Sunday, 28 August 2011

ခေတ်တစ်ခေတ်၏ မြစ်

ကျွန်ုပ် လန့်နိုးသွားရခြင်းမှာ စီးနင်းလိုက်ပါ လာသော
ဘတ်စ်ကား ရုတ်တရက် ဘရိတ် အုပ်ချလိုက်သည်ဟု ကိုယ့်
ဘာသာ အိပ်ချင်မူးတူး ထင်မြင်နေ၏၊ အိပ်ပျော်ရာမှ နိုးထလာ
သော ကျွန်ုပ်၏ နံဘေးတွင် မည်သူမျှ မရှိ၊ ဘယ်အချိန်က အိပ်
ပျော်သွားပြီး ယခု ဘယ်အချိန် ရောက်နေမှန်းလဲ မသိ၊ ဘယ်
နေရာသို့ ရောက်ရှိနေမှန်းလည်း မသိပေ၊ သို့သော် ရုတ်တရက်
ကျွန်ုပ့်နားထဲတွင် ငိုသံလိုလို အသံတချို့ကို ကြားနေရ၏ ….

“ဧရာဝတီရေ …. ဧရာဝတီ …. ဧရာဝတီ … ဧရာဝတီရေ …”
“ဧရာဝတီ” ဟူသော အမည်နာမကို ဆက်တိုက် အော်ခေါ်
နေသူ အပေါင်းတို့သည် ရှည်လျားသော ချိုင့်ဝှမ်းတစ်ခု၏ ထိပ်တွင်
ရှိသော ချောက်ကမ်းပါးကြီးတစ်ခု၏ နံဘေးတွင် အကြီးအကျယ်
ငိုကြွေး နေကြသည်။ ငိုနေသူများ တစ်ဦး မဟုတ်၊ တစ်စု မက၊
တော်တော်ကိုး များပြားလှ၏။
ရာပေါင်းများစွာသော ….
ထောင်ပေါင်းများစွာသော ….
သောင်းပေါင်းများစွာသော ….
သိန်းပေါင်းများစွာသော ….
သန်းပေါင်းများစွာသော ….
ငိုကြွေးနေသူများ၏ “များစွာသော” မျက်ရည်များက မျက်ဝန်းအိမ်မှ
တဆင့် တဖြေးဖြေးချင်း ချိုင့်ဝှမ်းအတွင်းသို့ စီးဝင်နေကြ၏။ သိပ်
မကြာသော အချိန်များအတွင်း ထို ရှည်လျားသော ချိုင့်ဝှမ်းကြီး
အတွင်း၌ မျက်ရည်များ စုပေါင်းပြီး ကြီးမား ကျယ်ပြန့်သော “မြစ်”
ကြီး တစ်ခု ဖြစ်ပေါ်လာတော့မည်၊ ထို “မြစ်” ၏ အမည်နာမကို ဘယ်လို
ပေးရ ပါမည်နည်း၊ ကျွန်ုပ် ငယ်စဉ်က ကျွန်ုပ်တို့မျိုးဆက်များ အပေါ်
သြဇာကြီးမားလှသည့် စာရေးဆရာကြီး “ဆရာမြသန်းတင့်” ပြောပြ
ခဲ့ဖူးသော “မျက်ရည်မြစ်” ဆိုသည့် “မြစ်” သည် ယခုလက်ရှိ
ကျွန်ုပ့်ရှေ့မှောက်တွင် တွေ့မြင်နေရသော “မြစ်” လား …




ဒါဆိုရင် ယခု ကြားနေရသော “ဧရာဝတီ” ဆိုသည့် အမည်နာမက
ဘယ်သူလဲ၊ ဘယ်ကလဲ ….
သူက သေသွားလို့လား၊ သူ မရှိတော့ဘူးလား …
“လဲ”နှင့် “လား” ပေါင်းများစွာသော မေးခွန်းများက ကျွန်ုပ် ဦးနှောဏ်
ထဲတွင် ဆက်တိုက် ထွက်ပေါ်နေ၏။ လူတိုင်းနီးပါး ငိုကြွေးနေသော
ကြောင့် “ဧရာဝတီ” ဆိုသည့် အမည်နာမက ဘယ်အရာ၊ ဘယ်အချင်း
ကို ကိုယ်စားပြုသလဲ၊ ငိုကြွေးနေသူများ၏ နောက်တွင် မတ်တပ်ရပ်ရင်း
ကျွန်ုပ် စဉ်းစားနေ၏ ….

ဒါ …လူ အမည်လား … ဒါဆို အဲဒီလူ သေသွားလို့လား ….
ဒါ … စက်ရုံတစ်ရုံရဲ့ အမည်လား … ဒီစက်ရုံ ဒေ၀ါလီ ခံလိုက်ရပြီလား …
ဒါ … ဆင်းရဲသား ရပ်ကွက်လေး တစ်ခုရဲ့ အမည်လား၊ ဒီ ရပ်ကွက်
လေးကို ဖျက်ပြီး လူချမ်းသာတွေသာ ၀ယ်ယူနိုင်မည့် အဆင့်မြင့်
အိမ်ယာတွေ ဆောက်ကြမလို့လား ….

ကျွန်ုပ်၏ မေးခွန်းများအတွက် အဖြေပေးမည့်သူက မရှိ၊ လူတွေ
အားလုံး ချောက်ကမ်းပါးကြီး ထိပ်မှ အောက်သို့ စိုက်ကြည့်ရင်း
အားစိုက် ငိုကြွေးလျက် သူတို့၏ မျက်ရည်များက ချိုင့်ဝှမ်း အရှည်ကြီး
အတွင်း တသွင်သွင် စီးဆင်းနေ၏ … ။

တခါက … လွန်ခဲ့သော ဝေးခဲ့ပြီဖြစ်သော တခါက၊ အလှူတစ်ခုသို့
ကျွန်ုပ် ရောက်ရှိခဲ့သည်၊ ထိုအလှူတွင် ကျွန်ုပ်၏ မိတ်ဆွေ သို့မဟုတ်
ကျွန်ုပ်၏ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသူက ကျွန်ုပ်ကို လူတစ်ဦးနဲ့ မိတ်ဆက်
ပေးခဲ့ဖူးသည်၊ ထိုသူသည် ကျွန်ုပ့် ကျောပေးထားသော အနောက်
ဖက်ရှိ စားပွဲတစ်ဝိုင်းမှ ထိုင်လျက်ရှိ၏၊ ထိုသူ၏ စကားသံကို သူ့စားပွဲဝိုင်း
တွင် အတူရှိနေသူများနှင့်တကွ အခြား စားပွဲဝိုင်းမှ အခြားသူများပါ
နားထောင်နေရ၏၊ ထိုသူ သို့မဟုတ် ထိုနေ့တွင် တိုက်တိုက်ဆိုင်ဆိုင်
ကျွန်ုပ်ကိုယ်တိုင် သိကျွမ်းခွင့် ရခဲ့သော ထိုသူက …
“ခေတ်တိုင်းမှာ “ခိုး”စီးသူတွေနဲ့ “ခို” စီးတတ်တဲ့ သူတွေကို တွေ့ရ
လေ့ရှိတယ်၊ အနည်းနဲ့ အများတော့ ကွာတာပေါ့၊ အလှမ်းဝေးတဲ့
ခရီးတစ်ခုမှာ ရထားတို့ ကားတို့ကို စီးခ မပေးပဲ “ခိုး” စီးနိုင်တာကို
ဂုဏ်ယူဝင့်ကြွားပြီး ပြောတဲ့သူတွေ မကြာခဏ ခင်ဗျားတို့ တွေ့ဖူး
မှာပါ၊ တချို့ကြတော့လည်း နေရာရဖို့ အစားချောင်ဖို့ ရန်မများဖို့
အလိုက်သင့် အလျားသင့် စကားလေးတွေ ဆိုပြီး ကျရာတာဝန်ကို
“ခိုကပ်”ဖို့ ကြိုးစားသူတွေလည်း ရှိတယ်၊ အဲလို “ခိုး”စီးသူတွေနဲ့
“ခို”စီးသူတွေ များလာရင် နောက် နှစ် နှစ်ဆယ် … နှစ် သုံးဆယ်အတွင်း
အဲဒီခေတ်မှာ “မြစ်”တစ်စင်း ထင်ထင်ရှားရှား ပေါ်လာလေ့ ရှိတယ်၊
အဲဒီမြစ်ကို “မျက်ရည်မြစ်”လို့ ခေါ်ရမှာပေါ့ …”

ကျွန်ုပ်သည် ယခုအခါ ရေလုံးဝ မရှိတော့သည့် ….
မျက်ရည်များဖြင့် ဖြည့်ဆည်းရန် ကြိုးစားနေသည့် မြစ် သို့မဟုတ်
ချိုင့်ဝှမ်းကြီးအား စိုက်ကြည့်ရင်း တခါက ဆရာမြသန်းတင့် ပြောခဲ့ဖူး
သော ခေတ်တစ်ခေတ်၏ မြစ်တစ်စင်း အကြောင်း ပြန်လည်
ကြားယောင် နေမိသည် …. ။

-စစ်ငြိမ်းဒီရေ



16 comments:

khin oo may said...

ဘာစာမှ မတွေ့ရဘူး ဟိုင်းလိုက် high light လုပ်ပြီးဖတ်.ရတယ်။ ဒါတ်ပုံတစ်ပုံဘဲတွေ့ရတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

အမ တကယ်ပြောနေတာလား၊ ကျနော့်ဘလော့မှာ ဘာစာမှာ မပေါ်ဘူးလား၊ ဖတ်လို့ မရတော့ဘူးလား ...

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်အကို ညီမလေး လာလည်တာ(၃)ခေါက်ရှိပြီ ဘာမှမမြင်ရဘူး..:(
စာဖတ်လို့မရပါ ....

khin oo may said...

အခုဖတ်လို့ ရသွားပီ. တရဲခြောက်တာဖြစ်မယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်လို့ရနေပြီ။
ကိုအောင်လိုပါဘဲ ဧရာဝတီမြစ်ကြီး ခြောက်ခမ်းသွားမှာ တကယ်ကို စိုးရိမ်မိပါတယ်
နောင်တရတဲ့ အချိန်ဟာ နောက်ကျနေတဲ့အချိန် မဖြစ်စေချင်ပါဘူး

နှင်းနဲ့မာယာ said...

ကိုအောင်ရေ

စာတွေ ဖတ်လို့ရပါတယ်။။။

ကိုအောင့်ရဲ့ တက်ဂ်ပို့စ်လေးလဲ
ရေးပြီးပါကြောင်းးး

နှင်းနဲ့မာယာ

လင်းခေတ်ဒီနို said...

ဖတ်လို့ရပါတယ် ကိုအောင် . . လဲ နှင့် လားပေါင်းများစွာ . . . ဒီအသံတွေ ဆူညံလို့ နေဆဲ ဧရာဝတီ . . . ငါတို့မှာ မင်းကို ကယ်တင်နိုင်ဖို့ အင်အားရှိပ့ါမလား ဧရာဝတီ . . .

မိုးငွေ့...... said...

ခု သရဲမခြောက်တော့ပါဘူး ဖတ်လို့ရပြီ...။ မြစ်ငိုသံကိုတောင်ကြားနေရတယ်..။

ခင်တဲ့
မိုးငွေ့

ကောင်းမွန်ဝင်း said...

တော်သေးတယ် သရဲခြောက်ပြီးမှရောက်လို့။

ပို့စ်ကလည်း ထမင်းလုံးတစ္ဆေအိပ်မက်လိုဆိုတော့
သည်းထိတ်ရင်ဖို/မ ဖြစ်ရပါဘိ။

စော(အဝါရောင်မြေ) said...

စာမျက်နှာ အမဲပေါ် စာလုံး အမဲတင်ထားတာမို့  အဲလို ဖြစ်တာပါ။ ည ဘက် ဝင်ဖတ်တုံးက တွေ့ လိုက်တယ်။ ညဘက်ဆိုတော့ . . . အင်း တကယ်ပဲ တရဲခြောက်တာလားဟင်။
:P အဲဒီနေ့ လည်း နီးဘီလေ။ ဒီမှာတော့ 7month prayer မနေ့ က ပြီးသွားတယ်။

Angelhlaing(May everybody be happy and healthy! said...

ဖတ်လို့ ရပြီဆိုတော့ လာဖတ်ပြီအကိုရေ :) သရဲကြောက်လို့ ပုန်းနေတာ :P
ဘာပြောရမလဲ မသိတော့ပါ ဧရာဝတီရယ် :(
ခံစားအားပေးလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

sosegado said...

သေချာတာကတော့ ဧရာဝတီဟာ မျက်ရည်မြစ် မဟုတ်ဘူး။
သွေးတွေချွေးတွေတံထွေးတွေရဲ့ မြစ်လည်း မဟုတ်ဘူး။
ဧရာဝတီဟာ မြစ်ပီသတဲ့ မြစ်တစ်စင်း
ရေစီးဆင်းမဲ့မြစ်ပါပဲ မိုးတွေရွာနေသရွေ့ပေါ့။

ဟန်ကြည် said...

ညက်ညောလိုက်တဲ့ အရေးအသားဗျာ...ရင်ထဲကို နင့်ခနဲ စူးခနဲဖြစ်အောင် ရေးထားနိုင်တာ သဘောမကျဘဲကို မနေနိုင်ဘူး...ဒါမှ ဓားသွားထက် ပိုအင်အားကြီးတဲ့ ကလောင်သွားပေါ့...

ညိမ်းနိုင် said...

အင်း...မျက်ရည်မြစ်တစ်စင်းကိုမြင်ရဖို့ သိပ်မဝေးတော့
ဘူးထင်ပါရဲ့ အကိုရာ...:(
စကားမစပ် တဂ်ပို့ရေးပြီးသွားကြောင်းပါအကို....။

san htun said...

ူLong live Ayarwaddy !

မယ်ကိုး said...

ဟုတ်ပါတယ်။ သံဝေဂရစရာ အရမ်းကောင်းတဲ့ စာစုပါ။ သက်ပြင်းချရုံအပြင် တစ်ခုခုလုပ်ပေးနိုင်သူ ဖြစ်ချင်ပါတယ်။