Thursday, 22 September 2011

ဧရာဝတီမြစ်ထဲက သရဲ

ခေါင်းစဉ်မှာ “သရဲ”ဆိုတော့ ကျနော့်စာမျက်နှာမှာ သရဲတစ္ဆေ
ဇာတ်လမ်းဖတ်ရှုနေကြ စာဖတ် ပရိတ်သတ်တွေ ၀မ်းသာသွား
မှာပါ၊ ဒီဇာတ်လမ်းက ကျနော့်ကိုယ်တွေ့တော့ မဟုတ်ပါဘူး၊
ကျနော့်အကိုအရင်းဖြစ်သူဆီက ပြန်လည် သိခဲ့ရတဲ့ ဇာတ်လမ်း
လေးတစ်ပုဒ်ပါ။ ဧရာဝတီမြစ်ကြီး ရေရှည်တည်တံ့ဖို့၊ မြစ်ဆုံ
ရေကာတာကို ကန့်ကွက်တဲ့အနေနဲ့ ဘလော့ဂါတွေဖြစ်တဲ့
သဒ္ဒါလှိုင်းတို့ နတ်ဆိုးလေးတို့ မရွှေစင်ဦးတို့က (၂၃.၀၉.၂၀၁၁)
နေ့မှာ ပို့စ်တစ်ခု တင်ဖို့ ဘလော့ဂါအားလုံးကို နိုးဆော်ထား
ပါတယ်။ ကျနော်က စစ်ရေး၊ နိုင်ငံရေး၊ တရုတ်အရေး၊ ကုလားအရေး၊
ရေကာတာအရေး ကျွမ်းကျင်သူ မဟုတ်တော့ ကျနော် ကျွမ်းကျင်တဲ့
“သရဲ”ဖက်ကနေ တင်ပြလိုက်ပါတယ် ....:D


အခုတလော မြစ်ဆုံရေကာတာ ကန့်ကွက်ရေးပဲ စိတ်ထဲ လွှမ်းမိုးနေ
တော့ ထစ်ကနဲဆို တရုတ်ပြည် ... တရုတ်ပြည်နဲ့ ... ကျနော့်မိတ်ဆွေ
တချို့တောင် ကျနော့်ကို တရုတ် ဆန့်ကျင်ရေးသမားလို့ မြင်လာကြ
သူတွေ ရှိပါတယ်။ ကျနော့်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာသမားတွေ၊
သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေထဲမှာ မြန်မာပြည်ဖွား တရုတ်
တွေ အများကြီး ရှိပါတယ်၊ ဟိုယခင် မြန်မာပြည်မှာ နေစဉ်ကတည်းက
သူတို့ တရုတ်တွေရဲ့ရှေ့မှာ တရုတ် မကောင်းကြောင်း ကျနော် ပြောနေ
ကြပါ။ ကျနော်ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်က တရုတ်ပြည်ရဲ့ မြန်မာပြည်အပေါ်
ထားတဲ့ မူဝါဒကို ကန့်ကွက်တာပါ၊ မြန်မာပြည်ဖွား တရုတ်တွေကို မုန်း
တီးဖို့ ကျနော်တို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်
တရုတ် မကောင်းကြောင်း ပြောရင် ကျနော့်သူငယ်ချင်း တရုတ်တွေက
“ဟေ့ကောင်၊ မင်းက ... သူများကို လိုက်ကြည့်နေတယ်၊ ကိုယ့်ဟာလည်း
ကိုယ် ငုံ့ကြည့်အုံး ...” လို့ ရယ်စရာ မောစရာ နောက်ပြောင်လေ့ ရှိပါတယ်။
ကျနော့်သူငယ်ချင်း အများစုမှာ တရုတ်သွေး ရောနှောတဲ့ မြန်မာပြည်ဖွား
တရုတ်ကပြားတွေ များပါတယ်။ မြန်မာစစ်စစ်ကွလို့ ကြွေးကြွော်တဲ့ ကျနော်
ကိုယ်တိုင်လည်း မြန်မာသွေး တ၀က်လောက်ပဲ ပါဝင် ပါတယ်၊ ကျန်တ၀က်
က ပြည်ထောင်စု တိုင်းရင်းသား သွေးပါ။

ဟိုတလောက ကျောင်းနေဖက်၊ ကျူရှင်အတူတူတက်ဖက် ငယ်သူငယ်ချင်း
တရုတ်တစ်ယောက်နဲ့ အွန်လိုင်းမှာ ပြန်ဆုံတော့ မြန်မာပြည်အကြောင်း
သူ့ဆီ မေးဖြစ်ပါတယ်။ သူပြောပြတာက “.... ဟေ့ကောင်ရေ၊ မြန်မာပြည်မှာ
က .... အာဏာရတုန်း ရသမျှကို ခိုးတဲ့ လူတွေနဲ့၊ စားစရာမရှိလို့ လှည့်ပတ်
ပြီး အလှူခံစားနေရတဲ့ လူဆိုပြီး နှစ်မျိုးပဲ ရှိတယ်ဟေ့ ... စီးပွားရေး လုပ်တယ်
ဆိုတာ ခု ချက်ချင်း ရေတွင်းတူး .. ခုချက်ချင်း ရေကြည်သောက်လို့ ရတာ
မဟုတ်ဘူး၊ မျိုးရိုးစဉ်ဆက် အချိန်တွေ ငွေတွေ လုပ်အားတွေ အများကြီး
ရင်းနှီးမြုပ်ရတာ၊ ငါတို့ တရုတ်တွေ အဲလို ပေတေပြီး လုပ်ခဲ့လို့ ငွေရှိတယ်
ဆိုပါတော့၊ မင်းတို့ မြန်မာတွေ အဲလောက် သည်းခံပြီး ပေတေ နိုင်ပါ့မလား ...”

ကျနော့်သူငယ်ချင်း ဆက်ပြောပြပုံက ....
ဒို့အဖိုး လက်ထက်၊ ဒို့အဖေတွေ ငယ်စဉ်က ငါတို့ အိမ်နံဘေးမှာ အင်မတန်
ချမ်းသာပြီး သဘောမနော ကောင်းတဲ့ မြန်မာ မိသားစုကြီး တစ်စု ရှိခဲ့ဖူး
တယ်၊ ဒို့အဖိုးက ခေါက်ဆွဲလုပ်ပြီး ရောင်းစားရတဲ့ သာမန် တရုတ်ကွ၊
အဲဒီ မြန်မာ မိသားစုကြီးဟာ အလှူအတန်းဆိုလည်း ရက်ရောတယ်၊
အပေးအကမ်းလည်း လက်မြန်တယ်၊ ဘယ်နေရာသွားသွား အစေအပါး
တွေနဲ့ တရုံရုံပေါ့၊ သူတို့ သားသမီးတွေ ညဖက် အိပ်ရင်တောင် ခြင်တွေ
ယင်တွေ လာ နားမှာဆိုးလို့ ယက်ခတ်ပေးဖို့ ဌားထားတဲ့ အလုပ်သမားတွေ
တောင် ရှိသတဲ့၊ သူတို့ မိသားစုမှာ လယ်ဧကပေါင်း ရာနဲ့ချီပြီး ပိုင်ဆိုင်
ကြတယ်၊ ဒါကြောင့် သီတင်းဝါလတောင် မကျွတ်သေးဘူး၊ သူတို့ အိမ်ရှေ့
မှာ သီတင်းကျွတ်ရင် အလှူလုပ်ဖို့ မဏ္ဍာန်ကြီးထိုးပြီး စပါးထောင် ဆန်ဖွတ်
နဲ့ အဲဒီလောက်ထိ စည်းကားခဲ့တာ။ အဲဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တဲ့
မိသားစုကြီး သားသမီးတွေ အရွယ်ရောက်လာတော့ ပြဿနာ စတော့
တာပါပဲ၊ သမက်တွေ ချွေးမတွေ ခမည်းခမက်တွေ၊ မိဘ မသေခင် အမွေ
လိုချင်တဲ့ ရောဂါတွေနဲ့ မိဘ လက်ထက်က မြို့လယ်ခေါင်မှာ ခမ်းခမ်း
နားနား နေခဲ့တဲ့ မိသားစုဟာ သားသမီး လက်ထက်မှာ အမွေတွေ ခွဲပြီး
မြို့စွန်းမြို့ဖျား ရောက်သွားကြတယ်၊ နဂိုက ခြေမွှေး မီးမလောင် လက်မွှေး
နေလာတော့ ရောင်းရေးဝယ်တာ နားလည်ပေမယ့်လည်း သုံးတာစွဲတာ
ပေးတာကမ်းတာ လျှော့လို့ မရတော့ဘူး၊ မိဘ လက်ထက်ကလို အစေးအပါး
တရုံရုံ၊ အလှူအတန်းတရုံရုံနဲ့ နေချင်တဲ့ ဆန္ဒကလည်း နည်းနည်းမှ မလျှော့
နိုင်၊ ဒါနဲ့ပဲ အမွေရတဲ့ ပိုက်ဆံပုံလေး ... ဟိုရွေ့ ဒီရွေ့နဲ့ ကုန်ပါလေရော၊
အခု မြေးတွေ မြစ်တွေ လက်ထက်ရောက်တော့ အဖိုးအဖွားလက်ထက်က
ဆောက်လုပ် လှူဒါန်းခဲ့တဲ့ မြို့လယ်က ဘုန်းကြီးကျောင်းရှေ့မှာ ကွမ်းယာ
ဆိုင်ဖွင့်ပြီး ကွမ်းယာရောင်းပြီး ၀မ်းစား ရှာရပါတော့တယ်၊ ဒါပေမယ့် ဈေးဦး
မပေါက်သေးဘူး၊ ချဲတို့ နှစ်လုံးထီတို့ကို အကြွေးနဲ့ ထိုးပြီးပြီ၊ ဘယ်လို လုပ်
မလဲ၊ ချမ်းသာပြီး ပြေလည်တဲ့ သားသမီးတွေ မရှိဘူးလား ... ဆိုတော့ ရှိတော့
ရှိပါတယ်၊ သို့ပေမယ့် သူတို့လည်း ငွေရေးကြေးရေး နည်းနည်းလောက်
အဆင်ပြေလာရင် ဟိုစကားပုံထဲကလို “အမြှီးမြောက်လိုက် အီးပေါက်လိုက်”
လုပ်တော့ အရင်းအနှီက တိုးတက် မလာဘူး၊ ပြေလည်မှုဟာ ယာယီအဆင့်
လောက်ပဲ၊ ဒို့တရုတ်တွေမှာက ဆန်စက် ဆီစက် တစ်လုံးလောက် ပိုင်လို့
စက်သူဋ္ဌေးသားလို့ ဘယ်သူမှ မခေါ်ဘူး၊ မင်းတို့ ဆီမှာက အကြွေးတွေ
ပတ်လည်ဝိုင်းနေပါစေ၊ သနပ်ခါးလိမ်း ရွှေဘီးပတ်ပြီး ရွာပတ် ကြွားတဲ့
ဓလေ့က ပြင်လို့ မရသေးဘူး၊ စီးပွားရေး လုပ်လို့ မြတ်တော့မယ်ဆိုတဲ့ အသံ
လေးကြားတာနဲ့ သုံးမယ် ဖြုန်းမယ်ဆိုတဲ့ ဥာဉ်ဆိုးဟာ ဘယ်လိုဘယ်လို ချက်ချင်း
ကြီးထွားလာသလဲလို့ စဉ်စားလို့တောင် မရဘူး သူငယ်ချင်းရေ၊ ငါလည်း
မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ ကြီး၊ မြန်မာ့ရေသောက်နေရတာမို့၊ မင်းတို့
မြန်မာတွေကို ချစ်ပါတယ် သူငယ်ချင်း .....

ကျနော်လည်း အခုတလော မြစ်ဆုံ ရေကာတာ ပြဿနာဖြစ်လာတော့
တွေးမိတာ အစုံပါပဲ၊ တရုတ်နိုင်ငံဟာ နည်းပညာ တိုးတက်မှုကို အခြေခံပြီး
ပေါက်ကရမျိုးစုံလုပ်လာတဲ့ ဈေးကွက်တွေကလည်း ကြောက်စရာပါ၊ အရက်
သောက်တတ်သူတွေ သောက်ဖို့ တရုတ်ပြည်က တီထွင်တဲ့ အမှုန့်ဆိုတာ
အခု လာနေပါပြီ၊ အဲဒီ ဓါတုဗေဒ အရက်မှုန့်ကို ရေနဲ့ ဖျော်ပြီး သောက်
လိုက်တာနဲ့ မူးစေရမယ်လို့ ထုတ်လုပ်သူတွေက ကြော်ငြာနေကြောင့်
ပြည်တွင်းက မိတ်ဆွေတစ်ဦးက ပြောပြပါတယ်၊ အရက်ကို လွယ်လွယ်ကူကူ
သယ်ဆောင်လို့ရအောင် “ဓါတုဗေဒ အရက်အမှုန့်” လုပ်တာလို့ ပြောကြ
ပါတယ်၊ ဘယ်လောက်တောင် သေကြအုံးမလဲ မသိပါဘူး။ သြော် အခု
ကျနော်တို့ မျိုးဆက် ရင်ဆိုင်နေရတဲ့ မြစ်ဆုံ ရေကာတာ ပြဿနာကြီး
ပြေလည်လို့ ဆက် မဆောက်ဖြစ်ရင်တောင်၊ ရေရှည်မှာ လူဦးရေ
ပေါက်ကွဲမှု ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်တို့ လူဦးရေနဲ့ ဓနအင်အား
ကြီးထွားလာတဲ့ တရုတ်မျိုးဆက်တွေ ယှဉ်ပြိုင်ဖို့၊ ကာကွယ်ဆိုတာ
တော်တော် မလွယ်တဲ့ ပြဿနာတွေပါ၊ ပြဿနာအသစ်အဆန်းနဲ့ တွေ့တိုင်
မေတ္တာတရားနဲ့ ဘာသာတရား ကိုးကွယ်မှုကို လက်ကိုင်ထားပြီး ဖြေရှင်းဖို့
ကြိုးစားလေ့ရှိတဲ့ ကျနော်တို့ နိုင်ငံသားတွေ ရေရှည်မှာ လွယ်ပါ့မလား။
ကျနော် လက်ရှိ နေထိုင်နေတဲ့ ဥရောပ၊ အမေရိကန်၊ ကနေဒါ၊
သြစတြေးရီးယား အစရှိတဲ့ အနောက်အုပ်စုဝင် နိုင်ငံတွေမှာ
ဘာသာမဲ့(Nihilism) အဖြစ် ခံယူသူ လူငယ် အရေအတွက် သိသိသာသာ
တိုးတက်လာပါတယ်။ Nihilism နဲ့ Free thinker မတူပါဘူး၊ Free thinker
က ဗုဒ္ဓဘာသာဖက် တော်တော်လေး ယိမ်းပါတယ်။ Nihilism တွေက လုံးဝ
ဥသုံး ဘာသာမဲ့ပါ၊ ဘယ် ဘာသာကိုမှ မကိုးကွယ်သူတွေပါ။ Nihilism ကို
လက်ခံတဲ့ လူငယ်တွေရဲ့ အတွေးအခေါ်ကို ယနေ့ ကမ္ဘာနဲ့အ၀ှမ်း လက်ခံ
နေရတာတွေ ရှိပါတယ်၊ အဲဒါက ဘာသာတရား ကိုးကွယ် ယုံကြည်သူသည်
ဒီမိုကရေစီနဲ့ အံ့ဝင်ခွင်ကျ လုံးဝ မဖြစ်၊ အကြောင်းတစုံတရာ ဖြစ်လာပါက
ဘာသာတရား ကိုးကွယ်ယုံကြည်သူသည် သူ ကိုးကွယ် ယုံကြည်သည့်
ဘာသာတရားက ပေးတဲ့ စံတန်ဖိုး ရှုဒေါင့်ကနေ အရာရာ ဆုံးဖြတ်တတ်
ပါတယ်၊ ဒါဟာ ဒီမိုကရေစီ ကျဆုံးခန်းပါပဲ ... လို့ သူတို့က ဆိုပါတယ်။
ဘာသာရေး ဗန်းပြပြီး ပေါက်ကရလုပ်နေတဲ့ လူကြီးတွေထက် စာရင်
ဘာသာတရားကိုးကွယ်မှု အားနည်းတဲ့၊ လုံးဝ မကိုးကွယ်တဲ့ လူငယ်တွေ
က တော်အုံးမယ် ထင်ပါတယ် ..... :D

ရေးချင်တာက သရဲအကြောင်း ရေးရင် ... ရေးရင်နဲ့ တရုတ်လူမျိုးတစ်ဦးရဲ့
ရှုထောင့်ဆီ ရောက်သွားလိုက်၊ ဘာသာမဲ့အကြောင်း ရောက်သွားလိုက်၊
ဘလော့ဂါဆိုတာ ဒီလိုပဲ ဖြစ်တတ်တယ်လို့ ကွယ်လွန်သွားရှာတဲ့ ဘလော့ဂါ
ကိုကြီးကျောက်က ပြောဖူးပါတယ်။ ကျနော့်အကိုက ဟိုဘလော့ဂါ ကိုလူသစ်ကြီး
တို့ တက်ခဲ့တဲ့ တက္ကသိုလ်ကပါ၊ ကျောင်းမပြီးခင် ကြင်ယာစုံတော့၊ ကျနော့်မိဘ
တွေ ဒေါပွပြီး ဖြတ်လေးဖြတ် လုပ်ပါတော့တယ်၊ အဲဒါနဲ့ မောင်မင်းကြီးသား
ဘာလုပ်သလဲဆိုတော့ သူ့ယောက္ခမတွေနဲ့အတူ တက္ကသိုလ်ကျောင်းပိတ်
ချိန်မှာ ဧရာဝတီမြစ်ထဲ ပြေးတဲ့ “ဈေးသင်္ဘော”နဲ့ ကုန်လိုက် ကူးပါတယ်။
အောက်ပြည်အောက်ရွာ ဖြစ်တဲ့ ဧရာဝတီတိုင်းထွက်တဲ့ ငပိ၊ ငါးခြောက်
တွေကို အထက်ဆီ သယ်၊ မြန်မာပြည် အပေါ်ပိုင်းကထွက်တဲ့ သနပ်ခါးတို့
ပဲမျိုးစုံတို့၊ အညာထွက်တွေ စတာတွေကို အောက်ဖက် ပြန်သယ်ပါတယ်။

ဈေးသင်္ဘောပေါ်မှာ ဈေးသည်တွေ၊ ကုန်ပစ္စည်းတွေ အပြင် ဖဲဝိုင်းတွေ၊
အရက်ရောင်းတဲ့ အရက်ဆိုင်တွေပါ ပေါ်လာပါတယ်၊ တနေ့ကြတော့
မြစ်လယ်ခေါင်ကနေ လူသေအလောင်း နှစ်လောင်း မျောလာပြီး သင်္ဘော
နံဘေးမှာ ငြိပြီး လာကပ်ပါတော့တယ်၊ ဒါ ဘယ်က အလောင်းမှန်းလည်း မသိ၊
အမှုလာပတ်မှာ ကြောက်တဲ့ သင်္ဘောအမှုထမ်းတွေက အဲဒီ ငယ်ငယ်ရွယ်ရွယ်
နဲ့ သေဆုံးထားပုံရတဲ့ အလောင်း နှစ်လောင်းကို ၀ါးလုံးတွေ၊ သစ်ချောင်း
တွေနဲ့ တွန်းထိုးကြပါတယ်၊ နီးစပ်ရာ ဆိပ်ကမ်း ကပ်ပြီး ရဲစခန်းတွေ ဘာတွေ
သွားအကြောင်းကြားရင် အမှုတွေပတ်၊ သက်သေခံတွေ ဘာတွေ လုပ်ပေးရ
မှာ ကြောက်တော့ ပိုင်ရှင်မဲ့ လူသေအလောင်းကို ဖြစ်ကတတ်ဆန်း တွန်းထိုး
ကြတာပါ။ ဧရာဝတီမြစ်တလျှောက် မြို့အများစုမှာ ဒီလို လူသေ အလောင်း
ရေထဲ မျောပြီး ကိုယ့်မြို့က ဆိပ်ကမ်းဆီ လာကပ်လေ့ရှိပါတယ်၊ ဒီလို လာကပ်
ရင် အဲဒီမြို့တွေက ရဲတွေ ဦးဆောင်ပြီး မြစ်ထဲ ပြန်မျောသွားအောင် လုပ်လေ့
ရှိပါတယ်။ နောက်မို့ဆို ဘယ်က အလောင်းမှန်း မသိ၊ လက်သည်လည်း မပေါ်၊
စစ်ဆေးဖို့ နေရာ အခက်အခဲ၊ ပစ္စည်းပစ္စယ မပြည်စုံတာကြောင့် ရဲတွေ
ကိုယ်တိုင် အဲလို လုပ်နေကြပါ။ သူများ တိုင်းပြည်တွေမှာ အနုပညာဆန်ဆန်
ရေထဲ ပန်းတွေ မျောကြပါတယ်၊ ဒို့ပြည်တော့ အဲဒီခေတ်တွေတုန်းက နာရေး
အသင်းတွေ မရှိလို့၊ အမှုပတ်မှာ ကြောက်လို့ အဲဒီလိုပဲ ဧရာဝတီမြစ်ကြီးကို
အားကိုးပြီး ရေထဲ မျောကြပါတယ်။

အဲလို သင်္ဘောမှာ လာငြိနေတဲ့ လူသေအလောင်း နှစ်လောင်းကို တွန်းထိုး
လိုက်တဲ့ နေ့ကစပြီး သင်္ဘောပေါ်မှာ အမှုပေါင်းစုံ ပြဿနာပေါင်းစုံ သိသိ
သာသာ စ’ပါတော့တယ်။ ပထမတော့ သိပ် မသိမသာပါ၊ သင်္ဘောပေါ်ကနေ
ရေထဲ လူ ပြုတ်ကျတယ်၊ ဟိုလူ နေမကောင်း ဖြစ်လိုက်၊ ဒီလူ နေမကောင်း
ဖြစ်လိုက်ပါ၊ နောက်တော့ ဒီထက် ကြမ်းလာပါတယ်၊ သင်္ဘောတစ်စီးလုံး
ရေလယ်ခေါင်မှာ ညဖက်ကြီး စက်ထိုး ရပ်သွားပါတယ်၊ သင်္ဘောပေါ်က
ကုန်ပစ္စည်းတွေ သူ့အလိုလို ရွေ့ပါတယ်၊ ဖြေးဖြေးချင်း သူ့အလိုလို
ရွေ့တာကနေ ပုဏ္ဍာက တိုက်သလို ၀ုန်းဒိုင်းကြဲ လာပါတယ်၊ တချို့ဆို
တစုံတယောက်က ဇွတ်အတင်း ဆွဲပြီး ရေထဲ တွန်းချတဲ့ ပုံစံမျိုး ကိုးရို့ကားယား
နဲ့ ရေထဲ တွန်းချ ခံရပါတယ်။ ရေထဲ ကျသွားသူဟာ သူ့ဘာသာ ကိုးရို့ကားယား
ဖြစ်ပြီး ကျသွားတာပါ၊ သူ့နံဘေးမှာ ဘာမှ မမြင်ရပါဘူး၊ သူ့ပါးစပ်ကတော့
ကျနော့်ကို ဆွဲချနေပြီ ... လုပ်ကြပါအုံး ... ကယ်ကြပါအုံး ... စသဖြင့်တော့
အော်ပါတယ်၊ သူ့နံဘေးမှာ ဘာမှ မမြင်ရပါဘူး၊ ဒီလိုနဲ့ သင်္ဘောတစ်စီးလုံး
မြစ်လယ်ခေါင်မှာ ဗျောင်ဆန်နေပါတယ်။

အဲဒါနဲ့ တချို့လည်း ကယ်ပါ ... ယူပါ အော်ကြတော့ ခပ်လှမ်းလှမ်း ဖြတ်သွား
တဲ့ ငါးဖမ်းလှေတစ်စီးက ကမ်းဆီ အမြန်ပြေးသွားပြီး ဘုန်တော်ကြီးတစ်ပါးကို
ပင့်လာပါတယ်။ ဘုန်းကြီး ကြွလာတော့ နည်းနည်းလောက် သက်သာလာပါ
တယ်၊ လုံးလုံး မပြီးသေးပါ၊ ဒါနဲ့ ဆရာတော်က မေတ္တာသုတ်တွေ ဘာတွေ
ရွတ်ဖတ်လိုက်တော့ အမျိုးသမီးတစ်ဦးကို ၀င်ပူးပြပါတော့တယ်၊ ပြဿနာက
လူသေအလောင်း နှစ်လောင်း သင်္ဘောဆီ ကပ်လာတုန်းက သင်္ဘောကလူတွေ
ပြန်တွန်းထုတ်လိုက်တော့ လူသေအလောင်းကနေ လက်တစ်ဖတ် ပြတ်ပြီး
သင်္ဘောမှာ ငြိပြီး ကျန်ခဲ့တယ်လို့ အပူးခံရသူက ပြောပါတယ်၊ အဲဒီလက်ကို
ပြန်ဖြုတ်ပြီး ရေထဲ မျောပေးရင် ခြောက်လန့် ဒုက္ခပေးတာတွေ ရပ်မယ်လို့
ဆိုပါတယ်၊ ဒါနဲ့ လူသေကောင်ရဲ့ လက်တစ်ဖက်ကို ညကြီးမိုးချုပ် လိုက်ရှာ
တော့ သင်္ဘောနံဘေးအောက်မှာ ပြုတ်ထွက်ပြီး ချိတ်ကျန်ရစ်နေတာကို
ထူးထူးဆန်းဆန်း တွေ့ရပါတယ်၊ အဲဒီလူသေလက်ကို ဖြုတ်ပြီး ရေထဲ
မျောလိုက်မှပဲ သင်္ဘောလည်း နဂိုအတိုင်း အရာရာ ပြန်ပြီး အဆင်ပြေသွား
ပါတယ်။

ဇာတ်လမ်းလေးက ဒီလောက်ပါပဲ၊ အဲဒီသရဲ အခုထိ ရှိရော ရှိနေသေးလား
မပြောတတ်ပါဘူး၊ မြစ်ဆုံမှာ ရေကာတာကြီး ဆောက်ဖြစ်လို့ ဧရာဝတီမြစ်
ကြီးထဲ ရေမစီးတော့တဲ့ တစ်နေ့ကြရင် အဲလို သရဲတစ္ဆေတွေ ကုန်းပေါ်တက်
လာမယ်ဆိုရင် ဘယ်နဲ့ လုပ်ကြမလဲ .... :D

မြန်မာပြည်မြေပုံကို ကြည့်လိုက်လို့ မေခမြစ်နဲ့ မလိခမြစ်က ဧရာဝတီရဲ့
အပေါ်ပိုင်း ညာဖက်မှာလား ... ဘယ်ဖက်မှာလား ... အလွတ်မရတဲ့သူတွေ
အများကြီး ရှိနိုင်ပါတယ်။ သို့ပေမယ့် ဧရာဝတီဆိုတဲ့ မြစ်ကြီးဟာ ကျနော်တို့
အသွေးအသားထဲ၊ နှလုံးသား၊ အသိဥာဏ်ထဲမှာ ထာဝရ စီးဆင်းနေမယ့် ...
စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုပါ၊ နိုင်ငံတော်ရဲ့ ကျက်သရေဆောင်၊ ဂုဏ်ထူး
ဆောင်၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝ ပတ်ဝန်ကျင်
စိမ်းလန်းစိုပြေရေး၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိုးကျော်နယ်လို့ ခေါ်တဲ့
အညာဒေသကြီး တစ်ခုလုံးကို သဲကန္တာရဖြစ်မသွားအောင် ထိမ်းသိန်းပေးနေတဲ့
မိခင်ကြီး တစ်ဦးပါ ....

ကျွန်ုပ်တို့ ဘိုးဘွားများစွာရဲ့ ဧရာဝတီ
ကျွန်ုပ်တို့ရဲ့ ဧရာဝတီ
ကျွန်ုပ်တို့ သားစဉ်မြေးဆက်များအတွက် ဧရာဝတီ
ဧရာဝတီမြစ်ကြီးကို စောင့်ရှောက်ကြပါ ...
ဧရာဝတီကို မရက်စက်ကြပါနဲ့ ဗျာ .....

-စစ်ငြိမ်းဒီရေ

22 comments:

ညီရဲ said...

ကျွန်တော်တို့ က မြစ်ကမ်းဘေးနေတော့ အဲဒီ အဖြစ်မျိုးတွေ ခဏခဏ ကြုံရလေ့ရှိတယ်။ ဟုတ်တယ် ဒါမျိုးတွေ တကယ်ရှိတယ်။ အဓိကကတော့ တံငါသည်တွေ့ ကြုံတွေ့ ရလေ့ရှိတာပေါ့...

မေသိမ့်သိမ့် ကျော် said...

အင်း သရဲတွေ ကုန်းပေါ်တက်လာရင်တော့ ဒုက္ခး)

ခင်တဲ့
မေသိမ့်

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်..။

ငွေလမင်း said...

ဖတ်ရင်းနဲ့ ကြောက်မှိတယ်
တကယ်အပြင်မှာ ကြုံရရင် မတွေးဝံစရာဘဲ

kiki said...

ဒီလက်ပြတ်သရဲကြီး၊
သူ့ ဟာ သူ ဧရာဝတီထဲ မြော နေတာကို
နေစရာမရှိအောင်လုပ်နေတဲ့ ဟိုလူဂျီးတွေကို လည်ပင်းသွားညှစ်ရင် ကောင်းမယ် ကိုအောင်ရေ....

မကိ

seesein said...

ဧရာသရဲရယ် သရဲတို့ပျော်စံမွေ့ပျော်စေတဲ့ ဧရာပျောက်အောင် လုပ်နေကြတဲ့သူတွေကို ပုဏ္ဏကတိုက်ပြီး နည်းမျိုးစုံခြောက်လှန့်ပါစေတော်

ခင်မင်တဲ့
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

ဧရာဝတီမြစ်ကမ်းဘေးမှာ၊ သို့မဟုတ် ဆည်ကြီးရဲ့ နောက်နားမှာသာ သူတို့ရဲ့အိမ်တွေရှိနေခဲ့မယ်ဆိုရင် စီမံကိန်းကို အားတက်သရောလုပ်ဦးမှာလားလို့ မေးကြည့်ချင်ပါတယ်။ သေချာတာက ဒီဆည်ကြီးဆောက်ပြီးသွားရင် ဒီလူကြီးတွေ ဆည်အနီးတစ်ဝိုက်မှာ နေတောင်နေရဲမယ်မထင်ဘူး။
သူတို့တွေကတော့ ကြောက်တတ်လိုက်ကြတာ ပြည်သူတွေကျတော့ ဘာဖြစ်ဖြစ် လှည့်မကြည့်ကြဘူး။ တရုတ်မျက်နှာဘဲကြည့်တယ်။

Myanmar Good Knowledg Co., Ltd said...

သရဲလေးကိုအောင်
စုံနေတာပဲရေးထားတာ။

တကယ့်အဖြစ်အပျက်တွေချည်းပဲနော်။

Cameron said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်..။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

မိုးခါး said...

အဲဒီသရဲတွေ ခု ဆောက်လုပ်ရေးလုပ်နေတဲ့လူတွေ ဧရာဝတီကို သတ်မယ့်လူတွေကို ခြောက်လှန့်သင့်တာ .. ပစ္စည်းတွေ ဟိုရွေ့ဒီရွေ့လုပ်သလို အဲဒီ Dam ကြီးကို ရွေ့ပစ်လိုက်ကြပါလား .. သူတို့လည်း ကာကွယ်သင့်တယ် .. အဲဒီနားနေနေပြီးတော့ .. မျိုးချစ်စိတ်ရှိတဲ့ သရဲတွေပါ လိုအပ်နေတယ် .. :D

မြသွေးနီ said...

ဧရာဝတီနဲ့ မြန်မာပြည်
ဧရာဝတီနဲ့ ဗမာလူမျိုး
ခွဲခြားလို့မရဘူး...။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

လင်းဦး(စိတ်ပညာ) said...

မိခင်ဧရာဝတီရဲ့ အသက်သွေးကို ကာကွယ်ကြပါစို့

mstint said...

မြစ်ဧရာထဲက သရဲအကြောင်းဖတ်သွားတယ် ကိုအောင်ရေး)။
လက်ရှိအခက်အခဲများကျော်လွှားပြီး 'မြစ်ဧရာ' ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေလို့ ဆုတောင်းမိပါရဲ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ဧရာဝတီအရေးက သရဲတွေပါ အကူအညီတောင်းပါတယ်
မဟာတံတိုင်းနောက်ကလူတွေ ကြားစေသား။

SHWE ZIN U said...

သရဲ အိတ်စပတ်တတ် ကိုအောင် ရေ

ဧရာဝတီ ထဲက သရဲတွေ ကုန်းပေါ် တက်လာရင် ပို့လိုက်မှာပေါ့ ပျူနိုင်ငံ ကို

ခင်မင်တဲ့
ရွှေစင်ဦး

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

Anonymous said...

သရဲခြောက်တဲ့သင်္ဘောပေါ်ရောက်သွားတယ်ဗျို့း)
မြစ်ဆုံစီမံကိန်းကိုလည်းကန့်ကွက်သွားပါတယ်
လုံးဝကန့်ကွက်တယ်


မောင်ဘကြိုင်

ကိုရင် said...

ဝေသာလီပြည် ဘီလူးတွေရောက်လာထက် ဆိုးမယ်..
မြနမ်မာပြည် ခေတ်သစ်ဝေသာလီ မဖြစ်ပါစေနဲ့..

PhyoPhyo said...

ဒီလိုလည်း ခြောက်တတ်တာပဲ။

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

blackroze said...

အကိုအောင်ရေ..
ဧရာဝတီကိုဆက်လက်စီးဆင်းစေချင်ပါတယ်..

“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”

မအိမ်သူ said...

ဧရာဝတီထဲက သရဲတွေ အကုန်ကုန်းပေါ်တက်ပြီး ကြပ်ပြေးနေပြည်တော်တ၀ှမ်းလုံးကို ပုဏ္ဏကတိုက်ပစ်လိုက်နိုင်ကြရင်တော့ မြစ်ဆုံစီမံကိန်းရပ်သွားနိုင်တယ်ထင်တာပဲကိုအောင်ရေ။
မြစ်ဧရာ ကမ္ဘာတည်သရွေ့ တည်တံ့ပါစေ။ မြစ်ဧရာကို ကယ်တင်မဲ့လက်များ ခိုင်မြဲစွာလက်တွဲနိုင်ကြပါစေ။

ညိုလေးနေ said...

မြစ်ဧရာထဲက သရဲတွေ ရေခန်းခြောက်လို့ နေစရာမရှိရင် ဘယ်သွားရမလဲ သူတို့သိမှာပါ။
မြစ်ဆုံဆည် ဗျူဟာစီမံကိန်းအား အပြင်းအထန် ကန့်ကွက်ပါတယ်။