Monday 15 August 2011

ဘလော့ဒေးအတွက် အမှတ်တရများ (အပိုင်း-၁)

ဘလော့တွေပေါ်မှာ ဖတ်ရှုအားပေးသူများ၊ ဘလော့ဂါများအားလုံး
အမြဲတမ်း ပျော်ရွှင်ကြပါစေ ….

လာမယ့် သြဂုတ်လ (၃၁) ရက်နေ့ဟာ ဘလော့ဂါဒေး(blog day) ဖြစ်လို့
ဘလော့ပေါ်မှာ တွေ့ကြုံရသမျှ၊ အမှတ်တရ ရှိသမျှတွေကို
တင်ပြလိုက်ပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်
ခဲ့တဲ့ “ရွှေဝါရောင် တော်လှန်ရေး” နှင့် “နာဂစ်-မုန်တိုင်း” လွန်
အချိန်ကာလတွေမှာ အင်တာနက် ရေစီးကြောင်းပေါ်က “မြန်မာ
ဘလော့ဂါ”တွေရဲ့ အခန်းကဏ္ဍဟာ ထင်ရှားခဲ့ပါတယ်။ ပြည်တွင်းက
ဘလော့ဂါ တစ်ဦးဖြစ်သော ကိုနေဘုန်းလတ်ဟာ နှစ်ရှည် နိုင်ငံရေး
အကျဉ်းသားအဖြစ် မတရား အကျဉ်းကျ ခံနေရဆဲ ဖြစ်ပါတယ်။





အင်တာနက် အသုံးပြုတဲ့ ပြည်တွင်း ပြည်ပရောက် မြန်မာနိုင်ငံသား
တွေအကြား ဘလော့စပေါ့ (blogspot) ပေါ်မှာ မြန်မာစာပေဖြင့် ရေးသား
သော မြန်မာဘလော့ဂါများဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်လောက်
အထိ ထင်ရှားတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရပ်တည်ခဲ့ပါတယ်။ ယနေ့
အင်တာနက် ရေစီးကြောင်းပေါ်မှာ facebook ကို ပိုမို သုံးစွဲလာမှု၊
မြန်မာပြည်တွင်းကနေ ဘလော့စပေါ့ (blogspot.com) တွေဆီ
တားဆီး ကန့်သတ်မှုတွေ ပြုလုပ်ထားတာကြောင့် မြန်မာဘလော့
တွေရဲ့ စီးဆင်းမှုဟာ တဖြေးဖြေး အေးစက်စ ပြုလာပါပြီ။

ယနေ့ ပြည်တွင်း စာပေလောကရဲ့ စာရေးဆရာမ တစ်ဦးဖြစ်တဲ့
မနိုင်းနိုင်းစနေ၊ ထိုင်းနိုင်ငံ အခြေစိုက် ဘလော့ဂါ ကိုမင်းဒင် တို့ဟာ
ပုံနှိပ်စာပေ ထုတ်ဝေတဲ့အဆင့်ကို ရောက်ရှိနေကြတဲ့ ဘလော့ဂါတွေ
ပဲ ဖြစ်ပါတယ်။ စာဖတ်သူတွေ စိတ်ဝင်တစား ဖတ်ရှုရတဲ့ မြန်မာပြည်
တွင်းက ထင်ရှားတဲ့ ဘလော့ဂါတွေ ဖြစ်သော ညီလင်းဆက်ဖိုးသူတော်
နှင့် ပင့်ဂိုးလ်တို့ရဲ့ ပို့စ်အသစ်တင်မှုကို သူတို့ရဲ့စာမျက်နှာတွေပေါ်မှာ
သိပ်မတွေ့ရတော့ပါ။



မြန်မာဘလော့ဂါတွေအကြား သတင်းနည်းပညာ အုပ်စုနဲ့ ကိုယ်ပိုင်
ခံစားချက် အယူအဆကို တင်ပြတဲ့ အုပ်စုဆိုပြီး အုပ်စု(၂) အဖြစ် မီဒီယာ
တွေက သတ်မှတ် ခွဲခြားထားပါတယ်။ ကျနော့်ရဲ့ “ပျူနိုင်ငံ”ဘလော့ဟာ
၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အင်တာနက်ပေါ်မှာ အကြောင်းအရာ
တစ်ခုတည်းကို အစဉ်တစိုက် ရေးသားဖော်ပြတဲ့ လုလုရဲ့ “မေတ္တာရပ်ဝန်း
မီးဖိုဆောင်”၊ အိန္ဒိယနိုင်ငံ အခြေစိုက် ဒေါက်တာတင့်ဆွေရဲ့ ဘလော့
(ယမုန်နာ ဆေးခန်း)တို့ဟာ အင်တာနက်အသုံးပြုတဲ့ မြန်မာနိုင်ငံသား
တွေအကြား လူသိများပါတယ်။

ကိုယ်ပိုင်ခံစားချက် အယူအဆကို ဓါတ်ပုံ၊ ဗွီဒီယိုဖိုင်၊ ကဗျာ၊ စာပေ ပုံစံ
မျိုးစုံနဲ့ ဖော်ပြကြတဲ့ မြန်မာဘလော့ဂါ အများစုကြား ဘလော့ရေးသူတွေ
အချင်းချင်း ညီညွတ်ရေးနဲ့ ချစ်ချစ်ခင်ခင်ဖြစ်ဖို့ ကြိုးစား ဆောင်ရွက်ခဲ့သူ
(၃)ဦး ရှိပါတယ်။ သူတို့ကတော့ ….
(၁)ဘလော့ဂါ (ကို) အောင်သာငယ်
(၂) မောင်မျိုး
(၃) ကွယ်လွန်သူ ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း)

ဘာကြောင့် သူတို့(၃)ဦးကို ဘလော့ဂါတွေအကြား ညီညွတ်ရေးအတွက်
ကြိုးစား ဆောင်ရွက်ခဲ့သူတွေအဖြစ် ကျနော် ပြောနိုင်ပါသလဲ …???။

ကျနော်တို့ မြန်မာဘလော့ဂါ လောကမှာ ယခင်ကရော ယခုပါ ဖြစ်ပွား
နေဆဲ မြန်မာ့ရိုးရာ ရောဂါတစ်မျိုး ရှိပါတယ်၊ အဲဒါက … စာကောင်းပေကောင်း၊
အကြောင်းအရာ မှန်မှန်ကန်ကန်ကို တင်ပြနိုင်ရေးထက် လူသိ များရေး၊
ပေါ်ပြူလာဖြစ်ရေးပါ၊ အင်တာနက်ပေါ်မှာ ဘလော့တစ်ခု သို့မဟုတ် စာမျက်နှာ
တစ်ခု ပြုလုပ်ပြီးတာနဲ့ အဲဒီ စာမျက်နှာ ပိုင်ရှင်ဟာ သူ့ဘလော့ဆီ အလည်လာ
ဖို့ စာဖတ်သူကို ဖိတ်ကြားရပါတယ်၊ ဒါဟာ သဘာဝကျတဲ့ ကိစ္စတစ်ခုပါ၊
ဘလော့ဂါအသစ်ဟာ ပို့စ်အသစ် တင်ပြီးတာနဲ့ ဘလော့လောကမှာ
တွေ့သမျှ ဘလော့တွေရဲ့ စီဘောက်စ်(C-box)၊ ကော်မန့်တွေမှာ သူ့
ဘလော့ဆီ လာရောက် ဖတ်ရှုအားပေးဖို့ ဖိတ်ကြားရပါတယ်။ ကျနော်လည်း
ဘလော့ လုပ်ကာစက အဲဒီလိုပဲ လိုက် ဖိတ်ရပါတယ်။ ကျနော် ကြော်ငြာဝင်
သောင်းကျန်းခဲ့တဲ့ ဘလော့တွေကတော့ (ကို)အောင်သာငယ်၊ (ကို)လူသစ်
(မ)ကေတို့ရဲ့ C-box တွေပါ။ ဒီလိုနဲ့ပဲ ကျနော့်ဘလော့မှာ စာဖတ်သူ အနည်း
ငယ် ရရှိလာပါတယ်၊ စာလာဖတ်တဲ့သူက ကျနော့်လို ဘလော့ဂါ ပေါက်စ
လား၊ ၀ါရင့်တွေလား၊ ဘလော့ဂါ မဟုတ်တဲ့ စာဖတ်သူလားတော့ မသိပါဘူး၊
ကျနော့်လို ဘလော့ဂါပေါက်စ ဖြစ်ဖို့ များပါတယ် …. :P

ဒီလိုနဲ့ ပရိတ်သတ် ရလာတာကြောင့် အိမ်အလည်(ဘလော့အလည်) သိပ်
မထွက်တော့ပါ၊ အဲဒီအချိန်မှာ ကျနော်တို့ဆီ ဘယ်သူတွေ ရောက်လာ
သလဲ ဆိုတော့ ဘလော့ဂါအသစ်တွေ ရောက်လာပါတယ်။ မသစ် တသစ်
ဖြစ်နေတဲ့ ကျနော်လည်း သူတို့ကို ကြိုဆိုခဲ့ပါတယ်၊ လင့်ခ်တွေလည်း
ချိတ်ဆွဲခဲ့ပါတယ်။ အများစုက အေးအေးဆေးဆေးပါ၊ တချို့က နည်းနည်း
တော့ ရှော့ရှိလာပါတယ်၊ လင့်ခ်ချိတ်ထားတဲ့ ဘလော့တစ်ခုက ကဗျာ
တစ်ပုဒ်ရေးတာ တွေ့လို့ သွားဖတ်မိပါတယ်၊ ကဗျာအမည်က “လှိုင်း”၊
သူ့ဘလော့ထဲ ၀င်ဖတ်ကြည့်တော့ ….
လှိုင်း
…...........
…............
…................
အဲလို ဘာမှ မရေးပဲနဲ့ ခေါင်းစဉ်အောက်မှာ အစက်(....)လေးတွေပဲ
ချထားပါတယ်၊ ကျနော်လည်း လိုက်လို့ မမီတော့ပါ …. :P ။ နောက်
ဘလော့တစ်ခုကြတော့ လူသတ်မှုတစ်ခုရဲ့ ဓါတ်ပုံတွေ တင်ပါတယ်။
သူ့ဘလော့ကို သွားကြည့်တော့ မျက်လုံးပြူးသွားပါတယ်၊ ကျနော်နဲ့
ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးကလည်း ပြောပြပါတယ်၊ ကျနော့်ဘလော့ကနေ
အဲဒီ လူသတ်မှု ဓါတ်ပုံတွေ တင်ခဲ့တဲ့ ဘလော့ကို ကြည့်ပြီး သူလည်း
တော်တော် လန့်သွားတယ်လို့ သိရပါတယ်။ တင်ထားတဲ့ ဓါတ်ပုံတွေ
က အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် သတ်ပြီး တစချင်းစီ ခုတ်ထစ်
ထားတာကို ရေခဲသေတ္တာထဲ ထိုးကြိတ် သိမ်းဆည်းထားတာပါ၊ အဲဒါကို
ရဲက ရေခဲသေတ္တာဖွင့်ပြီး ဓါတ်ပုံရိုက်ကူးထားတဲ့ မှတ်တမ်းပါ၊ အဲဒီ
မှတ်တမ်းကို ဘလော့ဂါက သူ့ဘလော့မှာ တင်ခဲ့ပါတယ်။ စာဖတ်သူတွေ
ထမင်းစားရင်း ဘလော့ဖတ်ဖို့ မလွယ်တဲ့ ကိစ္စပါ၊ ကျနော်ကိုယ်တိုင်လည်း
တခါက “ခွေး” ခန္ဓာကိုယ်နဲ့ “လူ” ခြေလက်တွေကို ဖြတ်ညှပ်ကပ် လုပ်ထား
တဲ့ ဓါတ်ပုံတစ်ပုံကို ဘလော့မှာ တင်ခဲ့ဖူးပါတယ်၊ ဘလော့ဂါ ကိုဒူကမ္ဘာ
က အသိပေးလို့ နာရီပိုင်းအတွင်း ပြန်လည် ဖြုတ်ချခဲ့ပါတယ် … :P

ဘလော့တစ်ခု လုပ်ပြီး ဘယ်လို စတင်ရမလဲ၊ အသိမိတ်ဆွေ ဘယ်လို
ရှာရမလဲ၊ အခြားဘလော့ဂါတွေနဲ့ ရင်းရင်းနှီးနှီး ဘယ်လို လက်တွဲရမလဲ
ဖြစ်တတ်ပါတယ်၊ ကိုယ်တိုင်လည်း ဘယ်လို ပုံစံ တင်ပြရမှန်း မသိလို့
ဘာရေးလို့ ရေးရမှန်း မသိ ခေတ်စကားနဲ့ပြောရင် “ရွာလည်” နေတဲ့
ဘလော့ဂါ အသစ်တွေ၊ မသစ် တသစ်တွေ၊ အဟောင်းတွေ အကြား
တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ရင်းနှီးဖို့ အထက် (၃)ဦးက စတင် ဆောင်ရွက်
ခဲ့ပါတယ်။

ကိုအောင်သာငယ်ဟာ တက်ဂ်(tag) ဂိမ်းတွေ ဦးဆောင်ပြီး လုပ်ပေးပါ
တယ်။ ဘလော့လုပ်ပြီး တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေမှုတွေ၊ ဘလော့ဂါ
အသစ်တွေအတွက် အဲဒီ တက်ဂ် ဂိမ်းတွေဟာ တော်တော်လေးပဲ အကျိုး
ရှိခဲ့ပါတယ်။ အင်တာနက်ပေါ်မှာ အခြားသူတွေ ဘယ်လိုရေးသလဲ၊ ဘယ်လို
တင်ပြသလဲ၊ ဘယ်လိုရေးရင် ဘယ်လို အကျိုးအပြစ်တွေ ရနိုင်တယ်၊ ဘယ်လို
တင်ပြရင် စာဖတ်ပရိတ်သတ် သဘောကျတယ် စသဖြင့် နားလည် သဘော
ပေါက်လာကြပါတယ်။ သူ့ထက်ငါ စာ အရေးအသား ကောင်းအောင် ကြိုးစား
တဲ့ အားထုတ်မှုတွေလည်း ရှိလာကြပါတယ်။

မောင်မျိုးဟာ ကျနော်နဲ့ အတူ ဘလော့လောကထဲ ၀င်ရောက်ခဲ့တဲ့ ဘလော့
ဂါ လူငယ်တစ်ဦးပါ၊ သို့ပေမယ့် လူမှုဆက်ဆံရေးမှာ ကျနော့်ထက် အဆများစွာ
တော်ပါတယ်၊ အပင်ပန်းလည်း ခံခဲ့ပါတယ်။ ယခင်က မောင်မျိုးရဲ့ C-box
ဟာ ဘလော့ဂါအသစ်တွေအတွက် ပို့စ်အသစ် တင်ပြီးရင် ကြော်ငြာဝင်ရတဲ့
နေရာတစ်ခုပါ၊ မနက်မိုးလင်းရင် ကမ္ဘာအရပ်ရပ်က မြန်မာဘလော့ဂါပေါက်စ
တွေ သူ့ C-box ထဲ တန်းစီးပြီး နူတ်ဆက်နေကြပါ။ သူ့ကို လာ နူတ်ဆက်သမျှ
လူတွေကို မမောနိုင် မပန်းနိုင် ပြန်ပြီး နွေးနွေးထွေးထွေး နူတ်ဆက်တဲ့
အတွက် မြန်မာဘလော့ဂါတွေရဲ့ C-box တွေထဲမှာ မောင်မျိုးရဲ့ C-box
ဟာ အစည်းကားခဲ့ဆုံး နေရာတစ်ခုပါ၊ သူ့ဆီကနေ တဆင့် ရင်းနှီး
သွားကြတဲ့ လူငယ်ဘလော့ဂါတွေ၊ လူမှုဆက်ဆံရေး အမြင် ကျယ်ပြန့်
မှုတွေလည်း ရှိခဲ့ပါတယ်။


(ဆက်ရန်။)

-စစ်ငြိမ်းဒီရေ

18 comments:

rose said...

သေချာဖတ်သွားပါတယ် ကိုအောင်ရေ။ ဆက်လက်ဖတ်ရှုဖို့လည်း မျှော်နေမယ်နော်။ သရဲ ဇာတ်လမ်းလည်း မေ့မသွားနဲ့ဦးနော်း)

kay said...

ကဲ.. ဒါဆို..ခု ..ထိုင်ကန်တော့.. :P ကိုကြီးကျောက် ကို လွမ်းတယ်.. သူသာ ရှိသေးရင် ပြောပြ စရာတွေ အများကြီး ရှိတယ်.. ကိုအောင်ရယ်.. တွေ့ရင် ပြောပြ ပေးပါနော်..း)

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ် မ rose ...

မကေ ..
ဒေါ်လာတစ်သိန်း မုန့်ဖိုးပေးမယ်ဆို အခုပဲ ထိုင်ကတော့ ပါ့မယ် အမ ... :P
ကိုကြီးကျောက်ကိုတော့ လိုက် မရှာခိုင်းနဲ့အုံး ဟီး .... :D

Anonymous said...

မောင်မျိုးနဲ့ ကိုကြီးကျောက်ပဲ သိတယ်ရော ..
ကိုအောင်သာငယ် ကို သိဘူး ..
မောင်မျိုးတောင် မဲဆောက် ကဗျာဖတ်ရင်း နဲ့
ကဗျာရေးထား ကြိုက်လို့ဖတ်ရင်းနဲ့
သူ့ဘလော့ သိသွားတာ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဟန်ကြည် said...

ကျန်တဲ့သူတွေကိုတော့ မသိဘူး...မောင်မျိုးကိုတော့ လူချင်းလဲ ရင်းနှီးတာမို့ ကောင်းကောင်းသိတယ်...အင်မတန် စိတ်ကောင်းရှိပြီး ဖော်ရွေတဲ့ ဘလော့ဂါပါပဲ...ကိုကြီးကျောက်ကိုတော့ လူချင်း ရင်းနှီးလို့မှ မကြာခင် ကွယ်လွန်သွားရှာတာဆိုတော့ အခုထိ အသိနောက်ကျလို့ ၀မ်းနည်းနေမိတုန်း...သူ့ဘလော့ကိုလည်း သတိရတိုင်း အလွမ်းပြေ သွားလည်နေဖြစ်တုန်းပါ...

ကိုဇော် said...

ကိုအောင့် ရည်ရွယ်ချက် မသိချင်ပေမဲ့ . .
စောင့်ဖတ်နေပါတယ်ဗျာ။ အမှတ်တရပဲလေ။

sosegado said...

စိတ်ဝင်စားစွာဖြင့်
ဆက်ဖတ်ဖို့စောင့် နေပါတယ်၊

စုချစ် said...

အခု ကိုအောင်ပြောတဲ့ ဘလော့ကာတွေအားလုံးကို သိပါတယ်...သူတို့နဲ့ မခင်မင်ပေမယ့် သူတို့ ဘလော့တွေကို အမြဲ အားပေးနေကြ စာဖတ် ပရိတ်သတ်တစ်ယောက်ပါ... စိတ်ဝင်စားစရာ ပိုစ့်လေးပါ ကိုအောင်...
း)

An Asian Tour Operator said...

ကျနော် လဲ ဘလောက် ပရိတ်သတ် အဖြစ် အကြာကြီး နေခဲ့ ပြီးမှ ကိုယ်ပိုင် ဘလောက် တခု လုပ်ဖြစ်လာခဲ့တာ။ သတိထား မိတာ တခု က ဟိုးအရင် ရေးအားကောင်းကောင်း နဲ့ စောင့် ဖတ်ရတဲ့ ဘလောက် တချို့ ပျောက်သွားတယ်။ တချို့ မရေးတော့ဘူး။ တချို့ အရေးကျဲသွား တယ်။ တချို့ အရေးအသား "ပေါ့" သွားတယ်။ တချို့ အသစ် တွေ ကောင်းတယ်။ တချို့ အသစ် တွေ က ဘာ "လိုင်း" မှန်း မသိရ၊ မကွဲပြားဘူး။ ဘာပဲ ဖြစ်ဖြစ် ဘလောက် တွေက လဲ လူတွေ လိုပဲ (ဘလောက် အမျိုးမျိုး ၊ အကြောင်းအရာ အထွေထွေ) စိတ်ဝင်စား စရာ တော့ အပြည့် အနှက် ပဲ။

စော(အဝါရောင်မြေ) said...

ရုံးအားချိန်မှာ ပျင်းပျင်းရှိတိုင်း မြန်မာလို ရိုက်ပြီ ဂူဂယ်ကနေရှာ ဖတ်ရင် ဘလော့စ်ထဲ ရောက်လာတာ။ အမှန်တော့ မျက်စိလည်ပြီ ရောက်လာတာပါဗျာ။ ဒါပေမယ့် ရေးမှတ်ထားခြင်တဲ့ အကြောင်းအရာတချို့ လောက်ကိုသာ တင်ခဲ့တာပါ။ ပေါ်ပြုလာ ဆိုတဲ့ စိတ်ကူးတော့ မရှိပါဘူး။ အနည်းဆုံး အပျင်းပြေသွားရင်ပဲ .

မိုးယံ said...

အဲလိုလေရေးပေးမှ နည်းနည်းသိလာသလိုပဲ... နို့မိုဆိုဒီက ကောင် အူကြောင်ကြောင်နဲ့ ပေါက်ကရ လုပ်လွန်းတယ်... ကိုအောင်သာငယ်နဲ့မရင်းနီးပေးမယ့်... ဘကျောက်ကို ဆုံးရှုံးရတာ ၀မ်းနည်းတယ်.. မောင်မျိုးနဲ့တော့ အခုထိ အတွဲညီ တုန်းပဲ။

Anonymous said...

ဘလော့ဒေး လေး နဲ့ ဘလော့ဂ် တွေ အကြောင်းဖတ်သွားတယ် ကိုအောင်ရေ

ကျေးဇူး
ရွှေစင်ဦး

သက်ဝေ said...

ကိုယ်နဲ့ ရင်းနှီး သိကျွမ်းပြီးသား ဘလော့ဂါ မောင်နှမတွေအကြောင်းမို့ ဖတ်ရတာ ပျော်တယ်... နောက်တပိုင်း မြန်မြန်ဆက်ရေးပါ ကိုအောင်...း)))

ကိုကြီးကျောက်ကို သတိရတယ်...း(((

ချော(အစိမ်းရောင်လွင်ပြင်) said...

အရောင်အသွေးစုံလှတဲ့ ဘလောဂ့်လောကက ဘလော်ဂါတွေ အစုံပါလား ကိုအောင်..
ဘလော်ဂါတွေအားလုံး စည်းလုံးညီညွှတ်ကြပါစေ။
သရဲဇာတ်လမ်းတွေ ကြောက်ကြောက်နဲ့ ဖတ်ဖို့ မျှော်နေပါတယ်။

8Yar said...

အစ်ကိုအောင်ရေ ကျွန်တော်က 8Yar ပါ။ အရင်ကတော့ အစ်ကို့တို့ blog တွေမှာစာဖတ်သူပါ ခင်ဗျာ။ အခု ကျွန်တော် blog လေးစနေပြီမို့ လာဖိတ်တာပါ ခင်ဗျာ။ ဒီ post လေးကိုဖတ်ရတော့ အားတက်စရာလေးတွေရပါတယ်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။ http://8yar.blogspot.com/

Anonymous said...

၃ ပိုင်းလုံး ဖတ်ပြီး သွားတဲ့ခါ ဘလော့ကို လွမ်းလိုက်တာ တကယ်ပါပဲ ။

မအယ်

rose of sharon said...

ဘလော့တွေပေါ်မှာ ဖတ်ရှုအားပေးသူများ ဘလော့ဂါများအားလုံး အမြဲတမ်းပျော်ရွှင်ကြပါစေ :)

Moe Ye said...

ကျေးဇူးတင်ပါတယ်။မှတ်တမ်းမှတ်ရာ ခိုင်ခိုင်မာမာ ရှိသွားတာပေါ့။ အံ့သြဖို့ ကောင်းတယ်နော်။လူချင်းလည်း မတွေ့ဖူးဘဲ တစ်ယောက်ရေးတဲ့ စာတစ်ယောက်ဖတ်ပြီး ငြင်းကြ ခုန်ကြ ။ ကြိုက်နှစ်သက်ကြနဲ့ ။မြန်မာ ဘလော့ဂါ များများ ပေါ်ပေါက်လာနိုင်ပါစေ ။
အကျိုးရှိမယ့် စာများများရေးသာလာနိုင်ပါစေ။