Thursday, 27 January 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၄)

ယခင် အပိုင်း(၃)မှ အဆက် …

ရွာလူကြီးတွေနဲ့ တောင်ပိုင်သားတွေရဲ့ အပြန်အလှန် ပြောဆိုနေတဲ့
စကားဝိုင်းမှာ ထူးခြားစွာ တိတ်ဆိတ်နေသူတွေက ရွာရဲ့ မြောက်ပိုင်း
မှာ နေထိုင်သူတွေပါ။ အုပ်စုလိုက် စုထိုင်နေတဲ့ မြောက်ပိုင်းသားတွေ
ထံက အသံတချို့ ထွက်လာပါတယ် …
“ကျုပ်တို့ အထင်တော့ ရွာမှာ တစ်ခုခုတော့ မှားနေပြီ ထင်တယ် …”
“မနေ့ညက တစ်ညလုံး သင်္ချိုင်းဟောင်းဖက်က အသံတွေ ကြားနေရတယ်”

သူတို့ ၀င်ပြောလိုက်တဲ့ စကားကြောင့် အဘစံ အပါအ၀င် လူကြီးအားလုံး
မျက်စိပျက် မျက်နှာပျက် ဖြစ်သွားပါတယ် …
“ဘယ်လို ဘယ်လို၊ သင်္ချိုင်းဟောင်းဖက်က အသံတွေ ကြားရတယ်
ဟုတ်လား ငကျွဲ …”
“ဟုတ်တယ်ဗျ၊ ကြားရတာ နှစ်ည ရှိနေပြီ၊ လူတွေ အုပ်စုလိုက် ပြေးလွှား
သံတွေ၊ အဲဒီနားက အိမ်တွေအားလုံး ကြားနေရတာ၊ ကျုပ်တို့ မြောက်ပိုင်း
သားတွေကို ငကြောက်တွေလို့ အပြောခံရမှာ ဆိုးလို့ အဘတို့ဆီ လာ
မပြောဖြစ်တာ …”
“တောင်ပိုင်းရယ် မြောက်ပိုင်းရယ် သဘောမထားပါနဲ့ကွာ၊ တစ်ရွာတည်း
အတူတူနေတာ အရေးအကြောင်းရှိရင် ပြောသင့်ဆိုသင့် တိုင်ပင်သင့်
တာတွေကို တိုင်ပင်ရမှာပေါ့ …”




အဘစံတို့ အပါအ၀င် ရွာသားအားလုံးရဲ့ အစည်းအဝေးက ဆုံးဖြတ်
တစ်ခုကို ချမှတ်လိုက်ပါတယ်။ လက်ရှိ ရွာအလယ်ပိုင်းက မီးကင်းအပြင်
ရွာတောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ညရေးညတာ ကင်းစောင့်ဖို့ ကင်းအဖွဲ့
ထပ်မံတိုးချဲ့ လိုက်ပါတယ်။ ဘုန်းတော်ကြီးကျောင်း အစည်းအဝေးက အပြန်
ကိုထွန်းကြိုင်က ကိုမျိုးသိမ်းကို လှမ်းမေးပါတယ်။ … “မျိုးသိမ်းရေ၊ အစည်း
အဝေးကို အဘွား ဒေါ်ယဉ်မေ လာတာ မတွေ့ဘူးနော် …”။ ကိုမျိုးသိမ်းနဲ့
မိကျော့တို့ မောင်နှမ နှစ်ယောက်က ခေါင်းခါပြလျက်။

ညနေပိုင်းမှာတော့ နံဘေးက အဘစံရဲ့ အိမ်အောက်ထပ်မှာ ရွာက
လူကြီးတွေနဲ့ ဆယ်အိမ်ခေါင်းတွေ ထပ်မံစုဝေးနေကြပါတယ်။ အဲဒီနောက်
တစ်အိမ်တက် တစ်အိမ်ဆင်းပြီး ညရေးညတာအတွက် ဓါတ်မီးတွေ
ဆောင်ထားဖို့နဲ့ နိုးနိုးကြားကြား ရှိဖို့ မှာကြားနေကြပါတယ်။ ညနေ
ပိုင်းမှာ သဲသဲမဲမဲ ရွာသွန်းနေတဲ့ မိုးကြောင့် အိမ်အောက်ထပ်မှာပဲ ၀ိုင်းဖွဲ့
စကားကောင်းနေကြပါတယ်။ ရှပ်အင်္ကျီ ကို့ရိုးကားယားကို ၀တ်ဆင်ထား
ပေးမယ့် မျက်ခုံးထူထူ နှာတံစင်းစင်းနဲ့ သနပ်ခါးပါးကွက် ဘေးကျားဖြင့်
လှချင်တိုင်း လှနေတဲ့ မိကျော့ကို စိုးထိုက်တစ်ယောက် မကြာခဏ ခိုး
ကြည့်နေမိပါတယ်။

“ဒီတစ်ညလုံး မအိပ်ပဲနဲ့ စောင့်ကြည့်ချင်လိုက်တာ …”
“တကယ်လား၊ လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းအိုး လုပ်ပေးမယ် …”
“အိပ်ရေးပျက်ခံလို့ မောင်ထွန်းကြိုင်ရယ်၊ လူလေးရေ မောင်မျိုးသိမ်း၊
ဒီည ကင်းစောင့်ရမယ်ဆို အချိန်ရှိတုန်းလေ နည်းနည်းလောက် ကြို
အိပ်ထားပါလား …”
“ကင်းသွားစောင့်မဲ့ နေရာက အဝေးကြီးလား …”
“အဘစံတို့ ခြံရှေ့က ကင်းတဲမှာ၊ သာဂိတို့ ညီအကို နှစ်ယောက်လည်း
ပါတယ်၊ မိုးပြာတို့ အကို လှဆောင်လည်းပါတယ် …”
“အကို၊ ကိုလှဆောင်ကို ယောက်ဖလို့ သွားမနောက်နဲ့နော်၊ မိုးပြာက
မကြိုက်ဘူး …”
“ငမျိုး၊ နင့်ကို လှဆောင်က ယောက်ဖလို့ ခေါ်ရင် နင်က မကြိုက်ဘူး၊
သူများကိုလည်း ယောက်ဖ ယောက်ဖနဲ့ သွားမစ’နဲ့နော် …”
“ဟုတ်ကဲ့ပါ မကြီးရယ်၊ ကျုပ်က ကျုပ့်ညီမကို ဒီရွာက ဘယ်သူနဲ့မှ
သဘော မတူဘူး၊ မြို့ပေါ်က မြို့သားတွေနဲ့ပဲ အကြောင်းပါစေချင်တာ
ဗျ၊ ဟားဟားဟား …”
“အမေ၊ အမေ့သားကို ကြည့်ပြောအုံးနော်၊ လူရှေ့ သူရှေ့မှာ
သမီးကို ဟင်းရွက်ကဇွန်းများ အောင့်မေ့နေသလား မပြောတတ်ဘူး၊
သမီးလည်း အဝေးသင်နဲ့ ကျောင်းပြီးသွားရင် မမကြီးလို အမေတို့
အဖွားတို့ကို လုပ်ကျွေးအုံးမှာ …”
“ကြည့်ကြသေးတာပေါ့ မိကျော့ရယ်၊ ဟားဟားဟား …”

အကြမ်းအိုး ထပ်ဖြည့်ဖို့ မီးဖိုးချောင်ဖက်ဆီ ရှက်ရှက်ဖြင့် ထွက်ခွာ
သွားသော မိကျော့ကို လှမ်းကြည့်ရင်း စိုးထိုက်’ ရင်ထဲမှာတော့ ရင်ခုန်သံ
တွေ ဆူဝေလျက် ….။

အခန်း(၆)

ကျောင်းဆရာလေး ကိုဦး၊ မတိုးတိုး၊ ကိုထွန်းကြိုင်၊ စိုးထိုက်နဲ့ မိကျော့
တို့တတွေ အိမ်အောက်ထပ်က ခုံတန်းလျားမှာ ညဥ့်နက်ပိုင်းထိ လက်ဖက်
သုတ်တွေ စားရင်း တစ်ခုခု ဖြစ်လာမလားလို့ စောင့်မျှော်နေခဲ့ကြပါတယ်။
တစ်ဖက်ခြံထိပ်ဖက်မှာ ကင်းစောင့်နေကြတဲ့ ကိုမျိုးသိမ်းတို့ဆီက
“တဟားဟား” ဖြင့် ရယ်မောသံများကို တချက်တချက် ကြားနေရပါတယ်။
“ဟဲ့ အောက်ထပ်က ကလေးတွေ၊ အောက်ထပ်မှာ မအေးဘူးလား၊
မောင်ဦးတို့ တိုးတိုးတို့ ညဥ့်နက်နေပြီ မအိပ်သေးဘူးလား၊ မနက် ကျောင်း
မသွားနိုင်ပဲ ဖြစ်နေအုံးမယ်” … အိမ်ပေါ်က မိကျော့အမေရဲ့ လှမ်းခေါ်သံ
ကြောင့် သူတို့ရဲ့ စကားဝိုင်းလေး အပေါ်ထပ်ရှိ ဘုရားစင်ရှေ့ဆီ ရွှေ့
ပြောင်းခဲ့ပါတယ် …။

တိတ်နေတဲ့ မိုးဟာ ရုတ်တရက် သဲသဲမဲမဲ ပြန်ရွာလာပါတယ်။
မိုးရွာသံတွေအကြား ဆိုင်းသံဗုံသံလိုလို အသံတွေကို သူတို့အားလုံး
သဲသဲကွဲကွဲ ကြားနေရပါတယ်။ မိုးစဲသွားတဲ့အချိန်မှာတော့ အသံတွေ
ဟာ ပိုပြီး ပီသစွာ ကြားနေရပါတယ်။ လူရွှင်တော်နှစ်ဦးက အတိုင်
အဖောက်ညီညီနဲ့ ဟာသနှောပြီး ပြောသံတွေ၊ ပရိသတ်က လက်ခုပ်
တဖြောင်းဖြောင်း တီးသံတွေ …။ ဆိုင်းသံဗုံသံတွေနဲ့အတူ ခွေးတွေရဲ့
ဆွဲဆွဲငင်ငင် အူတဲ့အသံတွေကြောင့် အိပ်ပျော်ခါစ တချို့တွေတောင်
နိုးသလို ဖြစ်လာပါတယ်။

ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တော့ အနီးအနားပတ်ဝန်း
ကျင် တစ်ခုလုံး လက်နှိပ်ဓါတ်မီးရောင်တွေ တဖွေးဖွေး၊ ဆေးလိပ်ထိပ်
ဖျားက မီးတွေ တရဲရဲနဲ့ နိုးနေကြပုံရပါတယ်။ ရုတ်တရက် ကြားလိုက်
ရတဲ့အသံက ရွာဦးကျောင်းဖက်ဆီကနေ ဆက်တိုက် ထွက်ပေါ်လာတဲ့
အုန်းမောင်းခေါက်သံလိုလို သံချောင်းခေါက်သံလိုလို အသံတွေပါ။
“ယောက်ျားမှန်ရင် အကုန်ထွက်ဟေ့ … ထွက်ဟေ့ ..” လို့ ခေါ်သံ
တွေကြောင့် တုတ်တွေ၊ ၀ါးလုံးတွေ၊ ဓါး အတိုအရှည်မျိုးစုံကို ကိုင်ဆောင်
ထားတဲ့ ရွာသားများဟာ ရွာအလယ် လမ်းမပေါ် ရောက်ကုန်ပါပြီ။

ရွာဦးကျောင်းကို ဦးတည်ပြီး ထွက်ခွာလာတဲ့ လူအုပ်စုကြီး ရွာဦးကျောင်း
မရောက်ခင်မှာ သူတို့မီးရောင်တွေရှေ့ ပြေးလာနေတဲ့ ကပ္ပိယကြီး
အပါအ၀င် ကိုရင်ငယ်တွေပါ ….
“အဘဖိုးဆောင်၊ ဘာဖြစ်တာလဲ …”
“လက်တွေ … လက်တွေ … ထွက်လာတယ် … အများကြီးပဲ …”
“ဘယ်က လက်တွေလဲ … ဘာတွေ ဖြစ်နေတာလဲ ကိုရင်၊
တပည့်တော်တို့ကို မိန့်တော်မူပါအုံး ….”
“ကျောင်းအပြင်ဖက်က ညည်းသံတစ်ခုကြားရတာဗျ၊ အဲဒါနဲ့
ကပ္ပိယကြီး နိုးပြီး ကိုရင်တို့ အားလုံး ကျောင်းပေါက်ဝဆီ
ထွက်လိုက်တော့ မြေကြီးထဲကနေ လက်တွေ အများကြီး ထွက်
လာတယ်၊ အများကြီးမှ တကယ့် အများကြီး …”
“အခုရော ရှိသေးလား …”
“ဒါကာကြီးတို့ မယုံရင် သွားကြည့်ကြ၊ ကပ္ပိယကြီးက အုန်းမောင်း
စ’ခေါက်တာ၊ ကိုရင်တို့လည်း သံချောင်းတွေ ဆက်တိုက်လိုက်
ခေါက်တာပေါ့၊ ညည်းသံက ပိုပိုပြီး ကျယ်လာတယ်၊ အဲဒါနဲ့ ရွာထဲ
ကို အခုလို ပြေးလာကြတာ …”
“ခုတ်ဗျာ၊ အဲဒီ မြေကြီးထဲက ထွက်လာတယ်ဆိုတဲ့ လက်တွေ
အကုန်လုံးကို ခုတ်ပြစ်ဗျာ၊ ဘာတွေလဲ …. ဘာလဲ …”
“ဟုတ်တယ်ဗျာ၊ ခုတ်သာ ခုတ်ပြစ် …”

ရွာဦးကျောင်းဆီကို အလျင်အမြန် ပြေးထွက်သွားသော ဒေါသ
ထွက်နေသည့် ရွာသားများကို အဘစံ မတားနိုင်ခဲ့ပါ။ ကျန်ရစ်ခဲ့တဲ့
လူတွေလည်း ပုံမှန်ခြေလှမ်းကိုယ်စီဖြင့် နောက်ကနေ လိုက်ခဲ့
ကြပါတယ်။ လက်နှိပ်ဓါတ်မီးရောင်တွေကြောင့် ရွာဦးရှိတဲ့ ရွာထိပ်
ဖက်ကို ရောက်ဖို့ သိပ်မဝေးတော့ကြောင့် အားလုံး သိနေကြပါ
တယ် ….“ လာကြပါအုံး …. ဟာ …ဟာ … ဆွဲချသွားပြီ …”။
အသံတွေ ထွက်ပေါ်နေတဲ့ ရွာဦးကျောင်း ပတ်ဝန်းကျင်ဆီ
ရောက်လုဆဲဆဲမှာ သူတို့အားလုံး အရမ်းကို အံအားသင့်သွား
ပါတယ်။ ဓါးကိုယ်စီ ကိုင်ထားတဲ့ ရွာသားအချို့ဟာ လေထဲမှာ
တစ်ခုခုကို မြင်ရတဲ့ပုံစံမျိုး ရမ်းသန်းပြီး လှမ်းခုတ်နေကြဆဲပါ။
လမ်းပေါ်မှာ ကြွက်တွင်းလို အပေါက်ပေါင်းများစွာ ဖြစ်နေပါတယ်။
မနီးမဝေး ခပ်လှမ်းလှမ်းတော့ ရွာသားတစ်ယောက် မြေကြီးထဲ
ကိုယ်တစ်ပိုင်းလောက် ၀င်နေလို့ ကျန်ရွာသားနှစ်ဦးက အသဲအသန်
ဆွဲထုတ်နေပါတယ်။

“ကျုပ်တို့တတွေ ဒီနားရောက်တော့ လမ်းပေါ်မှာ အခုလို ချိုင့်ခွက်
တွေ ဖြစ်နေတာ တွေ့ရတယ်၊ ဒါနဲ့ ဓါတ်မီးနဲ့ တွင်းတွေထဲ ထိုးကြည့်
တော့ ရုတ်တရက် လက်တွေ ထွက်လာတယ်ဗျ၊ အများကြီး တကယ့်ကို
အများကြီးပဲ၊ လူလက်မှ လူလက်စစ်စစ်တွေ၊ အဲဒါနဲ့ ကျုပ်တို့လည်း
ထွက်လာတဲ့ လက်တွေ လိုက်ခုတ်တာပေါ့၊ ဟိုကောင် “ပိုက်ကြီး”က
ရှေ့ဆုံးကနေ လိုက်ခုတ်တာ၊ အဲလို ခုတ်နေရင်းကနေ ပိုက်ကြီးရဲ့
ခြေထောက်ကို အောက်ကနေ ဆွဲချလိုက်တာဗျာ အခုမြင်နေရတဲ့
အတိုင်း ကိုယ်တ၀က် မြေထဲ ၀င်သွားတာပဲ၊ ဒီလောက် မာတဲ့ မြေကြီး
ထဲ တွင်းတူးပြီး ၀င်မယ်ဆိုရင်တောင် မလွယ်တဲ့ဟာကို … ဘာတွေလဲ
… လူတော့ မဖြစ်နိုင်ဘူး၊ တစ္ဆေတွေလား …”

ကိုပိုက်ကြီးကို တွင်းထဲက ဆွဲထုတ်လာတော့ သူ လုံးဝ သတိမေ့
နေပါပြီ။ ထင်ကြေးအမျိုးမျိုး ပြောဆိုနေသော သူတို့အားလုံး
သတိလစ်နေဆဲ ကိုပိုက်ကြီးကို သယ်ဆောင်ပြီး ရွာလယ်က
အဘစံတို့ခြံဆီ ပြန်လာခဲ့ကြပါတယ်။ ရွာတောင်ပိုင်းနဲ့ မြောက်ပိုင်း
က ရွာသားတွေလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာ
ကြပါတယ်။

“ဘယ်ရွာက ပွဲသွင်းနေလဲ မသိဘူး အဘစံ၊ ဆိုင်းသံတွေတော့
ကြားနေရတယ် ….”
“သာဂိ၊ မင်းပါးစပ် ပိတ်ထား၊ အဲဒါ ပွဲ မဟုတ်ဘူး …”
“ဗျာ၊ ကိုမြ၊ ဒါ ပွဲ မဟုတ်ရင် ဘာလဲ၊ ဘယ်အိမ်က ဒီအချိန်ကြီး
ကတ်ဆက်ဖွင့်မှာလဲ …”
“ဒါ ကျတ် မြူးနေတာကွ၊ ကျတ်ကုန်းမှာ ကျတ်တစ္ဆေတွေ မြူးနေတာ …”
“မောင်မြ၊ ဒါ ကျတ် မဟုတ်လောက်ဘူး ….”
“ဗျာ၊ ဒါ ကျတ် မဟုတ်ရင် ဘာလဲ အဘစံ …”
“အဲဒါကို အစိမ်းတိုက်လို့ ခေါ်တယ် …”

အဘစံရဲ့ စကားအဆုံးမှာ ရွာသားတွေ အားလုံး တိတ်ဆိတ်သွားကြ
ပါတယ်။ အဘစံ ရှင်းပြသလို ထွက်ပေါ်နေဆဲ အသံဟာ တစ်နေရာ
တစ်ဖက်တည်းကနေ ထွက်လာတာမျိုး မဟုတ်ပါဘူး။ ရွာရဲ့ အရပ်
မျက်နှာ အဖက်ဖက်ကနေ ပေါ်ထွက်နေတာပါ။ ရွာ စည်းရိုးနံဘေးမှာ
နေထိုင်ကြတဲ့ မိသားစု အတော်များများဟာ အိပ်ချင်မူးတူးဖြင့် ရွာ
အလယ်ပိုင်းသို့ တစ်စုပြီး တစ်စု ရောက်လာကြပါတယ်။ အဘစံ
အပါအ၀င် လူကြီးတချို့ရဲ့ အပြန်အလှန် ပြောဆိုစည်းဝေးသံတွေ
ကြောင့် ည သန်ခေါင်ယံဟာ ဆူဆူညံညံ ဖြစ်လျက်ပါ။ ရွာလူကြီး
တွေရဲ့ အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်တချို့ ထွက်ပေါ်
လာပါတယ်။ ရွာထဲရှိ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုး
သမီးများ အားလုံး ဒီတစ်ညတော့ ရွာအလယ်ပိုင်းမှာ နေထိုင်တဲ့ အဘစံ
တို့အိမ်အပါအ၀င် အိမ် နှစ်ဆယ်ခန့်မှာ စုပေါင်း အိပ်စက်ဖို့ပါ။ အမျိုးသား
တွေကတော့ အနီးစပ်ဆုံးမှာရှိတဲ့ တုတ် ဓါးတွေ ကိုင်ဆောင်ပြီး ဘာမှန်း
မသိတဲ့ အန္တရယ်တွေအတွက် ကာကွယ်ပေးဖို့ပါ …။

မနေ့ညက ထူးထူးဆန်းဆန်း ကြုံတွေ့ခဲ့ရတဲ့ ကိုမောင်ငြိမ်းတို့ မိသားစု
အပါအ၀င် မိသားစု (၄)စုတို့ဟာ တစ်ညတာ ခေတ္တ နားခို အိပ်စက်ဖို့
မိကျော့တို့ ခြံဝိုင်းလေးထဲ ရောက်လာကြပါတယ်။ အဖွားနဲ့ ဒေါ်ခင်မှုံ
တို့ရဲ့ နွေးထွေးစွာ ကြိုဆိုသံတွေကြောင့် သူတို့အိမ်လေးလည်း ည
သန်ခေါင်ယံမှာ စည်းကား နေပါတယ်။

“ကိုကြီးငြိမ်း၊ တော် မနေ့က ဖြစ်တာ တကယ်ပဲလား …”
“မိကျော့ရယ်၊ ငါက အရှက်ကွဲခံပြီး ပေါက်ကရ ပြောပါ့မလား …”
“မောင်ငြိမ်းရေ၊ မင်းနှမ အမေးအမြန်း ထူတယ်နော်၊ သည်းခံပါအုံးကွယ်
ဒေါ်လေးလည်း ပြောမရလို့ လက်ရောခြေပါ မြှောက်ထားရတယ် …”
“ရပါတယ်၊ အရီးရယ်၊ ကျုပ်က စိတ်မဆိုးပါဘူး၊ သူတို့က မကြုံဘူး
တော့ မယုံပါဘူး ပြောမှာပေါ့ …”

အခန်း(၇)

လင်းကြက်တွန်ချိန်ရောက်မှ တစ်ညလုံး အိပ်ရေးပျက်နေတဲ့ သူတို့
အားလုံး အိမ်အောက်ထပ်ရှိ ကွပ်ပျစ်ပေါ်မှာ အိပ်ဖို့ နေရာခင်းကျင်း
ကြပါတယ်။ မနက်စောစော လယ်ယာလုပ်ငန်းဝင်ဖို့ ရွာသားတချို့လည်း
မိမိတို့အိမ်ဆီ ပြန်ဖို့အတွက် နိုးလာကြပါတယ်။ မိကျော့အကို ကိုမျိုးသိမ်း
တစ်ယောက် မီးရထားပေါ် ဈေးရောင်းသွားဖို့အရေး မနက်အစောကြီး
ရေထ’ချိုးနေပါတယ်။ အဘစံတို့ အိမ်မှာ တစ်ညတာ သီတင်သုံးခဲ့တဲ့
ကိုရင်ငယ်တွေလည်း ရွာဦးကျောင်းဖက်ပြန်ဖို့ ပြင်ဆင်နေကြပါတယ်။
ကွပ်ပျစ်ပေါ် ကျောဆန့်ရင်း စိုးထိုက်တစ်ယောက် မှေးကနဲ အိပ်ပျော်
သွားပါတယ်။

“အဘစံရေ၊ အဘစံ၊ လုပ်ကြပါအုံးဗျာ၊ ကျုပ်တို့ တရွာလုံး ဒုက္ခရောက်
နေပြီ၊ ထ’ပါအုံး အဘစံ …” လို့ ပြောဆိုသံတွေကို အိမ်မက်လိုလို
တကယ်လိုလို နားထဲ ကြားနေရပါတယ်။ အိပ်ယာကနေ လန့်နိုးလာ
တော့ အဘစံတို့ ခြံဖက်မှာ လူအများအပြား ဆူညံနေကြဆဲပါ …။
“မင်း တွေ့ခဲ့တာ တကယ်ပဲလား …”
“တကယ်ပါ အဘစံ၊ ရွာထိပ်ရောက်တော့ ကျုပ်တို့ ရွာထိပ်မှာ ဘာ
လမ်းမှ မရှိတော့ဘူး၊ ရေတွေ ဖွေးနေတာပဲ၊ ဟိုဖက်ကို လှမ်းကြည့်
လိုက်တော့ တောကြီးဖြစ်နေတယ်၊ မြို့ဖက်ကို သွားတဲ့ “တာရိုး”
လမ်းလည်း မရှိတော့ဘူး ….”
“ရွာနံဘေး ပတ်ဝန်းကျင်ကိုလည်း သေသေချာချာ ကြည့်ကြပါအုံး
ကွာ၊ ဘယ်က ရေတွေ ဒို့ရွာထိပ် ရောက်နေတာလဲ …”


(ဆက်ရန် ….။)

-စစ်ငြိမ်းဒီရေ

18 comments:

rose said...

ကိုအောင်ရေ... လွင်ပြင်ခေါ်သံ လာဖတ်တယ်။ တစ်ပိုင်း တစ်ပိုင်းက တိုလိုက်တာ။ ပြီးတော့ အပိုင်းတွေက တစ်ခုနဲ့ တစ်ခု တင်တာ အချိန်က အရမ်း ကွာတော့ အခု အပိုင်း ၄ ဖတ်တော့ အရှေ့ကပာာတွေ မေ့တေ့တေ့ ဖြစ်ကုန်ရော။

Evy said...

နောက်တစ်ပိုင်းကိုမျှော်နေပါတယ် မြန်မြန်ရေးနိုင်ပါစေ။ ဒါတစ်ရွာလုံးရွှေ့သွားတဲ့ ဇတ်လမ်းဆိုတာ ခုမှ သဘောပေါက်စပြုတယ် :D

ZT said...

နောက်တစ်ပိုင်း မျှော်နေပါတယ် ဆရာအောင် ရယ်။ :D

...အလင်းစက်များ said...

ဟူး... မျှော်လိုက်ရတာ... ခုမှပေါ်လာတယ်..

Lorem Ipsum said...

စာလာဖတ်သွားပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

မျှော်ရတာ စိတ်မောတယ် ကိုအောင်ရာ
အားလုံးပေါင်းပြီးမှ လာဖတ်တာပိုကောင်းမယ်ထင်တယ်
မဟုတ်ရင် ဆံ့တငံ့ငံ့ဖြစ်ရတယ်

သိင်္ဂါကျော် said...

မြေကြီးထဲက လက်တွေ ထွက်လာတာ... နိုင်ငံခြားကား ကြည့်နေရသလိုပဲ... စိတ်ဝင်စားစရာ ကောင်းတယ်...

ကိုဇော် said...

စောင့်ဖတ်နေတယ် ကိုအောင်ရေ. . .
အဆက်ပြတ်သွားလို့ အရင်ဟာကို ပြန်နွေးနေရသေးတယ်။
အားရင် ဆက်ရေးပါဦး။ မျှော်လျက်. . .

ahphyulay said...

ကိုအောင်ရေ..
ရောက်ခဲ့ သေးတယ်၊
ပြတ်နေတာလေးတွေနဲ့  ဆက်ဖတ်ခဲ့ မိတယ်။
ဆက်ဖတ်တော့  ဆက်ရန်ကိုဆက်ရအုံးမယ်ပေါ့ နော..။

T2A said...

လုပ်ပြီ........ဖတ်လို.ကောင်းနေပြီဆိုရင် ရပ်ပစ်လိုက်ပြီ ။ ဟူးးးးးးးးးးးးး..............စောင့်ဖတ်နေပါတယ်ဗျာ။

မေဓာဝီ said...

အဖျားပျောက်ခါစ ဒီပို့စ်ဖတ်လိုက်မိတာ ကြောက်ဖျား ထပ်ဖျားရင်တော့ ကိုအောင့်ကြောင့်ပဲ။

လက်တွေ လက်တွေ ... အဲဒီလက်တွေ မျက်စိထဲ မြင်ယောင်ပြီး လန့်နေတယ်။ စောင်ခေါင်းမြီးခြုံ အိပ်မှ။

ဆောင်း said...

ဓါတ်ပုံထဲက လက်ပုံက ဘယ်နိုင်ငံကလဲ
Guildford,Surrey မြို့ လေး ရဲ့ ချောင်းလေးဘေးက သစ်ပင်တွေ အများကြီး ပေါက်တဲ့ နေရာ လေး ရှိတယ်။ သစ်ပင်ကြီးတွေရဲ့ အကိုင်းခက်တွေ ကို နှစ်စဉ် ထိပ်တိ ပါးချတာဘဲ။ မနှစ်က တော့ သစ်ပင်တွေ သင်းသတ်ပြီး အကိုင်းတွေ ကိုလက်ပုံတွေ ထွင်း တယ်။ တခြား အရုပ်တွေပုံ ထုလိုက် ပြီး Park လုပ်ထားတာ သတိထား မိတယ်။ တကယ်လို့ ကိုအောင်က ဒီဓါတ်ပုံကို အင်တာနက်က ရယူထားတာဆိုရင်အင်ဂလန်ကပုံဘဲ။သစ်ပင်ကြီးတွေကို နှမျှော လိုက်တာ။ အရုပ်တွေက ခြောက်ခြားစရာရယ်။

ကိုအောင် said...

ဆောင်းရေ ...
ဓါတ်ပုံက ကျနော် လက်ရှိနေထိုင်တဲ့
Bramming, Denmark မြို့လေးထဲက ပန်းခြံ
ထဲမှာ ကျနော်ကိုယ်တိုင် ရိုက်လာတဲ့ ပုံပါ။

မြစ်ကျိုးအင်း said...

တော်တော်လွန်လွန်ကဲကဲတွေ ဖြစ်နေလို့ ဘယ်လိုအဆုံးသတ်မလဲ စိတ်ဝင်စားမိတယ်။
အဆက်မျှော်နေပါတယ်။

ဆောင်း said...

ဒီပုံတွေက ဇတ်လမ်းကိုအားဖြည့် ထားသလိုဖြစ်နေရော

Anonymous said...

ကိုအောင်ရေ

အခုမှလာဖတ်ရတယ် တကယ်ထူးဆန်းတယ် နော် ဆက်ရန်ကို အခုဘဲဆက်ဖတ်လိုက် ပါမယ် ကျေးဇူးပါနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကိုအောင်ရေ

အခုမှလာဖတ်ရတယ် တကယ်ထူးဆန်းတယ် နော် ဆက်ရန်ကို အခုဘဲဆက်ဖတ်လိုက် ပါမယ် ကျေးဇူးပါနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

ဇာတ်လမ်းက မသန်း။ ဇာတ်ထုတ်က မတုတ် ဖြစ်နေပြီး PDF ပြောင်းပြီးသိမ်းထားမယ် ခွင့်ပြုပေးပါနော် ဟီး