Saturday, 22 January 2011

မေးခွန်းများကို ဖြေကြည့်ခြင်း (၂)

ယခင် အပိုင်းမှ အဆက် ….

ဒုတိယနှင့် တတိယ စစ်ပွဲများ

ပထမ အင်္ဂလိပ်- မြန်မာ စစ်နဲ့ ဒုတိယ အင်္ဂလိပ်- မြန်မာ စစ်ပွဲဟာ
အချိန်ကာလအားဖြင့် (၂၈)နှစ် ကွာဝေးပါတယ်။ အဲဒီ(၂၈)နှစ်အတွင်း
မှာ မြန်မာပြည်ရဲ့ “သက်ဦးဆံပိုင်” အမျိုးသား ဘုရင်များဟာ တိုင်းပြည်ရဲ့
အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု အနည်းငယ်သာ လုပ်ခဲ့ကြပါတယ်။
ဒုတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ စဖြစ်တဲ့ (၁၈၅၂) ခုနှစ်ရဲ့ ပထမ (၃)လ
အတွင်းမှာပဲ ပဲခူးတိုင်း အပါအ၀င် အောက်မြန်မာပြည်တစ်ခုလုံး အင်္ဂလိပ်
စစ်တပ်တို့က ထိန်းချုပ်နိုင်ခဲ့တယ်။ မြန်မာဘုရင် ဖြစ်တဲ့ “ပုဂံမင်း” ကို
သူ့ ညီအကိုတွေဖြစ်တဲ့ “မင်းတုန်းမင်းသား” နဲ့ “ကနောင်မင်းသား” တို့က
ပုန်ကန်နေသောကြောင့် အင်္ဂလိပ်တို့ရဲ့ ကျူးကျော်စစ်အား မခုခံနိုင်ခဲ့ပါ။



ဒုတိယ အင်္ဂလိပ်- မြန်မာ စစ်ပွဲ (၁၈၅၂)နဲ့ တတိယ အင်္ဂလိပ်- မြန်မာ
စစ်ပွဲ (၁၈၈၅) အကြားမှာ အင်္ဂလန်ရှိ ဗြိတိသျှ ပါလီမန်နဲ့ အိန္ဒိယနိုင်ငံရှိ
အင်္ဂလန် ဘုရင်ခံတို့က မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ အရင်းအမြစ်
တို့အပေါ် စိတ်ဝင်စား လာကြပါတယ်။ ဒုတိယ ကျူးကျော်စစ်ကို ရှုံးနိမ့်
ခဲ့တဲ့ မြန်မာ ပဒေသရာဇ်များဟာ နောက်ထပ် ကျူးကျော်စစ်ပွဲများအတွက်
ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အင်္ဂလိပ်လက်အောက် ကျ
ရောက်နေတဲ့ အောက်မြန်မာပြည်အတွင်း အင်္ဂလိပ်အစိုးရ အုပ်ချုပ်ရေးအား
နည်းလမ်းမျိုးစုံဖြင့် ပုန်ကန်တော်လှန်ကြတဲ့ မျိုးချစ် အင်အားစုတွေကို
ကူညီထောက်ပံ့ခဲ့ပါတယ်။

ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် စိတ်အား အထက်သန်ဆုံး
ပုဂ္ဂိုလ်ကတော့ “မင်းတုန်းမင်း” လက်ထက် အိမ်ရှေ့စံ “ကနောင်” မင်းသား
ကြီးပါ။ “ကနောင်” မင်းသားကြီး လုပ်ကြံခံရတဲ့ (၁၈၆၆) ခုနှစ် နောက်ပိုင်း
ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးဟာ လုံးဝ ရပ်တန့် ပျက်ပြား သွား
ပါတယ်။ “မင်းတုန်းမင်း” ကွယ်လွန်ခါနီးနဲ့ “သီပေါမင်း” နန်းတက်စ အချိန်
များအတွင်း မြန်မာ့ နန်းတွင်းရေး အရှုပ်တော်ပုံ ကြီးမားစွာ ပေါ်ပေါက်ခဲ့
ပါတယ်။ “အာဏာ” လုယူနိုင်သူဟု ထင်ကြေးများကြောင့် မင်းညီမင်းသား
များ၊ အိမ်တော်ပါ လူယုံများ အပါအ၀င် ရာနဲ့ချီတဲ့ လူတွေ သတ်ဖြတ်ခြင်း
ခံရပါတယ်။ စည်းလုံးညီညွတ်ရေး ပျက်ပြားပြီး အုပ်ချုပ်ရေး မနိုင်မနင်း ဖြစ်
နေတဲ့ မြန်မာဘုရင်ဟာ (၁၈၈၅) ခုနှစ် နိုဝင်ဘာလမှာ တတိယ ကျူးကျော်
စစ်ကို ရင်ဆိုင်ရပါတယ်။ စစ်ပွဲ စတင်ပြီး (၁၄)ရက် အကြာမှာ အင်္ဂလိပ်စစ်
တပ်ဟာ မြန်မာဘုရင်ရဲ့ နန်းတော်ရှိရာ မန္တလေးမြို့တော်ကို သိမ်းပိုက်နိုင်
ခဲ့တဲ့အတွက် တတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ ပြီးဆုံးသွားပါတယ်။

ကျဆုံးရခြင်း ....

ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲ (၁၈၂၄)မှ တတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ
(၁၈၈၅) အတွင်း မြန်မာနိုင်ငံရဲ့ အမျိုးသား ဘုရင်စနစ်(သက်ဦးဆံပိုင်)
ဟာ နိုင်ငံတော်ကို တိုးတက်အောင်၊ ကာကွယ်ပေးနိုင်လောက်တဲ့ အနေ
အထား မရှိပါဘူး။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာ
(၃)ရပ်စလုံးကို ဘုရင်နဲ့ ဘုရင်က တိုက်ရိုက် ရွေးချယ် ခန့်အပ်ထားတဲ့
မှူးကြီးမတ်ရာ သေနာပတိတွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်တို့ကသာ
ဆုံးဖြတ်ပါတယ်။ နိုင်ငံသား အများစုဟာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်
ရသော ကျေးလက်နေ ပြည်သူများ ဖြစ်ပါတယ်။ ခေတ်နဲ့ လျော်ညီတဲ့
တရားစီရင်ရေး စနစ်လည်း လုံးဝ မရှိခဲ့ပါ။

နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပက်သက်ပြီး သံတမန် ဆက်ဆံရေးမှာလည်း
ညံ့ဖျင်းမှုတွေ ရှိခဲ့ပါတယ်။ ပထမ ကျူးကျော်စစ် မတိုင်ခင် “ဘိုးတော် မင်း”
လက်ထက်က တရုတ်ပြည်သို့ သံတမန် အဖွဲ့တစ်ခု စေလွှတ်ခဲ့ရာ လှည့်
ဖြားမှုတွေနဲ့ ကြုံတွေ့ရပြီး အရှက်တကွဲ ဖြစ်ခဲ့ရတယ်။ ပထမ ကျူးကျော်စစ်
အပြီး နန်းတက်လာတဲ့ “သာယာဝတီ” မင်း လက်ထက်မှာလည်း အင်္ဂလိပ်
သံတမန်တွေနဲ့ ပြေလည်အောင် မဆောင်ရွက်နိုင်ခဲ့ပါ။

သက်ဦးဆံပိုင် အမျိုးသားဘုရင်စနစ်တွင် ဘုရင်အပါအ၀င် မှုးကြီးမတ်ရာ
သေနာပတိအားလုံးတို့ဟာ အဲဒီခေတ် ဘုန်းတော်ကြီးကျောင်းထွက်
များသာ ဖြစ်ပါတယ်။ လွှတ်တော်တွင် အရေးပါ အရာရောက်သူ
အများစုတို့ဟာ ရှင်ဘုရင် မဖြစ်ခင်ကတည်းက ရင်းနှီးခဲ့သော လူယုံ
များ၊ လက်ရဲဇာတ်ရဲ သတ်ဖြတ်ဝံ့သူများ၊ မင်းအလိုလိုက် မင်းကြိုက်အောင်
လျှောက်ထားတင်ပြတတ်သူ အများစုသာ ဖြစ်ပါတယ်။ အတိုက်အခံ
ပြုလုပ်ဝံ့သူ၊ ခေတ်မီတိုးတက်သော အမြင်ရှိသူဟူ၍ အနည်းစုသာ
ရှိခဲ့ပါတယ်။

အမျိုးသားဘုရင်စနစ်ဟာ အာဏာရှင်ဆန်စွာ ကျင့်သုံးခဲ့သောကြောင့်
နိုင်ငံတွင်းရှိ တိုင်းရင်းသားတွေနဲ့လည်း အဆင်မပြေခဲ့ပါ။ တော်လှန်
ပုန်ကန်မှုများကိုလည်း ချေမှုန်းသုတ်သင် ရှင်းလင်းရေး နည်းလမ်းမှ
လွှဲပြီး အပေးအယူ လုပ်ဆောင်တာမျိုး မလုပ်ခဲ့ပါဘူး။ ပထမ ကျူးကျော်
စစ် မတိုင်ခင် “ဘိုးတော် မင်း” လက်ထက် (၁၇၈၃) ခုနှစ်တွင် ဧရာဝတီ
မြစ်ဝကျွန်းပေါ်ဒေသတွင် ထကြွသော မွန်သူပုန်တို့ လက်အောက်သို့
ရန်ကုန်မြို့ပင် ခေတ္တ ရောက်ရှိခဲ့တယ်။

ကျူးကျော်စစ်ပွဲများနှင့် ရင်ဆိုင်ခဲ့သော ဘုရင်များသည် နိုင်ငံတော်ရဲ့
အကျိုးစီးပွား ဓနအင်အားများကို ထင်သလို အသုံးပြုခဲ့ကြတယ်။ ဘုရင်
နှင့် အိမ်ရှေ့စံ ဘုရင်အလောင်းအလျားတို့တွင် အနည်းဆုံး မိဖုရား
လေးယောက်မှ (၅၀) အထိ ရှိကြတယ်။ ဘာသာရေး အယူဝါဒအရ
သေဆုံးပြီး နောင်တမလွန်တွင် ကောင်းသော ဘုံဘ၀ကို မျှော်လင့်ပြီး
နိုင်ငံတော်ပိုင် ငွေကြေးအမြောက်အများကို အာဏာရှင်ဆန်စွာ လှူဒါန်း
သုံးစွဲခဲ့တယ်။ (၁၂)လရာသီ ပွဲတော်များအပြင် ကုန်ကျစရိတ် ကြီးမား
သော ပွဲလမ်းသဘင်များကို ဆင်ယဉ်ကျင်းပ ပြုလုပ်ခဲ့တယ်။ “သီပေါမင်း”
လက်ထက် မန္တလေး နေပြည်တော်တွင် နိုင်ငံတော် ပညာရေး အတွက်
တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် ဘုရင့်လွှတ်တော်အတွင်းရှိ ခေတ်မီတိုးတက်
ရေးကို လိုလားသူများက တင်ပြခဲ့ဖူးတယ်။ ကျောင်းဆရာများအတွက်
မပြောပလောက်သော လစာငွေအား များလွန်းသည်ဟု ထင်ကာ ပြည်သူ
လူထုရဲ့ ပညာရေး အခန်းကဏ္ဍကို ဘုရင်က မျက်ကွယ်ပြုခဲ့တယ်။

ဒုတိယ အင်္ဂလိပ်- မြန်မာ ကျူးကျော်စစ် ဖြစ်ပွားခဲ့တဲ့ (၁၈၅၂)နဲ့ တတိယ
အင်္ဂလိပ်- မြန်မာ ကျူးကျော်စစ် ဖြစ်ပွားခဲ့တဲ့ (၁၈၈၅) ခုနှစ် ကြားကာလ
များအတွင်း နိုင်ငံအတွင်း ရွေ့ပြောင်း အခြေချ နေထိုင်မှု အများအပြား
ရှိခဲ့ပါတယ်။ အင်္ဂလိပ်တို့ အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှ မြန်မာဘုရင်
အုပ်ချုပ်သော အထက်မြန်မာပြည်သို့ ပြောင်းရွေ့နေထိုင်သူဟူ၍
ပြောပလောက်အောင်ပင် မရှိခဲ့ပါ။ မြန်မာဘုရင် အုပ်ချုပ်သော အထက်
မြန်မာပြည်မှ အင်္ဂလိပ်တို့ အုပ်ချုပ်သော အောက်မြန်မာပြည်သို့
အစုလိုက်အပြုံးလိုက် ပြောင်းရွေ့ အခြေချနေထိုင်သူ များစွာရှိခဲ့ပါတယ်။


-စစ်ငြိမ်းဒီရေ

9 comments:

မေဓာဝီ said...

ကိုအောင်ရေးတာ ဖတ်ရမှ ဘုရင်ခေတ်က အားနည်းချက်တွေ အများကြီးဆိုတာ ပိုသိလာရတယ်။ .ဒါကြောင့်လဲ သူတပါးး ကျူးးကျော်သိမ်းပိုက်တာ ခံရတာပေါ့။
ကောင်းပါဘူး သက်ဦးဆံပိုင် အာဏာရှင် စနစ် ဆိုတာ ... ။

ချော(အစိမ်းရောင်လွင်ပြင်) said...

(( သက်ဦးဆံပိုင် အမျိုးသားဘုရင်စနစ်တွင် ဘုရင်အပါအ၀င် မှုးကြီးမတ်ရာ
သေနာပတိအားလုံးတို့ဟာ အဲဒီခေတ် ဘုန်းတော်ကြီးကျောင်းထွက်
များသာ ဖြစ်ပါတယ်။ လွှတ်တော်တွင် အရေးပါ အရာရောက်သူ
အများစုတို့ဟာ ရှင်ဘုရင် မဖြစ်ခင်ကတည်းက ရင်းနှီးခဲ့သော လူယုံ
များ၊ လက်ရဲဇာတ်ရဲ သတ်ဖြတ်ဝံ့သူများ၊ မင်းအလိုလိုက် မင်းကြိုက်အောင်
လျှောက်ထားတင်ပြတတ်သူ အများစုသာ ဖြစ်ပါတယ်။ အတိုက်အခံ
ပြုလုပ်ဝံ့သူ၊ ခေတ်မီတိုးတက်သော အမြင်ရှိသူဟူ၍ အနည်းစုသာ
ရှိခဲ့ပါတယ်။))
ဒီအပိုဒ်လေးဖတ်ပြီး စဉ်းစားမိတယ် ခုခေတ်လွှတ်တော်ဆိုတာရော ဒီလိုမျိုးဘဲ ဖြစ်လေမလားလို့ပေါ့

Eng said...

hello ko aung i dinot find your english wed site howr can i find you learning wed site.pls give i.how can i find you.my gmail is engaung@gmail.com

PhyoPhyo said...

ငယ်ငယ်က အဖေနားထောင်နေတဲ့ ရီကော်ဒါကြီးထဲက စကားတွေ ခုထိ ပြန်ကြားမိရင်ကြောက်တုန်းပဲ .. လည်မျိုကိုတုတ်တိုနဲ့ နှက်တာတို့၊ အာဏာပါးကွက်သားဆို မျက်လုံးထဲ အကွက်အကွက်တွေမြင်ပြီး ငယ်ငယ်က သိပ်ကြောက်တာ၊
နန်းတွင်းအရှုပ်တော်ပုံတွေက တော်တော်ရှုပ်တာနော်၊ အခုနန်းတွင်းမဟုတ်တော့ပေမဲ့လည်းရှုပ်တုန်းပဲ
ရေးထားတာ တိုပြတ်ပြတ်နဲ့ အချက်အလက်အစုံပဲ၊ ဖတ်ရတာရှင်းနေတာပဲ
မသိသေးတာတွေပါ သိရတယ်၊
ဘောလုံးပွဲတွေကြည့်နေသေးလား
ခင်မင်တဲ့

ကိုအောင်(ပျူနိုင်ငံ) said...

Phyo Phyo ရေ
ဘောလုံးပွဲတွေ ကြည့်တုန်းပဲဗျ၊ ပွဲမစခင် ကြိုတင်
ဂိုးတွေကြောင့် အိမ်ပြန်ဖို့ ခက်ခက်ပါပဲဗျာ ...

sosegado said...

ဘာပဲဖြစ်ဖြစ် ဘုရင်ဖြစ်ချင်တဲ့သူတွေ ရှိတယ်၊ တစ်ယောက်ထဲ၊ တစ်ဖွဲ့ထဲမဟုတ်ဘူး၊

JUSTICE999BURMA said...

အမှန်တွေပေမယ့် ဖတ်လိုက်တိုင်း ရင်ဘတ်ကြီးက လေးလေးကျသွားတာပဲ...

မည်သည့်အာဏာရှင်ဆန်သော အုပ်ချုပ်မှုမှ မကောင်းပါလေ...

မြစ်ကျိုးအင်း said...

လက်နက်ချင်းကွာလို့ မယှဉ်နိင်ပေမယ့် ဘုရင်တွေသာ စနစ်တကျနဲ့ စုစုစည်းစည်း ရှိမယ် အာဏာရဖို့ အချင်းချင်း မသတ်ဖြတ်နေဘူးဆိုရင် စစ်ရှုံးရင်တောင် ကိုယ့်ဘုရင်ကို ကြက်ကလေးငှက်ကလေး ဖမ်းသလို ဖမ်းခွင့်ရမှာ မဟုတ်ဘူး။

သဒ္ဓါလှိုင်း said...

ကြိုတင်ဂိုးကြောင့်ပေါ့ ကိုအောင်..။
အမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေလို့ တိုးတိုးလေးသာ
ငြီးနေရတော့တယ်။
ခင်မင်လေးစားလျက်
သဒ္ဓါ