Monday, 21 February 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၈)

(မဲဝဲ ထိသွားလို့ အသစ်ပြန်တင်တာပါဗျို့၊ ဘယ်ကော်မန့်က
မဲဝဲ လာထိသွားလဲ မသိဘူး၊ ဒီဝဲနဲ့တော့ ဒုက္ခပါပဲ ... :P)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့်
ကြောက်ရွံ့ထိတ်လန့်တတ်သူများ မဖတ်ရှုသင့်ပါ။)


ယခင် အပိုင်း(၇)မှ အဆက် …

ညရဲ့ မှောင်မိုက်မှုနဲ့ တိတ်ဆိတ်ခြင်းဟာ တစုံတရာကို လက်ယပ်
ခေါ်နေသလို မိကျော့တို့ အိမ်ပေါ်ထပ်နဲ့ အောက်ထပ်မှာ စုဝေး
အိပ်စက်နေတဲ့ သူတို့အဖို့ ပြောလို့မဆုံးနိုင်တဲ့ ထင်မြင်ချက်တွေ
လည်း တော်တော်နဲ့ အဆုံးမသတ်နိုင်ခဲ့ပါ။ သတိလစ်ပြီး အိပ်ပျော်
နေဆဲ သံခဲလေးတစ်ယောက် ဘယ်ညာ လူးလိမ့်သွားရင်တောင်
သတိ ပြန်ရတော့မလားလို့ ၀ိုင်းကြည့်နေတဲ့ သူတို့အားလုံး သက်ပြင်း
ချရုံမှတပါး အခြားမရှိပါ။

ည (၁၂)နာရီ ကျော်ကာစ ရွာတောင်ပိုင်းဖက်မှ ထွက်ပေါ်လာတဲ့
ဆိုင်းသံဗုံသံများကြောင့် စုဝေးနေထိုင်တဲ့ အိမ်ပေါင်း (၂၀) က ပြတင်း
ပေါက်တွေ ဖွင့်ပြီး အသံလာရာဆီ နားစွင့်နေကြပါတယ်။ မင်းသမီးရဲ့
ဆွဲဆွဲငင်ငင် သီဆိုသံများ၊ လူရွှင်တော်များရဲ့ အတိုင်အဖောက်ညီညီ
ပျက်လုံးများကြောင့် လိုက်ပဲ ရီရမလား၊ အမှန်တကယ် မရှိဘူးဆိုတဲ့
အသိနဲ့ ကြောက်ပဲ နေရမလားဆိုတာ သူတို့ ဝေခွဲရ ခက်နေပါတယ်။





သူတို့ခြံတွေရှေ့ လှည်းလမ်းပေါ်ကနေ တချက် တချက် ထွက်
ပေါ်လာတဲ့ လှည်းမောင်းသံများ၊ လှည်းများပေါ် လိုက်ပါသွားသူ
တို့ အချင်းချင်း စ’နောက်ရယ်မောသံများကြောင့် သာဂိ၊ လှဆောင်
နဲ့ ကိုမျိုးသိမ်းတို့က လောက်လေးခွ တပြင်ပြင်နဲ့ ခြံစည်းရိုးအတွင်း
ကနေ လမ်းတွေပေါ် လှမ်းကြည့်နေကြပါတယ်။ ခြံတွေထဲ ရောက်
နေတဲ့ တရွာလုံးက ခွေးတွေရဲ့ အူသံများကြောင့် တချို့က ဟောက်
ကြ ဟမ်းကြ၊ တချို့ကတော့ ရေတွေနဲ့ လှမ်းပက်နေကြပါတယ်။
အဘစံတို့ ခြံဝိုင်းထဲက မကျီးပင်ပေါ် လက်နှိပ်ဓါတ်မီးရောင် တ၀င်းဝင်း
ဖြင့် လူငယ်တချို့ အတင်းလုတက်နေကြပါတယ် …



“ညကြီးမိုးချုပ် ပြုတ်ကျနေအုံးမယ် …”
“အဘကလည်း တိုးတိုးလုပ်ပါဗျ၊ ဒီအပင်ကြီးပေါ် တက်ကြည့်မှ
ရွာတောင်ပိုင်းမှာ ဘာဖြစ်နေလဲဆိုတာကို လှမ်းမြင်ရမှာ …”

မကျီးပင် ထိပ်ဖျားမှာ ရောက်နေတဲ့ ဖိုးချစ်တစ်ယောက် တော်တော်
နဲ့ အသံထွက်မလာပါ၊ သူ့အောက်ဖက် မကျီးကိုင်းတစ်ခုပေါ်မှာ
မတ်တပ်ရပ်နေတဲ့ အောင်ဘုက …
“ထိန်ထိန်တောက်နေတာပဲ အဘရေ၊ ပွဲမှ ပွဲအစစ်ပဲ၊ လူတွေကို
နည်းတာ မဟုတ်ဘူး …”
တယောက်တမျိုးစီ ပြောနေတဲ့ မကျီးပင်ပေါ်က လူငယ်တသိုက်
ကို ကြည့်ရင် ဆယ်အိမ်ခေါင်း ကိုမြက … ဟေ့ကောင်တွေ ဆင်းတော့၊
တော်ကြာ ပြုတ်ကျရင် အားလုံး အလုပ်များကုန်မယ် … လို့ သတိပေး
စကားသာ ပြောနိုင်ပါတော့တယ်။

ည (၂)နာရီလောက်မှာ သတိလစ်နေတဲ့ သံခဲလေးတစ်ယောက်
မျက်စိပွင့်လာပါတယ်။ ပထမတော့ သူ့နံဘေးမှာ ၀ိုင်းအုံကြည့်နေ
တဲ့ သူတွေကို ကြည့်ပြီး ငိုနေပါတယ်။ နောက်တော့ အမျိုးမျိုး
ဖျောင်းဖျချော့မော့မှုတွေကြောင့် သူ့ဆီက ကြောက်စိတ်တွေ နည်း
နည်းတော့ လျှော့နည်းလာပုံ ရပါတယ်။ ဆရာမလေး မတိုးတိုး ခွံ့
ကျွေးတဲ့ ဆန်ပြုတ်ကို သောက်ရင်း သူပြောပြသည်က …
မြောက်တောရွာမှာ နေထိုင်တဲ့ သူ့အမေဖြစ်သူ နေမကောင်းတဲ့
သတင်းကို ကြားရပြီးတဲ့နောက်မှာ သံခဲတစ်ယောက် အရီးအေးတို့
အသိ လှည်းကြုံဖြင့် ပြန်သွားခဲ့ပါတယ်။ သံခဲတစ်ယောက် ရွာပြန်
ရောက်ပေမယ့် သူ့အမေရဲ့ အသက်ကို မမှီလိုက်ပါ။ သူ ပြန်ရောက်
တဲ့ နေ့မှာပဲ သူ့အမေကို သင်္ဂြိုလ်ပြီးပါပြီ။ သူ့အမေရဲ့ နောက်
အိမ်ထောင် သူ့ပထွေးက ဇွတ်အတင်း ပြန်ခိုင်းလို့ နောက်တစ်နေ့
ညနေစောင်းမှာ သူတို့ရွာကနေ နည်းနည်း အလှမ်းဝေးတဲ့ ဒီ
“အရှေ့တော” ရွာဆီ လမ်းလျှောက်ပြီး ပြန်လာခဲ့ပါတယ် ….

လယ်ကွင်းတွေကြား ငိုကြွေးရင်း ပြန်လာခဲ့တဲ့ သံခဲတစ်ယောက်
ရွာမြောက်ဖက်ပိုင်းရှိ သင်္ချိုင်းနံဘေးက ကွေ့ဝိုက်ပြီး အရီးအေး
တို့ အိမ်ဖက်ဆီ လာခဲ့ပါတယ်။ အရီးအေးတို့ ခြံထဲကို အ၀င်မှာ
သံခဲ အရမ်းအံ့သြ သွားပါတယ်။ အရီးအေးတို့ ခြံထဲမှာ ရောင်စုံ
မိုးပျံပူဖောင်း ချိတ်ဆွဲပြီး စားပွဲခုံတွေ ကုလားထိုင်တွေ ခင်းကျင်း
ထားပါတယ်။ အံအားသင့်နေတဲ့ သံခဲတစ်ယောက် အိမ်ထဲကို
ဝင်လိုက်တော့ တောက်ပတဲ့ ၀တ်စုံတွေ ၀တ်ဆင်ထားသော
လူပေါင်းများစွာ အိမ်အောက်ထပ်က ဧည့်ခန်းမှာ စုဝေးပြီး ထိုင်
နေကြပါတယ်။ သူနဲ့ အရွယ်တူ ကလေးတချို့ သူ့ဆီ ပြေးလာ
ပြီး ဆော့ကစားဖို့ သံခဲလေးကို ပြောပြပါတယ်။ အဲဒီနောက်
သူတို့တတွေ “တူတူ ပုန်းတမ်း” ကစားကြပါတယ်။ သံခဲဟာ
ပုန်းခိုဖို့ အတွက် အပေါ်ထပ် ဘုရားစင်အောက်ရှိ ဖျာလိပ်တွေ
အကြားမှာ သူ့ခန္ဓာကိုယ်ကို ဖျာလိပ်နဲ့ပတ်ပြီး ပုန်းခိုနေပါတယ်။
ရုတ်တရက် သူ့နားထဲမှာ အပြန်အလှန် သေနတ်ပြစ်သံတွေ
ကြောင့် သံခဲ လန့်သွားပါတယ်။ ဒါနဲ့ ဖျာလိပ်ကြားထဲ ရောက်နေ
တဲ့ သံခဲဟာ အနောက်က နံရံဆီ တိုးကပ်လိုက်ပါတယ်။ အဲလို
တိုးကပ်လိုက်တဲ့ အချိန်မှာ ဘုရားစင်ပေါ်က သောက်တော်ရည်
တွေ သူ့အပေါ်ကို ဖိတ်ကျလာပါတယ်။ ဖျာလိပ်ကြား ထဲကနေ
အပေါက်ဖြဲပြီး အပြင်ကို ကြည့်လိုက်တော့ အောက်ထပ်က အော်
သံ ဟစ်သံတွေ ဆူညံသံတွေကို ကြားနေရပါတယ်။ အဲဒီနောက်
အပေါ်ထပ် အိပ်ခန်းထဲက ညည်းသံလိုလို အသံတစ်ခုကို သူ
ကြားနေရပါတယ်။ ခန္ဓာကိုယ် တစ်ပိုင်းဖြတ်ကြီးတစ်ခုဟာ
အခန်းထဲက တရွတ်တိုက် ထွက်လာတာကို ကြည့်ရင်း သံခဲ
တစ်ယောက် သတိလစ်သွားပါတယ်။ နောက်တစ်နေ့ မိုးလင်း
ခါးနီ သူ သတိပြန်ရချိန်မှာ ဖျားလိပ်ကြားက ကြည့်လိုက်တော့
ကြောက်စရာ လန့်စရာကောင်းတဲ့ လူလိုလို တစ္ဆေလိုလို အရာ
တွေဟာ သူ့နံဘေးမှာ ပတ်လည်ဝိုင်းနေပါတယ်။ သူ့ကို လှမ်း
ဆွဲဖို့ ကြိုးစားကြပေမယ့် သူ့ကို ထိမယ်အပြုမှာ ပြန်ပြန်ပြီး
နောက်ဆုတ်သွားကြပါတယ်။ အဲဒီအရာတွေကို ကြည့်ရင်း
သံခဲတစ်ယောက် ကြောက်လန့်စွာဖြင့် နောက်တစ်ကြိမ် သတိ
လစ်သွားပါတယ်။ သံခဲ ပြောပြတာတွေ နားထောင်အပြီး ..

“သော့ခတ်ထားတဲ့ အိမ်ထဲ သူ့ကို ဘယ်သူက ဖွင့်ပေးလိုက်သလဲ …”
“သံခဲ ပြန်လာတဲ့ နေ့ကို တွက်ကြည့်လိုက်တော့ အဲဒီနေ့က
ရွာဦးကျောင်းရှေ့မှာ လက်တွေ မြေကြီးထဲက ထွက်လာတဲ့
နေ့ပြီး နောက်တစ်ရက်ဗျ၊ တစ်ရွာလုံး ဒီအ၀ိုင်း(၂၀)ထဲမှာ စပြီး
နေခဲ့တာလေ၊ ကျတ်တွေ သောင်းကျန်းနေတဲ့ အချိန်မှာ ကျတ်
တွေ မြှားခေါ်လို့ အရီးအေးတို့အိမ်ထဲ ၀င်လို့ရတာ ဖြစ်မှာပေါ့ …”
“သူ့ခေါင်းပေါ်ကို ဘုရားစင်က သောက်တော်ရည်တွေ ဖိတ်ကျ
ထားလို့ သူ့ကို … သူတို့ ဆွဲခေါ်လို့ မရတာလည်း ဖြစ်မယ် …”

အခန်း (၁၃)

လေတွေ တဟူးဟူး တိုက်ခတ်နေတဲ့ သူတို့ တစ်ရွာလုံး တောင်
အမြင့်ကြီးတစ်ခုရဲ့ အပေါ်မှာ ရောက်နေပါတယ်။ တောင်အောက်
ခြေမှာ ရှိတဲ့ လှပတဲ့ လွင်ပြင်တွေကို ကြည့်ရင်း သူတို့ရဲ့ အမူအရာ
တွေက ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါ။ တချို့က ငိုကြွေးကြ၊ တချို့
က အံအားသင့်ကြ၊ တချို့က တောင်အောက်ဆင်းဖို့ တောင်းဆိုကြ၊
ဆောက်တည်ရမဲ့ မျက်ရည်များက သူတို့ကို စွန့်ခွာကြ …။

သူတို့ရဲ့ မြင်ကွင်းတွေထဲ အဖြူရောင် အရိပ်တစ်ခု သူတို့ဆီ
တဖြေးဖြေးချင်း ဦးတည်ပြီး လာနေပါတယ်။ အပေါ်အဖြူ၊ အောက်
အဖြူကို ၀တ်ဆင်ထားတဲ့ အဖိုးအိုတစ်ဦး သူတို့ရွာထိပ်က ဆင်ခြေ
လျှော လမ်းကလေး ထိပ်ဝဆီ ရောက်လာပါတယ်။ အရင်းနှီးဆုံး
မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့လိုက်ရသလို ၀မ်း
မြောက်ဝမ်းသာ ဖြစ်သွားတဲ့သူက အဘစံ ပါ။

(အဘစံ) နောင်ကြီး … နောင်ကြီး … ကျုပ့်အိမ်မက်တွေထဲမှာ
ကျုပ်နဲ့ တွေ့ခဲ့တာ ခင်ဗျား မဟုတ်လား၊ နောင်ကြီး …။

(အဘိုးအို) ဟုတ်ပါတယ် ကျုပ်ပါပဲ၊ ကလေးကို ခင်ဗျားတို့ ကယ်ပြီးပြီ
မဟုတ်လား၊ ကလေးကို ကယ်ပြီးရင် ကျုပ် ကတိပေးထားသလို ခင်ဗျား
တို့ကို ကျုပ် ကူညီမှာပါ၊ အခု ချက်ချင်းတော့ ခင်ဗျားတို့ရွာရဲ့ ဘေးဒုက္ခ
ကို ပြေလည်အောင် လုပ်လို့ မရသေးဘူး၊ ကျုပ်ပြောသလို လုပ်ပါ၊ နှစ်
ရက်လောက်နေရင် သာယာတဲ့ အရင်မြင်ကွင်းတွေကြားမှာ ခင်ဗျားတို့
တရွာလုံး ပျော်ရွှင်နိုင်မှာပါ …။

အဘစံ အပါအ၀င် လူကြီးတချို့နဲ့ ဧည့်သည် အဖိုးအိုတို့ဟာ အတော်
ကြာအောင် စကားပြောဆိုနေကြပါတယ်။ သူတို့စကားဝိုင်းနံဘေးဆီ
မလာဖို့ ကျန်တဲ့လူတွေကို အဘဦးဖိုးဆောင်က လက်ကာ ပြပါတယ်။
အဲဒီနောက် ဧည့်သည် အဖိုးအိုဟာ သူ လာခဲ့တဲ့ ရွာထိပ်မှာ ရှိနေတဲ့
တောင်အောက်ဆင်း ဆင်ခြေလျှောလမ်းကလေးအတိုင်း အားလုံး
ကို လက်ပြနူတ်ဆက်ပြီး တောင်အောက်ဆီ ပြန်လည် ထွက်ခွာဖို့
ပြင်နေတဲ့အခိုက် …

(အဘစံ) နောင်ကြီးခင်ဗျား၊ တဆိတ်လောက် ကျေးဇူးပြုပြီး
နောင်ကြီးရဲ့ နာမည်ကို သိပါရစေ …။

(အဘိုးအို) လူတစ်ယောက်က လူ့ဘ၀ထဲ ၀င်လာရင် လူတွေ
အကြား ခေါ်ဝေါ်ဖို့ အမည်နာမတွေ ပေးလေ့ရှိတယ်၊ ကျုပ်ဟာ
ဘယ်သူ ဘယ်ဝါ ဖြစ်ပါတယ်၊ ဘယ်မျိုးရိုးက ဆင်းသက်ပါတယ်၊
ကျုပ်ရဲ့ အစွမ်းအစက ဘာပါလို့ ပြောနေမယ့်အစား လူသား
အချင်းချင်း တတ်နိုင်သလောက် ကူညီကြဖို့က ပိုပြီး အဓိက
ကျပါတယ်၊ အတိတ်က ရေစက်တွေရှိလို့ လာဆုံတယ်လို့
သဘော ထားလိုက်ပါ ဗျာ …။

တဖြေးဖြေးချင်း ကွယ်ပျောက်သွားတဲ့ အဖိုးအိုရဲ့ ကျောပြင်ကို
ကြည့်ရင်း သူတို့စိတ်ထဲမှာ အားတစ်ခု ရရှိသွားသလို ဖြစ်နေမိ
ပါတယ်။

အခန်း(၁၄)

ညနေကတည်းက ချက်ပြုတ်ထားတဲ့ ထမင်းတွေ ဟင်းတွေကို
ဌက်ပျောရွက်တွေပေါ်မှာ စုပုံပြီး ရွာရဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ
ခင်းကျင်းထားပါတယ်။ တိတ်ဆိတ်လာတဲ့ ညအမှောင်ထဲမှာ ဘာ
သံတွေများ ကြားရမလဲလို့ စုပေါင်းနေထိုင်တဲ့ ခြံဝိုင်းတွေထဲကနေ
နားစွင့်နေကြပါတယ်။ အဘစံတို့ ခြံဝိုင်းထဲက မကျီးပင်ကြီးပေါ်
ကနေ လှမ်းကြည့်ကြဖို့ လှဆောင်တို့ သာဂိတို့ ဦးဆောင်တဲ့
ကာလသားတသိုက်ကလည်း လှုပ်လှုပ်ရွရွဖြင့် တာဆူနေကြ
ပါတယ်။

ပထမဆုံး စကြားရတာက လှည်းသံတွေပါ၊ ခပ်ဝေးဝေးတစ်နေရာ
ကနေ ဒုန်းဆိုင်းပြီး ခပ်ပြင်းပြင်း ခပ်သော့သော့ မောင်းနှင်လာတဲ့
လှည်းသံတွေပါ။ လှည်းက နွားတွေမှာ ချိတ်ဆွဲထားတဲ့ ခြူသံတွေ
ကို သေသေချာချာ ကြားနေရပါတယ်။ လှည်းသမား အချင်းချင်း
လှမ်းခေါ်သံတွေ၊ နွားတွေကို ခပ်ကြမ်းကြမ်း ဟိန်းဟောက်သံတွေ၊
လှည်းပေါ်မှာ လိုက်ပါလာတဲ့ သူတွေအကြား တဖက်နဲ့ တဖက်
ခေါ်ပြော နူတ်ဆက်သံတွေကို အတိုင်းသား ကြားနေရပါတယ်။
အဲဒီနောက် လှည်းသံရော လူသံတွေပါ ခေတ္တ တိတ်ဆိတ်သွားပါ
တယ်။ ရှည်လျားဆွဲငင်စွာ ဆက်တိုက်အူနေတဲ့ ခွေးအူသံတွေကို
ကြားရပါတော့တယ်။ အဘစံတို့ ခြံထဲက မကျီးပင်ကြီး နံဘေးမှာ
လူကြီးလူငယ်၊ အမျိုးသမီး ကလေး အတော်များများ စုရုံပြီး အပင်
ပေါ်က တက်ကြည့်နေတဲ့ သူတွေဆီကနေ ဘာများ မြင်ရမလဲလို့
စောင့် နေကြပါတယ် ….

“ဟိုမှာ ဟိုမှာ မီးတုတ်တွေနဲ့ အများကြီးပဲဗျို့၊ ဘယ်ကို သွားနေလဲ
မသိဘူး …”
“ဘယ်ဖက်မှာလဲ … သာဂိ …”
“တောင်ပိုင်းမှာ ဗျ …”
“မြောက်ပိုင်းရော ဘာမှ မတွေ့ဖူးလား၊ ဘာထူးသေးလဲ …”
“မြောက်ပိုင်းတော့ ဘာမှ မတွေ့သေးဘူး ဗျ …”
“ဟိုမှာ ဟိုမှာ မီး … မီး …”

လှဆောင်ပါးစပ်က မီး … မီးလို့ အော်လိုက်တဲ့ အသံကြောင့်
မကျီးပင်အောက်ခြေမှာ ရှိနေတဲ့ ရွာသားအားလုံး ထိတ်လန့်သွား
ကြပါတယ်။ လှဆောင်လည်း သစ်ပင်အောက်ကို မောကြီးပန်းကြီး
ကတိုက်ကရိုက် ပြေးဆင်းလာပါတယ်။ သစ်ပင်အောက် ရောက်
ရောက်ချင်း …
“အဘစံ … အဘစံ … ရွာဦးကျောင်းဖက်မှာ မီးတွေ လောင်နေတယ် …”
“မဟုတ်ဘူး လူလေး၊ ဒီမီးတွေဟာ အခု လောင်နေတဲ့ မီးတွေ မဟုတ်
ဘူး၊ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လောင်ခဲ့တဲ့ မီးတွေပါ ကွယ် …”

“ဟာဗျာ၊ အဘကလည်း ကျုပ့်မျက်စိနဲ့ကို တပ်အပ် မြင်ခဲ့တာ၊ အခု
လောင်နေတယ်ဗျ၊ အဘ မယုံရင် သစ်ပင်ပေါ် တက်ကြည့် …”
“ဟုတ်တယ်၊ မင်း ပြောတာကို အဘ လက်ခံတယ်၊ အဘ ပြောတာ
ကို မင်း အရင်ဆုံး နားထောင်အုံး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒို့ရွာ
မှာ လူမျိုးရေး မုန်းတီးမှုတွေနဲ့ တဖက်နဲ့ တဖက် အပြန်အလှန် သတ်
ဖြတ်ခဲ့ကြတယ်၊ ဒို့ဖက်က အသာစီးရတော့ သူတို့ဖက်ကို အနိုင်ကျင့်
ခဲ့တယ်၊ သူတို့ဖက်က အသာစီးရတော့ ဒို့ဖက်ကို လက်စား ချေကြ
တယ်၊ အဲဒီမီးတွေဟာ အဲဒီအချိန်က လောင်ခဲ့တဲ့ မီးတွေပါ လူလေး
တို့ရယ် …”

“ဘာမှ မရှိတော့ပြန်ဘူး ဗျ၊ ဟုယ်တယ် လှဆောင်၊ ခုနက မင်းပြောလို့
ရွာဦးကျောင်းဖက်မှာ လောင်းနေတဲ့ မီးကို ငါလည်း တွေ့လိုက်တယ်၊
အခုလေးတင် ဘာမှ မမြင်ရတော့ဘူး၊ ဘာမှ မရှိတော့ပြန်ဘူး ဟ …”
သစ်ပင်ပေါ်က သာဂိ အော်ပြောလိုက်တဲ့ အသံကြောင့် လှဆောင်နဲ့
လူငယ်တချို့ဟာ သစ်ပင်ပေါ်ကို သူ့ထက်ငါ အလုအယက် တက်ကြ
ပါတော့တယ်။

သူတို့ရဲ့ မြင်ကွင်းထဲမှာ တစ်ရွာလုံး တိတ်ဆိတ် မဲမှောင်နေပါတယ်။
ခုနက တွေ့လိုက်ရသော လှည်းများနဲ့ မီးရောင်များကို လုံးဝ မတွေ့
ရတော့ပါ။ တစ်ရွာလုံး နေရာအနှံကို လှမ်းကြည့်နေသူက သာဂိပါ …။
ရုတ်တရက် ဖိုးချစ်က သာဂိကို တနေရာဆီ လက်ညှိုးထိုးပြ လိုက်ပါ
တယ်။ သာဂိတစ်ယောက် ဘာကို တွေ့သွားသလဲတော့ ချက်ချင်း
မပြောပါ၊ သူ့ပါးစပ်က “ဘိုးထင်တို့ အိမ်နောက်ဖေးက ရေတွင်းဘောင်
ပေါ်မှာ မိန်းမတစ်ယောက် တပ်ပြီး မတ်တပ်ရပ်နေတယ် အဘစံရေ၊
သူ့ကိုယ်သူ သတ်သေဖို့ ခုန်ချတော့မယ်နဲ့ တူတယ်ဗျို့ … လုပ်ကြ
ပါအုံး၊ လုပ်ကြပါအုံး …”။

သာဂိ အော်ပြောလိုက်တဲ့ ဘိုးထင်တို့ခြံဆိုတာ မိကျော့တို့ခြံ
နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ အဘဦးဘိုးထင်တို့ ခြံပါ။ သာဂိရဲ့
အသံကြောင့် မကျီးပင်အောက်မှာ စုဝေးနေတဲ့ လူကြီးတွေ
အားလုံး မျက်စိမျက်နှာ ပျက်သွားကြပါတယ်။ “ဟုတ်ရော ဟုတ်ရဲ့
လားကွာ၊ ဘယ်သူ့မှ မရှိတဲ့ နေရာမှာ ဘယ်မိန်းကလေးက ရေ
တွင်း ဘောင်ပေါ် တပ်ပြီး ရပ်နေမှာလဲ …” လို့ ဆယ်အိမ်ခေါင်း
ကိုတင်စန်းက ပြန်ပြောပါတယ်။

ည သန်ကောင်ယံအချိန်မှာ မိကျော့တို့ မျက်နှာချင်းဆိုင်မှာရှိတဲ့
အဘဦးဘိုးထင်တို့ ခြံထဲကို သွားကြည့်ဖို့ လူငယ်တွေက လူကြီး
တွေကို အမျိုးမျိုး တိုက်တွန်းနေကြပါတယ်။ ခြံပိုင်ရှင် မိသားစုဟာ
ရွာရဲ့ အရေးပေါ် စည်းကမ်းအရ စုပေါင်းနေထိုင်ရာ ဒီဖက်အခြမ်း
ထဲမှာပါ။ မိကျော့တို့ ခြံဝနဲ့ အဘဦးဘိုးထင်တို့ ခြံအ၀ဟာ ပေ(၂၀)
ကျော်လောက်သာ ဝေးပါတယ်။ ဒါကြောင့် လူငယ်တွေက ခြံထဲကို
သွားကြည့်ပြီး မဟုတ်ရင် အမြန်ဆုံး ပြန်လာဖို့ လွယ်ကူကြောင်း
လူကြီးတွေထံ ပြောကြပါတယ်။ တားမရတဲ့ နောက်ဆုံးမှာတော့
လူကြီးတချို့နဲ့ ကာလသား လူငယ်များဟာ မိကျော့တို့ ခြံအဝ
ကနေ အဘဦးဘိုးထင်တို့ ခြံထဲဆီ အုပ်စုလိုက် သွားကြည့်ဖို့
သဘောတူကြပါတော့တယ်။

ခြံထဲကို ၀င်လာတဲ့ သူတို့တအုပ်စုလုံး နေရာအနှံကို ဓါတ်မီးတွေ
ထိုးကြည့်ပြီး ရှာဖွေနေကြပါတယ်။ ရေတွင်းဟာ ခြံနောက်ဖက်
အစွန် တစ်နေရာမှာပါ။ ရေတွင်းနံဘေးက သစ်ပင်ကြီးတွေကို
ကြည့်ရင် သူတို့နဲ့အတူ လိုက်ပါလာတဲ့ ကိုထွန်းကြိုင်နဲ့ စိုးထိုက်
တို့ နူတ်ဆိတ်နေကြပါတယ်။ ညဖက် မှောင်မိုက်နေတဲ့ အချိန်မှာ
သစ်ပင်ကြီးတွေ ပုံစံက တစ္ဆေတစ်ကောင် ထိုင်နေသလိုပါ။ အရှေ့
ဆုံးကနေ ဦးဆောင်ပြီး သွားနေတဲ့ ဆယ်အိမ်ခေါင်း ကိုမြက လက်နှိပ်
ဓါတ်မီးနဲ့ တစ်နေရာကို သေချာထိုးရင်း … ဒီမှာကြည့် ခြေရာတွေ”။
ကိုမြ မီးထိုးပြတဲ့ နေရာကို ကြည့်လိုက်တော့ လောလောလတ်လတ်
လမ်းလျှောက်ထားကာစ အမျိုးသမီး ခြေရာတွေကို တွေ့ရပါတယ်။

ရေတွင်းနံဘေး ရောက်ကာနီးမှာ ရေဆွဲတင်တဲ့ စက်သီးဘီးရဲ့
တကျွီကျွီမြည်သံကြောင့် လှမ်းကြည့်လိုက်တော့ ရေဆွဲတဲ့ ရေပုံး
ဟာ တွင်းထဲမှာ ကြိုးတန်းလန်းဖြင့် ကျနေဆဲပါ။ ရေခပ်ပြီးတဲ့အချိန်
တစ်ယောက်ယောက်က သတိမေ့ပြီး ရေပုံးကို ဘောင်ပေါ် ပြန်
မတင်တာ ဖြစ်နိုင်ကြောင်း ကိုမျိုးသိမ်းက ပြောနေပါတယ်။
“ဘယ်သူလဲ … ဘယ်သူ ရှိလဲ …”ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့
အသံဟာ ရေတွင်းထဲကနေ ရုတ်တရက် ထွက်လာပါတယ်။

ရှေ့ဆုံးကနေ ရေတွင်းနား ရောက်လုဆဲဆဲ ဖြစ်နေတဲ့ ဆယ်အိမ်
ခေါင်း ကိုမြရဲ့ ခြေလှမ်းတွေ ရုတ်တရက် ရပ်သွားပါတယ်။ ချက်
ချင်းဆိုသလို သတိဝင်သွားကြပြီး ရေတွင်းဘောင်နားဆီ ပြေးလွှား
သွားကြပါတယ်။ ရေတွင်းထဲကို လက်နှိပ်ဓါတ်မီးပေါင်း များစွာနဲ့
ထိုးကြည့်ကြပါတယ်။ ဘာဆို ဘာမှ မရှိပါ။ အသံကို သေသေ
ချာချာ ကြားရရဲ့သားနဲ့ ဘာမှ ရှာမရလို့ ကိုမြနဲ့ သာဂိတို့
ဘ၀င်မကျ ဖြစ်သွားပါတယ်။ သာဂိက တွင်းထဲကျနေဆဲ
ရေပုံးကို ဆွဲတင်လိုက်ပါတယ်။ စက်သီးဘီးရဲ့ တကျွီကျွီမြည်သံ
နဲ့အတူ ရေပုံးဟာ ဖြေးဖြေးချင်း အပေါ်ကို တက်လာပါတော့
တယ်။ ရေပုံးထဲကို ကြည့်ပြီး သာဂိရော ကျန်တဲ့သူတွေပါ လန့်
ဖြန့်သွားပါတယ်။ ရေပုံးထဲမှာ ပါလာတာက ရေအစား အနီရောင်
သွေးတွေပါ။ လက်နှိပ်ဓါတ်မီးတွေနဲ့ ရေတွင်းထဲဆီ ထပ်မံပြီး
ရှာဖွေထိုးကြည့်ကြပါတယ်။ လက်နှိပ်ဓါတ်မီးတွေအောက်၊ ကြည်
လင်နေတဲ့ တွင်းရေမှအပ မည်သည့် အနီရောင်မှ မတွေ့ရပါ။
မကျေမနပ် ဖြစ်နေတဲ့ သူတို့အားလုံး ရေပုံးထဲက သွေးပုံစံ
အနီရောင်ရေကို တခြားတစ်နေရာဖက်ဆီ သွန်းချလိုက်ပါတယ်။
ရေတွင်းနံဘေး ရာဝင်အိုးကြီးထဲကနေ “မိုးခံ” ရေတွေနဲ့ ရေပုံးက
အနီရောင်တွေကို သန့်စင်တဲ့အထိ ဆေးကြော လိုက်ပါတယ်။

“လာထား နောက်တစ်ကြိမ်” လို့ သာဂိရဲ့ ကြိမ်းဝါးသံနဲ့အတူ
ရေပုံးဟာ သူတို့ရဲ့ ဓါတ်မီးရောင်တွေအကြား ဖြေးဖြေးချင်း
အောက်ဆင်းသွားပြီး တွင်းထဲက ရေကို ခပ်ယူလာပါတယ်။
တွင်းအ၀ ပြန်အရောက် ရေပုံးထဲက ရေတွေကို ကြည့်လိုက်
ပြန်တော့ အနီရောင်တွေပါ။ သံသယဖြစ်နေတဲ့ ကိုမြကပါ ရေပုံး
ထဲက ရေတွေကို လက်နဲ့ မွှေကြည့်လိုက်ပါတယ်။ ပျစ်ချွဲချွဲ အနီ
ရောင် ရေတွေအကြား ကိုမြရဲ့ လက်မှာ ကပ်ပါလာတာက ဆံပင်စ
အချို့။ စိတ်မရှည်တော့တဲ့ သာဂိက ရေပုံးထဲကို သူ့လက်ပါ
ထည့်ပြီး မွှေနှောက်ကြည့်လိုက်ပါတယ်။ သာဂိ့လက်မှာ ပါလာတဲ့
အရာကို ကြည့်ပြီး ထ’အော်လိုက်တဲ့သူက ကိုထွန်းကြိုင်ပါ။
“မျက်လုံးကြီး၊ အဲဒါ လူ့မျက်လုံးကြီးကွ … ဟာ …ဟာ …”

ရုတ်တရက် ရေတွင်းအနီး သစ်ပင်ကြီး တစ်ပင်ပေါ်က တဟားဟား
နဲ့ အားရပါးရ ရယ်မောသံတွေ ထွက်လာပါတယ်။ အဲဒီရယ်သံနဲ့
မရှေ့မနှောင်းမှာပဲ ခြံပတ်ပတ်လည်က ရယ်သံတွေ ထွက်လာပါ
တယ်။ “ဘယ်သူလဲ … ဘယ်သူတွေလဲ” လို့ ပါးစပ်က မေးရင်း
လောက်လေးခွနဲ့ ရမ်းသန်းပြီး ပြစ်ကြပါတော့တယ်။ ရယ်သံတွေက
ချက်ချင်းဆိုသလို ပြန်ပြီး တိတ်ဆိတ်သွားပါတယ်။ ကိုမြက ပြန်ကြ
ရအောင်ဆိုတဲ့ စကားနဲ့အတူ ရေတွင်းဖက်ကို ကျောခိုင်းလိုက်ချိန်မှာ
ရယ်သံတွေ ထွက်ပေါ်လာပြန်ပါတယ်။ လောက်လေးခွတွေရဲ့
တဖျောက်ဖျောက် ပြစ်သံတွေကြောင့် မိကျော့တို့ အဘစံတို့ ခြံတွေ
ဖက်ကနေ စောင့်ကြည့်နေသူတွေတောင် “ဘာဖြစ်လို့လဲ …
ဘာဖြစ်တာလဲ …” လို့ လှမ်းမေးသံတွေ ထွက်ပေါ်လာပါတယ်။
ရေတွင်းနဲ့ ခပ်လှမ်းလှမ်းအရောက် ရေတွင်းဖက်ကို လှည့်ကြည့်
လိုက်တော့ တွင်းဘောင်ပေါ်မှာ ဆံပင်ဖျားလျား ချထားတဲ့ အမျိုး
သမီးငယ်တစ်ဦး မတ်တပ် ရပ်နေတာကို သူတို့အားလုံး ထင်ထင်
ရှားရှား တွေ့လိုက်ရပါတယ်။


(ဆက်ရန်။)

ရေးသူ- စစ်ငြိမ်းဒီရေ

12 comments:

ကိုအောင် said...

သစ်နက်ဆူး said on 20 February 2011 22:16

ကိုအောင်ရေ
ဖတ်လို့ ကို မ၀နိုင်ဘူးဗျာ..
ကြာလေစိတ်ဝင်စားလေဘဲ..။ထူးဆန်းတယ်ဗျာ..
ကျနော်က ခုနှစ်စဉ်တိုက်ဆိုတာတော့ ကိုယ်တိုင်ကြုံဘူးတယ်
..ဒီလောက်တော့ မဆိုးဘူးဗျ..
ခုဟာကြီးက သွေးပျက်လောက်တယ်..။
အပိုင်း၉ မျှော်နေမယ်ကိုအောင်..
ကျနော့်ဆီလဲ လာလည်ပါဦး..။
http://suenyinyi.blogspot.com/

မေဓာဝီ said on 20 February 2011 23:00

ဖတ်ရင်းနဲ့ ဆုံးခါနီးမှာ ကြောက်စရာကြီးး
ရေပုံးထဲ သွေးတွေပါလာပီး မျက်လုံးကြီးးးဆိုတာ
လန့်စရာကောင်းလိုက်တာ။
ပဋ္ဌာန်းရွတ်ပြီး အိပ်မှပဲ ..


ချမ်းလင်းနေ said on 21 February 2011 01:16
နှလုံးတော့ရှိတယ်ဗျာ။ စိတ်ဝင်းစားလို့ မကြောက်တမ်း
စောင်ထဲက ခေါင်းပြူပြီး ဆက်ဖတ်သွားပါတယ်။အခုတောင်
ချမ်းစိမ့်စိမ့်ဖြစ် ကျန်နေလို့ ....

နာနာဘာဝကျောက် said on 21 February 2011 02:54

သရဲဝိဇ္ဖာ ဆရာအောင်ကတော့ လူတွေကို ဆန့်ငင်ဆန့်ငင်
ဖြစ်အောင်လုပ်နေပြန်ပြီ...

Evy said on 21 February 2011 03:35
နောက်တစ်ပိုင်း မြန်မြန်လေးတင်ပေးပါ ကိုအောင်ရေ။
တော်တော်စိတ်ဝင်စားစရာကောင်းတယ်

An Asian Tour Operator said on 21 February 2011 06:56
အောင်မငီးး နေ့ခင်းကြောင်တောင် ဖတ်တာတောင် ကြက်သီး
ဖြန်းဖြန်းထ တယ်။ ကြောက်ပါပြီ ကိုအောင်ရဲ့ နောက် ကို
မတောင်း ဆိုရဲတော့ပါဘူး။

shin said on 21 February 2011 07:08
ကောင်းခန်းကြီးမှာရပ်သွားတယ်။ မြန်မြန်ဆက်ရေပါဗျို့။

Anonymous said on 21 February 2011 07:19

အိ အသည်းတွေ အူတွေ ယားလိုက်တာနော် ...း((
မိုးခါး

စော(အဝါရောင်မြေ) said on 21 February 2011 08:23
အင်း တော်တော်လွတ်ကုန်ပြီ
အိမ်ပြန်နေတာနဲ့  ဘာတွေဖြစ်နေမှန်းလဲ
မသိပါဘူ။ ဘာဝဲ တွေကို ဘာနဲ့ စစ်ရမှာလဲဟင်

စော said on 21 February 2011 08:53
လွတ်ကုန်ဘီ ဘယ်ဝဲကို ဘယ်လို စစ်ရမှာလဲ

ဂငယ် said on 21 February 2011 09:19
လင့်ချတ်ခွင့်ပြုပါနော်

Anonymous said on 21 February 2011 09:47
အခန်းမြန်မြန်ဆက်ပါဗျို့ ။
ဆောင်း

...အလင်းစက်များ said on 21 February 2011 11:34
အူး... သူတော်စင်ကြီးလာလို့  ပြေလည်ပြီမှတ်ပြီး အေးဆေး
ဖတ်နေတာ... မပြီးသေးပါလား... ပျောက်သွားတဲ့ရွာကြီး
ဘယ်တော့မှ ပြန်ပေါ်မလဲ... ဘယ်သူတွေက ဖွက်တာလဲ
သိချင်လှပြီ..ဗျိုးးးးးးးးးးးးးး

ချော(အစိမ်းရောင်လွင်ပြင်) said on 21 February 2011 12:09
အသည်းငယ်တတ်လို့ နေ့ခင်းမှ လာဖတ်တာ
ကြောက်ရင်လဲဆက်တိုက်ကြောက်လိုက်တာ ကောင်းတယ်
ခုတော့ ကြောက်တာတောင် ဆန့်ငင်ဆန့်ငင်နဲ့
ဟင်းး)

Anonymous said on 21 February 2011 14:26
မကြောက်ဘူးဗျို့ တကယ့်ကို မကြောက်တာ ည အောက်
မသွားရဲတာလေး တခုထဲပါ ဒီထက်ကြောက်အောင် မြန်မြန်ရေးပါဗျို့
ခင်မင်တဲ့
seesein

မြစ်ကျိုးအင်း said on 21 February 2011 14:49
ကြမ်းလှချည်လား၊ ဖတ်ရင်း ကြက်သီးထထ သွားတယ်ဗျ။
နောက်တခန်းစောင့်နေမယ်။

khinsu said on 21 February 2011 16:13
ကျေးဇူးပြု ပြီး အဆုံးထိ တင် ပေးပါလား။ ဖတ်ရတာ ဆန့်
ငင်ဆန့် ငင် ဖြစ်လို့ ပါ။ ရန် ကုန် မှာဆို သရဲ သစ္ဆေ ၀တ္ထု
ထုတ် ရင် best seller ဖြစ်မှာသေချာတယ် ကိုအောင် ရေ
သတိုး တေဇ တို့ တောင် နောက် ကျ ကျန် ခဲ့ မယ် တစ်ကယ်
ဖတ်လို့ ကောင်းတယ် ဆက်တိုက် တင်ပေး ပါနော် ဖတ် ရတာ
အားမ ရ လို့ ပါ

SHWE ZIN U said on 21 February 2011 16:33
ကိုအောင်ရေ
ဖတ်သွားပြီကျေးဇူး နောက်တပိုင်းမျှော်ရပြန်ပြီ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုဇော် said...

ကိုဇော် has left a new comment on your post "လွင်ပြင် ခေါ်သံ (အပိုင်း- ၈)":

နောက်တပိုင်း မျှော်နေတယ် ကိုအောင်ရေ. . .
( မမူးသေးလို့ . . အေ့ . . အဲလေ. . မွှားကုန်ပြီ )
မြန်မြန် လုပ်နော်။

Publish
Delete
Mark as spam

Moderate comments for this blog.

May everybody be happy and healthy! said...

May everybody be happy and healthy! has left a new comment on your post "လွင်ပြင် ခေါ်သံ (အပိုင်း- ၈)":

စိတ်ဝင်စားဖို့ကောင်းတယ်နော်စောင့်မျော်နေပါတယ်လို့

Publish
Delete
Mark as spam

Moderate comments for this blog.

အလင်းစက် ... said...

..အလင်းစက်များ has left a new comment on your post "လွင်ပြင် ခေါ်သံ (အပိုင်း- ၈)":

ကိုအောင်ရေ ကျနော့ အရင်ကော်မန့် ကြီးဖြုတ်လိုက်ပါဗျိုး... မနေ့ ကတင်စစ်ထားတာ ၀ဲမရှိလို့  အားရပါးရ လိုက်မန့် နေတာ... ဒီနေ့ စစ်တော့မှ ၀ဲရှိသတဲ့... ဟူးးးးး အားလဲနာပါရဲ့ အပိုင်း ၈ ကတော့ ညနက်ကြီးမို့  မဖတ်ရဲ့သေးဘူး နောက်မှဖတ်မယ်... အဟီး

Publish
Delete
Mark as spam

Moderate comments for this blog.

sosegado said...

sosegado has left a new comment on your post "လွင်ပြင် ခေါ်သံ (အပိုင်း- ၈)":

ကျတ်တွေ ပွဲကတဲ့အကြောင်း ငယ်ငယ်ကဘကြီးတစ်ယောက်ပြောဘူးတာကြားဘူးတယ်၊ စိတ်ဝင်စားဘို့ကောင်းပါသည် ဖတ်၍ကောင်း၍ ဆက်ရန်ကိုမျော်နေမည်။

Publish
Delete
Mark as spam

Moderate comments for this blog.

ဆောင်း said...

ဘာဆက်ဖြစ်လဲဟင်.. မြန်မြန်အခန်းဆက်တင်ပါဗျို့ 

ကြောက်ဘူး ကြောက်ဘူး.. ဟူးဟဟဟူး

ကျောစိမ့်စိမ့် ခေါင်းနှဘန်းကြီးကြီး ဆံပင်ထောင်ထောင်
လက်တုန်တုန် ဖြစ်သွားရုံလေးပါ

ဆောင်း

Publish
Delete
Mark as spam

Anonymous said...

အရင်က ဇတ်အငြိမ့်ဘဲ ရှိခဲ့လို့ ကြပ်တွေက ဇတ်ပွဲကကြတာ ဖြစ်မယ်။ အခုခေတ်လို ဒစ်စကိုတို့  ရော့ခ်တို့  ရတ်ပ်တို့  ၃ဒီတို့  ၄ဒီတို့  ဖက်ရှင်ရှိုးတို့  နယူးတက်ကနိ ဒရိမ်နင်တွေ သင်တန်းတွေ ဖွင့်ပြီး ကြပ်တွေကို သင်ပေးပါလား ဒကထဲ တခါလာလဲဇတ်ပွဲ တခါလာလဲ လူရွင်တော် ဟာသ။ ဟင်း.. ခေတ်အောက်နေပြီ။အဆင့်မြင့် ကြပ်ပွဲအကြောင်း နောက် အခန်းဆက်မှာ ရေးပါဗျို့ 

ဘဲနှာကြောင့် (Publish။ Delete။ Mark as spam)
အဲဒါကြီးက ပါပါနေရတာတုံး

ဆောင်း

Anonymous said...

အသစ်တက်ပလားတက်မလား လာလာကြည့်ရတာ လည်ပင်းအတော်ရှည် :P

မြန်မြန်လေးပါဗျို့းးးးးးးးးးးးးးးးးးးးး :D

မိုးခါး

စော(အ၀ါရောင်မြေ) said...

အမျိုးသမီးကလည်း ပြောတယ်ဆိုလို့  အသိပ်တော့ အတင်းမရေးခိုင်းတော့ပါဘူး၊
ဒါပေမယ့် ဘယ်နှစ်ပိုင်းလောက်ကျန်သေးလဲ ကိုအောင်ရေ။
အိမ်ကပြန်လာခါစမို့ လား မသိဘူး ဒီတခါတော့ သတိကောင်းနေသေးတယ်။ :D

crystal said...

မျက်စိထဲမယ် ကွက်ကွက်ကွင်းကွင်းကို မြင်မိသား၊ ဆက်ရေးမယ်မဟုတ်လား စောင့်ရအုံးမှာပေါ့...

မယ်ကိုး said...

ကြောက်ကြောက်နဲ့ စောင့်ဖတ်နေဆဲပါ ...

မယ်ကိုး

Anonymous said...

လွင်ပြင်ခေါ်သံထက် မတင်တော့ဘူးလားဗျာ။ လာကြည့်ရပေါင်းမနည်းတော့ဘူး။ ထပ်တင်ပါအုံးဗျ။