Wednesday, 29 June 2011

အမှတ်တရ (အပိုင်း- ၁)

(၁)

ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးတစ်ခုမှာ ဖြူဖြူတို့ မိသားစု
နေထိုင်ကြပါတယ်။ လူလတ်တန်းစား၊ ဆင်းရဲသား၊ လက်လုပ်လက်စား
နဲ့ အစိုးရ ၀န်ထမ်းများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းသူများ စုပေါင်း
နေထိုင်ရာ ရပ်ကွက်တစ်ခုပါ။ ပေ ၂၀- ၄၀ မြေကွက်ပေါ်မှာ ဆောက်လုပ်
ထားသော အိမ်နံရံများက ထိလုနီးပါး၊ ပြတင်းပေါက် ဖွင့်လောက်ရုံသာ
ဝေးကွာပါတယ်။ ဖြူဖြူတို့ အိမ်နှင့် ကပ်လျက် ခေါင်းရင်းဖက် နှစ်ထပ်
တိုက်ကို နယ်၌ တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိကြီးတစ်ဦး ပိုင်ဆိုင်ပြီး
တခါတရံမှသာ သူတို့ မိသားစုကို မြင်တွေ့ရလေ့ ရှိပါတယ်။ သူတို့
ခေါင်းရင်းအိမ်က လွဲပြီး အိမ်တိုင်းလိုလိုတွင် အိမ်ရှင် အိမ်ဌားများ
စုပေါင်း နေထိုင်သောကြောင့် တစ်အိမ်လျှင် အနည်းဆုံး မိသားစု နှစ်စု
ကနေ သုံး … လေးစုအထိ ရှိတတ်ကြပါတယ်။

မနက်မိုးလင်း အသံကျယ်ကျယ် ဘုရားရှစ်ခိုးသံ၊ ကလေးငိုသံ၊ အလုပ်
နဲ့ ကျောင်းသွားဖို့ ပြင်ဆင်သံတို့ဖြင့် နိုးထပြီး တနေကုန်နီးပါး ကလေး
ငယ်တွေရဲ့ ပြေးလွှား ဆော့ကစားသံ၊ ဖြတ်သွားဖြတ်လာ အထမ်းဈေး
သည်များဖြင့် စည်စည်ကားကား။ မောင်နှမ လေးယောက်တွင် အကြီးဆုံး
ဖြစ်တဲ့ ဖြူဖြူက တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ သူ့အောက် နွေအေးက
အဋ္ဌမတန်း ကျောင်းသား၊ ပြီးတော့ ပဉ္စမတန်းရောက် ကျော်ကျော်နဲ့
ကောင်းခန့်တို့ အမွှာညီအကို။





သူတို့ရဲ့ တိုက်ခံ ပျဉ်ထောင်အိမ်လေးမှာ အပေါ်ထပ်တွင် သူတို့
မိသားစု နေထိုင်ပြီး အောက်ထပ် ခေါင်းရင်းခန်းတွင် မြေတိုင်းစာရေး
ကြီး ဦးလေးပွတို့ သားအဖကို ဌားရမ်းထားပါတယ်။ ဦးလေးပွတို့
သားအဖက ဌားရမ်းနေထိုင်သော်လည်း အိမ်မှာ အမြဲ နေလေ့မရှိ၊
တစ်လတွင် တခါတရံ (၁၀)ရက်၊ ရက်(၂၀) လောက် အလုပ်ကိစ္စဖြင့်
ခရီးထွက်လေ့ ရှိပါတယ်။ အောက်ထပ် ခြေရင်းခန်းကို ယခင်က အိမ်
ဌား မတင်ထားသော်လည်း အမေ့အမ ကြီးကြီးလှ၏ သားဖြစ်သူ အကို
တ၀မ်းကွဲ ကိုစိုးတစ်ယောက် သူ့ချစ်သူကို ဖြူဖြူတို့အိမ်ထံ ခိုးပြေးလာ
ရာကစပြီး အတူတကွ စုပေါင်း နေထိုင်ကြပါတယ်။ ကိုစိုးထက် သူ့ဇနီး
ဖြစ်သူ မမအေးကို ဖြူဖြူတို့ မောင်နှမများက ပိုမို ခင်မင်ကြပါတယ်။

Read more »

Monday, 27 June 2011

မန္တလေးမြို့ရဲ့ အခြေအနေ



ယနေ့(၂၇.၀၆.၂၀၁၁)နေ့မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့
ကျောက်ဝိုင်း တရုတ်-မြန်မာ ရိုက်ပွဲကြောင့် မန္တလေးမြို့
အတွင်း ဒီနေ့ ည (၁၀)နာရီ နောက်ပိုင်း ဈေးဆိုင်များ၊
အင်တာနက်ဆိုင်များကို ပိတ်ဖို့ အာဏာပိုင်များက ညွှန်ကြား
ထားကြောင့် သိရပါတယ်။
(ဓါတ်ပုံက ဧရာဝတီ စာမျက်နှာကပါ။)
Read more »

Thursday, 23 June 2011

စုန်းမရဲ့ ညနေခင်း (Bramming,Denmark-23/06/2011)



ကန်ရေပြင်ထဲ အထီးကျန်လိုက်တာ ...




မီးရှို့မယ့်လူတွေ လာနေပြီ စုန်းမရေ ပြေးတော့ဟေ့
ပြေးပြေးပြေးးးးးးးးး ...

Read more »

Wednesday, 22 June 2011

ရီနေဆန်ခေတ်က စုန်းမ

နှစ်စဉ်နှစ်တိုင်း နွေလယ်ည ပွဲတော်ကို ဇွန်လ (၂၁)ရက်နေ့
ကနေ (၂၄)ရက်နေ့ ကြားကာလတွေမှာ ဥရောပတိုက်က
နိုင်ငံအများစုနဲ့ အနောက်အုပ်စုဝင် နိုင်ငံတချို့မှာ ကျင်းပ
လေ့ရှိပါတယ်။ တကယ်တော့ အဲဒီရက်ပိုင်းမှာ နေ့တာ အရှည်
ဆုံးဖြစ်လို့ အလင်းရောင်ဟာ နံနက် (၅)နာရီဆိုရင် တော်တော်
ကို ထိန်လင်းနေပါပြီ၊ ညဖက် ဆိုရင်လည်း ည(၁၁) နာရီလောက်
အထိ မော်တော်ကားတွေ မီးကြီး မထိုးပဲ မောင်းနှင်လို့ ရပါ
သေးတယ်။

ဇွန်လ (၂၃)ရက်နေ့ ညနေပိုင်းမှာ ဒိန်းမတ်နိုင်ငံ အတွင်း
“စမ်းကန် အာဖ်တမ်န်” (Sankt Hans aften) ခေါ် "St. John's Eve"
ပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်မှာ အမျိုးသမီး ပုံစံပြုလုပ်
ထားတဲ့ အရုပ်ကြီးကြီး တစ်ခုကို ကွင်းပြင်ထဲမှာ ဖြစ်စေ၊ ချောင်းထဲ
မှာ ဖြစ်ဖြစ်၊ သောင်ပြင်ပေါ်မှာ ဖြစ်ဖြစ် မီးရှို့ကြပါတယ်။ မီးရှို့ခံရတဲ့
အရုပ်ကို စုန်းမတစ်ဦးလို သဘောထားပြီး ရှို့ကြပါတယ်။ မီးလောင်တဲ့
အချိန်မှာလည်း မီးခိုးငွေ့တွေဟာ ဂျာမနီနိုင်ငံဖက်ကို မျှောလွင့်သွား
တယ်လို့ ရှေးရိုးစွဲ ဒိန်းမတ်နိုင်ငံသား ဘိုးဘွားအချို့ကတော့ ယုံကြည်
ခဲ့ကြပါတယ်။






နွေလယ်ည ပွဲတော်ကို AD ၁၇၇၀ ခုနှစ်လောက်က စတင်ပြီး
ကျင်းပတယ်လို့ မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ AD ၁၃၉၇
ကနေ AD ၁၅၂၃ အထိ ဒိန်းမတ်၊ နော်ဝေးနဲ့ ဆွီဒင်နိုင်ငံတို့ဟာ
“Kalmar Union” အတွင်း စုပေါင်းပြီး တနိုင်ငံတည်းအဖြစ် နေ
ထိုင်ခဲ့ကြဖူးပါတယ်။ AD ၁၅၂၃ ခုနှစ်မှာ ဆွီဒင်နိုင်ငံဟာ Kalmar
Union က ခွဲထွက်သွားပါတယ်။ AD ၁၆၅၈ ခုနှစ်မှာ ဒိန်းမတ်နဲ့
ဆွီဒင်နိုင်ငံတို့ စစ်ဖြစ်ပွားပြီး ဒိန်းမတ် စစ်ရှုံးလို့ နယ်မြေ အများ
အပြားကို ဆွီဒင်ဖက်က ရရှိသွားပါတယ်။

Read more »

Sunday, 19 June 2011

နိုင်ငံရေးသိပ္ပံနှင့် The Godfather ရုပ်ရှင်

(မှတ်ချက်။ ။ ကျနော့်မွေးနေ့ ဇွန်လ(၁၇)ရက်နေ့ က
Facebook ပေါ်မှာ လာရောက် ဆုတောင်းပေးတဲ့သူ အားလုံး
ကို အထူး ကျေးဇူးတင်ပါတယ်။)

The Godfather ရုပ်ရှင်ကို ယနေ့ ဥရောပ နိုင်ငံတချို့ရဲ့ စာသင်
ကျောင်းတွေမှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသားတွေအတွက် နိုင်ငံ
ရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြပါတယ်။
မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်အတွက်တော့ ဒီရုပ်ရှင်ကားဟာ
မားဖီးယား ဒုစရိုက်ဂိုဏ်းကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း
အာဏာယူတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်တဲ့သူ များပါတယ်။
ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အပေါင်းအသင်း
အချင်းချင်း သတ်ဖြတ်မှုတွေ ရုပ်ရှင် ဇာတ်လမ်းအတွင်း ပါဝင်လို့
ဘာသာတရား ကိုးကွယ်ယုံကြည်သူများကတော့ သဘော မကျ
ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကားဟာ
The Godfather Part I – 1972
The Godfather Part II – 1974
The Godfather Part III – 1990
တို့မှာ အမေရိကန် ရုပ်ရှင်လောက က ရိုက်ကူးခဲ့ပြီး ကမ္ဘာအရပ်ရပ်
က ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ အသဲစွဲ ရုပ်ရှင်ပါ။





ကမ္ဘာ့အရပ်ရပ်က နိုင်ငံရေးသမားတွေ၊ စီးပွားရေး အကျော်အမော်
တွေ၊ ပညာရှင် တချို့ဆိုရင် ကိုယ်ပိုင်ခွေအဖြစ် ၀ယ်ယူ သိမ်းဆည်း
ပြီး နှစ်ပတ် တစ်ကြိမ်၊ တစ်လ တစ်ကြိမ်လောက် ထပ်ခါတလဲလဲ ကြည့်
ရှုတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ ဒါဆိုရင် ဒီလောက် ရက်စက်
မှုတွေပါဝင်တဲ့ ဒီရုပ်ရှင် ဇာတ်လမ်းအတွဲဟာ စာသင်ခန်းထဲကို ဘာ
ကြောင့်များ ရောက်လာသလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

Read more »

Saturday, 18 June 2011

ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်မြောက်မွေးနေ့ (ဒိန်းမတ်နိုင်ငံ)



Read more »

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ဖိတ်ကြားလွှာ (ဒိန်းမတ်နိုင်ငံ)



(၁၉.၀၆.၂၀၁၁)နေ့တွင် ကျရောက်မည့် မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆) နှစ်ပြည့် မွေးနေ့ပွဲ
အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့
ပွဲ အခမ်းအနားကို (၁၈.၀၆.၂၀၁၁)နေ့ တွင် ဒိန်းမတ်နိုင်ငံ၊
အက်စ်ပီးယား ခရိုင်(Esbjerg)၊ ဘာမင်း (Bramming) မြို့တွင်
မြန်မာ မိသားစုများက စုပေါင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်
ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။



နေ့စွဲ။ ။ ၁၈.၀၆.၂၀၁၁။

အချိန်။ ။ နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီ အထိ။

နေရာ။ ။ Drejervej 3, 6740 Bramming, Denmark
(ဦးလှရွှေ နေအိမ်။)


View Larger Map
Read more »

Sunday, 12 June 2011

စာများများ ဖတ်နိုင်ကြပါစေ …

လွန်ခဲ့တဲ့ လအနည်းငယ်က ဒါရိုက်တာ ဇော်မျိုးအောင် ရိုက်ကူး
တဲ့ “အာဃာတအငြိုး” ဗွီဒီယိုဇာတ်လမ်းကို အင်တာနက်ပေါ်က
အခမဲ့ ကြည့်ရှုနိုင်တဲ့ လင့်ခ်တစ်ခုမှာ ကြည့်ရှုရပါတယ်။ ၀တ္ထု
ဇာတ်လမ်းက အောင်ဇမ္ဗူ(ဂမ္ဘီရ)လို့ ရေးထိုးထား ပါတယ်။ မင်းမော်ကွန်း၊
ရဲအောင်၊ အိန္ဒြာကျော်ဇင်နဲ့ သရုပ်ဆောင် အများအပြား ပါဝင်ထား
ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရုပ်ရှင်သမိုင်း ပြတိုက်နှင့်
ရုပ်ရှင်ခမ်းမ အဆင့်မြင့် ပြုပြင်ရန် ရံပုံငွေ ဇာတ်ကားလို့ ရေးထိုး
ထားပါတယ်။




တကယ်တော့ ဒီဝတ္ထုဇာတ်လမ်းဟာ ၁၉၈၈ ခုနှစ် မတိုင်ခင်က
နာမည် သိပ်မကြီးခဲ့တဲ့ စာရေးဆရာတစ်ဦးရဲ့ ၀တ္ထုဇာတ်လမ်း
တစ်ပုဒ်ပါ။ မူရင်း စာရေးဆရာ အမည်ကို လုံးဝ မမှတ်မိပါဘူး၊
အောင်ဇမ္ဗူ (ဂမ္ဘီရ) မဟုတ်တာတော့ သေချာပါတယ်။ မူရင်း စာရေး
ဆရာရဲ့ ဇာတ်လမ်းကို ဟိုနေရာပြောင်း ဒီနေရာရွေ့ လုပ်ထားတာပါ။

၈၈ မတိုင်ခင်က ဇာတ်လမ်းမှာ သူတို့မှာ သားအဖ သုံးယောက်
ရှိပါတယ်၊ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်တွေ မြန်မာပြည်
ထဲ ၀င်လာစမှာ သူတို့အိမ်ကို ဓမြတွေက ၀င်တိုက်ကြတယ်၊
အကိုနဲ့ အဖေကို ဓမြက သတ်ဖြတ်သွားတယ်၊ ကျန်ခဲ့တဲ့ ကလေး
က မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်၊ သေနတ်ဒဏ်ရာ ရနေ
တဲ့ သေဆုံးခါနီး အကို ဖြစ်သူက ခံပြစ် လို့ ဓမြတစ်ဦး သေနတ်
ဒဏ်ရာ ရသွားပါတယ်၊ သေနတ်သံကြားလို့ ရောက်လာတဲ့
ဂျပန်လူမျိုး စစ်ဖက် အရာရှိက ကျန်ရစ်သူ အငယ်ဆုံး ကလေး
ငယ်ကို မွေးစားဖို့ ခေါ်ယူသွားပါတယ်။

Read more »

Thursday, 9 June 2011

နည်းနည်းလေးပဲ လွဲပါတယ်

ကမ္ဘာ့ အိုလံပစ် အမျိုးသမီး ဘောလုံး ပြိုင်ပွဲမှာ အီရန်နိုင်ငံ
အမျိုးသမီး ဘောလုံးအသင်းကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်
ဖီဖာက ပြိုင်ပွဲဝင်ခွင့် မပြုခဲ့ပါဘူး။ ပြဿနာက သူတို့ဟာ
ဘာသာရေး အရ ခေါင်းမြီးခြုံတဲ့ ကိစ္စပါ။ ဘောလုံးကွင်းထဲ ကစားဖို့
အရေး သူတို့အသင်းအတွက် အဲဒီကိစ္စဟာ သေရေးရှင်ရေး
ဖြစ်ကြောင်း သူတို့ဖက်က တင်ပြပါတယ်။ ဖီဖာကတော့ လုံးဝ
မဖြစ်နိုင်ကြောင်း ဖြေရှင်းနေပါတယ်။




အခုရက်ပိုင်း ဒိန်းမတ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံ နယ်စပ်မှာ ဒိန်းမတ်ဖက်
အခြမ်းက နိုင်ငံကူးလက်မှတ် စစ်ဆေးတာကို ဂျာမန် မီဒီယာနဲ့
နိုင်ငံရေးသမားတွေက ပြစ်တင် ဝေဖန်နေပါတယ်။ စစ်ဆေးတာနဲ့
ပက်သက်ပြီး ဒိန်းမတ်မှာ လူထုစစ်တမ်း ကောက်ယူထားကြည့်တော့
ထောက်ခံတဲ့ အရေအတွက်က ၅၄.၆ %၊ မထောက်ခံတာက ၄၀ %၊
စိတ်မ၀င်စားတာက ၅.၄ %။ ဒိန်းမတ်နိုင်ငံသား အများစုကတော့
ပိုလန်နဲ့ ရိုမေးနီးယား နိုင်ငံသားတွေ အရင်ထက် ဒိန်းမတ်နိုင်ငံထဲ
ဝင်ရောက်လာပြီး ဖောက်ထွင်း ခိုးယူမှုတွေ၊ တောင်းစားတာတွေ
အဖြစ်များလို့ အခုလို နယ်စပ်ဂိတ်တွေမှာ စစ်ဆေးသင့်ကြောင်း
ထောက်ခံကြပါတယ်။

အရင်က တောင်းစားသူ လုံးဝ မရှိတဲ့ နယ်မြို့တွေမှာတောင်
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ မြို့လယ်ခေါင် ဈေးလမ်းမ
တလျှောက် သူတောင်းစားလုပ်ဖို့ ရိုမေးနီးယား နိုင်ငံသားတွေ
အစုလိုက် အပြုံလိုက် ၀င်ရောက်လာကြောင်း မီဒီယာတွေမှာ
ဖော်ပြပါတယ်။ အိမ်တစ်အိမ်ရဲ့ သော့ကို ဖျက်ပြီး ဖောက်ထွင်း
ခိုးယူဖို့ ကြိုးစားတဲ့ ပိုလန်လူမျိုး သူခိုးတစ်ယောက်ကို ဒိန်းမတ်ရဲ
က ဖမ်းမိတော့ သူခိုး အခုလို ညည်းရှာပါတယ် …
“ပစ္စည်းတွေက စိတ်ဝင်စားစရာ မရှိပါဘူးဗျာ၊ B & O ရုပ်မြင်သံကြား
တွေ ရှိမလားလို့ သော့ဖျက်ပြီး ၀င်မိပါတယ်၊ အိမ်ထဲမှာ တရုတ်နိုင်ငံ
ကလာတဲ့ အရည်အသွေးညံ့ပြီး ဈေးပေါတဲ့ ပစ္စည်းတွေပဲ ရှိမယ်ဆိုရင်
ဒီလောက် အပင်ပန်း မခံပါဘူးဗျာ … ”

Read more »

Tuesday, 7 June 2011

အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့ အလုပ်ဖြစ်တယ်

ရေးသူ- ကိုမောင်မောင်ဝမ်း

အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့ အလုပ်ဖြစ်တယ်
(ဆရာတော် ဦးဇောတိက)

ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရတက်လာတော့ ဒေါ်အောင်ဆန်းစုကြည်
က အစိုးရတရပ်အဖြစ်ရှုမြင်တယ်ဆိုတာကို ပြောခဲ့တယ်။ မဲလိမ်လို့
ပဲတက်လာလာ၊ မတရားလုပ်လို့ပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့တော့
အစိုးရဖြစ်လာတာပဲ (ပြည်သူတွေကမဲပေးလိုက်တာကိုး) ဒါကို ဒေါ်စု
သဘောပေါက်တယ်၊ လက်ခံချင်သည်ဖြစ်စေ၊လက်မခံချင်သည်
ဖြစ်စေ..အစိုးရတရပ်တော့ ဖြစ်လာပြီ၊ ဒေါ်စုဘက်က ရိုးသားတယ်၊
အရှိတရားကိုအရှိတရားအဖြစ်မြင်လိုက်တယ်…. ဒါဟာ စိတ်သတ္တိ
တမျိုးပါ။

ဂျွန်မက်ကိန်း မြန်မာနိုင်ငံကိုလာရောက်လို့ ကြံ့ဖွတ်အစိုးရရဲ့ ဒု-
သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်
ကို သာမန်အရပ်သားတယောက်လိုသဘောထားပါတယ်တဲ့၊
သဘောကတော့ သူလိုကိုယ်လိုပါပဲ ဆိုတဲ့အဓိပ္ပါယ်သက်ရောက်
တယ်၊ သူတို့အနေနဲ့ ထူးထူးခြားခြားလူထုခေါင်းဆောင်တို့၊
ဒီမိုကရေစီခေါင်းဆောင်တို့သတ်မှတ်ဘို့ အသိမှတ်မပြုပါဘူးပေါ့
----ဒါဟာ အရှိတရားကိုမျက်ကွယ်ပြုလိုက်ခြင်းပါ။

ကျနော်အရင်က အသိမှတ်ပြုခြင်းရဲ့အနှစ်သာရ နဲ့ စိတ်ခွန်အား
သတ္တိကို သိပ်သဘောပေါက်ခဲ့ပါဘူး၊ ဆရာတော်ဦးဇောတိကရဲ့
တရားတော်တွေကို စာအုပ်စာပေတွေကနေဖတ်ရှုရတဲ့အခါ
ရောက်မှကောင်းကောင်းသဘောပေါက်လာတယ်။ တကယ်တော့
အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်တဲ့၊ သိပ်မှန်
လိုက်တဲ့စကားဗျာ။ကျနော့်ဘ၀မှာဒီအယူအဆလေးကအတော်ကို
လွှမ်းမိုးသွားခဲ့တယ်၊အတိတ်ကိုပြန် စဉ်းစားကြည့်လိုက်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် အတော်ရှက်စရာကောင်းတဲ့လုပ်ရပ်တွေနဲ့ စိတ်
အစဉ်တွေကိုပြေးမြင်မိတယ်၊ လူတော်တော်များများဟာ မကောင်းတာ
များကိုသာ အသိမှတ်ပြုဘို့ဝန်မလေးတတ်ကြပေမဲ့လို့ ကောင်းကွက်
တွေကို အသိမှတ်ပြုဘို့ကြအတော်ဝန်လေးတတ်ကြတာမဟုတ်လား၊
ဒါဟာ သာမန်စိတ်ပါ၊ လူတစ်ယောက်ယောက်ရဲ့ ကောင်းကွက် တော်
ကွက်တွေကို အသိမှတ်ပြုဘို့ဆိုတာ အပြောလွယ်သလောက်အလုပ်
ခက်တယ်၊ ဆရာတော်ပြောသလိုစိတ်ခွန်အားစိတ်သတ္တိတွေလို
တယ်၊ကျနော်ဒီအမှန်တရားကိုလက်တွေ့ကျင့်သုံး ကြည့်တယ်၊ ကျနော်
အင်္ဂလိပ်စာ ကျူရှင်ဆရာတယောက်အဖြစ်ရပ်တည်တော့ စာတော်တဲ့
ကျောင်းသားတွေကို အရှိကိုအရှိတိုင်း အပိုအလိုမရှိအသိမှတ်ပြုကြည့်
တယ်၊ အဲဒီတော့ဒီကျောင်းသားတွေဟာပိုပိုပြီးတော်လာတာကို
တွေ့ရတယ်လိုအပ်ချက်တွေကိုလည်း စေတနာရှေ့ထား ထောက်
ပြတယ် ကျောင်းသားတွေဟာလိုလိုလားလားခံယူပြီး ကြိုးစားလာ
တာကို တွေ့ရတာအမှန်ပါ ၊ ဒါကို အသိမှတ်ပြုခြင်းရဲ့အကျိုးရလာဒ်
လို့ခံယူမိတယ်။ အပြင်လောကလူမူ့ဆက်ဆံရေးနယ်ပယ်မှာလည်း
ကျင့်သုံးကြည့်တယ် အဲဒီလိုအသိမှတ်ပြုခံရတဲ့သူတွေဟာ ကိုယ့်ကို
ခင်မင်လေးစားလာတာ လက်တွေ့ပါ။

အသိမှတ်ပြုတယ်ဆိုတာ အပိုအလိုမရှိကျင့်သုံးရတဲ့ကိစ္စပါ၊ ပို
သွားတယ်ဆိုမြှောက်ပြောတာ၊ ဘုန်းတော်ဘွဲ့တွေချီးကျူးတာ ဖြစ်
သွားမယ်၊လိုပြောတယ်ဆိုရင်တော့ အသိမှတ်မပြုရဲတာနဲ့အတူတူ
ပါပဲ၊ အသိမှတ်မပြုရဲတာဟာမုန်းတီးခြင်းတွေမနာလိုခြင်းတွေ
ယှဉ်တွဲရာကဖြစ်ပေါ်လာတဲ့ဒေါသစိတ်တွေပါ၊ ဒါပေမယ်လို့
အယူအဆတခုလုပ်ရပ်တခုအပေါ်မှာတော့ရှု့ထောင့်ဆိုတာ
ရှိပါတယ်ဘယ်ရှုထောင့်ကရပ်တည်ပြောတာလည်းဆိုတဲ့
အပေါ်တည်မှီပြီး အသိမှတ်ပြုခြင်းတွေ မပြုခြင်းတွေဆိုတာ
ကွဲပြားနိုင်ပါတယ်၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့
ခေါင်းဆောင်ဖြစ်တယ်၊တပ်မတော်ဖခင်ဖြစ်တယ် ဒါဟာ အသိမှတ်
ပြုကိုပြုရမဲ့အရာပါ၊ ပကတိတည်ရှိခဲ့တဲ့ အရာတွေမဟုတ်လား၊
သူလုပ်ခဲ့တဲ့လုပ်ရပ်တွေသူပြုမူဆောင်ရွက်ခဲ့တဲ့အရာတွေ ပေါ်မှာ
တော့ ရှုထောင့်အပေါ်လိုက်ပြီးကွဲပြားနိုင်ပါတယ်၊ ထိုနည်းတူစွာပဲ
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် ၊ ဒီမိုကရေစီ
ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ခေါင်းဆောင်
ဗျာ ရှင်းပါတယ် ဒါတွေဟာ လက်တွေ့ပကတိအရှိတရားတွေပါ၊
သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ အသိမှတ်ပြုမယ် မပြုဘူး
ဆိုတာ ဒါက ရပ်တည်ချက်ရှုထောင့်နဲ့ဆိုင်သွားပြီ (ဒါသူတို့သဘော)။

Read more »