Sunday, 13 February 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၇)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့်
ကြောက်ရွံ့ထိတ်လန့်တတ်သူများ မဖတ်ရှုသင့်ပါ။)

ယခင် အပိုင်း(၆)မှ အဆက် …

ကျောင်းဆရာလေး ကိုဦးနဲ့ သာဂိတို့က အိမ်မက်ထဲက ကလေးငယ်
ကို သွားရှာဖို့ အဘစံကို အမျိုးမျိုး တိုက်တွန်းကြပါတယ် …
“အဲဒီနားမှာ မင်းတို့ ဘကြီးပုရယ်၊ ငကျွဲတို့ရယ် ဟိုဖက် ဆက်သွားရင်
ညက မင်းတို့ ရောက်ခဲ့တဲ့ ဆေးဆရာ မောင်ရွှေတို့ အိမ်ရယ်၊ အခုပဲ
နေ၀င်နေပြီ၊ မနက်ဖြန်မှ သွားကြည့်ကြပေါ့ မောင်တို့ရယ် …”
“ဟာ အဘစံကလည်း၊ ဘယ်သူ့မှ မသွားရဲရင် ကျုပ်တစ်ယောက်တည်း
သွားရဲတယ်ဗျာ၊ တကယ်ဟုတ်နေရင် သနားစရာ …”

“သွားခိုင်းလိုက်ပါ ကိုစံ၊ ကျားရဲရင် ကြမ္မာမရိုင်းနိုင်ပါဘူး” … လို့ အဖွား
ရဲ့ စောဒကတက်သံကြောင့် အဘစံရဲ့ မျက်နှာပေါ် သဘောတူတော့မယ့်
အရိပ်အကဲတွေ ပေါ်လာပါတယ်။ သက်ပြင်းတွေ တွင်တွင်ချရင်းကနေ …
“အေး၊ ဒီလောက်တောင် စိတ်ဆန္ဒပြင်းထန်နေရင် ငကျွဲကို သွားခေါ်လိုက်၊
လှည်း(၄)စီးလောက် အဆင့်သင့်ပြင်တော့ ….”






ကိုကျွဲနဲ့ ဆယ်အိမ်ခေါင်း ကိုတင်စန်းတို့ ဦးဆောင်တဲ့ လှည်းနှစ်စီးက
ကလေးငယ်ကို ရှာဖွေဖို့ ရွာမြောက်ပိုင်းကို ထွက်ခွာသလို ဆယ်အိမ်
ခေါင်း ကိုမြ ဦးဆောင်တဲ့ လှည်းနှစ်စီးက ရွာတောင်ပိုင်းဖက်သို့ အသီး
သီး ထွက်ခွာလာကြပါတယ်။ မလိုက်ပါနိုင်တဲ့ သူအပေါင်းက အန္တရာယ်
ကင်းဝေးဖို့ ရသမျှ ဘုရားစာကို ရွတ်လျက် ….



ကျောင်းဆရာလေး ကိုဦး၊ ကိုထွန်းကြိုင်နဲ့ စိုးထိုက်တို့ဟာ သာဂိတို့
ကိုကျွဲတို့ ဦးဆောင်တဲ့ မြောက်ဖက်ပိုင်းက ကလေးရှာဖွေရေး အဖွဲ့မှာ
လိုက်ပါခဲ့ကြပါတယ်။ ကိုထွန်းကြိုင်နဲ့ စိုးထိုက်တို့က လှည်းပေါ်ကနေ
လူမရှိလို့ ခြောက်သွေ့တိတ်ဆိတ်နေတဲ့ အိမ်တွေကို ကြည့်ရင်း လိုက်ပါ
ခဲ့ကြပါတယ်။ တချက်တချက် လေတိုက်လို့ လှုပ်ခါသွားတဲ့ သစ်ပင်ကြီး
များအကြား တစ်ယောက်ယောက်များ ပေါ်လာမလားလို့ လှမ်းပြီး ကြည့်
မိကြပါတယ်။ သိပ်မကြာခင်မှာပဲ မြောက်ပိုင်းက ကိုကျွဲတို့ ခြံလို့ ယူဆ
ရတဲ့ ခြံတစ်ခြံရဲ့ ရှေ့မှာ လှည်းနှစ်စီးစလုံး ရပ်နားလိုက်ပါတယ်။

လောက်လေးခွကို ပြစ်ဖို့ တပြင်ပြင်ဖြစ်နေတဲ့ သာဂိနဲ့ လှံပုံစံ
ခရင်းဂွကို ကိုင်ဆောင်ထားတဲ့ ကိုကျွဲ၊ တုတ်ဓါးမျိုးစုံကို ကိုင်ဆောင်
ထားတဲ့ သူတို့အားလုံးရဲ့ ပုံစံက တစုံတယောက်နဲ့ ရန်ဖြစ်ထားလို့
အသဲအသန် လိုက်ရှာနေတာမျိုး ဖြစ်နေကြောင်း ကျောင်းဆရာလေး
ကိုတိုးက မတိုးမကျယ် ရယ်စရာအဖြစ် ပြောနေပါတယ်။ တစ်ခြံထဲ
ဝင်လိုက် အိမ်ပေါ် အိမ်အောက်ပါမကျန် ဟိုရှာ ဒီရှာဖြင့် သူတို့တတွေ
အလုပ်များနေခိုက် ရွာသားတစ်ယောက်က …
“ကျုပ့်စိတ်ထဲမှာ ကျုပ်တို့ကို တစ်ယောက်ယောက်က လိုက်ကြည့်
နေတယ်လို့ စိတ်ထဲမှာ မသိုးမသန့် ဖြစ်နေတယ် ကိုကျွဲ …”
“အဲဒါ ကြောက်စိတ်ကြောင့် ဖြစ်နေတာ၊ ဘာမှ ဖြစ်မနေနဲ့၊ ကျုပ်
တို့ ရှာနေတာ ကလေး၊ ရုတ်ရုတ်လာလုပ်လို့ကတော့ ဆော်ထည့်
လိုက်ဗျာ …”

ကိုထွန်းကြိုင်နဲ့ စိုးထိုက်တို့က လက်ထဲမှာ တုတ်တစ်ချောင်းစီ
ကိုင်ထားပေမယ့် လောက်လေးခွ ကိုင်ထားတဲ့ သာဂိနောက်ကနေ
တဖ၀ါးမှ မခွာရဲ၊ အများစုရဲ့ မျက်လုံးတွေက ကျီးလန့်စား စားနေ
ရသလို ဂနာမငြိမ်၊ အလင်းရောင်က တဖြေးဖြေးချင်း နူတ်ဆက်ထွက်
ခွာ။ “ဘယ်သူလဲ … ဘယ်သူလဲ …”လို့ မေးနေသူက ကိုကျွဲ ….

“ဘာဖြစ်လို့လဲ ကိုကျွဲ …” လို့ ၀ိုင်းမေးသံများနဲ့အတူ သူ လက်ညှိုး
ထိုးပြတဲ့ နေရာကို ကြည့်လိုက်တော့ အပေါ်ထပ်ကို ရေနံချေး သုတ်
လိမ်းထားသော တိုက်ခံ နှစ်ထပ်အိမ်ကြီး တစ်အိမ် ….
“အဲဒါ အရီးအေးတို့ အိမ်လေ၊ ကိုကျွဲ ဘာမြင်လိုက်လို့လဲ …”
“အရီးအေးတို့ အိမ်မှန်း ငါသိပါတယ် သာဂိရယ်၊ အဲဒီအိမ် အပေါ်
ထပ်ကနေ ပြတင်းပေါက် ရုတ်တရက် ပွင့်လာပြီး ပြန်ပိတ်သွားတာ
ကို ငါကိုယ်တိုင် သေသေချာချာ တွေ့လိုက်ရလို့ …”
“လာဗျာ၊ အဲဒီအိမ်ဖက် ကျုပ်တို့ သွားမရှာရသေးဘူး၊ သွား ရှာကြည့်
ရအောင် …”
“ဟေ့ကောင် သာဂိ၊ အရီးတို့အိမ်မှာ ကလေး မရှိဘူးလေ …”
“ဟုတ်တယ် သာဂိ၊ အဲဒီအိမ်တော့ တက်မရှာနဲ့ကွာ၊ တော်ကြာ
အရီးအေးက သူ အပေါင်ခံထားတဲ့ ပစ္စည်းတွေ ပျောက်ပါတယ်၊
ယွင်းပါတယ်ဆိုရင် မင်းလည်း ခံနိုင်မှာ မဟုတ်ဘူး …”

ဘယ်လိုပြောပြော သာဂိတစ်ယောက်က နောက်မဆုတ်၊ သာဂိနဲ့
လှဆောင်တို့ ရှေ့က သွားတော့ ကိုထွန်းကြိုင်နဲ့ စိုးထိုက်လည်း
အလိုက်သင့် လိုက်ပါသွားပါတယ်။ အရီးအေးတို့ မိသားစုက ဒီရွာရဲ့
အချမ်းသာဆုံး စာရင်းဝင်များ၊ ဒီမြောက်ဖက်ပိုင်းမှာ တိုက်ခံနှစ်ထပ်
အိမ်နဲ့ နေနိုင်သူဆိုလို့ ရှားရှားပါးပါး သူတို့ပဲရှိတယ်။ ခြံပေါက်ဝ
ကနေ အိမ်ဖက်ကို အသွား ရုတ်တရက် အပေါ်ထပ်က ပြတင်းဟာ
လူတစ်ယောက် တွန်းဖွင့်လိုက်သလို “ကျွီ”ကနဲ မြည်ပြီး သူအလိုလို
ပွင့်လာပါတယ်။ သာဂိအပါအ၀င် သူတို့အားလုံးရဲ့ ခြေလှမ်းတွေ
အလိုလို ရပ်တန့်သွားပါတယ်။ သံဇကာ ကားထားတဲ့ ပြတင်းပေါက်
အ၀ အောက်ခြေကနေ လက်တစ်ဖက်ထွက်လာပြီး ပြတင်းပေါက်ကို
“ဒိုင်း”ကနဲ ပြန်ဆောင့်ပိတ်လိုက်တော့ ကိုထွန်းကြိုင်နဲ့ လှဆောင်တို့
ရဲ့ ပါးစပ်များက “အောင့်မလေးဗျ” ဆိုတဲ့ အသံက အကျယ်ဆုံး …။

တစ်ယောက်နဲ့ တစ်ယောက် မတိုင်ပင်ထားတဲ့ စိုးထိုက်နဲ့ ကိုထွန်းကြိုင်
တို့ ဘယ်လိုဖြစ်ပြီး ပြေးလိုက်မိမှန်း ကိုယ့်ကိုယ်ကို သတိ မထားမိကြ။
ခြံအပေါက်ဝအရောက် ပြေးဝင်လာတဲ့ ကိုကျွဲတို့ မျိုးသိမ်းတို့နဲ့ ပက်ပင်း
တိုးမိမှ သတိ ပြန်ဝင်လာပါတယ်။ “လာစမ်းပါ” … “မကြောက်နဲ့ ..”
“အိမ်ထဲက ဘယ်သူလဲကွ ..” ဆိုတဲ့ ကြိမ်းဝါးသံများနဲ့အတူ ခြံထဲကို
ပြန်လှည့်ကြည့်တော့ လောက်လေးခွ ကိုင်ထားတဲ့ သာဂိတစ်ယောက်
ပဲ အိမ်ရှေ့မှာ၊ ငွေတိုးချေး အပေါင်ခံစားတဲ့ အရီးအေးတို့ အိမ်ကို
လက်နက်မျိုးစုံ ကိုင်ဆောင်ထားတဲ့ သူတို့အားလုံး ပတ်လည် ၀ိုင်း
ထားကြပါတယ်။ ဇောချွေးတွေ ပြန်နေတဲ့ ကိုကျွဲက လက်နှိပ်ဓါတ်မီး
နဲ့ နေရာအနှံ ထိုးရှာရင်း … “အိမ်ထဲက ဘယ်သူလဲ … ဘယ်သူလဲ”
လို့ ဆက်တိုက် မေးနေပါတယ် …။

အိမ်အောက်ထပ်မှာ အိမ်ထဲကို ၀င်ဖို့ တံခါးမကြီးမှာ သော့ခလောက်
သေသေချာချာ ခတ်ထားပါတယ်။ ဘေးပတ်လည်က ပြတင်းပေါက်
တွေကလည်း အသေအချာ ဂျက်ချ ထားတာပါ။ ဘယ်အပေါက်က
ဘယ်လို ၀င်ရမှန်း သူတို့ လမ်းစ ရှာနေကြခိုက် …
“ဒီတံခါးမကြီးကို ဖျက်ပြီး အထဲကို ၀င်မယ်ဗျာ …”
“ဟေ့ကောင် သာဂိ၊ သောက်ရမ်း ဇွတ်မလုပ်နဲ့၊ အရီးအေးက သူ့
ပစ္စည်း ထိရင် မလွယ်ဘူး၊ နောက်ဖေးဖက်မှာ အထဲကို ၀င်လို့ရတဲ့
အပေါက်လေး ဘာလေး ရှာကြည့် …”

သာဂိနဲ့ မျိုးသိမ်းတို့ အိမ်နံဘေးကနေ ခြံနောက်ဖေးဘက်ကို ကွေ့
ဝိုက်ပြီး သွားကြတော့ ကိုထွန်းကြိုင်နဲ့ စိုးထိုက်တို့လည်း ကြောက်
ကြောက်ဖြင့် လိုက်ပါသွားပါတယ်။ အောက်ထပ် နောက်ဖေးတံခါးကို
သာဂိ စမ်းကြည့်တော့ တံခါးဂျက်က အပေါ်မှာ ထိုးထားပုံ ရပါတယ်၊
အောက်ခြေက ခပ်ဟဟ။ တွန်းလိုက် ဆောင့်လိုက်ဖြင့် တော်တော်
နဲ့ ပွင့်မလာပါဘူး။ သစ်သားဘောင်နဲ့ တံခါးကြားမှာ အနည်းငယ်
ဟ’နေတာကြောင့် မျိုးသိမ်းက သူ့လက်သန်းနဲ့ တွန်းပြီး ဖွင့်ကြည့်
ပါတယ်။ လေး … ငါးခါလောက် တွန်းလှည့်ကြည့်တော့ “ဂျောက်”
ဆိုတဲ့ အသံနဲ့အတူ တံခါးပွင့်သွားပါတယ်။ ကိုထွန်းကြိုင်နဲ့ မျိုးသိမ်း
တို့ ကိုင်ဆောင်ထားတဲ့ လက်နှိပ်ဓါတ်မီး အလင်းရောင်များကြောင့်
အိမ်ထဲဆီ သူတို့အားလုံး တဖြေးဖြေးချင်း ၀င်ခဲ့ကြပါတယ်။

ရုတ်တရက် အိမ်အပေါ်ထပ်ဆီက သီချင်းဆိုသံ သဲ့သဲ့ကို သူတို့
ကြားလိုက်ရပါတယ်။ “အပေါ်ထပ်က ဘယ်သူလဲ … ဘယ်သူလဲ”
လို့ အော်ဟစ်ပြီး မေးနေတဲ့ သာဂိအသံကြောင့် အိမ်ရှေ့တံခါး
ပေါက် အပြင်ဖက်မှာ စောင့်နေတဲ့ ကိုကျွဲတို့တသိုက်ပါ နောက်ဖေး
ပေါက်ကနေ အိမ်ထဲဆီ ပြေးဝင်လာကြပါတယ်။ ပြေးသံလွှားသံများ
ကြောင့် အပေါ်ထပ်က အသံဟာ ပြန်ပြီး ကွယ်ပျောက်သွားပါတယ်။
အပေါ်ကို တက်ကြည့်မယ်ဆိုတဲ့ သာဂိရဲ့ အချက်ပြမှုကြောင့် သာဂိ
နဲ့အတူ အပေါ်ထပ်ဆီ ဖြေးဖြေးချင်း တက်ခဲ့ကြပါတယ်။ လှေကား
ထိပ်ကို ရောက်တော့ သာဂိက သူ့မျက်နှာကို လက်နှိပ်ဓါတ်မီးနဲ့
ထိုးပြပြီး အသံမထွက်ပဲ ဖြေးဖြေးချင်း လှုပ်ရှားဖို့ အမူအရာနဲ့ ပြ
ပါတယ်။ အိမ်အပေါ်ထပ်ဆီ ခြေဖျားထောက်ပြီး တက်လာကြတဲ့ သူတို့
အချင်းချင်း အကြား အရာရာဟာ တိတ်ဆိတ်နေပါတယ်။

ရှေ့ခြေလှမ်း တစ်လှမ်းစာ ဓါတ်မီးရောင်ကလွှဲရင် ဘာကိုမှ သဲသဲကွဲကွဲ
မမြင်ရပါ။ ကျောက်ပြင်တစ်ခုရဲ့ အပေါ်မှာ သနပ်ခါးသွေးဖို့ သနပ်ခါး
တုံးနဲ့ ကျောက်ပြင်တို့အကြား ပွတ်တိုက်သံကို ကြားနေရပါတယ်။
ရှေ့ဆုံးက သွားနေတဲ့ သာဂိ၊ အဲဒီနောက်က မျိုးသိမ်း၊ မျိုးသိမ်း
နောက်က ကိုထွန်းကြိုင်နဲ့ စိုးထိုက်တို့ဟာ တစုံတခုကို ခလုတ်
တိုက်ပြီး အသံမထွက်စေဖို့ တော်တော်ကို သတိထားပြီး လှုပ်ရှား
နေရပါတယ်။ သနပ်ခါးသွေးနေတဲ့ အသံကြောင့် ကိုထွန်းကြိုင်နဲ့
မျိုးသိမ်းအကြား ခြေလှမ်း ငါးလှမ်းစာလောက် အဆက်ပျက်သလို
ဖြစ်နေပါတယ်။ ဘုရားခန်းထဲ ရောက်နေတဲ့ သူတို့နဲ့ သနပ်ခါးသွေး
သံ ထွက်ပေါ်နေတဲ့ အိပ်ခန်းတို့အကြား သုံးထပ်သား နံရံပါးပါးလေး
တစ်ခုသာ ခြားပါတယ်။ ကိုထွန်းကြိုင်ကို နောက်ကနေ ရှေ့ဆက်တိုး
ဖို့ စိုးထိုက်က လက်တို့ပြီး ပြလိုက်တဲ့အခါမှာ ရှေ့ဆုံးက သာဂိဟာ
နံရံကို သူ့နားနဲ့ ကပ်ပြီး နားထောင်နေပါတယ်။ အခန်းထဲက
ရုတ်တရက် မပီမသ သီချင်းညည်းသံ သဲ့သဲ့လေး ထွက်လာပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ အသံမျိုးပါ၊ ရုတ်တရက် ထိုင်နေရာက
ထပြီး ပြတင်းပေါက်တံခါးကို “ကျွီ”ကနဲ တွန်းဖွင့်လိုက်သံကို ကြားရ
အပြီး ကိုထွန်းကြိုင်နဲ့ စိုးထိုက်တို့နှစ်ဦး ကြက်သီးမွှေးတွေ ထပြီး
ပါးစပ်အဟောင်းသာ ဖြစ်သွားကြပါတယ်။ စိတ်မြန်လက်မြန် သာဂိ
တစ်ယောက်ကတော့ “ဘယ်သူလဲ”လို့ မေးရင်း အိပ်ခန်းတံခါးကို
ရုတ်တရက် ဆောင့်တွန်းလိုက်ပါတယ်။ “လက်လွန်မယ် သတိထား
သာဂိ … သာဂိ ..”ဆိုတဲ့ အသံနဲ့ အတူ အိမ်ပေါ်ထပ်မှာ ဆူညံသွား
ပါတော့တယ်။

သာဂိနဲ့အတူ ရှေ့ဆင့်နောက်ဆင့် ဆိုသလို သူတို့အားလုံး အိပ်ခန်း
ထဲဆီ ရောက်သွားကြပါတယ်။ အခန်းထဲမှ တကယ့်ကို ဘယ်သူမှ
တစ်ယောက်ဆို တစ်ယောက်မှ မရှိပါ။ ပြတင်းပေါက် တံခါးလည်း
ပွင့်မနေပါ။ လက်နှိပ်ဓါတ်မီးတွေနဲ့ နေရာအနှံ ထိုးကြည့်တော့
ကျောက်ပြင်ပေါ်က သနပ်ခါးသွေးလက်စကို စိတ်ချောက်ခြားဖွယ်
တွေ့ရပါတယ်။ သနပ်ခါးက လောလောလတ်လတ်ကို သွေးထား
ဆဲပါ။ ကျောင်းဆရာလေး ကိုဦးက ပြတင်းပေါက် တွန်းဖွင့်တဲ့
လက်ကိုင်ပေါ်မှာ စွန်းထင် ကျန်ရစ်နေတဲ့ သနပ်ခါး အရည်ကြည်
တချို့ကို ပြရင်း တော်တော်လေး တုန်လှုပ်နေပုံ ရပါတယ်။

“ဒီမှာ လာကြည့်ကြပါအုံး …”
အိမ်ရှေ့ခန်းက လှမ်းခေါ်သံကြောင့် အပြေးအလွှား သွားကြည့်
တော့ ဘုရားစင်အောက် ဖျာလိပ်တွေအကြား မေ့မျောနေပုံ ရတဲ့
ကလေးငယ်တစ်ဦး …
“ဒါ သံခဲလေးပါလား …”
“ဒီကလေးက အိမ်ထဲမှာ ဘယ်လို ကျန်ရစ်ခဲ့တာလဲ …”
“အသက်ရော ရှိသေးရဲ့လား၊ စမ်းကြည့်ကြပါအုံး …”
“ဒီကလေးကို ပြီးခဲ့တဲ့ ငါးရက်လောက်က အရီးအေးတို့ ဒီအိမ်မှာ
တွေ့သေးတယ်၊ သူက ဒီရွာက မဟုတ်ဘူး၊ အခု ရက်ပိုင်းတော့
မတွေ့မိဘူးဗျ၊ သနားပါတယ်ဗျာ …”

ကလေးငယ်ဟာ ဖြူဖတ်ဖြူရောနဲ့ အားပျက်ပြီး လဲနေတာပါ။
ရုတ်တရက် သံချောင်းခေါက်သံများ၊ ခွေးအူသံများကို သူတို့
အားလုံး လန့်သွားပါတယ် …
“သံချောင်းခေါက်သံက တောင်ပိုင်းက ဗျ၊ တောင်ပိုင်းကိုသွားတဲ့
လူတွေ တစ်ခုခုများ ဖြစ်နေပြီးလား မပြောတတ်ဘူး …”
“ဒါဆို အချိန်မရှိဘူး၊ ကလေးကိုသယ်ပြီး မြန်မြန်ပြန်မယ် …”

အခန်း(၁၂)

မိကျော့တို့ အိမ်ပေါ်က ဘုရားစင်ရှေ့မှာ အိပ်ပျော်နေဆဲ ကလေး
ငယ်ကို တစ်ရွာလုံး တစ်ယောက်ပြီး တစ်ယောက် လာကြည့်လိုက်
တစ်ယောက်တစ်မျိုး ထင်မြင်ချက်ပေးလိုက်ဖြင့် ရှုပ်ရှက် ခတ်နေ
ပါတယ်။ ဆေးဆရာ ကိုရွှေနဲ့ ဆရာမလေး မတိုးတိုးတို့က အမြန်ဆုံး
သတိပြန်ရလာဖို့ ပြုစုနေကြပါတယ်။ အဘစံကတော့ ကလေးငယ်
ကို တွေ့ခဲ့တဲ့ အိမ်ရှင် အရီးအေးအပေါ် အပြစ်တင်လို့ မဆုံးနိုင်ပါ …
“မိအေး၊ နင် လူစိတ်မှ ရှိရဲ့လား၊ ကလေးကို အိမ်ထဲမှာ တစ်ယောက်
တည်း ဘာကြောင့် ထားခဲ့ရတာလဲ …”
“ကိုစံ၊ တော်တို့က ကျုပ်ကိုပဲ အပြစ်တင်နေတယ်၊ ကျုပ် ပြောတော့
လည်း ဘယ်သူမှ အယုံအကြည် မရှိကြဘူး၊ ပြီးခဲ့တဲ့ သုံး ..လေးရက်
က “မြောက်တော” ရွာမှာ နေတဲ့ သူ့အမေ နေမကောင်းလို့ လှည်း
ကြုံရှိတာနဲ့ ပြန်ထည့်ပေးလိုက်တာပါ .. တော်တို့ကလည်း တမှောက် …”
“ဒါဆို ဒီကလေးက ဘယ်က ဘယ်လို နင့်အိမ် အပေါ်ထပ်မှာ ပြန်ရောက်
နေတာလဲ၊ ငါလေ မပြောလိုက်ချင်ဘူး၊ နင်ပြောနေရတာ လက်ပေါက်
ကပ်လိုက်တာ ဟာ …”

အိမ်အောက်ထပ်မှာတော့ ရွာတောင်ပိုင်းသွား ဆယ်အိမ်ခေါင်း ကိုမြ
နဲ့ ဖိုးချစ်တို့ ဦးဆောင်တဲ့ အဖွဲ့ကို လူတွေက ၀ိုင်းဝန်း မေးမြန်း
နေကြပါတယ်…
“မင်းတို့ ဘာတွေ တွေ့ခဲ့တာလဲ …”
“ကျုပ်တို့ တောင်ပိုင်းက အိမ်တွေမှာ တစ်အိမ်တက် တစ်အိမ်ဆင်း
ပြီး ခင်ဗျားတို့ပြောတဲ့ ကလေးဆိုတာကို လိုက်ရှာတယ်၊ ဒီလိုနဲ့
နည်းနည်း မှောင်လာတဲ့ အချိန်မှာ ကျုပ်တို့ တစ်အုပ်စုလုံး ရွာအစွန်
ဖက်ကို ရောက်နေကြပြီ၊ ဒါနဲ့ လက်လျှော့ပြီး ပြန်လာကြတာ …”

“အဲဒီလို ပြန်လာရင်ကနေ ကျုပ်တို့ အိမ်ရှေ့ကနေ လှည်းနဲ့ ဖြတ်
လာတော့ ကျုပ်တို့ ခြံဝိုင်းထဲမှာ မီးတုတ်တွေ ထိန်လင်းနေတယ်ဗျာ၊
ဒါနဲ့ လှည်းရပ်ပြီး ကျုပ်တို့တတွေ ခြံထဲကို ၀င်ကြည့်ကြတာပေါ့၊
လူတွေ အများကြီးပဲ၊ ဘယ်က လူတွေလဲ မသိဘူး၊ သူတို့တတွေ
“ခြင်း” ခတ်နေကြတယ် ဗျ၊ အဲဒီလူတွေကလည်း ကျုပ်တို့ကို ကြောင်
တောင်တောင်နဲ့ ပြန်ကြည့်နေကြတယ်၊ ခဏလောက်နေတော့ သူတို့
အထဲက သျှောင်ထုံးကြီး ထုံးထားတဲ့ ဘကြီးတစ်ယောက် ထွက်လာပြီး
ကျုပ်တို့ကို ကွမ်းအစ်တွေ လက်ဖက်ပွဲတွေနဲ့ ဧည့်ခံတယ်ဗျ၊ အဲဒီမှာ
ကိုမြက ကျုပ်တို့ကို လှမ်းပြောတယ်၊ ဟေ့မောင်တွေ သူတို့က ဘယ်သူ
ဘယ်ဝါမှန် မသိဘူး၊ ကျွေးတိုင်း ဇွတ်စား မနေနဲ့ … တဲ့ …”
“အဲဒီတော့ ဘာ ဆက်ဖြစ်လဲ ဖိုးချစ် … ဆက်ပြောအုံးလေ …”

“အဲဒါနဲ့ ကျုပ်က အဘစံတို့ဆီ အချက်ပြဖို့ လှည်းပေါ်မှာ ကျန်ခဲ့တဲ့
သံခွေနဲ့ သံချောင်းကို ပြေးယူတယ်၊ အဲဒီအချိန်မှာ ဗျာ … ကျုပ်တို့
ခြံနံဘေးမှာ ဆံပင်တွေ ဖားလျား ချထားတဲ့ မိန်းမတွေ အများကြီးပဲ
ကျုပ်တို့ကို ကြည့်နေကြတာ၊ ကျုပ်တို့လည်း လက်ထဲက ဓါးတွေနဲ့
ခုတ်မယ် ထစ်မယ်ပြုတော့ ခြင်းဝိုင်းနံဘေးမှာ ပြောင်းဖူးဖတ် ဆေး
လိပ်ကြီး ဖွာနေတဲ့ အဖွားကြီးတစ်ယောက်က … ဟဲ့ကောင်မတွေ၊
အဲဒါ ငါ့မြေးဟဲ့ သွားကြ … သွားကြလို့ မောင်းထုတ်လိုက်တယ်၊ ဒါနဲ့
အဲဒီမိန်းမတွေ အလိုလို ပျောက်သွားတယ် ဗျာ၊ ဆေးလိပ်ဖွာနေတဲ့
အဖွားကြီးက ကျုပ်ကိုလည်း လှမ်းပြောတယ် … လူလေးတို့ ပြန်ကျ
တော့ … ပြန်ကျတော့ … အလှူအတန်းများ လုပ်ဖြစ်ရင် ဒို့ကို မမေ့ပါ
နဲ့ … တဲ့ဗျာ၊ ကျုပ်ဖြင့် ကြောက်လိုက်တာ၊ ကျုပ်တို့လည်း ခြံအဝ
ရောက်တော့ ခြံထဲမှာ မဲမှောင်ပြီး တိတ်ဆိတ်နေတာပဲ၊ ဘာမီးရောင်မှ
လည်း မရှိဘူး၊ ခြံထဲမှာ လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တမှီးမှကို
မရှိတာ၊ ဒါနဲ့ ဒီဖက်ကို သုတ်ခြေတင်လာတာ၊ ဘယ်လောက် ထူးဆန်း
သလဲဆိုရင် ကျုပ်တို့ရဲ့ လှည်းနှစ်စီးက ရွာတောင်ပိုင်းမှာ ပတ်ချာ
လည်နေတယ်၊ ဒီအလယ်ပိုင်းကို ပြန်လာဖို့ လမ်းကို ရှာမတွေ့ဘူး၊ ဒါနဲ့
ကိုမြက သံချောင်းခေါက်ပြီး အဘစံတို့ကို လိုက်လာဖို့ လှမ်းခေါ်ရတာ
ဗျ …”


(ဆက်ရန်။)

ရေးသူ- စစ်ငြိမ်းဒီရေ

14 comments:

ကိုဇော် said...

အပိုင်း ( ၆ ) နဲ့ ( ၇ ) ကို ပေါင်းဖတ်သွားတယ် ကိုအောင်ရေ။
စိတ်ဝင်စားဖို့တော့ ကောင်းသဗျာ။ ဆက်ပါဦး။

JUSTICE999BURMA said...

ဟွီး.... ညသန်းခေါင်ကြီးဖတ်ရတာ လန့် ထှာ... ကြည့်ရတာ တစ်ရွာလုံးကို ဖွက်ခံထားရတာထင်တယ်.. နောက်အပိုင်းတွေ ... မျှော်နေတယ်ကိုအောင်ရေ..

ရွှေပအို့ဝ်း said...

ဇာတ်ရှိန်ကတော့ အရမ်းမြင့်လာပြီ။ နောက်တပိုင်းကိုလဲ ဆတ်တိုက်ကလေးတင်ပေးဦးကိုအောင်ရေ။ စောင့်နေတယ်ဗျို့...။

Anonymous said...

ဖတ်ရတာ..ဆန့်ငင်ဆန့်ငင်ဖြစ်နေတယ်..ကိုအောင်ရေ...
မြန်၂လဲအဆုံးသတ်ပါဦးဗျို့..

မြတ်နိုး

PhotoVigor said...

Great that you post part VII immediate after VI but.....
to be continued.

:D

Cheers..

Anonymous said...

ဟင်းးမန့်ထား တာလဲမပေါ်ပါလား..ဧကန္တ ဝဲကျောက်နေပြီထင်တယ်

ပုံ

ကျောက်သန့်လေး

ကိုသောင်းစိန် said...

ကောင်းတယ်ဗျာ... တစ်ပိုင်းဖတ်လိုက် ရှေ့ကဟာတွေပြန်ဖတ်လိုက်. ခုဆိုရင် ၇ပိုင်းဆိုတော့ ခုနစ်ခေါက်ရှိပီ... ကိုယ့်ဘာသာကို Word မှာ ပြန်ကူးပီးတော့လည်း ခဏခဏဖတ်ဖြစ်တယ်. ဇာတ်လမ်းကကောင်းသဗျာ. မကောင်းတာတစ်ခုကတော့ အများပြောသလို. တန်းလန်း ပါပဲဗျာ. ဖြတ်ဈာရှိ မြန်မြန်ဖြတ်ပါဗျာ. ၀ဋ် လည်မှာကြောက်ဖူးလား. Anyway နောက်ထပ်ဇာတ်လမ်းတွေလည်း လုပ်အုန်းဗျာ. နော... အားပေးနေဒယ်...

မြစ်ကျိုးအင်း said...

ဖတ်ရင်းနဲ့ စိတ်ထဲမှာ တမျိုးလေး ဖြစ်ဖြစ်သွားတယ်။ အဲဒါကိုက အရသာ တစ်မျိုးပါပဲ။ ဆက်ပါအုံးဗျာ။
၆ နဲ့ ၇ ကို ပေါင်းဖတ်သွားတာပါ။

An Asian Tour Operator said...

ကိုအောင် ကတော့ လုပ်ပြီ။ ဆန့်တငန့်ငန့် ဖြစ်ကျန်ရစ်ခဲ့တာ ချည်းပဲ။ ကျနော်လဲ ကိုဇော်နဲ့ ကိုမြစ်လို ပဲ ဖတ်ပြီးသား ပေမယ့် ပြီးခဲ့တဲ့ အပိုင်းကို ပြန်ပြန် ဖတ်လေ့ရှိတယ်။ အဲဒါမှ အရသာရှိတာ။ :-)

မေဓာဝီ said...

ညကတည်းက မအိပ်ခင် ဖတ်သွားတာ။ ကွန်မန့်ရေးဖို့ ကြောက်တာနဲ့ မရေးဘဲ ခုမှ ရေးလိုက်တယ်။ ဒီလိုဖတ်ရတာ ပိုအဆင်ပြေတယ်။ ဒီအပိုင်းက ပိုလဲ ကြောက်ဖို့ ကောင်းသလိုပဲ။ သနပ်ခါးရည်လေး စိုနေတာ ... eeeeeeeek

shwezinu said...

ကိုအောင်ရေ ကျနော်မန့်ထားတာလည်း မတွေ့ဘူး ကျနော်လည်း ၀ဲပျောက်ပါပြီဗျ လင့်ခ် ပြန်ချိတ်ဘို့ယူသွားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မေသိမ့်သိမ့်ကျော် said...

ဖတ်သွားတယ်ရှင့်။ ရုံးပိတ်ရက်မှ အစအဆုံး တစ်ခါပြန်ဖတ်ဦးမယ်။ ကြိုက်လို့။ အပိုင်း ၈ မြန်မြန်တင်ပေး ပါဦးဗျိုးးးး။

shwezinu said...

ကိုအောင် ဒီနေ့ လင့်ခ် တချို့ ပြန်ချိတ်လိုက်တာ ပြန်နီသွားတယ် အခု ပြန်ဖြုတ်လိုက်တော့ ပြန်စိမ်းသွားပြီ

သတိပေးတာ ကျေးဇူးပါ

ခင်မင်စွာဖြင့် အဆက်လေးရေးပေးပါအုန်းဗျာ

ရွှေစင်ဦး

သစ်နက်ဆူး said...

ကိုအောင်ေ၇
ဖတ်၇တာည ပိုပြီးစိတ်ဝင်စားလာတယ်..
အံ့သြဘို့ လြ ကောင်းတယ် ..ပြောမယုံ့ကြုံဘူးမှသိ
ဆိုသလိုဘဲ ၊မကြုံဘူးရင် ယုံနိုင်စရာတောင် မရှိဘူး။

ကျနော်လဲ ဘလော့ဂ်အသစ်လုပ်ထားတယ်..လုံးဝ
ဝဲ ကင်းစင်ပါတယ်း)
http://suenyinyi.blogspot.com/