုတာနဲ့ ကင်းကွာခဲ့တဲ့
ဦးလေးဆိုသူလည်း အဲ့ကတည်းက ကျွတ်တမ်းဝင်ခဲ့ပါတယ်...။
ကိုယ်တိုင်ကြုံခဲ့ရတာကိုး တောအုပ်ထဲသာ ဝင်သွားခဲ့ရင်တော့
မတွေးမိစရာပါပဲ...။ ဒါကတော့ ကြုံလို့ပြောပြတာပါ...။

ကဲ မှင်စာအကြောင်း ထပ်ပြောရအောင် လွန်ခဲ့တဲ့ အနှစ်(၃၀)
ကျော်လောက်ကပေါ့... နွေရာသီကျောင်းပိတ်ရက် အဘိုးအဘွား
တွေ ရှိရာ ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ တောမြို့လေးတမြို့မှာ ကြုံခဲ့
ရတာပါပဲ။ အဲဒီအချိန်တုန်းကတော့ လမ်းပန်းဆက်သွယ်ရေးကလည်း
ခက်ခဲလှပါတယ် (အခုလည်း ဘာမှမထူးပါ)။ ကျောင်းပိတ်ရဲ့ မြို့ရဲ့
အပြင်ဖက် တောင်ပေါ်ကျောင်းပေါ်မှာ ညီအကိုတွေ ဆွေးမျိုးတွေ
ကိုရင်ဝတ်ဖြစ်ကြတယ်...။ အသက်က ၇- နှစ်လောက် ဆိုတော့
ကိုရင်တွေထဲမှာ အငယ်ဆုံးပါပဲ၊ ကျောင်းကတော့ မြို့ကနေ လမ်းခွဲ
တခုက သွားရပါတယ်။ တောင်ပေါ်ကျောင်းဆိုတော့ လှေကား
ထစ်ကြီးပဲ ၂၀၀ လောက်တက်ရပါတယ် ….

(ဆက်ရန် …. ။)

-ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦး
Read more »

ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့်

(မန္တလေးအကျဉ်းထောင်အတွင်း ၂၀၀၆ ခုနှစ်က ကွယ်လွန်ခဲ့သော
ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် (အ.က.သ၊
အခြေခံပညာ ကျောင်းသားများ သမဂ္ဂ B.E.S.U 1988-89-90)
ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှ ဓါတ်ပုံများ။)





(၁၉၈၈-၈၉-၉၀ ခုနှစ် အ.က.သ အဖွဲ့ဝင်များ .... စည်သူ(တာမွေ)၊ ကိုကိုမြင့်(လုံ/စည်း)၊
ကိုသီဟ (တာဝန်ခံ)၊ ခိုင်မင်း(စည်းရုံးရေး)၊ ရန်အောင်စိုး (စည်းရုံးရေး) ...)

Read more »

Friday, 14 October 2011

FREE NAY PHONE LATT







Read more »

Tuesday, 11 October 2011

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲ

Read more »

ကုလားသရဲနှင့် တညတာ

(မှတ်ချက်။ ။ ဒီဇာတ်လမ်းကို ကိုယ်တွေ့ကြုံခဲ့တဲ့ သူ၊ ရေးသားတင်ပြတဲ့
စာရေးသူဟာ ပြင်ပက ဖြစ်ပါတယ်၊ ကော်ပီကူးယူပြီး အီမေးလ်ကနေ
ဖြန့်ချီသူများအနေနဲ့ စည်းကမ်းရှိရှိ လုပ်ကြပါလို့ မေတ္တာရပ်ခံပါတယ်၊
ကိုယ်တွေ့ အဖြစ်အပျက် သရဲဇာတ်လမ်းများရှိရင် ကျနော့်ရဲ့ `ပျူနိုင်ငံ´
ဘလော့ဆီ ပို့ပေးလို့ ရပါတယ် ... :D )

ကျွန်တော်ကတော့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ တယောက်အနေနဲ့ ၃၁ဘုံရှိတာကိုယုံရင် မမြင်ရတဲ့ နာနာဘာဝ တစ္ဆေသရဲဆိုတာ ရှိတယ်လို့ ယုံကြည်ပါတယ်..။ ဆရာတော်ကြီးတပါးပြောဘူးတာတော့ အနိမ့်စား ဘုမ္မစိုးတွေတဲ့.. ထားပါတော့ ရေးချင်တာတော့ ကျွန်တော်ငယ်ငယ်က မျက်မြင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတခုနဲ့ လွန်ခဲ့တဲ့ ၅နှစ်က ဂျပန်နိုင်ငံ နယ်မြို့လေးတမြို့မှာ အလုပ်လုပ်ရင်းကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆန်းတခုကို ပြောပြချင်ပါတယ်..

မှတ်မှတ်ရရ ကျွန်တော် လေးတန်းကျောင်းသားလောက်က ထင်ပါတယ်..။ တရက် အဒေါ်နှစ်ယောက် နေအိမ်ကနေ အနောက်ဘက်လမ်းကို ကိစ္စတခုနဲ့ သွားကြတယ်..။ သြော် ပြောရဦးမယ်... ကျွန်တော်နေတာက ရန်ကုန်မြို့လယ်ကောင် မကျတကျလို့ပြောမလား လမ်းရှေ့မှာတော့ ရထားလမ်းပေါ့ အမြန်၊ အနှေး၊ မြို့ပတ်အစုံပေါ့ လမ်းအဆုံးလို့ ဆိုမယ့်နေရာမှာတော့ ဆိပ်ကမ်းကို ကုန်တင်ဖို့ပြေးတဲ့ ရထားလမ်းလေး တခုရှိပါတယ်..။
ရပ်ကွက်က ရထားလမ်း တြိဂံ ၂ခုကြားက အေးချမ်းတဲ့ မြန်မာရပ်ကွက်ပါ..။ အချိန်က မဆလခေတ်လေ သိတဲ့အတိုင်း အ့ဒီအချိန်က အိမ်တိုင်းမှာ ရေဒီယိုပဲ ရှိကြတော့ ရေဒီယိုပြီးချိန် ည၉နာရီဆို အားလုံးအိပ်ကြပြီပေါ့..။


အဲ့ဒီညက အဘွားဖြစ်သူက အဒေါ်ကို လှမ်းပြီး..

" ဖြိုးဖြိုးရေ အမေ မနက်ဖန် မနက်ဟင်းချက်ဖို့ အချိုမှုန့်ကုန်နေလို့ အနောက်လမ်းက မဝေဆိုင်မှာ အချိုမှုန့်လေးဝယ်ပေးပါဦး"

"မေဦးလည်း ခေါ်သွားဦးနော် တယောက်တည်း မသွားနဲ့လို့ အော်ပြောနေလေရဲ့"


ကျွန်တော်တို့ အိမ်အနောက်ဘက် ရထားလမ်းနဲ့ ကပ်ရက်မှာ ကရင်မ မဝေနဲ့ ယူထားတဲ့ တရုတ်အဘိုးကြီး အတိတ်ဆိုင်ဆိုတာရှိတယ်..
တရုတ်အဘိုးကြီး နာမည်ပျောက်ပြီး မဝေဆိုင်လို့ပဲ အများကခေါ်ကြတယ်.. ဘေးနားမှာတော့ ဆိပ်ကမ်းကိုသွားတဲ့ ရထားလမ်းလေးကို ပုဏ္ဏရိပ်ပင်တွေနဲ့ ကာဆီးထားပါတယ်..။ ဘေးမှာတော့ မှောင်မှောင်မည်းမည်း ရထားလမ်းနဲ့ ကြီးမားတဲ့ နှစ်ချို့ဗာဒံပင်တန်းပေါ့.. နေ့လည်နေ့ခင်းဆို အဘွားက ကျွန်တော်တို့
ခလေးတွေကို သွားဝယ်ခိုင်းတတ်ပေမယ့် ညဘက်ဆိုတော့ အဒေါ်နှစ်ယောက်ကို ခိုင်းတာပါ.. လင်းလင်းထင်းထင်း ကတ္တရာလမ်းကို ပတ်သွားရင်ရပေမယ့်...
လွယ်လွယ်ကူကူ နီးတဲ့ ရထားလမ်းကပဲ သွားကြတာပါ...။ အဲ့ခေတ်က အချို့မှုန့် တမတ်ဘိုးဆိုရင် စက္ကူ ခေါက်ကလေးနဲ့ ထည့်ပြီးရောင်းပါတယ်..


ရေဒီယို ဇာတ်လမ်းပြီးလို့ ကျွန်တော့် အဒေါ်ညီအမနှစ်ယောက် အနောက်ဘက်လမ်းကို ကုန်ရထားပြေးတဲ့ ရထားလမ်းလေးအတိုင်း သွားကျလေရဲ့..။ သိတဲ့အတိုင်း မဆလခေတ်က လမ်းမီးတိုင်ဆိုတာ မီးချောင်းတွေ မဟုတ်ပါဘူး။ ပိုးစုန်းကြူးသာသာ မီးလုံးလေးတွေပါ..။ နောက်ပိုင်းမှ ကိုယ်ထူကိုယ်ထ မီးချောင်းတွေ ဖြစ်လာပြီး လမ်းမီးတိုင်ကို အိမ်တွေကသွယ်ပြီး မီးပေးနေရတာ ခုထိပါပဲ ဓာတ်မီးတိုင်လည်း လှူရသေး.. ပြောရင်းဘေးရောက်သွားတာ ဆောရီးဗျာ..။ အဲ့မှာ ဖြစ်ချင်တော့ အနောက်ဘက်လမ်းဆိုတာ နီးနီးလေးပါ.. ဒါပေမယ့် အဲ့ဒီခေတ်က ရထားလမ်းမှာ မီးမရှိဘာမရှိ ပတ်ဝန်းကျင်မှာလည်း ဗာဒံပင်တွေက အမြင့်ကြီး ညဘက်အမှောင်ထဲမှာ မြင်ရတာ စိတ်ချောက်ခြားစရာလေ။ အသွားကတော့ အကောင်းပေါ့။

ကျွန်တော်တို့ ကလေးတွေလည်း ရေဒီယိုဇာတ်လမ်းပြီးလို့ ခြေလက်ဆေး၊ခြင်ထောင်တွေ ထောင်ပြီး အိပ်ယာဝင်မယ်လုပ်တော့ အပေါ်ထပ်တက်လာတဲ့ အဒေါ်နှစ်ယောက် ခြေသံကို အတိုင်းသား ကြားလိုက်ရတယ်..။ ခဏနေတော့ အဒေါ်ငယ် အန်တီဖြိုးက အရင်ဆုံးတက်လာပြီး အဒေါ်အကြီးဖြစ်တဲ့ အန်တီမေဦးက နောက်ကတက်လာပါတယ်..။ အပေါ်ရောက်ပြီး ခဏနေတော့ ကျွန်တော်တို့ ကလေးတွေက အိပ်ဖို့ပြင်နေတဲ့ အချိန်မှာ စူးစူးဝါးဝါး ငိုသံကြီးတခု ကြားလိုက်ရတယ်..။

မေမေရေလာပါဦး မမကြီး ဘာဖြစ်တာလဲမသိ...
ဟဲ့ဟဲ့ ဘာဖြစ်ကျတာလဲ...
ဟဲ့မေဦး ..
ဟဲ့ အရီးလေးရေ လာပါဦး သမီးကြီးဘာဖြစ်လဲမသိ ဆိုပြီး အဘွားက အဘိုးညီမဖြစ်တဲ့ ဘွားလေးကိုခေါ်ပါလေရော..
ဘွားလေးက ဗေဒင်၊ နက္ခတ်တွေ ဟောသူလေ..
ကျွန်တော်တို့ ကလေးတွေလည်း သိတဲ့ အတိုင်း ဝရုန်းသုန်းကားထပေါ့..

အိမ်ရှေ့ဝရန်တာ ဘုရားစင်ရှေ့မှာ ခုန အနောက်လမ်းကို သွားတဲ့ အဒေါ် ၂ဦး နဲ့ အဘွားနဲ့ ဘွားလေး၊ နောက်ဦးလေးတွေပါ ရောက်နေကြပြီ..

ထိတ်ခနဲ ဖြစ်လိုက်ရတဲ့ မြင်ကွင်းကတော့ ဆံပင်ဖားယားချပြီး ခြေထောက်နှစ်ချောင်း ဆန့်ထိုင်နေပြီး ငိုလိုက်၊ ရီလိုက် ဖြစ်နေတဲ့ ဒေါ်လေးမေဦးပါ..

အဘွားလေးက အတွေ့အကြုံ အတော်အတန်ရှိတော့ အတူသွားတဲ့ အဒေါ်ငယ် ဖြိုးဖြိုးကို

ဟဲ့သမီးဖြိုးဖြိုးပြောစမ်း လမ်းမှာ ဘာဖြစ်လာတာလဲ..

့ကြောက်ကြောက် လန့်လန့်နဲ့ ဟုတ်..ဟုတ် အရီးလေး သမီးတို့ အချိုမှုန့်ဝယ်ပြီး ပြန်လာတော့ ရထားလမ်းပေါ်ကနေ ဆင်းတဲ့ ကုန်းဆင်းလေးမှာ မမဦး ခြေခေါက်လဲသွားလို့

ပြန်ထူပြီး ပြန်ပါလာကတည်းက ဘာစကားမှ မပြောတော့ပဲ အတူတူပြန်လာတာ... ခုလှေကားတက်ခါနီး အပေါ်ရောက်တော့ ငိုတော့တာပါပဲ..လို့ ပြောပြီး ကြောက်ကြောက်နဲ့

ငိုပါလေရော...။ ဒီလိုပြောနေချိန်မှာတော့ ဒေါ်လေမေဦး ကငိုလိုက်ရယ်လိုက်နဲ့ ပါးစပ်က ကရားရေလွှတ် ပြောနေတာကတော့.. ကျွန်တော်တို့ တလုံးတပါဒမှ နားမလည်တဲ့ ကုလားစကားတွေကို ထူဆန်းစွာ ပြောလိုက် ငိုလိုက် လုပ်နေတော့တာပါပဲ...

ငိုသံကတော့ ချက်ခြင်းလက်ငင်းကြီး ယောင်္ကျားကြီး အသံနဲ့ ငိုသံကြောင့် ကျွန်တော်တို့ ကလေးတွေ ချောင်တကြောင်မှာ ကပ်ပြီးနေရလောက်အောင် ကြောက်လန့်ဖွယ်အသံနဲ့ပါပဲ..

ဘွားလေးဖြစ်သူက ပရိတ်တိုက်မယ် လုပ်လေ ငိုလေပါပဲ.. ခဏနေတော့ အိမ်နီးခြင်း အချို့ရောက်လာကြတော့တာပါပဲ..။
အဘွားဖြစ်သူလဲ သမီးအတွက် ရွတ်ဖတ်လိုက်ရတာ အမော... ဒေါ်လေးမေဦး တခါတရံကြည့်တဲ့ အကြည့်က တောင်းလျှိုးပန်လျှိုး ..
ပြောလိုက်ရတဲ့ ကုလားစကားက မြန်မှမြန်... အဒေါ်ခင်မျာလည်း ပင်လည်းပင်ပန်းလှပြီ။

ဒီမှာတင် အဘွားဖြစ်သူက ဟဲ့မောင်မောင် ဦးမောင်ညွှန့်ကို အမြန်ခေါ်ခဲစမ်း

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိချိန်မှာ ကုလားစကားတတ်သူကို ဘာသာပြန်ခိုင်းဖို့ အရင်ကတော့ အိမ်ဘေးမှာ နေတဲ့ သုံးဘီးကားမောင်းတဲ့ ဟိန္ဒူကုလားကြီးဦးညွှန့်ကလည်း
ကျူးကျော်ရပ်ကွက်ကို အိမ်ပြောင်းသွားပြီဆိုတော့ ညကြီးမင်းကြီး ဦးလေးတွေ လိုက်ရှာပြီးခေါ်ဖို့ လုပ်ရတော့တာပေါ့...

အိမ်ပြောင်းသွားတာ ကြာပြီလေမေမေ..
အမြန်စုံစမ်းပြီး ရအောင်ခေါ်ခဲ့စမ်း လျှာရှည်မနေနဲ့

အဘွားလေးက အင်းစောင့်နတ်ခေါ်ပြီး အင်းကို မီးရှို့ပြီးတိုက်ဖို့ ပြင်နေပါပြီ..

သမီးအတွက် ရတက်မအေးတဲ့ အဘွားဖြစ်သူရဲ့ ပူပင်သောကပေါ့..

တချက်တချက် ဒေါ်လေးမေဦးရဲ့ ငိုသံနဲ့ ကုလားလို ကရားရေလွှတ် ပြောလိုက်သံတွေဟာ ကြောက်မက်ဖွယ်ပါ...

အဘွားလေး ဒီလိုလုပ်မယ်ဆိုတာသိလေ ဒေါ်လေးရဲ့ ယောင်္ကျားသံကြီးနဲ့ ငိုသံက ညအမှောင်မှာ ပိုကျယ်လောင်လာလေ.. ကုလားစကားတွေ ပိုပြောလာလေပါပဲ..

အဘွားက သမီးဇောနဲ့ ယောင်းမဖြစ်သူကို မမလေးရယ် ခဏထားစမ်းပါဦး မောင်ညွှန့်လာရင် အဖြေပေါ်မှာပါ...

ကျွန်တော်တို့ ကလေးတွေလည်း ပွဲကြည့်ပရိသတ်ပေါ့ ..။ ပြောလိုက်တဲ့ ကုလားစကားကလည်း တောက်လျှောက် ပြောလိုက်၊ င်ုလိုက်ပေါ့...

နာရီဝက်လောက်ကြာတော့ သုံးဘီးကားသံနဲ့ အတူ ဦးလေးပြန်လာသံကို ကြားလိုက်ရတယ်..

မေမေရေ ဦးညွှန့်ပါလာပြီလို့ ဝမ်းသာအားရ..

အဘွားလည်း အပြေးတပိုင်း.. မောင်ညွှန့်ရေမြန်မြန်လာပါဦး.. ဒီမှာမေဦးဘာပြောမှန်းမသိ အန်တီလည်း စိတ်ပူလှပြီပြောပြီး ငိုပါလေရော..

ဦးညွှန့်ရောက်လာတဲ့ အချိန်မှာ ဒေါ်လေးမေဦး ငိုလိုက်၊ ရယ်လိုက်နဲ့ ဦးညွှန့်ကို ကုလားလို ပြောတော့တာပဲ..

ဟဲ့မောင်ညွှန့် ဘာပြောတာလဲ ဘာသာပြန်ပါဦး..

ဟုတ်ကဲ့အန်တီမြ ခဏ.. ဒေါ်လေးမေဦးက ဦးညွှန့်ကို ပြောလိုက် အဘွားကို ကြည့်လိုက်ပေါ့...

+++++++++
အန်တီမြရေ သူ့နာမည်က ဘာဘူတဲ့ သူဒီရှေ့က ရထားလမ်းမှာ ဇလီဖာတုံးခင်းတဲ့ ဝန်ထမ်းတဲ့..
တရက် လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း တချက်သတီလစ်သွားတဲ့ အချိန်မှာ ရထားတိုက်ပြီး သေခဲ့ရတယ်တဲ့..

ဦးညွှန့်အဲ့လို ရှင်းပြချိန်မှာတော့ ဒေါ်လေးမေဦး ငိုလိုက်တာ သနားစရာပါပဲ...
နောက်ဆုံး အစိမ်းသေ သေသွားခဲ့ရပေမယ့် သူမှာ နေစရာထိုင်စရာမရှိနဲ့ နောက်ဆုံး ဒီရထားလမ်းဘေးက
ဗာဒံပင်တန်းမှာ နေနေရတာပါတဲ့.. သူအစားမစားရတာလည်း နှစ်နဲ့ချီနေပါပြီတဲ့..

ကျွန်တော်တို့ ဒီမှာနေခဲ့တာ ကြာနေပြီဖြစ်နေပေမယ့် လူကြီးမိဘတွေ ရထားလမ်းမှာ ရထားတိုက်ခံရတဲ့ သတင်း ကျွန်တော်တို့ လူမှန်းသိတတ်စ အရွယ်မှာ တခါမှမကြားမိပါဘူး။
ဘယ်လောက်များ နှစ်ချီခံစားနေပါလိမ့်ပေါ့..

ခုလည်း အစားမစားရတာ နှစ်နဲ့ချီကြာနေတဲ့ အတွက် အဒေါ်၂ယောက် ပြန်လာချိန်မှာ တဦးကို အနောက်ကတွန်းလိုက်ပြီး (ကံနိမ့်နေတဲ့ အတွက်ကြောင့်ထင်ပါတယ်) သူလိုက်ပါခဲ့ရတာပါတဲ့..

သူကို အစာကြွေးဖို့ ငိုပြီးပြောရှာပါတယ်.. နောက်သူဟာ ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ အတွက် ဆိုင်းဘာဘာပုံကိုလည်း အိမ်မှာထားပေးပါလို့ ထူးထူးခြားခြားတောင်းဆိုပါတယ်.။
ငိုပြီးပြောရလွန်းလို့ သူလည်းတော်တော်ပင်ပန်းနေပါပြီ.. အဲ့မှာ ဦးညွှန့်က မင်းလိုချင်တာ ငါတို့လုပ်ဆောင်ပေးမယ်.. နောက်မနှောင့်ယှက်ဖို့ ပြောရပါတော့တယ်..
သူ့အတွက် အဒေါ်ခလုပ်တိုက် လဲတဲ့နေရာမှာ ဟင်းနဲ့ထမင်းပုံပေးဖို့နဲ့ ဆိုင်းဘာဘာပုံ အိမ်မှာထားပေးဖို့ နောင်မနှောင့်ယှက်ပါဘူးဆိုပြီး ကုလားလို ကတိပေးပါတယ်..။ နောက်အဘွားလေးတိုက်ဖို့ အသင့်ပြင်ထားတဲ့ အင်းကွက်ရေကို မသောက်ပဲ သူ့ကို ရေတိုက်ဖို့ ပြောပြီး ငိုယိုပြီး ထွက်သွားပါတော့တယ်.. ဒေါ်လေးမေဦးလည်း ပင်ပန်းလွန်းလို့ ထင်ပါတယ်...။ အရုပ်ကြိုးပြတ် အိပ်ပျော်သွားရှာပါတယ်...။

အဘွားတို့လည်း ညတွင်းချင်း အိမ်မှာရှိတဲ့ ထမင်းကျန် ဟင်းကျန်တွေကို အင်ဖက်နဲ့ သေချာထုတ်ပြီး ဒေါ်လေးဖြိုး၊ ဦးမောင်ညွှန့်နဲ့ အိမ်နီးနားချင်းတွေ ခေါ်ပြီး
ဒေါ်လေးမေဦး ခလုပ်တိုက်လဲကျတဲ့နေရာကို လက်နှိပ်ဓာတ်မီးနဲ့ သွားကြလေရဲ့ ကျွန်တော်တို့ ကလေးတွေကတော့ အိမ်မှာကျန်ရစ်ခဲ့ရတာပေါ့...။
တအောင့်နေပြန်လာလို့ ဦးလေးဖြစ်သူ ပြန်ပြောပြတာတော့ ဦးညွှန့်ကုလားလို ခေါ်ကျွေးပြီး ပြန်မဲ့ အချိန်မှာ ဗာဒံပင်ပေါ်က ဗာဒံရွက်တွေ လေမတိုက်ပဲ လှုပ်ခတ်သွားတာ
အားလုံးသတိထားမိလိုက်ကြပါတယ်တဲ့...။ နောက်နေ့ အိမ်က ဘုရားစင်အောက်မှာ ဆိုင်းဘာဘာပုံကြီးချိတ်ဆွဲထားတာ ကျွန်တော် အလယ်တန်းရောက်တဲ့ အထိပါပဲ။
ထူးခြားတာကတော့ ဒေါ်လေးမေဦး အဲ့ဒီနေ့က အဖြစ်အပျက်ကို ဘာဆိုဘာမှ မသိတော့တာပါပဲ။ ကုလားစကားပြောတယ်ဆိုတာ သိပုံတောင်မရ..။

ကျွန်တော် လူပျိုပေါက် ရောက်တဲ့ အထိ ညဘက် လဘက်ရည်ဆိုင်ကပြန်လာရင် အဲ့ဒီဗာဒံပင်တန်းကို မော့ကြည့်ရတာ အမော...။ လူကြီးတွေကတော့ အမျှပေးလိုက်လို့ ကျွတ်လွတ်သွားပြီတဲ့...။ ဘာပဲဖြစ်ဖြစ် အိမ်ဦးခန်းမှာ ဆိုင်းဘာဘာရောက်လာတာ ကျွန်တော် ပြည်ပထွက်တဲ့ အထိပါပဲ... အခုတော့ မထားတော့ဘူးတဲ့...။ ကျွန်တော်တို့
လူပျိုပေါက်ရောက်တဲ့ အထိ ရှေးရိုးစွဲ အဘွားတွေက အိမ်ပေါ်ထက်ခါနီး တံတွေးထွေးပြီး ဖိနပ်နဲ့ ဖတ်ဖတ် ဖီဖီဆိုပြီး အဘွားတို့က အိမ်ပြန်လာရင် လုပ်ခိုင်းတော့တာပါပဲ..

ဒါကတော့ ငယ်စဉ်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကုလားသရဲဝင်စီးတဲ့ အဖြစ်အပျက်လေးပါ..

ကိုအောင်အစဉ်ပြေသလို ပြန်ရေးတင်နိုင်ပါတယ်..။

-ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦး
Read more »

Saturday, 8 October 2011

Enemy At The Gates ရုပ်ရှင်နှင့် အပြိုင်

အားလပ်ရက် သို့မဟုတ် ပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့
တွေမှာ လူ တော်တော်များများ ရုပ်ရှင်ဗွီဒီယိုတွေ ကြည့်လေ့
ရှိကြပါတယ်။ ရုပ်ရှင်ဗွီဒီယို ကားဟောင်းတွေကို TV လိုင်းကနေ
မရပ်မနား ဆက်တိုက် ထုတ်လွှင့်ပေးတဲ့ အစီအစဉ်တွေလည်း
ရှိပါတယ်။ TV အမျိုးအစားမှာ Full HD ပါဝင်ရင် HD ပုံစံ ထုတ်လွှင့်
တဲ့ TV လိုင်းတွေကို ဖမ်းယူလို့ရပါတယ်။ ကိုယ့် TV ဟာ 3D
အမျိုးအစား ဖြစ်မယ်ဆိုရင်တော့ HD TV ကလာတဲ့ 2D ကို 3D
ပြောင်းပြီး ခံစားကြည့်ရှုလို့ အဆင်ပြေကြမှာပါ။

ကျနော် လက်ရှိနေထိုင်တဲ့ ဒိန်းမတ်နိုင်ငံက DR HD ဆိုတဲ့ TV လိုင်း
မှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ညက Enemy At The Gates
ရုပ်ရှင်ကားဟောင်းကို ပြန်လည် ကြည့်ရှုရပါတယ်။ ဒီရုပ်ရှင်ကို
ကျနော်တို့ ကြိုက်နှစ်သက်ပါတယ်။ သို့ပေမယ့် ဒီတစ်ခေါက်လည်း
ပြန်ကြည့်ရော ရုပ်ရှင်ရဲ့ အားနည်းချက်တွေ တွေ့လာရပါတယ်။


စတာလင်ဂရက် စစ်မျက်နှာကို ရောက်လာတိုင်း စစ်သားအသစ်တွေ
ကို တန်းစီးပြီး ရှေ့ကတစ်ယောက်ကို ကျည်ဆံမပါတဲ့ သေနတ် ရမယ်ဆိုရင်
နောက်က နောက်တစ်ယောက်ကို သေနပ် မပေးပဲ ကျည်ဆံလေးတောင့်
သာ ဝေတဲ့အခန်းပါ၊ အဲဒီအခန်းမှာ မင်းသားဖြစ်တဲ့ Jude Law၊ ဇာတ်လမ်း
ထဲမှာတော့ ဗစ်စ်လီ (Vassili Zaitsev) ကို ကျည်ဆံလေးတောင့် ဝေပေး
တဲ့ သူဟာ နောက်ပိုင်း ဗစ်စ်လီနဲ့အတူ လက်ဖြောင့် သေနတ်သမား
တာဝန်ကို ထမ်းဆောင်တဲ့ Koulikov (Ron Perlman) ဖြစ်နေပါတယ်။
ဒီနေရာမှာ တခြားတစ်ယောက်ကို မထည့်ပဲ အလွယ်တကူပဲ သုံးလိုက်ပါ
လား၊ ရုပ်ရှင်ရိုက်ကူးတဲ့ Jenan Jacques Annaud လည်း အသုံးစရိတ်
ကို ချွေတာပြီး ပေသီးခေါက်တဲ့ ဒါရိုက်တာပါလား …. :D

ဒီဇာတ်လမ်းကို ကြည့်ပြီး ကျနော့်စိတ်ထဲ ပေါ်လာတဲ့ အတွေးတွေက
ပေါင်းစုံပါပဲ၊ ဒီဇာတ်လမ်းထဲက မင်းသမီး- တီနာ့ Tania Chernova
(Rachel Weisz) ကို ကြည့်ပြီး အနည်းငယ် ပြုံးမိပါတယ်။ ဇာတ်လမ်း
ထဲမှာ သူက ဂျာမန်ဘာသာစကား တတ်သော မော်စကို ကျောင်းသူ၊
ရန်သူတွေ ပြောတဲ့ ဘာသာစကားကို နားလည်သူပေါ့ ….
ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ဆုံရေကာတာနဲ့ ပက်သက်ပြီး ဟောင်ကောင်
တရုတ်သတင်းဌာနက ဒေါနဲ့မောနဲ့ ပြောတော့ ကျနော်အပါအ၀င်
အွန်လိုင်းပေါ် လူတော်တော်များများ၊ အကုန်လုံးနီးပါးလို့ပဲ ဆိုပါတော့
အဲဒီတရုတ် ဘာပြောလို့ ပြောမှန်း မသိဘူး၊ ဒေါ်အောင်ဆန်းစုကြည်
ပုံ ပါတယ်၊ မြစ်ဆုံကိစ္စ၊ မြန်မာပြည်နဲ့ ပက်သက်တာ ပြောနေမှန်းတော့
သိတယ်၊ တရုတ်လို ကျွမ်းကျွမ်းကျင်ကျင် မတတ်ကြတော့ နားမလည်
ကြတာပါ၊ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တရုတ်နဲ့ မြန်မာ
ဆက်ဆံရေးတွေ တင်းမာခဲ့တဲ့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်
ကျော်လောက်ကလို စကားလုံးတွေကို ဗုံးတွေအဖြစ် ကျဲချ
နေသလားပေါ့ ….

အဲဒီခေတ်က မြန်မာနိုင်ငံရဲ့ အာဏာရှင် မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီရဲ့ `လမ်းစဉ်သတင်း´ စာစောင်အဟောင်းတွေ
ကျနော် လူမှန်းသိတတ်တဲ့အရွယ်အထိ အိမ်မှာ လူကြီးတွေ
သိမ်းဆည်းထားတော့ ကိုယ်မသိလိုက်တာတွေ ပြန်ပြီး ဖတ်ရှု
ခွင့်ရခဲ့ပါတယ်၊ တရုတ်နိုင်ငံရဲ့ ပီကင်း ကွန်မြူနစ် အသံလွှင့်ဌာန
(မြန်မာပိုင်းအစီအစဉ်)က ဘယ်လို ကြွေးကျော်သလဲဆိုတော့ ...
`တရုတ်ပြည်က လူပေါင်း သန်းခြောက်ရာ သေးပေါက်ချလိုက်ရင်
မြန်မာပြည် သေးထဲ(ရှူးရှူးထဲ) မျောသွားမယ် …. ´
(အဲဒီခေတ်က တရုတ်ပြည်မှာ လူဦးရေ သန်းခြောက်ရာ၊ ဒီခေတ်
သန်းတစ်ထောင်ကျော် ဆိုတော့ သူတို့ရဲ့ ရှူးရှူးတွေနဲ့ တိမ်းကော
သွားတဲ့ မြစ်ဝါမြစ်တောင် ပြန်ရှင်သန်နိုင်သေးရဲ့ …. :D)
မြန်မာပြည်က မ.ဆ.လပါတီရဲ့ `လမ်းစဉ်သတင်း´ စာစောင်
ကလည်း အားကျမခံ ပြန်ပြောပုံက (ကာတွန်းပုံလေးနဲ့) …
`သန်းခြောက်ရာများအေ၊ ဘီးစိတ် ကောင်းကောင်းတစ်ချောင်း
နဲ့ တိုက်ချလိုက်လို့ကတော့ ဒီသန်းတွေ အသေဆိုးနဲ့
သေသွားမယ် ….´ …. :D

တဖက်နဲ့ တဖက် လေပေါပေါရတိုင်း စကားလုံးတွေနဲ့ စစ်ခင်းကြ
တာပါ။ အခု မြစ်ဆုံအကြောင်း အဲဒီ ဟောင်ကောင် တရုတ်သတင်း
ဌာနက တရုတ်လိုလည်း ပြောလိုက်တော့ ဘာအဓိပ္ပါယ်လဲလို့ သိချင်
နေကြတာ၊ တရုတ်လို ကျွမ်းကျွမ်းကျင်ကျင် မတတ်တော့ ဒုက္ခပေါ့ ….
ဒါနဲ့ တရုတ်စကား၊ တရုတ်စာပေ နားလည်တဲ့ ဘလော့ဂါ မနိုင်းနိုင်းစနေ
က ဘာသာပြန်ပေးမှာ သူတို့ ဘာပြောတယ်၊ ဘာ ဆိုလိုတယ် ဆိုတာ
ကျနော်တို့ သိခွင့်ရကြတာပါ ….
ဒါနဲ့ပဲ Enemy At The Gates ရုပ်ရှင်ကိုကြည့်တော့ မင်းသမီးဖြစ်တဲ့- တီနာ့
Tania Chernova (Rachel Weisz) သရုပ်ဆောင်နေတာကို တွေ့ရမှ
ဒါမျိုးဟာ အပြင်လောကမှာ တကယ်ပဲ ဖြစ်နေပါလားလို့ တွေးမိပြီး
ဘလော့ဂါ မနိုင်းနိုင်းစနေကို ကျေးဇူးတင်မိပါတယ်၊ ကျေးဇူးတင်မိတယ်
ဆိုလို့ ပြောရအုံးမယ်၊ တခါက သူ့ဘလော့ရဲ့ ပို့စ်တစ်ခုမှာ တရုတ်ဘာသာ
စကားကို ကမ္ဘာမှာ ဒုတိယ လိုက်နေပါပြီလို့ သူက ရေးလိုက်တော့ ကျနော်
အပါအ၀င် လူတော်တော်များများ အပြင်းအထန် ငြင်းခုံပြီး ပို့စ်ရဲ့ ကော်မန့်
နေရာမှာ ရေးခဲ့ကြဖူးတယ်၊ ပြင်သစ်စကားတို့ စပိန်စကားတို့ ရှိတယ်၊
ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့၊ ၀ိုင်းပြီး ငြင်းခုံကြတော့ အဲဒီအချိန်က
သူ့ခမြာလည်း ဘယ်လို ခံစားရမလဲ မပြောတတ်ဘူး၊ အမှန်တရားဟာ
ယာယီအရေးနိမ့်တတ်တယ် ဆိုတာမျိုးပေါ့ဗျာ …. :D

ဒီရုပ်ရှင်ဇာတ်လမ်းထဲ ကျနော့်အမြင်တော့ ဘယ်သူဟာ
သူရဲကောင်းမှန်း၊ ဇာတ်လိုက်မှန်း မဝေခွဲတတ်အောင်
ဖြစ်မိပါတယ် ….
ကျူးကျော်လာသူတွေကို မှန်ပြောင်းတပ်ထားတဲ့ သေနတ်တစ်လက်
နဲ့ ချေမှုန်းနေတဲ့ ဗစ်စ်လီ Vassili Zaitsev (Jude Law) လား ….

သတင်းပေးတဲ့ ရဲဘော်လေးလည်း ကျဆုံးသွားပြီ၊ တဖက်သက်
ချစ်နေတဲ့ ချစ်သူလည်း ကိုယ့်မျက်စိရှေ့မှာ သေဆုံးသွားပြီ(သူ့အထင်)၊
ဒါကြောင့် တွယ်တာစရာမဲ့တဲ့ စစ်ပွဲအတွင်း ကိုယ့်ကိုယ်ကို စတေး
ခံပြီး ပုန်းခိုချောင်းမြောင်နေတဲ့ ရန်သူ ထွက်လာအောင် ပြစ်ကွင်း
ရှေ့မှာ စတေးခံလိုက်တဲ့ Danilov (Joseph Fiennes) လား ….

ဖိနပ်တိုက်ပေးသမား အဖြစ်နဲ့ ရန်သူဗိုလ်မှူးကို မိမိလေးစားရတဲ့
သူရဲကောင်းရဲ့ ပြစ်ကွင်းထဲဆီ တမင်ဝင်လာအောင် မြှားခေါ်
ပေးခဲ့တဲ့ ကလေးငယ် Sacha Fillipov (Gabriel Thomson) လား …

သေချာတာကတော့ ရန်သူ့ပြစ်ကွင်းထဲ ၀င်သွားမိပြီလို့ သိလိုက်
ရတဲ့အချိန်မှာ ဦးထုပ်ချွတ်ပေးပြီး ခပ်ထေ့ထေ့အပြုံးနဲ့ အသေခံလိုက်
ရတဲ့ ဂျာမန် ဗိုလ်မှူး Erwin König (Ed Harris) နဲ့ ဆိုဗီယက်
ဗိုလ်ချုပ်ကြီး ခရူးရှပ်ဗ်အဖြစ် သရုပ်ဆောင်ထားတဲ့
Robert William Hoskins Jr တို့ကတော့ သူရဲကောင်းတွေ
မဖြစ်ခဲ့ကြပါ ….

စစ်ပွဲတွေ၊ ကျူးကျော်မှုတွေ၊ အားပြိုင်မှုတွေအတွင်း လူသားများ
ရဲ့ ဘ၀တွေဟာ …. အဲဒီ enemy at the gates ရုပ်ရှင်ထဲကလို
မြစ်ရဲ့ တစ်ဖက်ကမ်းက မြို့တော်ကြီး မကျဆုံးရေးအတွက်
လေယာဉ်ပျံတွေ ဗုံးဆန်တွေအကြား ကြောင်တောင်တောင်
ရောက်ရှိလာတဲ့ စစ်သား အသစ်တွေ …
(ဧရာဝတီမြစ်ကြီးရော အဲဒီရုပ်ရှင်ထဲက မြစ်ကြီးလို ပူလောင်
ပွက်လောရိုက်နေပြီလား ….)

စစ်အတွင်း သူရဲကောင်းတစ်ယောက်ကို ချီးမြှင့်မြောက်စားသော
ခန်းမအတွင်းက စားချင်စဖွယ် စားသောက်ဖွယ်ရာများကို လစ်ရင်
လစ်သလို အလစ်သုတ်နေကြရသော အစိုးရအမှုထမ်းများ …

တင့်ကား၊ သံချပ်ကားတွေ၊ လက်နက်အပြည့်အစုံရှိတဲ့ ရန်သူတွေ
ဆီ ရိုင်ဖယ်သေနတ် အစုတ်လေးတွေ ကိုင်တဲ့သူက ကိုင်၊ ကျည်ဆံ
မဖြစ်စလောက်ကို ကိုင်တဲ့သူက ကိုင်၊ ရန်သူတွေရှိရာ ပြေးတက်
ပြီး ရက်ရက်စက်စက် ကျဆုံးဖို့ သို့မဟုတ် နောက်ပြန်ဆုတ်ရင်
အမိန့်နာခံရန် ပျက်ကွက်မှုနဲ့ မိမိတပ်ဖွဲ့၏ သုတ်သင်ရှင်းလင်းခြင်း
ကို ခံရသော အဖြစ်ဆိုးတွေကတော့ …

ရုပ်ရှင်ထဲကအတိုင်း ပြင်ပကမ္ဘာမှာ ဖြစ်နေဆဲလား …..???

-စစ်ငြိမ်းဒီရေ
Read more »

Thursday, 6 October 2011

GENERATION WAVE ၏ လေးနှစ်မြောက် မွေးနေ့ဖိတ်စာ

Read more »

Tuesday, 4 October 2011

ဟောင်ကောင် တရုတ်သတင်းဌာန၏ မြန်မာနိုင်ငံအပေါ် စိန်ခေါ်မှု

ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာန
ကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ..
သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့
အစီအစဉ်ရှိပါတယ်..



သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့
အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည်တွေ့ဆုံချိန် ရုံးခန်းမှာ
ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ်
အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံး
အကြိမ်တွေ့ရကြောင်း ပြောကြားပါတယ်.. ဆည်ကိစ္စမှာ သမ္မတ
ဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့
အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင်
တရုတ်ဖက်က သေချာစဉ်းစားသင့်တဲ့အကြောင်း အခြေအနေ
တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထား
ကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်
မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ အဲဒီတုန်းက ဦးသိန်းစိန်
သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး
အနောက်နိုင်ငံတွေက ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို
ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်
ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက
ပြည်သူတွေရဲ့ထောက်ခံမှုကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့
အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊
သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလို
ပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလား
ချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့
တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊
မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို
ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ
ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့်
ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို
အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်
ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...

မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့
အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊
တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့
အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက
ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်
အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ
ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်
ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်း
နိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း...
ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..

သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ် ...

(မနိုင်းနိုင်းစနေရဲ့ facebook မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။)
(မှတ်ချက်။ ။ဘာသာပြန်ပေးတဲ့ မနိုင်းနိုင်းစနေကို အားလုံးရဲ့ကိုယ်စား
ကျနော့် ပျူနိုင်ငံဘလော့မှ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။)
Read more »

Monday, 3 October 2011

မြစ်ဆုံရေကာတာအတွက် အသင့်ရှိကြပါ

မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို သမ္မတ ဦးသိန်းစိန်က
ရပ်တန့်လိုက်ကြောင်း ကြေညာအပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန
ပြောရေးဆိုခွင့် ရှိသူ၊ ယူနန်ပြည်နယ် အခြေစိုက် တရုတ် သတင်းဌာန
များ၊ တရုတ် အစိုးရ မီဒီယာများက ရင့်သီးသော စကားလုံးများအသုံးပြု
ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်သည့် စကားလုံးများ ပြောဆိုနေပါတယ်။
ဒီမိုဝေယံဘလော့ရဲ့ (ဤနေရာ)
ဧရာဝတီသတင်းဌာန (ဤနေရာ)
များမှာ ဖတ်ရှုကြည့်ကြပါ။


(ဓါတ်ပုံပေါ်က စာသားများကို ဘာသာပြန်ထားသူက ဘလော့ဂါ
မနိုင်းနိုင်းစနေလို့ သိရပါတယ်။)

လောလောဆယ် အခြေအနေများနဲ့ ပက်သက်ပြီး၊ ဦးသိန်းစိန်အနေနဲ့
မြစ်ဆုံရေကာတာ တည်ဆောက်ရေး ပက်သက်ပြီး မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပေါ် တွေ့ဆုံသင့်တယ်
လို့ ထင်ပါတယ်။ ဧရာဝတီမြစ်ကြီး တည်တံ့ရေးဟာ ကြီးမားတဲ့
အမျိုးသားရေး ပြဿနာတစ်ခုပါ။
အင်တာနက် အွန်လိုင်းပေါ်က ဘလော့ဂါများ ...
မြစ်ဆုံရေကာတာ တိုက်ပွဲ မပြီးသေးပါ ....

-စစ်ငြိမ်းဒီရေ
Read more »

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲရုပ်သံမှတ်တမ်း

(မှတ်ချက်။ ။ ရုပ်ပျက်ဆင်းပျက် လူသေအလောင်းများ ပါရှိနေသော
ကြောင့် အသက်ငယ်ရွယ်သူများ၊ နှလုံးရောဂါ ရှိသူများနှင့် ကိုယ်ဝန်
ဆောင်သည်များ မကြည့်ရှုသင့်ပါ။)

ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုအစိုးရ စစ်တပ်ရော၊ ကချင်လွတ်မြောက်
ရေး KIA ရော နှစ်ဖက်စလုံးက အသုံးပြုနေတဲ့ လက်နက်အများစုဟာ
တရုတ်နိုင်ငံထုတ် လက်နက်များနဲ့ တရုတ်နည်းပညာ အခြေခံပြီး
ထုတ်လုပ်ထားတဲ့ လက်နက်များသာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကြောင့်
မြန်မာ တစ်နိုင်ငံလုံး မီးဟုန်းဟုန်း တောက်နေပါပြီ၊ တရုတ်နိုင်ငံက
ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများ (Made in China)များနဲ့ မြန်မာပြည်
အတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု မှန်သမျှ ဆန့်ကျင်သင့်ပါပြီ။


KIA/O Padang Lu SumLa Hkrung from Shanghtin on Vimeo.
Read more »

Sunday, 2 October 2011

ဝက်သားကြိုက်တဲ့ တရုတ်တစ္ဆေ

အခုတလော အလုပ်ကိစ္စ နည်းနည်းများနေလို့ ဘလော့ပို့စ် အသစ်
တင်ခြင်း၊ မိတ်ဆွေ ဘလော့ဂါတွေရဲ့ ပို့စ်အသစ်တွေမှာ ကော်မန့်လိုက်
ရေးပြီး နူတ်ဆတ်ဖို့ မအားမလပ်အောင် ဖြစ်နေပါတယ်၊ ထစ်ကနဲရှိရင်
လွယ်လွယ်ကူကူ ရောက်နေကြ facebook ပေါ်ပဲ ရောက်တာ များနေပါ
တယ်၊ ဒီတခါ ကျနော် ပြောပြမယ့် ဇာတ်လမ်းက ကျနော် ၇- တန်း၊
၈- တန်း ကျောင်းသားဘ၀မှာ တွေ့ကြုံဖူးတဲ့ တရုတ်တစ္ဆေပါ၊ တစ္ဆေ
အကြောင်း မပြောခင် မြစ်ဆုံဆည်အကြောင်း နည်းနည်း ပြောပါရစေ။


မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ရပ်တန့်လိုက်တဲ့ သတင်းကြောင့်
“ဧရာဝတီကိုချစ်သော ဘလော့ဂါများ စုစည်းမှု” ကတော့ အတိုင်းအတာ
တစ်ခုအထိ ပျော်ရွှင်နေပြီလို့ ထင်ပါတယ်၊ မြစ်ဆုံရေကာတာ တစ်ခုတည်း
မဟုတ်ပါဘူး မြန်မာပြည်ထဲက ရေအားလျှပ်စစ် စီမံကိန်းတွေမှာ လုပ်ကိုင်
နေဆဲ တရုတ်ကုမ္မဏီတွေ၊ သဘာဝဓါတ်ငွေ့ကို ဈေးပေါပေါနဲ့ ချုပ်ဆိုခဲ့ရတဲ့
အစီအစဉ်တွေ၊ သစ်တောထွက် ပစ္စည်း ... ရွှေကျင်တဲ့ လုပ်ငန်းစတဲ့
မြန်မာပြည်ထဲမှာ ရှိရှိသမျှ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု အားလုံး ပြန်ထွက်
သွားအောင် လုပ်ပြနိုင်ရင် သမ္မတကြီး ဦးသိန်းစိန်ကို ပြည်သူတွေက
ဒီထက်ပိုပြီး ကောင်းချီသြဘာ ပေးကြမှာပါ။ လက်ရှိ ရပ်တန့်မယ်လို့ ကြေညာ
ထားတဲ့ မြစ်ဆုံဆည် စီမံကိန်းဟာ ကွန်မြူနစ်အမည်ခံ ကိုယ်ကျိုးကြည့်
တရုတ်တစ္ဆေအစိုးရကို ပူဇော်ပသထားတဲ့ စီမံကိန်း (၈)ခုထဲက (၁)ခုပဲ
ရှိပါသေးတယ်၊ စီမံကိန်း (၈) ခုစလုံး ရပ်ဆိုင်းဖို့နဲ့ ကချင်ပြည်နယ်အတွင်းက
စစ်ပွဲတွေ ငြိမ်းချမ်းစွာနဲ့ ပြီးဆုံးဖို့ ဦးသိန်းစိန်အပါအ၀င် အားလုံးမှာ တာဝန်
ကိုယ်စီ ရှိပါတယ်။ မြစ်ဆုံဆည် ရပ်တန့်ရေးမှာ ရရှိထားတဲ့ စည်းလုံးညီညွတ်
ရေး အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ်။

တရုတ်နိုင်ငံဟာ ယနေ့ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ အင်မတန် ယုတ်မာတဲ့
မူဝါဒကို ဆုပ်ကိုင်ထားဆဲ နိုင်ငံတစ်ခုပါ၊ ဒါကြောင့် လစ်ဗျားနိုင်ငံရဲ့ အစိုးရသစ်
ဖြစ်တဲ့ အတိုက်အခံ အမျိုးသားကောင်စီက တရုတ်နိုင်ငံနဲ့ သံတမန် အဆက်
အသွယ် ဖြတ်တောက်ပြပြီး တရုတ်ရဲ့ ယုတ်မာမှုကို တစ်ကမ္ဘာလုံးသိအောင်
ဖော်ပြခဲ့ပါပြီ။ တချို့သောသူတွေက ကျနော်အပါအ၀င် မြစ်ဆုံဆည် ကန့်ကွက်
ရေး၊ တရုတ်ရင်းနှီးမြုပ်နှံမှု ဆန့်ကျင်ရေးအတွက် အင်တာနက်ပေါ်ကနေ
ဆက်တိုက်ကြွေးကျော်နေသူ တချို့ကို “မျက်ကန်း မျိုးချစ်”တွေ၊
“အစွန်းရောက် အမျိုးသားရေးဝါဒီ” တွေအဖြစ် ခေါင်းစဉ်အမျိုးမျိုး တပ်ကြ
ပါတယ်။ ကျနော့်ကိုယ် “မျက်ကန်း မျိုးချစ်”လို့ ခေါင်းစဉ်တပ်ချင်သူတွေအနေနဲ့
သမိုင်းကို ရှုထောင့်တစ်ခုတည်း မလေ့လာပဲ ရှုထောင့်အမျိုးမျိုး၊ ချဉ်းကပ်နည်း
အမျိုးမျိုးကနေ လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။ တခါက မီဒီယာတစ်ခု
မှာ အဆင့်မြင့်တာဝန် ယူထားသူတစ်ဦးနဲ့ ညီလာခံတစ်ခုမှာ ဆုံဖူးပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်းကို သတ်ခဲ့တဲ့ ရဲဘော်
မြကြီးဟာ တရုတ်လူမျိုး၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်တွေ မြန်မာပြည်
ထဲ မ၀င်ခင် မြေအောက် တော်လှန်ရေး ဦးဆောင်တဲ့ သခင်ဗဟိန်းကို ဖမ်းခဲ့တဲ့
ပုလိပ်အရာရှိဟာ တရုတ်လူမျိုးတွေဖြစ်သလို၊ မြန်မာ့လွတ်လပ်ရေးအတွက်
ဦးဆောင် တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအုံနဲ့
သခင်တိမ်ဂွမ် (တို့ဗမာအစည်းအရုံး၊ ဒုတိယအတွဲ စာမျက်နှာ ၅၂၁။) တို့ဟာလည်း
တရုတ်လူမျိုးတွေဖြစ်ကြောင်း မီဒီယာကြီးတစ်ခုက အဲဒီအဆင့်မြင့် အရာရှိ
လုံးဝ မသိပါ၊ “စိန်၊ ပိန်” ဂိုဏ်းလောက်တော့ အဲဒီမီဒီယာအရာရှိ ကြားဖူးပုံ ရပါ
တယ်၊ “ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်း”တို့ “မတ်စ်ဝါဒီ လီနင်သင်တန်းကျောင်း”
ဂုဏ်ထူးဆောင် နာယကရာထူး လုပွဲတို့ ဆက်လည်းပြောရော သူခမြာ ထ’ပြေး
ပါလေရော ..... :D။ မြရာပင်စာပေက ရဲဘော်မြ (ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပဲခူး
တိုင်း၊ တိုင်းကော်မတီဝင်)နဲ့ ရဲဘော်မြကြီး (သခင်သန်းထွန်းကို လုပ်ကြံသူ) ကို
ခွဲခွဲခြားခြားတော့ လေ့လာသင့်ပါတယ်၊ “ရဲဘော်မြ” ဆိုတာနဲ့ ဘယ် “မြ” မှန်း
မသိတဲ့အဖြစ်ကတော့ ဒုက္ခပါပဲ ဗျာ .... :D

ကဲ့ ... တရုတ်တစ္ဆေအကြောင်းဆီ ပြန်လှည့်လိုက်အုံးမယ်၊ ဘလော့ဂါဆိုတာ
ဘာလဲလို့ မေးရင်၊ ဟိုပြောဒီပြော ... ဟိုရေးရင်နဲ့ ဒီရောက်တယ်လို့ ကွယ်လွန်
သူ ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း) ပြောခဲ့သလိုပါပဲ။ ကျနော်ငယ်ငယ်က
ကျနော်တို့အိမ် အနီးအနားမှာ တရုတ်မိသားစု သုံး ... လေးစု ရှိပါတယ်၊ တရုတ်
လူမျိုးတို့ရဲ့ စီးပွားရေး ကျွမ်းကျင်မှု၊ အလုပ် လုပ်နိုင်မှုတွေကြောင့် ကျနော် ကိုးတန်း
ရောက်ကာစမှာပဲ သူတို့တွေ ကျနော်တို့ ဆင်ခြေဖုံးရပ်ကွက်လေးကနေ လူချမ်းသာ
တွေနေထိုင်တဲ့ ဆိတ်ငြိမ်ဒေသဆီ ပြောင်းရွေ့သွားကြပါတယ်။ ကျနော်တို့ ရပ်ကွက်
က မြန်မာလူမျိုး အများစု နေထိုင်တော့ အလှူခံမဏ္ဍာန်တွေ၊ လော်စပီကာအသံ
တွေ၊ ရာသီအလိုက် ဘုရားပွဲတွေနဲ့ အမြဲလိုလို တရုံးရုံး ဖြစ်နေကြပါ။ ရပ်ကွက်ထဲ
ကနေ တခြားနေရာဆီ ပြောင်းရွေ့သွားသူတွေ ရုတ်တရက် သူတို့စိတ်ထဲမှာ
“ဟာတာတာ” ဖြစ်သွားသလို ခံစားရကြောင်း ပြောပြကြပါတယ်။ ကျနော်တို့
မိသားစုနဲ့ အင်မတန် ရင်းနှီးတဲ့ “အကြည်” လို့ ခေါ်တဲ့ တရုတ်မကြီး မိသားစု တစ်စု
ရှိပါတယ်။ အဲဒီ ဒေါ်အကြည်ဟာ ကျနော့်ရဲ့ “ဖဲ”ရိုက်နည်း သင်ပေးတဲ့ ပထမ
ဆုံး ဆရာတစ်ဦးပါ။

အကြည်တို့ အိမ်ပေါ်မှာ ကျနော်ငယ်စဉ်က နေ့စဉ် သွားရောက် ဆော့
ကစားနေကြပါ။ ကျနော် ခြောက်တန်း ... ခုနှစ်တန်းလောက် ရောက်တော့
အကြည်က သူတို့အိမ်ပေါ်ရောက်ရင် မုန့်ပဲလှော်တွေကို သူ့သားသမီးတွေနဲ့
ဆတူဝေပေးပြီး မုန့်ပဲလှော်ကြေး “ဖဲ”ရိုက်ကြပါတယ်။ ၁၃ ချပ် ပိုကာ၊ တစ်ချပ်
မှောက် “ရှိုး” စတဲ့ ရိုက်နည်းပေါင်းစုံကို ကျနော်တို့ ကစားကြပါတယ်။ မုန့်ပဲလှော်
ကြေး ဖဲရိုက်တိုင်း ကျနော် အရင်ဆုံး မြန်မြန်ကုန်ပြီး ရှုံးသွားလေ့ ရှိပါတယ်။
အဲလို ရှုံးသွားရင် အကြည်က ကျနော့်ကို ကြည့်ရင် ပထမတော့ တဟဲဟဲ
ရယ်ပြီး သူ့ပါးစပ်က တရုတ်လို ပွစိပွစိပြောပြီး မျက်ရည်တွေ ၀ဲလာလေ့ ရှိ
ပါတယ်။ ဒါနဲ့ သူ့သား တိုးတိုးကို မေးကြည့်တော့ ကျနော့်တို့ လမ်းလျှောက်
တတ်ကာစက ကွယ်လွန်သွားတဲ့ အကြည်ရဲ့မောင် “အကျိုး” ကို သတိရပြီး
ခုလို မျက်ရည်ဝဲတာ ဖြစ်ကြောင်း ပြောပြပါတယ်။ အကြည်ရဲ့မောင် ဖြစ်သူ
“အကျိုး” ဟာ တမလွန်ကနေ သူတို့ မိသားစုကို ကာကွယ်စောင့်ရှောက်
နေတယ်လို့ သူတို့မိသားစု မှတ်ယူထားကြပါတယ်။ (အကြည်ရဲ့မောင် အမည်
က “အကျိုး” မဟုတ်ပါဘူး၊ သူတို့တရုတ်တွေရဲ့ အသံထွက်ကို ကျနော်တို့
မှတ်လို လွယ်အောင် “အကျိုး”လို ဖြစ်သလို ခေါ်ကြတာပါ။)

ကျနော့်အဖွားထံကနေ သိခဲ့ရတာက အကြည်တို့ မိဘများ လက်ထက်က
အဲဒီသူတို့အိမ်မှာ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။ အကြည်
အပါအ၀င် သားသမီး လေး ... ငါး ယောက်ရှိပါတယ်။ ၁၉၆၇ ခုနှစ် တရုတ်မြန်မာ
အရေးအခင်းအတွင်း အကြည်ရဲ့ မောင်နှမတချို့ သေဆုံးခဲ့ကြပါတယ်။ သူတို့
မောင်နှမအားလုံး “နန့်ရမ်း” ကျောင်း (ယနေ့ အ.ထ.က(၂)ဗဟန်း) မှာ
ပညာသင်ကြားကြတဲ့ တရုတ်ကျောင်းသားတွေပါ၊ အဲဒီခေတ်က ရန်ကုန်မှာ
“နန့်ရမ်း”လို တရုတ်သီးသန့်ကျောင်းတွေ ရှိခဲ့ဖူးပါတယ်၊ လူကြီးအပြောအရ
စားသောက်ကုန် “ဆန်”ဈေးကွက်ကို တရုတ် လက်ဝါကြီးအုပ်ထားလို့၊ နန့်ရမ်း
ကျောင်းက မြန်မာလူမျိုး ကျောင်းဆရာမတစ်ဦးကို တရုတ် ကျောင်းသားတွေ
စုပေါင်း အဓမ္မပြုကျင့်ပြီး ရင်သား နို့သီးခေါင်းကို ကတ်ကြေးနဲ့ ဖြတ်ပြီး သတ်ပြစ်
တယ် ... စတာတွေ ပြောကြပါတယ်၊ နိုင်ငံရေးအကြောင်း နှံစပ်တဲ့ လူကြီးတွေက
တော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ “ပန်းပေါင်းတစ်ရာ ပွင့်ပါစေ”လို့ တရုတ်
ကွန်မြူနစ် ဥက္ကဋ္ဌ မော်စီတုန်း ကြွေးကျော်သံနဲ့အတူ အရှေ့တောင်အာရှနဲ့
ကမ္ဘာအရပ်ရပ်က ကွန်မြူနစ် လက်နက်ကိုင် အင်အားစုတွေကို တရုတ်က
ပုံအော ကူညီမှုကြောင့် တရုတ်မုန်းတီးရေး ပြဿနာ ဖြစ်ပွားပြီး အင်ဒိုနီးရှား
နိုင်ငံမှာ တရုတ်လူမျိုး သိန်း ဂဏန်းအဆင့်ထိ အသတ်ခံရကြောင်း ပြောပြ
ကြပါတယ်။

အဲလိုနဲ့ တရုတ်မြန်မာ အရေးအခင်း လူမျိုးရေး ရိုက်ပွဲတွေ ဖြစ်လာတော့
အကြည်တို့ မိဘများ ပိုင်ဆိုင်တဲ့ သူတို့အိမ်ကို မြန်မာကျောင်းသားတွေနဲ့
မြန်မာပြည်သူတွေ ၀ိုင်းထားကြပါတယ်။ သူတို့ စားသောက်ဆိုင်အတွင်းက
ခုံတွေ စားပွဲတွေ ပစ္စည်းပစ္စယတွေကို လမ်းမပေါ် သယ်ထုတ်ပြီး စုပုံ မီးရှို့
ကြပါတယ်။ အဲဒီအချိန်မှာ အကြည်တို့ အမအကြီးဆုံးဟာ သူတို့တိုက်ရဲ့
ခေါင်မိုးပေါ်တက်ပြီး ... “ဥက္ကဋ္ဌကြီး မော်စီတုန်း အသက်ရာကျော် ရှည်ပါစေ”၊
“ပီကင်းဦးဆောင်တဲ့ တော်လှန်ရေး မုတ်ချအောင်ရမည်” အော်ပြီး သူတို့တိုက်
ရှေ့မှာ သူတို့ပစ္စည်းပစ္စယတွေ မီးပုံရှို့ထားတဲ့ မီးပုံထဲကို ခုန်ချပါတော့တယ်။
အပေါ်ကနေ အောက်ကို ပြုတ်ကျလာတဲ့ အရှိန်နဲ့ အကြည်တို့ အမအကြီး
ဆုံး ပွဲချင်းပြီး သေဆုံးသွားပါတယ်၊ အမအကြီးဆုံး အဲလို အဖြစ်ဆိုးနဲ့ သေ
သွားတာကို ကြည့်ပြီး အကြည်ရဲ့မောင်အငယ်အဆုံး “အကျိုး”ဟာ အဲဒီအချိန်
ငါးနှစ် ..... ခြောက်နှစ်သားအရွယ်ပါ၊ ဒါနဲ့ အဲဒီကလေးက တိုက်ခေါင်မိုးပေါ်
ဘယ်လိုပုံစံ တက်သွားမှန်းမသိ တက်သွားတယ်လို့ ကျနော့်အဖွားက ပြောပြ
ပါတယ်။ ကလေးငယ်ဖြစ်တဲ့ အကျိုးက သူ့အမလို ဥက္ကဋ္ဌကြီးမော်တို့ ဘာတို့
မကြွေးကျော်နိုင်ပါဘူး၊ “ခွေးမသားတွေ .... တွေ” စသဖြင့် သူတို့အိမ်ရှေ့က
လူအုပ်စုကြီးကို လက်ညှိုးထိုး ဆဲဆိုပြီး သူ့အမလို ခုန်ချလိုက်ပါတယ်။ တိုက်ပေါ်က
ပြုတ်ကျလာတဲ့ “အကျိုး”ဟာ ငယ်သံပါအောင် အော်ရင် လူတွေကို လက်ညှိုး
ဆဲဆိုနေပါတယ်၊ ပြုတ်ကျလာတဲ့အရှိန်နဲ့ သူ့အမလို သေမသွားပဲ ခြေနှစ်ချောင်း
စလုံး ကျိုးသွားပါတယ်။ သူ့ရင်ဘက်မှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင်
မော်စီတုန်း ရင်ထိုးလေးကို တပ်ထားပါတယ်။ သူ့ပါးစပ်ကလည်း တအားအား
အော်ငိုရင်း သူ့ကို ၀ိုင်းကြည့်နေတဲ့ လူအုပ်စုကို ဆက်တိုက် ငိုပြီး ဆဲဆိုပါတယ်။
အဲဒီအချိန်မှာ ဓါးရှည်ကိုင်ထားတဲ့ လူမိုက်တစ်ယောက်က ခုတ်မယ်ဆိုပြီး
သူ့ဆီ ပြေးသွားပါတယ်။ အဲဒီအချိန်မှာ ကျနော့်အဖွားက ... “ဟဲ့ဟဲ့၊ မလုပ်ကြ
ပါနဲ့၊ ဒီကလေးက တရုတ်မဟုတ်ပါဘူး၊ သူတို့မိသားစု ကလေးမွေးစားချင်တယ်
ပြောလို့ အဒေါ်ကိုယ်တိုင် တောက ခေါ်ပေးခဲ့တဲ့ မြန်မာလူမျိုး မိဘမဲ့လေးပါ ...”
လို့ ၀င်ပြီး လိမ်ညာပေးလိုက်ပါတယ်။ အဲဒါနဲ့ အကြည်မောင်အရင်း တရုတ်လူမျိုး
စစ်စစ် “အကျိုး”တစ်ယောက် အောက်ပြုတ်ကျပြီး ခြေထောက်ကျိုးပေမယ့် ဓါးနဲ့
အခုတ်မခံရပဲ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ကျနော်အဖွား အပါအ၀င် သူတို့
အိမ်နီးနားချင်း မြန်မာတွေက သူတို့မိသားစုကို မသတ်ဖို့၊ သူတို့မိသားစုထံမှာ
အကြွေးရစရာ ရှိတယ်ဆိုပြီး မီးရှို့ခံရတော့မယ့် သူတို့ပစ္စည်းတွေကို လူတွေရှေ့
မှာ သူတို့အိမ်ထဲက သယ်ယူကြပါတယ်။ လူအုပ်စုကြီး ပြန်သွားမှ သူတို့ပစ္စည်း
တွေကို သူတို့မိသားစုထံ ပြန်ပေးကြပါတယ်။ ဒါကြောင့် အကြည်တို့ မောင်နှမ
တသိုက်က ကျနော့်အဖွားကို အမေလို့ ခေါ်ကြပါတယ်။ ကျနော့်အဖွား ကွယ်လွန်
တော့ အငိုဆုံးလူဟာ အကြည်ပဲ ဖြစ်ပါတယ်။

ခြေထောက်နှစ်ချောင်းစလုံး ကျိုးသွားတဲ့ အဖြစ်ရယ်၊ သူ့တရုတ် နာမည်
အရင်းမှာ “အကျွတ်”လိုလို “အကျွီ့”လိုလို ခေါ်ရခက်တဲ့ အမည်ကြောင့်
ကျနော်တို့ ငယ်စဉ်က သူ့ကို “အကျိုး”လို့ပဲ ခေါ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျနော်
နှစ်တန်း ... သုံးတန်းလောက်မှာ အကြည်ရဲ့မောင် “အကျိုး” ကွယ်လွန်သွား
ပါတယ်။ ဒီလိုနဲ့ ခြောက်တန်း ... ခုနှစ်တန်း ကျောင်းသားဘ၀ အကြည်တို့
အိမ်မှာ မုန့်ပဲလှော်ကြေး ဖဲရိုက်တိုင်း ကျနော် ရှုံးလေ့ရှိပါတယ်။ ဒါနဲ့ အကြည်’
သား တိုးတိုးပြောပြတဲ့ သေသွားတဲ့ သူ့ဦးလေး “အကျိုး” အကြောင်း ကျနော့်
အဖွားကို မေးကြည့်ပါတယ်။ ကျနော့်အဖွားက “အကျိုး”ဟာ အင်မတန် ၀က်သား
ကြိုက်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကျနော်နဲ့အတူ အကြည့်တို့အိမ်ပေါ် သွား
ဆော့နေကြ မောင်ငယ်နဲ့ ပေါင်းပြီး အစီအစဉ်တစ်ခု ရေးဆွဲပါတယ်။ အဲဒီ
အစီအစဉ်က ကျနော်တို့ မုန့်ပဲလှော်ကြေး ဖဲရိုက်နေစဉ် အချိန်အတွင်း
သူတို့အိမ်က မီးဖိုချောင်းထဲမှာ ခွက်တစ်ခွက်ကိုယူ ၀က်သားဟင်းထည့်ပြီး
တစ္ဆေဖြစ်နေတဲ့ “အကျိုး”ကို ဖိတ်ဖို့ပါ၊ ကျနော်တို့ ကလေး “ဖဲ” ၀ိုင်း မပြီးမချင်း
သူ့တူအရင်း တိုးတိုးဖက်ကနေ ၀င်မကူရင် ဖဲ လာကစားတိုင်း ၀က်သားဟင်း
တစ်ခွက် ယူလာမယ်လို့ ကတိပြုတယ်ပေါ့ ...။

ဒီလိုနဲ့ ကျနော်တို့ မောင်ငယ်တို့ အိမ်မှာ ၀က်သားဟင်းချက်ရင် ခွက်သေးသေး
ထဲ ၀က်သား အဆီးဖက်လေး နည်းနည်း ထည့်ပြီး အကြည့်တို့ အိမ်ပေါ်
ယူသွားပါတယ်၊ သူတို့အိမ်ပေါ်ရောက်ရင် ဟိုကြည့် ဒီကြည့်နဲ့ သူတို့မိသားစု
မမြင်အောင် လှေကားထစ်အောက် ဖြစ်ဖြစ် ဒီခွက်လေး ယူသွားပြီး ပါးစပ်ကနေ
တိုးတိုးတိတ်တိတ်နဲ့ ... “အကျိုးရေ၊ အကျိုးကြိုက်တဲ့ ၀က်သားဟင်း ယူလာ
တယ်၊ ဖဲဝိုင်းမှာ တိုးတိုးဖက်ကနေ ၀င်မပါပေးနဲ့၊ တိုးတိုးဖက်က ၀င်ပါလို့
ကျနော်တို့ရှုံးရင် နောက်တခါ ၀က်သားဟင်း မကျွေးတော့ဘူး ... ”။
အဲဒီတုန်းက ကိုယ်တိုင်လုပ်ခဲ့တာကို အခုပြန်တွေးမိမှာ ကြက်သီးတောင်
ထ’တယ် .... :P

အဲလို ၀က်သားဟင်း ကျွေးတဲ့နေ့ဆို မုန့်ပဲလှော်ကြေး ကျနော်တို့ ဖဲရိုက်ရင်
ကျနော်ရော မောင်ငယ်ပါ နိုင်သလား မမေးပါနဲ့၊ မုန့်ပဲလှော်တွေ စားလို့
ချောင်းတဟွတ်ဟွတ်နဲ့။ ၀က်သားဟင်း ယူမသွားနိုင်တဲ့ နေ့ဆိုရင် ကျနော်တို့
နှစ်ယောက် ခွက်ခွက်လန်အောင် ရှုံးပါတယ်၊ ၀က်သားဟင်း ယူမသွားနိုင်တဲ့
တစ်နေ့၊ ပိုကာဖဲဝိုင်းမှာ ဝေပါ တစ်ထွေ၊ ဂျိုကာက နှစ်ကောင်နဲ့၊ လေးပြား တစ်တွဲ၊
သုံးပြား နှစ်တွဲ၊ ကျန်နှစ်ပြားကို အလယ်က ဂျိုကာထောက်ပြီး change လုပ်နေတာ
ဖဲဝိုင်း အလှည့်ကျ ဖဲဆွဲတာ လေး .... ငါးပတ် ကျနော်တို့ မဒေါင်းဘူး၊ ပေါက်ကရ
ဖဲမျိုးစုံ ဖြစ်နေတဲ့ တိုးတိုးက ဂျိုကာတွေ တက်လိုက်၊ ပိုက်ဆံဖဲတွေ တက်လိုက်နဲ့
သူပဲ ဒေါင်းသွားတယ်။ ဒါနဲ့ မုန့်ပဲလှော်ကြေး ဖဲရှုံးသွားတဲ့ ကျနော်တို့
နှစ်ယောက်၊ ၀က်သားဟင်းကြိုက်တဲ့ တရုတ်တစ္ဆေ “အကျိုး” ကို ပညာပေးမယ်
ဆိုပြီး စီစဉ်ကြပါတယ်။

နောက်တနေ့ မောင်ငယ်တို့အိမ်မှာ ၀က်သားဟင်းချက်တော့ ခွက်သေးသေး
ထဲ ၀က်သားဖက် နှစ်တုံးကို အဆီလေး ဘာလေးထည့်၊ ငရုတ်သီးမှုန့်တွေ၊
ငရုတ်သီးစိမ်း အတောင့်ကို ချွေထည့်ပြီး “အကြည်”တို့အိမ် သွားကြပါတယ်။
ထုံးစံအတိုင်း သူတို့အိမ်မှာ တစ္ဆေဘ၀ကနေ သူတို့မိသားစုကို ကာကွယ်
နေတဲ့ “အကျိုး”ကို ကျနော်တို့ဘာသာ တိုးတိုးတိတ်တိတ် ပင့်ဖိတ်ပြီး
ငရုတ်သီး ဗလပွ ထည့်ထားတဲ့ ၀က်သားဟင်းနဲ့ ပူဇော်ပသ လိုက်ပါတယ်။
တရုတ်လူမျိုးတွေက ၀က်သားဟင်း ချက်ရင် အချိုချက်ပဲ စားကြတာ
များပါတယ်၊ အစပ်ကြိုက်တဲ့ တရုတ်ဟာ တော်တော်ကိုး ရှာပါတယ်။
ဒါကြောင့် ၀က်သားဟင်းကို ငရုတ်သီး လူးပြီး ကျွေးလိုက်တာပါ၊ တစ္ဆေပုံစံကို
တခါမှလည်း မမြင်ဘူး၊ အသံတွေ ဘာတွေလည်း မကြားဘူးတော့ လုပ်ရဲတဲ့
သတ္တိ ရှိခဲ့တာပါ။ ဒီလိုနဲ့ နောက်နေ့မနက် မိုးလင်းတော့ မျက်လုံးမပွင့်ခင်
ခြင်ထောင်နံဘေးမှာ ကျနော့်အဖွားရဲ့ တဗျစ်တောက်တောက် ဆူသံကို
ကြားနေရပါပြီ။ တရုတ်တစ္ဆေ “အကျိုး”က ကျနော့်အဖွားကို အိမ်မက်ပေးပြီး
အိမ်မက်ထဲမှာ ... “အမေ၊ အမေ့မြေး ကျနော့်ကို ၀က်သားဟင်း ငရုတ်သီး
လူးပြီး လာ ကျွေးသွားတယ်ဗျာ ...” တဲ့ ..... :P
မောင်ငယ်တို့ အမေလည်း ပုံစံတူ အဲလို အိမ်မက် မက်ပါတယ်၊ လေး ...
ငါးလ ... ခြောက်လ ကြာသည်အထိ “အကြည်”တို့ “တိုးတိုး” တို့ အိမ်ဆီ
ကျနော်နဲ့ မောင်ငယ် မသွားရဲကြပါ၊ လူကြီးတွေ ပြောတဲ့ ...
ပေါက်ပန်းလေးဆယ် မလုပ်နဲ့နော် ... ဆိုသောစကားကို လက်ခံလို့တော့
မဟုတ်၊ တရုတ်တစ္ဆေ “အကျိုး” ကိုယ်ရောင်ပြလိုက်မှာ ဆိုးလို့ပါ .... :P

-စစ်ငြိမ်းဒီရေ
Read more »

ကမာရွတ် ပြည်မြန်မာကုန်တိုက်အနီးတွင် ဆန္ဒပြမှုဖြစ်ပွား

ကျော်ဇင်မန်း(မြစ်မခ)

အောက်တိုဘာလ ၂၊ ရန်ကုန်မြို့။

၂၀၁၁ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နေ့လည် ၁၂ ခွဲ ၀န်းကျင်တွင် လှည်းတန်းပြည်မြန်မာ ကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြည်မြန်မာအဆောက်အအုံအား လေလံအောင်ပြီးနောက် ပြည်မြန်မာကုန်တိုက် အတွင်းနှင့်ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများအား နစ်နာကြေးတစုံတရာမှ ပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခဲ့သောကြောင့်၊ ဖယ်ရှားပေးရသူများမှာ ဆိုင်ခန်းများအစား သင့်တော်သော နေရာတစ်နေရာတွင် ဆိုင်ခန်းပြန်ဖွင့်နိုင်ရန် စီစဉ်ပေးနိုင်ရေးအတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

`အဓိကကတော့ ကျွန်တော်တို့ ငှားရမ်းဝယ်ယူထားတဲ့ဆိုင်ခန်းတွေကို သိမ်းဆည်းသွားတဲ့အတွက် သင့်တော်တဲ့နေရာမှာ ပြန်လည်စီစဉ်ပေးဖို့တောင်းဆိုတာပါ။ ဒီနေရာလေးမှာလဲ ၁၀ နှစ်မကလုပ်လာတာပါ။

သိန်းကိုဆယ်နဲ့ချီပြီးဝယ်ထားရတဲ့သူတွေပါ။ အချို့ဆိုင်ခန်းတွေဆို သိန်း ၁၅၀ ကျော်ထိ ပေးခဲ့ရတယ်၊ အဲဒါကိုဖယ်ခိုင်းတယ်၊ နေရာပေးတာမျိုး၊ တစုံတရာ ဆောင်ရွက်ညှိုနိုင်းပေးတာမျိုးလည်း မရှိဘူး။ ချက်ခြင်းကြီးမောင်းချတာ ´ ဟု ဆန္ဒပြသူများထဲတွင်ပါဝင်သူတစ်ဦးကပြောသည်။

ပြည်မြန်မာကုန်တိုက်အတွင်းတွင် ဆိုင်ခန်းပေါင်း (၉၈)ခန်းရှိပြီး၊ အလုပ်သမားဝန်ထမ်းပေါင်း ၂၀၀ ၀န်းကျင်ခန့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ ထိုထဲမှ အချို့ဆိုင်ခန်းရှင်များမှာ အရောင်းအ၀ယ်စာချုပ်ဖြင့် ဆိုင်ခန်းများအား ၀ယ်ယူထားသူများလည်း ပါဝင်နေကြောင်း သိရှိရသည်။

လေလံအောင်ပြီးနောက် ပြောင်းရွှေ့ပေးရ သည့်အချိန်မှစ၍ ငါးလကျော်ကြာသည်အထိ သက်ဆိုင်ရာမှ စီစဉ်ပေးမှုတစ်စုံတစ်ရာမရှိမှုကြောင့် ယခုလိုဆန္ဒပြရခြင်း ဖြစ်ကြောင်း ပြောဆိုချက်များကြောင့် သိရသည်။

အဆိုပါ ဆိုင်းခန်းများအား ငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နိုင်ငံတော်သမ္မတကြီးထံသို့ ၂၀၁၁ ခုနှစ် မေလ တွင် အသနားခံစာတင်ထားခဲ့ကြောင်းသိရှိရသည်။

ယနေ့ ဆန္ဒုပြရခြင်းမှာ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နစ်နာနေသောကြောင့် စာနာထောက်ထားသော အားဖြင့် တစုံတရာဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြနေသူ တစ်ဦးက ပြောသည်။

ထိုဆန္ဒပြခြင်းသည် ၁၂ နာရီခွဲဝန်းကျင်မှစ၍ နာရီဝက်ခန့်ကြာမြင့်ပြီး လူဦးရေ (၂၀)၀န်းကျင် ပါဝင်ကြောင်းသိရသည်။

`ကျွန်တော်တို့ ဆန္ဒပြကြတဲ့အထဲက အမျိုးသမီး(၂) ဦးကို ဖမ်းသွားတယ်။ သူတို့က ဆိုင်းဘုတ် အကြီးတွေ ကိုင်ပြီးဆန္ဒပြကြတဲ့သူတွေပါ ´ ဟု ပြည်မြန်မာကုန်တိုက်အတွင်းတွင် မိုးကျော်နာရီပြင်ဆိုင် ဖွင့်ခဲ့သူ ကိုလှိုင်မိုးကပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦး၏အမည်များမှ မခင်မျိုးလွင်နှင့် မသီတာတို့ဖြစ်ပြီး အသက်(၃၀)၀န်းကျင်ရှိကြောင်းသိရသည်။ ၎င်းတို့ကိုင်ဆောင်ထားသောဆိုင်းဘုတ်များတွင် `ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များ နစ်နာဆုံးရှုံးမှုများအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည်´ ဟုရေးထားကြောင်း သိရသည်။

ထိုဖမ်းဆီးထိန်းသိမ်းခံထားရသူ(၂)ဦးနှင့်ပတ်သတ်၍ ဖမ်းဆီးခေါ်ဆောင်သွားသော ကမာရွတ်မြို့နယ် မ.ယ.က ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ထိုဖမ်းဆီးခြင်းခံထားရသူများအားပြန်လည် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း မ.ယ.က ရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

သို့သော် မ.ယ.က ရုံးအနီးတွင် စောင့်ဆိုင်းနေသော ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ မခင်မျိုးလွင်၏အမဖြစ်သူ မစိုးက မခင်မျိုးလွင်တို့အား ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းတို့ကိုလည်း ရုံးအတွင်းသို့ဝင်ခွင့်မပြုကြောင်း ပြောသည်။

`သူတို့ပြန်လွှတ်မပေးသေးပါဘူး။ ကျွန်မက ကျွန်မညီမလေးကိုခေါ်သွားကတည်းက ဒီရုံးနားမှာ ထိုင်စောင့်နေတာပါ။ ရုံးထဲကိုလဲ ၀င်ခွင့်မပေးပါဘူး။ ကျွန်မညီမလေးကိုစိတ်ပူလို့ပါ ´ဟု ဖမ်းဆီးထိန်းသိမ်ခြင်းခံထားရသူ မခင်မျိုးလွင်၏အမ မစိုးကပြောသည်။

ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏ လေလံစာရင်းထဲတွင်ပါဝင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ဆိုင်ခန်းများအား အပြီးပြောင်းရွှေ့ပေးရမည်ဟု ၂၀၁၁ ခုနှစ် မေလနောက်ဆုံးပတ်တွင် ကြော်ငြာချက်ထုတ်ပြန်ခဲ့ကြောင်း ဆိုင်ရှင်များထံမှ သိရသည်။

`ဒီပြည်မြန်မာကုန်တိုက်ကို လေလံအောင်တာက အေအေ အင်တာပရိုက်ကပါ၊ သူတို့က အရင်စီးပွားကူးသန်းကနေ အရောင်းအ၀ယ်စာချုပ်တွေနဲ့ ချုပ်ပြီးရောင်းခဲ့တဲ့ သူတွေကို ကျေနပ်အောင် တစုံတရာ ဆောင်ရွက်ပေးထာမျိုး ညှိုနှိုင်ဆောင်ရွက်ပေးတာမျိုး လုပ်ပေးမယ်ဆိုရင်တော့ ခုလောက်ထိ မဖြစ်နိုင်ပါဘူး၊ ညှိုနှိုင်ဆောင်ရွက်ပေးသင့်တယ်`ဟု လှည်တန်းဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

(အီမေးလ်မှတဆင့် လက်ခံရရှိသော သတင်း။)
Read more »