Saturday, 19 February 2011

ရောင်နီလာနံနက်ခင်းဆီသို့ (အပိုင်း ၆)




ယခင်အပိုင်း(၅)မှ အဆက် ….

-လူသားတိုင်းမှာ တူညီတဲ့ လူ့အခွင့်ရေးရှိရမယ်
(မာတင်လူသာကင်း- ဂျူနီယာ)
-ဦးနေ၀င်းရဲ့ အဝေဖန်မခံရဲတဲ့စိတ်နဲ့ သူရဲဘောကြောင်
တဲ့ အာဏာယစ်မူးချင်တဲ့စိတ်ဓါတ်ကြောင့် မြန်မာနိုင်ငံ
မှာ လူ့အခွင့်ရေးတွေဆိတ်သုဉ်းလာခဲ့ရတယ်။
(ဗိုလ်မူးအောင်- ရဲဘော်သုံးကျိပ်ဝင်)

ဒီနေ့စကားဝိုင်းလေးကိုစတော့ ကိုသွေးက..
“ အကို ကျနော်တို့ ဒီနေ့ လူ့အခွင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့
ဆွေးနွေးချင်တယ် ” အားလုံးက လှုတ်လှုတ်ရွရွဖြစ်သွားပြီး
တပြိုင်နက်ထဲ သဘောတူထောက်ခံခဲ့ကြတယ်။

“ သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ကွာ….တို့နိုင်ငံမှာ အများစုက
လူ့အခွင့်ရေး ဆိုတာကို တော်တော်မသိကြတာကွ တကယ်တော့ သနားဘို့လည်းကောင်းပါတယ်…ဒီလိုဖြစ်အောင် စစ်အာဏာရှင်
အဆက်ဆက်က ကြိုးစားသွားတာကိုး ဒီတော့ ပထမဆုံးစပြီး
ပြောချင်တာက…လူ့အခွင့်ရေးဆိုတာဘာလည်း စဉ်းစားကြည့်ရ
အောင်…လူမှာ မျက်လုံးတွေပါ ပါတယ်...ကြည့်ဘို့ပါ…နားတွေပါ
ပါတယ်..နားထောင်ဘို့ပါ…ပါးစပ်တွေပါ ပါတယ်…ပြောဘို့ပါ စသဖြင့်
ပေါ့…ဒါတွေဟာ သဘာဝလောကကြီးကနေ လူသားတွေအတွက်
ဖန်တီးပေးထားတဲ့ မွေးရာပါအခွင့်ရေးတွေပါ…ဒါတွေကို လူသား
အချင်း ချင်း လုပ်ဆောင်လို့မရအောင် ပိတ်ဆို့ခြင်းကို လူ့အခွင့်
ရေးချိုးဖောက်တယ်လို့ဆိုပါတယ်…..”

“ အော်..ဆိုလိုတာက..ပြောချင်တဲ့ အရာတွေကို မပြောနဲ့..ကြည့်
ချင်တဲ့အရာတွေကို မကြည့်နဲ့…နားထောင်ချင်တဲ့ အရာတွေကို
နားမထောင်နဲ့စတဲ့လုပ်ဆောင်ချက်တွေဟာ..လူ့အခွင့်ရေးချိုးဖောက်
မှုတွေပေါ့နော်..”စန်းမောင်ရဲ့ထိမိလှတဲ့ စကားထောက်လေးက
အားလုံးရဲ့စိတ်အစဉ်ကို ထိုးဖောက်ဝင်ရောက်သွားစေခဲ့တယ်။



“ သိပ်မှန်တာပေါ့….ငါ တခါက..၀ါရင့် နိုင်ငံရေးခေါင်းဆောင်ကြီး
ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မူးအောင်နဲ့တွေ့ဆုံခဲ့တုန်းက သူပြောခဲ့
တာလေးတွေသွားသတိရတယ်ကွ….လွတ်လပ်ရေးကြိုးပမ်းမှု
ကာလမှာတပ်မတော်ဖြစ်လာမဲ့ရဲဘော်သုံးကျိတ်ဘ၀မှာပေါ့…
ဦးနေ၀င်း ( ဗိုလ်ချုပ်ကြီးနေ၀င်း- မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ
ဥက္ကဌ ကြီး- ယခု ကွယ်လွန် ) အကြောင်းကို ပြောပြဘူးတယ်….
ဦးနေ၀င်းက သူများဆိုရင် ပက်ပက်စက်စက်ရစရာမရှိအောင်
ဝေဖန်တတ်တယ်တဲ့ သူကို့ နည်းနည်းလေး ဝေဖန်ပြီဆိုရင်တော့
ဘာမဟုတ်တဲ့ ကိစ္စလေးကိုတောင်မှ ဒေါသတွေထွက်လာပြီး
တရှုးရှုးဒေါသတွေထွက်တော့တာပဲတဲ့….တကယ်တော့ အဲဒီ
ကာလကဘာရယ်မဟုတ်ခဲ့ပေမဲ့..နိုင်ငံခေါင်းဆောင် ဖြစ်လာခဲ့
တဲ့ အခါမတော့..ဦးနေ၀င်းရဲ့အဝေဖန်မခံရဲတဲ့စိတ်နဲ့သူရဲဘောကြောင်
တဲ့ အာဏာယစ်မူးချင်တဲ့စိတ်ဓါတ်ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်
ရေးတွေဆိတ်သုဉ်းလာခဲ့ရတယ်။ ဒါဟာ လူတယောက်ရဲ့စိတ်အပေါ်
မှာအခြေခံပြီး တတိုင်းပြည်လုံးမှာရှိတဲ့ သန်းပေါင်းများစွာသော
လူထုကြီးနစ်နာဆုံးရှုံးနေရတဲ့ အခွင့်ရေးတွေပါ…ခုထိပေါ့ကွာ… အဲဒီက
အကျင့်ဆိုးတွေဟာ..ခု နအဖ- စစ်အာဏာရှင်တွေလက်ထက်ထိ
ပါလာတာပေါ့…” ကျနော်ရဲ့စကားအဆုံး စန်းမောင်က……..

“ကြည့်ပါလား…ဒေါ်အောင်ဆန်းစုကြည်ဆို ..ဝေဖန်လိုက်တာ
ရစရာမရှိဘူး…အမျိုးမျိုးသောစွပ်စွဲချက်တွေနဲ့..သူတို့ကို ဝေဖန်
မယ်ဆို..ချက်ခြင်းထောင်ထဲထဲ့တော့တာပဲ…” မကျေမနပ်
ပြောဆိုနေတဲ့ စန်းမောင်ကိုကြည့်ပြီး အားလုံးက ၀ိုင်းဝန်း
ထောက်ခံလိုက်ကြတယ်..။

“ဒီတော့..ငါတို့နိုင်ငံသားတွေဟာ..ဘယ်လိုအခွင့်ရေးတွေ
နစ်နာဆုံးရှုံးနေသလည်းဆိုတာ..ဆန်းစစ်ကြည့်ရအောင်…
ဒီနေရာမှာ တကမ္ဘာလုံးမှာရှိတဲ့ လူသားများအတွက်ကိုရည်ရွယ်
ပြီးထုတ်ပြန်ကျေငြာခဲ့တဲ့ (၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းအဝေးကြီးကလူ့အခွင့်အရေး
ကြေညာစာတမ်းကြီးကိုထုတ်ပြန်ကျေငြာခဲ့သည်)အချက်အလက်တွေနဲ့
နှိုင်းယှဉ်ပြီးကြည့်ရအောင်…အားလုံးမဟုတ်သည့်တိုင် တိုက်ဆိုင်စွာ ချိုးဖောက်ခံနေရတဲ့တို့မြန်မာနိုင်ငံသားများရဲ့အခွင့်ရေးများပေါ့…”
ကျနော်ကပြောပြောဆိုဆိုအိတ်ထဲကစာရွက်ကိုဆွဲ ထုတ်လိုက်တယ်
အားလုံးကငြိမ်သက်စွာအာရုံစိုက်နေရင်း….ကျနော်ကစာရွက်ထဲမှာ
ရှိနေတဲ့အပိုင်းကတပိုင်းကို ဖတ်ပြလိုက်တယ်…

“လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တစ်ကွလူတိုင်းအညီအမျှခံစား
ခွင့်ရှိသည့်အခွင့်အရေးများကိုအသိအမှတ်ပြု ခြင်းသည်
လူခပ်သိမ်း၏လွတ်လပ်မှူ၊တရားမျှတမှူ၊ငြိမ်းချမ်းမှူတို့၏အခြေခံ
အုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း.... လူ့အခွင့်ရေးများကို
အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်
သိက္ခာကိုချိုးဖေါက် ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော
အပြုမှူများကိုဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊ လွတ်လပ်စွာ
ဖွင့်ဟပြောဆိုနိုင်မှူ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှူ၊
ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှူ
တို့ကိုခံစားရယူနိုင်စေမည့်လောကတစ်ခုပေါ်ပေါက်လာရန်
အရေးကိုလူ ခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော
လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီး
ဖြစ်သောကြောင့်လည်းကောင်း..... နိုင်ငံအခြင်းခြင်း ချစ်ခင်ရင်းနှီး
စွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သော
ကြောင့် လည်းကောင်း.......ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်တို့သည်မူလ
အခွင့်အရေးများကိုလည်းကောင်း၊လူ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊
ယောင်္ကျားမိန်းမတို့၏တူညီသည့်အခွင့်အရေးများကိုလည်းကောင်း၊
လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီး
သည့်ပြင်၊ လူမှူကြီးပွား တိုးတက်ရေးနှင့်တစ်ကွ ပိုမိုလွတ်လပ်
ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန်
သန္နိန်ဌာန်ချပြီးဖြစ်သောကြောင့် လည်းကောင်း.....

ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည်ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း
၍ လူ့အခွင့်အရေးများကိုလည်း ကောင်း၊ အခြေခံလွတ်လပ်ခွင့်
အခွင့်အရေးများကိုလည်းကောင်း ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရိုသေ
လေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီး
ဖြစ်သောကြောင့် လည်းကောင်း........

ထို့ကြောင့်...အထွေထွေညီလာခံကအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး
ကြေညာစာတမ်းကိုလူတိုင်းအဖွဲ့အစည်း တိုင်းသည် အစဉ်နှလုံးသွင်း
လျက်ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်
များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ်
ကြရမယ်ဟုလည်းကောင်း...........

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်ထိုနိုင်ငံတို့၏အာဏာပိုင်အတွင်း
ရှိနယ်ပယ်ဆိုင်ရာတိုင်းသူပြည်သား များအား အဆိုပါ အခွင့်အရေးနှင့်
လွတ်လပ်ခွင့်များကိုကျယ်ကျယ်ပြန့်ပြန့်ထိရောက်စွာသိမှတ်ကျင့်
သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာတိုးတက်သော
ဆောင်ရွက်ချက်များဖြင့်အားထုတ်ကြရမည်ဟုလည်းကောင်း.......
ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ
ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ
ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။
ကျနော်စာပိုဒ်အဆုံး…အားလုံးကိုကြည့်လိုက်တော့…စိတ်ဝင်တစား
နားထောင်နေကြတယ်…ထက်အောင်ကငြိမ်သက်နေသွားတဲ့
စကားဝိုင်းကို ထိုးဖောက်လိုက်တော့မှ-------

“အကို မြန်မာနိုင်ငံက လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံပဲ
ဒါတွေကိုလိုက်နာဘို့ တာဝန်ရှိတာပေါ့နော်..ဒါပေမဲ့ နအဖ
စစ်အာဏာရှင်များက…ကုလသမဂ္ဂညီလာခံရောက်တိုင်း ပြောနေ
ကြစကားရှိပါတယ်..သူတို့ဘယ်တော့မှ လူ့အခွင့်ရေးမချိုးဖောက်
ပါဘူးဆိုတာလေ…ဒါတွေကို ဘယ်လိုသက်သေပြကြမလည်း…”

“ငါစောစောကပြောခဲ့သလိုပါပဲ…အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး
ကျေညာစာတမ်းပါအချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါ၊
လောလောဆယ် စာတမ်းပါ အပိုဒ် ၃ နဲ့ အပိုဒ် ၅ ကိုလေ့လာစမ်း
စစ်ကြည့်ရအောင်ပါ

အပိုဒ်-၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။
အပိုဒ်-၅
မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်း
ကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှူမပြုရ၊ သို့တည်း
မဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။

ဒီအပိုဒ်လေးနှစ်ခုကိုပဲ…လေ့လာကြည့်မယ်ဆိုရင်…..စစ်အာဏာရှင်များ
ဟာအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာ စာတမ်းပါ အချက်တွေနဲ့
ဆန့်ကျင်နေတာကိုတွေ့ရလိမ့်မယ်….ဥပမာ…ပဲခူးမှာ ကျောင်းသားလေး
နှစ်ယောက်ကို အပြစ်မဲ့သတ်ဖြတ်ပစ်တဲ့ ကိစ္စလိုဟာမျိုး ဒါ မြင်သာတဲ့
ကိစ္စမို့ပြောပြတာပါ..လူမသိသူမသိတောထဲတောင်ထဲမှာ..သတ်ဖြတ်
ပစ်တဲ့သူတွေဆိုတာ နည်းလား…..သူတို့ တပ်မတော်သားအချင်းချင်း
တောင်မှ…ရှေ့တန်းစစ်မျက်နှာမှာ ဒဏ်ရာရလို့ အခက်အခဲတွေကြုံ
နေပြီဆို ပစ်သတ်လိုက်တဲ့အထောက်အထားတွေရှိပါတယ်…..ဘယ်မှာ
လည်းလူတယောက်ရဲ့လုံခြုံမူ့နဲ့ အသက်ရှင်လွတ်လပ်ခွင့်….”
ကျနော့်စကားအဆုံး ချမ်းမြေ့က……
“ဟုတ်တယ်အကိုရာ…ပဲခူးမှာစစ်တပ်ကသေနပ်နဲ့ပစ်သတ်ခံ
လိုက်ရတဲ့..ကျောင်းသားလေးနှစ်ယောက်ကိုကြည့်ပြီး..လူတေ
အတွက်လုံခြုံခွင့်ဆိုတာဘာလည်းလို့..မေးယူရမလိုဖြစ်နေပြီ…
မြို့ကြီးတမြို့ရဲ့မြို့ဝင်းထဲမှာတောင်ဒီလိုလုပ်ရဲသေးရင်..လူ
သူသိပ်မသိနိုင်တဲ့…တောထဲတောင်ထဲတွေမှာ…ဘယ်လောက်
သတ်လိုက်ဖြတ်လိုက်…ရက်စက်လိုက်ကြမလည်းဆိုတာ..မစဉ်း
စားရဲဘူး…”
“နောက်တခါငါကြုံတွေ့ခဲ့ရတဲ့…စစ်ကြောရေးနဲ့ထောင်တွင်း
အတွေ့အကြုံလေးတချို့လည်းဖောက်သည်ချခြင်သေးတယ်ကွ…
ငါတို့ နိုင်ငံရေးလောကသားတွေထဲမှာ …ထောက်လှမ်းရေး
စစ်ကြောရေးဒဏ်ကြောင့်သေကျေပျက်စီးခဲ့ရသူတွေ
အများကြီးပါ…..အသက်ရှင်ပြီးလူစဉ်မမှီလူလုံးမလှဖြစ်သွား
သူတွေလည်း အများကြီးပါပဲ….ဒါတွေဟာကြီးစွာသောလူ့အခွင့်
ရေးချိုးဖောက်မူ့ကြီးတွေပေါ့ကွာ…ငါသူ့ငယ်ချင်းနှစ်ယောက်
အကြောင်းပြောပြချင်တယ်..တယောက်က..ငါတို့ နိုင်ငံရေးလောက
သား..ကျောင်းသားတပ်မတော်က..ပြည်တွင်းကိုလက်နှက်တွေနဲ့
ပြန်အ၀င်မှာအဖမ်းခံလိုက်ရတာ…နံမည်က..
ကိုဘိုနီအောင်တဲ့ သူ့ကိုဖမ်းပြီးစစ်ကြောရာကနေ ဆေးထိုးလွှတ်လိုက်
တယ်ကွ အဲဒီဆေးဒဏ်ကြောင့်..ရောဂါဝေဒနာ ပြင်းပြင်းထန်ထန်
ခံစားရရှာတယ်…ထောင်ချလိုက်တော့လည်းနှစ်ရှည်ထောင်ဒဏ်
ကွာ…မင်းတို့စဉ်းစားကြည့်လေ..သူ့မှာအပြစ်ရှိတယ်ဆို…ထောင်
ချလိုက်ပေါ့..ဘာဖြစ်လို့..လူတယောက် ဘ၀ပျက်သွားအောင်
လုပ်လိုက်ရတာလည်း ထောင်ကလွတ်လာတော့ စာရေးဆရာမ
မသန်းမြင့်အောင်ကသူ့မောင်အရင်းတယောက်ပမာပြုစုစောင့်
ရှောက်ခဲ့ပါသေးတယ်၊ ဒါပေမဲ့ ကြာကြာမခံလိုက်ပါဘူး၊ ဆုံးသွား
တော့တာပါပဲ…နောက်တယောက်ကစစ်တပ်ကဗိုလ်ကြီးအဆင့်
ရှိတဲ့သူ…ငါ့သူငယ်ချင်း..သူကတိုင်းရင်းသားနယ်မြေတခုမှာ..
တိုင်းရင်းသားလက်နှက်ကိုင်တွေရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက သူ့ကိုဘာမှမလုပ်ဘူး
ဖွယ်ဖွယ်ရာရာထား..လေးလေးစားစားဆက်ဆံနဲ့ပြန်လွှတ်ပေး
လိုက်တယ်…အပ်ဖျားလောက်တောင်မှ..တို့ထိခြင်းမခံခဲ့ရဘူး..
အဲဒါဒီဘက်ပြန်ရောက်ပြီးလို့..စစ်ကြောရေးစခမ်းဝင်သွားပြီး
ပြန်ထွက်လာ တော့မှ… စိတ်ဝေဒနာရသွားရှာတယ်…. ရူးသွား
တာပေါ့ကွာ….သူသတိလည်လာတဲ့အချိန်ဆိုအဲဒါတွေ
ပြန်ပြောပြောပြတယ်. သူ့ကို ဆေးထိုးလွှတ်လိုက်တာ ဆိုတာ
စိတ်ဖောက်လာတဲ့ အခါတိုင်းအော်အော်ပြောတယ်.သူလည်း
ကြာကြာမခံပါဘူး..သေသွားတယ်…”

“သူတို့ အချင်းချင်းတောင်ညှာတာမှု့မရှိတာ တခြားသူတွေအပေါ်
ကြီးစွာသောလူ့အခွင့်ရေးချိုးဖောက်ဘို့ဆိုတာ စစ်အာဏာရှင်
တွေအတွက်ကတော့ ဖွဲ ဆန်ကွဲ အဆင့်လောက်ပါပဲ ” ညည်း
တွားရေရွှတ်လိုက်တဲ့ စန်းမောင် စကားသံက ကျနော့်ရဲ့
နှလုံးသားထဲကိုထိုးဖောက်ဝင်ရောက်လာစေခဲ့တယ်…..စစ်အာဏာ
ရှင်များဟာသူတို့ရဲ့အာဏာတည်မြဲရေးအ တွက်ဆို ဘယ်လိုသော
လူ့အခွင့်ရေးကိုပဲချိုးဖောက်ရ ချိုးဖောက်ရ၀င်မလေးတတ်သူများပါ…။

အပိုဒ်-၉
မည်သူမျှဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချူပ်နှောင်ခြင်း
ကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

“ဒီအပိုင်းမှာတော့…ချိုးဖောက်လိုက်တဲ့အခွင့်ရေး ကမ်းကုန်တယ်လို့
တောင်ပြောချင်ပါတယ်…….. ငါထောင်ထဲမှာတုန်းက ရဲဘော်တယောက်
နဲ့ဆုံခဲ့တယ်…အခုထိတောင် သူမလွတ်သေးဘူး….သူ့နံမည်က
ကိုသန်းဇော်တဲ့ သံလျှင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က
လူငယ်အဖွဲ့ဝင်တဦး…သူ့ကို…သံလျှင်ရေနံချက်စက်ရုံဗုံးပေါက်ကွဲ
တဲ့ကိစ္စနဲ့ပါတ်သက်ပြီး သေဒဏ်တွေ… ကျွှန်းဒဏ်တွေ ချထားတာ
နည်းတာမဟုတ်ဘူး..တကယ်တော့သူဟာဒီအမူ့ကိစ္စမှာလုံးလုံး
ပါတ်သက်ဆက် နွယ်ခဲ့သူတယောက် မဟုတ်ဘူး….. သူ့ရဲ့နိုင်ငံရေး
တက်ကြွမှုကို ရိုက်ချိုးချင်တာနဲ့… လုပ်ကြံဇာတ်လမ်းစဉ်ပြီး…
ထောင်ဒဏ် နှစ်ရှည်ချခြင်းခံလိုက်ရတာ….ဒီအမူ့ကိုကျူးလွန်
ခဲ့သူကိုယ်တိုင်ကသူ့ကိုအဖမ်းခံရတော့… ကိုသန်းဇော်လုပ်တာ
မဟုတ်ပါဘူး..သူတို့လည်းဘာမှမသိပါဘူး…ကျနော်လုပ်တာပါ
လို့ ၀န်ခံတာတောင်…ကိုသန်းဇော်ကို ခုထိလွှတ်မပေးဘူးကွာ
အခုဆို ထောင်ထဲမှာ နှစ် ၂၀ ကျော်ပြီ သူနေနေရတာ…”

“ဗျာ….ဘယ်လို…ဘယ်လိုထောင်ထဲမှာနေနေရတာ.. အနှစ် နှစ်ဆယ်ကျော်ပြီ..ဟုတ်လားအကို…..ဘုရား…ဘုရား…ကျနော်
တို့အသက်နီးပါးလောက်တောင်မှထောင်ထဲနေနေရတာပါ့လား၊
ရက်စက်လိုက်တာဗျာ…” ချမ်းမြေ့ပုံစံကထိတ်ထိတ်ပြာပြာ
ဖြစ်သွားတယ်

“သူလိုမတရားဖမ်းဆီးထောင်ချခံနေရတဲ့သူတွေအများကြီးရှိပါ
သေးတယ်ကွာ…..ငါတောင်မှထောင်ထဲမှာ၁၃နှစ်နီးပါးနေခဲ့ရတာ
….ကိုမင်းကိုနိုင်တို့ကိုကိုကြီးတို့ဆိုငါ့ထက်တောင်များသေးတယ်
..ငါမှတ်မိသေးတယ်…တခါကငါရန်ကုန်ရောက်သခိုက် နေမကောင်း
ဖြစ်ပါလေရော …ဒါနဲ့ဘားလမ်းမှာရှိတဲ့ မွတ်စလင်ကုသိုလ်ဖြစ်
ဆေးရုံမှာ တက်ရောက်ဆေးကုသနေချိန် ကိုမင်းကိုနိုင်တို့ကို
ကိုကြီးတို့ငါ့ဆီရောက်လာကြတယ်…ဒီတုန်းကသူတို့ထောင်က
လွတ်လာကာစအချိန်ပေါ့….ငါတို့တွေ့ဆုံရခိုက်ကိုကိုကြီး
ပြောသွားတဲ့စကားလေးကငါ့ရင်ကိုတော်တော်ထိသွားတယ်ကွာ
သူကဘာပြောသလည်းဆိုတော့…ကျနော်တို့ မှာ လူငယ်ဘဝ
ဆိုတာ ဘာမှန်းကိုမသိလိုက်ပါဘူးဗျာတဲ့…ငါလည်းအတူတူပါပဲ
ငါတို့ရဲ့လူငယ်ဘ၀တွေကိုအုတ်နံရံတွင်း မှာကုန်လွန်စေခဲ့ရတာ
ပါ၊လူငယ်ဘ၀တွေ ပျော်ရမဲ့ အချိန်များစွာမှာ ငါတို့မပျော်နိုင်ခဲ့
ပါဘူး၊ တကယ်တော့ငါတို့ဘ၀တွေဟာ လူ့အခွင့်ရေးဆိုတာ
တောင်းဆိုရင်း ကိုယ့်အခွင့်ရေးတွေပေးဆပ်ခဲ့ရတဲ့ဘ၀တွေပါ….”
အားလုံးကကျနော်ပြောသွားတဲ့စကားတွေရဲ့အောက်မှာနစ်မြော
သွားကြဟန်တူတယ်။ကိုယ်တိုင်မတွေ့ကြုံရပေမဲ့လို့ ရင်ထဲတွေမှာ
တော့ တော်တော်များခံစားသွားရသလားမသိ……..
“ ငါ စစ်အာဏာရှင်အစိုးရကို တော်တော် အသဲယားတယ်ကွ…
မင်းစဉ်းစားကြည့်လေ ..လူ့အခွင့်ရေးကြေညာစာတမ်း အပိုဒ် ၂ မှာ
ဘယ်လိုဆိုထားသလည်းဆိုတော့….
အပိုဒ်-၂
လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖေါ်ပြထား
သည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်
ခံစားခွင့်ရှိသည်။လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်
အားဖြင့် ဖြစ်စေ၊ကျား ၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကား
အားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေး
ယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံ
နှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှူအဆင့်အတန်းနှင့်ဆိုင်သော
ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်းဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိ
အားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်း
မရှိစေရ ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာနိုင်ငံ၏
သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေစီရင်
ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊
အဆင့်အတန်းတစ်ခုခုကို အခြေပြု၍သော်လည်းကောင်း၊
ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့်
နယ်မြေ၊သို့တည်းမဟုတ်ကုလသမဂ္ဂထိန်းသိမ်းစောင့်ရှောက်
ထားရသည့်နယ်မြေ၊သို့တည်းမဟုတ်ကိုယ်ပိုင်အုပ်ချူပ်ခွင့် အာဏာ
တို့တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေ စသဖြင့် ယင်း
သို့သော် နယ်မြေများ ဖြစ်သည်၊ ဖြစ်သည် ဟူသောအကြောင်းကို
အထောက်အထားပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိ
စေရ ။

“ဒီအချက်တွေနဲ့စစ်အစိုးရလုပ်ပုံတွေနဲ့ကတော့တော်တော်ကို
ဆန့်ကျင်ဘက်ပါပဲအကိုရာ…နိုင်ငံရေးလွတ်လပ်ဘို့ကိုမဆိုထားနဲ့
ဘာသာရေး..လူမူ့ရေးဘာဆို ဘာမှကိုမလွတ်လပ်တာပါ…သူတို့
က တိုင်းပြည်မှာ..စစ်ဘက်ဆိုင်ရာ..အာဏာပိုင် လူတန်းစားတရပ်
ကို ထူထောင်နေတာဆိုတော့…လွတ်လပ်မူ့ဆိုတာသူတို့လူတန်း
စားတွေအတွက်လောက်ပဲရှိနေမှာပါ.. ကျန်တဲ့သူတွေအတွက်
ကတော့လူ့အခွင့်ရေးချိုးဖောက်ခံနေရတဲ့နင်းပြားဘ၀တွေပါပဲ
ဒါကိုမှရုန်းထွက်ဘို့မစဉ်းစားကြဘူးဆိုရင်…ဆယ်သက်ဆယ်
ကမ္ဘာခံပေဦးတော့ဖြစ်နေမှာပဲအကိုရေ…ဟား..ဟား..ဟား….
စန်းမောင်ရဲ့မချိတင်ကဲရီသံရဲ့နောက်မှာမကျေနပ်သံတွေ ရောနှော
ပါနေတယ်ဆိုတာကိုအားလုံးကသတိပြုမိလိုက်ကြပါ တယ်။ ဒီနေ့
တော်တော်တောင် အချိန်နှောင်းသွားပြီပဲ…

“ တို့ ဒီနေ့ဒီလောက်နဲ့ပဲနားကြရအောင်ကွာ..နောက်နေ့ လူ့အခွင့်
ရေးခေါင်းစဉ်ကိုပဲဆက်ဆွေးနွေးကြတာပေါ့….။

အပိုင်း ၇ ဆက်ပါဦးမည်။

အားလုံးကိုလေးစားလျှက်
-မောင်မောင်ဝမ်း

0 comments: