Saturday, 8 January 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၃)

ယခင် အပိုင်း(၂)မှ အဆက် …

ရွာဥက္ကဋ္ဌကို မြို့ပေါ်အထိ လိုက်ခေါ်တဲ့ ကိုထွန်းရွှေတို့ ကိုတင်စန်း
တို့ ပြန်အလာကို တစ်ရွာလုံး မျှော်နေကြပါတယ်။ နေ မ၀င်ခင် ရောက်
လာကြပါစေလို့ သူတို့အားလုံးရဲ့ တီးတိုးဆုတောင်းသံတွေ တဖြေးဖြေး
ချင်း တိမ်ဝင်သွားသလို သူရဇ္ဇ နေမင်းကလည်း တဖြေးဖြေးချင်း ရိုးမ
အနောက်ထဲ ငုပ်လျှိုးသွားပါပြီ ….။

အခန်း(၄)

ရွာလယ် လမ်းမတလျှောက် လူကြီးလူငယ်တွေ စုရုံးစုရုံးဖြင့် ဟိုအိမ်ရှေ့
စုလိုက်၊ နောက်တစ်အိမ်ရှေ့ ပြန်စုလိုက်နဲ့ အလုပ်များနေကြပေမယ့်
ကလေးငယ်တွေကတော့ အပူအပင် ကင်းမဲ့စွာ ပြေးလွှားဆော့ကစား
နေကြပါတယ်။ ကျွဲနွား အဌား ထိန်းကျောင်းတဲ့ အလုပ်ကို လုပ်ကိုင်သော
ကိုရင်သာဂိတို့ ညီအကိုနှစ်ယောက်ကတော့ အရင်နေ့တွေထက် မိုး
မချုပ်မီ စောစောစီးစီး ကျွဲတွေ နွားတွေကို ရွာထဲသို့ မောင်းသွင်း လာကြ
ပါတယ် ….။



“ကိုညို၊ တော်ကတော့ စောစောစီးစီး မူးနေပြီလား၊ အငယ်နှစ်ယောက်ကို
အိမ်ပေါ်တက်ခိုင်းအုန်း …”
“ထွေးရီတို့ မိုးပြာတို့ ရေခတ်နေတာ မပြီးသေးဘူးလား၊ သာဂိတို့တောင်
ရွာထဲပြန်လာနေကြပြီ …”
“ဒွေးလေးတင်၊ တော့်သားတွေကို ကြည့်ပြောအုန်းနော်၊ နတ်မယုံဘူး ဘာဖြစ်
တယ် ညာဖြစ်တယ်ဆိုပြီး အဘဖိုးဆောင်နဲ့ ငြင်းခုန်နေတယ် …”
“အရီးကလည်း လုပ်ပြန်ပြီ၊ ကျုပ်တို့က အခြောက်တိုက် ကြောက်နေရမှာလား …”
“ဟဲ့ ကောင်လေးတွေ နင်တို့ မယုံရင် နင်တို့ အပေါက်ကို ပိတ်ထားကြ၊
… အရှင်ကြီးတို့ရှင် ကလေးစကား ခွေးစကား အရူးစကားများ အမှတ်မထား
ဗွေမယူကြပါနဲ့၊ အမိုက်အမဲများရှိရင် ခွင့်လွှတ်ကြပါ ….”

ကွပ်ပျစ်ပေါ် အကြမ်းအိုး လာချပေးတဲ့ မိကျော့ကို ကြည့်နေရင်းကနေ
စိုးထိုက်’ မေးလိုက်ပုံက … “သူတို့ ပြောနေတာကို ကျနော်တော့ သိပ်
နားမရှင်းဘူး ကိုထွန်းကြိုင်၊ ရွာတော်ရှင်တို့ ကွင်းပိုင်တို့ ဆိုတာ ဘယ်သူ
တွေလဲဗျာ …”

(ကိုထွန်းကြိုင်) မောင်စိုး တိုးတိုးပြောပါဟ၊ ကျေးရွာတိုင်းမှာ ရွာတော်ရှင်
နတ်နန်းဆိုတာ ရှိတယ်၊ အဲဒီနတ်ကို ရွာတော်ရှင်လို့ ပြောကြတာ၊ ကွင်းပိုင်
ဆိုတာက ရွာအပြင် လယ်ကွင်း စိုက်ကွင်းကို စောင့်ရှောက်တဲ့ ကွင်းပိုင်နတ်
ကို ပြောတာ၊ လူတွေမဟုတ်ဘူး နတ်တွေကွ …။

(စိုးထိုက်) နတ်တွေကလည်း များလိုက်တာဗျာ …။

(ကိုထွန်းကြိုင်) သူ့ဒေသ သူ့ဓလေ့ပေါ့၊ ရွာက လူတွေရှေ့မှာတော့ မယုံ
မကြည်တဲ့ သဘောမျိုး မပြောမိစေနဲ့နော်၊ သူတို့ မကြိုက်ဘူး …။

(မိကျော့) တော်တို့ မြို့ပေါ်မှာလည်း နတ်ကန္နားပွဲတွေ နတ်ကတော်တွေ
အများကြီးပါနော်၊ တော်တို့လည်း လိုတာရှိရင် အဖြစ်သဲလိုက်ပုံများ မသိ
တာလိုက်လို့ … ”

(စိုးထိုက်) သြော် ဟုတ်လား၊ ကျနော်လည်း ဒီရွာကို အလာ လမ်းမှာ နတ်
တစ်ယောက်နဲ့ ဆုံမိလို့ ဆုတွေတောင် တောင်းခဲ့သေးတယ် …။

(မိကျော့) ဘာ နတ်လဲ …။

(စိုးထိုက်) မျှားနတ်မောင်လို့ ပြောတာပဲ …။

(မိကျော့) အကောင်းအောင့်မေ့လို့ စကားပြောမိပါတယ်၊ တော်က
ဝမ်းတွင်းရူးကို ….။

စကားမဆုံးခင် မပြေးရုံတမယ် ထွက်ခွာသွားတဲ့ မိကျော့ကို ကြည့်ရင်း
တဟားဟားဖြင့် ဟားတိုက်ရယ်မောနေသော ကိုထွန်းကြိုင်ရဲ့ ရယ်သံများ
ကြောင့် စိုးထိုက်တစ်ယောက် ညစား စားဖို့ပင် မေ့လျှော့နေဆဲ ….။

ညဥ့်ဦးပိုင်းတွင် ကိုထွန်းကြိုင်ကြီး ရှင်းပြနေသော လယ်တစ်ဧက ပျမ်းမျှ
စပါး ဘယ်နှစ်တင်း ထွက်တယ် .. ဆိုသော စကားများကို ခြင်ထောင်ထဲ
က နားထောင်နေရင်း ဘယ်လို အိပ်ပျော်သွားမှန်း မသိ။ ရုတ်တရက်
ဆိုးဆိုးဝါးဝါး အော်ဟစ်သံလိုလို ရန်ဖြစ်သံလိုလို အသံများကြောင့်
စိုးထိုက် လန့်နိုးလာပါတယ်။ ခြင်ထောင်ထဲက ထွက်ထွက်ချင်း မျက်လုံး
ထဲ တိုးဝင်လာတဲ့ ဖယောင်းတိုင် မီးရောင်ကြောင့် ကျိမ်းစက်စက် ဖြစ်နေ
ဆဲပါ။ “ကိုထွန်းကြိုင်၊ ကျနော့် နားထဲမှာ အော်သံတွေ ကြားလိုက်
မိလားလို့ …”
“ဟုတ်တယ် မောင်စိုး၊ ငါတို့ အားလုံး နိုးနေတာ သိပ်မကြာသေးဘူး၊
မင်းကို အားနားလို့ မနိုးဖြစ်တာ …”

အနီးအနား ပတ်ဝန်းကျင်တစ်ခုလုံး ဖယောင်းတိုင်မီးတွေ အောက်လင်း
မီးအိမ်တွေနဲ့ ထိန်ထိန်တောက်နေပါတယ်။ မျက်စောင်းထိုး ခြံရှေ့မှာ
လူတွေ အုပ်စုလိုက် ပြောဆိုနေကြသည်က ….
“ငငြိမ်း မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လားကွာ၊ အမူးလွန်ပြီး ပေါက်ပန်း
လေးဆယ်တွေ လျှောက်မပြောနဲ့နော် …”
“ကိုရင်ငြိမ်း၊ ခင်ဗျား မနောက်နဲ့နော်၊ ညကြီးမင်းကြီးဗျာ …”
“ဟေ့လူတွေ၊ ကျုပ် သောက်ထားတာ မှန်တယ်၊ မူးနေတယ်ဆိုပြီး …ျီးကျွေး
ကြည့်ပါလား ဘယ်သူမှ မစားဘူးဗျ၊ ခင်ဗျားတို့ကို နောက်နေတာ မဟုတ်
ဘူး၊ တကယ်ပြောနေတာ …”
“ကဲ့ကဲ့ ငြင်းမနေကြပါနဲ့ ဘယ်က ဘယ်လို စဖြစ်သလဲဆိုတာ ပြောပြပါအုံး …”
“တရေးနိုးလို့ အလေးသွားချင်တာနဲ့ အိမ်သာဖက် ဆင်းလာတာ၊ အိမ်သာ
တက်နေရင်းနဲ့ လေတိုက်သံတွေ တဝေါဝေါ ကြားနေရတယ်၊ ဒါနဲ့ အိမ်သာက
ဆင်းတော့ ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တာ …. ကျုပ်အိမ်နောက်ဖေးမှာ ဘာမှ
မရှိတော့ဘူးဗျို့၊ ကြောက်စရာကြီးဗျာ …”
“ဟာ ဒီကောင် အဟုတ်မှတ်လို့ နားထောင်နေတယ်၊ မင်းအိမ်က ရွာအစွန်
မှာလေ၊ မင်းအိမ်နောက်ဖေးမှာ အခင်းတွေပဲ ရှိမှာပေါ့ သောက်ရူးရဲ့ …”
“တော်တော်ခက်တယ် လူဗျာ …”
“ဟုတ်ပါ့ …”
“ကိုညို၊ ကျုပ်ပြောနေတာက ကျုပ်အိမ် နောက်ဖေးမှာ ဘာမှ မရှိတော့ဘူး
လို့ ပြောနေတာ၊ ခင်ဗျားက ဘာနားလည်လို့ ဘာဝင်ပြောနေတာလဲ …”
“ဟဲ့ကောင် မောင်ငြိမ်း၊ မင်း အမူးမပြေသေးဘူးလား၊ မင်းအိမ်က ရွာအစွန်
မှာ မင်းအိမ် နောက်ဖက်မှာ အခင်းတွေပဲရှိတယ် … ဟင်း …”
“မဟုတ်ဘူးဗျ … မဟုတ်ဘူး၊ အခု ကျုပ်အိမ်ရဲ့ နောက်ဖက်မှာ ချောက်ကမ်းပါး
ကြီး ဖြစ်နေတယ်၊ ဘာအခင်း ဘာအပင်မှာ မရှိတော့ဘူး၊ လက်နှိပ်ဓါတ်မီးနဲ့
အောက်ကို ထိုးကြည့်တော့ ကျားဟိန်းသံတောင် ကြားလိုက်ရသေးတယ် …”
“ဟေး … ဟားဟားဟား …”

ကိုမောင်ငြိမ်း ပြောတဲ့စကားကို နားထောင်နေသူအားလုံး တ၀ါးဝါးနဲ့
ပွဲကျနေပါတယ်။ သူ ပြောတဲ့စကားအပေါ် ရယ်မောနေသူတွေကို ကြည့်ပြီး
ကိုမောင်ငြိမ်းရဲ့ စိတ်မရှည်တော့တဲ့ လေသံဟာ တဖြေးဖြေး မြင့်လာ
ပါတယ်။ မိကျော့အကို ကိုမျိုးသိမ်းက ကိုမောင်ငြိမ်းရဲ့ အမျိုးသမီးနဲ့
ကလေးငယ်တွေကို ဟုတ် မဟုတ် ဆိုတာနဲ့ ပက်သက်ပြီး မေးမြန်းနေ
ဆဲပါ …
“မခင်ဝိုင်း၊ ခင်ဗျား ယောက်ျား ပြေးတာနဲ့ ခင်ဗျားတို့ တစ်မိသားစုလုံး
အိပ်ယာက ထပြီး ပြေးလာကြတာလား …”
“မသိပါဘူးတော်၊ ဒင်းက အသံနက်ကြီးနဲ့ အော်ပြီး ပြေးတော့၊ ကျုပ်တို့
လည်း အိပ်ချင်မူးတူးနဲ့ သူ့နောက်ကနေ ပြေးလိုက်မိတာ …”

အိမ်ပြန်ပြီး အိပ်ဖို့ အားလုံးက ဘယ်လို ဖျောင်းဖျဖျောင်းဖျ ကိုမောင်ငြိမ်း
က လက်မခံပါ။ ကိုမောင်ငြိမ်းတို့ မိသားစုကို သူတို့နေအိမ်ဆီ လိုက်ပို့
ဖို့ လူကြီးအချို့ သွားတော့မယ့်ဆဲဆဲ ရွာတောင်ပိုင်းက ဆူဆူညံညံ
အသံတွေ ထွက်ပေါ်လာပါတယ်။
“ဘာတွေဖြစ်ကြပြန်ပြီလဲ မသိဘူး …”
“ဒီကောင်တွေ ကာလသားဟင်း ချက်စားပြီး ရန်ဖြစ်နေပုံရတယ် ...”

သိပ်မကြာခင် သူတို့ဆီကို လက်နှိပ်ဓါတ်မီးရောင် တ၀င်းဝင်းဖြင့် လူကြီး
လူငယ် အများအပြား ရောက်လာကြပါတယ်။ ဆယ်အိမ်ခေါင်း ရှင်းပြပုံက …
“အဘစံရေ၊ ဒီကောင် ဖိုးချစ်ပေါ့ ညကြီးမင်းကြီး ကျနော့်အိမ်ရှေ့ကနေ
တကျော်ကျော် လှမ်းခေါ်တယ်၊ ဘာဖြစ်လို့လဲ မေးကြည့်တော့ ညတရေးနိုး
အပေါ့အပါး သွားဖို့အဆင်း သူ့အိမ်အောက်က နွားပြာကြီးက သူ့ကို
စကားလှမ်းပြောလို့တဲ့ဗျာ၊ ပထမတော့ ကျနော်တို့လည်း မယုံဘူး၊ သူ့တို့
ခြံထဲလိုက်ကြည့်ပြီး လှည့်အပြန် ဘာကြားလိုက်ရတယ် အောင့်မေ့သလဲ …”
“မင်းတို့ ညကြီးမိုးချုပ် ငါ့ကို လာနောက်နေတာလား မောင်မြ …”
“ကိုစံ၊ တော်ကလည်း သူတို့ပြောတဲ့စကားကိုဆုံးအောင် နားထောင်ပါအုံး၊
ဘယ်သူက ညကြီးမင်းကြီး လာနောက်မှာလဲ …”
“ကျုပ်တစ်ယောက်တည်း ကြားရတာ မဟုတ်ဘူး အရီးရဲ့၊ ကျုပ်တို့မိသားစု
ရော၊ ဖိုးချစ်တို့ တစ်အိမ်လုံးရော၊ ငသိမ်းတို့ပါ ကြားလိုက်ရတာဗျ …”
“ဟေ့မောင်တွေ ကြည့်လဲ ပြောပါအုံး၊ နွားက လူစကား ပြောပါ့မလား …”
“နွားပြာကြီးက ဘာတွေ ပြောလဲဗျ …”
“မောင်မြရေတဲ့ … မင်းအမေ မစောကို ပြောလိုက်ပါကွာ၊ မင်းတို့ရှင်ပြုတုန်း
က ငွေမလည်လို့ ငါ့ဆီမှာ လာပေါင်ခဲ့တဲ့ နွားလေးကို မောင်ပိုင်စီးမိလို့
အဲဒီအစွဲအလန်းတွေကြောင့် ငါ အခု နွားဖြစ်နေပြီတဲ့ …”
“ဟေး … ဟုတ်လား”
“အဲဒီနွားက အခုထိ လူစကား ဆက်ပြောနေသေးလား …”
“နံဘေးအိမ်က လူတွေပါ နိုးလာပြီး ထပ်ရောက်လာတော့ မပြော
တော့ဘူးဗျ …”
“ဖိုးချစ်ဆို အဲဒီနွားကြီးကို ဖက်ပြီး ငိုလိုက်တာဗျာ၊ အဖေ … အဖေ
ဆိုပြီး၊ ကျုပ်လည်း အိမ်မက်များ မက်နေသလားလို့ ကိုယ့်လက်တောင်
ပြန်ကိုက်ကြည့်သေးတယ် … ဒီမှာကြည့် …”

ဆယ်အိမ်ခေါင်း ကိုမြရဲ့ လက်မောင်းပေါ်က အကွင်းလိုက် ပေါ်နေတဲ့ ကိုက်
ရာတွေကို ကြည့်ရင်း ကျန်တဲ့သူအားလုံး ကြောင်တောင်တောင် ဖြစ်နေကြ
ပါတယ်။ ကြေကွဲဝမ်းနည်းနေတဲ့ ဖိုးချစ်တို့ မိသားစုကို ကြည့်ရင်း ခေါင်းကုတ်
ရုံမှတပါး အားပေးစကားတွေ ထွက်မလာကြ။ စိတ်ပုတီးကြီး လည်မှာ
ဆွဲထားတဲ့ အဘစံကတော့ အိမ်နောက်ဖေးမှာ ချောက်ကမ်းပါးကြီး တွေ့
ခဲ့တဲ့ ကိုမောင်ငြိမ်းတို့ မိသားစုကို အရင်ဆုံး လိုက်ပြန်ပို့ပေးရမလား၊ လူ
စကားပြောတဲ့ နွားပိုင်ရှင် ကိုဖိုးချစ်တို့ကို အရင် ဖျောင်းဖျပေးရမလားဖြင့်
အလုပ်များနေပါတယ် ….။

အခန်း(၅)

ကိုမျိုးသိမ်းနှင့် မိကျော့တို့ မောင်နှမ အပါအ၀င် သူတို့အားလုံး
တနေကုန်အောင် ရွာအနှံ သွားနေမိပါတယ်။ တစ်ရွာလုံးလည်း သတင်းထူး
တွေ အတင်းထူးတွေကို ကိုယ်စီကိုယ်ငှ သယ်ဆောင်ပြီး ဟိုအိမ်ဖက် သွား
ကြည့်လိုက် ဒီအိမ်ဖက် သွားကြည့်လိုက်နဲ့ စည်းကား နေပါတယ်။ စိုးထိုက်
တစ်ယောက်ကတော့ ကိုမောင်ငြိမ်းတို့ အိမ်နောက်ဖေးက စိုက်ခင်းတွေကြား
လျှောက်ကြည့်ရင်း …
“ညက ဒီနေရာမှာ ချိုင့်ဝှမ်းကြီး ဖြစ်သွားပြီး ကိုမောင်ငြိမ်းတို့ အိမ်လည်း
ချောက်ကမ်းပါးထိပ်က အိမ်လေး ဖြစ်သွားတယ်လို့ ညတုန်းက ပြောကြ
တယ်၊ ချောက်ကမ်းပါးကြီးဖြစ်ဖို့ လူမပြောနဲ့ စက်နဲ့တူးမယ်ဆိုရင်တောင်
လတွေ နှစ်တွေနဲ့ချီပြီး တူးရမှာ …”

(ကိုမျိုးသိမ်း) အရက်ကြောင် ကြောင်ပြီး လျှောက်ပြောတာပဲ ဖြစ်မှာပါ …။

(ကိုထွန်းကြိုင်) ရွာက ဥက္ကဋ္ဌကို မြို့တက်ခေါ်တဲ့ ကိုထွန်းရွှေတို့ ကိုတင်စန်း
တို့လည်း ပြန်မလာကြသေးဘူး၊ မြန်မြန် ပြန်လာရင် ကောင်းမယ် …။

(မိကျော့) ကိုထွန်းကြိုင်ကြီးက ရွာဥက္ကဋ္ဌကို ရွာကိစ္စအတွက် ပြန်လာ
စေချင်တာလား၊ မြို့က အလည်ရောက်နေတဲ့ ချစ်တီးပေါက်စတို့
စီးပွားရေးအတွက် ပြန်လာစေချင်တာလား … ။

(စိုးထိုက်) ကျနော်က ချစ်တီးလောက်တော့ အသား မမဲပါဘူးဗျာ …။

(အားလုံး) ဟားဟားဟား ….။

“ကိုတင်စန်းတို့ ပြန်ရောက်နေပြီ၊ အခု ရွာဦးကျောင်းက အဘဖိုးဆောင်
က တစ်ရွာလုံးကို အစည်းအဝေးခေါ်တယ်ဗျို့ …”
ဆိုတဲ့ အသံနဲ့အတူ ရွာထိပ်က ဘုန်းတော်ကြီးကျောင်းဆီ သူ့ထက်ငါ
အလျင်အမြန် သွားနေကြပါတယ်။

“ဥက္ကဋ္ဌ၊ မြို့ပေါ်က အလှူအိမ်ကနေ သူ့အသိတွေနဲ့ ဘယ်လဲမသိဘူး
တစ်ညအိပ် နှစ်ညအိပ်လောက် သွားနေတဲ့တယ်တဲ့ဗျာ …”
“ဘကြီးရွှေကတော့ ဒီဆို ဟိုရောက်တဲ့ အကျင့်က မပျောက်သေးဘူး …”
“မင်းတို့ ဆရာတော်ဆီမှာရော မလျှောက်ခဲ့ဘူးလား …”
“လျှောက်ခဲ့ပါ့ဗျာ၊ မြို့ပေါ်မှာ သိမ်ထပ်တဲ့ အလှူရှိနေလို့ အလှူပြီးတာနဲ့
ပြန်ကြွခဲ့မယ်တဲ့၊ ရွာမှာ အခင်းအကြီးအငယ်ရှိရင် မောင်စံ(အဘစံ) ကို
မေးမြန်း တိုင်ပင်လို့ ဆရာတော်က မိန့်လိုက်တယ် …”
“အဘဖိုးဆောင်၊ ညက အော်သံတွေ ကြားရသေးလား …”
“မနေ့ညက ကိုရင်တွေနဲ့အတူ ကျက်သရေခန်းထဲ သွားအိပ်နေလို့
ဘာသံမှတော့ မကြားမိဘူး …”

(ဆက်ရန်။)

-စစ်ငြိမ်းဒီရေ

17 comments:

ahphyulay said...

အင်း..
နွား က လူစကားပြောတယ်ဆိုလို့ 
ဘုန်းကြီးလဲ အစွဲကြီးပြီး ပျံလွန်တော်မူရင်
သူ့ သင်္ကကန်းမှာ သန်း ဖြစ်ရတယ် လို့ 
နာဘူးပါတယ်နော်..။
ဆက်ပါအုံး...။

Anonymous said...

နိုင်ငံရေး အချစ်နဲ့ တစ္ဆေများလို့ ခေါင်းစဉ်
ပြောင်းသင့်တယ် .... :P

ဖြူဖြူ

Anonymous said...

ဇာတ်လမ်းရော အခင်းအကျင်းပါ တကယ် ကောင်းတယ်လို့ ချီးကျူးမိပါတယ်။
လေးစားလျက်ပါ

KZM

မေဓာဝီ said...

ခုလိုမျိုးက ဖတ်လို့ ပိုအဆင်ပြေတယ် ကိုအောင်ရေ ..
ပီဒီအက်ဖ်နဲ့က တခါတလေ သိပ်အဆင်မပြေဘူး။

ဖတ်ရတာ တဖြည်းဖြည်း ပိုပီး စိတ်ဝင်စားဖို့ကောင်းလာတယ်။
ဆက်ရန်တွေနဲ့ ဘယ်လောက်ထိ ဆွဲထားအုံးမှာလဲဗျို့...

JUSTICE999BURMA said...

ဟုတ်တယ် ဒီအတိုင်းလေး ဖတ်ရတာ ပိုအဆင်ပြေတယ် ကိုအောင်ရေ...

ကိုဇော် said...

စောင့်ဖတ်နေတယ် ကိုအောင်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိုပိုစိတ်ဝင်စားလာပြီ ကိုအောင်ရေ
စောင့်ဖတ်ရတာ အားမရတော့ဘူး
ဟီး ဘာတွေဖြစ်မလဲ သိချင်လှပြီ
မြန်မြန်ဆက်ပါ...

An Asian Tour Operator said...

့မြန်မြန်ဆက်ပါဗျို့..

သစ်နက်ဆူး said...

ကိုအောင်
အခုမှရောက်လာရတာဗျာ..မျက်စေ့ရှန်းနေလို့  ၁.၂.၃
တော့ဆက်တိုက်ဖတ်လိုက်ပြီ၊
ဆက်၇န်လည်းမျှော်နေပါတယ်..
ကိုအောင်က
ဇာတ်လမ်းအဖြတ်အတောက်ကတော့
တော်တယ်..အယင်က ဆင်ဆာ ဌာနမှာများ လုပ်ခဲ့ လေလားဗျား)

စော(အဝါရောင်မြေ) said...

အင်း ကို အောင်ကတော့
ကမ္ဘာကျော် သရဲ ဇာတ်လမ်းရေးစရာ ဖြစ်လာပြီပဲ။

စိုးမြတ်သူဇာလဲ အမေရိကားရောက်ခါစက သရဲခြောက်ခံရဘူးတယ်တဲ့ ...

ကိုအောင် ကိုယ်တွေ့ လေးရှိရင်လဲ လုပ်ပါဦး။
ခုတော့ ဒီဇာတ်လမ်းပဲ အရင်စောင့် ဖတ်ပါဦးမယ်။

မြစ်ကျိုးအင်း said...

အပိုင်းလည်းခွဲပါ မြန်မြန်လည်းတင်ပေးပါ။

rose said...

ကိုအောင်ရေ... လွင်ပြင်ခေါ်သံ၏ ဆက်ရန်ကို မျှော်နေပါသည်။ ပီားးး စကားပြောလေးတွေလည်း ရယ်ရတယ်။ ကောင်း၏။ ကိုအောင်ငြိမ်း အိမ်အနောက်မှာ ချောက်ကြီး တွေ့တယ်ဆိုလို့ ကြုံးအော်လို့ မိန်းမရော ကလေးတွေပါ အိပ်မှုန်စုံမွှား ဘုသိဘမသိနဲ့ တစ်ပြုံလိုက်ကြီး ပြေးလာတာ မျက်စိထဲ မြင်ပြီး ရယ်မိတယ် ခစ် ခစ်း)

Thet Oo said...

ဒီဇာတ်လမ်းမှာ “အကိုတော်” လာဖို့ရှိလား။

ကိုအောင်(ပျူနိုင်ငံ) said...

“အကိုတော်” ဇာတ်လမ်းကို ရေးချင်တယ်
အကိုရေ၊ သရဲနဲ့ ရယ်စရာကို ရောရေးတဲ့ပုံစံက
တော်တော်ကို မလွယ်လို့ ၊ “အကိုတော်”
ဇာတ်ကို သီးသန့် ရေးမယ်ဆိုပြီး စိတ်ထဲမှာ
အရင် ဇာတ်ကို ပုံဖော်တုန်းပဲ အကို။

skeletonking said...

အပို​င်း-၄ ကို​ေ​မ​ၽွာ​္​ေ​န​ပါ​တ​ယ်။
ြ​ဖ​စ်နိုင်ရ​င်ြ​မန်ြ​မန်ေ​လး​လု​ပ်ေ​ပး​ပါ​ဦးဗျာ။
ကျေး​ဇူး​အထူး​တင်ပါ​တ​ယ်။

PhyoPhyo said...

လွင်ပြင်ခေါ်သံ ၃ ဖတ်နေတာ .. စိတ်ဝင်စားစရာကောင်းလိုက်တာ၊ စာအရေးအသားလည်းကောင်းတယ်၊ နောက်ပိုင်းတွေလည်း စောင့်ဦးမယ်၊ ဖတ်ဦးမယ်၊
ခင်မင်လေးစားလျှက်

ZT said...

အပိုင်း (၁) ဇာတ်လမ်းတောင် မေ့သလောက် ဖြစ်နေပြီ။ အစက နေ ပြန်ရှာဖတ်ရတယ်။ နောက်တစ်ပိုင်းကို မျှော်နေပါတယ်။ :)