Tuesday, 6 September 2011

အပန်းဖြေနားရက်များ (၁)


ရေးသူ- (ဒေါ်)အောင်ဆန်းစုကြည်

ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မ
အတွက်တော့ အတိတ်ကာလက ဖျိုးခဲနဲ ဖျက်ခနဲ မှတ်တမ်းထားမိ
လိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း
ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေး
ကြီးကလိုပါပဲ။

ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက်
တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့
ကျောကုန်းထက်မှာ။ မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊
ကြက်ဥပြုတ်နဲ့ နေ့လယ်စာစားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုး
ရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။ ခတ္တမန္ဒူမြို့က
ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ
လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို..  နာမည်ကြီးတဲ့
ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။

မြန်မြန်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊
အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း
ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ...။
အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့
မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့
ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊
ဆွစ်(ဆွစ်ဇာလန်)က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်
တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက
မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။
အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား
သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်း
စွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ၊
တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့
စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့
ကစားမြူးထူး၊ နေကြတာ။

ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင်
တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ အဲဒါကြောင့်ပဲ
သားငယ် ထိန်းလင်း(ကင်မ်)တစ်ယောက် ဇွန်လထဲမှာ ကျွန်မရဲ့မွေးနေ့
ကို ရောက်လာပြီး၊ အပန်းဖြေခရီးတစ်နေရာရာကို ခေါ်သွားမယ်လို့ ပြောတဲ့
အခါ ကျွန်မအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ
ဖြစ်သွားခဲ့ပါတယ်။ နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစားကြည့်ကြပြီး
တဲ့ အခါမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေခရီးတို
သွားဖို့ဆိုတာ သဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့
ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့အစီအစဉ်ဆွဲကြည့်ခဲ့ကြတယ်။



မုတ်သုံရာသီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတစ်နေရာကိုပဲ
ရွေးချယ်ဖို့ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို
ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်မှာပါ။ ၁၉ ရာစု
နှောင်းပိုင်းမှာ ဗြိတိသျှ စစ်တပ် ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှားခဲ့
တဲ့ မန္တလေးမြို့ရှိတယ်။ ဒါမှမဟုတ် ကာလာကြာမြင့်စွာက ကွယ်ပျောက်
သွားပြီဖြစ်သော ကြီးကျယ်ခမ်းနားခဲ့မှုကို သက်သေပြနေတဲ့ ထောင်ပေါင်း
များစွာသော ဘုရားများနဲ့ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။
ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ကြတာလဲ
ဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်း
ပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေး၊ ယုံကြည်မှုကြောင့်လား၊
ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ်
အဲဒီသုံးခုစလုံး အချိုးအစား အမျိုးမျိုးနဲ့ပါဝင် ပတ်သက်နေမှုလား။


ပုဂံကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ ရွေးချယ် ဆုံးဖြတ်ခဲ့ပါတယ်။
မြောက်မြားစွာသော ထူပါ၊ ပုထိုးစေတီတွေနဲ့ မြို့ဟောင်း ပုဂံဟာ
ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှုရှိလှပါတယ်။
ဒါပေမဲ့ သွားမယ့်အချိန်က ဧည့်သည် ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့
အေးအေးချမ်းချမ်းနဲ့အနားရလိမ့်မယ် ထင်ခဲ့ပါတယ်။ ကျွန်မတို့သားအမိ
အတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊
ဘာသာရေးအဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်
ခဲ့ပါဘူး။ ကျွန်မအတွက် လေးနက် အဓိပ္ပာယ်ရှိတဲ့ ၊ ထူးခြားတဲ့နေရာ
အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးကြီးဆုံးတစ်ချက်က ကင်မ်ရယ်၊
ကျွန်မရယ်၊ ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ်(ဒါဟာ မိသားစု အပန်းဖြေ
ခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာ ထားရစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး
မဟုတ်လား )၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ
တစ်ခုကို ရှာဖို့ပါပဲ။ ဒါအတွက် အကောင်းဆုံးနေရာတစ်ခုကို ဦးခွန်သာမြင့်က
ကျွန်မတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တခြား
အကြောင်းအရာ တစ်ခုကို ပြောင်းပြီး ပြောပြချင်ပါတယ်။

ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို
အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ
ဘုတလင်မြို့နယ်က ရှစ်ဆယ်ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ရွေးချယ်
ခံခဲ့ရတဲ့ ဦးဟံသာမြင့်ရဲ့ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ဖခင်နဲ့ ကျွန်မရဲ့
ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ်သမဂ္ဂကို
နိုင်ငံရေးလမ်းကြောင်းပေါ်တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေ
သူငယ်ချင်းများ၊ လက်တွဲခဲ့ကြသူများ ဖြစ်ပါတယ်။
သူတို့ရဲ့ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မတို့ ဖေဖေတို့ဟာ နိုင်ငံရေးမှာ
သဘောချင်းအမြဲတူညီခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးသား
လွတ်လပ်ရေး၊နောက်ဆုံးတိုက်ပွဲ ကာလတွေမှာ မိတ်ဆွေ သူငယ်ချင်း
ဆိုတာထက်၊ နိုင်ငံရေး သဘောထားချင်းဆန့်ကျင်ဘက်တွေလို့ ပြောမယ်
ဆိုရင် ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့ အမြင်တွေကို
အပြန်အလှန်လေးစားမှု ရှိကြတာ၊ ဂိုဏ်းဂဏနဲ့အာဃာတတွေ ကင်းဝေး
ကြတာ စတာတွေကို သူတို့ရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်မတို့အတွက်
လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။


ဒါကြောင့်လည်း ကျွန်မတို့တစ်တွေဟာလုပ်ဖော်ကိုင်ဖက်တွေလို၊
ရဲဘော်ရဲဘက်တွေလို အလုပ်တွေ အတူလုပ်နိုင်ခဲ့ကြတယ်။ ကျွန်မတို့
မှာ ရှိတဲ့အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်
ခံစားမှုချင်း တူညီတာ( ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေးမဟုတ်ပါ)
တွေက ကျွန်မတို့ကို ပိုပြီး စုစည်း ပေါင်းစပ်ပေးပါတယ်။

၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန်ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့
ကျွန်မရဲ့အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ဗိသုကာတစ်ယောက်လိုအပ်
နေချိန်မှာ ကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ
အိမ်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို
ကိုခွန်သာနဲ့ စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာအနေနဲ့၊ ပြီးတော့
မိတ်ဆွေရင်းတွေ ဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ကိုယ်စားလှယ်
ကိုထင်ကျော်၊ အထွေထွေကြီးကြပ်ပေးသူ ကိုနီတို့နဲ့ အတူပေါ့။ သူတို့
တွေဟာ ကျွန်မအိမ် ပြန်လည်ပြင်ဆင်တဲ့ အလုပ်အတွက် နေ့စဉ်လာခဲ့
ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော်၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ဖခင်
များဟာလည်း ရန်ကုန်တက္ကသိုလ်မှာကတည်းက သိကျွမ်း၊ရင်းနှီး
ခဲ့ကြသူများဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သားတွေနဲ့အဖေတွေအကြောင်း
(အမေတွေလည်းပါမှာပါ) တစ်ချိန်ချိန်မှာ ရေးရပါဦးမယ်။ ဒီနေရာမှာတော့
စာလေးတစ်ကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲဒါက
ခုလိုမိဘတွေရဲ့ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျွန်မကို ဖေးမ
ထောက်ပံ့သူတွေ၊ ခင်မင်ရတဲ့မိတ်ဆွေတွေကို ဘ၀ရဲ့လက်ဆောင်မွန်တွေ
အဖြစ် ရရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။

ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတစ်ဦးအဖြစ် စတင်ခဲ့ရာက သူသဘောကျ
သည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေ များလာပါတယ်။ ကျွန်မ
ရဲ့လုံခြုံရေးအရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ်
ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်နဲ့
အပန်းဖြေခရီး စီမံ ပြင်ဆင်ပေးသူပေါ့။

ကိုခွန်သာ ရွေးချယ်တဲ့ ပုဂံဟိုတယ်လောက် ကျွန်မတို့ အုပ်စု
(အားလုံးဆယ့်ခြောက်ယောက်) အတွက် ပျော်စရာကောင်းတဲ့ နေရာ
ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာနဲ့ ဘာသာရေး
ဆိုင်ရာ အထင်ရှားဆုံးသော ပုထိုး၊ ထူပါစေတီတွေ တော်တော်များများ
ဆီကို သွားလာရတာ လွယ်ကူလှတဲ့ နေရာမှာ တည်ရှိပါတယ်။ ပြီးတော့
သက်တောင့်သက်သာရှိတဲ့ သိပ်လှပတဲ့နေရာပါ။ အရေးကြီးဆုံးကတော့
သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက
ယဉ်ကျေးဖွယ်ရတယ်။ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး
နှစ်လို ခင်မင်သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ ပြည့်စုံကြ
ပါတယ်။


-အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁

Source: The People's Age Journal ( Today)

(Min Myat ၏ facebook မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

5 comments:

PhyoPhyo said...

(((မြန်မြန်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊
အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း
ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ...။)))

ရိုးရှိးရှင်းရှင်းလေးနဲ့ မျက်လုံးထဲမြင်လာအောင် ရေးသွားတာ၊ အန်တီစုက ရေးတတ်လိုက်တာ
ကျေးဇူးအများကြီး ကိုအောင်ရေ
ခုမှဖတ်ရတာ

သက်ဝေ said...

အခုလို ဖတ်လို့ရအောင် တင်ပေးတာ ကျေးဇူးတင်တယ် ကိုအောင်....း))

Cameron said...

ဖတ်ချင်သူတွေအတွက် ရှယ်ပေးလိုက်ပါတယ် ကျေးဇူးပါအစ်ကို....။

ကိုရင် said...

ပြန်ပြီး မျှဝေပေးတာ ကျေးဇူးတင်တယ် အကိုရေ..ဒါမျိုးတွေက ဖတ်ရခဲလို့ပါ..
လာလည်ဖို့ ဖိတ်ပါတယ်ဗျာ..

sosegado said...

မနေ့က ဖတ်လို့မရဘူး၊ ခုတော့ဖတ်သွားပြီ၊