ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးတစ်ခုမှာ ဖြူဖြူတို့ မိသားစု
နေထိုင်ကြပါတယ်။ လူလတ်တန်းစား၊ ဆင်းရဲသား၊ လက်လုပ်လက်စား
နဲ့ အစိုးရ ၀န်ထမ်းများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းသူများ စုပေါင်း
နေထိုင်ရာ ရပ်ကွက်တစ်ခုပါ။ ပေ ၂၀- ၄၀ မြေကွက်ပေါ်မှာ ဆောက်လုပ်
ထားသော အိမ်နံရံများက ထိလုနီးပါး၊ ပြတင်းပေါက် ဖွင့်လောက်ရုံသာ
ဝေးကွာပါတယ်။ ဖြူဖြူတို့ အိမ်နှင့် ကပ်လျက် ခေါင်းရင်းဖက် နှစ်ထပ်
တိုက်ကို နယ်၌ တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိကြီးတစ်ဦး ပိုင်ဆိုင်ပြီး
တခါတရံမှသာ သူတို့ မိသားစုကို မြင်တွေ့ရလေ့ ရှိပါတယ်။ သူတို့
ခေါင်းရင်းအိမ်က လွဲပြီး အိမ်တိုင်းလိုလိုတွင် အိမ်ရှင် အိမ်ဌားများ
စုပေါင်း နေထိုင်သောကြောင့် တစ်အိမ်လျှင် အနည်းဆုံး မိသားစု နှစ်စု
ကနေ သုံး … လေးစုအထိ ရှိတတ်ကြပါတယ်။
မနက်မိုးလင်း အသံကျယ်ကျယ် ဘုရားရှစ်ခိုးသံ၊ ကလေးငိုသံ၊ အလုပ်
နဲ့ ကျောင်းသွားဖို့ ပြင်ဆင်သံတို့ဖြင့် နိုးထပြီး တနေကုန်နီးပါး ကလေး
ငယ်တွေရဲ့ ပြေးလွှား ဆော့ကစားသံ၊ ဖြတ်သွားဖြတ်လာ အထမ်းဈေး
သည်များဖြင့် စည်စည်ကားကား။ မောင်နှမ လေးယောက်တွင် အကြီးဆုံး
ဖြစ်တဲ့ ဖြူဖြူက တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ သူ့အောက် နွေအေးက
အဋ္ဌမတန်း ကျောင်းသား၊ ပြီးတော့ ပဉ္စမတန်းရောက် ကျော်ကျော်နဲ့
ကောင်းခန့်တို့ အမွှာညီအကို။
သူတို့ရဲ့ တိုက်ခံ ပျဉ်ထောင်အိမ်လေးမှာ အပေါ်ထပ်တွင် သူတို့
မိသားစု နေထိုင်ပြီး အောက်ထပ် ခေါင်းရင်းခန်းတွင် မြေတိုင်းစာရေး
ကြီး ဦးလေးပွတို့ သားအဖကို ဌားရမ်းထားပါတယ်။ ဦးလေးပွတို့
သားအဖက ဌားရမ်းနေထိုင်သော်လည်း အိမ်မှာ အမြဲ နေလေ့မရှိ၊
တစ်လတွင် တခါတရံ (၁၀)ရက်၊ ရက်(၂၀) လောက် အလုပ်ကိစ္စဖြင့်
ခရီးထွက်လေ့ ရှိပါတယ်။ အောက်ထပ် ခြေရင်းခန်းကို ယခင်က အိမ်
ဌား မတင်ထားသော်လည်း အမေ့အမ ကြီးကြီးလှ၏ သားဖြစ်သူ အကို
တ၀မ်းကွဲ ကိုစိုးတစ်ယောက် သူ့ချစ်သူကို ဖြူဖြူတို့အိမ်ထံ ခိုးပြေးလာ
ရာကစပြီး အတူတကွ စုပေါင်း နေထိုင်ကြပါတယ်။ ကိုစိုးထက် သူ့ဇနီး
ဖြစ်သူ မမအေးကို ဖြူဖြူတို့ မောင်နှမများက ပိုမို ခင်မင်ကြပါတယ်။
နယ်က အဖွားထံ ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက် ခရီးသွားကြမယ့်
မိဘနှစ်ဦးရဲ့ ရှည်လျားလှသော ဆုံးမစကားတွေ အကြား ဖြူဖြူတို့
မောင်နှမတသိုက်က မခုတ်တတ်တဲ့ ကြောင်ကလေးများ ပမာ
ငြိမ်ချက်သား ကောင်းနေကြ ….
“လူကြီး ခရီးသွားတုန်း လွတ်လပ်ရေး ရတယ်ထင်ပြီး နေချင်
သလို နေ၊ စားချင်သလို စား၊ သွားချင်ရာ သွား၊ ထင်ရာ ဆိုင်း
မနေကြနဲ့နော်၊ နေ့စဉ် မုန့်ဖိုးကို မမအေးဆီမှာ ပေးခဲ့တယ်၊
ဖြူဖြူ … အငယ်တွေကို ဂရုစိုက်နော်၊ ကိုယ့်က ဦးဆောင်ပြီး လိမ်လိမ်
မာမာ နေအုံး၊ နွေအေး … ကျောင်းက ပြန်လာတာနဲ့ သူငယ်ချင်း
ပေါင်းစုံနဲ့ လမ်းမပေါ်မှာပဲ ဆော့မနေနဲ့၊ ဟို … အမွှာနှစ်ယောက်
မမကြီး မအေး ချက်ကျွေးတာကို ဂျီးမများကြနဲ့နော်၊ ကိုထွန်းတို့
အမေ ကျန်းမာရေး ကိစ္စမို့ သွားရတယ်၊ နောက်ဆံကတော့
ခပ်တင်းတင်းပါပဲ အေးအေးရယ် …”
အဖေနဲ့ အမေ စီးနင်းလိုက်ပါသွားတဲ့ အဌားယာဉ်နောက်ကြော
ကို လက်ပြ နူတ်ဆက်နေရင်း သူတို့အားလုံး အပျော်ကြီး ပျော်နေ
ကြပါပြီ …
မမအေး … ဒီည ဖြူဖြူတို့ ဗွီဒီယိုခွေ ဌားကြည့်ရအော်နော်၊ နွေအေး
တို့ ကျော်ကျော်တို့ ကောင်းခန်းတို့ သဘောတူလား ….
တူတယ် …. သားတို့ သူငယ်ချင်းတွေပါ ခေါ်လိုက်မယ်နော် မမ …
(၂)
ဗွီဒီယိုကြည့်ရင်း အီးမပေါက်ကြနဲ့နော် …
ဟားဟားဟား … (ရယ်သံများ)
ကောင်းခန့်ရဲ့ စကားကြောင့် သူတို့ အိမ်ပေါ်တွင် ဗွီဒီယိုကြည့်
ရန် ရောက်ရှိနေကြတဲ့ ကလေးငယ်များရဲ့ ရယ်မောသံက အိမ်ထဲ
ကနေ လမ်းမပေါ်ဆီ လျှံကျသွားပါတယ်။
ခေါင်းရင်းဖက် ပြတင်းပေါက်နံဘေးက နံရံတွင် ရှိသော တီဗွီနှင့်
ဗွီဒီယို ပြစက်ကို ကြည့်ရင်း သူတို့အားလုံး ငြိမ်သက်နေကြ
ပါတယ်။ ဇာတ်လမ်းထဲတွင် မင်းသမီး ငိုကြွေးနေသော ဇာတ်ဝင်
ခန်းအရောက် မင်းသမီးကို ကြည့်ရင်း သူတို့အားလုံး စိတ်မကောင်း
ဖြစ်နေကြ၊ ရုတ်တရက် နွေအေးက ထပြီး ဗွီဒီယိုပြစက်မှ Pause
ခလုတ်ကို ပိတ်ရင်း …
“ကျနော့် နားထဲ ဟိုဖက်အိမ်က ငိုသံလိုလို ကြားနေတယ် …”
“TV ထွက်တဲ့ အသံပါ နွေအေးရယ်၊ ခေါင်းရင်းအိမ်မှာ ဘယ်သူမှ
မရှိတာ …”
တီဗွီမျက်နှာပြင်ပေါ်မှာ ရပ်တန့်နေသော ဗွီဒီယိုပြကွက်ကို ကြည့်
နေရင်း သူတို့အားလုံး အသံတစ်သံကို ကြားနေရပါတယ်၊ ငိုသံလိုလို
ဗလုံးဗထွေး ဖြစ်နေသော အသံ၊ ခေါင်းရင်းအိမ်ဖက်မှ လာသော အသံ။
တီဗွီစင်နားက ပြတင်းပေါက်ကနေ မှောင်မဲ တိတ်ဆိတ်နေသော ခေါင်း
ရင်းအိမ်ကို ကြည့်ရင်း ခုနက မသဲမကွဲ ကြားလိုက်သောအသံကို ထပ်မံ့
နားစွင့်နေကြပါတယ်။ သူတို့အိမ်က ပြတင်းနှင့် မျက်နှာချင်းဆိုင် ခေါင်း
ရင်းဖက်အိမ်က ပိတ်ထားသော ပြတင်းပေါက် ဘောင်ကြားလေးထဲက
ဘာအသံများ ထွက်လာမလဲလို့ သူတို့အားလုံး အာရုံစိုက်နေကြပါတယ်။
“အားလုံးကို သမီး နူတ်ဆက်ခဲ့ပါတယ် …”
“သမီးကို ခွင့်လွှတ်ကြပါ … ၀ုန်း … ဒုတ် … ဒုတ် ….”
ထွက်ပေါ်လာသော အသံကြောင့် ဖြူဖြူတို့ မောင်နှမတသိုက် အပါအ၀င်
နားစွင့်နေသော ကလေးငယ်အားလုံး အလိုအလျောက် အနည်းငယ်စီ
နောက်ဆုတ်သွားကြပါတယ်။ နွေအေးက ခေါင်းကုတ်ရင်း …
“ခေါင်းရင်းအိမ်မှာလည်း TV ကြည့်နေတာ ဖြစ်မယ် ….”
“တစ်အိမ်လုံး ဒီလောက် မှောင်မဲနေတာ၊ သူတို့ နယ်က ပြန်လာတာ
ကို မင်း မြင်လိုက်လို့လား …”
“ဒါဆို သူတို့အိမ်ထဲမှာ သူခိုး ၀င်နေတာလား …”
ဇဝေဇ၀ါ ဖြစ်နေသော သူတို့အားလုံး ပြတင်းပေါက်တံခါးကို ပြန်ပိတ်
ပြီး ဗွီဒီယိုဇာတ်လမ်းကို ဆက်ကြည့်နေကြပါတယ်၊ သို့ပေမယ့် သူတို့
ရဲ့ စိတ်တွေက ခုနက အသံဆီ ရောက်ရောက်နေဆဲ။ “ကျွီ … ၀ုန်း …”
ဆိုတဲ့ တဖက်အိမ်က ပြတင်းပေါက် တွန်းဖွင့်သံ၊ ပြတင်းပေါက် ဘောင်
တွေ နံရံနဲ့ ကပ်သွားတဲ့အသံကို သူတို့အားလုံး သေသေချာချာ ကြား
လိုက်ရပါတယ်။ သူတို့အိမ်ဖက်က ပြတင်းပေါက် တံခါးကို ပိတ်ထား
တာကြောင့် မြင်တော့ မမြင်ရပါ။ အသံကြောင့် ဖြူဖြူ၊ နွေအေးနဲ့
နောက်ဖေးအိမ်က ထွေးထွေးနဲ့ သားပုတို့ မောင်နှမပါ ထ’ရပ်ပြီး
ဖြူဖြူတို့အိမ်က ပြတင်းကို ပြိုင်တူ ဖွင့်လိုက်ကြပါတယ်။
ပွင့်သွားတဲ့ ပြတင်းကနေ တဖက်အိမ်ရဲ့ ပြတင်းပေါက်ကို ကြည့်
လိုက်တော့ ပိတ်ထားဆဲ၊ ဝေခွဲမရ ဖြစ်နေသော သူတို့ထဲက
နွေအေးတစ်ယောက်တော့ အိမ်က ကြက်မွှေးတံမြက်စည်းဖြင့်
ခေါင်းရင်းအိမ် ပြတင်းပေါက်ကို တွန်းလိုက် ထိုးလိုက် လုပ်နေ
ပါတယ် ….
“ဂျက်ချပြီး ပိတ်ထားတာ၊ ခုနက တံခါးဖွင့်သံက ဘယ်ကလဲ ….”
“အောက်ထပ်က ဦးလေးပွတို့ ပြန်ရောက်လို့ တံခါးဖွင့်
လိုက်တာ ဖြစ်မယ် ….”
သူတို့ ကြည့်နေခိုက် ခေါင်းရင်းအိမ်ထဲကနေ “အဟင့် … အဟင့်”
ဆိုသော ငိုရှိုက်သံလိုလို အသံတချို့ကို မသဲမကွဲ ကြားနေရပါတယ်။
ပြတင်းပေါက်နံဘေးမှာ ရပ်နေကြတဲ့ ဖြူဖြူတသိုက်ရဲ့ နောက်ကျော
ဖက်ကနေ အသံတစ်သံ ထွက်လာပါတယ် …
“မမဖြူ ပြတင်းပေါက်ကို ပိတ်လိုက်ပါတော့ …”
ပြတင်းပေါက် ပိတ်ဖို့ ပြောလိုက်သူက ဖြူဖြူတို့မှာ TV လာကြည့်
နေကြ ခေါင်းရင်းအိမ်နဲ့ နောက်ဖေးချင်း ကပ်လျက်မှာနေသော
အကြော်သည် ဒေါ်ဝင်းရဲ့သား ပြည့်ပြည့်၊ အသားဖြူပေမယ့် အမေ
ဖြစ်သူရဲ့ အကြော်မီး အပူရှိန်ကြောင့် မျက်နှာက အမြဲတမ်း နီရဲတွတ်
နေပြီး ကောင်းခန့်တို့ အပါအ၀င် ဆော့ဖော်ဆော့ဖက် သူငယ်ချင်း
များက သူ့ကို တရုတ်ဇာတ်လမ်းထဲက “ပေါင်ချိန်”ဟု ချစ်စနိုး
ခေါ်လေ့ရှိပါတယ်။
(၃)
တီဗွီမျက်နှာပြင်ပေါ်က ဗွီဒီယိုဇာတ်လမ်းထက် ခေါင်းရင်းအိမ်ရဲ့
ဖင်ချင်းပေါက်တွင် နေထိုင်သော ပေါင်ချိန်အား မေးခွန်းပေါင်းစုံ
မေးနေကြ ….
“ပေါင်ချိန်၊ နင်တို့အိမ်က ခေါင်းရင်းအိမ်နဲ့ ဖင်ချင်းပေါက်ဆိုတော့
ဘာတွေ တွေ့ရ ကြားရလဲ …..”
“ညဖက်တော့ တခါတလေ အသံတွေ ကြားရတယ်၊ ဟိုးတလောက
ကျနော် ဗိုက်အောင့်ပြီး ၀မ်းလျှောတော့ ညဖက်ကြီး နောက်ဖေးမှာ
အိမ်သာတက်ရင်း အသံကြားရတယ် …..”
“ဘာ ကြားရသလဲ ပေါင်ချိန် ….”
“ငိုသံပဲ၊ အဲဒါ ကျနော်လည်း ကြောက်တော့ အဖွားကို အော်ခေါ်
တာပေါ့၊ အဖွားက အိမ်သာ အပေါက်ဝမှာ လာစောင့်ပေးတယ်၊
အဖွားလည်း လာစောင့်ပေးတော့ အသံ မကြားရတော့ဘူး ….”
“ဒါဆို ဒါဆို … အဲဒါ လူ မဟုတ်ဘူးလား … ဘာလဲ သရဲ လား …”
“ဟုတ်လား၊ ကြောက်လိုက်တာ နော် …. ခုနက အသံကို ငါတို့
အားလုံး သေသေချာချာ ကြားလိုက်ရတာနော် …”
တစ်ယောက်တစ်မျိုးစီ ထင်မြင်ချက် အမျိုးမျိုးကို ပေးနေသော
သူတို့ စကားဝိုင်းထဲ ဖြူဖြူတို့ နောက်ဖေးအိမ်မှ သားပုရဲ့ စကား
ကြောင့် အားလုံး တိတ်ဆိတ် သွားပါတယ် ….
“ပေါင်ချိန်၊ မင်းတို့ အဖွားက အရင်တုန်းက ခေါင်းရင်းအိမ်မှာ
အ၀တ်လျှော်တဲ့ အလုပ်ကို သွားလုပ်ဖူးတော့ ခေါင်းရင်းအိမ်
အကြောင်း မင်းတို့အဖွားပဲ ပိုသိမှာ ….”
(ဆက်ရန်။ ။)
-စစ်ငြိမ်းဒီရေ
15 comments:
ကလေးတွေသနားပါတယ်။ လူကြီးက အိမ်မှာ မရှိတဲ့ကြားက အင်းးးးး.... စိတ်ဝင်စားလာပြီ.... အပိုင်း (၂) မြန်မြန်တင်ပါနော်။ လည်ပင်းရှည်လာမှာစိုးလို့....း)
ခင်မင်လေးစားလျက်
အရင်တုန်းကလို
ကြောက်တတ်သူများ ၊
နှလုံး ၇ှိသူများ မဖတ်သင့်ကြောင်း ဆိုတာ
ထိပ်ဆုံးမှာ မရေးထားတော့
စိတ်ခြောက်ခြား ဖွယ်
သရဲ ဇာတ်လမ်း မဟုတ်ဘူးးထင်နေတာ ..
ဖတ်ရင်း ဖတ်ရင်း နဲ့မှပဲ
သိတော့တယ် .. ;))
စောင့်မျှော်လျှက်
ဆောင်းနှင်းရွက်
အပိုင်း (၂)ကိုမျှော်နေပါတယ်ကိုအောင်ရေ။ မြန်မြန်လေးတင်ပေးဖို့လည်း တဆက်တည်း အပူကပ်ပါရစေ။ :D
ခါတိုင်းဇာတ်လမ်းတွေလိုပဲ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်... စောင့်ဖတ်နေပါတယ် ကိုအောင်ရေ
ကိုအောင် ကတော့ လုပ်ချလိုက်ပြန်ပြီ မြန်မြန်လေး ရေးပေးပါနော်
ရွှေစင်ဦး
အဖွားကို မြန်မြန်မေးပါ
သိချင်နေပြီး)
ကောင်း၏။ ကြောက်ဖို့ လေ ...
အဆောင် တရဲကြောင်းရော ကြားဖူးဘူးလားဟင် ?
Very interesting and can't wait to read the second, third,...posts. By the way, that picture scare the ... out of me as I have just finished watching BONES.
ခေါင်းစဉ် ကြည့်ပြီးတော့ မထင်မိဘူး.. သရဲဝတ္တုတော့ ကြိုက်တယ်.. အပိုင်း (၂) မျှော်မယ်နော်..
Your blog is mobile version now!
ဟုတ် ကိုသက်ဦး ....
မေသိမ့်သိမ့်ကျော်၊ ဆောင်းနှင်းရွက်၊ Evy၊ မရွှေပြည်သူ၊ မရွှေစင်ဦး၊ မချော၊ မစော၊ သိင်္ဂါကျော်နဲ့ အနော်နီမတ်စ် တို့ရေ ...
နောက်တစ်ပိုင်းကို လာမယ့် နှစ်ပတ်အတွင်း တင်ဖြစ်မယ် ထင်ပါတယ်၊ ကြောက်စရာ အပိုင်း တွေ ရောက်ရင်တော့ အရင်လို သတိပေး စာတန်းကို အပေါ်မှာ တင်ထားမှာပါ၊ အဆောင်တရဲ ဇာတ်လမ်းတွေက အမျိုးမျိုးရှိတော့ အကုန်လုံးတော့ မသိဘူး၊ Bones ဇာတ်လမ်းမျိုးတော့ မဟုတ်ပါဘူး၊ ကျနော့်ကိုယ်ပိုင် စိတ်ကူးယဉ်မှုပါ၊ ဖြစ်ရပ်မှန်တချို့နဲ့ တိုင်ဆိုင်ခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ .... :P
အကိုရေ ဇတ်လမ်းကောင်းတုန်းနော်... နောက်ဆက်တွဲ မြန်မြန်လေး လုပ်ပါနော်...:)
မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးပါအကို...:)
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..
အင်းလေ..
ကိုယ်ပိုင် ဇာတ်လမ်းပဲ ၊ ဖြစ်ချင်ရာဖြစ်မှာပေါ့ ။
ကိုယ်ကလည်း ပေးချင်တာတစ်ခုခု ရှိလို့ 
ရေးခဲ့ တာပဲ..။ ဆက်ရေးပါလေ..။
လာခဲ့ အုံးမယ်၊ ထပ်ပြီး.....။
ဆရာအောင် သေချာတယ်နော် ကြောက်ချာ မကောင်းတာ သေချာတယ်နော်
စောင်ခေါင်းမူးမခြုံ (ပူအိုက်နေသောကြောင့်) ညဘက် ဖတ်နေရပါသောကြောင့်
လာပါပြီဗျာ။ ကို အောင့် မူ အတိုင်း ကြက်သီးတဖျန်းဖျန်းထ ဇာတ်လမ်းတွဲ တွေ။ ထုံးစံ အတိုင်း တစ်ပုဒ်နဲ့ တပုဒ် သိပ်တော့ မကြာပါစေနဲ့ ဗျ။ :)
Post a Comment