Thursday, 31 March 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၉)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့်
ကြောက်ရွံ့ထိတ်လန့်တတ်သူများ မဖတ်ရှုသင့်ပါ။)

ယခင် အပိုင်း(၈)မှ အဆက် …

အဘ ဦးဘိုးထင်တို့ခြံဖက်ကနေ ခပ်သုတ်သုတ်ဖြင့် ဒီဘက်အခြမ်းဆီ
အပြေးအလွှား ပြန်ရောက်ကြပါတယ်။ မခံချိ့မခံသာ ဖြစ်နေတဲ့ သာဂိနဲ့
လှဆောင်တို့ကတော့ အဘဘိုးထင် တစ်ခြံလုံးကို မြေလှန်ရှာပြစ်ဖို့
လူကြီးတွေဆီ စောဒကတက်နေဆဲပါ။ ရုတ်တရက် ရွာအလယ် လမ်းမ
တလျှောက် လူတွေ အုပ်စုလိုက် လမ်းလျှောက်ရင်း စကားပြောသံတွေ
ကြားနေရပါတယ်။ ကိုထွန်းကြိုင်နဲ့ စိုးထိုက်တော့ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ရင်း တိတ်ဆိတ်နေဆဲ။

အဘစံတို့ မိကျော့တို့ အိမ်တွေနဲ့ နောက်ဖေးအိမ်တွေအကြား ကျွဲနွား
တွေ စုပေါင်းထားတဲ့ နေရာနံဘေးရှိ ခွေးတွေရဲ့ ဆွဲဆွဲငင်ငင် အူသံများ
ကတော့ ထိတ်လန့်စရာပါ။ အဘစံတို့ ခြံဖက်ကနေ လက်နှိပ်ဓါတ်မီး
ဖြင့် သူတို့အိမ်ဖက်ဆီ ဖွင့်လိုက် ပိတ်လိုက် လုပ်ပြနေတာကြောင့် မျိုးသိမ်း
တစ်ယောက် လောက်လေးဂွနဲ့ လောက်စာလုံးထည့်ထားတဲ့ လွယ်အိတ်
ကို လွယ်ရင်း ခပ်သုတ်သုတ်လေး ပြေးဆင်းသွားပါတယ်။







ခြံစည်းရိုး အတွင်းထဲကနေ လှမ်းထိုးကြည့်နေတဲ့ ဓါတ်မီးရောင်
ပေါင်းများစွာကြောင့် အိမ်အပေါ်ထပ်ကနေ ရွာအလယ် လမ်းမ
ပေါ် ထင်ထင်ရှားရှား မြင်နေရပါတယ်။ အုပ်စုလိုက် လမ်းလျှောက်
သံတွေ သိပ်မသဲကွဲတဲ့ စကားပြောသံတွေတော့ အားလုံးနီးပါး
ကြားနေရတာပါ။ အသံတွေက နီးလာသလို ပြန်ဝေးသွားသလို
ဖြင့် ဘယ်သူတွေက ဘယ်သူတွေနဲ့ ဘာတွေ ပြောနေကြမှန်းတော့
မသိခဲ့ကြပါ။ တဖြေးဖြေး ညဥ့်နက်လာချိန်မှာတော့ လူကြီးတွေက
ကင်းသမားတွေက လွှဲရင် ကျန်တဲ့သူတွေကို အိပ်စက်အနားယူဖို့
ပြောဆို ဖျောင်းဖျကြပါတယ်။



မိကျော့တို့ အိမ်အောက်ထပ်မှာက ကွပ်ပြစ်ပေါ်မှာ ကိုမောင်ငြိမ်း
ကတော့ တခေါခေါနဲ့ ဟောက်ရင်း အိပ်ပျော်နေပါပြီ။ မျိုးသိမ်းတို့
လှဆောင်တို့ လူငယ်တသိုက်ကတော့ စကားသံတွေကို ခပ်အုပ်အုပ်
ပြောရင်း ငြင်းခုန်လို့ ကောင်းနေဆဲပါ ….
“ကျုပ်တော့ ဖြစ်ချင်ရာ ဖြစ်၊ ဓါးဆွဲပြီး တစ်ရွာလုံးကို လိုက်ကြည့်ချင်
တယ်ဗျာ၊ စိတ်ထဲမှာ မခံချိ့ မခံသာ ဖြစ်နေပြီ …”
“သာဂိ ပြောတာ ဟုတ်တယ်ဗျ၊ အခုဟာက ဘာတွေလဲ ဘယ်သူ
တွေက ကျုပ်တို့ တစ်ရွာလုံးကို ဘာအညှိုးနဲ့ ဘယ်လိုလုပ်လို့ အခု
လို ဖြစ်နေတာလဲ၊ မနက်ဖြန်တော့ ဖြစ်ချင်ရာ ဖြစ် ဗျာ၊ ရွာ့နံဘေး
တောပဲ ရှိရှိ တောင်ပဲရှိရှိ အဲဒီအထဲကို သွားမယ် …”
“အရီးအေးကတော့ ပြောတယ် …”
“အရီးအေးက ဘာပြောလို့လဲ ကိုမျိုးသိမ်း …”
“နေ့လယ်က ဟို ၀တ်ဖြူစင်ကြယ်နဲ့ ဘကြီးနဲ့စကားတွေ
ပြောတုန်းက အရီးအေးက အဲဒီစကားဝိုင်းနံဘေးမှာ မယောင်
မလည်နဲ့ နားထောင်လာတာတဲ့၊ ပြီးတော့ ညနေက အဖွားကို
ပြောပြနေတယ်၊ ဖြစ်နေတဲ့ ဇာတ်လမ်းက ဒီလိုကွ၊ ဒို့ရွာမှာ
ဟိုးအရင် မြန်မာပြည် လွတ်လပ်ရေး မရခင်တုန်းက ရွာက
လယ်အများအပြားကို အိန္ဒိယက လာတဲ့ ချစ်တီးကုလားသူဋ္ဌေး
တွေလက်ထဲ အပေါင်ခံရင်းနဲ့ ရောက်သွားဖူးတယ်၊ အဲဒီနောက်
ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ လယ်ပိုင်ဖြစ်တဲ့ ချစ်တီးတွေ အိန္ဒိယ
ကို ပြန်ပြေးတာပေါ့၊ ဒီဖက်ခေတ်ရောက်တော့ ချစ်တီး မယားငယ်
တွေက မွေးလာတဲ့ ချစ်တီးမျိုးတွေက သူတို့ ဘိုးဘွားလက်ထက်
က ပိုင်ဆိုင်ဖူးတဲ့ လယ်တွေကို သူတို့လက်ထဲ ပြန်ရောက်ဖို့ နည်း
မျိုးစုံနဲ့ ကြိုးစားနေကြတာ၊ အခု တစ်ရွာလုံး သရဲလိုလို တစ္ဆေ
ခြောက်သလိုလို နေ့စဉ် မြင်ကွင်းမျိုးစုံကြားထဲ ရောက်နေတာ
အဲဒီ ချစ်တီးအမျိုးအနွယ်တွေ ပြုစားလို့တဲ့ …”
“ဟုတ်ရဲ့လား ကိုမျိုးသိမ်းရယ်၊ အခုဟာက ကိုယ်တိုင် တွေ့နေရ
တာနော်၊ အဲဒီ ၀တ်ဖြူစင်ကြယ်နဲ့ ဘကြီး ပြောသလို ဖြစ်နေတယ်ပဲ
ထား၊ အဲဒီ ပြဿနာက ဘယ်နေ့ ပြန်ပြီး ပြေလည်မှာလဲ …”
“အခု လုပ်ထားတာက ငါတို့အားလုံးကို ၀ိညာဉ် နုတ်ဖို့တဲ့၊
ငါတို့အားလုံး သွက်သွက်ခါ ရူးသွပ်ပြီး သေအောင်ကို လုပ်တာ၊
ကံကောင်းချင်တော့ ဒို့အိမ်မှာ အခုရောက်နေတဲ့ သံခဲဆိုတဲ့
ကောင်လေး လေ၊ သူ့အမေက မကျွတ်မလွတ်ပဲ သူ့သားလေးကို
လိုက်ပြီး စောင့်ရှောက်နေတာ၊ သံခဲအမေက တရားအားထုတ်
နေတဲ့ အဲဒီဘကြီးကို အိမ်မက်ပေးပြီး ငိုယိုတောင်းပန်လို့ ဒို့
တစ်ရွာလုံး ဒုက္ခရောက်နေတာကို သိသွားတာကွ၊ ဒါကြောင့်
ဒီဘကြီးက ဒို့ရွာရဲ့ လက်ရှိ ပြုစားခံနေရတာကို ဖြေရှင်းနည်း
လာပြောတာပေါ့၊ ဒီနေ့ သူ ပြောသွားတယ်လေ၊ နောက် နှစ်ရက်
လောက် ဆိုရင် ဖြစ်နေတာတွေ ပြေလည်မယ်တဲ့ …”
“ဒါဆို ရွာတော်ရှင်ကို အရင် မမြှောက်ပဲနဲ့ ကွင်းပိုင်ကို ကျော်
မြှောက်မိတယ်ဆိုတာက ဘယ်လိုတွေလဲ ….”
“ကျုပ်အထင်တော့ ရွာက အမှားတစ်ခုခုကို လုပ်မိချိန်နဲ့
ရွာကို ဒုက္ခပေးချင်နေတဲ့သူတွေ လုပ်တာနဲ့ နှစ်ချက်စလုံး
ထိသွားပုံရတယ် …”

အခန်း (၁၅)

မနက်ခင်းထဲ သူတို့အားလုံး ကြောင်တောင်တောင် ဇဝေဇ၀ါ
ဖြစ်နေကြပါတယ်။ သူတို့ စုပေါင်း နေထိုင်ရာ အိမ်(၂၀)က လွှဲရင်
နံဘေး ပတ်ဝန်းကျင်ရှိ အိမ်များ၊ လှမ်းမြင်ရသမျှ အရာအားလုံးဟာ
ပင့်ကူမျှင်တွေ တွဲလဲခိုပြီး ညစ်နွမ်းဟောင်းမြေ့သလို ဖြစ်နေပါတယ်။
တစ်ရွာလုံးကို လှည့်ပတ်ပြီး လျှောက်ကြည့်တော့ အိမ်တိုင်းလိုလို
ပင့်ကူမျှင်များ ရှုပ်ပွနေပြီး အိမ်တချို့ဆိုရင် ယိုင်လဲပြိုကျတော့မယ့်
ပုံစံ ဖြစ်နေပါတယ်။ တချက်တချက် လေအတိုက်မှာ တကျွီကျွီမြည်
သံထွက်ပေါ်နေတဲ့ အိမ်တံခါးများက တစုံတယောက်ကို လက်ယက်
ခေါ်နေသလို။

ရွာနံဘေးက မြင်ကွင်းများကိုလည်း ရှင်းရှင်းလင်းလင်း ဘာမှ မမြင်ရ။
မြူခိုးငွေ့ ဖုံးလွှမ်းနေတဲ့ ရွာထိပ်အ၀င်အ၀နဲ့ ဘေးပတ်လည်က မြင်ကွင်း
များက ဘယ်လိုပုံစံတွေ ရှိမှန်း မှန်းဆလို့ မရ ….။ ရွာဦးကျောင်းရှေ့ကို
ဖြတ်အလျှောက် သူတို့အားလုံးရဲ့ နားထဲမှာ ကြားလိုက်ရတဲ့ အသံက …
“မိုးဝေရေ … ညီလေး မောင်မိုးဝေ …” ။ ကျောင်းဝင်းထဲကို လျင်မြန်စွာ
ပြေးဝင်သွားသူက မိကျော့တို့အဖွား ဒေါ်ယဉ်မေ။
“သားကြီးရေ … မောင်ထွန်းခင်၊ သားလတ်ရေ မောင်မျိုးခင်၊ အမေလေ
… သားတို့ အမေပါ၊ အမေရောက်နေပြီလေ၊ သားတို့ အတူနေဖို့ အမေ
ရောက်နေပြီလေ ….”

ရွာဦးကျောင်းရဲ့ ပုံစံဟာ သူတို့ နေ့စဉ် တွေ့နေကြ အဆောက်အဦး
ပုံစံ မဟုတ်ကြောင်း ကိုမျိုးသိမ်းက ပြောဆိုနေပါတယ်။ အဘစံ နူတ်ဖျား
မှ …
“မီးလောင်သွားတဲ့ ကျောင်းဟောင်းကြီး ဘယ်ကဘယ်လို ပြန်ပေါ်
လာတာလဲ ….”
အောက်ထပ်က မဲမှောင်တိတ်ဆိတ်နေတဲ့ အခန်းတွေကြား သူတို့အားလုံး
တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်နေကြပါတယ်။ စိုးထိုက်နဲ့ အနီးဆုံး
ဖြစ်နေသူက မိကျော့၊ ကျောင်းအောက်ထပ်က ညစ်သိုးသိုးအနံ့တွေကြား
မိကျော့ဆီမှ သနပ်ခါးနံ့ သင်းသင်းလေးတွေကြောင့် စိုးထိုက်တစ်ယောက်
ကြောက်ဖို့ပင် ခပ်မေ့မေ့ …..။

ရှေ့ကလူတွေ တစ်ခန်းပြီး တစ်ခန်း တံခါးတွေ တွန်းဖွင့်ချိန်မှာ ဘာတွေ
များ ထွက်လာမလဲလို့ သူတို့အားလုံး တမျှော်မျှော်။ ရုတ်တရက်
လူတွေအားလုံး ဖြတ်ကျော်သွားတဲ့ အခန်းတစ်ခန်းထဲ မိကျော့က
စိုးထိုက်ကို ၀င်ကြည့်ဖို့ ပြောလိုက်ပါတယ်။ ခပ်ဟဟ ပွင့်နေတဲ့
အခန်းတံခါးကို ဖွင့်လိုက်တော့ ဟိုတစ်ဖက် နံရံက ပြတင်းပေါက်
အလင်းရောင်တွေနဲ့ အခန်းရဲ့ နေရာတချို့ကို မသဲမကွဲ မြင်နေ
ရပါပြီ။ မိကျော့နဲ့ အနီးဆုံး ရှိနေသူက စိုးထိုက်။ အောက်ခြေက
တကျွီကျွီမြည်နေတဲ့ ပျဉ်ပြားတွေကို နင်းရင်း နံရံပေါ်က ခပ်မွဲမွဲ
စာသားတွေကို သူနှစ်ဦး အသံထွက်ပြီး ဖတ်နေကြပါတယ်။
“ကိုရင်လူထွက် ငပိချက် မိုးဝေလေး သင်ပုန်းကြီး မအံနိုင်ရင်တော့
ဆရာတော်က ဆော်ပလော် တီးပါလိမ့်မယ် ….
ပုံ/ဖိုးဆောင်
ရွာဦးကျောင်းဆရာတော်၏ အမိန့်ရ ဘုန်းကြီးကျောင်းသား …”

နံရံပေါ်က စာသားတွေအဆုံး မိကျော့ရဲ့ တခစ်ခစ်ရယ်သံများက
လင်းတ၀က် မှောင်တ၀က် ဖြစ်နေတဲ့ အခန်းထဲမှာ ကြည်နူးဖွယ်
လွှင့်ပျံ့စီးဆင်းနေပါတယ်။ ပြတင်းပေါက်ဘောင် အောက်ခြေက
ခပ်မှုံမှုံဖြစ်နေတဲ့ စာသားအချို့ကို ဖတ်ဖို့ မိကျော့တစ်ယောက်
ရှေ့ကို တိုးကပ်သွားပါတယ်။ တကျွီကျွီ မြည်နေတဲ့ သစ်သားပြား
ဟာ ရုတ်တရက် “၀ုန်း”ဆိုတဲ့ အသံနဲ့အတူ သူတို့နှစ်ဦးစလုံး
ကြမ်းပြင်အောက်ခြေကို ကျွံကျသွားပါတယ်။ ကြမ်းပြင်အောက်ခြေ
က ကျင်းကြီးထဲ မိကျော့ရဲ အော်သံ၊ သစ်သားပြား ကျိုးကျသံ၊
ဖုန်မှုန့်များ တထောင်းထောင်းထမှုတွေကြား ဘာဆိုဘာမှ
မမြင်ရတော့ပါ။ ပြိုင်တူပြုတ်ကျလာတဲ့ အခိုက်အတန့် မိကျော့
တစ်ယောက် ဆွဲမိဆွဲရာဆိုသလို စိုးထိုက်ကို ထွေးဖက်ထားပါတယ်။
ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားတဲ့ စိုးထိုက်လည်း
မိကျော့ကို ပြန်လည် ထွေးဖက်ထားပါတယ်။ သူတို့နှစ်ဦးရဲ့ ရင်ခုန်သံ
များကို သူတို့နှစ်ဦးမှအပ မည်သူမျှ မကြားနိုင်။ အိစက်ညက်ညော
သော အထိအတွေ့များကြောင့် အသက်ရှုသံများက မှားယွင်းသွား။
နှစ်ဦးသား လေဟာနယ်ထဲ မျှောလွှင့်နေသလို၊ အချိန်မည်မျှ ကြာအောင်
တစ်ဦးကို တစ်ဦး ပွေ့ဖက်နေမိသလဲဆိုတာ နှစ်ဦးစလုံး သတိမထား
မိကြ၊ အပေါ် ကြမ်းပေါက်ဝမှ သာဂိရဲ့ ဟားတိုက်ရယ်မောသံများက …
“သြော်၊ ငါကတော့ ဒီကျင်းကြီးထဲမှာ နင်တို့နှစ်ယောက်စလုံး
သတိလစ်နေပြီ ထင်နေတာ၊ လက်စသတ်တော့ နင်တို့က ဒီလိုကိုး
… ဟားဟားဟား …”

“ဦးလေး၊ လွှတ်တော့လေ …” လို့ မိကျော့ရဲ့ ငိုအစ်အစ် အသံ
ကြောင့် ပါးစပ်ပေါက်ဝနား ရောက်နေတဲ့ ထမင်းလုတ်ကို ပြန်ချလိုက်ရ
သလို စိုးထိုက်တစ်ယောက် အယောင်ယောင် အမှားမှား …။

အခန်း (၁၆)

တနေကုန်အောင် မြူတွေမှိုင်းနေပေမယ့် ညနေခင်းမှာတော့
တိမ်ရောင်တွေကြောင့် တောက်ပနေခဲ့၊ ညနေခင်း ထမင်းစားပွဲ
မှာ မိကျော့ရဲ့ မျက်နှာလေးက တိမ်ရောင်တွေနဲ့ အပြိုင်
နီမြန်းလို့၊ သူမရဲ့ မျက်စောင်းလှလှများက အနေရအထိုင်ရ
ခက်နေတဲ့ စိုးထိုက်ဖက်ကို ရောက်သွားလိုက်၊ ပြုံးစစ လုပ်ပြနေတဲ့
ကိုရင်သာဂိဖက်ကို ရောက်သွားလိုက်၊ မျိုးသိမ်းကတော့ အဖွား
ဒေါ်ယဉ်မေထံ သတင်းတွေ ပို့နေပါပြီ ….
“အဖွားရေ၊ အဖွားမြေးက မငယ်တော့ဘူးနော် …”
“ဌက်တွေ အတောင်စုံရင် ပျံတာပေါ့ လူလေးရယ်၊ မိုးကောင်းကင်
က သိပ်ကျယ်တယ်လေ၊ သူတို့ ပျံပါစေ ….”

ထမင်းစားပြီးခါစ အထုပ်ကိုယ်စီ ပိုက်ထားတဲ့ အဘစံ ဦးဆောင်တဲ့
ကလေး လူကြီး(၂၀)ကျော် သူတို့အိမ်အောက်ထပ်ကို ၀င်ရောက်
လာပါတယ်။ “မောင်ဝက်တို့ မိသားစုနဲ့ မသန်းခင်တို့ မိသားစုကို
ဒီတစ်ညတော့ မယဉ်မေတို့မှာ အိပ်ခိုင်းမလို့၊ မသန်းခင်တို့ အိမ်မှာ
လည်း အမျိုးသမီးက အများစု၊ မောင်ဝက်တို့ မိသားစုကလည်း
ကလေးငယ် အများစု၊ စုနေတဲ့ အိမ်ကလည်း ဒေါင့်အစွန်းဖက် ဖြစ်
နေလို့၊ ညရေးညတာ အရေးအကြောင်းရှိရင် သူတို့ အခက်အခဲ
ရှိတယ်၊ ကျန်တဲ့အိမ်တွေမှာလည်း လူက အပြည့်ပဲ မယဉ်မေရေ ”

မိကျော့တို့ အိမ်ပေါ်မှာ ကလေးငယ်များနဲ့ လူကြီးများကို အိပ်ဖို့
နေရာချပေးလိုက်တော့ အိမ်ရှင်ဖြစ်တဲ့ မျိုးသိမ်းနဲ့ မတိုးတိုးတို့
မိကျော့တို့ပင် အိမ်ပေါ်ထပ်မှာ နေရာမရ။ တုတ်ဓါး လောက်လေးခွ
တွေကို အသင့်ပြင်နေတဲ့ လှဆောင်နဲ့ သာဂိတို့ကတော့ ဒီတစ်ည
လုံး ငုတ်တုပ်ထိုင်ပြီး စောင့်ကြည့်ဖို့ မိုးပြာကို လဖက်သုတ် ခိုင်း
နေပါတော့တယ်။

ကိုထွန်းကြိုင်နဲ့ စိုးထိုက်တို့ကတော့ မိကျော့တို့အိမ်ရဲ့ မျက်နှာချင်း
ဆိုင်မှာ ရှိတဲ့ အဘဦးဘိုးထင်တို့ ခြံထဲဆီ မ၀ံ့မရဲနဲ့ တချက်တချက်
လှမ်းလှမ်း ကြည့်နေမိပါတယ်။ ညရဲ့အမှောင်က ကောင်းကင်ပေါ်
လနဲ့ ကြယ်တွေကို ဘယ်နားမှာ ရှာရမှန်းမသိ မဲမှောင် တိတ်ဆိတ်
နေပါပြီ၊ တဖက်ခြံဖက်က ဆယ်အိမ်ခေါင်း ကိုတင်စန်းနဲ့ ဖိုးချစ်တို့
ဦးဆောင်တဲ့ ကာလသားတသိုက်ကလည်း သူတို့နည်းတူ အခြေ
အနေကို စောင့်ကြည့်နေကြပါတယ်။ ရုတ်တရက် မိကျော့တို့အိမ်
အပါအ၀င် ခြံတွေနဲ့ နောက်ဖက်ခြံတွေအကြား တစ်ရွာလုံးရဲ့ ကျွဲ
နွားများ စုပေါင်းထားရှိရာ နေရာကနေ ဆူဆူညံညံ အသံတွေ ထွက်
ပေါ်လာပါတယ်။ တိရိစ္ဆာန်တွေအပေါ် သာဂိတို့ ညီအကိုနှစ်ယောက်
ရဲ့ ကြိမ်းမောင်းသံတွေ တဗျစ်ဗျစ်တောက်တောက် ပြောဆိုသံတွေ
ကြောင့် အဘစံတောင် ခြံစည်းရိုး တဖက်ကနေ လှမ်းမေးနေပါပြီ …
“ညကြီး အချိန်မတော်၊ ဘာဖြစ်လို့လဲ သာဂိ …”
“အဘရေ၊ ဘာမှန်းတော့ မသိဘူး၊ ကျွဲတွေ ဖင်ချင်းပေါက်ပြီး ဂျိုးတွေ
တထောင်ထောင်နဲ့ နာမှုတ်သံတွေနဲ့ ညံနေတာပဲဗျ …. ”
“ဟ … ဟ … မောင်မြ၊ ခပ်မြန်မြန် အသံကျယ်ကျယ် လိုက်အော်စမ်း၊
အသံကျယ်ကျယ်ထွက်နိုင်တဲ့ သံပုံးတွေ တီးဖို့ အိမ်တိုင်းမှာ အသင့်
ပြင်ထားလို့၊ ဒါ ကျားနံ့ရလို့ ကျွဲတွေ အဲလို ဖြစ်နေတာဟေ့ …”

ဆယ်အိမ်ခေါင်း ကိုမြရဲ့ အောင်မြင်လှတဲ့ အသံကြောင့် စုပေါင်း
နေထိုင်ရာ အိမ်အသီးသီးက လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။ ကိုမောင်ငြိမ်း
နဲ့ ပရဆေးဆရာ ကိုရွှေတို့ကတော့ ခြံတိုင်းမှာ မီးပုံလုပ်ထားသင့်
ကြောင်း အဘစံနဲ့ တိုင်ပင်နေကြပါတယ်။ အေးအေးဆေးဆေး
နေတတ်တဲ့ ကျောင်းဆရာလေး ကိုဦးတစ်ယောက် အခြားသူတွေလို
တုတ်ဓါးတွေ ကိုင်ဆွဲမထားပဲ ရေထမ်းတဲ့ ထမ်းပိုးကို ကိုးရို့ကားယား
ကိုင်ဆွဲထားပုံကို ကြည့်ပြီး မတိုးတိုးနဲ့ မိကျော့တို့ ညီအမနှစ်ယောက်
ငိုအားထက် ရယ်အား သန်နေကြပါတယ်။

အရင်ညတွေလို မဟုတ်ပဲ ကျောထဲထိ စိမ့်ပြီး အေးစက်နေတဲ့ ဒီည
မှာ အိမ်အောက်ထပ်မှာ ရှိနေတဲ့ သူတို့အားလုံး စောင်ကိုယ်စီ ရစ်သိုင်း
လျက်၊ အသံလေး နည်းနည်း ကြားရင် ဟိုကြည့်ဒီကြည့်ဖြင့် လှဆောင်
နဲ့ သာဂိတို့ကလည်း ဂနာမငြိမ်။ သက်ကြီးခေါင်းချ ကြက်တွန်သံနဲ့
အတူ သူတို့နားထဲ ၀င်ရောက်လာတာက အသံ တစ်သံ ….
“သားရေ၊ လူလေး မောင်သံခဲ …”
ခပ်ဝေးဝေး တစ်နေရာကနေ အမျိုးသမီးတစ်ယောက်ရဲ့ လှမ်းခေါ်သံ
က နားထဲကို စူးစူးရှရှ ၀င်ရောက်လာပါတယ်။ မိကျော့တို့ အိမ်ရှေ့
မလှမ်းမကမ်းက မီးပုံနံဘေးမှာ ထိုင်နေကြတဲ့ ကိုထွန်းကြိုင်နဲ့ စိုးထိုက်
နှစ်ဦးသား ဆံပင်မွှေးတွေ ထောင်သွားတဲ့အထိ ကြက်သီးတွေ တဖြန်းဖြန်း
ထ’သွားပါတယ်။ လောက်လေးခွ ကိုယ်စီ ကိုင်ထားတဲ့ သာဂိနဲ့ ကိုမျိုးသိမ်း
တို့ကတော့ ခြံတံခါးအတွင်းကနေ အပြင်မှာ တစုံတယောက်များ တွေ့
ရမလားလို့ လှမ်းကြည့်နေပါတယ်။

ရုတ်တရက် မျက်နှာချင်းဆိုင်မှာရှိတဲ့ အဘဦးဘိုးထင်တို့ ခြံထဲမှာ
လူတွေ အုပ်စုလိုက် ပြေးလွှားသံတွေ ထွက်ပေါ်လာပါတယ်။ အဘစံ
တို့ ခြံဖက်က ကိုမြနဲ့ ဖိုးချစ်တို့တောင် ဓါတ်မီးရောင်နဲ့ လှမ်းထိုး
ကြပါတယ်။ ဓါတ်မီးရောင်ပေါင်း များစွာရဲ့ အလင်းမှာ သူတို့ တွေ့
လိုက်ရတာက ခပ်၀၀ အရှည်ရှည်ရှည် သဏ္ဍာန်တစ်ခုပါ။ လူလား၊
အခြားသတ္တ၀ါတစ်ခုလားလို့ ဘယ်သူမှ တိတိကျကျ မပြောနိုင်သေး။
ရွာအလယ်လမ်းမပေါ်က အမျိုးသမီးတစ်ယောက်ရဲ့ လှမ်းခေါ်သံ
ကတော့ ပိုပြီး သဲသဲကွဲကွဲ ကြားလာရပါပြီ။

လောက်လေးခွ အလက်ပေါင်းများစွာရဲ့ တဖျောက်ဖျောက် ပြစ်ခတ်
သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတယ်။ အဘဦးဘိုးထင်
တို့ ခြံထဲက ဘာမှန်းမသိအရာက ရှေ့တိုးမြဲ တိုးလာ နေပါတယ်။
“ခြံထဲကနေ အပြင်ကို မထွက်နဲ့၊ သတိထား သတိထား …” ဆိုတဲ့
သတိပေးသံများနဲ့ အားလုံး စိုးရွံ့နေပါတယ်။ မျက်နှာချင်းဆိုင်ခြံရဲ့
တံခါးပေါက် ရုတ်တရက်စောင့်တွန်းပြီး ခြံပေါက်ဝမှာ ရပ်နေတဲ့
အရာကို ကြည့်ပြီး လောက်လေးခွကိုင်ထားတဲ့ သာဂိတို့တတွေ
ကြောင်သွားကြပါတယ်။ အမွှေးအမျှင်အရှည်များ တကိုယ်လုံး
ဖုံးလွှမ်းထားတဲ့ လူပုံစံပါ၊ နီရဲတောက်ပနေတဲ့ သူ့မျက်ဝန်းများက
ဒီဖက်ခြံထဲကို စူးရဲစွာ စိုက်ကြည့်နေပါတယ်၊ ချက်ချင်းဆိုသလို
သူ့ရဲ့ အရပ်ဟာ တဖြေးဖြေး ရှည်ထွက်လာသလိုပါ၊ နီရဲနေတဲ့
မျက်လုံးများကလည်း ချက်ချင်းဆိုသလို ပြူးထွက်လာပါတယ်။
ရုတ်တရက် သူတို့ရဲ့ မြင်ကွင်းထဲမှာ မျက်နှာပေါ် ဆံပင်ဖျားလျား
ဖုံးကွယ်ထားတဲ့ အမျိုးသမီးတစ်ဦး ဘွားကနဲ ပေါ်လာပါတယ်။
ကွဲအက်အက် အသံများဖြင့် ….
“သားရေ လူလေး မောင်သံခဲ၊ အမေ လာပြီလေ …”
ဆေးဆရာကိုရွှေ နူတ်ဖျားက …. “ခင်ဗျားနဲ့ ခင်ဗျားသား မဆိုင်
တော့ဘူးဗျာ၊ ဘ၀တွေ ခြားသွားပြီလေ၊ ခင်ဗျားသားအတွက် စိတ်
မပူပါနဲ့၊ ကျုပ်တို့ တစ်ရွာလုံး ၀ိုင်းဝန်း စောင့်ရှောက်ထားမှာပါ …”
လို့ ခပ်ကျယ်ကျယ် အော်ပြောသံက အမှောင်လွှမ်းနေတဲ့ ညမှာ
အကျယ်လောင်ဆုံးပါ။

မိကျော့တို့ခြံရဲ့ ပိတ်ထားတဲ့ တံခါးပေါက်ကို တဆတ်ဆတ်
စောင့်တွန်းရင် ရှိုက်ကြီးတငင်ငင် ဆက်လက် ငိုကြွေးနေတဲ့
အဲဒီအမျိုးသမီးကို ကြည့်ရင်း သူတို့အားလုံး ဘာလုပ်လို့ ဘာကိုင်
ရမှန်းမသိ ခပ်ကြောင်ကြောင် ဖြစ်နေပါတယ်။ မိကျော့တို့ အိမ်
အပေါ်ထပ်ဆီက သံခဲလေး ငိုရှိုက်ရင်း လှမ်းပြောသံများက ကြေ
ကွဲစရာပါ ….
“အမေ၊ သားလေး အမေကို အရမ်းချစ်ပါတယ်၊ သားအတွက်
အမေ စိတ်မပူပါနဲ့နော်၊ ပြုထားသမျှ ကုသိုလ်ကောင်းမှုတွေ
အားလုံး အမေ့အတွက် အမျှပေးပါတယ် အမေ …”

ခြံတံခါးနားမှာ ရပ်နေတဲ့ အမျိုးသမီး အနောက်မှာ လူ ပုံသဏ္ဍာန်
ပုံရိပ်လိုလို အခိုးအငွေ့လိုလို အရာများစွာ မြင်ရလိုက် ပြန် ပျောက်
သွားလိုက် တွေ့နေရပါတယ်။ ရုတ်တရက် တဖက်ခြံပေါက်ဝ
မှာ ရပ်နေတဲ့ဘာမှန်းမသိတဲ့ သတ္တ၀ါဟာ သူတို့ခြံတံခါးဝက
အမျိုးသမီးကို လှမ်းဆွဲပြီး ဝေးရာဆီ ခေါ်ဆောင်သွားပါတယ်။
ခြံတံခါးဘောင်ကို ကျော်ပြီး ခုနက ထွက်ခွာသွားတဲ့ လမ်းဆီ
သူ့ထက်ငါ အလျင်အမြန် လိုက်ကြည့်နေကြပါတယ်။ တံခါး
ပေါက်ဝ ရောက်နေသူတွေ အနောက်မှာ ရပ်နေတဲ့ ကိုထွန်းကြိုင်
ရဲ့ အထိတ်တလန့် လှမ်းအော်သံက ….
“ဟိုမှာ … ဟိုမှာ .. . ဘာကောင်ကြီးလဲ ….”

“ကျား … ကျား …” ဆိုတဲ့ အော်သံများကြောင့် သံပုံးတီးသံများ၊
ခြံပေါက်ဝကနေ အိမ်ဖက်ဆီ သူ့ထက်ငါ အလျင်အမြန် ပြေးလွှား
သံများက ကမ္ဘာပျက်နေသလို ….။

(ဆက်ရန်၊ ဇာတ်သိမ်းပိုင်းသို့ ….။)

ရေးသူ- စစ်ငြိမ်းဒီရေ

18 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အစောက မိုးမလင်းသေးလို့ လာမဖတ်တာ
ခုမိုးလင်းမှ လာဖတ်ဖြစ်တယ်.. သတ္တိက အဲလိုကောင်းတာ
တစ်ပိုင်းနဲ့တစ်ပိုင်းကြားမှာ နည်းနည်းကြာသွားလို့ မေ့သလိုဖြစ်သွားပြီး ရှေ့ကအပိုင်းတွေ ပြန်ရှာဖတ်လိုက်ရသေးတယ်။
သည်းထိတ်ရင်ဖို ပါဘဲ

အဖြူရောင်နတ်သမီး said...

အောင်မယ်ငီး...
ကြောက်ကြောက်မဲ့ ဖတ်နေတဲ့သူကိုမှ အားမနာ...
သူက “ဇာတ်သိမ်း”ကို မျှော်ခိုင်းနေပါရောလား..။

ပြီးရော..ဒါဆိုလည်း..
မြန်မြန်တင်နော်...

ZT said...

တစ်ခုနဲ့ တစ်ခုကြား ကြာလွန်းလို့ အရှေ့ပိုင်း တွေ ပြန်ပြန် ဖတ်နေရတယ်။ :)

ကျောက်တစ္ဆေ said...

မူလဇတ်လမ်းကို မနဲပြန်စဉ်းစားယူရတယ်...
သရဲတောင် ခြောက်ရတာ ဆန့်ငင်ဆန့်ငင် ဖြစ်နေလို့..
သရဲစိတ်ညစ်တယ်တောင်ပြောနေပြီ..

Anonymous said...

အပိုင်း(၉)ကိုအကြာကြီးစိတ်ရှည်ရှည်စောင့်ခဲ့ရတဲ့ ပရိတ်သတ်ကြီး ဇာတ်သိမ်းပိုင်းကိုအမြန်ဆုံးဖတ်ခွင့်ရရန်မျှော်လင့်တောင့်တာနေပါကြောင်း :)

An Asian Tour Operator said...

မနက်စောစော ဖတ်တာတောင် မှ ခေါင်းနဘမ်းကြီး ကြက်သီးဖြန်းဖြန်းထ။ ဇာတ်သိမ်း သိပ်မကြာပါစေနဲ့ဗျို့။

crystal said...

ဇာတ်သိမ်းလေးတော့ သိပ်မကြာစေနဲ့နော်၊
မျက်စိထဲမှာတော့ မြင်ယောင်နေတယ် ဟိုနင်းးးး (ထမင်းလုတ်ပြုတ်ကျသွားတယ်ဆိုလား).....

:)

sosegado said...

ထိန့်လိုက် လန့်လိုက် ရင်ခုန်လိုက်နဲ့ နောက်ဆုံးကျားရောက်လာပါကော၊
မယ်ကျော့ရဲ့ သနပ်ခါးအနံ့လေးက မပြယ်ပဲကိုး၊
ဖတ်လို့ကောင်း၍ ဇာတ်သိမ်းကိုစောင့်နေသည်။

စော(အဝါရောင်မြေ) said...

:O
အင်း သရဲခြောက်နေတုံး ဘယ်က ကျားကရောက်လာပြန်တာတုံး ... စီးတော်ကျားလား :D

ရေကန်ပေါ်ရပ်နေတဲ့ သရဲမက ဘယ်ရောက်သွားလဲ

Anonymous said...

ဖတ်ရတာ ဇတ်ရှိန်တက်နေတုံး ဇတ်သိမ်းပိုင်း ရှိသေးတယ်ပေါ့ မြန်မြန်တင်ပေးနော်။

Anonymous said...

စလုံ့းက ပြန်လာတဲ့ အသိတစ်ယောက်ပြောလို့ လာဖတ်ကြည့်တာ အွန်လိုင်းပေါ်မှာတော့ အကို့ကို လုံးဝ လေးစားတယ် ....
ဇော်ဇော်

Anonymous said...

သရဲတွေ များနေလို့  နံပါတ် ပြန်တပ်ပြီး လိုက်မှတ်နေရ တယ်။ အပေါ်က ပြောသလို ရွာထဲ ဇတ်ပွဲပြနေတဲ့အုပ်စု ရေကန်ဘောင်က သရဲမ တစေအုပ်စု... ကြမ်းပြင်ကို ဖောက်ထားတဲ့ သရဲအုပ်စု..
လှေစီးလာတဲ့ သရဲအုပ်စု..

အဲဒီသရဲအားလုံး ဇတ်သိမ်းမှာ ပြန်ရှင်း ဖို့ မမေ့နဲ့ အုန်း

သနပ်ခါးနံ့ သင်းတဲ့ ဇတ်ကွက် ကတော့ ဇတ်လိုက်က သရဲ ကို လာဒ်ထိုးထားမှာ သေချာ တယ်။

လှေသရဲတွေလာလို့  ရွာထဲ ရေ၀င်တဲ့ အပိုင်းပါရင် နူကလီးယားဓါတ် အိုးတွေ အကြောင်းပါ ထည့်နော်။ နူကီးယားဆူနာမိ သရဲပါ ပါမှ ပိုကြောက်ချာ ကောင်းမှာ

လက်တုန်တုန် အသံတုန်တုန် ကျွန်ပျူတာမျက်နှာပြင်ကို ရေမန်းဖြန်း စိတ်ပုတီးလည်ပင်း စွပ်ပြီး ဆေးကြိမ်လုံးကိုင်ကာ မှတ်ချက်ရေးလိုက်ပါသည်

ဆေးကြိမ်လုံး မရှိသဖြင့် တကျပ်တန်ဆိုင်မှ ၀ယ်လာ သော ပက်ကင်ပေပါ အလိပ် ကို ဇော်ဂျီဆေးကြိမ်လုံးအမှတ် ဖြင့် ကိုင်ထားခြင်းဖြစ်ပါသည်။

ဆောင်း

ကိုဇော် said...

ဇာတ်သိမ်းပိုင်းလေးကို မျှော်လျက်...

Anonymous said...

အင်း ကိုအောင် ရေ

ဇာတ်သိမ်းပိုင်းလေး မျှော်နေမယ် အမြန်တင်ပေးရင် ကောင်းမယ် မမေ့ခင်လေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Mon Petit Avatar said...

ဖတ်ပြီးညဘယ်လိုအိပ်ရမလဲတောင်မသိ ဇတ်သိမ်းပိုင်းကိုလဲမျှော်နေပါသည်။

PhyoPhyo said...

ဟုတ်တယ် သရဲတောင် ပြန်အစဖော်ဖတ်လိုက်ရတယ်၊
သရဲဆို အကုန်ကြိုက်တယ်၊ အကုန်ကြောက်တယ်၊ ရေးထားတာ ကြောက်ချရာဂျီး၊ သိပ်တော်တာပဲ၊
ကြောင်သရဲလည်း ဖတ်ချင်တယ်၊ တကယ့်အဖြစ်အပျက်လားလည်း မှတ်ချက်လေး ထည့်ဦးနော်၊
တကယ့်အဖြစ်ဆို စိတ်နှစ်ပြီး ပိုကြောက်လို့ရတာပေါ့ ဟီးဟီး

rose said...

ဆန့်တငဲ့ငဲ့ ဖြစ်မှာစိုးလို့ ဇာတ်သိမ်းမှပဲ ပေါင်းဖတ်မလို့ သိမ်းထား ပေမယ့် မနေနိုင်တော့လို့ လာဖတ်သွားပြီ။ ဇာတ်သိမ်းကို မျှော်နေမယ်နော်။ မိကျော့နဲ့ စိုးထိုက်တို့ နှစ်ဦးကရော ဘာညာ ဘာညာ ဖြစ်မှာလား (ချစ်သွားကြမှာလားကို ပြောတာပါ ခစ်ခစ်း)

Anonymous said...

အပိုင်း ၁၀ ကလည်း ကြာလိုက်တာနော် မျှော်ရတာ...