Saturday 26 February 2011

မဲဝဲ(malware) နောက်ဆက်တွဲ

ဘလော့ဂါအများစုမှာ ယနေ့ ဖြစ်ပွားနေတဲ့ မဲဝဲ ပြဿနာဟာ
ဖြေရှင်းရုံသက်သက်ဖြင့် အလွယ်တကူ ပျောက်သွားမယ့် ပြဿနာ
တစ်ခု မဟုတ်တော့ပါ။ ဆိုဒ်ဘား sidebar မှာ google reader က
တဆင့် ချိတ်ဆွဲထားတဲ့ လင့်ခ်တွေကို ဖြုတ်ချလိုက်၊ စစ်ဆေးပြီး
ပြန်ချိတ်လိုက်ဖြင့် မဲဝဲအပေါ် အနိုင်ယူလို့ မရပါ။

မဲဝဲဆိုတဲ့ ဗိုင်းရပ်စ် ဘယ်နေရာက လာလဲလို့ အိုင်တီ ကျွမ်းကျင်သူ
တွေ၊ အိုင်တီနဲ့ အကျွမ်းတ၀င် ရှိတဲ့လူတွေလည်း ရှာဖွေနေဆဲပါ။
ကျနော်လည်း ဟိုစမ်း ဒီစမ်းဖြင့် လိုက်ရှာကြည့်ပါတယ်။ ကျနော်တို့
ဘလော့ဂါတွေက စာရေးရင် လင့်တချို့ကို ထည့်သွင်းပြီး ညွှန်းလေ့
ရှိပါတယ်။ အဲဒီအညွှန်းခံရတဲ့ မိတ်ဆွေဘလော့ဂါက အကြောင်း
အမျိုးမျိုးကြောင့် ဘလော့ ဆက်မရေးဖြစ်တော့ပဲ သူ့ဘလော့ကို
ဖျက်လိုက်ရင် အဲဒီ “မဲဝဲ” ဖြစ်နိုင်စေတဲ့ သဘော စတင် မွေးဖွား
ပါတယ်။ ပြီးတော့ sidebar မှာ google reader ကတဆင့် ချိတ်ဆွဲ
ထားတဲ့ မိတ်ဆွေဘလော့ဂါတွေရဲ့ နောက်ဆုံးပို့စ်ဆိုတဲ့ ပြဿနာပါ။
ကိုယ့်ဘလော့မှာ ချိတ်ထားတဲ့ လင့်ခ်တွေထဲမှာ ဘလော့ ဆက်
မရေးဖြစ်တော့တဲ့ ဘလော့ဂါအဟောင်းတွေ ဆက်ရှိနေရင်
အဲဒီနေရာမှာလည်း “မဲဝဲ” ဖြစ်လာနိုင်ပါတယ်။ အခုလက်ရှိ မဲဝဲ
အပေါ် သုံးသပ်ပြောဆိုမှုတွေက “လင့်ခ်အသေ” ပြဿနာပါ။

ကျနော် အမြင်အရတော့ blog admin မှာ ဘလော့ပိုင်ရှင် တစ်ဦးပဲ
ရှိတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ blog admin မှာ နှစ်ဦး
သို့မဟုတ် သုံး … လေးဦး ရှိတယ် ဆိုပါစို့၊ ကိုယ့်ဘလော့ admin
မှာ ပါဝင်နေတဲ့သူဟာ တခြားနေရာမှာလည်း ဘလော့တွေ၊ အခြား
ဘလော့တွေရဲ့ admin မှာ ပူးတွဲ ထားရင် အဲဒီ “မဲဝဲ” ဟာ အလို
အလျောက် လိုက်ပါကူးစက်ဖို့ လွယ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်
ရင်တော့ Blog admin မှာ တစ်ဦးပဲ ထားနိုင်ရင် ထားကြပါ။

နောက်တစ်ချက်က “Followers” ဆိုတဲ့ အရာကို ဘလော့တွေ
ရဲ့ ဆိုဒ်ဘားမှာ ချိတ်ဆွဲထားမှုပါ။ ဘလော့မှာ follow လိုက်လုပ်တဲ့
ဘလော့ဂါတွေရော ကိုယ့်ဘလော့အပေါ် သဘောကျလို့ ထောက်ခံ
သူတွေပါ အလွယ်တကူ follow လုပ်လို့ ရပါတယ်။ ဂျီမေးလ်အကောင့်
တစ်ခု ရှိရုံနဲ့ ဘယ်ဘလော့ကို မဆို follow လိုက်လုပ်လို့ ရပါတယ်။
အဲဒီ mail account နဲ့လည်း facebook တို့ အခြားနေရာတွေမှာ
လည်း သုံးကြပါတယ်။ တချို့ mail account တွေဟာ spam ပို့တယ်
ဆိုပြီး အတိုင်ခံထားရတာတွေ ရှိပါတယ်။ အဲလို အတိုင်ခံထားရတာ
ကို မဖြေရှင်းတတ်လို့ မဖြေရှင်းပဲ ဆက်သုံးနေတဲ့ mail account
ပိုင်ရှင်တွေ အများအပြား ရှိပါတယ်။ အဲဒီ mail account ပိုင်ရှင်ဟာ
ကိုယ့်ဘလော့မှာ follow လာလုပ်ရင်ရော အဲဒီဘလော့ဟာ ရေရှည်မှာ
ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိဘလော့ရဲ့
စာမျက်နှာပေါ်ကနေ “followers” ဆိုတဲ့ဟာကို ဖျောက်ထားသင့်
ပါတယ်။

အခု ဆက်လက်ဖြစ်ပွားနေတဲ့ “မဲဝဲ” ပြဿနာက ကော်မန့် comments
ကနေ “မဲဝဲ” ပြန်ဖြစ်တဲ့ ပြဿနာပါ၊ ဥပမာ … ဒီနေ့ ဘလော့ဂါက ပို့စ်
အသစ်တစ်ခု တင်တယ် ဆိုပါတော့၊ သူ့ဆီမှာ မိတ်ဆွေတွေရော အပြင်
လူတွေပါ ကော်မန့် comments တွေ ၀င်ရေးကြပါတယ်။ ကော်မန့်
လာရေးသွားတဲ့လူက ဒီနေ့အဖို့ သူ့ဆီမှာ .. သူ့ဘလော့မှာ “မဲဝဲ”
မရှိလို့ သူ့ရဲ့ URL လင့်ခ်ပါ ခြေရာ ချန်သွားပါတယ်၊ ကိုယ်ကလည်း
ကိုယ့်ဘလော့ကို မဲဝဲ ရှင်းထားပြီး လာရေးတဲ့ ကော်မန့်ကို လက်ခံလိုက်
တယ် ဆိုပါစို့၊ နောက်နေ့ကြတော့ သူ့ဘလော့မှာ “မဲဝဲ” ထိသွားတာနဲ့
သူ လာရေးခဲ့တဲ့ ကိုယ်ရဲ့ ပို့စ် “Post” မှာပါ ရောပြီး “မဲဝဲ” ထိပါတော့တယ်။
အဲဒီလိုဖြစ်ပြီး “မဲဝဲ” ကင်းတယ်လို့ ပြောတဲ့ ဘလော့ဂါတွေ “မဲဝဲ” ပြန်ထိ
နေတာ မနည်းတော့ပါဘူး။ ဒါကြောင့် ကော်မန့် ရေးတဲ့နေရာမှာ အောက်
မှာ ပြထားတဲ့ ဇယားကွက်ထဲကလို Name နေရမှာ- ကိုယ့်အမည်ကိုဖြည့်၊
URL နေရာမှာ လုံးဝ မဖြည့်ပဲ ကော်မန့် ရေးတာ အကောင်းဆုံးပါ။



ဘလော့ဂါတွေလည်း မော့ဒရိတ် လုပ်ထားသင့်ပါတယ်၊ ကော်မန့်တွေ
ကို အလွယ်တကူ Publish -ခွင့်ပြုတာမျိုး မလုပ်ကြပါနဲ့၊ မော့ဒရိတ်လုပ်
ထားရင်တောင် လာရေးတဲ့ ဘလော့ဂါကို စစ်ကြည့်ပြီးတာနဲ့ အလျင်အမြန်
Publish မလုပ်သင့်ပါ၊ နောက်တစ်နေ့ လာရေးတဲ့သူ “မဲဝဲ” ထိသွားရင်
ကိုယ်ပါရောပြီး ပို့စ်တစ်ခုလုံး “မဲဝဲ” လာထိနိုင်ပါတယ်။



မော့ဒရိတ်- Moderate လုပ်ပုံလုပ်နည်းက …
Blog ထဲကို ၀င်ပါ၊ Setting ကို သွားပါ၊ Comments ကို နှိပ်ပါ …
ပြီးရင် Who Can Comment? နံဘေးက Anyone ကို ကလစ်ပါ ...
Full page ပါ ကလစ်ထားပါ ...



ပြီးရင် Comment Moderation မှာ Always ကို ကလစ်ပါ
အီမေးလ် လိပ်စာနေရာမှာ ကိုယ့်အီမေးလ်လိပ်စာကို ထည့်ရိုက်
ထားပါ …






အကောင်းဆုံးကတော့ ကိုယ့်ဘလော့မှာ လာရေးကြတဲ့ ကော်မန့်
တွေကို ကော်ပီကူးပြီး ကိုယ်ကိုယ်တိုင် ပြန်ဖြည့်တဲ့နည်းဟာ ကော်မန့်က
တဆင့် ကူးစက်လာမယ့် “မဲဝဲ”အပေါ် အတားဆီးနိုင်ဆုံး နည်းပါ …

-စစ်ငြိမ်းဒီရေ

18 comments:

အဖြူရောင်နတ်သမီး said...

ဖတ်၊ မှတ် သွားပါတယ် အကိုရေ..။
ကျေးဇူးပါ...
အဲဒီ ဝဲကိုယ်တော်ကလည်း နတ်သမီးကို တော်တော်ချစ်ပုံရတယ်..။
ကိုယ်ကဖြုတ်လိုက်..သူက ပြန်ကပ်လိုက်နဲ့...။
း)

ကိုဇော် said...

လင့်အသေတွေက စဖြစ်တယ် ထင်တယ် လို့ ကျနော်လည်း ဟိုးအရင် စဖြစ်ကတည်းက ပြောဖူးပါတယ်။ ဒါပေမဲ့ စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာက လွဲလို့ ဘာမှတော့ မထိခိုက်ဘုး လို့ ကျနော့် အသိ ကျွမ်းကျင်သူတွေကတော့ ပြောကြပါတယ်။ ကျနော်ကတော့ အခု လင့်တွေကို ဖြုတ်လိုက်ပြီး http://allbloggerposts.blogspot.com/ များဆီကိုပဲ ညွှန်းလိုက်တော့တယ်ဗျာ။ မကြာခင် ဒါကိုလည်း မြန်မာက လူတွေ ကြည့်လို့ ရအောင် ဒိုမိန်းလေးလုပ်ဖို့ စဉ်းစားထားပါတယ်။

အဆင်ပြေပါစေဗျာ။

တာတူး said...

ဖတ်၊ မှတ်သွားပါ၏ ။

ကျနော်လည်း အဲဒီ malware နဲ့ပဲ အလုပ်တွေ ရှပ်နေတယ် အကိုရေ။ ဖြုတ်လိုက် ၊ တပ်လိုက် ၊ ဖြုတ်လိုက် . . .
:)

နေ၀သန် said...

အဲဒီဝဲပေါ့... သူ့ကြောင့် စာတွေမဖတ်ရတာကြာပေါ့... :P...

ခင်မင်တဲ့
နေ၀သန်

သစ်နက်ဆူး said...

ကိုအောင်
ခုလိုကူညီရှင်းပြတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်...။
အရာရာအဆင်ပြေပါစေ ကိုအောင်ရေ။

ချစ်ကြည်အေး said...

ဖတ်ပြီး လုပ်ထားလိုက်ပါပြီ ကိုအောင်ရေ...ကျေးဇူး အထူးပါ :)

sosegado said...

တစ်ခါတစ်လေ ဖါးပုံကြီးနှင့်ကြော်ညာတွေ တွေ့ရတာလဲ စိတ်ညစ်မိ ကျော်ကျော်ပြီးဖတ်နေရလို့၊

ခနွဲ said...

မှတ်သားသွားပါတယ်ခင်ဗျ။

မိုးယံ said...

ပြောတဲ့အတိုင်းတော့ လုပ်ထားတယ်ကိုအောင်ရေ.. နောက်ထပ် သတင်းတွေလဲ ပေးပါဗျို့... ပါချီပါချက်ပေမယ့်လည်း ကိုယ့်ဘလော့ဂ်လေး ၀ဲကင်းချင်သဗျာ။

လှိုင်ဘွား(သီချင်းအိမ်) said...

မဲဝဲ အကြောင်းလေ့လာပြီးမျှဝေပေးတဲ့အတွက်ကျေးဇူးပါ အစ်ကိုအောင်ရေ
အခု ကျွန်တော် ကွန်မန့် ပေးခဲ့တဲ့ gmail အကောင့်က ကျွန်တော်ဘယ်ဘလော့ဂါ အကောင့်နဲ့ မှ ဆက်နွယ်ထားခြင်းမရှိဘူး ဆိုရင် အခု ကွန်မန့် ကနေ မဲဝဲ ဖြစ်နိုင်ခြေနည်းသွားမယ်ထင်တယ် ကျွန်တော့် အထင်ပြောတာနော် ဟုတ်နိုင်မလားမသိဘူး

အလင်းစက်များ said...

အဲ့သည်ဝဲ အဲ့သည်ဝဲ... ညစ်ထှာ... ကျနော်တော့ ဂရုမစိုက်တော့ဘူးဗျာ... ကိုလင်းထက်ကတော့ လောလောဆယ် ဂူဂယ်က သတိပေးမှပဲ လုပ်သင့်တာလုပ်ဖို့  အကြံပေးထားတယ်... ဖြုတ်လိုက်တပ်လိုက်ပြသနာမို့  မလွယ်ရေးချမလွယ်ပါချေတကား ကိုအောင်ရေ...

ဘာပဲဖြစ်ဖြစ် ရှေ့ဆက်နေဦးမည့်

မြစ်ကျိုးအင်း said...

ဝဲ ကိစ္စက ကျနော့် အမြင်တော့ (ကျနော့် ဘလော့ဂ်ကို စောင့်ကြည့်ထားတဲ့အမြင်အရ) တစ်ယောက်နဲ့ တယောက် ကြုံရပုံခြင်း မတူပါဘူး။ တစ်ချို့က ချိတ်ထားတဲ့ လင့်ဖြုတ်လိုက်ရုံနဲ့ အဆင်ပြေတယ်။ တချို့က ကွန်မန့်တွေ ဖယ်လိုက်ရင် အဆင်ပြေတယ်။ တစ်ချို့က တန်းပလိတ် ပြောင်းလိုက်ရင် အဆင်ပြေတယ်။
ဒါ့အပြင် အဖြေရှာရခက်တာလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဥပမာ- ကိုအောင် ဘလော့ဂ်ဆိုပါတော့.. ဒီအတိုင်းစစ်ကြည့်ရင် မဲဝဲမရှိဘူးလို့ ပြပါတယ်။ အဲဒီတော့ ကျနော်ဘလော့ဂ်မှာ ကိုအောင့်လင့်ကို ချိတ်လိုက်ရင် ကျနော်မှာ မဲဝဲရှိလာတယ်။ ဘယ်သူတွေဆီကလည်း ဆိုရင် ကိုအောင့်လင့်ကလို့ ပြတယ်။ ဒီတော့ ကိုအောင့်လင့်ကို ဖြုတ်လိုက်ရင် ကျနော်ဘလော့ ဝဲကင်းသွားပြန်တယ်။ တကယ်တော့ ကိုအောင် ဘလော့ တစ်ခုထဲကို စစ်လိုက်ရင် ဘာဝဲမှ မရှိပါဘူး။
အဲဒီလိုနဲ့ ကိုအောင်၊ မကီ၊ မချစ်ကြည်အေး တို့ရဲ့ လင့်တွေကို ဖြုတ်လိုက်တပ်လိုက် လုပ်ရတယ်။ ဆိုလိုချင်တာက မဲဝဲကို ဖြေရှင်းရပုံခြင်း တစ်ယောက်နဲ့ တယောက် မတူကြပါဘူး။ အခုထိ ကျနော်ဘလော့က ကွန်မန့်က တဆင့် မဲဝဲ မကူးသေးဘူး။ တချို့က ကွန်မန့်က ကူးတယ်။ ဘလော့မှာက ကိုယ့်ကိုကွန်မန့်လာပေးတဲ့ သူကလည်း တခြားဘလော့ဂ်တွေကိုလည်း ကွန်မန့်ပေးတာပဲ မဟုတ်လား။ ကိုယ်မဖြစ်ဘူး သူများဖြစ်တယ်။ ဒါကြောင့် တယောက်နဲ့ တယောက် ကြုံရပုံခြင်း မတူဘူးလို့ ကောက်ချက်ချမိပါတယ်။
ဆိုတော့ကာ.. အခုလတ်တလော အနေနဲ့တော့ ကိုယ့်ဘလော့က ဘယ်လိုအနေအထားဆို မဲဝဲဖြစ်နိင်လည်း စောင့်ကြည့်ပြီး အဆင်ပြေအောင် လုပ်သင့်တယ် ထင်တာပါပဲ။ နည်းပညာအရ ပြောတာမဟုတ်ပါဘူး။ လတ်တလော ကိုယ့်ဘလော့ကို စောင့်ကြည့်ပြီး ပြောရတာပါ။ မေးကြည့်မိတဲ့ သူတစ်ချို့ကလည်း လင့်တွေ အများကြီးချိတ်ထားတယ်။ ကွန်မန့်လည်း ဖွင့်ထားတယ်။ ဝဲမကူးသေးဘူးလို့ ပြောပါတယ်။ တသတ်မတ်ထဲ ဖြေရှင်းလို့ မရသေးတဲ့အတွက် ကိုယ့်ဘလော့နဲ့ အဆင်ပြေမယ့် ဖြေရှင်းနည်းနဲ့ ကိုယ့်ဘလော့ဂ်ကိုယ် တာဝန်ယူတာ ကောင်းမယ်လို့ ထင်မိပါတယ်။

ညီလင်းသစ် said...

ဟုတ်ပါတယ်၊ အထက်က (ကို) မြစ်ကျိုးအင်း ပြောသလို ကျနော်လည်း အများကြီး လိုက်စမ်းဖူးတယ်၊ ကျနော့်ဆီမှာတော့ ကွန်မန့်တွေက လာတယ်လို့ ပြတယ်၊ ဆိုတော့ အဲဒီ ကွန်မန့်ပိုင်ရှင်တွေရဲ့ ဘလော့ဂ် တွေကို တစ်ခုချင်းစီ စစ်တယ်၊ အားလုံး ရှင်းကြတယ်၊ ဘယ်သူမှ ဝဲမရှိကြဘူး၊ ဒါနဲ့ အဲဒီ ကွန်မန့်တွေကို စပန်းမ်ထဲ ထည့်ပြီး ပြန်စစ်တယ်၊ အဲဒီအခါ အိုကေ...၊ ဒါပေမယ့် ၅ မိနစ် အကြာမှာပဲ အဲဒီ ကွန်မန့်တွေကို စပန်းမ်ကနေ ပြန်ဖြူတ်ပြီး မူလအတိုင်းထား၊ ပြီးတော့ ပြန်စစ်တယ်၊ အဲဒီအခါတော့ ဝဲမရှိပါ-တဲ့၊ ဒါနဲ့ ဒီအတိုင်း ထားလိုက်တယ်၊ နောက်နေ့ကျတော့ အဲဒီကွန်မန့်တွေက ဝဲတွေ ဖြစ်နေပြန်ရော၊ ဒါဟာ ဘယ်လိုများ ဖြစ်နိုင်မလဲ၊ ကျနော်တော့ နားမလည်နိုင်ဘူး၊

ဒါနဲ့ နောက်ဆုံးမှာ ဂူးဂဲလ်ကို မေးကြည့်တော့ စိုးရိမ်စရာ မရှိပါလို့ ပြန်ဖြေတယ်၊ သူတို့ရဲ့ Terms of Services (ToS) ကို မဖောက်ဖျက်သရွေ့ ဘယ်ဘလော့ဂ်မှ မဖျက်ပါ-တဲ့၊ ဒါပေမယ့် bandwidth တွေတော့ သိပ်မတက်စေရင် ကောင်းတယ်-တဲ့၊ Sucuri ဆိုဒ်ကို လည်း ကျနော်အားလုံး ရှင်းပြပြီး ဖြေရှင်းချက် တောင်းတယ်၊ သူတို့ကတော့ အကြောင်းမပြန်ဘူး၊ နောက်တစ်စောင် ထပ်ရေးတယ်၊ မပြန်ဘူး၊ ကျနော့်တစ်ဦးတည်းရဲ့ သဘောအရတော့ ဒီမဲလ်ဝဲ ရှိ မရှိဆိုတာ Sucuri ဆိုဒ်တစ်ခုတည်း မဟုတ်ဘဲ အခြား ဆိုဒ်တစ်ခုနဲ့ပါ counter-check လုပ်နိုင်ရင် ကောင်းလိမ့်မယ်၊ ဒီလိုတွေ ကြုံလာရတော့ အဲဒီဆိုဒ်က ဘယ်အတိုင်းအတာထိ reliable ဖြစ်လဲဆိုတာ စောကြောစရာ ဖြစ်လာတာပေါ့လေ..၊ ကျနော်ကတော့ လောလောဆယ် ဘာမှ မလုပ်တော့ဘူး၊ ဘလော့ဂ်ကို တပတ်တခါ back-up လုပ်တယ်၊ သူများကို ကွန်မန့် ပေးရင် Name တစ်ခုထဲနဲ့ ပေးတယ်၊ ဘယ်နေ့ ဘာဖြစ်မလဲလို့ risk ယူပြီး စောင့်ကြည့်နေပါတယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တော့ဟုတ်တယ် မဲဝဲပြသာနာက တစ်ယောက်နဲ့တစ်ယောက် မတူဘူးဖြစ်နေတယ်
ကျွန်မဘလော့မှာ ချိတ်ထားတဲ့ လင့်တွေထဲမှာ ၀ဲရှိတယ်လို့ ပြတဲ့ဘလော့တွေပါတယ်။ ဒါပေမဲ့ သူတို့ကို ချိတ်လိုက်ပြီး ပြန်စစ်တော့ ကိုယ့်မှာ ၀ဲရှိတယ် လို့ မပြဘူး
နောက် ကော်မန့်ဆိုလဲ ဘယ်သူ ဘယ်လိုပေးပေး
ဝဲမလာပြန်ဘူး။
ဘယ်လင့်ကိုချိတ်ချိတ် ၀ဲမတက်ပြန်ဘူး
အစောပိုင်းက အားလုံးဖြစ်တုန်းက တစ်ခါဘဲဖြစ်ပြီး ခုနောက်ပိုင်း ၀ဲမပြတော့ဘူး
ထူးတော့ထူးဆန်းနေတယ် ဘယ်လိုလဲ မသိဘူး။
နားလည်ရခက်နေတာတော့ အမှန်ဘဲ။ ဒါကြောင့်ပြောတာ ဘလောဂ့်တစ်ခုနဲ့တစ်ခု ၀ဲပြဿနာ တက်နေပုံချင်းက မတူကြပြန်ဘူး။
ကိုယ့်ဘလော့ကို ၀ဲမှန်မှန်စစ်ပြီး ဘာဝဲမှ မရှိပေမဲ့ သူများက ကိုယ့်ဘလော့ကိုချိတ်ရင် ၀ဲပြနေတာဖြစ်ပြန်ရော
မပြတဲ့ဘလော့ကျတော့ မပြပြန်ဘူး
တစ်မျိုးဘဲ.. အဖြေရှာရတော့ခက်နေတာ သေချာတယ်
စောင့်ကြည့်ပါဦးမယ် ..

မေသိမ့်သိမ့်ကျော် said...

၂ ရက်တစ်ခါ စစ်နေတာ တစ်ခါမှ မဲဝဲ ရှိတာ မပြဘူး။ သူများဆိုက်တွေမှာ ကိုယ်ကွန်မန့်ပေးတာ မတက်တော့ ကိုယ့် ဘလော့လိပ်စာကို သူတို့ စစ်တဲ့ အချိန်မှာ သူတို့မှား မဲဝဲ တွေ့နေသလား စဉ်းစားမိတယ်။

An Asian Tour Operator said...

ဘယ်လိုလုပ်ရမယ် မသိလို့ မေ့ ထားရတယ်ဗျာ။

စော(အဝါရောင်မြေ) said...

ကျေးဇူးပဲ အကိုရေ

Anonymous said...

ဖတ်ရှုလေ့လာပြီး မဲဝဲများစစ်ဆေးပြီး ကင်းရှင်းကြောင်း အကြောင်းကြားတာပါ မိတ်ဆွေကြီး။
ကျေးဇူးတင်လျှက်-အိုးဝေအောင်