Sunday 30 January 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၅)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့် ကြောက်ရွံ့
တတ်သူများ မဖတ်ရှု့ရန် မေတ္တာရပ်ခံအပ်ပါသည်။)

ယခင် အပိုင်း(၄)မှ အဆက် …

ဟန်မဆောင်နိုင်သူအချို့ရဲ့ မျက်နှာများပေါ်မှာ စိုးရွံ့ထိတ်လန့်
မှုများ ဖုံးလွှမ်းသွားပါတယ်။ နံနက်ခင်းထဲကို နေရောင်ခြည်ဟာ
တဖြေးဖြေးချင်း ၀င်ရောက်လာပါတယ်။ ရွာနံဘေးက မြင်ကွင်းတွေဟာ
တဖြေးဖြေး ပီပြင်လာပါတယ်။ သူတို့ရွာအရှေ့မှာ ကြီးမားတဲ့ ချောင်းကြီး
တစ်ခု စီးဆင်းနေပြီး တောင်နဲ့ မြောက်ဖက်က လယ်ကွင်းတွေအစား
မတ်စောက်တဲ့ တောင်ကြီးနှစ်ခုက နေရာယူထားပါတယ်။ ရွာအနောက်
ဖက်က ရိုးမတောင်ကြီး လုံးဝ မရှိတော့ပါ။ ရိုးမအစား နက်ရှိုင်းပြီး
အဆုံးမဲ့တဲ့ တောအုပ်ကြီးကို ကြည့်ရင်း ပါးစပ်ထဲမှာ စကားလုံးတွေ
ပျောက်ဆုံးနေဆဲ။


ရွာပတ်ပတ်လည်က မြင်ကွင်းတွေကို ရွာထဲရှိရှိသမျှ လူတွေအားလုံး
လိုက်ကြည့်မိကြပါတယ်။ သူတို့ တစ်ဦးနဲ့ တစ်ဦးကြား မေးခွန်းတွေနဲ့
ပြောနေဆိုနေကြ စကားသံများ တိတ်ဆိတ်နေခဲ့ပါတယ်။ ရွာအရှေ့က
ချောင်းထဲကို ကြည့်နေခိုက် လှေတစ်စီးဟာ သူတို့တွေဆီ ဦးတည်ပြီး
လှော်ခတ်လာတာကို တွေ့ရပါတယ်။ လှေပေါ်မှာ လိုက်ပါလာသူ သုံးဦး
တို့က သူတို့ရွာကို ထူးဆန်းစွာ စိုက်ကြည့်နေကြပါတယ်။ သူတို့
အချင်းချင်းလည်း စကားတွေ ပြောနေကြပါတယ်။ လှေပေါ်က သုံးဦး
တို့ ပြောဆိုနေတဲ့ စကားများကို သူတို့ လုံးဝ နားမလည်။ တိတ်ဆိတ်
နေတဲ့ သူတို့အထဲ ပထမဆုံး အသံထွက်လာသူက ရွာတောင်ပိုင်းက
ဖိုးချစ် ….





“သူတို့ ပုံစံကြည့်ရတာ မြန်မာနဲ့လည်း မတူဘူး အဘစံ …”
“မျိုးသိမ်း၊ မင်းတို့အဖွား မယဉ်မေ ရှိလား၊ လှေပေါ်က လူတွေ ပြောတဲ့
စကားကို … သူ …. နားလည်မလားလို့ …”
“ဟုတ်ကဲ့ အဘစံ …”
လူအုပ်စုရဲ့ အနောက်ဖက်မှာ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ အဖွား
ဒေါ်ယဉ်မေ အရှေ့ဆုံးဆီ ဖြေးဖြေးချင်း တိုးထွက်လာပါတယ်။
“ယဉ်မေ၊ သူတို့ ပြောတဲ့ စကားသံကို နင် သေသေချာချာ နားထောင်
ကြည့်စမ်း၊ အဲဒီအသံမျိုးကို ငါ့နားထဲမှာ ကြားဖူး နေသလိုပဲ ….”

အရှေ့ဖက်က တိုးဝင်နေတဲ့ နေရာင်ခြည်ကြောင့် မျက်လုံးနှစ်ဖက်ကို
လက်ဝါးနဲ့ ခပ်စောင်းစောင်း ကာကွယ်ရင်း ကမ်းနား မရောက်လာသေး
တဲ့ လှေကို အဖွားဒေါ်ယဉ်မေက စူးစိုက်စွာ ကြည့်နေပါတယ်။ ခုနက
စကားပြောဆိုနေတဲ့ လှေပေါ်က သုံးဦးလည်း အသံတွေ တိတ်ဆိတ်
သွားပြီး သူတို့အားလုံးကို စိုက်ကြည့်နေပါတယ်။ လှေရဲ့ အလယ်ခေါင်း
မှာ လိုက်ပါလာသူတစ်ဦးက ပြုံးပြပြီး စကားတစ်ခွန်းကို ဆိုလိုက်ပါတယ်။
သူပြောလိုက်တဲ့ စကားကို သူတို့ နားမလည်ပါ။ ဒါပေမယ့် သူတို့ထဲက
အသံတစ်သံတော့ ပြန်လည် ထွက်ပေါ်လာပါတယ်။ အသံထွက်လာသူ
က အဖွားဒေါ်ယဉ်မေ။ အဲဒီနောက်တော့ ဆက်တိုက်ဆိုသလို အပြန်အလှန်
ပြောဆိုကြပါတယ်။ လှေပေါ်ကလူတွေနဲ့ အဖွားတို့ ပြောဆိုနေတဲ့
ဘာသာစကားကို သူတို့အားလုံး လုံးဝ နားမလည်ပါ ….။

စကားတွေ ဆက်တိုက်ပြောနေရင်း အဖွားရဲ့ ပါးပြင်မှာ မျက်ရည်တွေ
ဒလဟော ကျဆင်းလာပါတယ်။ အားရပါးရ ပြောဆိုနေတဲ့ အဖွား
တစ်ယောက် ချောင်းစပ်က ရေထဲဆီ ဆင်းတော့မလိုလို လုပ်နေခိုက် …
“ဟဲ့ ယဉ်မေ၊ ဘာလုပ်မလို့လဲ … ရေထဲကို မဆင်းနဲ့ … ဟေ့ .. ဟေ့
… မယဉ်မေကို ၀ိုင်းဆွဲကြပါအုံး …”
“အဖွား၊ ဘာလုပ်မလို့လဲ ရေထဲကို မဆင်းနဲ့လေ .. မဆင်းနဲ့ ..”
လို့ အော်ဟစ်သံတွေနဲ့ ရွာသူရွာသားအချို့က ပြန်လည် ဆွဲခေါ်
နေကြတုန်း ရုတ်တရက် လျှပ်စီးတွေ လက်ပြီး မိုးရွာ လာပါတယ်။
သဲသဲမဲမဲ ရွာချလိုက်တာ မိုးရေများအကြား သူတို့အားလုံးရဲ့ အရှေ့ရှိ
ချောင်းထဲက လှေလေး ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။

မိုးရေထဲ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ သူတို့တတွေ ရွာထိပ်ကနေ
ရွာထဲကို ပြန်ဝင်ခဲ့ကြပါတယ်။ ရွာထဲအရောက်မှာ မိုး လုံးဝ တိတ်သွား
ပါတယ်။ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသူတွေကြား ဆယ်အိမ်ခေါင်း ကိုတင်စန်း
က မေးခွန်းတွေ မေးနေပါတယ် ….
“ကြည့်ကြပါအုံးဗျာ၊ ခုနက မိုးရွာတာ ရွာထိပ်မှာပဲ ရွာသွားတာ၊ ရွာ
ထဲမှာတော့ မိုး လုံးဝ မကျသွားဘူး … အဆန်းပဲဗျို့ …”
“ဟုတ်တယ်ဗျ၊ ဟို လှေလည်း ကျုပ်တို့ သေသေချာချာ ကြည့်နေရင်း
ကနေ ပျောက်သွားတယ်၊ ဘာတွေလဲ … ဘာတွေလဲဗျာ … စဉ်းစား
လို့ကို မရတော့ဘူး … လုပ်ပါအုံး ဘကြီးစံရယ် …”
“အ၀တ်တွေ အရင် လဲကြပါအုံး၊ သိပ်လည်း ထိတ်လန့်မနေနဲ့၊
အနာရှိရင် ဆေးရှိရမှာပေါ့ကွာ …”

အ၀တ်လဲပြီးကာစ မိကျော့တို့ အိမ်နဲ့ ခြံဝန်းထဲမှာ အဖွားဒေါ်ယဉ်မေ
ကို မေးခွန်းတွေ မေးဖို့ ရွာထဲက ရွာသူရွာသားတွေ စုဝေးနေကြပါတယ်။
“သူတို့ ဘယ်သူတွေလဲ” … “အဖွားတို့နဲ့ အရင်ကတည်းက သိလား” …
“သူတို့က မြန်မာတွေ မဟုတ်ဘူးလား” … “သူတို့က လူ စစ်စစ်ရော
ဟုတ်ရဲ့လားဗျ” …. “သူတို့ ဘာတွေ ပြောသွားလဲ” ….
“ကဲ ခဏနေကြပါအုံး … မင်းတို့ သိချင်တာကို ငါ မေးပေးပါ့မယ်” အဘစံ
ရဲ့ ဟန့်တားမှုကြောင့် ဆူညံနေတဲ့ အသံတွေ မီးကို ရေနဲ့ ငြိမ်းလိုက်သလို
တိတ်သွားပါတယ်။

(အဘစံ) သူတို့က ဘယ်သူတွေလဲ မယဉ်မေ …။
(အဖွားဒေါ်ယဉ်မေ) ကျမ မွေးစားမိဘတွေရဲ့ အမျိုးတွေပေါ့၊ သူတို့
လည်း တချိန်က ဒီရွာရဲ့ မြောက်ပိုင်းမှာ နေသွားဖူးတယ်လေ ကိုစံ၊
တော်က မေ့သွားပြီလား …။
(အဘစံ) ဟာ … သူတို့ … သူတို့ … ငါတို့ရွာကနေ ထွက်သွားကြတာ
ကြာပြီလေ၊ သူတို့ဆွေမျိုးတွေလည်း ဒို့ရွာမှာ မရှိတော့ဘူးလေ၊ နင်
သိတဲ့အတိုင်း တချိန်က ရွာမြောက်ပိုင်းမှာ ရှိခဲ့တဲ့ သူတို့ ဘုရားကျောင်း
လည်း ရွာမှာ မရှိတော့ဘူးလေ …။
(အဖွားဒေါ်ယဉ်မေ) ကျမ မေးကြည့်တော့ သူတို့က ပြောပုံက …
ရွာမြောက်ပိုင်းမှာ ရှိတဲ့ သူတို့ အမျိုးတွေဆီ အလည်လာတာတဲ့၊
အဲဒီတော့ ကျမက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက
ရွာထဲမှာ တိုက်ပွဲဖြစ်လို့ သေတဲ့လူလည်း သေ၊ ကျန်တဲ့ သူတို့လူမျိုး
တွေလည်း တခြားနေရာကို ပြောင်းရွှေ့သွားကြတာ ကြာပါပြီလို့
ပြန်ပြောတယ်၊ ကျမ အဲလိုပြောလိုက်တော့ သူတို့က စိတ်ဆိုး
သွားပုံရတယ်၊ “နင့်ကို ထောင်ထဲမှာ မွေးခဲ့လို့ နင့်လူမျိုးတွေက
နင်ဟာ ကံ မကောင်းဘူး ယုတ်ညံ့တဲ့ နေရာမှာ မွေးလာတာ၊ နင့်
ကြောင့် ရွာနာလိမ့်မယ် သီးနှံပျက်လိမ့်မယ်လို့ မှတ်ယူပြီး ရွာအပြင်
ဖက်မှာ နေထိုင်တဲ့ ငါတို့လူမျိုး၊ နင့်မွေးစားမိဘတွေဆီ ပေးပြစ်
ခဲ့တာပါ …” တဲ့ ကိုစံရယ်၊ ပြီးတော့ “နင်ဟာ ဘယ်သူ့နို့ကို စို့ပြီး
လူလား မြောက်ခဲ့တာလဲ၊ နင်က ငါတို့အမျိုးလား၊ သူတို့ အမျိုး
လား ….” တဲ့ ….။

(အဘစံ) သူတို့ ဘာဆက်ပြောသေးလဲ …။
(အဖွားဒေါ်ယဉ်မေ) သူတို့ပြောတဲ့ သူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း
များစွာကတည်းက ရွာထဲမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်
ကိုင်တွေ တိုက်ပွဲဖြစ်လို့ အပြစ်မဲ့စွာ ဆုံးပါးသွားတာ ကြာပါပြီလို့
ကျမဘယ်လို ရှင်းပြ ရှင်းပြ သူတို့ လက်မခံဘူး၊ သူတို့အမျိုးတွေဆီ
အလည်လာတာပဲလို့ ဇွတ်ပြောနေတယ်၊ ကျမကိုလည်း “နင့်ကို
နင့်လူမျိုးတွေထက် ငါတို့က ပိုချစ်ပါတယ် …” တဲ့ ….။
(အဘစံ) ကြေကွဲစရာတွေ အဟောင်းကနေ အသစ် ပြန်ဖြစ်သလို
ပါပဲဟာ …။

“ခုနက တွေ့လိုက်ရပြီး မိုးရေထဲ ပြန်ပျောက်သွားတာ လူတွေ
လား၊ တခြား ဘုံဘ၀ကို ရောက်နေတဲ့ အရာတွေလား အဘစံ ..”
လို့ ကျောင်းဆရာလေး ကိုဦးရဲ့ မေးခွန်းကို အဘစံအပါအ၀င်
လူကြီးအားလုံး ချက်ချင်း ပြန်မဖြေနိုင်ပဲ အတန်ကြာအောင်
တိတ်ဆိတ်နေကြပါတယ်။ တော်တော်လေးအကြာမှ ရွာက သက်ကြီး
ရွယ်အို လူကြီးတချို့ ဆွေးနွေးကြပါတယ်။ အဲဒီနောက် ကပ္ပိယကြီး
အဘဦးဖိုးဆောင်က ….
“ရွာလယ် လမ်းမပေါ်မှာ နေတဲ့ မယဉ်မေတို့ ဒီအိမ်ရယ်၊ ကိုစံတို့
အိမ်အပါအ၀င် ခြံချင်းကပ်လျက် ရှိနေတဲ့ ဒီခြံ (၁၀)ခုရယ်၊ ဒီခြံ
တွေရဲ့ နောက်မှာ နေကြတဲ့ မောင်ညိုတို့၊ မအုန်းတင်တို့ခြံတွေ
အပါအ၀င် နောက်ကျောဘက်က ခြံ(၁၀) ခြံရယ်၊ ဒီ စုစုပေါင်း ခြံ(၂၀)
မှာ တစ်ရွာလုံးမှာ ရှိတဲ့ ရွာသူရွာသားအားလုံး ခေတ္တ စုပေါင်း နေထိုင်
ရမယ်၊ ဒီခြံတွေကြားမှာ တစ်ခြံနဲ့ တစ်ခြံအကြား သွားလာလို့ လွယ်
အောင် ခြံစည်းရိုးကို ခဏတော့ ဖျက်ထားရမယ်၊ ကျန်တဲ့လူတွေအားလုံး
ကိုယ့်အိမ် ကိုယ်ပြန်ပြီး တန်ဖိုးရှိတဲ့ ရွှေငွေတွေ၊ ကျွဲနွားတွေကိုပါ တခါ
တည်း ယူလာခဲ့ကြ၊ အဓိက က ဆန်နဲ့ ကိုယ့်ခြံထဲမှာ စိုက်ပျိုးထားတဲ့
ဟင်းသီဟင်းရွက်တွေ အကုန်လုံး သယ်လာကြ၊ ရွာထဲက လူကြီးလူငယ်
အားလုံး တက်ညီလက်ညီ ၀ိုင်းကူရမယ်၊ ဒါ ရွာရဲ့ လက်ရှိဖြစ်နေတဲ့
အခြေအနေတွေအရ ချမှတ်လိုက်တဲ့ စည်းကမ်းပဲ၊ အားလုံး
မပျက်မကွက် လုပ်ရမယ် …”

အခန်း(၈)

ရွာက အသက်အရွယ်ကြီးသူများရဲ့ အစီအမံအတိုင်း တစ်ရွာလုံး
တက်တက်ကြွကြွ လုပ်ကြပါတယ်။ နေ့လည်ခင်းကစပြီး သက်ကြီး
ရွယ်အိုတွေ၊ အမျိုးသမီးတွေဟာ အစုအဖွဲ့အလိုက် ဘုရားစာတွေကို
စုပေါင်း ရွတ်ဆိုနေကြပါတယ်။ အမျိုးသားတွေ လူငယ်တွေကတော့
ညဖက်မှာ အရေးအကြောင်းရှိလာရင် ဘယ်လိုပုံစံ ဖြေရှင်းကြမလဲ
ဆိုတာနဲ့ ပက်သက်ပြီး အစီအစဉ်တွေ ချမှတ်နေကြပါတယ်။ စုပေါင်း
ပြီး နေထိုင်ရမယ့် ခြံ(၂၀)က လေးထောင့်ကွက်ပုံစံ ဖြစ်နေလို့ အစွန်
ထောင့်တိုင်းမှာ လုံခြုံရေးကင်းတွေ အဖွဲ့လိုက် တာဝန်ခွဲဝေ ကြပါ
တယ်။ အလယ်ပိုင်းမှာလည်း ကင်းတဲအချို့ကို ထားရှိပြီး ညဖက်
တွေမှာ ဘယ်လို အကြောင်းရှိရှိ စုပေါင်းနေထိုင်ရာ ခြံများအတွင်းမှ
အပြင်ဖက်ကို လုံးဝ အသွားအလာ မလုပ်ဖို့ စည်းကမ်း သတ်မှတ်
ကြပါတယ်။ တစ်ရွာလုံးက ရှိရှိသမျှ လယ်ယာလုပ်ငန်းသုံး ကျွဲနွား
များကိုလည်း ခြံတွေအကြားမှာ ထားရှိဖို့ သာဂိတို့ ညီအကို
နှစ်ယောက် မမောနိုင် မပန်းနိုင် စီစဉ်နေကြပါတယ်။

ညနေပိုင်းမှာ မိုးမှောင်ကြီးကျရောက်ပြီး နေရောင်ခြည်ကို သူတို့
အားလုံး မတွေ့ရတော့ပါ။ ကိုရင်ငယ်များ၊ သက်ကြီးရွယ်အိုများနဲ့
အမျိုးသမီးများ စုပေါင်းရွတ်ဆိုတဲ့ ဘုရားရှစ်ခိုးသံများဟာ သူတို့
အကြား ငြိမ်သက်စွာ လွှင့်ပျံနေပါတယ်။ ဘယ်အချိန် ဘာပြဿနာ
များ ထ’ဖြစ်မလဲလို့ လူပျို ကာလသားတွေ ဖြစ်တဲ့ မိကျော့အကို
ကိုမျိုးသိမ်း၊ ကိုမောင်ဦး၊ ကိုလှဆောင်တို့ အပါအ၀င် တစ်ရွာလုံး
က လူငယ်တွေ စိတ်မောနေကြပါတယ်။ ညနေစောင်း ခြောက်နာရီ
လောက်မှာ အဘစံတို့ခြံဖက်က အသံထွက်လာပါတယ် …
“ကျုပ်အိမ်မှာ အဘတို့ ပြောသလို မိသားစု လေးစုကို လက်ခံထား
တယ်၊ ကျုပ့်အိမ်က လူတွေရော အဲဒီမိသားစုဝင်တွေကိုပါ ရေတွက်
ထားရမယ်လို့ အဘတို့ မှာထားတယ်လေ၊ အခု ကျုပ်ရေတွက်
ကြည့်တာ တစ်ခုခုတော့ မှားနေတယ် အဘစံရေ …”
“မောင်ဝင်း၊ မင်းကလည်း ရေးကြီးသုတ်ပြာ ဘာများလဲလို့ကွာ၊
လူ ရေတွက်တာ မှားနေရင်လည်း ပြန်ရေကြည့်ပေါ့ …”
“မဟုတ်ဘူး အဘစံ၊ အပြင်ဧည်သည့်က စုစုပေါင်း ၂၄ ယောက်၊
ကျုပ်အိမ်မှာ ရှိတာက ကျုပ်အပါအ၀င် ငါးယောက်၊ အဲဒါ စုစုပေါင်း
(၂၉)ယောက်ပဲ ရှိရမှာလေ၊ အခု (၃၀) ဖြစ်နေတယ်၊ အားလုံးကို
တစ်ယောက်ချင်းစီ ရေတွက်ပြီးမှ အိမ်ပေါ်တက်ခိုင်းတာ၊ ပြန်ပြန်ပြီး
ရေတွက်ကြည့်တာ သုံး …လေးခေါက်မကတော့ဘူးဗျာ၊ တစ်ယောက်
က ဘယ်လို ပိုနေသလဲ မပြောတတ်ဘူး၊ အဲဒါကြောင့် အဘစံတို့ဆီ
ကျုပ် ပြေးလာတာဗျ …”

ကိုမောင်ဝင်းတို့ ခြံဆီ အဘစံနဲ့ လူငယ်တချို့ အပြေးအလွှား ရောက်
သွားကြပါတယ်။ သာဂိနဲ့ ကိုလှဆောင်တို့ကို အပေါ်ထပ်မှာ နေစေပြီး
အောက်ထပ်ကနေ အပေါ်ထပ်ကို တစ်ယောက်ချင်းစီ တက်စေခဲ့ပါတယ်။
“တစ်၊ နှစ်၊ သုံး …. ဆယ့်လေး၊ ဆယ့်ငါး၊ ဆယ့်ခြောက် … နှစ်ဆယ့်ရှစ်၊
နှစ်ဆယ့်ကိုး၊ သုံးဆယ် …. အဲ… အဲ …” … စုစုပေါင်း လူ(၃၀) ဖြစ်နေပါ
တယ်။ အပေါ်ထပ်ကနေ အောက်ထပ်စီ တစ်ဦးချင်း ပြန်ဆင်းခိုင်း
ပါတယ်။ (၂၉) ယောက် မဟုတ်ပါ၊ အရေအတွက်က (၃၀) ဖြစ်နေ
ပါတယ်။ ၀ိုင်းပြီး ရေတွက်ပေးတဲ့လူတွေ ချွေးပြန်ချင်သလို ဖြစ်လာ
ကြပါပြီ။ “ဘယ်လိုလုပ်မလဲ အဘစံ …” ဆိုတဲ့ အကြည့်နဲ့ အဘစံ
ကို ကြည့်နေကြပါတယ်။ အဘစံက …

“မောင်ဝင်း၊ မင်းအကို မောင်အုန်းတို့ ကွင်းပိုင်ကို ကန်တော့တုန်းက
သူတို့နဲ့အတူတူ မင်းပါ ပါထားသေးလား …”
“ဟုတ်၊ ပါတယ် အဘ၊ သူ့လယ်နဲ့ ကျနော့်လယ်က ကပ်လျက်လေ၊
အဲဒီတော့ အကိုဖြစ်တဲ့ သူက ကန်တော့တော့ ကျနော်လည်း ဘုမသိ
ဘမသိနဲ့ ၀င်ပြီး ကန်တော့ခဲ့တာပါ၊ အဲဒါနဲ့ အခု ဖြစ်နေတဲ့ကိစ္စ ဆိုင်
လို့လား အဘ …”
“ဒို့ရပ်ရွာရဲ့ ဓလေ့က ကွင်းပိုင်ကို မကန်တော့ခင်၊ မမြှောက်ခင်၊ ရွာတော်
ရှင်ကို အရင်ဆုံး ကန်တော့ရတယ်၊ ပွဲ ပေးရတယ်၊ ဒါ ရွာရဲ့ စည်းကမ်း၊
ရွာရဲ့ အယူအဆ၊ ကျော်ပြီး မလုပ်ရဘူး၊ အခု မင်းအိမ်မှာ …
မင်း အိမ်မှာ …”
“ကျနော့်အိမ်မှာ ဘာဖြစ်နေတာလဲ … လုပ်ပါအုံး အဘရယ် …”
“ကဲပါ … ငါ ထင်ထားသလို လုပ်ကြည့်ကြတာပေါ့၊ လှေကားပေါ် မတက်
ခင် ကိုယ့်ခြေဖ၀ါးမှာ ကပ်နေတဲ့ ခြေမှုန့်ကို နဖူးမှာ သုတ်ပြီး တက်ကြည့်
ကြပေါ့ …”

ကိုမောင်ဝင်းတို့အားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် လှေကားပေါ်
မတက်ခင် ခြေဖ၀ါးမှာ ကပ်နေသော ခြေမှုန့်များကို နဖူးမှာ သုတ်
ကြပါတယ်။ အပေါ်ထပ်က စောင့်ပြီး ရေတွက်နေသော လှဆောင်
ရဲ့ ရေတွက်သံများ အဆုံးကတော့ … နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုး။

“အဲဒါ ဘာမှားတာလဲ အဘစံ”လို့ ကျောင်းဆရာလေး ကိုဦးက
မေးလိုက်တော့ အဘစံက …“ညနေ နေ၀င်ရီတရော အလင်းရောင်
သိပ်မရတော့တဲ့ အချိန်ကို ဒို့မြန်မာများက ညီအကို မသိတသိလို့
ဆိုကြတယ်လေ၊ အဲလို အချိန်မျိုးမှာ “အပ”လို့ ခေါ်တဲ့ မကောင်းဆိုး
ဝါးဟာ လူတွေကို လှည့်ဖြားလေ့ရှိတယ်၊ အဲဒါကို “အပမှီ”တယ်လို့
ခေါ်တာ၊ အမှားတစ်ခုခု ကျူးလွန်ထားတဲ့ လူတို့ အိမ်တို့မှာ ဆိုရင်
တော့ “အပ” က ၀င်ရောက် ပူးကပ်ဖို့ လွယ်တယ်လေ၊ ဒါကြောင့်
မောင်ဝင်းတို့အိမ်မှာ ခုနက အဲလို ဖြစ်နေတာ” …။

အခန်း(၉)

ညအမှောင်ရဲ့ အောက်မှာ ရွာအလယ်ပိုင်းက လွှဲရင် တစ်ရွာလုံး
မှောင်မဲတိတ်ဆိတ်နေပါတယ်။ လူကြီးလူငယ်တွေရဲ့ စကားဝိုင်းက
တော်တော်နဲ့ အဆုံးမသတ်နိုင်ခဲ့။ ဖြစ်ချင်ရာ ဖြစ် ရွာအနောက်က
တောထဲဆီ ဇွတ်အတင်း သွားရောက်ကြည့်ဖို့ တချို့က အကြံပြု
နေကြတယ်။ တချို့ကလည်း ရွာအရှေ့က ချောင်းကြီးကို ကျော်ဖြတ်
ပြီး တစ်ဖက်ကမ်းကို သွားကြည့်ဖို့ ဆန္ဒပြုကြတယ်။ လူကြီးအများစု
ကတော့ ရွာထဲကနေ ရွာအပြင် လုံးဝမထွက်ပဲ ဒီအတိုင်း ဆက်နေ
ပြီး နောက်နေ့တွေရောက်မှ အခြေအနေပေါ်မူတည်ပြီး တစ်ခုခု
လုပ်မယ်လို့ ဖျောင်းဖျကြပါတယ်။ လူ လေး ..ငါးဆယ်နီးပါး စုဖွဲ့
ပြောဆိုနေတဲ့ သူတို့ စကားဝိုင်းထံ သတင်းစကားတစ်ခု ရောက်
လာပါတယ် …
“မနက်က မိုးမိပြီး အိမ်တိုင်းလိုလို ဖျားနာနေတဲ့လူ တစ်ဦးစ နှစ်ဦးစ
ရှိနေကြတယ် အဘစံ၊ ပြီးတော့ တချို့ကလည်း အင်္ဂလိပ်ဆေးကို
မသောက်ချင်ကြဘူး၊ တိုင်းရင်း မြန်မာဆေးပဲ သောက်ချင်တယ်တဲ့၊
အရီးတင်တို့ အိမ်မှာ ရောက်နေတဲ့ ဆေးဆရာ ကိုရွှေက ပြောတယ်
သူ့အိမ်မှာ ကျန်ခဲ့တဲ့ ဆေးအိတ်ကို ပြန်သွားပြီ ယူချင်လို့တဲ့ အဘ၊
မနက်က မိသားစုလိုက် ပစ္စည်းတွေ ပြန်အသယ်မှာ သူ့ဆေးအိတ်
ပါ သယ်လာဖို့ မေ့နေလို့တဲ့ဗျာ …”

“ညဖက် အပြင် မသွားသင့်ဘူးနော် ကိုစံ၊ ပေး မသွားနဲ့ …”
“မသွားလို့ မဖြစ်ဘူး အဘ၊ တချို့ကလေးတွေဆိုရင် ရွာ အခုလို
ဖြစ်နေတာကြောင့် လန့်ဖျား ဖျားနေတယ်၊ သူတို့ မိဘတွေကလည်း
တိုင်းရင်းဆေးပဲ တိုက်ချင်တယ်တဲ့၊ အင်္ဂလိပ်ဆေးကို မတိုက်ချင်ဘူး
လို့ ပြောနေတယ် …”
“ငရွှေတို့ အိမ်က မြောက်ပိုင်းအစွန်မှာ၊ လမ်းလျှောက်သွားရင် ကြာ
မယ်ထင်တယ်၊ လှည်းနဲ့ သွားယူခိုင်းလိုက်ပါလား …”
“ဘယ်သူတွေ သွားယူကြမှာလဲ …”
“ကိုရွှေနဲ့အတူ လူငယ် လေး …ငါး … ခြောက်လောက် ထည့်ပေး
လိုက်ရင် ကောင်းမလားလို့ …”
“အေး၊ လှည်းနဲ့ သွားကြကွာ၊ မြန်မြန်သွားပြီး မြန်မြန် ပြန်လာကြ၊
လှည်း ဆန့်သလောက် လိုက်သွားကြ၊ ပြီးတော့ ကိုရင်လေးတွေ
ဆီမှာ “သိမ်” ၀င် စိတ်ပုတီးတွေ ရှိတယ်၊ အဲဒီ စိတ်ပုတီးတွေကိုပါ
ယူသွားကြ၊ သံခွေနဲ့ သံတုတ်ပါ သယ်သွားကြ၊ အရေးအကြောင်း
ဖြစ်လာရင် သံချောင်း အရင်ဆုံး ခေါက်နော်၊ တောင်ပြေး မြောက်ပြေး
မဖြစ်စေနဲ့ …”
“လှည်းတစ်စီးမှာ ငါးယောက် … ခြောက်ယောက်ပဲ ဆန့်တာ အဘစံ၊
နှစ်စီးလောက်နဲ့ သွားရင် ပိုကောင်း မလားလို့ …”
“အေးကွာ၊ ဒါဆိုလည်း နှစ်စီးနဲ့ သွားကြပေါ့၊ မြန်မြန် ပြန်လာနော်၊
ငါ မှာတာတွေ မမေ့နဲ့ …”

ဆေးဆရာ ကိုရွှေအပါအ၀င် လူလတ်ပိုင်းနဲ့ ကာလသားတွေ ပါဝင်
တဲ့ လှည်းနှစ်စီးဟာ ရွာလယ် လမ်းမကြီးကနေ ရွာမြောက်ဖက်ကို
ထွက်ခွာလာကြပါတယ်။ ရှေ့ဆုံးက လှည်းမှာ ဆယ်အိမ်ခေါင်း
ကိုတင်စန်းက ဦးဆောင်ပြီး သူတို့နောက်က လှည်းမှာ ဆယ်အိမ်
ခေါင်း ကိုမြက ဦးဆောင်ခဲ့ပါတယ်။ ရွာမြောက်ဖက်ပိုင်းထဲကို တဖြေး
ဖြေးချင်း သူတို့ ဦးတည်သွားနေပါတယ်။ ကာလသား လူငယ်များ
ကတော့ လောက်လေးခွ တပြင်ပြင်ဖြင့် ဟိုကြည့်ဒီကြည့်ပါ။ ကိုရွှေ
တို့ အိမ်ဖက် ရောက်ခါနီး လမ်းကွေ့တစ်နေရာမှာ ရှေ့က လှည်း
ဟာ ရပ်တန့်သွားပါတယ် ….
“သာဂိ၊ လှည်း ဘာလို့ ရပ်လိုက်တာလဲ …”
“နားထဲမှာ ကလေးငိုသံလိုလို ကြားနေရတယ် ကိုမြ၊ အောက်ကို
ဆင်းပြီး သွားကြည့်ရင် ကောင်းမလားလို့ …”
“အောက်ကို မဆင်းနဲ့အုံး၊ သေသေချာချာ နားထောင်ကြည့်ပါ
အုံးဟ၊ ငါတို့ နားထဲတော့ ဘာမှ မကြားမိပါလား …”

ရှေ့လှည်းပေါ်က ကိုတင်စန်းတို့၊ ဆေးဆရာ ကိုရွှေတို့၊ သာဂိတို့
တတွေ လက်နှိပ်ဓါတ်မီးတွေနဲ့ ဟိုထိုးကြည့် ဒီထိုးကြည့် လုပ်နေ
ကြပါတယ်။ … “ဟုတ်တယ်ဗျ၊ ဒီနားက အိမ်တစ်အိမ်က ကလေး
ငိုသံ ကြားနေရတာ” လို့ ရှေ့လှည်းပေါ်က ကျောင်းဆရာလေး
ကိုဦးက နောက်လှည်းဖက်ကို ပြောပြပါတယ်။ ဆေးဆရာကိုရွှေက
“စာရင်းဌား ငသိုက်တို့ အိမ်ဖက်ကနေ ကြားနေရတာ၊ သူတို့
လယ်ထဲ ဆင်းရင် တခါတလေ အကြီးလေးတွေကို အိမ်မှာ ထား
နေကြ၊ ကလေးတွေ အိမ်ထဲမှာ ကြောက်ကြောက်နဲ့ ငိုနေသလား
မပြောတတ်ဘူး”။ “မနေ့ညက တစ်ရွာလုံး ရွာအလယ်ပိုင်းမှာ
စုပေါင်း အိပ်တုန်းက အဲဒီကလေးတွေကို လုံးဝ မတွေ့ဘူး…”
လို့ တချို့ကလည်း ပြန်ပြောနေပါတယ်။

“သံချောင်းခေါက်ပြီး ရွာအလယ်ပိုင်းကို အချက်ပြလိုက်ရင်
ကောင်းမလား ဆရာလေး …”
“အဲဒီလောက်အထိ မလိုသေးဘူး ကိုတင်ဆန်းရယ်၊ အခုဟာ
ကလေးတွေ သူတို့အိမ်ထဲမှာ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်ပြီး
ကျန်နေကြတာလေ၊ ပြောနေ ကြာတယ်ဗျာ၊ သွားကြည့်လိုက်
တာ အကောင်းဆုံး မဟုတ်လား …”
“မင်းတို့ နားတွေပဲ ကောင်းနေလို့လား မပြောတတ်ဘူး၊ ငါတို့
နားထဲတော့ ဘာမှ မကြားမိပါလား …”

ကလေးငိုသံ ကြားနေရတယ်လို့ ပြောကြတဲ့ လယ် စာရင်းဌား
ကိုသိုက်တို့ အိမ်လေးဆီ သူတို့အားလုံး တဖြေးဖြေးချင်း တိုးကပ်
သွားကြတယ်။ အိမ်အ၀င် ထရံကာ တံခါးလေးကို တိုးဖွင့်လိုက်သူ
က ဆယ်အိမ်ခေါင်း ကိုတင်ဆန်း၊ သူ့နောက်က ကျောင်းဆရာလေး
ကိုဦး၊ ယိုင်နဲနဲ တဲအိမ်လေးထဲ သူတို့ ၀င်သွားလိုက်ချိန်မှာပဲ အိမ်
ခေါင်းမိုးပေါ်မှာ နားနေတဲ့ ဌက်ဆိုးတစ်ကောင်ဟာ တဂီဂီ အော်ပြီး
ပျံသန်း ထွက်ခွာသွားပါတယ်။ ခဏအကြာမှာ အိမ်ထဲဝင်သွားကြတဲ့
ကိုတင်ဆန်းနဲ့ ကိုဦးတို့ နှစ်ဦးသာ ခပ်သုတ်သုတ်လေး ပြန်ထွက်
လာကြပါတယ်။
“ကလေးတွေ အိမ်ထဲမှာ ရှိနေလား ကိုတင်ဆန်း …”
“သွားစရာရှိတဲ့နေရာကို မြန်မြန်သွားရအောင်၊ ဒီအိမ်ထဲမှာ ဘယ်သူ
မှ မရှိဘူး …”

သူတို့ရဲ့ လှည်းနှစ်စီးဟာ ရွာမြောက်ပိုင်း အစွန်မှာ နေထိုင်တဲ့
ဆေးဆရာ ကိုရွှေတို့ရဲ့ ခြံဝိုင်းထဲ ၀င်ခဲ့ကြပါတယ်။ လှည်း ဆိုက်
ဆိုက်ချင်း ကိုရွှေတစ်ယောက် လက်နှိပ်ဓါတ်မီးလေးကို ကိုင်ရင်း
သူ့အိမ်ပေါ်ထပ်ကို ပြေးတက်သွားပါတယ်။ ခဏလောက် အကြာ
မှာ အိမ်ရှေ့ ၀ရန်းတာကို ထွက်လာပြီး သူတို့အားလုံးကို အိမ်ပေါ်
ထပ်ဆီ တက်ခဲ့ဖို့ လက်ယက်ခေါ်လိုက်ပါတယ်။ အိမ်ပေါ်ထပ်
ရောက်ရောက်ချင်း ကိုရွှေက သူတို့ကို အပေါ်ထပ် နောက်ဖေး
ရှိ ပြတင်းပေါက်နားကို ခေါ်သွားပါတယ်။ ကိုရွှေ မေးငေါ့ပြတဲ့
သူ့အိမ်အနောက်ဖက်ကို လှမ်းကြည့်လိုက်တော့ သူတို့
အားလုံး မျက်လုံးပြူးသွားပါတယ်။ ထိန်ထိန်တောက်နေသော
မီးတုတ်က မီးရောင်တွေကြောင့် အရာရာကို သဲသဲကွဲကွဲ
မြင်နေရပါတယ်။ အသံတချို့ကိုတောင် ကြားနေရပါတယ်။
စည်းကားလှတဲ့ ပွဲဈေးတန်း တစ်ခုပါ။ ပွဲခင်းရဲ့ နံဘေးမှာလည်း
မုန့်သည် မျိုးစုံနဲ့ ပွဲလာကြည့်သူတွေ သွားလိုက် လာလိုက်။
ခပ်လှမ်းလှမ်းမှာတော့ မီးအလင်းရောင်များအကြား ကပွဲတစ်ခု
စတင်နေပုံ ရပါတယ်။ နည်းနည်းဝေးနေလို့ က’နေတဲ့သူများကို
သူတို့ မမြင်ရပါ။ သူတို့ ပြတင်းပေါက်နဲ့ အနီးစပ်ဆုံး ပွဲဈေး
တန်းနံဘေးမှာ ကလေးငယ်တွေ ဆော့ကစား နေကြပါတယ်။
ခဏလေးအတွင်းမှာပဲ လက်ခုပ်သံတွေ ထွက်ပေါ်လာပါတယ်။
ဘယ်သူက ဘယ်သူ့အတွက် ဘယ်အရာကို ဘာကြောင့်
ဆိုတာကိုတော့ သူတို့ မသိကြပါ ….

(သာဂိ) ဆရာလေး၊ ပွဲခင်းက စည်လိုက်တာဗျာ၊ ကျုပ်တို့
သွားကြည့်ရအောင် …။
(ဆရာလေး ကိုဦး) အေးကွ၊ တော်တော် စည်တာပဲ၊ ကိုရွှေ
ဒီပွဲခင်း ဒီနေရာမှာ ရှိနေတာကို ကျနော်တို့ ဘာကြောင့် မသိ
ကြတာလဲ …။
(ကိုရွှေ) အဲဒါ ပွဲခင်း မဟုတ်ဘူး ဆရာရေ၊ ကျုပ့်အိမ်နောက်ဖေး
က သင်္ချိုင်းအဟောင်းထဲမှာ ကျတ်တွေ မြူးနေတာဗျ၊ လာ
အဘစံတို့ဆီ မြန်မြန် ပြေးကြစို့ဗျို့ …။

လာလမ်းအတိုင်း သူတို့ရဲ့ လှည်းနှစ်စီး ပြန်လာခဲ့ကြပါတယ်။
ရွာအလယ် လမ်းမကြီးဖက် မရောက်ခင် သူတို့ရှေ့ မျက်နှာ
ချင်းဆိုင် ရှေ့တည့်တည့်မှာ မီးတုတ်တွေ ကိုင်ဆောင်ထားတဲ့
လူတစ်စု လမ်းလျှောက်ပြီး လာနေတာကို တွေ့လိုက်ရပါတယ်။
လှည်းမောင်းနေတဲ့ သာဂိက …
“ကိုတင်ဆန်း၊ ကျုပ်တို့ ဆေးအိတ် သွားယူတာ ကြာနေလို့
အဘစံတို့ စိတ်ပူပြီး လိုက်လာတာလား မသိဘူး …”
“သာဂိ၊ လှည်းကို ဒီထက်ပိုပြီး မြန်နိုင်သမျှ မြန်အောင် မောင်း၊
ကိုမြ … ကိုမြ .. ခင်ဗျားတို့လှည်းလည်း ကျုပ်တို့လှည်းနဲ့
ထပ်ကြပ်မကွာ လိုက်ထားနော်၊ ဘယ်သူတားတား မရပ်နဲ့၊
လှည်းပေါ်ကို တစုံတယောက်က တက်ဖို့ကြိုးစားရင်း ဓါးနဲ့သာ
ပိုင်းချလိုက်ဗျာ၊ ဖြစ်သမျှပြဿနာ ကျုပ် ခံမယ်၊ လုံးဝ ရပ်မပေးနဲ့ …”

သူတို့လှည်းတွေ လမ်းတလျှောက် ခပ်ပြင်းပြင်း မောင်းနှင်း
လာတာကြောင့် မျက်နှာချင်းဆိုင်မှာ လာနေတဲ့ လူအုပ်စုလည်း
လမ်းဘေးဆီ ဆင်းသွားကြပါတယ်။ လမ်းပေါ်မှာ ဖြတ်သန်းသွား
တဲ့ သူတို့လှည်းနှစ်စီးကို လမ်းဘေး ၀ဲယာကနေ မျက်ထောင့်နီ
ပေါင်းများစွာတို့က စိုက်ကြည့်နေကြပါတယ်။ ကလေးငယ်တစ်ဦး
က သူတို့လှည်းနောက်ကို ပြေးပြီး လိုက်လာပါတယ်။ ရွာအလယ်
လမ်းမကြီးထဲ ချိုးကွေ့ကာနီးမှာ အဲဒီကလေးငယ် ဆက်ပြီး
လိုက် မလာတော့ပါ။

လှည်းနှစ်စီးဟာ အမြန်ဆုံးနှုန်းထားတွေနဲ့ အဘစံတို့ရှိရာဆီ
ရှေ့ဆင့်နောက်ဆင့် ဆိုက်ရောက်ခဲ့ပါတယ်။ ဆေးဆရာ ကိုရွှေ
ဆေးအိတ် သွားယူခဲ့တဲ့ သူတို့အားလုံးရဲ့ အဖြစ်အပျက်ကို
နားထောင်သူများက ရင်သက်ရှုမောပါ။ သန်ခေါင်ယံအချိန်မှာ
တဝေါဝေါ ရွာချလိုက်သော မိုးသံနဲ့အတူ စိတ်ပင်ပန်း လူပင်ပန်း
ဖြစ်နေသူတွေ အားလုံး အိပ်မောကျသွားပါတယ်။


(ဆက်ရန် ….။)


-စစ်ငြိမ်းဒီရေ

22 comments:

ရွှေရတုမှတ်တမ်း said...

စောင့်..စောင့်ဖတ်ရတာ စိတ်မရှည်ဘူး..ကိုအောင်ရေ့

ကိုအောင် said...

ကျနော့်မိန်းမကလည်း ဘလော့ရေးဖို့ပဲ
အားသန်နေတဲ့ ကျနော့်ကို စိတ်မရှည်တော့ဘူး
လို့ ပြောနေပါတယ် ကိုကြီးကျောက် ... :P

Law Shay said...

ကောင်းလိုက်တာ

Dimension Shift တွေရော ပါလာတာပဲ။ ဂျပန် ဇာတ်လမ်းတွေမှာတော့ တွေ့နေကျ။

အပိုင်း ၁ နဲ့ ၂ ကို ဖတ်မရပါ။ ကော်ပီရှိသေးရင် ပြန်လုပ်ပေးပါဦး။

...အလင်းစက်များ said...

အဟ... ဒါပေါ့ အိတ်ထိရ အကြောင်း ကိုဂျီးကျောက်မှ နားမလည်ပဲ....:P :P :P

စောင့်....စောင့်ဖတ်နေပါမည့်အကြောင်း ကိုအောင်ရေ..

ဆောင်း said...

ဘယ်နေရာလဲဟင် ကြတ်ပြေး မှာလား

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအောင်
စထားမိမှတော့ မိန်းမ စိတ်မရှည်လို့ ဗိုက်ခေါက်ဆွဲလည်း ခံပေတော့
ဇာတ်လမ်းကိုတော့ ပြီးအောင် အမြန်ရေးပါ။
မဟုတ်ရင် လည်ပင်းတစ်တောင်လောက်ရှည်လာပြီ။း)
နေ့လည်ဖတ်မိပေလို့ဘဲ
ညသာဆို ဆက်ဖတ်ရဲမယ် မထင်

မေဓာဝီ said...

ကိုအောင့် မဟေသီကိုပါ ဘလော့တခုလောက် လုပ်ပေးလိုက်ပါလား။ ဇနီးမောင်နှံနှစ်ယောက် မောင်တဘလော့ မယ်တဘလော့ပေါ့။ ဒါဆို ကိုအောင့်ကို စိတ်မရှည်ဘူးလို့ ပြောတော့မှာမဟုတ်ဘူး။ ဒါမှ ကိုအောင်လဲ သရဲဇာတ်လမ်းများများရေးနိုင်မှာ :P

ဆောင်း said...

ကျမအမေကိုယ်တွေ့ အဖြစ် ပြောပြချင်ပါတယ် ရွာတရွာက တရွာ အဖြတ် နာမည်ခေါ်ရင် ရှင် ဗျာ မထူးရဘူးတဲ့ ၀ူးဝူး လို့ ထူးရသတဲ့။ အမေကအဲဒီအချိန် မှာကိုယ်ပူပြီး ဂယောင်ဂတမ်း ဖြစ်နေတယ်။ကိုအောင်ရေးသလိုပွဲဈေးနဲ့ လူတွေ စည်ကားနေ သတဲ့။ အမေ့ကို ဒီမှာ ပျော်စရာကောင်းတယ် နေခဲ့ဖို့ အတင်းပြောနေတာ။ အမေက မနေဘူး မနေဘူး ပြောရင်း သတိလည်ပြီး လန့် နိုးလာ တယ်။ သတိရတော့အမေ့ကို အားလုံးက ၀ိုင်းပြုစုနေတာ။ နာနာဘာဝတွေက နာမည်တူ လူမှားခေါ်တာတဲ့။

မြစ်ကျိုးအင်း said...

ဖတ်သွားတယ်ဗျို့
ထုံစံအတိုင်း ဆန့်တငံ့ငံ့နဲ့ပေါ့

An Asian Tour Operator said...

<<<<<<<<>>>>>>>>
ဇာတ်လမ်းကောင်းနေတုန်း မီးပြတ်သွားသဖြင့် ပရိပ်သတ် အော်သံ :p

rose said...

ကိုအောင်ရေ... စာလာဖတ်တယ်။ ဆက်ရန် မျှော်နေတယ်နော်။ ရှည်ရှည်လေး ရေးပေးပါ... ပာင့်း(

Anonymous said...

အသဲတယားယားနဲ့ ဖတ်သွားပါတယ် .. ညတည်းက တက်တာ တွေ့တာ .. အိပ်ခါနီး မဖတ်ရဲလို့ :D

မြန်မြန်လေးဆက်ပါဗျို့

မိုးခါး

ကိုဇော် said...

ဒီအပိုင်းလေးကို စောင့်မျှော်ပြီး ဖတ်နေပါတယ်။

ဆောင်း said...

http://yinthinneimagazine.blogspot.com/2011/01/blog-post_28.html
သိပံပညာရှင်တွေ ကိုအောင့်ရဲ့ ရွာထဲ လာကျင်းတူးတာ မသိလိုက်ဘူးလား

ကိုအောင် said...

“လွင်ပြင် ခေါ်သံ” ဇာတ်လမ်းကို ဖတ်ရှု့
အားပေးနေတဲ့ မိတ်ဆွေများ ခင်ဗျာ၊ တစ်ပတ်
ကို ပို့စ်အသစ် တစ်ခုလောက် တင်နိုင်အောင်
တော့ ကြိုးစားပါ့မယ်၊ ရှည်ရှည် ရေးနိုင်
အောင်လည်း ကြိုးစားပါ့မယ် .... :P

ဆောင်း said...

မိန်းမ ကွန်ပလိန်းတက်နေတော့ ဒီပို့စ်ကို အပိုင်းခွဲမရေးနဲ့  တခါတည်းအစအဆုံးရေးလိုက် တခါဘဲ ဗိုက်ခေါက်ဆွဲလိမ် ခံရမယ်။ အခန်းဆက်ရေးရင် တခန်းပြီးတိုင်း ဗိုက်ခေါက်ဆွဲ ခံရမှာ..

စေတနာနဲ့ ပြောတာ

ဒါနဲ့  မာရီယာနာချောက် ဆိုတာ ဘယ်မှာ ရှိတာလဲ

ကိုအောင် said...

မာရီယာနာ (Marianas) ချောက်က အနောက်
ပစ္စီဖိတ်သမုဒ္ဒရာမှာ ရှိပြီး ပေပေါင်း 36,200
နက်တယ်၊ အဲဒီအောက်ခြေကနေ ထပ်
တူးကြည့်ရင် ငရဲသားတွေ လွတ်မြောက်ခွင့်
ရမလားလို့ပါ ဆောင်းရေ ... :P

Anonymous said...

ကိုအောင်ရေ

ဆက်ဖတ်သွားပြီ မြန်မြန်လေး ရေးပေးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

black poem said...

ကိုအောင်ရေ c box တွေ blog lists တွေဘယ်ရောကုန်ပြီလဲ

pandora said...

အပိုင်းတွေ ခုမှ စုဖတ်သွားတယ်။ ညသန်းခေါင်လည်း ရောက်လုပြီ ဟီးဟီးးး

မေသိမ့်သိမ့်ကျော် said...

ဖတ်သွားပါတယ်။ အပိုင်း ၆ လည်း ဖတ်ပြီးပြီ။ လင့်ခ်လေးယူသွားတယ်နော်။

Khin Moe Aye said...

ဟုတ်တယ် ကိုအောင်ရေ ခိုင်က ဗိုက်ခေါက် ပဲ ဆွဲလိမ် လိမ် ခံလိုက် ဟိ စောင့်ဖတ်ရတာ စိတ်မောတယ်