Saturday, 13 August 2011

ညီလာခံတွင် ပုဆိုးကျွတ်ကျသည့် ဥက္ကဋ္ဌကြီး

သမိုင်းထဲမှ ရယ်ရွှင်ဖွယ်ရာ အဖြစ်အပျက်ကလေး တစ်ခုနှင့်အတူ
လေ့လာ မှတ်သားစရာ အချက်အလက်လေးတွေ ပါနေမယ်လို့
ယူဆမိလို့ ကိုသန်း (ကြည့်မြင်တိုင်) ၏ နိုင်ငံရေး အတွေ့အကြုံများ
စာအုပ်ပါ ၂၀၀၈ ခုနှစ် သြဂုတ်လထုတ် ချင်းတွင်းမဂ္ဂဇင်း၌ ဖော်ပြခဲ့
သည့် ဆောင်းပါးအား ပြန်လည်ကူးယူ မျှဝေပေးလိုက်ပါတယ် …

ညီလာခံတွင် ပုဆိုးကျွတ်ကျသည့် ဥက္ကဋ္ဌကြီး

-ကိုသန်း (ကြည့်မြင်တိုင်)

ခုနှစ်ကို ပြောရလျှင်တော့ ၁၉၃၆-၃၇ ခုနှစ် ဖြစ်ပါလိမ့်မည်။ ၁၉၃၆ ခုနှစ်၊
ဒုတိယ တက္ကသိုလ် သပိတ်ကြီး အပြီး ဖြစ်သည်ကိုတော့ တိတိကျကျ
မှတ်မိပါသည်။ ကိုးကား မှီငြမ်းပြုစရာ စာအုပ်စာတမ်းလည်း စုံစုံလင်လင်
မရှိ။ လက်ဝယ်ရှိသည့် ဦးဘခိုင် (ဖေဘီယန်) ၏ မြန်မာပြည် နိုင်ငံရေး
ရာဇဝင်စာအုပ်ထဲမှာ ကျောင်းသား ညီလာခံများအကြောင်း အနည်းအကျဉ်း
ပါရှိသော်လည်း နေ့ရက် တိတိကျကျ မပါရှိပါ။

ထိုညီလာခံကို မီလိုက်သည့် ပုဂ္ဂိုလ်များလည်း မရှိသလောက် ရှားနေပါပြီ။
သို့ဖြစ်ရပ်က ထူးထူးဆန်းဆန်း ဖြစ်၍ ယနေ့တိုင် အမှတ်ထင်ထင် ရှိနေဆဲ
ပါ။ ညီလာခံက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အသင်းချုပ်
ဒုတိယ အကြိမ်မြောက် ညီလာခံ။ ညီလာခံ ကျင်းပနေသည့် နေရာက
မန္တလေးး အမျိုးသား အထက်တန်းကျောင်း။ စကားပြောရင်း ပုဆိုး ကျွတ်ကျ
သူကတော့ အခြားလူမဟုတ် ဥက္ကဋ္ဌ ကိုအောင်ဆန်း။

ကျောင်းသား ညီလာခံအကြောင်း ရေးလျှင် မြန်မာ ကျောင်းသားလူငယ်
သမိုင်းကြောင်းကို အနည်းငယ် တို့ထိဖို့ လိုပါလိမ့်မည်။

လူငယ် အကြောင်းကို စရေးလျှင် Y.M.B.A. (Young Men Buddhist
Association) ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းက စရမည်။ ယင်း
မတိုင်မီ မြင်းခြံ ကလျာဏ မိတ္တအသင်း၊ မန္တလေး ဗုဒ္ဓဘာသာ သာသန
နုဂ္ဂဟ အသင်း၊ ပုသိမ် အာသောက အသင်းတို့မှ ဝိုင်အမ်ဘီအေ
ဖြစ်လာခြင်း ဖြစ်သည်။ ဘာသာရေးနှင့် လူမှုရေးကို ရှေ့တန်းထုတ်
ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ နောက်မှ နိုင်ငံရေး အသွင်သို့ ကူးပြောင်း
ရောက်ရှိလာကြခြင်း ဖြစ်သည်။

၁၉၀၆ ခုနှစ် ကျတော့မှ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဝိုင်အမ်ဘီအေ
များ ဖွဲ့စည်း ဖြစ်ပေါ်လာသည်။ အမျိုးဘာသာ သာသနာ ပညာနှင့်
လူမှုရေး ရည်မှန်းချက်များဖြင့် စတင် လှုပ်ရှားခဲ့ကြရာမှ တဖြည်းဖြည်း
အုပ်စိုးသူ ဆန့်ကျင်ရေး၊ လူထု လှုပ်ရှားမှု သဘောကို ဆောင်လာသည်။
အင်္ဂလိပ် ဆန့်ကျင်ရေးကို ဘုရားပုထိုး စေတီ ကျောင်းကန် တန်ဆောင်း
များတွင် ဖိနပ်စီးသည့် အင်္ဂလိပ်တို့ကို ဆန့်ကျင် ကန့်ကွက်ရာမှ စတင်
သည်။ ၁၉၂၀ ပြည့်နှစ်တွင် ပထမ တက္ကသိုလ် သပိတ်မှောက်သည်။
ထို့နောက် တဖြည်းဖြည်း နိုင်ငံရေး အသွင်ဆောင်ပြီး ဝိုင်အမ်ဘီအေမှ
GCBA – General Council of Burmese Associations မြန်မာ အသင်း
ချုပ်ကြီး၊ ဂျီစီဘီအေ ဝံသာနု လှုပ်ရှားမှုကြီး ဖြစ်လာတော့သည်။ ယင်းမှ
တဖန် တို့ဗမာ အစည်းအရုံး၊ နောက်တော့
AFPFL – Antifascist People’s Freedom League ဖက်ဆစ် ဆန့်ကျင်ရေး
ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ အဖွဲ့ချုပ်) ဖြစ်လာသည်။

လူငယ် ကျောင်းသား အဖွဲ့အစည်း သီးသီးသန့်သန့်ကိုတော့ ၁၉၃၀ ပြည့်
နှစ်၊ စက်တင်ဘာလတွင် စတင် ဖွဲ့စည်းသည်။ ရန်ကုန်တက္ကသိုလ်
ကျောင်းသားများနှင့် မြို့မကျောင်းမှ ကျောင်းဆရာများက ဦးဆောင်၍
ရွှေတိဂုံစေတီ အလယ်ပစ္စယံတွင် မြို့လုံးကျွတ် လူငယ် ကျောင်းသား
အစည်းအဝေကြီး ခေါ်ယူကျင်းပသည်။ ယင်းအစည်းအဝေးက အင်္ဂလိပ်
စီးကရက်နှင့် အထည်အလိပ်များ မသုံးစွဲရေး။ ပြည်လုံးကျွတ် လှုပ်ရှားမှုကြီး
ကို ဖော်ထုတ်သည့် အင်္ဂလိပ် ပစ္စည်းများအစား မြန်မာ ဆေးလိပ်၊ မြန်မာ
အထည်အလိပ်များ သုံးစွဲ ဝတ်ဆင်ရေးကို လှုံ့ဆော်သည်။ ယင်းအစည်း
အဝေးကပင် လူငယ်များ အစည်းအရုံးကို ဖွဲ့စည်း ထူထောင် လိုက်ကြ
သည်။ ယင်းအစည်းအရုံး၏ ဥက္ကဋ္ဌမှာ သခင်လေးမောင် ဖြစ်သည်။
သခင် လေးမောင်သည် တို့ဗမာ အစည်းအရုံး၏ ဒုတိယ ဥက္ကဋ္ဌလည်း
ဖြစ်သည်။ ဥက္ကဋ္ဌကတော့ သခင် သိန်းမောင်။ မီးဒုတ် သခင် သိန်းမောင်။



၁၉၃၆-၃၇ ခုနှစ်၊ ဒုတိယ တက္ကသိုလ်သပိတ် ပြီးဆုံးသွားပြီးနောက်
တက္ကသိုလ် သမဂ္ဂက ဦးစီးပြီး ဗကသ ခေါ် ဗမာနိုင်ငံလုံး ဆိုင်ရာ
ကျောင်းသားသမဂ္ဂ အသင်းချုပ်ကို ဖွဲ့စည်းသည်။ တက္ကသိုလ်၊
အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် ကျောင်းများမှ ကိုယ်စားလှယ်များ၊
မြန်မာစာ သက်သက်သင်သည့် ကျောင်းများမှ ကိုယ်စားလှယ်များ၊
ဘုန်းကြီးကျောင်းသား ကိုယ်စားလှယ်များလည်း ပါဝင်သည်။ ကျောင်းသား
ထု တစ်ထောင်ကျော် တက်ရောက်သည်။ ဂျူဗလီဟော အစည်းအဝေး
ကြီးက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဗကသ၏ ပထမဆုံး ဥက္ကဋ္ဌမှာ အမ်အေ
ရာရှစ် ဖြစ်သည်။ ကျန်အမှုဆောင်များကို မမှတ်မိတော့။ နောက်တနှစ်
မန္တလေးမြို့ အမျိုးသားကျောင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ဗကသ
ညီလာခံတွင် ဥက္ကဋ္ဌ ဖြစ်လာသူကတော့ ကိုအောင်ဆန်း။




ဗမာနိုင်ငံလုံး ဆိုင်ရာ ပထမဆုံး ကျောင်းသား သမဂ္ဂ ၁၉၃၆-၃၇ ခုနှစ်၊
တကသ အမှုဆောင် အဖွဲ့။ ဥက္ကဋ္ဌ အမ်အေ ရာရှစ် (အလယ်ခေါင်တွင်
ဒေါင်းတံဆိပ်ပါ တကသ ခုံရှည်ပေါ်တွင် ထိုင်နေသူ)၊ ပထမဆုံး အတွင်း
ရေးမှုး သခင် အောင်ဆန်း (ဝဲမှ တတိယမြောက် တိုက်ပုံ အနက်နှင့်)။

ထိုညီလာခံသို့ ဂျဝါဟာလာနေရူးနှင့် သမီး အင်ဒီရာဂန္ဒီ တို့ကိုလည်း
ဖိတ်ကြားသည်။ ထိုစဉ်က အင်ဒီရာဂန္ဒီတို့ သားအဖ ရန်ကုန်သို့ ရောက်
နေကြသည်။ သခင် လေးမောင်၊ သခင် အောင်ဆန်း၊ သခင် သန်းထွန်း၊
သခင် တင်မောင်တို့ အိန္ဒိယသို့ ရောက်ခဲ့ကြသည်။ နေရူးတို့ သားအဖကို
သူတို့က ဖိတ်ကြားသည် ထင်သည်။ အင်ဒီရာဂန္ဒီသည် ဧည့်သည်တော်
အဖြစ် ဗကသ ညီလာခံ တက်ရောက်စဉ်က ငယ်ရွယ်လှသေးပြီး နုပျိုလှ
သည်။ အသား ဝင်းနေပြီး ရုပ်ရည်ကလည်း ချောမောသည်။ ကုလားလို
ချောသည်ဟု ပြောရမည် ထင်သည်။

ညီလာခံတွင် ဥက္ကဋ္ဌ ဖြစ်လာသည့် ကိုအောင်ဆန်း မိန့်ခွန်းပြောသည်။
မိန့်ခွန်းပြောလို့ သိပ်မကြာခင် အတွင်းမှာပင် ညီလာခံ တခုလုံး
ရှေ့မှောက်၌ ပုဆိုး ကျွတ်ကျပါတော့သည်။ တစိတ်တပိုင်း ကျွတ်ခြင်း
မဟုတ်၊ ကွင်းလုံးကျွတ် ကျွတ်ကျသွားသည်။ သို့သော် လက်နှစ်ဖက်နှင့်
အဖမ်းမြန်သဖြင့် ပေါင်လယ်လောက်တွင် ပုဆိုးကို ပြန်ဖမ်းမိသွားသည်။
သူ့အဖြစ်ကို ညီလာခံ တခုလုံးက “ဝါးကနဲ” ဝိုင်းရယ်ကြသည်။
ကိုအောင်ဆန်းကတော့ ရှက်ကိုးရှက်ကန်းပင် မဖြစ်ဘဲ ပုဆိုး
ပြန်ဝတ်ပြီး ဘာမှ မဖြစ်သလို ခပ်တည်တည်ဖြင့် စကား ဆက်ပြော
သည်။ ပရိသတ်ကတော့ ပုဆိုးကျွတ်သည်ကို တီးတိုးပြောကာ ပြုံးစစ
လုပ်နေကြသည်။ ကိုအောင်ဆန်းက ပုဆိုးကို သပ်သပ်ရပ်ရပ် မဝတ်ဘဲ
ဘိုသီဘတ်သီ လုံးထွေးဝတ်သဖြင့် ကျွတ်ကျခြင်း ဖြစ်သည်။




၁၉၃၇-ခုနှစ် မေလ ၁၅ ရက်နေ့ နေရူး နှင့် အင်ဒီရာဂန္ဒီ တို့ သားအဖ
ရန်ကုန်မြို့သို့ ရောက်ရှိစဉ်။


၁၉၃၆-၃၇ ခုနှစ်၊ ကျောင်းသား ညီလာခံတွင် ကိုအောင်ဆန်း
အင်ဒီရာဂန္ဒီတို့ သားအဖရှေ့တွင် ပုဆိုးကျွတ်ကျသည့် အကြောင်းကို
ကျွန်တော် တဆင့်စကား ကြားသိ ခဲ့ရသော်လည်း ပုဆိုးကျွတ်သည်ကို
မည်သူနှင့်မျှ စကားစပ်ပြီး မပြောဖြစ်ခဲ့။ သည်အကြောင်းကို နှစ်ပေါင်း
လေးဆယ်ကျော်မှ ပြောဖြစ်သည်။ ပြောဖြစ်ခဲ့သူက တခြားမဟုတ်။
ကျွန်တော် တာဝန် ထမ်းဆောင်နေသည့် လမ်းစဉ်ပါတီ ဌာနချုပ်
သုတေသန ဌာနကြီးမှုး ဗဟို ကော်မတီဝင် ဦးသိန်းတန် (တပ်နီ
ဗိုလ်ချုပ်ဟောင်း ဗိုလ်သိန်းတန်) ကျွန်တော်က သူ့လက်အောက်မှ
ဌာနခွဲမှုး (အထက်တန်း သုတေသန အရာရှိ) ဖြစ်သည်။ တဦးနှင့်
တဦး နာမည်ကို သိပြီး နိုင်ငံရေး လုပ်ငန်းများ လုပ်ခဲ့ကြသည်တို့ကို
သိနေကြသော်လည်း လူချင်း မတွေ့ဖူးကြ၊ လမ်းစဉ်ပါတီ ဌာနချုပ်
ရောက်မှ တွေ့ဖူး မြင်ဖူးခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ဌာနကြီးတွင် နိုင်ငံရေး အတွေ့အကြုံ ရှိခဲ့သူများမှာ
ဦးသိန်းတန်၊ ဦးလှသောင်း (ဆရာဇော်ဂျီ၏ ညီအရင်း) နှင့် ကျွန်တော်တို့
သာ ဖြစ်သည်။ အစည်းအဝေးများမှာသာ ကြိမ်ဖန်များစွာ တွေ့ဆုံ ပြောကြ
ဆိုကြလေ့ ရှိသည်။ တဦးချင်း အတွေ့ အလွန်နည်းကြသည်။ အချင်းချင်း
ကပ်နေပြီး ခြေလှမ်း ဆယ်လှမ်းခန့် လှမ်းလျှင် ရောက်နိုင်သော်လည်း
မတွေ့ဖြစ်ကြ။ နှစ်ပေါင်း ၂၀ ခန့် အတူ လုပ်ကိုင်ခဲ့ကြသော်လည်း
လွတ်လွတ်လပ်လပ် ရှေးဟောင်း နှောင်းဖြစ်များကို တကြိမ် နှစ်ကြိမ်သာ
ပြောခဲ့ကြဖူးသည်။

တနေ့ နှစ်ယောက်သား တွေ့ဆုံခိုက် နိုင်ငံရေးအကြောင်း ရှေးဟောင်းနှောင်းဖြစ်
များ ပြောကြရင်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရောက်သွားသည်။

“နိုင်ငံရေးမှာတော့ သူ့ရဲ့ creative ဖြစ်မှုကို ကျွန်တော် အကြိုက်ဆုံးပဲ။
၁၉၃၉ ခုနှစ်၊ သြဂုတ်လတွင် ဗမာပြည်၏ ပထမဆုံးသော ကွန်မြူနစ်
ကလပ်စည်းရဲ့ အတွင်းရေးမှုး တာဝန်ကို ထမ်းဆောင် ခဲ့ဖူးတယ်။
ကလပ်စည်းတွင် သခင်စိုး၊ သခင် ဘတင် (ခေါ်) ဂိုရှယ်၊ သခင်လှဖေ
(နောက်ဗိုလ်လက်ျာ)၊ သခင် ဗဟိန်းနှင့် ဒေါက်တာနတ်သ် တို့လည်း
ပါခဲ့တယ်။ ဒါပေမဲ့လို့သူက Dogmatic လှေနံဓားထစ် တရားသေ
ဝါဒသမား မဟုတ်ဘူး သခင်စိုးက ဗိုလ်ချုပ်ထက် မာ့စ်ဝါဒ စာစဉ်တွေ
Marxist series ကို ပိုများများ ဖတ်ချင် ဖတ်ဖူးပါလိမ့်မည်။ ဒါပေမဲ့
သခင်စိုးက Adaptation လိုက်လျောညီထွေ ကျင့်သုံးရေးကို အားသန်သူ
မဟုတ်ဘူး။ သူက Direct copying သမား၊ အခြေအနေကို မကြည့်ဘဲ
တိုက်ရိုက် ပုံတူ ကူးချတတ်တယ်။

နိုင်ငံရေးမှာ ဟိုမှာ ဒီလိုဖြစ်လို့ ဒီမှာလည်း ဒီလိုဖြစ်ရမယ်လို့ လုပ်လို့ မရ
ဘူး။ ရောက်ရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်မှု Development
အဆင့်တွေက မတူကြဘူး။ နောက်ပြီး သမိုင်းနောက်ခံ၊ ယဉ်ကျေးမှု
နောက်ခံတွေကိုလည်း ကြည့်ရသေးတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်နှင့်
သခင်စိုး ကွာတာပဲ” ဟု ကျွန်တော်က ပြောသည်။ ဦးသိန်းတန်က
“ဟုတ်တယ်၊ ကျွန်တော်လည်း ခင်ဗျား ပြောသလိုပဲ ယူဆတယ်” ဟု
ပြောပါသည်။ သူက “မန္တလေး အမျိုးသားကျောင်းမှာ ပြုလုပ်တဲ့
ကျောင်းသား ညီလာခံ နေရူးနဲ့ အင်ဒီရာဂန္ဒီရှေ့မှာ ပုဆိုးကျွတ်ကျတာ
ဦးသန်း ကြားမိသေးလား” ဟု မေးသည်။

“ရယ်စရာအဖြစ် ပြောကြတာကို ကိုညီလေး ပြန်ပြောလို့ ကြားမိတယ်။
ကျွန်တော်က အဲဒီအချိန်က ၁၁ နှစ်သား ငါးတန်း ခြောက်တန်းပဲ ရှိသေး
တယ်။ ဒုတိယ တက္ကသိုလ် သပိတ်တုန်းက မျိုးချစ်စိတ် ရှိနေပေမဲ့
ဘာမှန်း ညာမှန်း သိပ်မသိသေးဘူး။ သပိတ် စမှောက်တဲ့ နေ့မှာ စိန်ဂျွန်း
က အထက်တန်း ကျောင်းသားကြီးတွေက ‘ကျောင်းပိတ်ပြီ၊ မင်းတို့
အိမ်ပြန်ကြ’ လို့ ပြောလို့ မြူးတူးပြီး အိမ်ပြန် ခဲ့ကြတာကိုပဲ မှတ်မိတယ်။
အဲဒီတုန်းက ဆရာ မင်းသုဝဏ် ကျောင်းမှာ ရှိသေးသလား၊ တက္ကသိုလ်
ရောက်သွားပြီလား ကောင်းကောင်း မမှတ်မိတော့ဘူး။ သူ ပညာတော်သင်
အရွေးခံရတော့ ကျောင်းပိတ်တာကို ကောင်းကောင်း မှတ်မိတယ်” ဟု
ကျွန်တော်က ပြောသည်။ နောက်ဆက်၍ “ကျွန်တော်တို့က ၁၃၀၀ ပြည့်
သပိတ်ကျတော့မှ Fire Brand လှုံ့ဆော်ရေးသမား အမာခံတွေ ဖြစ်လာ
တာ။ ဌာနမှုးကတော့ မန္တလေး ညီလာခံတုန်းက အထက်တန်း ကျောင်းသား
ဖြစ်နေပြီး မန္တလေးသား ဆိုတော့ အမျိုးသားကျောင်းမှာ လုပ်တဲ့ ညီလာခံ
ကို ရောက်မှာပေါ့ ပြောပြပါဦး” ဟု ကျွန်တော်က ပြောသည်။

“ဒီလိုဗျာ ခင်ဗျား လူက ပုဆိုးကို တင်းတင်းကျပ်ကျပ် ဆွဲဝတ်တာ
မဟုတ်ဘဲ ကပြာကယာ လုံးထွေး ဆွဲဝတ်တာနဲ့ တူတယ်၊ သူ စကား
ပြောပြီး ငါးမိနစ်၊ ဆယ်မိနစ်လောက် ကြာတော့ ကျွတ်ကျတာပဲ”

“ကျွန်တော်က သူပုဆိုး ကျွတ်ကျတာပဲ သိတယ်။ ဘယ်လို
ကျွတ်ကျတာလဲ၊ ကွင်းလုံးလား၊ ဘယ်အထိ ကျွတ်ကျသွား
တာလဲ။ ဒူးအောက်အထိ ကျသွားတာလား”

“ပေါင်လယ်လောက်မှာ ပုဆိုးကွင်းကို ပြန်ဖမ်းမိသွားလို့ တော်သေး
တာပေါ့” ပြောရင်း တဟားဟား ရယ်သည်။

“သူကတော့ ဘာမှ မဖြစ်သလိုပဲ ခပ်တည်တည် စကား ဆက်ပြော
သွားတာပဲ”

“အတွင်းခံ ဘောင်းဘီကော ပါရဲ့လား။ ပါမယ့်ပုံ မပေါ်ပါဘူး”

“ပါ မပါ သိပ်မသေချာဘူး။ သေချာတာကတော့ ရှပ်အင်္ကျီက
ပေါင်လယ်လောက် အထိ ရှည်တယ်”

“အင်ဒီရာဂန္ဒီတို့ သားအဖရှေ့မှာ မဟုတ်လား”

“ဟုတ်တယ်ဗျ။ အဲဒီတုန်းက အင်ဒီရာကလည်း ငယ်ငယ်ဆိုတော့
အသားကဝင်းပြီး မျက်ဝန်းနဲ့ နှာခေါင်းကလည်း ကောင်းတော့
တော်တော်ချောတယ်။ ကုလားချော ချောတယ်လို့ ပြောရမှာပဲ”

“ဒီလိုဆို ကိုအောင်ဆန်း အိန္ဒိယမှာပါ နာမည် ကြီးသွားမှာပေါ့”

ဦးသိန်းတန်က အားပါးတရ ရယ်သည်။ ကိုအောင်ဆန်း ဖြစ်ပုံ
ကတော့ နိုင်ငံရေးသမိုင်းမှာ ပြောစမှတ် ပြုစရာ ဖြစ်ခဲ့ပါသည်။

ကျွန်တော်က “ဌာနမှုး သိမယ် မထင်ဘူး။ ပြည်သူ့ ရဲဘော်တပ်ဖွဲ့
ဖွဲ့စည်းကာစတုန်းက ဖြစ်ရပ်တခု အကြောင်း ပြောပြရဦးမယ်။
ဦးသိန်းတန်က ဘီဒီအေမှာ ရဲဘော် သုံးကျိပ်တွေတောင် မရတဲ့
ဗိုလ်မှုး အဆင့် ရခဲ့တဲ့လူဆိုတော့ သိမှာပါဘဲ။ နောက်ပြီး ဖက်ဆစ်
တော်လှန်ရေး စည်းရုံးမှုကို တပ်ထဲမှာ အတော် စောစောထဲက
စလုပ်ကြတဲ့ အထဲမှာလည်း ဦးဆောင်မှု အခန်းက ပါခဲ့တာပဲ။ ပြည်သူ့
ရဲဘော် တပ်ဖွဲ့ စဖွဲ့တော့ ပါခဲ့မှာပဲ။ ကျွန်တော်တော့ အသက်က ၁၉
နှစ်ခန့်ပဲ ရှိသေးတယ်။ ခရိုင် ပါတီ အဆင့်မှာပဲ ရှိပါသေးတယ်။ ပြည်သူ့
ရဲဘော်ဖွဲ့တာ အင်္ဂလိပ်ကို လူထုနည်းနဲ့ ငြိမ်းချမ်းစွာ လွတ်လပ်ရေး
အရယူဖို့၊ မရရင် လက်နက်ပြန်ကိုင်ဖို့ လိုချင် လိုအပ်လာမှာမို့
ဘီအိုင်အေ၊ ဘီဒီအေနဲ့ ပီဘီအက်ဖ်က ရဲဘော်ဟောင်းတွေကို ထိန်းသိမ်း
ထားဖို့ ဖွဲ့တာပဲ။ လူထု အဖွဲ့အစည်း သဘောပေါ့။ နောက်တော့
ကွန်မြူနစ် ပါတီနှင့် ဆိုရှယ်လစ် ပါတီတို့ရဲ့ နိုင်ငံရေး တွင်ကျယ်မှုကို
အားကျပြီး တချို့က နိုင်ငံရေး အဖွဲ့အစည်းသဘောကို ပြောင်းချင်ကြ
တယ်။ ဒါကြောင့်ပဲ ထင်တယ် ကျွန်တော်တို့ ဆိုရှယ်လစ် ပါတီထဲ
က တပ်ထဲ ပြန်မဝင်ရသေးတဲ့ ရဲမက်ဟောင်းတွေက စင်ပြိုင်
ရဲဘော်ဟောင်းဖွဲ့ဖို့ ပြောလာကြတယ်။ ဦးဗဆွေတို့၊ ဦးလှမောင်တို့က
ရှင်းလင်း ဖျောင်းဖျကြပေမယ့် သိပ်နားမဝင်ကြဘူး။ ပြောမရလည်း
မင်းတို့ ဗိုလ်ချုပ် အောင်ဆန်း သွားပြောကြလို့ ပြောလိုက်တယ်။
ဒီကိစ္စ ဗိုလ်အောင်ကြီးက ပိုသိမယ် ထင်တယ်။ ကျယ်ကျယ်ပြန့်ပြန့်
မလုပ်နိုင်ကြပါဘူး။ အနီးအနားရှိ ဗိုလ်မောင်မောင် (ကျောက်ဆည်)၊
ဗိုလ်တင်အေး၊ ဗိုလ်မောင်မောင် (ကုလား) နဲ့ ပဉ္စမပတ် ဗိုလ်သင်တန်း
မဆင်းလိုက်ရတဲ့ ညောင်ဦးက ဟာမစ် (ခေါ်) သွားခေါ သိန်းမောင်တို့
တာဝါလိန်း သွားကြတယ်။ တာဝါလိန်း ဗိုလ်ချုပ် နေအိမ်ရောက်တော့
ဘာကိစ္စလဲလို့ ဗိုလ်ချုပ်က မေးတယ်။ ပြည်သူ့ ရဲဘော် တပ်ဖွဲ့ထဲ
မပါသေးတဲ့ ရဲဘော်ဟောင်းတွေကို ‘ရဲဘော်ဟောင်း အစည်းအရုံး’ ဖွဲ့
ခွင့်ပေးဖို့ ဗိုလ်ချုပ်ကို လာရောက် တင်ပြတာပါလို့ ပြောတယ်။ အဲဒီတော့
ဗိုလ်ချုပ်က ‘မင်းတို့က ဘာကောင်တွေလဲ၊ အလုပ်ပိုတွေ လာလုပ် မနေ
နဲ့၊ ခုချက်ချင်း ထွက်သွားကြ’ လို့ နှင်ထုတ်တယ်၊ မဆွေးနွေးလိုက်ရဘူး”
လို့ ကျွန်တော်က ဦးသိန်းတန်ကို ပြောသည်။ ကျွန်တော့်ကို ပြန်ပြော
သည့် ဗိုလ်သိန်းမောင်က သူတို့ကို နှင်ထုတ်၍ မကျေနပ်သံဖြင်
ပြောခြင်းဖြစ်သည်။

“ကိုသိန်းမောင် ခင်ဗျားတို့က တော်တော်ဟုတ်တဲ့ လူတွေပဲ။ ပြည်သူ့
ရဲဘော် တပ်ဖွဲ့ရဲ့ သေနာပတိကို ပြည်သူ့ ရဲဘော် တပ်ဖွဲ့နဲ့ စင်ပြိုင်
ဖြစ်မယ့် ‘ရဲဘော်ဟောင်း အစည်းအရုံး’ ထောင်ဖို့ သွားဆွေးနွေးတာ
ကိုး၊ မောင်ရင်တို့ နှင်ထုတ်ခံရတာ နည်းသေးတယ်” လို့ ကျွန်တော်က
ရယ်မောရင်း ပြောလိုက်ကြောင်း ဦးသိန်းတန်ကို ပြောပြတော့ သူက
“ကိုယ့်လူတို့က ငမိုးကိုမှ သွားစမ်းတာကိုး” ဟု ပြောပါသည်။ နောက်တော့
ခေါင်းကို ရမ်းရင်း ရယ်သည်။ ဗိုလ်ချုပ်ကို ရင်းနှီးသူများက “ငမိုး” ဟုလည်း
ခေါ်ကြသည်။ ငမိုးသည် ဗိုလ်တထောင်မှ လူမိုက်ထိပ်သီး “ငမိုး” ဖြစ်ပါသည်။

“ဌာနမှုးနဲ့ ပတ်သက်ပြီး တပ်က ရဲဘော်တွေ ကျွန်တော့်ကို နောက်တာ
ကို ပြောပြရဦးမယ်။ ဦးသန်းတို့ ဌာနမှုးက ဗမာပြည် ကွန်မြူနစ် ပါတီမှာ
နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ဘူး။ ရမည်းသင်းလား၊ တောင်ငူဘက်ကလား
မသိဘူး၊ လွှတ်တော် အမတ်တဲ့။ နောက်ပြီး တပ်နီရဲ့ ဗိုလ်ချုပ်။ ဒါပေမဲ့
၁၉၄၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာ လက်နက်ကိုင် တိုက်ပွဲဆင်ဖို့ တောခို
သွားကြတော့ တပ်နီတွေ အားလုံး ပါသွားတယ်။ ဗိုလ်ချုပ်က ကျန်ရစ်ခဲ့
တယ်တဲ့။ သိက္ခာချတာ မဟုတ်ဘူး။ သက်သက် ရယ်စရာ ပြောတာပါ”
လို့ ကျွန်တော်က ပြောပြသည်။

“ကျွန်တော်က လက်နက်ကိုင် လမ်းစဉ်ကို မယုံဘူး။ ဒါပေမဲ့ ပါတီက
Armed struggle သွားဖို့ ဆုံးဖြတ်ရင် ကိုယ်ယုံယုံ မယုံယုံ လိုက်နာ
ရမှာပေါ့။ အဲဒီတုန်းက ကျွန်တော့်ကို နှလုံးရောဂါ နိုပ်စက်လို့ လှုပ်ကို
မလှုပ်နိုင်ဘူး။ ဒါကြောင့် ပါမသွားဘဲ ကျန်ရစ်ခဲ့တာ။ တောခိုတုန်း
က ပါမသွားပေမယ့် ထောင်ထဲ ရောက်သွားတာပါ။ ထောင်ထဲမှာလည်း
သိပ်မသက်သာပါဘူး။ ထောင်ဗျူရိုကရက်တွေက ကွန်မြူနစ် ပါတီဝင်
တွေကို တအား နိုပ်စက်တာ။ နာမည်ခေါ်ရင် ‘ရှင်’ လို့ ထူးရတယ်။
မစင်နဲ့ ကျင်ငယ်ရေကို ရောပြီး သောက်ခိုင်းတယ်။ မသောက်တော့
ရာဇဝတ်သား အကျဉ်းသား လူဆိုး လူမိုက်တွေနဲ့ ဝါဒါ ထောင်ကြပ်တွေက
လှိမ့်ရိုက်ပြီး ရက်အတော်ကြာကြာ ထမင်းမကျွေးဘဲ တိုက်ပိတ် ထား
ကြတယ်” ဟု ဦးသိန်းတန်က ပြောသည်။ “ကျွန်တော်ကလည်း အဲဒီတုန်း
က အာဏာရ ပါတီက ဆိုပေမယ့် ဒီလိုလုပ်တာ ကျွန်တော်တို့ မကြိုက်ဘူး။
ပြည်ထဲရေးနဲ့ တရားရေးဌာန ဝန်ကြီး ဦးကျော်ငြိမ်းတို့လည်း မကြိုက်ကြ
ပါဘူး။ ခိုင်းလည်း မခိုင်းခဲ့ကြပါဘူး။ လျှို့ဝှက် ဆွေးနွေးပွဲတွေမှာ ဦးကျော်ငြိမ်း
ကို ပြောတော့ နှိပ်စက် ညှင်းပမ်းတာတွေ မလုပ်ဖို့ အမိန့်ထုတ်တယ်လို့
ကျွန်တော် သိရတယ်” လို့ ကျွန်တော်က ပြန်ပြောပြပါသည်။ ညှင်းပမ်း
နှိပ်စက်တဲ့ အကျဉ်းထောင် တာဝန်ရှိ ပုဂ္ဂိုလ်တွေ သူတို့စာရင်း သူတို့
ရှင်းသွား ကြရပါသည်။

-ကိုသန်း(ကြည့်မြင်တိုင်)


(ကိုသန့်ကိုကိုမောင်၏ facebook မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)


7 comments:

မေသိမ့်သိမ့်ကျော် said...

မသိသေးတဲ့ အကြောင်းအရာတစ်ခုကို သိလိုက်ရတာပေါ့။ အခုမှသိတယ်။ ကျွန်မတို့လည်း တစ်ခုခုဖြစ်ရင် စိတ်မလှုပ်ရှားပဲ ခပ်တည်တည် ပဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သွားနိုင်ရင် တော်တော် ဟုတ်သွားမှာ။ တော်တော်များများကတော့ ဟန်ပန်ပျက်ယွင်းသွားတာများတယ်။

ခင်တဲ့

sosegado said...

မကြားဖူးသေးသော ဗိုလ်ချုပ်အကြောင်း ဖတ်ရ၍ ကျေးဇူးတင်ပါသည်၊
တော်သေးတာပေါ့ အင်္ကျီရှည်နေလို့

SHWE ZIN U said...

ကိုအောင်

ကျေးဇူး ဖတ်သွားပြီ

ahphyulay said...

အင်း...
ရှားရှားပါးပါး ရှာတင်ပေးတဲ့ အတွက်
ကျေးဇူးပဲဗျာ...၊ ဖတ်လို့ သိပ်ကောင်းတယ်။
အမှန်က လူသုံးအများဆုံး ဖေ့(စ)ဘုတ်မှာ
တင်နိုင်ရင်ပိုကောင်းမယ်..။ ဒီလို့ ပို့ (စ)မျိုးကို။

စော(အဝါရောင်မြေ) said...

ကောင်းပါတယ်။ များများ ရှာတင်ပေးတာ ကျေးဇူးပါ။ ဗိုလ်ချုပ်အကြောင်း ဖတ်ရတာ ဘယ်တော့မှ မရိုးဘူး။ နားထောင်ရတာလည်း အဲလိုပဲ။ ကျေးဇူးတင်ပါတယ် တင်ပေးသူရော၊ ပြန်ဖော်ပြပေးသူရော။

အဖြူရောင်နတ်သမီး said...

မသိသေးတဲ့ အကြောင်းတွေပါ..
ဖတ်သွား၏..

Lyn Lyn said...

ဗိုလ်ချုပ်အကြောင်း ခုလို အသေးစိတ်လေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။