Thursday, 3 March 2011

သတိရလျက်ပါ သူငယ်ချင်း

ကိုကြီးကျောက်နဲ့ မမေတို့က ဘ၀ကူးပြောင်းကာစ
သူငယ်ချင်းတွေရဲ့ လာရောက်နူတ်ဆက်မှုတွေအကြောင်း
ရေးတော့ ကျနော်လည်း ရေးချင်စိတ်က ထိန်လို့မရတာနဲ့
လွင်ပြင်ခေါ်သံ” ကို ခဏထားပြီး ကျနော့်ကိုယ်တွေ့လေး
တစ်ခုကို ပို့စ်အဖြစ် တင်လိုက်ပါတယ်။

၁၉၉၅ ခုနှစ် နှစ်ဆန်းမှာ လှိုင်နယ်မြေ RC 2 က ဓါတုဗေဒ အဓိက
တက်နေတဲ့ ကျောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။ ကွယ်လွန်
သွားတဲ့ ကျောင်းသူက ပဲခူးတိုင်း ပြည်မြို့ဇာတိ ဖြစ်ပါတယ်။
သူ သေဆုံးတဲ့အချိန်က ဒုတိယနှစ် စာမေးပွဲပြီးလို့ ကျောင်းပိတ်
ထားတဲ့ ကာလမှာပါ။ သတင်းကို စကြားရတဲ့ အချိန်က ညနေခင်း
တစ်ခုမှာပါ။ ကွယ်လွန်သွားသူနဲ့ ကျနော့်သူငယ်ချင်းတစ်ဦးဟာ RC 2
ကျောင်းမှာ တစ်ဦးနဲ့ တစ်ဦး တွေ့ပြီး သမီးရည်စား ဖြစ်ကြပါတယ်။
ကျနော့်သူငယ်ချင်းကြောင့် အဲဒီကျောင်းသူနဲ့ ကျနော်ဟာ ရင်းနှီး
တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။




ရုတ်တရက် နေမကောင်းဖြစ်ပြီး ကွယ်လွန်တဲ့ သတင်းကို ကြားကြား
ချင်း သူတို့မေဂျာက သူ့သူငယ်ချင်းတွေရော၊ သူ့ရည်စားဖြစ်တဲ့
သူရော ယုံကို မယုံကြပါဘူး။ ဒီသတင်း မဟုတ်ပါစေနဲ့လို့ ဆုတောင်း
ကြပါတယ်။ ရန်ကုန်ကနေ မနက်အစောကြီး ပြည်ကို ကျောင်းသား
တွေ အုပ်စုလိုက် သွားကြပါတယ်။ ဟိုရောက်တော့ ကြေးစည်ထုသံ
ငိုသံတွေနဲ့ သတင်းက အမှား မဟုတ်တော့ပါ။


သေဆုံးသွားတဲ့ အဲဒီကျောင်းသူလေးမှာ ထူးထူးခြားခြား နာတာရှည်
ရောဂါတို့ ဘာတို့ လုံးဝ မရှိပါဘူး။ သာမန် ဖျားနာတာပါ။ သူ့အဖေ
ကျန်းမာရေး ဆေးမှူးက ဆရာဝန်ဆီ သွားမပြခိုင်းပဲ သူ့ဘာသာ သူ
ကြိတ်ကုရင်းကနေ ရောဂါက မသက်သာပဲ အချိန်လွန်မှ ဆေးရုံရောက်
တော့ ဆရာဝန်တွေလည်း မကယ်နိုင်တော့ပါဘူး။

သူ့နာရေးဆီ အပြေးအလွှာ ရောက်လာတဲ့ ရန်ကုန်နဲ့ နယ်တချို့က
သူငယ်ချင်းတွေ၊ RC 2 က ကျောင်းသား ကျောင်းသူတွေ ငိုလိုက်ကြ
တာ ဆူညံနေတာပဲ။ သူတို့ သမီးရည်စားနဲ့ ကျနော်က ကျောင်းမှာ
နေ့တိုင်းလိုလို ကင်းန်တီးန် အတူတူ ထိုင်နေကြပါ။ ကိုယ်နဲ့ ရင်နှီးတဲ့
လူတစ်ယောက် ရုတ်တရက် ဒီလိုဖြစ်သွားတော့ စိတ်တော့ မကောင်း
ပါဘူးပေါ့။ ကျနော်ကလွဲပြီး သူငယ်ချင်းတွေ အကုန်လုံး ငိုတာကြည့်ပြီး
စိတ်ထဲမှာ သူ့အဖေ ကျန်းမာရေးဆေးမှူးကို တုတ်နဲ့ ရိုက်ချင်စိတ်
က မနည်းကို မျိုချနေရတယ်။ သိသလိုလို တတ်သလိုလိုလုပ်လို့ ကိုယ့်
သားသမီး မဆုံးရှုံးသင့်ပဲနဲ့ ဆုံးရှုံးတာပေါ့။

အသုဘပို့ပြီး သူတို့အိမ် ပြန်ရောက်တော့ အသုဘပို့တုန်းက တက်မလိုလို
ချက်မလိုလို ဖြစ်ကြတဲ့ သူ့ညီအကို မောင်နှမတွေ၊ အမျိုးတွေက ဘာလုပ်ကြ
သလဲဆိုတော့ အိမ်ပေါက်ဝကနေ ဖလားထဲက ရေနဲ့ ခြံထဲ ၀င်လာတဲ့ သူတိုင်း
ကို စတိသဘော ပက်ဖြန်းပါတယ်။ အဲဒါ ဘာလုပ်တာလဲ မေးကြည့်တော့
အရပ်ထဲက ပြောတယ်တဲ့ … ဆုံးသွားတဲ့ သူ့တို့ညီမ၊ ကျနော်တို့ သူငယ်ချင်း
မကျွတ်ဘူးတဲ့ … ဆုံးတဲ့နေကစပြီး ညနေတိုင်း လမ်းထိပ်က အုတ်ခုံ
ပေါ်မှာ တစ်ယောက်တည်း ထိုင်နေတာကို တွေ့ရတယ်တဲ့ …။ အဲဒါနဲ့
သရဲခြောက်မှာကို ကြောက်လို့ ပရိတ်ရေကို ဖလားထဲ ထည့်ပြီး
အိမ်ထဲမှာ လိုက်ဖြန်းတာတဲ့ …။ ကျနော်နဲ့ ကျန်တဲ့သူငယ်ချင်းတွေက
ဝိုင်းပြောကြတာပေါ့၊ ရက်မလည်ခင် … (၇)ရက် မပြည့်ခင်တော့ သေဆုံး
သူရဲ့ ၀ိညာဉ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အိမ်ထဲကို ၀င်ခွင့်ထွက်ခွင့် ပေးသင့်
ပါတယ်ပေါ့။ အခုလိုမျိုး ပရိတ်ရေလိုလို အရာတွေနဲ့ ဟန့်တားတာ
မကောင်းဘူးပေါ့။

ညနေကြတော့ အဲဒီလမ်းထိပ်က အုတ်ခုံလေးဖက် သွားကြည့်ပါတယ်။
လူတွေများ သရဲတစ္ဆေ ဘယ်လောက်တောင် ကြောက်သလဲဆိုရင် အဲဒီ
နားမှာ ဖွင့်ထားတဲ့ ဈေးဆိုင်တောင် ကြောက်လို့ ဆိုင်ပိတ်ထားတယ် တဲ့။
ကျနော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်က အဲဒီခေတ်က မန္တလေး Rum
အရက် ပုလင်းပြားလေးတွေ တစ်ယောက် တစ်ပြားစီ၊ (၃)ပြား ၀ယ်ပြီး အဲဒီ
အုတ်ခုံပေါ်မှာ ည (၇)နာရီလောက်ကစပြီး ပွဲတည်ကြတော့တာပဲ။ ဟို
နှစ်ယောက်က သောက်လိုက် ငိုလိုက်ပေါ့။ ပထမတော့ ဘာမှ မဖြစ်ဘူး၊
ဘာမှ မတွေ့ဘူး။ အရက်ထိုင်သောက်နေတဲ့ ကျနော်တို့သူငယ်ချင်း
(၃)ယောက်က သောက်နေရင်းနဲ့ ဟိုပြော ဒီပြော စကားတွေ ပြော
လိုက်ကြတာ … လူတစ်ယောက် သေသွားရင် နောက်ထပ် ဘ၀တစ်ခု
ကို ဘယ်လိုပုံစံနဲ့ ကူးသွားသလဲ … ဆိုတာကို ဖတ်ထားသမျှ ကြားဖူး
သမျှတွေ မူးမူးနဲ့ ပြောနေကြတာ။ ည (၉)နာရီ ကျော်ကျော်လောက်
ရောက်တော့ သောက်ထားတဲ့ အရှိန်ကြောင့်လား မပြောတတ်ဘူး
နည်းနည်းတော့ ထွေလာတယ်။ စိတ်ထဲမှာလည်း တစုံတယောက်က
ကိုယ့်ကို စိုက်ကြည့်နေသလို ကိုယ့်နားရောက်နေသလို ဖြစ်နေတယ်။
အဲဒါနဲ့ ကျနော်တို့ သူငယ်ချင်း သုံးယောက်က ဘာပြောကြသလဲဆို
တော့ … ဆုံးသွားတဲ့ ငါတို့ သူငယ်ချင်း အခုလို လူသွားလမ်း နံဘေး
က အုတ်ခုံပေါ်မှာ တစ်ယောက်တည်း နေရတာ သနားပါတယ် ပေါ့။
သူ … ငါတို့ပြောတာ ကြားနိုင်ရင် သူ့အိမ်ဆီ ခေါ်သွားမယ် ဆိုပြီး
လုပ်ကြပါတော့တယ်။ ကျနော်တို့ သုံးယောက်က သောက်သာ သောက်
ထားတယ်၊ သောက်ထားတဲ့အရှိန်က အရမ်းတော့ မမူးသေးဘူး၊
first mind လုံးဝ မပျောက်သေးပါ။ … လာ သူငယ်ချင်း၊ နင့်အိမ်ကို
ငါတို့နဲ့အတူ လိုက်ခဲ့၊ သူငယ်ချင်းတွေ အားလုံးရောက်နေတယ်၊ ၀မ်းနည်း
မနေနဲ့၊ လူတိုင်း တစ်နေ့ သေရမှာ၊ နင့်ကို နင့်အိမ်ထဲ လာဖို့ ငါတို့
ခွင့်ပြုတယ် … ဘာညာဆိုပြီး အဲဒီအုတ်ခုံနံဘေးမှာ ခေါ်ကြပါတော့တယ်။

အဲလိုလည်း ခေါ်လိုက်ရော ပထမဆုံး ဘာစဖြစ်သလဲ ဆိုတော့
လက်နဲ့ ခန္ဓာကိုယ်မှာ ကြက်သီး ဖုလေးတွေ သူ့အလိုလို ဖြစ်လာ
တယ်။ သုံးယောက်စလုံး ပြိုင်တူဖြစ်တာ၊ ပြီးတော့ အပုတ်နံ့လိုလို
အနံ့တစ်ခုက တဖြေးဖြေးချင်း ရှုရှိုက်ရသလို ပိုပိုပြီး နံ့လာတယ်။
သို့ပေမယ့် သေသွားတဲ့လူက သူငယ်ချင်းဆိုတဲ့ အသိကြောင့်လား
မပြောတတ်ဘူး၊ တစ်ယောက်မှ ကြောက်စိတ် မပေါ်ကြဘူး။ ဒီလိုနဲ့
သူတို့အိမ်ကို ပြန်လာကြပါတယ်။ ကျနော်တို့ သုံးယောက်က အိမ်
ပြန်ရောက်တော့ ကျနော်တို့ ခေါ်လာတယ်ဆိုတာကို ဘယ်သူ့ကိုမှ
အသိမပေးပဲ အသုဘ ဖဲဝိုင်းနံဘေးမှာ ငြိမ်ငြိမ်းလေးပဲ ဖဲရိုက်တာကို
ထိုင်ကြည့်နေတာ။ နာရေးမှာ ၀ိုင်းကူညီလုပ်ပေးနေတဲ့ အမျိုးသမီး
တွေ တစ်ယောက်ကို ၀င်ပူးပြီး ငိုလိုက်တာ၊ ၀င်ပူး ခံရတဲ့သူက ကျနော်
တို့ အားလုံးရဲ့ နာမည်အရင်းတွေ နာမည်ပြောင်တွေ သေသေချာချာ
မသိနိုင်ဘူး၊ အသံကလည်း ချွတ်စွပ်ပဲ။ နာမည်အရင်းတွေရော နာမည်
ပြောင်တွေ သေသေချာချာ ခေါ်ပြီး နူတ်ဆက်လိုက်တာ တော်တော်နဲ့
ကို မပြီးဘူး။ သူငယ်ချင်းတွေကို တစ်ယောက်ပြီး တစ်ယောက် နူတ်
ဆက်နေရင်းကနေ နောက်ဆုံးမှ သူ့မိဘနဲ့ ညီအကိုမောင်နှမတွေ
ကို စကားပြောတယ်။ သူ့အဖေနဲ့ စကားပြောတော့ … အဖေ၊
သမီး သေတ္တာထဲက အ၀တ်အစားတွေကြားမှာ ကျောင်းဖွင့်လို့
ရန်ကုန်ပြန်ရင် အင်္ကျီဝယ်ဖို့ ပိုက်ဆံ (၅)ထောင် စုထားတာ ရှိတယ်၊
အဲဒါ ပိုက်ဆံနဲ့ အခုလာတဲ့ လူတွေထဲက … (ကျနော်တို့ သုံးယောက်)
ကို လက်ညှိုးထိုးပြီး ကောင်းကောင်းမွန်မွန် ပြုစုလိုက်ပါတဲ့ … သူတို့
သုံးယောက် ခေါ်လို့ သမီး အိမ်ထဲကို ၀င်ခွင့်ရတာ၊ အပြင်မှာ ခွေးတွေ
ကလည်း အရမ်းဟောင်၊ တခြား ပုံပျက်ပန်းပျက် အရာတွေနဲ့ သမီး
အရမ်းကြောက်နေတာ၊ အဖေတို့ တစ်အိမ်လုံး သမီးအပေါ် ရက်စက်
တယ် … ဆိုပြီး ငိုလိုက်တာ တော်တော်နဲ့ မပြီးဘူး။

ရက်လည်ဆွမ်းကျွေးတဲ့နေ့ ကျနော်တို့ အုပ်စုလိုက် သူတို့အိမ်က
ကားနဲ့ ကားဂိတ်အထိ ဆင်းကြပါတယ်။ လမ်းထိပ်က အုတ်ခုံလေး
နားရောက်တော့ လမ်းအကျယ်ထဲ ကားဝင်ဖို့အရေး ဖြတ်သွားဖြတ်
လာကို ကားသမားက စောင့်နေရပါတယ်။ အဲဒီအချိန် အမျိုးသမီး
တစ်ဦး စက်ဘီးလေးစီးပြီး ကျနော်တို့ကားနားကနေ ဖြတ်သွားပါ
တယ်။ နောက်က ကယ်ရီယာခုံပေါ် ထိုင်ရင် ကားပေါ်က လူတွေ
ကို လက်ပြသွားတဲ့ ကျနော်တို့ သူငယ်ချင်းကို ကားပေါ်မှာ ပါ
လာတဲ့ သူငယ်ချင်းအားလုံး သေသေချာချာ မြင်လိုက်ရပါတယ် …။
ကားသမားကို ပြောပြီး ကျနော်တို့ ပြေးဆင်းပြီး စက်ဘီးနောက်ကို
လိုက်ကြပါတယ်။ စက်ဘီးစီးတဲ့ အမကြီးနားရောက်တော့ အဲဒီအမ
ကြီးက ကိုယ်ဝန်ဆောင်သည်ပါ၊ ဈေးက အပြန် သူ့စက်ဘီးနောက်ဖက်
မှာ ဘယ်သူမှ ပါမလာကြောင်း ပြောပြပါတယ်။

(၁၉၉၅ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ ဓါတုဗေဒ အဓိက ကျနော့်
သူငယ်ချင်းရဲ့ အမည်မှာ အက္ခရာလေးလုံးရှိပါတယ်။ သူ ကွယ်လွန်
တဲ့ သတင်းက လှိုင်ကျောင်းထဲမှာ ဟိုးလေးတကျော်ကျော်ပါ။ ကျန်ရစ်
သူ မိသားစုကို အားနားလို့ အမည်ကို ထည့်မရေးတာပါ။)

-စစ်ငြိမ်းဒီရေ

30 comments:

မိုးယံ (လူသားအားလုံးအတွက်) said...

အာ....ဆိုးလိုက်တဲ့ ကိုယ်အောင် အိပ်ခါနီးလေး အခန်းထဲ အမှောင်ချပြီး ဖတ်ပါတယ်ဆိုမှ...

rose said...

သရဲ အကြောင်း လာဖတ် သွားတယ် ကိုအောင်။ အီးးးးး အဲ့လိုကြီး သေသူကို လာခဲ့ ဆိုပြီး သွားခေါ်တယ်။ သတ္တိကတော့ အံ့မခန်းပဲ။ ရို့စ်လည်း တစ်ခါ တစ်လေ စဉ်းစားမိတယ်။ ရို့စ် သေရင် အဲ့လို မကျွတ် မလွတ် မဖြစ်ချင်ဘူး။ နိဗ္ဗာန်ပဲ တိုက်ရိုက် သွားချင်တယ် (ပီားးးပိာ ကိုယ်ကိုယ်ကိုယ်တော့ နိဗ္ဗာန် ရောက်မယ် မှန်းထားတာပဲး)
http://redroseofburma.blogspot.com/

Angelhlaing(May everybody be happy and healthy! said...

သရဲဆို တစ်ခါမှလဲမမြင်ဘူးပေမဲ့ ကြားဖူးရုံနဲ့ အိပ်မရအောင်ကြောက်တက်လို့ ဖတ်ဖြစ်အောင် လာဖတ်သွားတယ်အကို။ကောင်းသောနေ့လေးဖြစ်ပါစေ။

ချမ်းလင်းနေ said...

့အဖြစ်ကလေးက ဒီလိုလဲ ရှိသေးတယ်ပေါ့။း(

သစ်နက်ဆူး said...

ကိုအောင်
ဒါလဲအမှတ်တယတခုဖြစ်သလို ကူညီမှုတခုဘဲပေါ့ဗျာ..
ကိုယ်ဘယ်ကိုသွားရမယ်..ဘယ်လိုရပ်တည်၇မယ်ဆိုတာ ဘာမှန်းကို မသိသေးတဲ့ အဲဒီကာလမှာ အားငယ်စရာတော်တော် ကောင်းတာ..။
( ကိုယ်တွေ့ )
လူ့ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံလို့ 
အားငယ်စိတ်ဖြစ်တာလောက်ကတော့...
ဝိဥာဉ်လွင့်ပြီး ခန္ဓာကိုယ်နဲ့တစ်ခြားစီဖြစ်နေချိန်..သေဆုံးပြီးကာစ အချိန်မှာဖြစ်လာတဲ့အားငယ်စိတ်က
ဘာနဲ့ မှတောင် နှိုင်းယှဉ်လို့မရဘူးဗျ..။

မေဓာဝီ said...

ဟုတ်ပါ့ အိပ်ခါနီး လာဖတ်မိပါတယ် ... သူငယ်ချင်း သရဲနဲ့တိုးတော့တာပဲ။
ဒါနဲ့ သူ့အဖေကြီးက သမီးပြောသလို ကိုအောင်တို့ သုံးယောက်ကို ပိုက်ဆံ ငါးထောင်ဖိုး ကောင်းကောင်းမွန်မွန် ပြုစုလိုက်ရဲ့လား။ :)

sosegado said...

သူငယ်ချင်း သရဲဖြစ်သွားလည်းကြောက်မိမှာပဲ၊ ဝင်ပူးတာကိုတော့ တစ်ခါမှမတွေ့ဖူးဘူး၊ ဝင်းပူးသလိုလိုတော့ တွေ့ဘူးတယ်။

စော(အဝါရောင်မြေ) said...

သူက ဆိုးဆိုးဝါးဝါးပြတာမှ မဟုတ်တာ
ကိုအောင်တို့ ကူလို့  သူကျွတ်သွားလောက်တယ် ထင်တယ်နော်။

ဒါပေမယ့် အဲလို ဖြစ်တဲ့ အချိန်ဆို ဘယ်အိမ်မဆို ကြောက်တာပဲလေ။

ကိုဇော် said...

အဲဒီလိုလည်း ခေါ်လို့ လိုက်လာတာ ကြုံခဲ့ဖူးတယ် ကိုအောင်။ သရဲ အကြောင်းက မရေးတတ်တော့ မပြောပြတတ်ဘူး။ ကျနော်လည်း သူငယ်ချင်းကိုပဲ ခေါ်တာ။ ကျနော့် သူငယ်ချင်းကတော့ ယောက်ျားလေးပဲ ရှမ်းလေး လို့ ခေါ်တယ်။

ခနွဲ said...

အံ့သြစရာပဲနော်။ အဲလိုမျိုး ၀င်ပူးပြီး ပြောတယ်ဆိုတော့ အဲဒီအတိုင်းဆို အဲဒီသူငယ်ချင်းက ကိုယ်ဝန်ဆောင်ဆီမှာများ ၀င်စားမလို့လား မသိဘူးနော်။

An Asian Tour Operator said...

ကိုအောင့် သူငယ်ချင်း က တော်တော် ကျေးဇူးတင်မှာပဲ နော်။ ပရလောက ရဲ့ ဆန်းကျယ်မှု ကတော့ လိုက်မမီ နိုင်အောင် ပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းကောင်းမွန်မွန်ပြုစုပါဆိုတာ အရက်တိုက်ခိုင်းတာနဲ့ တူယ် အကြောင်းသိမို့လို့လေး)
ဟိဟိ နေ့ခင်းမှလာဖတ်တာ
ညဆို ကြောက်လို့ ဖတ်ရဲဘူး

crystal said...

အိ ကြက်သီးထတယ်တော့...။ ကိုယ်ဝန်သည် နောက်ပါသွားတော့ လူဝင်စားသွားပြီလားမသိဘူးနော်။

naylinnhtun said...

ဆုံးသွားတဲ့ ကောင်မလေးရဲ့ ချစ်သူက ကောင်မလေးကို ဘာဖြစ်လို့ ရန်ကုန်က သူ့ အိမ်ကိုခေါ်မသွားတာလည်း ဟင် . . . ကျွန်တော်သာ ဆို လမ်းပေါ်မှာမထားခဲ့ပါဘူး ခေါ်သွားမှာ.....

လှိုင်ဘွား(သီချင်းအိမ်)

တစ္ဆေကျောက် said...

သူငယ်ချင်းရေ...ငွေ ၅၀၀၀ ကို ဟိုလူ ၃ ယောက် သောက်ဖို့ ထုတ်ပေးရသလားကွယ်..
အဲဒီထဲက တယောက်က ခု ညည်းအကြောင်းရေးတော့..
ခု ကြောက်တဲ့သူတွေ ကြောက်ကုန်ကြပြီ...
လူဇိုးကြီး.....

...အလင်းစက်များ said...

ကျနော်တော့ အသံကြီးနဲ့  လာငြီးပြတာ ကိုယ်တွေ့ ပဲ သတ္တိကဘာကောင်းသလဲဆိုတော့ ခုတင်ပေါ်မှာ လက်တွေခြေတွေ လှုပ်လို့  မရလောက်အောင် ကိုကောင်းတာ.....

အခွင့်သင့်ရင် ရေးပါမယ်.. ကိုယ်တွေ့ ဆိုတော့ ရှယ်ချင်တယ် ကိုအောင်ရေ...

သက်ဝေ said...

ဒီလိုအဖြစ်မျိုးတွေ တကယ်ရှိတယ်ပေါ့နော်...
ကြားရတာ တော်တော် စိတ်မကောင်းဖြစ်မိတယ်...
သနားစရာ...

မြစ်ကျိုးအင်း said...

မိသားစုက အဲဒီလို လုပ်တာတော့ မကောင်းပါဘူး။ ကြောက်တာလည်း ကြောက်တာပေါ့။ သူစိမ်းမှမဟုတ်တာ။ ရက်လည်တဲ့အထိတော့ ဝင်ထွက်သွားလာ ချင်ရှာမှာပဲ။ အဲဒါကို ကူညီလိုက်ရတာ ဂုဏ်ယူစရာပါဗျာ။

ဖတ်ပြီးတော့ တွေးမိတာရှိတယ်။
ရှုထောင့်ပြောင်းရေးရင် ရသ ဝတ္ထုဖြစ်လာနိင်တယ်။ ကြောက်ဖို့မကောင်းဘဲ သနားစရာ ဝိညာဉ်အဖြစ် ရေဖွဲ့လို့ရတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

သရဲအကြောင်း စိတ်ဝင်စားတဲ့လူများနေလို့
တချို့လည်း ကြည့်မရဖြစ်နေတဲ့ အချိန်မှာ
ဒီဇာတ်လမ်းကို ကျနော့်အနေနဲ့ ရသ မသွင်းပဲ
ဒီအတိုင်း တင်လိုက်တာ ကိုမြစ်ကျိုးရေ
အကြံပြုတာ ကျေးဇူးပါ။

မေသိမ့်သိမ့်ကျော် said...

သနားပါတယ်။ ကံပေါ့လို့ပဲ ပြောရမှာပဲ။ ခုဆို သူလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားလောက်ပါပြီ လို့ မျှော်လင့်နေပါတယ်။

ခင်မင်လေးစားလျက်

kiki said...

ကိုယ်တိုင် နဖူးတွေ့  ဒူးတွေ့  မကြုံဘူးပေမဲ့
သူငယ်ချင်းတွေပြောတာ နားထောင်ရုံ နဲ့တင် သူရဲ ဆိုတာ ကြီးကို ကြောက်တယ်၊ ဒါပေမဲ့ အဲ့ဒီအကြောင်းတွေ ပြောရင် နားမထောင်ပဲ လည်း မနေနိုင်ဘူးး)) ..
( တမလွန်ဘဝက ဝိဥာဉ်တွေ ဆို ပိုမှန်လိမ့်မယ်ထင်တယ် ) ..

ဒပ်ဖရင်ဆေးရုံကြီးမှာတော့ မှင်စာလေးတွေ အတော်သောင်းကျန်း ဆိုပဲ .. ဟောက်ဆာဂျင် နိုက်ဂျူတီခန်း က ကုတင် မှာ အိပ်မိတဲ့ သူငယ်ချင်းတော့ အခြောက်ခံရဖူးတယ် .. အေဆောင်လား ဘီဆောင်လားတော့ သေချာ မမှတ်မိတော့ဘူး ..

သူရဲကြောက်တဲ့
မကိ

Anonymous said...

အခုမှဖတ်ရတယ် ကိုအောင်ရေ သနားစရာကောင်းလိုက်တာ ဘာတွေလုပ်နေလို့ လုပ်နေရမှန်းတောင်မသိဘူး သေတော့လည်း ဘာမှမဟုတ် တရားကလည်း မလုပ်နိုင်သေး

ခင်မင်စွာဖြင့်
ရွှေစင်ဥိး

Anonymous said...

ဦးဇင်းက ဗုဒ္ဓဘာသာပါ၊ ဗုဒ္ဓဘာသာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူဆုံးပါးခါနီး အာရုံပြုမှားလို့ မကျွတ်တာပါ။ တစ်ချို့ကြတော့ အိပ်မက်ပေးတယ်။ သင်္ကန်းတွေလှူခိုင်း၊ ဆွမ်းတွေကပ်ခိုင်းစသည်ပေါ့။ သူ့မှာ အ၀တ်မပြည့်စုံလို့တဲ့...(တခြားဘာသာအမြင်နဲ ဆိုရင်တော့ ဟုတ်ချင်မှဟုတ်မယ်ပေါ့၊ ဒါကတော့ သူ့ယုံကြည်မှုနဲ့သူ ရှိကြတာကိုး)ရွှင်လန်းချမ်းမြေ့ပါစေ...
တောက်ပကြယ်စင်

ရွှေပြည်သူ said...

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှာပြီး မကျွတ်မလွတ် ပြိတ္တာဘဝရောက်သွားရှာတဲ့ သူငယ်ချင်းမလေးအတွက် အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်။ နောက်ဆုံး ကိုယ်ဝန်ဆောင်နဲ့ ပါသွားတယ်ဆိုတော့ လူပြန်ဝင်စားသွားတာ ဖြစ်မှာပါလို့ပဲ ဖြေတွေးလိုက်ပါတယ်...

Raymond.Kyaw Minn Naing said...

မ Rose, ဗုဒ္ဓ ဘာသာကိုယုံသူတစ်ယောက်အနေနဲ့ ပြောချင်တာကတော့... နိဗ္ဗာန် ဆိုတာ သေရင်သွားတဲ့နေရာမဟုတ်ဘူးထင်တယ်.. ကျွန်တော်နားလည်သလောက်တော့.. နေရာမဟုတ် လောက်ပါဘူး.. State of Mind တစ်ခုလို့ပဲ ယုံကြည်ပါတယ်။ အစ်မသွားချင်တာ..နတ်ပြည်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆရာဝင်လုပ်တာ မဟုတ်ပါဘူး..ကျွန်တော်က အဲဒီ နိဗ္ဗာန်ကို တကယ်စိတ်ဝင်စားတဲ့သူပါ။

အိမ့်ချမ်းမြေ့ said...

ကိုအောင် ဒီအကြောင်းတွေရေးတာ သိခဲ့ပေမယ့် ဒီညတော့ ကိုယ်ရေးကိုယ်တာ အကြောင်းတစ်ခုနဲ့ ရောက်လာခဲ့ပါတယ်။

ကိုယ်တွေ့ဆိုလို့ ပိုမိုပြီး အလေးပေး ဖတ်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဘ၀ခြားသွားပေမယ့် သံယောဇဉ်မပြတ်သေးလို့ မိဘမောင်ဘွားတွေကို နောက်ဆုံးအနေနဲ့တွေ့ချင်ရှာမယ့် ဒီမိန်းကလေးရဲ့ ၀ိညာဉ်ကို အိမ်ထဲကို လာဖို့ခေါ်သွားပေးတာကိုလည်း မိန်းကလေးကိုယ်စား ကျေးဇူးတင်မိပါတယ်။

တော်ရုံကတော့ ကိုယ့်ကို မလိုချင်တော့ဘူး မလိုအပ်တော့ဘူးဆိုရင် နှောက်ယှက်လိမ့်မယ် မဟုတ်ဘူးထင်ပါတယ်။ မလေးသာ သေဆုံးသွားခဲ့ပြီး ကိုယ့်ကို ဒီလောက်မလိုလားဘူးဆိုရင် ဘယ်လောက်ဝမ်းနဲစရာကောင်းမလည်း။ ယုံကြည်ချက်တွေမှာ မူတည်ပြီး သင်းချိုင်းတွေရဲ့ သန့်ရှင်းသပ်ရပ်လှပမှုအဆင့်ခြင်းတောင် မတူကြပဲကိုး... (ဒါကလည်း ကိုယ့်ယုံကြည်ချက်တွေနဲ့ ကိုယ်ပေါ့နော်..။ အားလုံးကိုယ့်ရှုထောင့်နဲ့ကိုယ် မှန်ကြပါတယ်)

ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ဒီစာလေးဟာ သေပြီး ဒီမှာပဲ ပြီးဆုံးမသွားဘူး၊ တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ အသိတစ်ခုကို ကျမကို ထပ်မံပေးလို့ စိတ်သက်သာမှု တစ်ခုကို ရစေသလိုပါပဲရှင်။

ကျေးဇူးတင်ပါတယ် ကိုအောင်..

Anonymous said...

ဖတ်ကောင်းတဲ့ ကိုယ်တွေ့ တခုလို့  မှတ်ချက်ပေးချင်တယ်။
လေးစားစွာဖြင့်-အိုးဝေအောင်

Anonymous said...

အဖြစ် အပျက်လေးက တမျိုးရိုးရိုးလေးပဲ ကျတော် တို့ ကအခါမှမကြုံဖူးသေးလို့ဖြစ်မယ် ကြောက်စိတ်တော့ နည်းနည်းပဲရှိတယ် ကိုယ်တိုင်းကြုံခဲ့ရင်တော့ ဘယ်လိုနေမလဲမသိဘူးနော် အော်ဒါနဲ့ သူရည်းစားဆိုတဲ့ သူကို ရောအိမ်မက်လေးဘာလေတောင်မပေးဘူးလာ..............

Nigella said...

ဝင်ဖတ်သွားပါတယ်။ ကျေးဇူးတင်ပါတယ်။

Nigella said...

ဝင်ဖတ်သွားပါတယ်။ ကျေးဇူးတင်ပါတယ်။