Thursday, 5 May 2011

ကိုကြီးကျောက်နဲ့ ကျနော်

ခင်မင်ရင်းနှီးတဲ့ ဘလော့ဂါ ကိုကြီးကျောက် ကွယ်လွန်သွား
တဲ့ သတင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၁.၅.၂၀၁၁)နေ့ မနက်
မိုးလင်းမှ ကျနော် သိရပါတယ်။ အဲဒီနေ့က မနက်စောစော
ထထချင်း ကွန်ပြူတာရှေ့ ထိုင်ပြီး ရေးလက်စ “လွင်ပြင်ခေါ်သံ”
ဇာတ်လမ်းရဲ့ ဇာတ်သိမ်းကို အဆုံးသတ်မလို့ပါ၊ ကျနော် ရေးလက်စ
က နည်းနည်းပဲ ကျန်ပါတော့တယ်၊ ကွန်ပြူတာကို ဖွင့်လိုက်တော့
ကိုအောင်သာငယ်နဲ့ မကေတို့ရဲ့ ပို့စ်တွေကို မြင်မြင်ချင်း
တော်တော်လေး လန့်သွားပါတယ်၊ နောက် ဆက်ကြည့်တော့
အမကြီး မခင်ဦးမေရဲ့ တို့၊ မချစ်ကြည်အေးတို့ TZAတို့ရဲ့
ပို့စ်တွေကို ဖတ်လိုက်ရတော့ သေချာသလောက် ဖြစ်သွားပါပြီ။







Facebook ၀င်ကြည့်တော့ ကိုလူသစ်တို့၊ မသက်ဝေတို့ရဲ့
ဝမ်းနည်းစကားတွေ ဖတ်လိုက်၊ ဟိုဖတ်ကြည့် ဒီဖတ်ကြည့်နဲ့
အကိုကြီး ကိုကြီးကျောက်(ရွှေရတု မှတ်တမ်း) ကျနော်တို့အားလုံး
ကို ခွဲခွာသွားတာ သေချာသွားပါပြီ။ အဲဒီ တနင်္ဂနွေနေ့က စပြီး
ဒီနေ့အထိ ဘလော့ ရေးဖို့ စိတ် မပါတပါ ဖြစ်နေဆဲပါ။ ဘလော့ပေါ်
က မိတ်ဆွေတွေရဲ့ ပို့စ်တွေမှာ ကော်မန့်ရေးပြီး နူတ်ဆက်ဖို့
ပျက်ကွက်နေတာလည်း မနည်းတော့ပါဘူး၊ ဒီပို့စ်ထဲကပဲ တောင်းပန်
ပါတယ်။ ဒိန်းမတ်မှာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်လုပ်တဲ့ ပြီးခဲ့တဲ့လ
(၂၃) ရက်နေ့ မတိုင်ခင်က အသိမိတ်ဆွေ တစ်ဦး ကွယ်လွန်သွား
ပါတယ်။ အဲဒါနဲ့ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ ဘလော့ပေါ်
ပို့စ်မတင်နိုင်တာ ကြာသွားပါပြီ။

ကိုကြီးကျောက်နဲ့ ကျနော်က ဘလော့ပေါ်မှာ ခင်မင်ရင်းနှီး
ကြတာပါ။ ဟိုးတလောက ကိုကျောက် နေမကောင်းလို့ ဆေးရုံ
တက်ရတဲ့ သတင်းကို မချစ်ကြည်အေးဘလော့ပေါ်မှာ ဖုန်းနံပါတ်
တွေ့ရလို့ ဖုန်းဆက်မေးရင်းကနေ ပထမဆုံး ဖုန်းပြော ဖြစ်ပါတယ်။
သူ့အသက်ရှုသံ ခပ်ပြင်းပြင်းတွေ ကြားမှာ ရယ်စရာတွေ ပြော
ဖြစ်ကြပါတယ်။ အဲဒီတစ်ခေါက် ဆေးရုံပေါ် ရောက်နေတဲ့ ကိုကြီး
ကျောက်အတွက် ကဗျာတစ်ပုဒ်နဲ့ ဘာသာရေး လမ်းညွှန်းတစ်ခု
ကို ကျနော့်ဘလော့မှာ အမှတ်တရ ဖော်ပြဖြစ်ခဲ့ပါတယ်။ ကျနော်
နေတဲ့ ဒိန်းမတ်နိုင်ငံနဲ့ ကိုကြီးကျောက် ဆေးရုံတက်ရောက်ခဲ့တဲ့
အမေရိကန်ဒေသရဲ့ စံတော်ချိန်ဟာ တော်တော်ကွာပါတယ်။
ကျနော့်ဖက် နေ့လည်ကျော်မှ အဲဒီဖက်မှာ မနက်စောစောပါ။
ကျနော် ဖုန်းဆက်တော့ သူက ဆေးရုံပေါ်မှာပါ၊ ဖုန်းကနေတဆင့်
သတင်း လှမ်းမေးကြသူတွေဆီ ပြန်ဖြေနေရလို့ ကျနော်နဲ့ ဖုန်း
ပြောဖြစ်တော့ တော်တော်လေး မော နေပုံရပါတယ်။



အဲဒီရက်ပိုင်း မတိုင်ခင်က ကျနော့်ဘလော့ပေါ်မှာ “ခွင် အသစ်
အကြောင်း ပြောပြချင်လို့ပါ” ဆိုတဲ့ ပို့စ်ကို (၂၂.၇.၂၀၁၀)နေ့မှာ
တင်ခဲ့ဖူးပါတယ်။ အဲဒီ ပို့စ်ထဲမှာ NCGUB အဝေးရောက် အစိုးရ
အဖွဲ့ဝင်တွေ အမေရိကားမှာ ပန်းခြံထဲ အစည်းအဝေး လုပ်ရတော့
မယ်လို့ ပါ နေပါတယ်။ ဒါနဲ့ ကိုကြီးကျောက်ဆီ ပထမဆုံး
ဖုန်းပြောဖြစ်တော့ အကိုက အဲဒီပို့စ်ထဲက အချက်အလက်
တချို့ မှားယွင်းနေကြောင်း ရယ်ရယ်မောမော သူက ပြောပြပါတယ်။
နောက် စကားပြောနေရင်းကနေ ကျနော့်နောက်ဖက်မှာ မတ်တပ်
ရပ်နေတဲ့ ကျနော့်အမျိုးသမီးက အညာအစားအစား လိုချင်
တာရှိရင် ပို့ပေးချင်ကြောင်း ပြောဖြစ်တော့ သူက အမေရိကား
ရောက် အသိမိတ်ဆွေ ပို့ပေးလို့ စားရသောက်ရတာ အဆင်ပြေ
ကြောင်း ပြောပါတယ်။ ဒီလိုနဲ့ စကားပြောနေရင်းကနေ ဘာသာရေး
ဖက် ရောက်သွားပါတယ်။ ကျနော်က ကျနော့်မိတ်ဆွေ ၀ိပဿနာ
အားထုတ်သူများ ရှိကြောင်း၊ အကို့အနေနဲ့ စိတ်ဝင်စားရင် ဆက်
သွယ်ပေးချင်ကြောင်း ပြောပြပါတယ်။ သူက ကျနော့်ကို ပြန်မေး
ပါတယ်။ “ကိုအောင်ရော တရား ထိုင်ဘူးလား …” တဲ့၊ ကျနော်
ပြန်ပြောတော့ သူ ရယ်လိုက်တာ၊ ချောင်းတွေ တဟွတ်ဟွတ်
ဆိုးတဲ့အထိပါပဲ။ ပြောကြပုံက ဒီလိုပါ ….

(ကိုကျောက်) ကိုအောင်ရော တရား ထိုင်ဘူးလား …
(ကျနော်) ထိုင်ဘူးတယ် အကို ….
(ကိုကျောက်) ၀မ်းသာလိုက်တာ ကိုအောင်ရယ်၊ နေ့တိုင်း ထိုင်
တာလား၊ တစ်နေ့ကို ဘယ်နှစ်ခါလောက် ထိုင်လဲ၊ ဘယ်လောက်
ကြာအောင် ထိုင်ဖြစ်လဲ ….
(ကျနော်) အခုတော့ မထိုင်ဖြစ်တာ တော်တော် ကြာသွားပြီ အကို၊
မလေးရှားမှာ နေတုန်းက တစ်နေ့ကို (၅)မိနစ်နဲ့ စထိုင်တာ နှစ်ပတ်
လောက်နေတော့ (၁၅)မိနစ်အထိ ထိုင်ဘူးတယ် အကို၊ တစ်လ
လောက်ပဲ ကြာပါတယ်၊ နောက်တော့ မထိုင်ဖြစ်တော့ဘူး …
(ကိုကျောက်) ဟားဟားဟား … အဟွတ် … အဟွတ် (ရယ်သံများ၊
ချောင်းဆိုးသံများ) ….

(ကျနော်) အကိုကလည်း၊ တရားထိုင် မလွယ်ဘူးဗျ၊ ဟိုနေရာက
ယားလိုက် ဒီနေရာ ယားလိုက်နဲ့ ….
(ကိုကျောက်) ယားရင် ယားတယ်လို့ မှတ်ပေါ့ ကိုအောင် …
(ကျနော်) အဲလို မှတ်တော့ ပို ယားလာတယ် အကိုကလည်း …
(ကိုကျောက်) ဟားဟားဟား …. (ရယ်သံများ)
(ကျနော်) မှတ်တယ် အကို၊ ပထမဆုံး စဖြစ်တာက မျက်လုံးအောက်
တွေ ပါးပေါ်မှာ ယားတာ၊ အဲဒါကို သည်းခံပြီး ဇွတ်အတင်း လုပ်ကြည့်
တော့ ယားတာ နည်းနည်းတော့ သက်သာ လာတယ်၊ အခက်ဆုံးက
စိတ် ပဲ အကို၊ ပထမတော့ သူများတွေ ပြောသလို နှာသီးဝမှာ ထား
ကြည့်တယ်၊ မရဘူး၊ ဒါနဲ့ ပုဆိုးနဲ့ ဗိုက် ထိနေတဲ့ နေရာမှာ ဖောင်းလိုက်
ပိန်လိုက် ဖြစ်နေလို့ အဲဒီနေရာမှာ ထားကြည့်တယ် အကို …
(ကိုကျောက်) အဲဒီတော့ တိုးတက်လာလား ကိုအောင် …
(ကျနော်) ၀မ်းဗိုက်က ဖောင်းပြီး ပြန် ပိန်မသွားခင် ခဏလေး အတွင်း
ကျနော့်စိတ်က ထွက်သွားလိုက်တာ ဂွတ္တလစ်(ကျနော့်မွေးရပ်မြေ) ကို
ပြန်ပြန်ရောက်သွားတယ် ….

(ကိုကျောက်) ကိုအောင် မြန်မာပြည်မှာတုန်းကရော တရား ထိုင်ဘူး
လား ….
(ကျနော်) အခု သြစီ (Australia) ပတ်(Perth) မှာ နေတဲ့ ကျနော့်
အမ အကြီးဆုံး ဆယ်တန်း ကျောင်းသူဘ၀က တရားသွားထိုင်ရင်း
ထူးထူးဆန်းဆန်းတွေ ဖြစ်တာတော့ ကြားဘူးတယ် အကို ….
(ကိုကျောက်) ဘာလိုတွေဖြစ်တာလဲ ကိုအောင် ….
(ကျနော်) အဲဒီတုန်းက သူက ဆယ်တန်းဖြေပြီးခါစ တရားစခန်း
သွားဝင်တာ၊ တရားထိုင်ရင်းနဲ့ အိပ်ငိုက်နေတာက ခပ်များများ၊ တရား
စစ်ချိန်ရောက်ရင် နံဘေးက လူကြီးတွေဆီ မေးပြီး တရားစစ်တဲ့
ဆရာတော်ကို ရွှီးဖျန်းပြီး လျှောက်တယ် အကို၊ ဒီလိုနဲ့ တနေ့ကြတော့
….. ******* …… ဖြစ်တယ် အကို …
(ကိုကျောက်) စိတ်ဝင်စားဖို့ တော်တော်ကောင်းတဲ့ အကြောင်းပဲ
ကိုအောင်၊ ဒီအကြောင်းကို ဘလော့မှာ ရေးပါလား၊ ဒီလို အကြောင်း
တိုက်ဆိုက်မှုကြောင့် အတိတ်ဘ၀က ဆွေမျိုးတော်စပ်ခဲ့သူကို ပြန်တွေ့
ရဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲ ကိုအောင် …
(ကျနော်) အကိုကလည်း၊ ကိုယ့်အမအကြောင်း ကိုယ်ရေးလို့ တော်ကြာ
အဆူခံ ထိနေအုံးမယ် …
(ကိုကျောက်) ဟားဟားဟား …. အဟွတ် အဟွတ် (ရယ်သံများ၊
ချောင်းဆိုသံများ) ….

ကိုကြီးကျောက် ဆေးရုံပေါ်က ပြန်မဆင်း နောက်တစ်ကြိမ် ဖုန်းပြော
ဖြစ်ပါသေးတယ်။ သူ နေတဲ့ အိမ်ကို ပြန်ရောက်တော့ ကျနော် ထပ်ပြီး
ဖုန်းဆက်ဖြစ်ပါသေးတယ်။ ကျန်းမာရေး ပြန်ကောင်းလာလို့ ခရီးသွား
မယ်လို့ ပြောပါတယ်။ ဥရောပဖက်လည်း အလည်လာဖို့ ရှိကြောင်း၊
ဆွစ်ဇာလန်ဖက်က အသိတစ်ယောက်ဆီ အလည်လာရင် အင်္ဂလန်၊
ဒိန်းမတ်နဲ့ ဂျာမနီတို့ပါ ပတ်ပြီး အလည် လာဖြစ်မယ်လို့ ပြောပါတယ်။
ဒိန်းမတ်နိုင်ငံက ရေသူမ ကျောက်ရုပ်ကိုလည်း လာကြည့်ချင်ကြောင်း ပြော
ပါတယ်။ အဲဒီအချိန်က ဒိန်းမတ်နိုင်ငံက ရေသူမ ကျောက်ရုပ်ဟာ တရုတ်
ပြည်ကို သယ်သွားပြီး ပြပွဲလုပ်နေကြောင်း သူ့ကို ပြောပြပါတယ်၊ အလည်
လာမယ်ဆိုရင် တစ်လလောက် ကြိုပြောဖို့ ကျနော်က ပြောပါတယ်။
ကျနော်က အလုပ်သမားဆိုတော့ တစ်နှစ်မှာ လစာခွင့်က (၅)ပတ် ရှိပါ
တယ်။ သူ အလည် လာမယ်ဆိုရင် ခွင့် ကြိုပြီး တင်ထားလို့ ရအောင်ပါ။

သူ အလည်လာဖြစ်ဖို့ များကြောင်း ပြောပါတယ်၊ ဂျာမနီဖက်က ပြတိုက်
တွေနဲ့ ရှုခင်းတွေလည်း စိတ်ဝင်စားကြောင်း ပြောပါတယ်။ အဲဒါနဲ့ ကျနော်
က သူ့ကို ကျနော် သိထားသမျှ ဂျာမနီနိုင်ငံအကြောင်း ပြောပြပါတယ်။
“အကိုရေ၊ ဟစ်တလာ ကျေးဇူးကတော့ တော်တော်ကြီးတယ် ဗျ …”

(ကိုကျောက်) ဟုတ်လား ကိုအောင်၊ ဘာဖြစ်လို့လဲ …
(ကျနော်) ဂျာမနီမှာ ဘူတာပဲ ရောက်ရောက်၊ ဟိုင်းဝေးပေါ်က ဓါတ်ဆီဆိုင်
နဲ့ တွဲထားတဲ့ ကော်ဖီဆိုင်ပဲ ဖြစ်ဖြစ်၊ အိမ်သာ အလကား တက်လို့ မရဘူး၊
တစ်ခါ တက်ရင်း ယူရို ပြား (၇၀) ပေးရတယ်ဗျ၊ ဘာလင်က checkpoint
charlie ဖက်ရောက်ရင် အရှေ့နဲ့ အနောက် နှစ်ခြမ်းကွဲခဲ့တဲ့ ဘာလင်တံတိုင်း
စည်းရိုး အတိုင်း သွားပြီး SS headquarter ပြတိုက်ကို ဆိုတာ ရှိတယ် အကို၊
အဲဒီပြတိုက်ရဲ့ မြေအောက်ထပ်က အိမ်သာ တစ်လုံးပဲ ပိုက်ဆံပေးဖို့
မလိုပဲ တက်လို့ရတယ်၊ ဟစ်တလာရဲ့ ကျေးဇူးတွေပေါ့ အကိုရယ် …
(ကိုကျောက်) ဟားဟားဟား …. (ရယ်သံများ) ….

….. …. …
ကွယ်လွန်သူ ကိုကြီးကျောက် ကောင်းရာသုဂတိ ရောက်ရှိပါစေ ….

-စစ်ငြိမ်းဒီရေ

19 comments:

ခရစ္စတလ် said...

ကိုကြီးကျောက်အတွက် စိတ်မကောင်းလို့ ပိုစ့်ရေးဖို့ အာရုံတွေလည်း ခမ်းခြောက်နေပါတယ်။ ဘာပြောမှန်းတောင်မသိပါဘူး၊ ဖြစ်နိုင်ရင်တော့ ကိုကြီးကျောက်ရဲ့ နောက်ဆုံးခရီးပုံလေးတွေ ဘယ်သူတင်မလဲ တိတ်တိတ်လေး စောင့်နေပါတယ်။

Anonymous said...

ဘလော့ နဲ့အဆက်အသွယ်
ပြတ်နေတာ
မနေ့ကမှ ဘကျောက်
ဆုံးသွားပြီ ဆိုတာ သိတာ ..
စိတ်ထဲမှာ တကယ်ကို
ချက်ချင်း တစ်မျိုးကြီး
ဖြစ်သွားတယ် ...း((

ဘကျောက်
ကောင်းရာ သုဂတိ သို့
ရောက်ပါစေ ... လို့ ဆုတောင်းပေးပါတယ် ။

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးယံ said...

ဖြစ်သွားပြီးဆိုတော့လဲ မတတ်နိုင်တော့ဘူး ကိုအောင်ရေ... ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရပါသည်။

Nge Naing said...

ကျွန်မလည်း အန်အယ်နိုင်ဆုံးတာ ကိုအောင်နဲ့ သိတဲ့နေ့ချင်း အတူတူပဲ။ ပထမ မခင်ဦးမေဘလော့ဂ်မှာ အန်ကယ်နိုင်ဆေးရုံတက်နေပြီး နောက်ဆုံးအချိန်ကို ရောက်နေလို့ ဘ၀ကူးကောင်းအောင် ဆုတောင်းပေးကြပါဆိုတာ တွေ့လိုက်တော့ မဖြစ်နိုင်ဘူး ဟိုနေ့ကပဲ ပို့စ်တင်တာ အကောင်းကြီး ရှိသေးတယ်၊ အရင်ပို့စ်မှာလည်း သူ့မှာ ရောဂါမရှိတော့ဘူး ပြောထားတော့ ဘယ်လိုမှ မယုံဘူး။ ဒါနဲ့ ဘလော့ဂ်ထဲရောက်သွားတော့ အားလုံးက C-Box မှာ ကောင်းရာသုဂတိလားပါစေပဲ ဆုတောင်းထားကြတော့ တော်တော်လေး တုန်လှုပ်ချောက်ချားသွားတယ်။ နောက်ပိုင်း စီဘောက်စ်ထဲက old message တွေကိုပါ ဆက်ဖတ်မှ သေချာသွားတယ်။ ကျွန်မမှာလည်း အန်ကယ်နိုင်နဲ့ ပတ်သက်တဲ့ ပြောစရာ အမှတ်တရတွေက အများကြီးရှိပါတယ်။ ပို့စ်တင်ဖို့ စဉ်းစားထားပေမဲ့ လောလောဆယ်တော့ သူများတွေတင်တဲ့ပို့စ်တွေမှာပဲ လိုက်ဆုတောင်းပေးပြီး ဈာပန အခမ်းအနားက ဓါတ်ပုံတွေ ရမယ်ဆိုရင်တော့ တင်ဖြစ်မယ်။ မရရင်တော့ တလပြည့်တဲ့နေ့မှ တင်တော့မယ်။

ကိုကြီးကျောက်ခေါ် အန်ကယ်နိုင် ကောင်းရာသုဂတိလားပါစေ

စော(အဝါရောင်မြေ) said...

လူဘဝဟာ ရေပွက်ပမာတဲ့
ဒါပေမယ့် ရလာတဲ့ လူဘဝမှာ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ကိုကြီးကျောက်လို နေဘို့ ထက် ပြိုင်ဆိုင်တတ်တဲ့၊ ဘာမှန်း မသိတာတွေနှင့် မာနကြီးနေကြတဲ့သူတွေ နှင့် လောကကြီးကို စိတ်ကုန်တယ်။

kay said...

ကိုကြီးကျောက် ဘာလို့ ရီတာလဲ ဆိုတာ..ကျမ သိသလို ပါပဲ..
သူ ပြောဖူးတယ်..သူက.. ဘာရောဂါ မှ မဖြစ်ခင်.နှစ်အတော်ကြာ ကတည်းက.. တရားထိုင်လာတာ.. တော်တော် ခရီးရောက်နေ ပုံ ပဲ..။

ထူးလည်း ဆန်းတဲ့..ကိုကြီးကျောက်ပါပဲ..။

အပါယ် ဘယ်တော့ မှ မလားပါဘူး..စိတ်ချ..

An Asian Tour Operator said...

ကျနော့် ကွန်ပျူတာ ပျက်နေလို့ အွန်လိုင်း မရောက်တာ ကြာ နေ ရော။ ကွန်ပျူတာ အသစ်ကလေးရ လို့ အင်တာနက် ခန ရနေချိန်လေး အမငယ် နိုင်လာပြောလို့ ကိုကြီးကျောက် သတင်းကို စိတ်မကောင်းခြင်း ကြီးစွာ သိရတယ်။ မြန်မာစာ ဖောင့်တောင် မသွင်းရသေးလို့ အစ်မငယ် နိုင်ပဲ ရိုက်ပေးသွားလို့ ကော်ပီ လုပ်ပြီး ကွန်မန့်လိုက်ရပါတယ်။ ကိုအောင့်စာ ဖတ်ပြီး ပို စိတ်မကောင်း ဖြစ်ရပြန်ပြီ။

SHWE ZIN U said...

အလွမ်းပြေလာဖတ်သွားပါတယ် ကိုအောင်ရေ

ahphyulay said...

အင်း..
အစ်ကိုအောင်ရေ..၊
အကိုကြီးကျောက်ကတော့  လူချစ်လူခင်
တော်တော်များတာပဲ၊ ကျွန်တော် သူ့ ကို
တစ်ခါပြောခဲ့ ဘူးတယ်၊ ဘလော့ ရွာကြီးရဲ့ 
အလယ်ဗဟိုပါလို့ ။ သူ့ ဆီရောက်ရင် အမြဲ ပြုံးရလို့ 
လူတိုင်းရောက်ဖြစ်နေပေမဲ့  အခုတော့ သူမရှိတဲ့ 
သူ့ အိမ်လေးကို...
မမရွှေစင်တို့  ငိုတယ်၊ မမကီတို့  ဘလော့ တောင်
မလည်နိုင် ဖြစ်ရတယ်၊ ကျွန်တော် စာတွေဆက်ရေး
ဘို့  လက်တွန့် နေတယ်ဆိုတာတွေဟာ ....
ဒါပါပဲအစ်ကိုအောင်ရာ၊ မိတ်ဆွေဆိုတာ ခင်ပြီးရင်
မခင်လို့ မရတော့ ဘူးလေ...။

ခနွဲ said...

မြင်းခြံကို ဘကျောက် အတွက် တိုက်ရိုက် ဆက်သွယ်ဖို့လိုအပ်ရင် ကျွန်တော့်ကို ပြောပါခင်ဗျာ။ ထပ်တူထပ်မျှ ခံစားရပါကြောင်း။

Nyi Lin Win said...

ဦးပေါက်က သူ့ဘဝမှာ ရဟန်းဘဝ အကြိမ်ကြိမ်ရောက်ခဲ့ဖူးတာ
ရယ်စရာတွေ အမြဲပြောတတ်ပြီး တူ တူမတွေကို အရမ်းချစ်တဲ့သူပါ
ကျွန်တော်ဘန်ကောက်မှာကျောင်းတက်နေစဉ်ကာလ တလျှောက် (2000 to 2004)
သူချက်ကျွေးတဲ့ ထမင်းဟင်းတွေပဲ စားခဲ့ရတာ
ကျွန်တော်ဘန်ကောက်က သူ့တူအရင်းပါ။

ဦးပေါက် ကောင်းမွန်သော ဘုံဘဝမှာ ပျော်ရွှင်နိုင်ပါစေ
ဦးပေါက်ကို ချစ်တဲ့ တူ
ညီလင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကြီးကျောက်လို သေခြင်းတရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ရဲသူ၊ ဟာသဥာဏ်ရွှင်သူ၊ စာရေးကောင်းသူ၊ လူချစ်လူခင်များသူတစ်ယောက်ကို အမှတ်ထင်ထင် အမြဲသတိရနေဖြစ်မှာပါ။
ဘ၀သစ်မှာ စိတ်ရောကိုယ်ပါ ရွှင်လန်းငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးမိပါတယ်။

rose said...

ကိုကြီးကျောက်နဲ့ ကိုအောင် ဖုန်းပြောတဲ့ စကားလေးတွေ လာဖတ်သွားတယ်။ အင်း... ကိုကြီးကျောက်က စိတ်ရင်း ကောင်းတယ်၊ ဟာသဥာဏ် ရွှင်တယ်၊ ဘလော့ဂ်ဂါ မောင်နှမတွေရဲ့ ပို့စ်တွေမှာလည်း နွေးနွေးထွေးထွေး နောက်နောက်ပြောင်ပြောင် ကွန်မန့်လေးတွေ လာရေးတတ်တယ်။ ကိုကြီးကျောက်ကို အားလုံးက အမြဲ သတိရနေကြမှာပါ။ ကိုကြီးကျောက် ကောင်းရာမွန်ရာ ရောက်ပါစေ...။

အလင်းသစ် said...

စိတ်မကောင်းခြင်းနဲ့အတူ ကောင်းရာသုဂတိ
ရောက်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။။။

ဆောင်း said...

ဗဟုသုတလည်းရ ရယ်လည်းရယ်ရ ခွင့်လွှတ်တတ်တဲ့ သဘောထားကြီး တဲ့ ကိုကြီးကျောက်ကို အရမ်းနှမျှော တယ်။

ကိုကြီးကျောက်ရဲ့စာတွေ ဖတ်ပြီး စိတ်မကောင်း ဖြစ်ရ တယ်။ ထပ်လည်း ဖတ်ချင်တယ်။ ကိုကြီးကျောက်ကို အသက်ပြန်ရှင်စေချင်လိုက်တာ။

kiki said...

ဘကျောက်က သူ့ ရောဂါ သူသိနေပေမဲ့ သူငယ်ချင်းမောင်နှစ်မတွေ စိတ်မကောင်းမှာစိုးလို့  အမှန်အတိုင်း ဖွင့်မပြောသွားတာနေပါလိမ့်မယ်။ ..
ဘာလို့လည်းဆိုတော့ သူ့ရဲ့ တကယ့် သွေးစစ်ဆေးချက်အဖြေတွေက လုံးဝ မကောင်းပဲ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ် ဆိုတာ လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက သူပြနေတဲ့ ဆေးရုံက သူငယ်ချင်း ဆရာဝန်တယောက်ဆီကနေ သိရပါတယ်...
သူ သေရမှာ မကြောက်တဲ့ အကြောင်း၊ပြင်ဆင်ပြီး ဖြစ်နေတဲ့ အကြောင်းလည်း ပြောခဲ့ဖူးပါတယ် ကိုအောင်ရေ..ဒါကြောင့် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားနိုင်ခဲ့တာပါ ။

အကိုကြီး တယောက်လို ခင်မင်လေးစားခဲ့ရတဲ့ ဘကျောက် တယောက် ကောင်းရာ ဘုံဘဝ ကို ရောက်ရှိမှာပါ..

kiki said...

ဘကျောက်က သူ့ ရောဂါ သူသိနေပေမဲ့ သူငယ်ချင်းမောင်နှစ်မတွေ စိတ်မကောင်းမှာစိုးလို့  အမှန်အတိုင်း ဖွင့်မပြောသွားတာနေပါလိမ့်မယ်။ ..
ဘာလို့လည်းဆိုတော့ သူ့ရဲ့ တကယ့် သွေးစစ်ဆေးချက်အဖြေတွေက လုံးဝ မကောင်းပဲ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ် ဆိုတာ လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက သူပြနေတဲ့ ဆေးရုံက သူငယ်ချင်း ဆရာဝန်တယောက်ဆီကနေ သိရပါတယ်...
သူ သေရမှာ မကြောက်တဲ့ အကြောင်း၊ပြင်ဆင်ပြီး ဖြစ်နေတဲ့ အကြောင်းလည်း ပြောခဲ့ဖူးပါတယ် ကိုအောင်ရေ..ဒါကြောင့် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားနိုင်ခဲ့တာပါ ။

အကိုကြီး တယောက်လို ခင်မင်လေးစားခဲ့ရတဲ့ ဘကျောက် တယောက် ကောင်းရာ ဘုံဘဝ ကို ရောက်ရှိမှာပါ..

ကျော်ထင် said...

အကို့ဘလော့မှာ တခါမှကွန်မန့်မပေးဖူးပါဘူး။
အခုတော့ ကျနော်သိပ်လေးစားသဘောကျတဲ့ ကိုကြီးကျောက်အကြောင်းပို့စ်ဖတ်ရလိုက်တော့ အတော်လေး စိတ်မကောင်းလဲဖြစ်၊ ပို့စ်ကိုလဲ နှစ်ခြိုက်သဘောကျတဲ့အတွက် ကွန်မန့်ဝင်ပေးလိုက်ပါတယ်။
ကိုကြီးကျောက်လို ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်သူ တစ်ယောက်ကို ဆထက်တိုး လေးစားအားကျမိသလို၊ သူ့ရဲ့ ဆုံးရှုံးမှုအတွက် အကိုရင်း၊ ဦးလေးရင်း တစ်ယောက် ဆုံးရှုံးသွားတာထက်တောင် ပိုဝမ်းနည်းမိကြောင်း ပြောပါရစေ။... ကိုကြီးကျောက် အေးချမ်းစွာ အိပ်စက် အနားယူနိုင်ပါစေ...။

www.HRmyanmar.info said...

ကိုအောင်ရေ စာလာဖတ်ရင်း စီဘောက်မရှိလို့ commentမှာ ကြေငြာသွားပါတယ်။

Blogger အစ်ကို/အစ်မ မိတ်ဆွေများ ကျနော့ ဒိုမိန်းကို www.HRmyanmar.info အဖြစ်ပြောင်းလဲချိတ်ပေးကြပါခင်ဗျာ... ဒိုမိန်းတွေ ၁ နှစ် ၁ ခါပြောင်းနေတဲ့ ကျနော့ကို နားလည်ပေးကြပါး) ဒီတစ်ခါပြောင်းတော့ဖူး တကယ်ပါ