Monday, 23 May 2011

လွင်ပြင် ခေါ်သံ (ဇာတ်သိမ်း)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့်
ကြောက်ရွံ့ထိတ်လန့်တတ်သူများ မဖတ်ရှုသင့်ပါ။)

ယခင် အပိုင်း(၉)မှ အဆက် …

အိမ်အောက်ထပ်ကနေ ခြံတွင်းခြံပြင် နေရာအနှံ့ဆီ ဓါတ်မီးတွေ
လှမ်းထိုးပြီး ရှာဖွေနေကြပါတယ်။ ပြေးလွှားရင်း ချွေးတွေ တရွှဲရွှဲ
ဖြစ်နေတဲ့ သာဂိနဲ့ လှဆောင်တို့ကလည်း ခြံအပြင်ဖက်ကို လောက်
လေးခွကိုယ်စီနဲ့ မကြာခဏဆိုသလို လှမ်းပြီး ပစ်နေကြဆဲပါ၊ စုပေါင်း
နေထိုင်ရာ အိမ်အသီးသီးထံက ဆက်တိုင်ဆိုသလို ထွက်ပေါ်နေတဲ့
သံပုံးတီးသံများကြောင့် တစ်ရွာလုံး ဆူညံနေပါတော့တယ်။

သံပုံးတီးသံတွေ ရပ်လိုက်ဖို့ အဘစံတို့ခြံထဲကနေ ဓါတ်မီးရောင်
နဲ့ အချက်ပြလိုက်မှ မီးကို ရေနဲ့ သတ်လိုက်သလို ရပ်တန့်သွား
ပါတယ်။ တုတ်၊ ဓါး၊ ၀ါးချွန်တွေနဲ့ လှံရှည်တွေ ကိုင်ဆောင်ထားတဲ့
လူကြီးလူငယ်ပေါင်းများစွာဟာ မိမိတို့ စုပေါင်းနေထိုင်ရာ ခြံဝန်း
တွေထဲ ကျားကို ရှာဖွေနေကြဆဲပါ။ အဘစံတို့ ခြံထဲက မကျီးပင်
ပေါ် ဖိုးချစ်နဲ့ ဆယ်အိမ်ခေါင်း ကိုတင်စန်းတို့ ဓါးကိုယ်စီ လွယ်ပြီး
တက်နေကြပါတယ် …




“ဖိုးချစ်၊ သေသေချာချာ ကြည့်နော်၊ ကျားကို တွေ့ပြီလား …”
“ဟုတ်ကဲ့ပါ ဗျာ၊ ကျုပ်လည်း သေသေချာချာ ကြည့်နေတာပဲ …”
“တွေ့ပြီလား၊ ဘယ်မှာလဲ …”
“ဒေါ်ခင်မှုံတို့ အိမ်ခေါင်းမိုးပေါ်မှာ မတ်တပ်ရပ်နေတာ ဘယ်သူလဲ …”

ဟိုဖက်ခြံ မကျီးပင်ပေါ်က ဖိုးချစ်အသံကြောင့် မိကျော့တို့ အိမ်အောက်
ထပ်မှာ ရှိနေတဲ့ လူတွေအားလုံး အံအားသင့်သွားပါတယ်၊ ဖိုးချစ်ပြော
လိုက်တဲ့ စကားကြောင့် သူတို့အိမ်ခေါင်းမိုးပေါ်မှာ တစုံတယောက်
ရောက်နေသလို …
“မျိုးသိမ်း၊ အပေါ်ထပ်ကို လှမ်းမေးကြည့်ပါအုံး၊ ဒီအချိန်ကြီး ခေါင်းမိုးပေါ်
ဘယ်သူတက်နေသလဲ …”



မျိုးသိမ်းရဲ့ လှမ်းမေးသံတွေ၊ အပေါ်ထပ်က ပြန်လည်ဖြေဆိုသံတွေ
အကြား သူတို့အားလုံး ယောက်ယက်ခတ်နေပါတယ်။ “ဒီအချိန်ကြီး
ခေါင်းမိုးပေါ် ဘယ်သူမှ မတက်ပါဘူး အေ့ ..” လို့ ညနေပိုင်းကမှ
အလည်ရောက်နေတဲ့ ဒေါ်သန်းခင်က လှမ်းပြောနေပါတယ်။ ထိတ်လန့်
နေသူတွေကြား သာဂိက …
“ဖိုးချစ်၊ သေသေချာချာ ကြည့်ပါအုံး၊ အိမ်ခေါင်းမိုးပေါ် ကြောင်များ
တက်နေတာလား၊ ဘယ်သူမှ မတက်ဘူးတဲ့ …”

အဘစံတို့ခြံထဲက မကျီးပင်ပေါ် ရောက်နေတဲ့ ဖိုးချစ်နဲ့ ကိုတင်စန်း
တို့ရဲ့ ဓါတ်မီးရောင်များနဲ့ သူတို့ အိမ်ခေါင်မိုးပေါ် ထိုးကြည့်နေကြ
ပါတယ်။ ကျောင်းဆရာလေး ကိုဦး အပါအ၀င် စိုးထိုက်နဲ့ ကိုထွန်းကြိုင်
တို့တတွေ အိမ်အပေါ်ထပ်ဆီ တက်သွားကြပါတယ်။ “ဟုတ်တယ်ဗျ၊
ဖွားယဉ်မေတို့ ခေါင်းမိုးပေါ်မှာ လူမှ လူစစ်စစ်၊ ဘယ်သူလဲတော့ မသိဘူး”
လို့ ဖိုးချစ်က ဆက်တိုက် အော်ပြောနေပါတယ်။ အိမ်ပေါ်ထပ် ပြတင်း
ပေါက်ကို ဖွင့်ပြီး တဖက်ခြံက ဖိုးချစ်တို့ လှမ်းပြောသံတွေ နားထောင်လိုက်၊
အိမ်ပေါ်ထပ်မှာ ရှိနေတဲ့ လူအရေအတွက် ရေတွက်ကြည့်လိုက်ဖြင့် သူတို့
အလုပ်များ နေကြပါတယ်။ “သံခဲလေး ဘယ်မှာလဲ …” လို့ ကိုထွန်းကြိုင်
က မိကျော့ကို လှမ်းမေးတော့ ခုနက ကိုယ်ပြန်ပူလာလို့ အိပ်ခန်းထဲမှာ
အိပ်ခိုင်းထားကြောင်း မတိုးတိုးနဲ့မိကျော့တို့ ပြောပြပါတယ်။

ရုတ်တရက် သူတို့အားလုံး သေသေချာချာ ကြားလိုက်ရတာက အိမ်
ခေါင်းမိုး သွပ်ပြားတွေရဲ့ တကျွီကျွီ မြည်သံပါ။ “ဟေ့ ခင်ဗျားက ဘယ်သူ
လဲ … ဟေ့ … ဖွားယဉ်မေတို့ ခေါင်းမိုးပေါ်မှာ မတ်တပ်ရပ်နေတဲ့ သူ …
ခင်ဗျာက ဘယ်သူလဲ …” ဆိုတဲ့ တဖက်ခြံက ဖိုးချစ်ရဲ့ အသံကို ကြား
နေရပါတယ်။ ကိုဦးနဲ့ သူတို့အားလုံး အသံအကျယ်ဆုံး ကြားရနိုင်မယ့်
နေရာကို မှန်းဆ နေကြပါတယ်။ သူတို့နားထဲကို တိုးဝင်လာတာက
မပီဝိုးတ၀ါး ရှိုက်ငိုသံပါ၊ အသံဟာ မတိုးတိုးနဲ့ မကျော့တို့ ညီအမ
အိပ်စက်ရာ အိပ်ခန်းဆီကပါ။ “သံခဲလေး အိမ်မက်တွေ မက်ပြီး ငိုနေပုံ
ရတယ် …” လို့ မတိုးတိုးရဲ့ စကားမဆုံးခင် အခန်းပေါက်ဝနား ရောက်
နေတဲ့ ကိုထွန်းကြိုင်က အခန်းတံခါးကို အသာ တွန်းဖွင့်လိုက်ပါတယ်။

“အောင်မလေး ဗျ၊ စောက်ထိုးကြီး … စောက်ထိုးကြီး၊ ပြတင်းပေါက်
မှာ စောက်ထိုးဆင်းပြီး အထဲကို ကြည့်နေတယ် …”
ကိုထွန်းကြိုင်ရဲ့ ထိတ်လန့်တကြား အော်သံကြောင့် ကြောက်လန့်
သွားတဲ့ ကလေးငယ်များရဲ့ ရုတ်တရက် ထငိုသံ၊ အချင်းချင်း မေးမြန်း
သံများနဲ့အတူ အိမ်ခန်းအတွင်းဆီ သူတို့ ရောက်သွားကြပါတယ်။
အိမ်ခန်းအတွင်းက ပြတင်းပေါက် တံခါး တစ်ချပ်ဟာ ခပ်ဟဟလေး
ပွင့်နေပြီး အခြားတစ်ဖက်ကတော့ အပြင်နံရံမှာ သွားကပ်နေပုံ
ရပါတယ်။ အိပ်ပျော်နေရင်း ငိုရှိုက်နေတဲ့ သံခဲလေးကို မတိုးတိုးနဲ့
မိကျော့တို့က လှုပ်နှိုးကြပါတယ်။ ကိုဦးကတော့ ပြတင်းပေါက်နား
တ၀ိုက် အပြင်ရော အတွင်းပါ ဓါတ်မီးဖြင့် သေသေချာချာ ထိုးကြည့်
နေပါတယ်။ အခန်းပေါက်ဝမှာ ရပ်ပြီး အထဲကို ၀င်မလာရဲတဲ့
ကိုထွန်းကြိုင်က ….

“ငါ သေသေချာချာ မြင်လိုက်တာ၊ အဲဒီ ပြတင်းပေါက် အပေါ်ဘောင်
ကနေ စောက်ထိုးနဲ့ ခေါင်းထွက်ပြီး အထဲကို ကြည့်နေတာ၊ မျက်လုံး
တွေက ရဲရဲကို တောက်နေတာ …”
“ကိုထွန်းကြိုင်ကလည်း အခု အမြင်ပဲလေ၊ ဘယ်သူမှ မရှိဘူး၊ မယုံရင်
ဒီနားလာကြည့် …”
စိုးထိုက်က ဘယ်လို လှမ်းခေါ်ခေါ် ကိုထွန်းကြိုင်ကို ခေါ်လို့ မရ …။

ပြတင်းပေါက်အပြင်က လေတိုက်သံတွေကြောင့် စိုးထိုက်တစ်ယောက်
ပြတင်းပေါက်တံခါးကို ပိတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စေ့နေတဲ့ ခပ်ဟဟ
တံခါးတဖက်အပြင် နံရံနဲ့ ကပ်နေတဲ့ တံခါးတဖက်ကို သံဇကာပေါက်က
နေ လှမ်းဆွဲလိုက်ပါတယ်။ သူ ဘယ်လို ဆွဲဆွဲ သူ့လက်ထဲကို ပြတင်း
တံခါးက ပါ မလာပါ။ ရုတ်တရက် သူ့လက်ဟာ အေးစက်နေတဲ့ ရေခဲ
တုံးနဲ့ ထိတို့ လိုက်သလို ခံစားလိုက်ရပါတယ်။ တံခါးဘောင်ကို လွှတ်
လိုက်ပေမယ့် သူ့လက်ကို အတွင်းဆီ ပြန်ဆွဲလို့ မရတော့ပါ၊ တိုးလို့
တန်းလန်ဖြစ်နေတဲ့ စိုးထိုက်တစ်ယောက် ချွေးသီးချွေးပေါက်တွေ
ကျလာပြီး … “ကိုဦး၊ လုပ်ပါအုံး … ဒီမှာ ကျနော့်လက်ကို အပြင်ကနေ
လှမ်းဆွဲထားတယ်၊ ဘယ်သူလဲ မသိဘူး … လုပ်ပါအုံး …”။ စိုးထိုက်
နောက်ကနေ ကိုဦး၊ မတိုးတိုးနဲ့ မိကျော့တို့ အားလုံး ၀ိုင်းဆွဲကြပါ
တယ်။ သူတို့နားထဲကို တိုးဝင်လာတဲ့ အသံက ….
“ကျမသားလေးကို စောင့်ရှောက်ပေးကြပါနော် ….”

“ဟဲ့ သွားသွား၊ ဘယ်သူလဲ … ဘယ်သူလဲ” ပါးစပ်က ပြောရင်း ပရိတ်
ရေတချို့နဲ့ ပြတင်းပေါက်အပြင်ဆီ လှမ်းပက်နေသူက မိကျော့တို့
အဖွား၊ လွှတ်ပေးလိုက်တဲ့ ကိုယ့်လက်ကို ကိုယ်ပြန်ကြည့်ရင်း စိုးထိုက်
တစ်ယောက် မယုံနိုင်အောင် ဖြစ်နေပါတယ်။ သူ့လက်ပေါ်မှာ အနီရောင်
အစင်းတွေ ထ’သွားတဲ့အထိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့
လက်ချောင်းအရာများ။

အခန်း (၁၇)

လှဆောင်တို့ သာဂိတို့ ကာလသား တသိုက်ကတော့ မိကျော့တို့အိမ်
ကို ပတ်လည်ဝိုင်းပြီး ခြောက်လန့်နေတဲ့ သံခဲအမေဖြစ်သူကို ရှာဖွေ
နေကြပါတယ်။ အဘစံတို့ ခြံထဲက မကျီးပင်ပေါ်မှာ ဖိုးချစ်နဲ့ ဆယ်အိမ်
ခေါင်း ကိုတင်စန်း အပါအ၀င် လူ လေး … ငါးယောက် ဓါတ်မီးကိုယ်စီ
ဖြင့် သူတို့စုပေါင်း နေထိုင်ရာ ခြံဝိုင်း(၂၀)ကို မီးထိုး ကြည့်နေပါတယ်။

“အဘစံ၊ အဘဦးဘိုးထင်တို့ ခြံထဲမှာ ကျားရောက်နေလား မပြောတတ်
ဘူးဗျ၊ အကောင်ကြီးတစ်ကောင် မြင်နေရတယ် …”
မကျီးပင်ပေါ်က ဖိုးချစ်နဲ့ အောင်ဘုတို့ရဲ့ လှမ်းအော်သံများကြောင့်
အဘစံနဲ့ လူကြီးလူငယ်တွေ လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတယ်။
အဘစံရဲ့ အနားမှာ ရောက်နေတဲ့ အဘဦးဘိုးထင်က …
“ကျုပ်ခြံမှာ ဘာတွေ ဖြစ်နေတာလဲ၊ မနေ့ညကလည်း နောက်ဖေးက
ရေတွင်းမှာ သရဲတွေ့တယ်လို့ ကလေးတွေက ပြောသံ ကြားတယ်၊
အခုလည်း ဘယ်က ကျားက ကျုပ်ခြံထဲ ရောက်နေတာလဲ …”

ကိုမောင်ငြိမ်းနဲ့ ဆေးဆရာ ကိုရွှေတို့နှစ်ဦး ဦးဆောင်ပြီး လူကြီး
လူငယ်တချို့က အဘဦးဘိုးထင်ခြံထဲ ၀င်ရောက်ဖို့ တာဆူ နေကြ
ပါပြီ။ လှံရှည်နဲ့ ကိုင်းခုတ်ဓါး ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ရွာသား
တွေရဲ့ ဒေါသကို အဘစံ ဘယ်လိုမှ တားမရတော့ပါ။ ကပ္ပိယကြီး
အဘဦးဖိုးဆောင်နဲ့ ခြံပိုင်ရှင် အဘဦးဘိုးထင်တို့ပါ လိုက်ပါဖို့
ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ ကျောင်းဆရာလေး ကိုဦး၊ ကိုထွန်းကြိုင်
နဲ့ စိုးထိုက်တို့ သုံးဦးကတော့ နောက်ဆုံးပိတ်မှာပါ။

ရုတ်တရက် ရှည်လျားစွာ ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံက
အားလုံးရဲ့ ခြေလှမ်းတွေကို တွန့်သွားစေပါတယ်။ လေအတိုက်
မှာ လ’အရိပ်အောက် လှုပ်ခတ်သွားတဲ့ သစ်ကိုင်း အရိပ်များက
တစ္ဆေတစ်ကောင် ယိမ်းနွဲ့မြူးတူး က’ခုန်နေသလို၊ ဂျက်ချပြီး ပိတ်
ထားတဲ့ အဘဦးဘိုးထင်တို့ အိမ်အနားက ဖြတ်လျှောက်သွားခိုက်
တစုံတရာများ ပြတင်းပေါက် ဖွင့်ပြီး ထွက်ပေါ်လာမလားလို့ သူတို့
အားလုံး အသဲတယားယား။

ခြံအနောက်ဖက်က ရေတွင်းနဲ့ (၁၀) ပေလောက် အကွာမှာ ရှေ့ဆုံး
က ဦးဆောင်ပြီး သွားနေတဲ့ ကိုမောင်ငြိမ်းနဲ့ လှဆောင်တို့ နှစ်ဦး ရပ်
တန့် သွားပါတယ် ….
“ဆက်သွားလေ၊ ဘာဖြစ်လို့လဲ မောင်ငြိမ်း …”
“ကျုပ့်နားထဲမှာ စကားပြောသံ ကြားနေရတယ် ….”
“ဟုတ်တယ် အဘဘိုးထင်၊ ကျုပ်လည်း ကြားနေရတယ်၊ အမျိုးသမီး
တစ်ယောက် ငိုသံ ဗလုံးဗထွေးနဲ့ စကားပြောနေသံ ဗျ …. ”

ခြံပိုင်ရှင် အဘဦးဘိုးထင်တစ်ယောက် လက်ထဲမှာ ဌက်ကြီးတောင်
ဓါးကို ကိုင်ရင်း ရှေ့ဆုံးကို တိုးထွက်သွားပါတယ်။ ရဲဝင့်တဲ့ ခြေလှမ်း
များနဲ့အတူ ရေတွင်းနံဘေးနား ရောက်သွားတဲ့ အဘဦးဘိုးထင်ရဲ့
မျက်နှာဟာ ရုတ်တရက် သိသိသာသာ မျက်စိမျက်နှာ ပျက်သွားပါ
တယ်။ ဓါတ်မီးရောင်ပေါင်း များစွာကြောင့် ခြံအနောက်ဖက် တစ်ခုလုံး
ဟာ လင်းထိန်းနေပါတယ်။ အဘဦးဘိုးထင်တစ်ယောက် လှဆောင်
လက်ထဲမှ ဓါတ်မီးကို လှမ်းယူရင်း ရေတွင်းထဲကို ထိုးကြည့်နေပါတယ်။
ရုတ်တရက် ရေတွင်းထဲက ပဲ့တင်သံ ထပ်ပြီး ထွက်ပေါ်လာသံက ….
“ကိုရင်လေး မောင်ဘိုးထင် ထင် … ထင် …. ထင် …. ”
“အမ၊ မလှကြည်လား …. ဟုတ်လား …. အမ …. ကျုပ်ကို
ခေါ်နေတာလား၊ အမ ဘယ်မှာလဲ …. အမ …အမ … ”

ရေတွင်းထဲက ထွက်ပေါ်လာသံများနဲ့ အပြန်အလှန် စကားပြော
နေတဲ့ အဘဦးဘိုးထင်ကို ကြည့်ပြီး သူတို့အားလုံး ဇဝေဇ၀ါ ဖြစ်
သွားကြပါတယ်။ … နင်တို့အားလုံး ဒီရွာထဲက မနက်ဖြန်ည သန်ကောင်
မကျော်ခင် ထွက်သွားကြတော့၊ မထွက်ရင် အားလုံး ဒုက္ခများလိမ့်မယ် …
ဆိုတဲ့ ရေတွင်းထဲက ထွက်ပေါ်လာသံကို သူတို့ ပီပီသသ ကြားလိုက်
ရပါတယ်။ ကြောက်ရွံ့နေတဲ့ ကြားကပဲ လူအများစုဟာ ရေတွင်းနံဘေး
နား စုပြုံးတိုးဝှေ့ပြီး ရေတွင်းထဲကို ဓါတ်မီးတွေနဲ့ ထိုးကြည့်နေပါတယ်။
ရုတ်တရက် သူတို့ရဲ့ မြင်ကွင်းထဲ ရေတွင်းထဲက ရေအရောင်ဟာ လျင်
မြန်စွာ နီမြန်းသွားပြီး ဆူပွက်နေတာကို ထင်ထင်ရှားရှား တွေ့လိုက်
ရပါတယ်။ ဆူပွက်နေတဲ့ တွင်းထဲက ရေဟာ အောက်ခြေကနေ အပေါ်
ဆီ ဖြေးဖြေးချင်း မြင့်တက်လာတာကို ကြည့်ပြီး သူတို့ အသက်ရှုသံ
တွေ မှားယွင်းသွားပါတယ်။ သွေး ပုံသဏ္ဍာန် အနီရောင်ရေတွေ တွင်း
နူတ်ခမ်းဝ ရောက်လုဆဲဆဲမှာ ရေတွင်းဘောင်ကို ကိုင်ပြီး ငုံ့ကြည့်နေ
သူတွေ အနောက်ဖက်ကို ခြေနှစ်လှမ်းစာလောက် လန့်ပြီး ဆုတ်မိ
သွားကြပါတယ်။ သွေးအရောင် ရေတွေ လျှံတက်လာမယ်လို့ သူတို့
အားလုံး ကျိန်းသေပေါက် တွက်ဆ ထားကြတာပါ။

“၀ုန်း” ဆိုတဲ့ အသံနဲ့အတူ ရေတွင်းထဲကနေ တွင်းနူတ်ခမ်းဝ
ဆီ ခုန်တက်လာတဲ့ ရှည်မျှောမျှော သတ္တ၀ါကို ကြည့်ပြီး သူတို့
အားလုံး ကြောင်တောင်တောင် ဖြစ်သွားပါတယ်။

ထုံထုံအအ ဖြစ်သွားတဲ့ သာဂိ ပါးစပ်က “ကျား” လို့ ခေါ်သံ
ထွက်မလာခင်မှာပဲ ရေတွင်းထဲက ခုန်ထွက်လာတဲ့ ရှည်မျှောမျှော
သတ္တ၀ါဟာ ခြံအနောက်ဖက်ဆီ တဟုန်ထိုး ပြေးလွှား ပျောက်
ကွယ်သွားပါတယ်။ ဟိုမှာ … ဟိုမှာ … ဘာတွေလဲ … ဘယ်သူ
တွေလဲ … လို့ ဆေးဆရာ ကိုရွှေ’ အသံကြောင့် ခြံစည်းရိုးပတ်လည်
က လူပုံသဏ္ဍာန်တွေကို မြင်လိုက်ရပါတယ်။ တချို့ အရပ် ရှည်ရှည်၊
တချို့ ပုကွကွ၊ တချို့က ဦးခေါင်းမပါ၊ တချို့ ကုန်းကုန်းကွကွ။
အဲဒီအရာတွေ အားလုံး ခြံစည်းရိုးအပြင်ကနေ သူတို့တတွေကို စိုက်
ကြည့်နေကြပါပြီ။ ဒီနေရာကနေ ကျုပ်တို့အားလုံး အမြန်ဆုံး ပြန်သင့်
ပြီဗျာ … လို့ သူတို့ထဲက ထွက်ပေါ်လာတဲ့ အသံနဲ့အတူ သူတို့
အားလုံး အဘဦးဘိုးထင်တို့ ခြံထဲကနေ မပြေးရုံတမယ် ခြေလှမ်း
များဖြင့် ပြန်လည် ထွက်ခွာ လာကြပါတယ်။

အခန်း (၁၈)

လူကြီးလူငယ်အားလုံး တနေ့ကုန် လှုပ်လှုပ်ရွရွ အလုပ်များနေကြ
ပါတယ်။ အဘစံအိမ်မှာ ခေတ္တ သီးတင်သုံးနေတဲ့ ကိုရင်ငယ်များက
မေတ္တာသုတ် ရွတ်ဖတ်နေကြပါတယ်။ ပရိတ်ရေ ရယူဖို့ ရေပုံး
ရေဖလားနဲ့ ပရိတ်ကြိုးများကလည်း ပုံစံမျိုးစုံ အတိုအရှည်
မျိုးစုံ။ တစ်ရွာလုံး ရှိသမျှ လှည်းအားလုံးကို အသင့်ပြင်ထားကြ
ပါပြီ။ … စားစရာရှိတာ စောစော စားထားကြ၊ အပေါ့အပါး သွား
တာတို့ အလေးအပင့် သွားတာတို့လည်း အပြီးအစီး ဖြစ်စေနော်၊
တော်ကြာ သွားနေရင် လာနေရင် ဟိုဟာ မေ့ကျန်တာတို့ ဒီဟာ
ဖြစ်တာတို့ မဖြစ်စေနဲ့၊ နေ၀င်တာနဲ့ စထွက်မယ် ….

အဘစံရဲ့ တတွတ်တွတ် မှာကြားနေတဲ့ စကားကို နားထောင်ရင်း
သာဂိ၊ မျိုးသိမ်းနဲ့ လှဆောင်တို့ ကာလသားတသိုက်ကတော့
မမောနိုင် မပန်းနိုင်။ နေ့လည်ခင်း ရွာလုံးကျွတ် စုပေါင်းအစည်းအဝေး
ထဲ ဒိုင်ခံ ငြင်းခုန်နေသူက မိကျော့အဖွား ဒေါ်ယဉ်မေ ….
“တရားသဖြစ်လည်း လုပ်ပါ ကိုစံ၊ ကျုပ် ဘ၀တလျှောက် ဘယ်သူ
ကိုမှ နိုင်ထက်စီးနင်း မပြောခဲ့ မဆိုခဲ့ပါဘူး၊ အခု တော်တို့ စီမံပုံက
အမျိုးသမီးတွေ ကလေးငယ်တွေကို ကြောက်လန့်စရာတွေ တွေ့
နိုင်လို့ မျက်လုံးကို အ၀တ်စည်း၊ နားထဲကို အ၀တ်ဆို့တာကတော့
ဟုတ်ပါပြီ၊ ကျုပ်လို မကြောက်တတ် မလန့်တတ်တဲ့ သက်ကြီးရွယ်
အို တစ်ယောက်ကို အဲလို လုပ်မယ်ဆိုတော့ မခက်ပေဘူးလား …”

“ဒါက မယဉ်မေ အထင်လွဲနေတာပါ၊ ကျုပ်ပြောတာက ကလေးငယ်
တွေ အမျိုးသမီးတွေ အားလုံး ဒီည ရွာထဲကနေ လှည်းတွေနဲ့ ဖြတ်
တဲ့ အချိန်မှာ မမြင်သင့်တာတွေ မမြင်ရအောင်၊ မကြားသင့်တာတွေ
မကြားရအောင် အဲလိုပဲ လုပ်ရမယ် ….”
“ဒုတိယကမ္ဘာစစ်က ဂျပန်ပြည်မှာ ဖက်ဆစ်အစိုးရက သူတို့ရဲ့
လုပ်ဆောင်မှုက လွှဲရင်၊ တခြားနိုင်ငံရေး အယူဝါဒတွေကို လက်
မခံဖို့ မကြည့်ရ၊ နားမထောင်ရ၊ စကား မပြောရဆိုတဲ့ အယူအဆ
ဟာ အခုတော့ ကျုပ်တို့ ရွာထဲ ရောက်နေပြီပေါ့ …”

အိမ်နီးနားချင်းတချို့နဲ့ ရွာထဲက လူကြီးတချို့ရဲ့ ဖျောင်းဖျ ပြောဆို
မှုကြောင့် မိကျော့တို့ အဖွား ဒေါ်ယဉ်မေရဲ့ သဘောထားဟာ တဖြေး
ဖြေး ပျော့ပြောင်းလာပါတယ်။ မိကျော့ကတော့ သူ့အကို မျိုးသိမ်းကို
ကပ်ပြီး တီးတိုးတီးတိုး ပြောလိုက်၊ သူ့အကို ခေါင်းခါ ပြတော့ စိုးထိုက်
နဲ့ တခုခုကို တိုးတိုးတိတ်တိတ် တိုင်ပင်နေပါတယ်။

ညနေစောင်း နေမ၀င်ခင် သူတို့အားလုံး အဆင်သင့် ဖြစ်နေကြပါပြီ။
လှည်း အကြီးအသေး မျိုးစုံမှာ လူအားလုံး တိုးတိုးကျိတ်ကျိတ် စီးနင်း
လိုက်ပါဖို့ နေရာချနေကြပါတယ်။ ဘယ်သူက ဘယ်လှည်း၊ ဘယ်
မိသားစုက ဘယ်လှည်း စသဖြင့် နေရာချနေသူများက အဘစံနဲ့
ဆယ်အိမ်ခေါင်းကိုမြတို့ပါ။ မိကျော့တို့ မိသားစုပိုင် လှည်းပေါ်မှာတော့
မျိုးသိမ်းက လှည်းမောင်းပြီး၊ သူတို့ မိသားစုနဲ့ ကျောင်းဆရာလေး
ကိုဦး၊ ကိုထွန်းကြိုင်၊ စိုးထိုက်တို့ လိုက်ပါကြပါတယ်။ ကလေးငယ်တွေ
ဖြစ်တဲ့ သံခဲလေးနဲ့ ဆေးဆရာ ကိုရွှေရဲ့ ကလေးငယ် နှစ်ဦးကို သူတို့
လှည်းရဲ့ အလယ်မှာ လိုက်ပါဖို့ စီစဉ်ကြပါတယ်။

လှည်းအသီးသီးပေါ်က ဘုရားစာ ပြိုင်တူရွတ်သံများနဲ့အတူ နေ၀င်ချိန်
မှာ သူတို့လှည်းတွေ ရွာထိပ်ဆီသို့ တအိအိ ရွေ့လျားလာကြပါတယ်။
ရွာထိပ်ကနေ ရွာကို ဖြတ်ထွက်ချိန်မှာ မျက်လုံး ပိတ်နှောင်းသွားမယ့်
အ၀တ်တွေ၊ ဘာသံမှ မကြားရအောင် နားအတွင်း စို့မယ့် ဂွမ်းစတွေ
ကို ကြည့်ရင်း မိကျော့ကတော့ ပြုံးစစ ဖြစ်နေပါတယ်။ သူ့နံဘေးမှာ
လှည်းပေါ်ကနေ ခြေနှစ်ဖက် တွဲလောင်းချရင်း ကပ်ထိုင်နေတဲ့ စိုးထိုက်ရဲ့
ကျောပြင်ကို ကြည့်ရင်း သက်ပြင်းလေးတွေ ခိုးခိုး ချနေပါတယ်။ ရုတ်တရက်
အဖွား ဒေါ်ယဉ်မေ ပြောလိုက်တဲ့ စကားသံကြောင့် သူတို့လှည်းပေါ်မှာ
ရယ်သံတွေ ဖုံးလွှမ်းသွားပါတယ် ….
“ဒင်းတို့ ပြောသလို မျက်လုံးကို အ၀တ်စည်း၊ နားထဲကို ဂွမ်းစ စို့တာ
တော့ ဟုတ်ပါပြီ၊ မမြင်ရ မကြားရတော့ တုန်လှုပ်စရာ မရှိတော့ဘူးပေါ့၊
ဒင်းတို့က မြင်ရ ကြားရလို့ လှည်းပေါ်က ထွက်ပြေးသွားရင်လည်း
ကျုပ်တို့တတွေ မမြင်ရ မကြားရနဲ့ လှည်းပေါ်မှာ ကျန်ရစ်ခဲ့မယ် ဆိုတာ
ကို ဒင်းတို့ တွေးထားပြီးပြီလား …. ”

သူတို့ လှည်းတန်းကြီးရဲ့ ထိပ်မှာ ဦးဆောင်သွားနေတဲ့ အဘစံတို့
လှည်းဟာ ရွာဦးထိပ်ဆီ ရောက်ရှိခဲ့ပါပြီ။ ရွာထိပ်ကနေ သူတို့လှည်းတန်း
အလာကို စောင့်မျှော်နေသူ ယခင်နှစ်ရက်က တွေ့ဆုံခဲ့တဲ့ ၀တ်ဖြူစင်
ကြယ်ဝတ် အဘိုးအိုပါ။ တစ်ရွာလုံးက လှည်းတွေ တစ်စီးပြီး တစ်စီး
ရွာထိပ်ကို ရောက်လာကြပါတယ်။ အမျိုးသမီးအားလုံးနဲ့ ကလေးငယ်
အားလုံးကို ဘာမှ မြင်ခွင့်မရအောင် အ၀တ်တွေ စည်းလိုက်ကြပါတယ်။
အဲဒီနောက် သူတို့နားထဲကို ဘာအသံမှ မကြားအောင် ဂွမ်းစတွေ
ထည့်ကြပါတယ်။ … အားလုံး အန္တရယ် ခပ်သိမ်း ဘေး ခပ်သိမ်း ကင်း
ရှင်းပါစေ … လို့ ၀တ်ဖြူစင်ကြယ်ဝတ် အဘိုးအိုရဲ့ ဆုတောင်းသံ
အဆုံးမှာ သူတို့လှည်းအားလုံး ရွာကို ဖြတ်ပြီး မောင်းနှင်းဖို့ ပြင်လိုက်
ကြပါပြီ။ အဘစံက …
“ကဲ … အားလုံး မှာထားတဲ့အတိုင်း ရွာထိပ်ကနေ တောင်ဖက်အစွန်း
ကို အရင်သွားမယ်၊ အဲဒီကနေ မြောက်ဖက် အစွန်းကို သွားမယ်၊
မြောက်ဖက်ကနေ အနောက်ဖက် တည့်တည့်အတိုင်း ရွာထဲက
လှည်းအားလုံး ထွက်ကြမယ် ….. ”

အခန်း (၁၉)

သူတို့လှည်းအားလုံး ရွာထဲ စ၀င်ချိန်မှာပဲ အလင်းရောင်ဟာ ရုတ်တရက်
လျင်လျင်မြန်မြန် တရှိန်ထိုး ကွယ်ပျောက်သွားတာကို အံသြစွာ တွေ့
လိုက်ရပါတယ်။ ပါးစပ်အဟောင်းသား ဖြစ်သွားတဲ့ ကျောင်းဆရာလေး
ကိုဦးက လှည်းရှေ့ဆီ ဓါတ်မီးရောင် ထိုးပေးထားပါတယ်။ မျက်နှာကို
အ၀တ်စ စည်းထားတဲ့ မိကျော့ကတော့ လက်တစ်ဖက်နဲ့ နံဘေးက
အဖွား ဒေါ်ယဉ်မေကို စုပ်ကိုင်ထားသလို ကျန်လက်တဖက်နဲ့ စိုးထိုက်ရဲ့
အင်္ကျီစ ဆွဲထားပါတယ်။ ရွာဦးကျောင်းနား ရောက်ခါနီးမှာ ဆူညံပြီး
ပွက်လောရိုက်နေတဲ့ ဗလုံးဗထွေး အသံမျိုးစုံကို သူတို့ ကြားနေရပါပြီ။

မှောင်နဲ့ မဲမဲ လှည်းတန်းကြီး ထိပ်ဆုံးကနေ အဘစံရဲ့ အသံက
အကျယ်ဆုံးပါ။ ဘာမှ မကြောက်နဲ့ ကိုယ့်ဘာသာကိုယ် ဆက်သွား၊
နံဘေးနား ကပ်လာရင် ပရိတ်ရေနဲ့ လှမ်းပက်လိုက်၊ လှည်းပေါ်က
ဘယ်လိုဖြစ်ဖြစ် မဆင်းကြနဲ့ …. လို့ သတိပေးစကား ဆိုနေပါတယ်။
ကျောင်းဆရာလေး ကိုဦးကလည်း ပရိတ်ရေကို လှည်းဆွဲနေတဲ့ နွား
တွေပေါ် ပက်ဖြန်းထားဖို့ အသံကျယ်ကျယ်ဖြင့် တခြားလှည်းတွေဆီ
အော်ပြောနေပါတယ်။ သူတို့ လှည်းပေါ်မှာ မျက်နှာအ၀တ်စည်း၊
နားထဲ ဂွမ်းစို့ထားတဲ့ သံခဲလေးဆီက စကားသံ တစ်ခုနဲ့ မိကျော့ဆီက
တခစ်ခစ်ရယ်သံ ထွက်လာပါတယ် …
“နွားတွေတော့ ချမ်းနေမှာပဲ … ”

မျိုးသိမ်းက လှည်းမောင်းနေရင်းကနေ …. သံခဲ နားထဲမှာ ဂွမ်းစ
နည်းနေပုံရတယ်၊ ဒီကောင် အကုန်လုံး ကြားနေတယ်၊ မိကျော့လည်း
ဒီအတိုင်းပဲ …. လို့ ပြောရင်း သူတို့လှည်းပေါ်မှာ ငိုအားထက် ရယ်
အား သန်နေပါတယ်။ သံခဲနားထဲကို ဂွမ်းစ ထိုးထည့်လိုက်တဲ့ ကိုထွန်း
ကြိုင် လက်တို့က တုန်တုန်ရီရီ၊ စိုးထိုက်တစ်ယောက် မိကျော့နားထဲ
ကို ဂွမ်းစ ထိုးဖို့ ဟန်ပြင်လိုက်တော့ သူ့အင်္ကျီစကို ကိုင်ထားတဲ့ မိကျော့
လက်က ခပ်ပြင်းပြင်းလေး ဆွဲစိတ်နေဆဲ။

ရွာဦးကျောင်းရှေ့ကို သူတို့လှည်းတွေ ဖြတ်သွားခိုက် မြင်ကွင်းများက
မယုံကြည်နိုင်စရာ၊ ကျောင်းဝန်းအတွင်း လက်ပြန်ကြိုး တုပ်ထားတဲ့
လူအမြောက်အများကို လက်နက်ကိုင်ဆောင်ထားသူတချို့က
အဆောက်အဦး တစ်ခုထဲ ဆွဲခေါ်နေကြ၊ မီးလောင်းနေဆဲ အဆောက်
အဦးပေါ်က ဆင်းပြေးသူတွေကို ရက်ရက်စက်စက် ပစ်ခတ်နေပုံက
ရုပ်ရှင်ရိုက်ကူးနေသော မြင်ကွင်းတစ်ခုကို မြင်တွေ့နေရသလို။

ရွာအလယ် လမ်းမပေါ် ရောက်သွားတော့ အိမ်အသီးသီးမှာ
မီးလေးတွေ မှိတ်တုတ်မှိတ်တုတ် ထွန်းထားပုံကြည့်ပြီး သူတို့
အားလုံး အရမ်း အံသြနေကြပါပြီ။ လက်ထဲမှာ မီးခွက်၊ မီးအိမ်
လေးတွေ ကိုယ်စီကိုင်ထားတဲ့ လူပေါင်းများစွာ သူတို့ ခြံတွေ
ရှေ့ ထွက်ပြီး အေးစက်နေတဲ့ မျက်ဝန်းတွေနဲ့ သူတို့ ကြည့်
နေကြပါတယ်။ …. သူတို့ ဘယ်သူတွေလဲ၊ ဘယ်က လာလို့
ဘယ်ကို သွားကြမလို့လဲ … ဆိုတဲ့ ပဟေဠိဆန်တဲ့ မေးခွန်း
များကို သူတို့ မျက်ဝန်းထဲ ကျိန်းသေပေါက် ရှိနေပါပြီ။ မိကျော့တို့
အိမ်ရှေ့ကို အဖြတ် သျှောင်ထုံး ထုံးထားတဲ့ အဘိုးအို တစ်ဦးက
ခြံရှေ့ တံခါးရဲ့ အနောက်ဖက်ကနေ မီးအိမ်လေး မြောက်ပြီး
လှည်းမောင်းနေတဲ့ မျိုးသိမ်းကို ပြောလိုက်ပုံက …
“ယဉ်မေတောင် တော်တော် အိုပြီကိုး၊ လူလေးက ယဉ်မေ
မြေးလား …”

ရွာအလယ် လမ်းမကြီး မဆုံးခင် တောင်ဖက်ပိုင်းကို သူတို့လှည်း
တန်းကြီး ဦးတည် သွားနေကြပါတယ်။ အိမ်တွေထဲက မှိတ်တုတ်
မှိတ်တုတ် ထွန်းညှိုထားတဲ့ မီးရောင်တွေ ငေးနေဆဲ သူ့နားထဲကို
ဗုံသံဆိုင်းသံတွေ တိုးဝှေ့လာပါတယ်။ တောင်ဖက်ပိုင်းနဲ့ ပိုနီးလေလေ
ဗုံသံဆိုင်းသံတွေက ပိုကျယ်လာသလို။ တောင်ဖက်အစွန်းကို မရောက်
ခင် ရွာလမ်းကြားလေး တစ်ခုထဲက မီးတုတ် နှစ်ချောင်း …. သုံးချောင်း
ခန့်ကို ကိုင်ဆောင်ပြီး လူတစ်စု ထွက်လာတာကို ကြည့်ပြီး ကိုထွန်းကြိုင်
တစ်ယောက် လှည်းအလယ်ထဲ ဇွတ်အတင်း တိုးဝင်နေပါပြီ။

အဲဒီလူအုပ်စုကို သူတို့လှည်းက ကျော်ဖြတ်သွားလို့ သိပ်မကြာခင်
နောက်က ထပ်ကြပ်မကွာ လိုက်ပါလာတဲ့ လှည်းတချို့ဆီက
အသံဗလံတွေ ထွက်လာပါတယ်။ ဓါတ်မီးရောင်ကြောင့် မြင်တွေ့
လိုက်ရတဲ့ မြင်ကွင်းထဲမှာတော့ လှည်းမောင်းနေတဲ့ သာဂိတစ်ယောက်
လှည်းပေါ်ကနေ ခုနက လူအုပ်စုထဲမှ အမျိုးသမီးတစ်ဦးကို
… အမေ … အမေလို့ အော်ခေါ်နေဆဲပါ။ လှဆောင်နဲ့ အခြား
တစ်ဦးက သာဂိကို လှည်းပေါ်က မဆင်းနိုင်အောင် ဇွတ်အတင်း
ဖမ်းချုပ်လိုက်ကြပါတယ်။ သာဂိရဲ့ အော်ခေါ်သံကို အဲဒီလူအုပ်စု
က ကြားပုံမရ၊ သူတို့ ပုံစံက ဘာကိုမျှ မြင်ပုံမရ၊ ဘာမှလည်း
ကြားပုံ မပေါ်၊ တစ်ကမ္ဘာစီ ခြားနေကြသလို။

တောင်ဖက်အစွန်းကနေ လှည်းအားလုံး ရွာမြောက်ဖက်ဆီ ဦးတည်
လိုက်တော့ သူတို့ဖြတ်သွားရမယ့် လှည်းလမ်းရဲ့ ၀ဲယာမှာ ဈေးခင်း
တွေက အပြည့်၊ တဖက်မှာ ပျော်ရွှင်ဖွယ်ရာ အခင်းအကျင်းများဖြင့်
ပြင်ဆင်ထားသော ခမ်းနားလှသည့် ဇာတ်ရုံကြီး၊ တဖက်မှာတော့
သူတို့ဘ၀တလျှောက် တကြိမ်တခါမှ မတွေ့ဘူး မမြင်ဘူးသော
အရောင်းအ၀ယ် ပုံစံအချို့။ လူတစ်ယောက်ချင်းစီ ၀င်ရောက် ရပ်
နိုင်သည့် ဧရာမ ချိန်ခွင်ကြီးတစ်ခု၊ တစ်ဖက်မှာ ၀င်ရပ်နေသူများက
အမျိုးသမီးငယ်များ လူမှန်းသိတတ်စ ကလေးငယ်များ၊ အခြားတစ်
ဖက်မှာက တစ်နေ့တာ အတွက်သာ စားသောက်နိုင်သည့် ဆန်
အချို့ ဟင်းချက်စရာအချို့။ ကြေကွဲဖွယ် အရောင်းအ၀ယ်ကို ပြုလုပ်
နေသူများက ဗိုက်ရွှဲရွှဲ မျက်ပေါက် ကျဉ်းကျဉ်း လူအချို့၊ လမ်းတဖက်
က ဆိုင်းသံဗုံသံများက လမ်းတဖက်မှ ငိုရှိုက်သံတို့အပေါ် ဖုံးလွှမ်းဖို့
ကြိုးစားနေဆဲ။

ရွာရဲ့ မြောက်ဖက်ပိုင်းထဲ စ၀င်တော့ ဘုရားကျောင်းဆီက ခေါင်းလောင်း
သံ သဲ့သဲ့ကို စပြီး ကြားနေရပါပြီ။ အိမ် တစ်အိမ်ရှေ့ ဖြတ်ကျော်သွား
တော့ အဲဒီအိမ်ထဲမှာ ကြည်နူးစရာ မင်္ဂလာအခမ်းအနားလေး တစ်ခု
ဆင်ယင်ကျင်းပနေပါတယ်။ ရုတ်တရက် ဘယ်ကမှန်း မသိတဲ့ အရာ
တစ်ခု အဲဒီ မင်္ဂလာပွဲ ကျင်းပရာ ခြံဝန်းအတွင်း ကျရောက် ပေါက်ကွဲ
သွားပါတယ်၊ ခုနက သားသားနားနား ရှိနေသူတွေ အားလုံး သွေး
အလိမ့်လိမ့် ဒဏ်ရာဗလပွဖြင့် အတုံးအရုန်း။ မြောက်ဖက်ပိုင်းရှိ အိမ်
တွေထဲကနေ လူတချို့ လမ်းပေါ် ထွက်လာပြီး သူတို့ အလွယ်တကူ
နားမလည်နိုင်သော ဘာသာစကားများဖြင့် ပြောကြဆိုကြ၊ အဲဒီနောက်
ရှိုက်ကြီးတငင်ငင် ငိုကြွေးကြ၊ ၀မ်းနည်းမှုကြောင့် ရဲတွတ်နေသော
မျက်ဝန်းများထဲ ငြိမ်းချမ်းချင်းဆိုတာ ရှာလို့မတွေ့။

ရွာမြောက်ဖက်ပိုင်းကနေ ရွာအနောက်ပိုင်းဆီ လှည်းအားလုံး
ဦးတည်လိုက်တော့ အရာရာဟာ နေ့ခင်းဖက် ရောက်နေသလို။
လူတချို့က သူတို့ ရုပ်အလောင်း မြုပ်နှံဖို့ ကျင်းတွေကို ကိုယ်တိုင်
တူးနေကြ၊ လူအချို့ ကျင်းတူးနေသူတွေကို ရက်စက်စွာ သတ်ဖြတ်
ဖို့ စောင့်နေကြ။ အသတ်ခံရမယ့် သူတွေရော သတ်မယ့်လူတွေ
ပါ ကြွေးကြော်သံအချို့ကို မရပ်မနား ကြွေးကြော်နေကြ၊
သို့ပေမယ့် သူတို့ နူတ်ဖျားက ကြွေးကြော်သံများကို လှည်းပေါ်
တွင် လိုက်ပါလာသူများက လုံးဝ မကြားရ။ တမဟုတ်ချင်း
ကောင်းကင်က အလင်းရောင်တွေ အစား တိမ်မဲတွေ ဖုံးအုပ်
လို့ မိုးက သဲသဲမဲမဲ ရွာချလိုက်ပါတယ်။ ဓါတ်မီးရောင်ဟာ
လှည်းလမ်းပေါ် ထိုးဖောက်ဖို့ ခဲခဲယဉ်းယဉ်းပါ။ နားထဲမှာ “ဟေး
… ဟေး ..” ဆိုတဲ့ လူအော်သံတွေ ဆက်တိုက် ကြားနေ
ရပါတယ်။ မိုးရေထဲ လှည်းပေါ်က လူအားလုံး ခိုက်ခိုက်တုန်
နေကြပါပြီ။ တဖြေးဖြေးနဲ့ မိုးဆဲသွားမှ သူတို့ ရွာအပြင်
ဖက်ကို လုံးဝ ရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။

အဘစံရဲ့ “ဒီမှာ နားမယ်ဟေ့ …” ဆိုတဲ့ အသံနဲ့ အတူ ဘယ်ကို
ရောက်နေမှန်း မသိတဲ့ ရွာသားအားလုံး သူတို့ရဲ့ လှည်းတွေကို
ရပ်လိုက်ကြပါတယ်။ မျက်လုံးပေါ်က အ၀တ်တွေ၊ နားထဲက ဂွမ်းစ
တွေ ဖယ်ရှားအပြီးမှာတော့ တစ်ဦးနဲ့ တစ်ဦးအကြား အားပေး
စကားပြောသံတွေ၊ ထင်မြင်ယူဆချက်တွေ ပြောလို့ မဆုံးနိုင်ခဲ့။

နံနက်ဝေလီဝေလင်း ဖြစ်လုဆဲဆဲလို့ ထင်ရချိန်မှာ တစုံတယောက်
ရဲ့ …. “ကျုပ် သေသေချာချာ ကြည့်ပြီးပြီ၊ ဟိုနားက ခပ်မြင့်မြင့်
ကုန်းလေးကို ပြန်ကျော်ပြီးရင် ရွာထဲကို ပြန်လို့ ရပြီဗျို့၊ ခုနက အဲဒီ
အနားကနေ လှမ်းကြည့်လိုက်တော့ ကျုပ်တို့ရွာမှာ ဘာ အနှောက်
အယှက်မှ မရှိတော့သလိုပဲ …”။ ရွာထဲကို သူ့ထက်ငါ အလျင်အမြန်
ပြန်ကြဖို့ လှည်းတွေ ဦးတည်လိုက်ပါပြီ။

အခန်း (၂၀)

အရှေ့တောရွာရဲ့ စုပေါင်း ကုသိုလ်ဖြစ် ဘေးမဲ့လွတ်ပွဲမှာ စိုးထိုက်နဲ့
မိကျော့တို့ နှစ်ဦး အတိုင်းမသိ ပျော်ရွှင်နေကြပါတယ်။ ချင်းတစ်ခုထဲ
က ဌက်ငယ်တချို့ကို သံခဲလေးက တိုးတိတ်စွာ ဆုတောင်းပြီး
လွတ်ပေးနေပုံကို ကြည့်ပြီး သူတို့နှစ်ဦး ပျော်ရွှင်ကြည်နူးနေကြ။
မနီးမဝေး တနေရာမှာ လှဆောင်တစ်ယောက်ကတော့ တစုံတခုကို
အသံထွက် ရွတ်ဆိုလျက် …

တစ္ဆေတသိုက်တို့
ငါ့အား စိန်ခေါ်
ပျက်ရယ်ပြုသွား
အို
လွင်ပြင်ညများ …။ ။

(ပြီးပါပြီ။)

ရေးသူ- စစ်ငြိမ်းဒီရေ

23 comments:

ကိုဇော် said...

အဆက်တွေ ပြတ်ကုန်တယ်ဗျာ။
အခုတော့လည်း ပြီးသွားတာပါပဲ။

စော(အဝါရောင်မြေ) said...

အင်း ကျတော်က ပထမဆုံးပါလား။
အားလုံးက မျှော်နေတာ ခုမှပဲ ပြီးတော့တယ်။
ကိုကြီးကျောက်တောင် ဇာတ်သိမ်း ဖတ်မသွားရရှာဘူး။

Anonymous said...

တော်တော်လေး ကောင်းတယ် အကိုရေ။ နောက်ထပ် ဒီလိုမျိုးထပ်ရေးနိုင်မယ် လို့ မျှော်လင့်ပါတယ်။ အကို အတွက် အပန်း
မကြီး ရင် ကျွန်တော် ရဲ့ လင့်လေးချိတ်ချင်ပါတယ် အကို ။
http://saimyinttun.blogspot.com/
လေးစားလျှက် (နန်းကြာဦး)..

နန်းကြာဦး said...

တော်တော်လေး ကောင်းတယ် အကိုရေ။ နောက်ထပ် ဒီလိုမျိုးထပ်ရေးနိုင်မယ် လို့ မျှော်လင့်ပါတယ်။ အကို အတွက် အပန်း
မကြီး ရင် ကျွန်တော် ရဲ့ လင့်လေးချိတ်ချင်ပါတယ် အကို ။
http://saimyinttun.blogspot.com/
လေးစားလျှက် (နန်းကြာဦး)..

သိင်္ဂါကျော် said...

ကြားထဲက အပိုင်းတစ်ချို့ မဖတ်ရသေးလို့လားတော့ မသိဘူး... အင်္ဂလိပ် သရဲကား တစ်ချို့ ကြည့်ရသလို မရှင်း မရှင်းနဲ့ ဇာတ်သိမ်း သွားသလိုပဲ..။
ဘာကြောင့် ဖြစ်ရတာလဲ..ဆိုတဲ့ အကြောင်းရင်းကို မသိလိုက်ဘူး။ ဘာပဲဖြစ်ဖြစ် တစ်ရွာလုံး မသေပဲ လွတ်မြောက်သွားတဲ့ အတွက် ဇာတ်သိမ်းကို သဘောကျပါတယ်..။ ဒါပေမယ့် ရွာထဲကို ပြန်ရောက်ရင် အဲဒါတွေ တကယ် ပြီးဆုံးသွားတာ ဟုတ်ရဲ့လား....။

နန်းကြာဦး said...

တော်တော်လေး ကောင်းတယ် အကိုရေ။ နောက်ထပ် ဒီလိုမျိုးထပ်ရေးနိုင်မယ် လို့ မျှော်လင့်ပါတယ်။ အကို အတွက် အပန်း
မကြီး ရင် ကျွန်တော် ရဲ့ လင့်လေးချိတ်ချင်ပါတယ် အကို ။
http://saimyinttun.blogspot.com/
လေးစားလျှက် (နန်းကြာဦး)..

Anonymous said...

I was waiting the last part of this novel.so interest..But I felt sad someone cant comment about this novel.do u know who is ????

Anonymous said...

ဘာကြောင့် ဘယ်လိုဖြစ်သွားရတာလဲ ဇတ်သိမ်းမရှင်းဘူး ကိုအောင်ရေ

Anonymous said...

Good Ko Aung.
I miss Ko Gyi Kyaut. We can't read his comments more.

SHWE ZIN U said...

ကိုအောင် ရေ

ဖတ်သွားပြီ အဆက်အကြာကြီးပြတ်သွားတာဆိုတော့ မနဲပြန်မိအောင်လုပ်နေရတယ် ကျေးဇူးပါ

ရိပ်သာကပြန်လာပြီ

ရွှေပြည်သူ (ShwePyiThu) said...

အပိုင်း(၁၀)ပိုင်းစလုံးကို အစအဆုံး ဖတ်လိုက်ပါတယ် ကိုအောင်ရေ။ အပိုင်း(၁)ကစလို့ စိတ်ဝင်စားစရာပေါင်းများစွာနဲ့ စာဖတ်သူကို ဆွဲခေါ်သွားလိုက်တာ ဇာတ်လမ်းပြီးတဲ့ အထိပါပဲ။ ပြိတ္တာဘုံသားတွေရဲ့ ဘဝကိုလည်း စိတ်မကောင်း ဖြစ်ရပါတယ်။ အခုလို ဇာတ်လမ်းမျိုးတွေက ဖတ်ရခဲလို့ နောက်လည်း အများကြီး ဆက်ရေးနိုင်ပါစေ။ ဇာတ်လမ်းရှည်အတွက် အားထုတ်မှုကိုလည်း လေးစားမိပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

လွင်ပြင်ခေါ်သံက အစအဆုံးပြန်ဖတ်မှ အဆက်အစပ်မိတော့တယ်
မဟုတ်ရင် အချိန်တွေ ခြားသွားတော့ မေ့ကုန်တယ်။
ကိုကြီးကျောက် ကော်မန့်လေး မတွေ့ရတာ စိတ်မကောင်းဖြစ်မိတယ်။

ခနွဲ said...

အဆက်ပြတ်သွားတာတော့ အမှန်ပဲ ကိုအောင်ရေ။ ဒါပေမယ့်လည်း အခု ဖတ်နေတဲ့ အချိန်ကတင် မနက်ခင်း ၃ နာရီ ၁၅ မိနစ် ရှိပြီရယ်။ ဒီဇတ်သိမ်းတော့ ဖတ်လိုက်ဦးမဟ။ ဆိုပြီး အားခဲ့ထားလို့။ ဘယ်သူမှလည်း ရှိတာမဟုတ်ဘူး။ ကြောက်တယ်ဗျို့။

Anonymous said...

Ako Aung,
Pls explain more. What happened when they went back inside? hope for some more...
wish you all the best
kokogyi21

ခရစ္စတလ် said...

ရုပ်ရှင်သာဆိုရင် ပိုကြည့်လို့ကောင်းမယ် အဲလေ ပိုကြောက်ဖို့ကောင်းမယ် ....

sosegado said...

နာနာဘာဝတွေ သူတို့လောကနဲ့သူတို့ပေါ့၊

Anonymous said...

သပွတ်အူ ကိုအောင်ရေ. ရွာထဲကနေ အပြင်ထွက် နောက် ရွာထဲ ပြန်ဝင် တာနဲ့ သရဲတစ္ဆေတွေမခြောက်နိုင် တော့ဘူး လား။
အစက တရွာလုံး ပြောင်းပြေးရတယ်ဆို..ဆို.. ဆို...

Anonymous said...

OMG
You do not post my comment :-(
The last part is really uncleared. Why villagers escape from pile of GHOST by riding in specific direction. It means all ghosts blinds and unable to scare human?
We were told that the whole village leave the dirty black area to somewhere else.
Didn't (Than Khei') say goodbye to his mom?
What's happen the ghost at watertank? so many ghost so many lost.

Thks
Saundoo.blogspot.com

...အလင်းစက်များ said...

မျှော်တာကြာသွားလို့  အစက နည်းနည်း ပြန်နွေးယူရတယ်... နောက်ဆုံးပိုင်းက ပိုလန့် ဖို့  ကောင်းတယ်.... ဟီး ညနက်မှ ဖတ်မိတာ.. ဆိုးပါ့။

Anonymous said...

ဇာတ်သိမ်းမှာ ဘာကြောင့်ဒီလိုအဖြစ်အပျက်တွေဖြစ်တယ်
ဆိုတာကိုသေသေချာချာမရှင်းပြထားဘူး(အချိန်ရရင်ရှင်းပြပေးဖို့တောင်းဆိုပါတယ် :P) ။ဘာပဲဖြစ်ဖြစ်ပါဗျာ..ရင်မောစွာနဲ့ပဲဖတ်ပြီသွားပါပြီ။
ကျေးဇူးတင်ပါတယ်။

မောင်မိုးသူ said...

ကဲ ...
တခြားသူတွေတော့ မသိဝူးးး
အနော်က တော့ တခါထဲ အစအဆုံးကိုဖတ်လိုက်တယ် ......
ည 10 ကစဖတ်တာ
1 ခွဲမှ ပဲပီးတော့တယ် .....
ရှူရှူးးတောင်မှ အောင့်ပီးးး
အားပေးသွားတယ်နော် .........

thanhtikewin said...

နောင်လည်းဒီလိုဇာတ်လမ်းကောင်းကောင်းလေးတွေရေးပေးပါအုံး

thanhtikewin said...

အရမ်းကောင်း