Friday, 1 July 2011

ဘုရားသခင်ထံမှာ ပျော်ရွှင်ပါစေ ဖေဖေ

လာမယ့် (၅.၇.၂၀၁၁)နေ့ဆိုရင် ကျနော့်ဖခင် ကွယ်လွန်သွား
တာ အနှစ်(၂၀) ပြည့်သွားပါပြီ၊ အခု ဇူလိုင်လ (၅)ရက်နေ့က
အင်္ဂါနေ့ဆိုတော့ အလှူလေး ဘာလေး လုပ်ရတာ အဆင်မပြေ
ပါဘူး၊ ဒါနဲ့ပဲ မနက်ဖြန် (၂)ရက်နေ့ စနေနေ့မှာ ဖေဖေ ကွယ်လွန်
ခြင်း အနှစ်(၂၀) ပြည့်အဖြစ် အိမ်နီးနားချင်း အသိမိတ်ဆွေတွေကို
ကြက်ဆီထမင်း ချက်ကျွေးမယ်လို့ စီစဉ်ထားပါတယ်။ ကျနော့်ဖခင်က
နှစ်ခြင်း ခရစ်ယာန်ဘာသာ ယုံကြည်သူ တစ်ဦးဖြစ်လို့ ဒိန်းမတ်နိုင်ငံ
အက်စ်ပီးယား(Esbjerg) ခရိုင်မြို့မှာ ရှိတဲ့ ဒိန်းမတ်နိုင်ငံရောက် မြန်မာ
နိုင်ငံသား အများစု ၀တ်ပြုဆုတောင်းရာ နှစ်ခြင်း ခရစ်ယာန် ဘုရား
ကျောင်းထံ တတ်နိုင်သလောက် လှူဒါန်းမယ်လို့ စီစဉ်ထားပါတယ်။
(အာမင်)





ကျနော့်ဖခင်ကို မော်ကွန်းဝင်တို့ နိုင်ငံဂုဏ်ရည်တို့ ခေတ်က သူ့
မိတ်ဆွေ စစ်ပြန်များက ဗိုလ်ဖုန်းမြင့် လို့ ခေါ်ပါတယ်။ သူ့ရဲ့
နိုင်ငံသားကဒ်ထဲမှာ ဗိုလ်ဖုန်းမြင့်(ခ) ဦးကျော်မြင့်လို့ ဖော်ပြထား
ပါတယ်။ စစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလတွေမှာ
“ဗောဓိသာရ” ဆိုတဲ့ နာမည်ပြောင် တစ်ခုကို ရရှိခဲ့ပါတယ်။ ဂျပန်
ခေတ် စစ်တက္ကသိုလ် မူလတန်း(ဂျပန်ခေတ်မှာ ယောနင်းဟု ခေါ်တဲ့
ဒုဗိုလ် သင်တန်း)နဲ့ ဖ.ဆ.ပ.လ ခေတ် ဗိုလ်လောင်းသင်တန်း
အပတ်စဉ် (၁၀)မှာ စစ်ပညာ သင်ကြားခဲ့ပါတယ်။

ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော (ယခု တရုတ်ပြည်)
အုပ်ချုပ်ခဲ့တဲ့ ယခင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ အရာရှိအဆင့်
အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇော ပို့ခိုင်းတဲ့
(ချိတ်ပိတ်ထားတဲ့) စာ နှစ်စောင်ကို မန္တလေးမြို့မှာ သွားရောက် ပို့ခဲ့
တဲ့ ကိစ္စနှင့် ပက်သက်ပြီး အရေးယူခြင်း ခံရပါတယ်။ အရေးယူခဲ့တဲ့
ပုဂ္ဂိုလ်ကြီးကတော့ ဒုချုပ်ဟောင်း “စမူဆာ ဗိုလ်အောင်ကြီး”ပါ။ ကျနော့်
ဖခင်ဟာ နိုင်ငံရေးအကြောင်း ၀ါဒတွေအကြောင်း စိတ်ဝင်စားသူ
မဟုတ်ပါဘူး၊ အထက်အရာရှိက ပို့ခိုင်းတဲ့ စာကို သွားပို့ခဲ့တာပါ၊
စစ်တပ်တို့ ထုံးစံအတိုင်း အထက်က ပေးတဲ့ အမိန့်အတိုင်းပေါ့၊
“ချိတ်” လည်းပိတ်ထားတော့ ဖွင့်လည်း မဖတ်ရဲ၊ သို့ပေမယ့် နောက်ပိုင်း
ကျတော့ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ တောထဲ အဆက်အသွယ် လုပ်တဲ့
လမ်းကြောင်းတွေကို ကောက်ကြောင်းလိုက်ကြတော့ အဖေလည်း
မင်နီ အတားခံရပြီး စစ်ထောင်ထဲ ရောက်ပါတော့တယ်။



ကွယ်လွန်သွားတဲ့ သူတွေအကြောင်း သူတို့ရဲ့သားသမီးတွေ
စာရေးရင် ကောင်းတာလေးတွေ၊ ချစ်စရာလေးတွေ ရှာကြံ ရေးကြ
ပါတယ်၊ သားသမီးထက်စာရင် မြေးမြစ်တွေ တင်ပြတဲ့ သူတို့ဘိုး
ဘွားတွေအကြောင်းသာ ယုတ္တိဗေဒရှုထောင့်နဲ့ ပို နီးစပ်နိုင်ပါတယ်။

လွတ်လပ်ရေးဆိုတဲ့ ကြွေးကျော်သံကြောင့် အသက် (၁၄) နှစ်သား
အရွယ် ကျနော့်ဖခင်ဟာ ရပ်ထဲရွာထဲက အကိုအရွယ်ရှိသူများ
နဲ့အတူ အိမ်က ထွက်ပြေးပြီး မြစ်ဝကျွန်းပေါ်ကို ရောက်ရှိလာတဲ့
B.I.A ခေါ် ဗမာ့ လွတ်လပ်ရေး တပ်မတော်ထဲ ၀င်ခဲ့ပါတယ်။
မီးကျိုးမောင်းပျက် သေနတ်တွေနဲ့ ရှေ့ဆုံးက တက်လာတဲ့ သံချပ်ကာ
ကားကို စုပြုံ ပစ်ခတ်ခဲ့တဲ့ “ပဲခူး ဘုရားကြီး” တိုက်ပွဲမှာ စတင်ပါဝင်ခဲ့
ပါတယ်။ နွားညီနောင် ဗိုလ်ချုပ်တင်ဖေဟာ ကျနော့်ဖခင်ရဲ့ တပ်စိတ်
မှူးပါ။

ဂျပန်ခေတ် B.D.A ခေါ် ဗမာ့ကာကွယ်ရေး တပ်မတော် ပြောင်းလဲ
ဖွဲ့စည်းချိန်မှာ တပ်ထဲက အသက်ပြည့်သူတွေကို ဗိုလ်လောင်းသင်တန်း
တက်ဖို့ ရွေးချယ်ကြပါတယ်။ အသက်မပြည့်တဲ့ မျိုးချစ်ပေါက်စတွေ
(ယနေ့ခေတ်ဆိုရင် ကလေးစစ်သား …) အတွက် စစ်တက္ကသိုလ်
မူလတန်းခေါ် ဒုဗိုလ် သင်တန်းကို ဖွင့်လှစ်ကြပါတယ်။ အသက်မပြည့်
သေးတဲ့ မျိုးချစ်ပေါက်စ (၆၀) ကို ရွေးချယ်ခဲ့ပါတယ်။ ကျနော့်ဖခင်
ဟာ မန္တလေးမြို့မှာ လဖက်ရောင်းတဲ့ အရီးတောင်းလဖက်က
ဦးကျော်သိန်း၊ မ.ဆ.လ ပါတီမှာ အထွေထွေအတွင်းရေးမှူး လုပ်ခဲ့
တဲ့ ဗိုလ်မှူးကြီး တင်ဝင်းညို(စာရေးဆရာမ မြနှောင်းညို၏ ဖခင်)တို့
နဲ့ အတူ ဂျပန်ခေတ် စစ်တက္ကသိုလ် မူလတန်းကို တက်ရောက်ခဲ့
ပါတယ်။

ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွင်း စစ်တောင်းမြစ်ကမ်းတိုက်ပွဲ
မှာ “ကင်းငိုက်”လို့ နာမည်ကျော် ရန်ကုန် တပ်ရင်းရဲ့ တပ်စု တစုလုံး
ဂျပန်စစ်တပ် လှံစွပ်နဲ့ ထိုးသတ်သွားပါတယ်။ ပဲခူးရိုးမကို ကျော်ဖြတ်
လာတဲ့ ဂျပန်စစ်တပ်ကို စစ်တောင်းမြစ်ကမ်းမှာ စောင့်ပြီး တော်လှန်
ကြပါတယ်။ ရိုးမပေါ်ကနေ ဖြတ်လာတဲ့ ဂျပန်စစ်တပ် ကုန်သွားပြီ
လို့ ထင်တာကြောင့် အောင်ပွဲခံတဲ့ အထိမ်းအမှတ်အဖြစ် တပ်စု
တစ်စုလုံး မူးရူးနေအောင် သောက်ကြပါတော့တယ်၊ ည တော်တော်
လေး မိုးချုပ်ချိန်မှာ ရိုးမပေါ် ထပ်ဆင်းလာတဲ့ ဂျပန်စစ်တပ်က မူးရူးပြီး
အောင်ပွဲခံနေတဲ့ တော်လှန်ရေး တပ်စုရဲ့ ကင်းငိုက်မှုကို အခွင့်
ကောင်းယူပြီး အေးအေးဆေးဆေး လှံစွပ်(ဘက်နက်)နဲ့ ထိုးသတ်
သွားပါတော့တယ်။ အမူးလွန်လို့ ကုတင်ပုံစံလုပ်ထားတဲ့ အခင်း
ပေါ်က တစ်ဦးနဲ့တစ်ဦး ဖက်လျက်သား ပြုတ်ကျလုံးထွေးပြီး ကုတင်
အောက်ထဲ အိပ်ပျော်နေတဲ့ မ.ဆ.လပါတီ အတွင်းရေးမှူးဟောင်း
ဗိုလ်မှူးကြီး တင်ဝင်းညိုနဲ့ အဖေ၊ အရက်မူးပြီး အိမ်သာတက်ရင်း
အိမ်သာထဲမှာ အိပ်ပျော်နေတဲ့ ဘဘ ဦးဥာဏ်လွင် (အမေရိကန်ဆိုင်ရာ
မြန်မာစစ်သံမှူးဟောင်း ဗိုလ်မှူးဖိုးကွန်ရဲ့ PA) တို့ သုံးဦးတော့ မသေပဲ
လွတ်မြောက်ခဲ့ပါတယ်။ (မ.ဆ.လ ခေတ် တပ်မတော်စာစဉ်ထဲမှာ
ဒီအဖြစ်အပျက်ကို ဂရုနာသက်ဖွယ် ရေးထားတော့ ပေဖူးလွှာ မဂ္ဂဇင်းက
ဦးမြလှိုင်က ကျနော့်ဖခင်အား … ဗောဓိသာရ၊ မင်းတို့က လူစွမ်း
ကောင်းပဲနော်၊ ဟားဟားဟား ….)

၁၉၈၈ မှာ ဘဘဦးတင်ဦးရဲ့ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ထဲ
ပါဝင်ခဲ့တဲ့ ဖေဖေဟာ ဦးအောင်ကြီးပေါ် အမြင်မကြည်လင်မှုတွေ
ကြောင့် NLDရဲ့ အောင်၊စု၊တင် ခေတ်မှာ ပါတီထဲ မ၀င်ရောက်ခဲ့ပါ။

၁၉၉၁ ရဲ့ ဇူလိုင်လ (၅)နေ့မှာ အူမကြီး ကင်ဆာရောဂါကြောင့်
သခင်ယေရူထံမှာ ဖေဖေ(၆၄- နှစ်) အိပ်စက်အနားယူခဲ့ပါပြီ ….
ဘုရားသခင်ထံမှာ ပျော်ရွှင်ပါစေ ဖေဖေ ….

-စစ်ငြိမ်းဒီရေ

23 comments:

အင်္ဂါဟူး said...

ကိုအောင့် ဖခင် တစ်ယောက် ဘုရားသခင်ရဲ့ ကောင်းကင် နိုင်ငံတော်မှာ ပျော်ရွှင်နိုင်ပါစေ။

အိမ့်ချမ်းမြေ့ said...

ကောင်းကင်နိုင်ငံမှာ မျက်ရည်ကင်းစွာ ရှိနေပါပြီ။

အိုးဝေအောင် said...

တမလွန် လောက အကြောင်းတွေ ယုံကြည်ရေးသားနေတဲ့ ကိုအောင်က အခု ခရစ်ယာန်ပဲလား။(ဘယ်နှဘာသာ ကိုးကွယ်ယုံကြည်လဲ)။အဖေ ခရစ်ယာန်မှန်း ခုမှ သိလို့ပါ။
ခင်မင်လျှက်-(အိုးဝေအောင်)

စုချစ် said...

ကိုအောင် ဖေဖေ ငြိမ်းချမ်းပါစေ...ဆုမွန်ခြွေလျက်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအောင်တို့အဖေကလည်း လွတ်လပ်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ခဲ့သူပေကိုး. လေးစားပါတယ်
ခုချိန်မှာတော့ ငြိမ်းချမ်းရာဘုံဘ၀မှာ ရောက်ရှိနေမှာပါ။

Anonymous said...

ကိုအောင် ရေ

ကိုအောင့် ဖေဖေ အတွက် ဆုတောင်းပေးပါတယ် မိဘ ကို နှစ်ပေါင်းဘယ်လောက်ကြာကြာ မမေ့လျှော့ ဘဲ ကုသိုလ်ကောင်းမှု့ ပြုပေးတဲ့ စေတနာ ကိုလေးစားပါတယ်

ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

အကိုရဲ့ ဖေဖေ ကောင်းကင်ဘုံမှာ အေးငြိမ်းစွာ ရှိနေပါစေလို့ ဆန္ဒပြုရင်း...

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော့်ဖခင်အတွက် ဆုတောင်းပေးကြတဲ့
မိတ်ဆွေ သူငယ်ချင်းမျာကို ကျေးဇူးပါ ....
ကိုအိုးဝေရေ
ကျနော်က ခရစ်ယာန်ဘာသာ ကိုးကွယ်သူ
မဟုတ်ပါဘူး၊ ငယ်ငယ်တုန်းကတော့
ဘုရားကျောင်း တက်ဖူးပါတယ်၊ အခုတော့
ဗုဒ္ဓဘာသာဝင်ပါ ....

အဖြူရောင်နတ်သမီး said...

ကိုအောင်ရဲ့ဖေဖေ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေရှင်..

Anonymous said...

ဘုရားသခင် ကောင်းချီးပေးပါစေ...

( ကြက်ဆီထမင်း လာပေးခဲ့လို့ ဆုတောင်းပေးနေသလို ဖြစ်နေပြီး) )

ဘုရားသခင်လိုတော့ မဟုတ်ပါဘူးး)

Anonymous said...

ကိုအောင့်အဖေအကြောင်းခုလိုလေးတင်ပြပေးလို့ သိခွင့်ရတာကျေးဇူးပါ ... ခုဆို သူ ငြိမ်းချမ်းသောကောင်းကင်ဘုံမှာ ကြာနေရောပေါ့ ။

mie nge

ကိုအောင် said...

ဟုတ် မမီးငယ်၊ ကျနော့်အဖေနဲ့ ပက်သက်ပြီး
ကျနော်တို့ မိသားစုက ဦးအောင်ကြီး
အပါအ၀င် ဘယ်သူကိုမှ စိတ်မနာပါဘူး၊
သို့ပေမယ့် သိတဲ့အတိုင်းပဲလေ၊ အဖေ့ အမှုက
ဟိုးတုန်းက မကြာခဏ ပြန်ပြန်ခေါ်ပြီး
အစစ်ခံရတော့ သားသမီး ၇ နှစ်ယောက်နဲ့
အမေ မုန့်ဟင်းခါးအိုးက မနက်မိုးလင်းရင်
တ၀က်ကျိုးနေပြီ၊ ကျနော်တို့ မောင်နှမတသိုက်
အားပေးတာပါ ... :P

PhyoPhyo said...

ကိုအောင့်ဖေဖေဘုရားသခင်ထံမှာ ပျောရွှင်ပါစေ။
ကိုအောင့်ဖေဖေ အကြောင်းဖတ်သွားပါတယ်။
ကိုအောင်တို့မိသားစုလည်း ပျော်ရွှင်ပါစေ။

ကိုချစ်ဖေ said...

ကိုအောင်ရေ နောက်ထပ် အဖေနဲ့ ပတ်သက်ပြီး တပ်ထဲကအကြောင်းတွေ မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ထဲပါခဲ့တာတွေ သိရသမျှ ရေးပါဦး..

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ် အကိုကြီး ကိုချစ်ဖေ၊ နောက်ကြုံရင် ထပ်ရေးပါ့မယ် အကို။

sosegado said...

ကိုအောင်ဖခင် ပျော်ရွှင်ခြင်းနိုင်ငံတွင် အေးချမ်းစွာတည်ရှနိုင်ပါစေ၊

စော said...

ကျတော်တို့  မွေးခြင်းအရေ အတွက်လည်း ကိုအောင်တို့  လောက်ရှိတာပဲ။ အဲဒီခေတ်ကတော့ မောင်နှမ များကြတယ်နော်။
သူတို့ တွေက လွတ်မြောက်သွားကြပါပြီ ကိုအောင်ရေ။

mstint said...

ကျေးဇူးရှင်ဖခင်တစ်ယောက်ရဲ့ ဂုဏ်ကိုဖော်ပြခဲ့တဲ့ ကိုအောင့်ကို လေးစားဂုဏ်ယူမိပါတယ်ကွယ်။ အန်တီတို့တွေအားလုံး ပဌာန်းဆက်တွေပါကြတယ်။ အန်တီအဖေရဲ့ အထုပ္ပတ္တိလေးကို ဒီကနေ့တင်မယ် စိတ်ကူးတုန်း ဒီပို့စ်လေးကို ဖတ်မိခဲ့တာ။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်စုံပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Kyaw Kyaw said...

ဂုဏ်ယူပါတယ်ကိုအောင်။ အဖေကော သားကော အမိမြေ အ တွက် ပေးဆပ် မူအတွက်ပါ။

Unknown said...

your dad asleep in Jesus.amen

Unknown said...

your dad asleep in Jesus amen.

Unknown said...

your dad asleep in Jesus.amen

Unknown said...

your dad asleep in Jesus.amen