တစ်
သူငယ်ချင်းတို့ ရေ
ကိုယ်က ၈၈ မှာ ပါခဲ့ဘူးတယ်။ မကသလို့  ခေါ်တဲ့ အဖွဲ့ မှာ။
ကိုယ်တို့ က အဲဒီတုန်းက လိုင်းအပ် ၂ခု ချခဲ့တယ်။
တခုက နိုင်ငံရေးပေါ်လစီ။
ကိုယ်တို့ ရဲ့  နိုင်ငံရေးပေါ်လစီက ပရက်ရှား အင် ကွန်ပရိုမိုက်။
လူထုနဲ့ ဖိအားပေးပြီး အာဏာရှင်က တိုင်းပြည်အာဏာကို သူတို့
အတွက်ထွက်ပေါက်တခုနဲ့ လွှဲပေးနိုင်မယ့်နည်းလမ်းတခုပေါ်မှာ
ဆွေးနွေးနိုင်ဘို့ ပေါ့ကွာ။ ကိုယ်ဖတ်ဘူးတဲ့စာအုပ်တအုပ်ရှိတယ်။
စတူးဒင့် ရီဗော်လူးရှင်း ဆိုတဲ့စာအုပ်။ ပြင်သစ်က ဆန္ဒပြပွဲတွေကို
ဦးဆောင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဘီဘီစီ က ဗျူးတာ
တွေကို တိုက်ရိုက်ရေးထားတာ။
အားလုံးသိတဲ့အတိုင်း ကိုယ်က အင်္ဂလိပ် မှာ တောင်မရောက်
မြောက်မရောက်။ ဒါပေမယ့် အဲဒီကတည်းက စွတ်ဘာသာပြန်တာ
မှာတော့ထိပ်တန်းဘဲ။ အဲဒီထဲက စာတပိုဒ်ကို သိပ်ကြိုက်တယ်။
“ကိုယ့်မှာ ညီမျှတဲ့ အင်အားတခုရှိမယ်ဆိုရင်တောင်မှ အာဏာရှင်
နဲ့ အဖြေတခု ထွက်အောင်ဆွေးနွေးဘို့ ဆိုတာ သိတ်ခက်ပါတယ်”တဲ့။
ကဲ ဒါဆို ၁၉၈၈ မှာရှိတဲ့ ကိုယ်တို့ ဘက်က လူထုအင်အားနဲ့ ခု လက်ရှိ
ကိုယ့်ဘက်ကလို့ ပြောလို့ ရတဲ့ လူထုအင်အားလေးကို ချိန်ဆကြည့်ပါကွာ။
ဒါပေမယ့် အဲဒီတုန်းက ကိုယ့်ဘက်ကလူတွေက `လုပ်ပလိုက်မယ်နော်´
ဆိုတဲ့သူတွေချည်းဘဲ။
ဒါပေမယ့် တူတာတခုရှိတယ်။အဲဒီတုန်းက လူထုခေါင်းဆောင်က
ခုလူထုခေါင်းဆောင်ဘဲ။ အဲဒီတော့ စစ်အာဏာရှင်တွေက တို့ ဘက်က
ပေါ်လစီကို ဒီလို သမုတ်တယ်။
“ကွန်ဖရန်တေးရှင်း” တဲ့။
မြန်မာပြည် ရဲ့  အစိုးရကို ဖြုတ်ချရေးတိုက်ပွဲတိုင်းကို တက္ကသိုလ်
ကျောင်းသားတွေက ဦးဆောင်ခဲ့ တယ်။
၁၉၅၅ က စကြည့်ပါ။
ဒါပေမယ့် ၁၉၆၂ မောင်နေဝင်းတက်လာပြီးတော့ တက္ကသိုလ်
ကျောင်းသားသမဂ္ဂ အရေးအခင်းမှာကြွေးကျော်လိုက်တာ
“ဒါးဒါးချင်းလှံလှံချင်း” တဲ့။
သူက ချနေကြလေ။
အဲဒီကတည်းက စလို့  ၁၉၈၈ အထိကိုယ်တို့တွေ တကယ်
ချတတ်တာဆိုလို့ ဖဲနဲ့ အရက်ဘဲရှိတာ။
(နောက် ၂ခု ကျန်သေးတယ်လေဗျာ မလုပ်နဲ့ ဘေးမှာမိန်းမရှိလို့ )
အဲဒီရဲ့ အကျိုးဆက်ကတော့.....
စာသံပေသံနှင့်ပြောမည်ဆိုပါက
“ စစ်တပ်မှပစ်လွှတ်လိုက်သော ဘောင်းဘောင်းဘောင်းဟူသည့်
သေနတ်သံများက ကျွန်ုပ်တို့ အား ယိုးဒယားနိုင်ငံသို့
ဂျောင်းဂျောင်းဂျောင်း ဟုနှင်လွှတ်လိုက်သည့် ကုလားဆိုးကြီး၏
အော်ဟစ်သံကဲ့သို့ ပင်တည်း။ စစ်တပ်ကို ရင်ဆိုင်ပစ်လွှတ်ရန်
ကျွန်ုပ်တို့  ယူဆောင်လာသော ဒူးလေးများ လောက်လေးဂွများ၊
ဂျင်ဂလီခေါ် လက်နက်ဆန်းများသည် အကယ်တန္တုအားဖြင့်
စစ်တပ်၏သေနတ်များကို ဖက်ပြိုင် အံတုရန် မစွမ်းနိုင် လေရကား
၎င်းတို့ ကို လမ်းမပေါ်သို့ လွှတ်ချပြီးသကာလ တာမှလွှတ်သော
မြင်းများကဲ့သို့ စစ်တပ်၏ဆန့်ကျင်ဘက်အရပ်သို့ အသော့နှင်ကျ
ရကုန်၏။ ကျွန်ုပ်တို့ အား ၁၉၈၈ စက်တင်ဘာ ၁၉ ရက်နေ့ တွင်
ချီတက်ရန် လှုံ့ ဆော်ခဲ့သော ခေါင်းဆောင်ကြီး၏အမိန့် ကို နာခံရန်
လိုက်ရှာသောအခိုက်တွင် ၎င်း ကား ကြိုးမဲ့ လေတံခွန် တခုကဲ့သို့
လေနှင့်အတူ လွင့်ပါသွားခဲ့လေပြီ ” ။
(“နောက်တာပါကွာ”။ တို့ သူငယ်ချင်းတွေကို လွှတ်အောင် နမိတ်
ယူပြီး လွှတ်တွေကို လွှတ် သုံးလိုက်တာ စွန်လွှတ်တဲ့ အကြောင်း
ရောက်သွားတယ်။)
ရန်သူကိုဘယ်တော့မှသူကျွမ်းကျင်တဲ့လက်နက်နဲ့ မတိုက်ရဘူးကွ။
ငါ့ ငှက္ကဥ ကြီးပြောသလို ဆို “ခွေးရူးကို ရေထဲမှာရိုက်ရတယ်”။
ဆိုပါတော့ကွာ။ အတိုချုပ်ရင် ကိုယ်တို့ က ကွန်ပရို မိုက်ကိုမှ
ကြိုက်မိလေတော့လူမိုက်တွေဖြစ်ခဲ့ ရပါတယ်။ အဲဒီကာလတုန်းက
တော်တော်တက်ကြွတဲ့  ငတိလေးတွေ ၂သိုက် ၃သိုက်ရှိတယ်။
ဒီကောင်တွေက သူတို့ အကိုတွေကွဲတာကို အမြဲဆဲပြီး သူတို့ 
ကျတော့လည်း က နဲ့  ခနဲ့ ကွဲ။ အဲဒီတုန်းကတော့သူတို့ နဲ့
တည့်အောင်ပေါင်းရတယ်။ ခဲနဲ့ ပေါက်တာ အရေးမကြီးဘူး။လက်ဘက်ရည်ဆိုင်ထိုင်နေတုန်းအုပ်လိုက်ကြီးရောက်လာပြီး
လက်စားချေတဲ့ အနေနဲ့ ဝင်စားသွားလို့  အရှက်ကွဲ ရပေါင်းမနဲဘူး။
အဲဒီတုန်းက ခုလိုလည်းမိုဘိုင်းဖုန်းလေးဆက်ပြီးပိုက်ဆံ
လာပို့ ခိုင်းလို့ ရတာမဟုတ်ဘူးလေ။
တနေ့ တော့ ကျွန်တော်တို့ ရဲ့ ဌာနချုပ်မှာ တွေ့ ဆုံဆွေးနွေးပွဲ
လုပ်ပါရောခင်ဗျာ။ အဲဒီမှာ အဲဒီတုန်းက ပုစွန်စိတ်လေး ဘယ်လို
ငယ်တို့ ။ သင်္ကြန်သံချပ်တို့ နဲ့ ဟော့ နေတဲ့ မောင်ကြေးမုံရဲ့သား
သီဟလေးကကျွန်တော်တို့ ကို မေးခွန်းတခုမေးပါတယ်။ ခုခင်ဗျား
တို့ ရဲ့ ကွန်ပရိုမိုက်ကြီးက မမှားဘူးလို့ ဘယ်လိုသက်သေပြမလည်း
တဲ့။ ကျွန်တော်ကလည်းငယ်ငယ်တုန်းက ဖတ်ဘူးတဲ့ စာအုပ်
တစ်အုပ်ထဲ က ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ စကားကို
လှတယ်ထင်တာနဲ ယူကြိတ်လိုက်တယ်။
“ဟစ်စထရီ ဝယ် ဆို့ လဗ မီ ” ဆိုပြီးတော့။အဲဒီမှာသူက ထပ်ပြီး
မေးပါတယ်။
ခင်ဗျားတို့ ကို သမိုင်းကအဖြေပေးမှာကို ကျုပ်တို့ က သင်္ချိုင်းကုန်း
က စောင့်ကြည့်ရမှာလားတဲ့။ ပညာရှိသတိဖြစ်ခဲမှာစိုးလို့  ပြောပြ
တာပါ။ မင်းနဲ့ ငါ တို့ ကတူလို့ လားမေးရင် မတူပါဘူးခင်ဗျာ။
ကျွန်တော်တို့ ကစောပါတယ်။ ခံရတာကိုပြောတာပါ။
အသက်ကြီးပြီး အိုမင်းရုံ အိုမင်းလာတဲ့သူတွေကို ကျွန်တော် မလေးစားပါ။
အသက်ကြီးပြီး ဥာဏ်ကြီးလာတဲ့သူတွေကို ဘုရားနဲ့ တဂိုဏ်းထဲ ထား
ပါတယ်။ နိုင်ငံရေးပေါ်လစီပြီးတော့ တက်ကတစ်စ( တက်ကနစ်
မဟုတ်ပါ။ tactics လို့ သိုးဆောင်းမှာပေါင်းပါတယ်။ ခုလေးတွင်မှ
အက်စ ပါမှန်းသေချာတာ) ကျွန်တော်တို့ ကို ကျောင်းသားအရေးဘဲ
လုပ်တဲ့ အဖွဲ့လို့  မလိုလားသူတွေက ဝှစ်စပါးရင်းကမ်ပိန်း လုပ်ကြ
ပါတယ်။ ကျွန်တော်တို့ နည်းက ကျောင်းသားကိစ္စ ကျောင်းသား
အသိဆုံး၊ လယ်သမားကိစ္စလယ်သမားအသိဆုံး ၊အလုပ်သမားကိစ္စ
အလုပ်သမားအသိဆုံးဖြစ်တဲ့အတွက် အမှန်တကယ်ကို အဲဒီ
လူတန်းစားတွေထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေကသာ အဲဒီလူတန်းစားရဲ့
နစ်နာမှု၊ ဆုံးရှုံးမှု၊လိုအပ်မှု တွေကို ပိုမိုထိစပ်သိမြင်နိုင်ပါတယ်။
အဲဒီလို လူတန်းစားအသီးသီးရဲ့ ပကတိအခြေအနေကို အမှန်တကယ်
သိမြင်ပြီး နိုင်ငံရေးအစ်ရှုးတခုဖြစ်အောင်လုပ်နိုင်ခြင်းဟာ နိုင်ငံရေး
ပါတီတစ်ရပ်ရဲ့တာဝန်ပါ။ ကျွန်တော်တို့ မှာ အဲဒီကာလက ရွေးချယ်စရာ
ပါတီတစ်ခုဘဲ ရှိပါတယ်။
ကျွန်တော်တို့ ကို မုန်းသည်ဖြစ်စေ၊ကျွန်တော်တို့ က မုန်းသည်ဖြစ်စေ။
ကျွန်တော်တို့ ကိုလိုလားသည်ဖြစ်စေ၊မလိုလားသည်ဖြစ်စေ။
ကျွန်တော်တို့ မူက အလုပ်ဖြစ်ရေးပါ။
လယ်သမားတွေကို ခေါင်းဆောင်တဲ့လယ်သမားတွေက
လယ်သမားတွေရဲ့ နစ်နာမှုတွေကိုတင်၊
အလုပ်သမားတွေကိုခေါင်းဆောင်တဲ့ အလုပ်သမားတွေက
အလုပ်သမားတွေရဲ့ နစ်နာမှုတွေကိုတင်။
ကျောင်းသားတွေကိုခေါင်းဆောင်တဲ့ကျောင်းသားတွေက
ကျောင်းသားတွေရဲ့ နစ်နာမှုတွေကိုတင်။
အင်အယ်ဒီက ဒီလို အထွေထွေနစ်နာမှုတွေဟာ စစ်တပ်ရဲ့
မကျွမ်းကျင်သောအုပ်ချုပ်မှုကြောင့်လို့ ပြော။
ငါတို့ ကို ပေးအုပ်ချုပ်မှ ဒီကိစ္စတွေအေးမှာ။
မကောင်းဘူးလားဗျာ။ ဒီတက်ကတစ်စလေးက။
သပိတ်စုံ သူပုန်ထ ဆိုတဲ့ ခေါင်းဆောင်ကြီးတွေက သပိတ်စုံအောင်
မလုပ်တတ်ဘဲ သူပုန် ထချင်စိတ်တွေများလေတော့။
ခုတော့လည်း
ဟင်းမပြောလိုက်ချင်ဘူး။
ချစ်လိုက်ပါပြောတာလည်းသူတို့ ဘဲ။
မုန်းလိုက်ပါပြောတာလည်းသူတို့ ဘဲ။
ခံစားရတာကတို့ ၂ယောက်ထဲ။
နှစ်
ပြောရင်းနဲ့ ဖဲအကြောင်းပါလာတော့ သူငယ်ချင်းဖဲသမား
တစ်ယောက်ကိုသတိရပါတယ်။ ဖဲသမားလည်းဖြစ်တဲ့အပြင်
မိုက်ဂုဏ်လေးလည်းရှိတော့ ၄၀ ရပ်ကွက်မှာ ဒီကောင်ကို
တော်တော်ရှိန်ကြပါတယ်။
ကံကလည်းကောင်းပါတယ်။
ချဲ ဒိုင်ကိုင်လည်းနိုင်တာဘဲ။
ဘောလောင်းလည်းနိုင်တာဘဲ။
ဘော်ဒါဘော်ချွတ် တရုံးရုံး နဲ့ ဆိုတော့ ကြွစောင်းစောင်း ဖြစ်လာ
တာပေါ့။လူကိုး။
ဆိုင်ရာပိုင်ရာကလည်းသူ့ ကိုလွှတ်ပေးမြှောက်ပေးထားတော့
ထိန်းမနိုင်အောင်ပါ။
ဒါပေမယ့် ကျွန်တော် တို့ မြန်မာပြည် ရန်ကုန်မြို့ တော်ကြီးမှာ“စွမ်းစွမ်း”
“ဖိုးစီ” အစရှီတဲ့ လောင်းကစားဒိုင်ကြီးတွေရှိပါတယ်။
စွမ်းစွမ်းက ကိုးကန့် ပိုင်ပါ။
ဖိုးစီက မြန်မာလူမိုက်တယောက်ပိုင်ပါ။
အဲဒီက ကောင်တွေက မိုက်သလားမမေးနဲ့ ။
ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာတောင် ဖဲရှုံးလို့ အကြွေးမပေးတဲ့
`ဝ´ စစ်တပ်က ကောင်ကို ဒူးထောက်ခိုင်းပြီး ပါးရိုက် နိုင်လောက်
အောင် အရှိန်ကြီးပါတယ်။
တနေ့ကံဆိုးချင်တော့ အဲဒီသူငယ်ချင်း ဟာ အဲဒီဝိုင်းတွေဆီကို
ရောက်သွားပါတယ်။
ခင်ဘို့ ကောင်းသလားမမေးပါနဲ့ ။
ညီလေးနားချင်သလား။ အော် ညီလေးသူငယ်ချင်းတွေလား။
ခန သွားအနှိပ်ခံလိုက်ဦး။
ပြီးမှဆက်ဆော့။
အော် ညီလေးသူငယ်ချင်းတို့ ရေ။ ပျင်းနေဘီလား။
လုပ်စရာရှိတာလုပ်ပါ။
စားပါသောက်ပါ ရန်မရှာပါနဲ့ ။
လူမိုက်ချင်းကြလည်း သိပုံများ။
သူငယ်ချင်းရဲ့ ဘော်ဒါဘော်ချွတ်တွေအကုန် သွားဖြဲလေးနဲ့ ။
ထုံးစံအတိုင်း နောက် ၄ - ၅လ ကြာတော့ရှိတဲ့ ငွေတွေပြောင်ပါတယ်။
ဘာရှိလည်း။ ရှိတာအကုန်ယူခဲ့ ။
မလိမ္ဘူး။ မႏွိမ္ဘူး။ မူရင်းဈေးအတိုင်းရမယ်။
ပိုပြောရင်တောင် လိုက်ပေးလိုက်သေးတယ်။
နောက်ဆုံးကား။ ရုပ်ပျက်တယ်။ လာအုံးမယ်ဆို ပြန်စီးသွား။
ဘာဝှီးတက်၊ ဘာလိုင်စင်မှယူမထားဘူး။
၁၅၀ တန် ကား ၁၂၀ ချေးပေးထားတယ်။
ညီလေးကို ယုံလို့ ၊ခင်လွန်းလို့  လိုက်လျောထားတာနော်။
ခင်တာကို ချဉ်တာတော့မထင်နဲ့ ။ ညီလေးနဲ့ အကို ကြားမှာ
စိတ်မဆိုးချင်ဘူးကွာ။
ညီလေး သူငယ်ချင်းတွေ။
ဒီကိစ္စ မင်းတို့ လည်းသိတယ်နော်။မင်းတို့ သူငယ်ချင်း
ပျောက်သွားရင် မင်းတို့ ကိုဘဲ မေးရမှာ။
အဲဒီအခြေအနေမှာ ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ဆီ
ရောက်လာပါတယ်။ အမှန်တော့ အကြံဥာဏ်ယူဘို့ မဟုတ်ဘူး။
သူ့ ရဲ့ အမှန်တရားတည်ထောင်မှုထဲမှာ ကျွန်တော့် ကို ဆွဲထည့်
ဘို့ ပါ။ သို့ သော်လည်း သူငယ်ချင်းတို့ ရဲ့ ဝတ္တရားရှိသည်နှင့်
အညီသူ့ ကို ကျွန်တော်ကအကြံပေးပါတယ်။
သူ့ အိမ်ကို ပေါင်ဘို့ ပါ။ ကားကိုလည်းပေးလိုက်တော့။
ဂရမ်ပေါင်ပြီး ကားအမျိုးကောင်းတစ်စီးကိုငှားစီး။ မိန်းမကို ၄-၅
ကျပ်သားလောက်ပြန် ရှိုင်း ထား။
ရပ်ကွက်မှာပြန်ပြီးဒိုင်ကိုင်ဖို့ ပါ။
သူ က မလုပ်ချင်တော့ဘူး။
အသည်းတထိတ်ထိတ်ရင်တဖိုဖို၊ စီမံချက်နဲ့ မညားမှ
တနှစ်လုံးတကုတ်ကုတ်နဲ့ ပေသီးတွက်ရင်း ၄-၅ ရာလောက်
ရမှာကို သူမလိုချင်တော့ဘူး။
ဟိုမှာဆို ငြိမ်းလည်းငြိမ်းတယ်၊လုံလည်းလုံ တယ်။ ကိုယ့် အလှည့်
ရောက်ရင် တညထဲနဲ့ သုံးလေးရာ အသာလေးဘဲ။
ကျွန်တော်လည်း စိတ်ပေါက်လာတော့ ကောပြစ်လိုက်တယ်။
အေးသူငယ်ချင်း မင်းဘာသာ လူမိုက်ဘဲဖြစ်ဖြစ်လူကောင်းဘဲ
ဖြစ်ဖြစ် ငါ သောက်ဂရုမစိုက်ဘူး။
မင်းမိန်းမနဲ့ ကလေးမျက်နှာကြည့်အုံး။ မနိုင်လို့ ဘဲ ကုန်ပြီကို
မင်းက တည သုံး .. လေးရာ လုပ်နေသေးတယ်။
ခုချိန်မှာ ဘာမှမလုပ်ဘဲထိုင်နေရင်တောင် မင်း တို့ ဘဝက
သူဌေးအဆင့်လောက်ရှိသေးတယ်။
ထုံးစံအတိုင်းဒီကောင်က ထပေါက်တော့တာဘဲ။
ဟေ့ကောင် မိုးကြီး ၊ငါ့ဘဝနဲ့ ငါ့အကြောင်းပါကွ။
တံငါသည်ကို ရေ လာကြောက်ခိုင်းမနေနဲ့ ။
ကြောင်ဆိုတာ ကြာကြာ ရေမငုပ်ဘူးကွ။
မရင်းရဲရင် ဒီဘဝတောင် ရောက်မလာဘူး။
ငါ့ကိုငါယုံတယ်။ဖြစ်လာသမျှ ငါတာဝန်ယူတယ်။
ငါ့မိန်းမနဲ့ ငါ့ ကလေးကို ငါ့ အသက်ထက်ချစ်တယ်ကွ။
သူတို့ ဘဝပျက်အောင်လုပ်နေတာမဟုတ်ဘူး။သူတို့ ဘဝအတွက်
လုပ်နေတာ။
အေးလေ သူငယ်ချင်းရာ ၊ဒါဆိုလည်း မင်းသဘောပါပေါ့ ။
အဲဒီ တခေါက်ဟာ သူနဲ့ ကျွန်တော်ရဲ့ နောက်ဆုံးပါဘဲ။
သူရဲ့ သတင်းတွေကို မကြားလိုတော့တာကြောင့် ကျွန်တော်
မကြားတော့ပါဘူး။
သိပ်ချစ်တဲ့သူငယ်ချင်းဖြစ်ခဲ့ လို့  အီမ်ပေါင်ပြီးသူ သွားဆော့တဲ့
အခေါက်မှာ တဝိုင်းလုံးသိမ်းလာခဲ့တယ်လို့  မိုးသောက် မနက်
အာရုဏ်တက်တိုင်းမှာ အိပ်မက် မက်လေ့ရှိ ပါတယ်။
သုံး
ဆိုးသောသူငယ်ချင်းပြီးတော့ ကောင်းသောမိတ်ဆွေများနှင့်
လေးစားထိုက်သော အသိများကို သတိရမိပြန်ပါတယ်။ တစ်ခု
ဖြတ်ပြောပါအုံးမယ်။ အိတ်စစ်စတင်ရှယ်လစ် (ဖြစ်တည်မှု ပဓါန
ဝါဒီ၊ ပထမနှစ် ပီအက်စ်၊ နိုင်ငံရေးသိပ္ပံ စာအုပ်ထဲက ကူးချတာ)
တို့ ၏ စာရေးနည်းကို သိစိတ်အလျဉ်ရေးးနည်း ဟုခေါ်ကြောင်း
သတိရမိပါသည်။ ယန်းပေါဆတ် ၊ဟာမန်းဟက်စ ၊ဖ၇န့် ကပ်ဖကာ။
အဲဘတ်ကမျူး၊ မဒမ် ဒီဘူးဘွား၊ဆရာမ မေငြိမ်း၊ ဆရာမ ဂျူး၊
ဆရာ မောင်ကြည်သစ် အစ`ရှိသော ကျွန်တော့်ဘာသာ အိတ်စစ်
ဟု သတ်မှတ်ထားသည့် စာရေးဆရာကြီးများကို အံတု ယှဉ်ပြိုင်
အနိုင်ယူ ကျော်ဖြတ်တက်ရန် အတွက် ကျွ န်တော့်ဘာသာ နိုတြီ
ပတ်ဘလစ် ပြုလုပ်ထားသော သောက်စိတ် အလျဉ်ရေးနည်းကို
အသုံးပြုထားပါသည်။ စကားချပ်။)
ကိုယ်တို့  ၈၈ ကို ဖြတ်ကြတုန်းက အမှတ်ရရ လေးစားစံပြုထိုက်သူ
တွေတော်တော်များများပါတဲ့အဖွဲ့ တွေနဲ့ ဆုံခဲ့ရဘူးတယ်။
ပေးဆပ်ကြသူတွေ ၊အာဇာနည်တွေနေတဲ့ တိုင်းပြည်လို့ ညွှန်းဆို
ရလောက်အောင် စံနမူနာပြုထိုက်သူတွေ၊ကိုယ်တို့ တိုင်းပြည်မှာ
ပေါ်ထွက်ခဲ့တယ်။ ကိုယ့်မူကသေပြီးသောသူကော မသေဘဲ
ကျန်ရစ်သူကိုကော သိသလောက်ချီးမွမ်းစကားဆိုရေး၊ စာထက်
အက္ခရာတင်ထားနိုင်ေ၇းဘဲ သူငယ်ချင်းတို့ ရေ။
ကိုယ်ရဲ့  ကွန်တင်ပိုရာရီတွေကိုဘဲ ကိုယ်ကပြောပြနိုင်တာဖြစ်တဲ့
အပြင်သမိုင်းမှတ်တမ်းမဟုတ်လို့ သူတို့ ထက် နစ်နာခဲ့ သူတွေ၊
သူတို့ လောက်နစ်နာခဲ့ သူတွေ၊ဘယ်လောက်ဘဲဖြစ်ဖြစ်နစ်နာခဲ့
တဲ့သူတွေ၊လူမသိ သူမသိ မထင်မရှားနဲ့ အသက်တွေ ဒါမှမဟုတ်
ဘဝတွေကို ပေးဆပ်ခဲ့ ရရှာတဲ့ အညတြ အာဇာနည်တွေ အားလုံး
ကို တို့ ရဲ့ လေးစားထိုက်သော နိုင်ငံရေးလုပ်ဖေါ် ကိုင်ဖက်များ
အဖြစ် ထည့်သွင်းစဉ်းစားရပါမယ်။တို့ တွေ ဟာနိုင် ငံရေးမှာ
တစ်ခုခုကို တွေးခေါ် ကြံဆလုပ်ဆောင် ဘို့ ပြင်ဆင်တိုင်းမှာ ဒီပြောင်းလည်းမှုဖြစ်စဉ်ကြီးမှာပါဝင်ပေးဆပ်ခဲ့တဲ့သူများရဲ့ အခြေခံ
လိုလားချက်တွေနဲ့ သွေဖီမသွားအောင်တော့ဂရုစိုက်ရမယ်သူငယ်ချင်း။
နိုင်ငံရေးမှာ ခု စာကလေးကျော်၊ ခု ဆီထမင်း လုပ်လို့ မရဘူး။
ဆိုပါစို့ ကွာ။ ကိုယ့်ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေတဲ့အဖွဲ့ တစ်ခုရှိတယ်။
တကယ်ဆို ကျောထောက်နောက်ခံ တွေ ကိုကြည့်ရင် ကိုယ်တို့
နဲ့ သူတို့ က ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက်ရလောက်အောင်
တစ်ထပ်တည်းကျ တဲ့သူတွေမဟုတ်ဘူး။ အဲဒီတော့ သူတို့ ကို
ဥပမာအနေ နဲ့ ပြောရတာ စိတ်ပို သန့် တယ်။ နောက်ပြီး ခုနက
ကိုယ်ပြောသလို ဘဲ သေသူရောရှင်သူရောကို ဥပမာ တပြိုင်တည်း
ပေးလို့ ရလို့ ပါဘဲ။
၁၉၈၈ ကို ဖြတ်သန်းခဲ့ သူတိုင်း အယ်အက်စ လို့ ခေါ်ကြတဲ့ အဖွဲ့
ကို သိကြမှာပါ။ တချို့ က လေဘာဆိုက်ဆိုပြီးပြောကြတယ်။ အမှန်
တော့ လေဘာဆိုလဒါရတီ လို့ ခေါ်တဲ့ အလုပ်သမားသွေးစည်း
ညီညွတ်ရေးအဖွဲ့ ပါ။ အဲဒီအဖွဲ့ ကို စတင်ဦးဆောင်ခဲ့တာက မင်းသစ်
လို့ခေါ်တဲ့ ပုဂ္ဂိုလ်ပါ။ နာမည်ရင်းက ဦးမောင်ကို၊ သူကို ဆိပ်ကမ်း
မြို့ နယ်က ဦးမောင်ကိုလို့ သိကြတယ်။ ခုနော်ဝေးနိုင်ငံ ဒီမိုကရက်
တစ် မြန်မာ့အသံမှာ လုပ်နေတဲ့ မိုးအေး (နိုဘယ်နဲ့  ၁၀နှစ်ကျော်
နေခဲ့ ရတဲ့  အောင်မိုး)ရဲ့မိန်းမ၊ မဆွေဆွေရဲ့ အဖေ ပါ။
အရေးအခင်းမဖြစ်ခင်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဌာနမှာ
မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြီး အင်းလျားရိပ်သာလမ်း
မှာနေတာပါ။ စကားလုံးရိုင်းရိုင်းပြောရရင် ဒီမိုကရေစီမရလို့
ထမင်းငတ်သေမယ့် အထဲမှာသူမပါပါဘူး။ မနေနိုင်မထိုင်နိုင်
အရေးအခင်းမှာဝင်ပါပြီးတော့ အင်အယ်ဒီ ဗဟိုအလုပ်သမားအဖွဲ့
ရဲ့ ကော်မီတီဝင်တောင်လုပ်လိုက်သေးတယ်။ နအဖ ကဖမ်းပြီးတော့
စစ်ကြောရေးမှာ နှိပ်စက်သမျှကို ကုန်းခံ။ သုံးရက်မီးလွတ်စားပြီး
ကိုယ့်ကို ကိုယ် သတ်သေသွားတဲ့ သူ။ သေတဲ့အထိ ထောက်လှမ်းရေး
ကို သူ့ ရဲဘော် တယောက်ရဲ့ နာမည်မှ မပေးခဲ့တဲ့သူပါ။
နောက်တယောက်က သူများတွေ တောင်ပြောမြောက်ပြော
ပြောနေချိန် မှာ အပြောမဟုတ် အလုပ်နဲ့ သက်သေပြတဲ့အနေ
နဲ့ ၂၀၀၈ ခုနှစ်က အင်းစိန် အကျဉ်းထောင်ရှေ့ မှာ နိုင်ငံရေး
အကျဉ်းသားတွေလွှတ်ပေးဘို့  တစ်ကိုယ်တော် ဆန္ဒပြခဲ့လို့ 
၂၀၁၁ အထိ နိုင်ငံရေးအကျဉ်းသားဖြစ်သွားပြန်တဲ့ ဗိုလ်ကြီးဟောင်း
ဇော်ညွန့် ပါ။ သူကလည်း အယ်အက်စ ရဲ့ အထွေထွေ အတွင်း
ရေးမှုး (ကိုဝင်းချိုအဆိုအရ ဥက္ကဌ၊ ကျေးဇူးပါ ကိုဝင်းချို၊ မှားးတာတွေ
လွဲတာတွေကို သိမှီသူတွေဝိုင်းဖြည့်ပေးကြပါ။) လုပ်ခဲ့တာပါဘဲ။
ခေတ်ပြိုင်တွေကတော့ အာကာဟိန်းလို့ သိကြပါတယ်။
ဦးမောင်ကို သေ(ခေတ်မီအောင်ပြောရင်တော့ ကျဆုံး)။
အာကာဟိန်း ဝင်နေတဲ့အချိန်မှာ ၂ဗိုလ်ကျလို့  ၂ဗိုလ် တက်လာ
ခဲ့ပါတယ်။ ဥက္ကဌ အဖြစ် မြင့်စိုးနဲ့  အတွင်းရေးမှုးအဖြစ် ဇီးကွက်
ခေါ်ထွန်းထွန်းးနိုင်တို့ က ယိမ်းယိုင်သွားတဲ့ အလုပ်သမားသွေးစည်း
ညီညတ်ရေးအဖွဲ့ ရဲ့ အလံတော်ကို တည့်မတ်ဝှေ့ ယမ်းလို့ အာဏာရှင်
အစိုးရကို ခြောက်ချားစေခဲ့ပြန်ပါတယ်။ ဆိုင်းသံဗုံသံ တညံညံနဲ့
ပင်နီတွေဝတ်ပြီး ပြောချင်တာတွေရှောက်ပြောလို့ ရတဲ့
၁၉၈၈နှောင်းပိုင်းကာလမဟုတ်တဲ့ ၁၉၉၃။ ၈ လေးလုံးမှာ သူတို့
တွေပေးဆပ်ခဲ့ပါတယ်။ သာကေတ က စက်ဘီးပြင်သမားလေး
မြင့်စိုးနဲ့ မိသားစု တွေကြုံခဲ့ရတဲ့ အသည်းကွဲဇါတ်လမ်းတွေက ပြန်လည်
ပြောနိုင်စွမ်းမရှိလောက်အောင်ရှည်လျား ခါးသီးလှပါတယ်။ ခုအချိန်ထိ
မြင့်စိုးဟာထောင်ထဲမှာပါ။
ယောက္ခမ ထောင်ထွက်ကြီးနဲ့  ယောက်ဖ ထောင်ကျတို့ ကို ဇီးကွက်ခေါ်
ထွန်းထွန်းနိုင်ကလည်း ကျော်ဖြတ်စံချိန်သစ်တင်ဘို့ ကြိုးစားနေဆဲပါဘဲ။
အပြင်မှာ ၃နှစ်လောက်နေပြီး ရွှေဝါရောင်တော်လှန်ရေးကြီးနဲ့  ဗန်းမော်
အထိပြန်လိုက်သွားခဲ့သူပါ။ ထူးထူးခြားခြား ဦးသိန်းစိန်ရဲ့ တိုရေရှားရေ
မေတ္တာ လေးကို တပြိုင်ထဲ ခံစားခဲ့ ရတာ အာကာဟိန်းနဲ့ ဇီးကွက်ပါဘဲ။
သူတို့ လွတ်လာတာကို စောင့်နေတဲ့ အလားပါဘဲ။သူတို့ အယ်အက်စရဲ့
အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလူသစ်၊ သူတို့ လွတ်လာပြီး
ရက်ပိုင်းအတွင်းမှာဆုံးပါတယ်။ ကိုယ့်ရဲဘော်ရဲ့ ဈာပနကို အားရပါးရ
ကူလိုက်မယ်လို့ စဉ်းစားနေတဲ့ အာကာဟိန်းခမျာ အဲဒီအချိန်မှ ကိုက်ပြီး
ပေါင်ကျိုးရှာတဲ့ အမေအို အတွက်အခက်တွေပွေရပြန်ပါတယ်။
ဘောက်ထော်လို နေရာမျိုးကနေ ဒဂုံမြို့ သစ်ကို ရောက်အောင် နိုင်ငံရေး
နဲ့ မွေးမေကျေးဇူးကို ဆပ်ထားဘူးတဲ့ အာကာဟိန်းတယောက် အဲဒီ
ကာလက ဘယ်လောက် ခံစားရမှာပါလိမ့်ဆိုတဲ့ အဖြေမလိုသောအမေး
တခုကို ကျွန်တော်မကြာခဏ တွေးနေမိပါတယ်။
အဲဒီလိုပါဘဲ ခုအချိန်ထိ အက်တစ်ဗစ်တွေရဲ့ ပွဲတွေမှာတွေ့
နေရတဲ့  လူမမယ် ခလေး၂ယောက် အဖေ။ ကျန်းမာရေး မကောင်း
ရှာတဲ့ ဇနီး အဖေ ယောက်ခမ အထီး ယောက္ခမ အမ စုစုပေါင်း
လေးယောက်ကို အပြိုင်တည်းပိုင်ဆိုင်ထားတဲ့ အသည်းရောဂါသည်
သူငယ်ချင်း ဇီးကွက်ရဲ့ ညိုညစ်ညစ် ဖြစ်စပြုလာထဲ့ မျက်နှာပေါ်က
စူးရှဆဲ မျက်လုံးတွေကို ကြည့်မိတိုင်းမှာ အာဏာရှင်စံနစ်ဆိုးတွေကို
ချုပ်ငြိမ်းအောင် မစွမ်းနိုင်ခဲ့ရင်တောင်မှ အသက်ရှည်ဆေး ကျွေးမိသူ
ဘဝထဲမှာ ငါ မပါစေရ လို့ သံဓိဌာန်ချနိုင်ခဲ့ ပါတယ်။
၅၅၀ နိပါတ် လို ဆိုရင်တော့
ဇါတ်ကိုပေါင်းသော်
ဦးမောင်ကို ကား “ဆရာဦးမောင်ကိုရဲ့ စွန့် လွှတ်မှု ပေးဆပ်မှုတွေကို
ကျမတို့ ထာဝရ ဂုဏ်ပြု အမှတ်ရနေမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင် ရေးသားဂတိပေးထားသူ။
မြင့်စိုးကားပြည်သူအများ။
အာကာဟိန်းကား ဒီမိုကရေစီ လိုလားသည့် တပ်မတော် အရာရှိဟောင်းတစ်ဦး။
ဇီးကွက်ကား အန်ကယ် ဦးဝင်းတင်၏အရင်းနှီးဆုံး နိုင်ငံရေး လုပ်ဘော်
ကိုင်ဘက်များထဲမှတစ်ဦးဖြစ်သော ဦးအောင်မြင့်၏သားမက်။
စာရေးသူ အာဝါဒါး(အလကားကောင်) ကား ငါဘုရား ဖြစ်ပေတကား ပေါ့ဗျာ။
လေး
ကျွန်တော်က နိုင်ငံတခု ထဲကလူသားတွေနဲ့ ပတ်သက်ပြီး ဒီလို မြင်ပါ
တယ်။ နိုင်ငံတခု ရဲ့ တစ်စုံလုံးဟာ ပြည်သူလူထုပါ။ နိုင်ငံေ၇းသမား၊
အတိုက်အခံ၊ အစိုးရ၊ အာဏာရှင်၊ ဒီမိုကရေစီဘက်တော်သား၊
အချောင်သမား၊ လူပျင်း၊ ဒုက္ခိတ၊ အခွင့်အရေးသမား၊ ငတုံး အစရှိသဖြင့်
ပေါ့ဗျာ။ အားလုံးဟာပြည်သူလူထုထဲမှာပါပါတယ်။
အနှီ ထိုထိုသောပုဂ္ဂိုလ်များထဲမှ ကောင်းသောစိတ်နဲ့ ဖြစ်စေ ဆိုးသောစိတ်
နဲ့ ဖြစ်စေ ပြည်သူလူထုကြီးတစ်ရပ်လုံး ကတော့ ငါ မကယ်ရင် ငတ်ရချည်
ရဲ့လို့ တွေးတောစိတ်ပူရာမှတဆင့် ဟိုလို လုပ်ရင် ကောင်းမယ်၊
ဒီလို လုပ်ရင် ကောင်းမယ် ဆိုပြီး ပြည်သူ ကြားအောင်ပြောဆိုမိသူများ
ဟာ နိုင်ငံရေး လှုပ်ရှားသူများ ဖြစ်လာပါတယ်။ အဲဒီထဲကမှအသံပိုကျယ်ပြီး
သူပြောတာတွေကို လူတချို့ သို့ မဟုတ် လူတော်တော်များများက ကြိုက်
လာတဲ့အခါ အဲဒီသူဟာနိုင်ငံရေးသမားစဖြစ်ပါတယ်။(သမား=ဆရာ ကိုး)
နိုင်ငံရေးသမားဖြစ်တာနဲ့ အဲဒီပုဂ္ဂိုလ်ဟာ အလုပ်တွေ စရှုပ်ပါပြီ။
(အရှုပ်တွေစလုပ်ပါပြီလို့ တော့ မမှားလိုက်ပါနဲ့ အယ်ဒီတာကြီးတို့ ရေ။)
ကမ္ဘာကြီးမှာ အတိတ်က ဘာတွေဖြစ်ခဲ့ တယ်၊ ခုဘာတွေဖြစ်နေပြီ၊
နောက်ဆို ဘာတွေဖြစ်လာမှာ။ဟိုနိုင်ငံတွေကတော့ ဘာကြောင့်
ဆင်းရဲတယ်၊ ဒီနိုင်ငံ တွေကတော့ဘာကြောင့်ချမ်းသာတာ။အဲဒီနိုင်ငံ
တွေရဲ့  နိုင်ငံရေး စံနစ်နဲ့ အစိုးရတွေကဘယ်လို။ ထိုထိုသော အကြောင်း
ခြင်းရာများကို ကိုယ်ဖတ်ထား မှတ်ထား၊ဖြတ်သန်းထားသော အတွေ့
အကြုံ ဗဟုသုတများနဲ့ ချဉ်းကပ်ပြိးသကာလ ကျွန်ုပ်တို့ ၏ နိုင်ငံတော်
ကြီးကို ဤမူ ဤစံနစ်များဖြင့် တည်ဆောက်လိုက်ပါက ပြည်သူလူအများ
ကို လောကနိဗ္ဗာန်သို့ပို့ ဆောင်နိုင်မည်မှာ မလွဲတည်း လို့ အဖြေတခု
ထုတ်ပြီးလှုပ်ရှားရပါတယ်။ အသေးဆုံးက စပြီးအကြီးဆုံး အထိကို
မြင်နိုင်ဘို့ နိုင်ငံရေးသမားတယောက်ဟာ အမြဲတမ်း စပ်စုလို စိတ်နဲ့
သင်ကြားလိုစိတ်ကို မွေးထားရပါတယ်။ နိုင်ငံရေးသမားဟာ ပြည်သူ
တွေ အဆင်ပြေချောမွေ့ စွာ အီအီးပါနိုင်ရေးအထိကိုစဉ်းစားရပါတယ်။
( ဥပမာ-ယင်လုံအိမ်သာတည်ဆောက်ရေး)။
အဲဒီကစပြီး အေးကွာ ငါလည်းမင်းလိုဘဲ ယူဆတယ်၊ယုံကြည်တယ်၊
ခံယူတယ် ဆိုတဲ ပုဂ္ဂိုလ်များ စုပေါင်းမိတဲ့အခါမှာ နိုင်ငံရေးအခြေခံ
တူညီတဲ့အစု အဖွဲ့ ဖြစ်လာပါတယ်။အဲဒီလို တခါမှမတွေးဘဲပေါင်းလုပ်ကြ
လို့ ရှိရင်တော့ စလယ်ဝင် ဖင်မမဲ ခင်က ကွဲနေကြအုံးမှာပါဘဲ။ အဲဒီလို
သန္ဓေတည်မိတဲ့ အစုအဖွဲ့ က ဒါဆို တိုင်းပြည်ကို ငါတို့ အုပ်ချုပ်ခွင့်ရအောင်
လုပ်ကြမယ်ကွာ ဆိုတဲ့အဆင့်အထိ သဘောတူမိပြီဆိုရင်တော့ သူတို့
သွားမယ့်မူဝါဒ၊လမ်းစဉ်၊စံနစ် (ဒီနေရာမှာတခုအံ့သြစရာကောင်းတာက
မြန်မာနိုင်ငံမှာ ၁၉၈၈ နောက်ပိုင်းပေါ်ထွန်းခဲ့တဲ့ ဘယ်နိုင်ငံရေးပါတီ၊
ပြည်ပရောက်အတိုက်အခံအဖွဲ့ အစည်းကအစ ဘယ်သူကမှ သူတို့
စွဲကိုင်တဲ့ ဝါဒကို မကြေငြာခဲ့တာပါဘဲ။) စသည်တို့ကို ကြေငြာ၊
ဖွဲ့ စည်းပုံ စည်းမျဉ်းစည်းကမ်းများနဲ့  အနားသတ်ပြီးသကာလ၊ ရာထူး၊
တာဝန်အသီးသီးခွဲဝေလို့  လက်ရှိတရားဝင်အစိုးရဆီမှာ ငါတို့လည်း
အစိုးရလုပ်တော့မည်ဖြစ်ကြောင်း မှတ်ပုံတင်၇ပါတယ်။အဲဒီကစလို့ ခုနက
အစုအစည်းဟာ နိုင်ငံရေးပါတီတစ်ရပ်ဖြစ်ပါပြီ။
(တော်လှန်ရေးပါတီများကို မဆိုလိုပါ၊ မြေပေါ်နိုင်ငံရေးပါတီဆိုသည်များ
ကိုသာရည်ညွှန်းပါတယ်။)
အဲဒီပါတီများထဲက လူထုက ဒီပါတီ ကတော့ငါတို့ ကို သူဌေးဖြစ်အောင်၊
လွတ်လွတ်လပ်လပ်၊ပျော်ပျော်ပါးပါး၊လုံလုံခြုံခြုံ နေခွင့်ရအောင် လုပ်အပေး
နိုင်ဆုံးဘဲဟေ့ လို့ ထောက်ခံမှု အများဆုံးရတဲ့ပါတီဟာ နိုင်ငံတော်အာဏာ
ကို ရယူမယ့်ပါတီဖြစ်လာပါတယ်။(သေနတ်မပါကြေးဆိုရင်ပေါ့ဗျာ။)
နောက်တခုကြားဖြတ်ပြိးကျွန်တာ့်အမြင်လေးကို ပြောရရင် အဖွဲ့အစည်း၊
အသင်းအပင်း သို့ မဟုတ် ပါတီတစ်ရပ် အတွက်ဖွဲ့ စည်းပုံ ရေးဆွဲတဲ့
အခါမှာ ပြစ်ချက်နှင့်ပြစ်ဒဏ်များဆိုတဲ့ အခန်းတခုကို အလေးအနက်
ထားပြီးရေးဆွဲ ရပါမယ်။ဒါမှမဟုတ်ရင်တော့ ပါတီအတွင်း အကွဲအပြဲဖြစ်တဲ့
အခါ ဘယ်သူမှန်ပြီး ဘယ်သူမှားတယ်ဆိုတာရှင်းလို့ မရအောင် ဖြစ်တတ်
ပါတယ်၊ နောက်တခု အင်အားကြီးပါတီများအနေ နဲ့ သတိထားသင့်တာက
နက်ဖြန်တိုင်း ဟာ ရက်ရာဇာ မဟုတ်ဘူးဆိုတာပါဘဲ။အချိန်ကာလကြောင့်
ဖြစ်စေ (ဘယ်လောက်ကောင်းကောင်း တစ်မျိုးထဲကို အကြာကြီးစားရ
တဲ့အခါ အီ တတ်တယ်။)၊လုပ်နည်းကိုင်နည်းအမှားကြောင့်ဖြစ်စေ၊လူထု
က ပိုမိုယုံကြည် လာတဲ့အခြားပါတီတစ်ရပ် ထပ်မံပေါ်ထွန်းလာလို့ ဖြစ်စေ လူထုထောက်ခံမှုကျဆင်းလာတတ်ပါတယ်။ပါတီဆိုတာလူသားတွေနဲ့ 
ဖွဲ့ စည်းထားတာဆိုတော့လည်း ပါတီကို ဦးဆောင်သူများဟာ လောကဓံ
တရား ရှစ်ပါးကို ခံနိုင်ရည်နဲပါးပြီးတစုံတခုသော နိုင်ငံေ၇းကိစ္စတရပ်ကို
အဂတိတရားလေးပါး နဲ့  တုံ့ ပြန်လိုက်မိတဲ့အချိန်ဟာ အဲဒီပါတီရဲ့
ပထမဆုံးသော ပြဿဒါး ရက်ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့်
ကျွန်တော်တို့ အမိမြန်မာနိုင်ငံကြီးမှာ ပေါ်ထွန်းလာခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ
စံနစ်ကြီး ဟာ သွေးညှီတွေအထပ်ထပ်၊ ဘဝတွေ မြောက်များစွာ ပေးဆပ်
ပြီး ရလာခဲ့တာပါ။ ခုချိန်ထိလည်း ပါတီစုံ ဒီမိုကရေစီစံနစ် တည်တံ့ခိုင်မြဲ
နိုင်ဘို့ တနည်းအားဖြင့် အာဏာရှင်စံနစ်ဆိုး ကို အမြစ်ချိုးနိုင်ဘို့  အထက်
မှာ ဥပမာပြခဲ့သူများလိုဘဲ အသက်တွေဘဝတွေကို ပေးဆပ်နေကြသူတွေ
ပိုလို့ တောင်များလာကြပါသေးတယ်။
ပါတီတစ်ရပ်ဟာ ကိုယ်အခြေခံခဲ့တဲ့ ယုံကြည်မှု ၊ကိုယ်မျှော်မှန်းခဲ့တဲ့
အနာဂတ်၊ ကိုယ်ချမှတ်ခဲ့တဲ့သဘောထား၊ ကိုယ့်အတွက်ပေးဆပ်ခဲ့တဲ့
ရဲဘော်ရဲဘက်များရဲ့ လိုလားချက်များနဲ့ ပြောင်းပြန်ဆန့်ကျင် ဖြစ်
လောက်တဲ့အထိ သွေဖည်ခွင့်မရှိပါဘူး။ သွေဖည်ရေးသမား
(သို့ မဟုတ်) သွေဖည်ရေးဝါဒီ ( deviant )or (deviationist)
တစ်ယောက်ဟာမွန်းကျပ်မှုတွေပေါင်းစုံမိတဲ့အခါ ဘီထရေးယား
(မြန်မာလို မပြန်ရက်လို့ ပါ။) ဖြစ်သွားတတ်ပါတယ်။
ကျွန်တော့သူငယ်ချင်းဖဲသမား လို လူဆိုးတစ်ယောက်တောင်မှ သွေး
ဆူပြီး မွှန်နေတဲ့အခါမှာ သူချလိုက်တဲ့ဆုံးဖြတ်ချက်က သူ့ မိသားစုကို
ဘဝ ပျက်စေနိုင်ပါသေးတယ်။ နိုင်ငံရေးကစားတာဟာ ဖဲ ကစားတာ
မဟုတ်တဲ့ အပြင် ကိုယ့်မိသားစုနဲ့ ကိုယ့်ဘဝ တခုထဲ ကိုဘဲ ရင်းပြီး
ပြီးသွားတာမဟုတ် ပါဘူး။ စစ်တပ်တောင်မှတိုက်ပွဲမှာ ကျည်ဆံထိသွား
တဲ့ ရဲဘော်ကို သေသေ မသေသေ တက်ဆွဲ ပါသေးတယ်။ ဂတိတွေ
အများကြီးနဲ့ ဘဝတွေအများကြီး ကို တာဝန်ယူထားရတဲ့ နိုင်ငံရေး
သမားတယောက် အနေနဲ့ အားလုံးကောင်းဘို့  ငါကြိုက်သလို
ငါလုပ်မယ်စောင့်သာကြည့်နေ၊ (ဟစ်စထရီဝယ် ဆို့ လမီ) ဆိုရင်တော့
ကျဆုံးခဲ့ရသော ဝိဥာဏ်အပေါင်းနဲ့ ပေးဆပ်နေရသော ဘဝအပေါင်း
တို့ ရဲ့ ကျိန်စာသင့်တတ်ပါကြောင်း ( brinkmanship)ကို ကျင့်သုံးမိ၊
ကျင့်သုံးဆဲ၊ကျင့်သုံးလတ္တံ့သော နိုင်ငံေ၇းသမားအပေါင်းကို ဒီစာစု
လေးနဲ့  သတိပေးလိုက်ပါတယ်။
နိုင်ငံရေးဆိုတာ ပုဂ္ဂလဓိဌာန်ကျတဲ့ ကိစ္စ မဟုတ်တဲ့ အတွက်
မိုးသောက်မနက် အာရုဏ်တက်တွေမှာ တို့ ချစ်တဲ့သူတွေဘက်က
တဝိုင်းလုံး သိမ်းလာခဲ့ပြီလို့ တခါမှ အိပ်မက် မ မက်နိုင်ခဲ့ပါဘူး။
တော်လှန်ရေးသစ္စာဖြင့်
ကိုမိုးကြီး
၂၀၂၃ ရခွေားမွခွေား ခရီးသှား - ၎
14 minutes ago
3 comments:
ဆောင်းပါးရှင်ခင်ဗျာ..ဖတ်လို့တော့ကောင်းပါရဲ့ခက်တာက ဘိုလိုပြောချင်ရင်လဲ ဘိုစာလုံးကိုအလုံးလိုက်မူရင်းအတိုင်းထည့်စေချင်တယ်.ဒါမှမဟုတ်ဘာသာပြန်ပြီးထည့်သင့်တယ်.အခုကဗမာအသံထွက်ကြီးနဲ့ဆိုတော့ အဲဒါကြိးက ဘိုစာဖတ်ရတာထက်ပိုခက်တယ်..ပြန်ပြန်ဖတ်နေရပြီး.ဘာပြောချင်လဲပြန်ပြန်စဉ်းစားနေရတယ်.မနိပ်ဘူးဗျ..စာဖတ်သူကိုဒုက္ခပေးရာရောက်နေတယ်.
နိုင်ငံရေးကို အရမ်းနားမလည်ပေမယ့်
အတော့်ကိုဖတ်ကောင်းပါတယ်...
၈၈ မှာတော်တော်ငယ်ပေမယ့် နောက်တော့
ဦးလေးတွေအကိုတွေပြန်ပြောလို့
မျက်စိထဲမြင်လို့ရခဲ့ပါတယ်....
ခေါင်းစဉ်နဲ့ ရေးထားတဲ့စာနဲ့လုံးဝကွက်တိပါပဲ
ခင်မင်တဲ့ jasmine
သမိုင်းတွေကို မျက်စိထဲပြန်မြင်လာအောင် ရေးနိုင်တဲ့စာရေးသူကို ချီးကျူးပါတယ်ဗျာ...
Post a Comment