Sunday, 19 June 2011

နိုင်ငံရေးသိပ္ပံနှင့် The Godfather ရုပ်ရှင်

(မှတ်ချက်။ ။ ကျနော့်မွေးနေ့ ဇွန်လ(၁၇)ရက်နေ့ က
Facebook ပေါ်မှာ လာရောက် ဆုတောင်းပေးတဲ့သူ အားလုံး
ကို အထူး ကျေးဇူးတင်ပါတယ်။)

The Godfather ရုပ်ရှင်ကို ယနေ့ ဥရောပ နိုင်ငံတချို့ရဲ့ စာသင်
ကျောင်းတွေမှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသားတွေအတွက် နိုင်ငံ
ရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြပါတယ်။
မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်အတွက်တော့ ဒီရုပ်ရှင်ကားဟာ
မားဖီးယား ဒုစရိုက်ဂိုဏ်းကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း
အာဏာယူတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်တဲ့သူ များပါတယ်။
ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အပေါင်းအသင်း
အချင်းချင်း သတ်ဖြတ်မှုတွေ ရုပ်ရှင် ဇာတ်လမ်းအတွင်း ပါဝင်လို့
ဘာသာတရား ကိုးကွယ်ယုံကြည်သူများကတော့ သဘော မကျ
ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကားဟာ
The Godfather Part I – 1972
The Godfather Part II – 1974
The Godfather Part III – 1990
တို့မှာ အမေရိကန် ရုပ်ရှင်လောက က ရိုက်ကူးခဲ့ပြီး ကမ္ဘာအရပ်ရပ်
က ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ အသဲစွဲ ရုပ်ရှင်ပါ။





ကမ္ဘာ့အရပ်ရပ်က နိုင်ငံရေးသမားတွေ၊ စီးပွားရေး အကျော်အမော်
တွေ၊ ပညာရှင် တချို့ဆိုရင် ကိုယ်ပိုင်ခွေအဖြစ် ၀ယ်ယူ သိမ်းဆည်း
ပြီး နှစ်ပတ် တစ်ကြိမ်၊ တစ်လ တစ်ကြိမ်လောက် ထပ်ခါတလဲလဲ ကြည့်
ရှုတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ ဒါဆိုရင် ဒီလောက် ရက်စက်
မှုတွေပါဝင်တဲ့ ဒီရုပ်ရှင် ဇာတ်လမ်းအတွဲဟာ စာသင်ခန်းထဲကို ဘာ
ကြောင့်များ ရောက်လာသလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။



အခြေခံပညာ အထက်တန်းကျောင်းတွေမှာ နိုင်ငံရေး သိပ္ပံ
ဘာသာရပ်ကို သင်ကြားပေးတဲ့ ကျောင်းဆရာများရဲ့ အဖြေက
… ဟုတ်ပါတယ်၊ ဒီဇာတ်လမ်းအတွင်း ရက်စက်မှုတွေ၊ ကြေကွဲ
မှုတွေ အပြည့်နီးပါး ပါဝင်ပါတယ်၊ ညီအကို အရင်းအခြာ အချင်းချင်း၊
မိတ်ဆွေ အချင်းချင်း၊ ဘာသာရေးခေါင်းဆောင်တွေကို လက်နက်
အသုံးပြုပြီး မိမိအကျိုးစီးပွားအတွက် ဥပဒေဘောင်အပြင်ကနေ
အကွက်ချ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ဒီရုပ်ရှင်မှာ
ရှိပါတယ် …. သို့ပေမယ့် ….
မိသားစုတစ်စုကို ဦးဆောင်သူ၊ မျိုးဆက်တစ်ခုရဲ့ အနာဂတ်ကို
ဦးဆောင်ပြီး ဆုံးဖြတ်ရဲတဲ့ အတွေးအခေါ်တွေ၊ ရဲရင့်ပြီး ပြတ်သား
တဲ့ စရိုက်လက္ခဏာတွေလည်း ဒီဇာတ်လမ်းမှာ ပါဝင်ပါတယ်၊
အန္တရာယ် ဖြစ်လာစေမယ့် ပြိုင်ဖက်တွေ၊ သစ္စာဖောက်တွေ၊ ပြီးတော့
အလုပ်မှာ တာဝန်မကျေတဲ့ သွေးသားအရင်းအခြာတွေ အဖွဲ့အစည်း
တွေကို ဘယ်လို ယှဉ်ပြိုင် အနိုင်ယူရမလဲဆိုတဲ့ အတွေးအခေါ်
လည်း ပါဝင်ပါတယ်၊ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတွေနဲ့
တိုင်တာပြီး ဆုံးဖြတ်မယ် ဆိုရင်တော့ ဒီရုပ်ရှင်ဟာ ဆိုးဝါးမှာ
ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးသိပ္ပံ သင်ခန်းစာအတွက်တော့
ဒီရုပ်ရှင်ဟာ တော်တော်ကိုး အသုံးဝင်ပါတယ် …
လို့ ဆိုကြပါတယ်။

ယနေ့ အနောက်ကမ္ဘာရဲ့ ဘာသာတရား ကိုးကွယ်ယုံကြည်
သူ အရေအတွက် လျင်မြန်စွာ ကျဆင်းလာမှုတွေ အကြား
စီးပွားရေး ရပ်တန့်နေမှုတွေ၊ စီးပွားရေး ရိုက်ခတ်မှုတွေကို
နောင်အနာဂတ်မှာ ရင်ဆိုင် ဖြေရှင်းရမယ့် ကျောင်းသားလူငယ်
တွေရဲ့ စာသင်ခန်းထဲမှာတော့ The Godfather ရုပ်ရှင်ဟာ
မားမားမတ်မတ် အောင်ပွဲခံလျက် ရှိပါတယ်။

စာဖတ်သူ မိတ်ဆွေရော ဒီရုပ်ရှင် ဇာတ်လမ်းတွဲ (၃)ခွေကို
ကြည့်ရှုပြီးတဲ့အခါ ဘယ်လိုများ ခံစားရပါသလဲ ….

(ဒီပို့စ် ကို ပြီးခဲ့တဲ့ (၁၇.၀၆.၂၀၁၁)နေ့က ကျနော့်မွေးနေ့
အမှတ်တရ ပို့စ်အဖြစ် ဘလော့ပေါ် တင်မလို့ပါ၊ အကြောင်း
အမျိုးမျိုးကြောင့် နောက်ကျခဲ့ပါတယ်။)

-စစ်ငြိမ်းဒီရေ

8 comments:

စော said...

Sorry ကိုအောင်ရေ။ နေကလည်း မကောင်း၊ မေမေ ကလည်း ရောက်နေတော့ အလုပ်ရူပ်သွားလို့  အိမ်မလည်နိုင်ဘူး ဖြစ်သွားတယ်။
Happy Birthday with Your Family !

စုချစ် said...

တော်ရုံ ရုပ်ရှင် သိပ်မကြည့်ဖြစ်ပေမယ့် Godfather တော့ အရမ်းကြိုက်တယ် ကိုအောင်ရေ...
သူ့မှာ ရက်စက်ကြမ်းကြုပ်မှုတွေ ပါပေမယ့် ကြည့်တတ်ရင် လောကအမြင်တွေ အများကြီး ရှိတယ်။

Jun 17 အတွက်...
Happy Belated Birthday brother ...
Wish you be Healthy and Happy always...
;)

SHWE ZIN U said...

The Godfather ရုပ်ရှင် ကို တော့ မကြည့်ဘူးဖူး ဝတ္ထု ကိုတော့ အကြိမ်ကြိမ်ဖတ်တယ် သိပ်ကြိုက်တယ်

ssye said...

အရွယ်ရောက်သူ လူတိုင်းကြည့်သင့်တဲ့ သုံးကားတွဲ ရုပ်ရှင် ပါ။ ဒါပေမဲ့ ဘလော့ဂါပြောသလိုပါပဲ " ကြည့်တတ်ဖို့ လိုပါတယ် " ။ version ကတော့ 2001 DVD Sensormatic က မြန်မာပရိဿတ်နဲ့ အသင့်တော်ဆုံး လို့ ထင်ပါတယ် ( voilence နဲ့ adult scene အနဲဆုံး၊ တခြား သိပ်အသေးစိတ်တဲ့ scene ပါတဲ့ ver. တွေကျတော့ မြန်မာပရိဿတ်နဲ့ မကိုက်ဘူး )
နိုင်ငံရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြတာက - ပြဿနာတရပ်ကို ဘယ်လိုအခြေအနေမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ ဆိုတာကို စာသင်ခန်းမှာကတည်းက ကြိုတင်ပြင်ဆင်နေကြတာ ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ဆိုရင် တည်တည်ငြိမ်ငြိမ် ဖြေရှင်းနှိုင်မယ်။ ကြည့်ပြီး ဘ၀အတွက် အမြင်သစ်တခု ရနှိုင်ပါစေလို့

Anonymous said...

Yes,the godfather is very good movie.But,china,cuba,n koera and burmese military leader's mastermind are wayyyy greater than the movie.But i hate them.

နေ၀ဿန် said...

မကြည့်ဖူးသေးဘူး... ရှာကြည့်ဦးမယ်....


ခင်မင်လျက်
နေ၀ဿန်

ဟန်ကြည် said...

God father ကို သုံးလေးခါ ပြန်ကြည့်ဖူးပါတယ်... Brando နဲ့ Al Pacino တို့ရဲ့ သရုပ်ဆောင် အတတ်ပညာကို နှစ်သက်လေးစားတဲ့စိတ်နဲ့ ကြည့်ဖြစ်တာမို့ ဇာတ်လမ်းရဲ့ နောက်ခံအနှစ်သာရကို ကျကျနန မခံစားဖြစ်သေးဘူး ဖြစ်နေတယ်...နောက်တစ်ခေါက် ပြန်ကြည့်လိုက်ပါဦးမယ်...

လင်းခေတ်ဒီနို said...

ကျနော် ရုပ်ရှင်သိပ်မကြည့်ဖြစ်ပေမဲ့ godfather ဇာတ်ကားရဲ့ နာမည်ကိုတော့ ကြားဖူးနေခဲ့တာကြာပါပြီ . . . ကိုအောင် ညွန်းလို့ ကျွန်တော်ရှာပြီး ကြည့်ပါဦးမယ် . . .


ခင်မင်စွာဖြင့်
ဗညားရှိန်