Wednesday, 19 January 2011

မေးခွန်းများကို ဖြေကြည့်ခြင်း ….

ခင်မင်ရင်းနှီးတဲ့ ပြည်ပရောက် အသိမိတ်ဆွေ လူငယ်တစ်ဦးက
ကျနော့်ကို သမိုင်းနဲ့ ပက်သက်ပြီး မေးခွန်းအချို့ မေးပါတယ်။
မေးတဲ့လူကတော့ အားတက်သရော မေးတာပါ။ ကျနော်ကတော့
ကျနော့်သိသလောက်၊ ကျနော် ဖတ်ထားသလောက်နဲ့ ကျနော့်
အမြင်တွေကို ပြန်ဖြေခဲ့ပါတယ်။ သူ မေးတဲ့ ပထမဆုံး မေးခွန်းက
ဗြိတိသျှ ကိုလိုနီစနစ် မြန်မာပြည်ကို ဘယ်လို ရောက်လာသလဲ ...”

အကြမ်းဖျင်း ပြောရရင် အားလုံးသိထားတဲ့အတိုင်း စစ်(၃) ခါ ဖြစ်ပြီး
တနိုင်ငံလုံး ဗြိတိသျှ အင်ပါယာ လက်အောက်ကို ရောက်သွားပါတယ်။
(၁) ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲ (၁၈၂၄- ၁၈၂၅)
(၂) ဒုတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ (၁၈၅၂)
(၃) တတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ (၁၈၈၅)



လိုချင်တာက ...

ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲနဲ့ ပက်သက်ပြီး ကျူးကျော်ခဲ့တဲ့ အင်္ဂလိပ်
တွေနဲ့ ပက်သက်ပြီး အမျိုးမျိုးသော အရေးအသားတွေ ရှိပါတယ်။ ဘကြီး
တော် ဘုရင်ရဲ့ နန်းတက်ပွဲကို “မဏိပူရ” နယ်စား “မဟာရာဇာ” မတက်ရောက်
လို့ မြန်မာဘုရင်ရဲ့ စစ်တပ်တွေ မဏိပူရနယ်ထဲ ၀င်ရောက် တိုက်ခိုက်တယ်။
ရခိုင်ပြည်နယ် “နတ်” မြစ်ဝအနီးက “ရှင်မဖြူ” ကျွန်းကို အင်္ဂလိပ်တို့ မတရား
ကျူးကျော် ၀င်ရောက်ပြီး စစ်စခန်း ဆောက်တယ် စသဖြင့် မှတ်တမ်း တင်
ကြပါတယ်။ အဲဒီကာလက အင်္ဂလိပ်ပိုင် “အိန္ဒိယ”နိုင်ငံမှာ လဖက်ခြောက်
စိုက်ခင်းတွေ အများအပြား ရှိပါတယ်။ မြန်မာပြည်နဲ့ ကပ်လျက်မှာရှိတဲ့
တရုတ်နိုင်ငံ ယူနန်နယ် အပါအ၀င် တရုတ်ပြည်နယ်တွေမှာ “ရေနွေးကြမ်း”
သောက်သုံးတဲ့ ကြီးမားတဲ့ ဈေးကွက်ကြီး ရှိပါတယ်။ အဲဒီ ကုန်သွယ်ရေး
လမ်းကြောင်းကို ရဖို့ မြန်မာပြည်ကို ဗြိတိသျှ အင်္ဂလိပ်တွေ စိတ်ဝင်စား
ခဲ့တာပါ။ မြန်မာပြည်ထဲမှာ ကျွန်းသစ်တောကြီးတွေ၊ ပတ္တမြားတွင်းတွေ၊
ရေနံတွင်းတွေ ရှိတယ်ဆိုတာ ပထမ အင်္ဂလိပ်- မြန်မာ ကျူးကျော်စစ်
မတိုင်ခင်က အင်္ဂလိပ်တွေ လုံးဝ မသိခဲ့၊ စိတ် မ၀င်စားခဲ့ပါဘူး။

ဆုံးရှုံးခြင်း ...

ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲ အပြီးမှာ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီဒေသ
တွေ မြန်မာဖက်က ဆုံးရှုံးရတယ်လို့ စာအုပ် တော်တော်များများမှာ
ရေးသားထားပါတယ်။ ဒါဟာ မပြည့်စုံပါဘူး။ ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်
နိုင်ငံအတွင်း ရောက်ရှိသွားတဲ့ “စစ်တကောင်း”၊ အိန္ဒိယနိုင်ငံအတွင်း ရောက်
ရှိသွားတဲ့ “မဏိပူရ”၊ “ကချာ”၊ “အာသံ” နဲ့ “ဂျိန်းတိယ”တို့ဟာ ပထမ
အင်္ဂလိပ်- မြန်မာ စစ်ပွဲ မတိုင်ခင်က မြန်မာပိုင် ဒေသတွေ ဖြစ်ပါတယ်။
ပထမ အင်္ဂလိပ်- မြန်မာ ကျူးကျော်စစ်ဟာ “ဘကြီးတော်” ခေါ် စစ်ကိုင်းမင်း
လက်ထက်မှာ ဖြစ်ပွားခဲ့တာပါ။ ဘကြီးတော် မတိုင်ခင် သူ့အဘိုး
“ဘိုးတော်” ခေါ် ဗဒုံမင်း လက်ထက်မှာ လူဦးရေ သန်ကောင်စာရင်း
ကောက်ယူထားတဲ့ မှတ်တမ်းအရ မြန်မာပြည်မှာ လူ- ၂,၂၇၉,၀၀၀ ရှိ
ပါတယ်။ မြို့ပေါင်း ၁၈၈ မြို့၊ ရွာပေါင်း ၅၈၈၅ ရွာ ရှိတယ်လို့ မှတ်တမ်း
မှာ ဖော်ပြထားပါတယ်။

ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲအပြီးမှာ မြန်မာတွေဖက်က ဆုံးရှုံးသွားခဲ့တဲ့
ရခိုင်နဲ့ တနင်္သာရီ ဒေသအပါအ၀င် မဏိပူရ၊ ကချာ၊ ဂျိန်းတိယနဲ့ စစ်တကောင်း
ဒေသတွေမှာ ဗြိတိသျှ အင်ပါယာအတွင်း ကျရောက်နေတဲ့ အိန္ဒိယနိုင်ငံက
တိုင်းရင်းသားတွေ ၀င်ရောက် နေထိုင်ကြပါတယ်။ ဒီလိုနဲ့ မြန်မာပြည်
လွတ်လပ်ရေး မရခင် လအနည်းငယ် အလိုမှာ လွတ်လပ်ရေး ရခဲ့တဲ့
အိန္ဒိယနိုင်ငံထဲ စစ်တကောင်း၊ မဏိပူရ၊ ကချာနဲ့ ဂျိန်းတိယ နယ်တွေ ပါ
သွားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ နိုင်ငံဟာ အိန္ဒိယနိုင်ငံထဲက ခွဲထွက်ပြီး
သီးသန့်လွတ်လပ်ရေး ယူခဲ့တဲ့ နိုင်ငံတစ်ခုပါ။ ယခင်က အရှေ့ပါကစ္စတန်
လို့ ခေါ်ဝေါ်ကြပါတယ်။ ပါကစ္စတန်နိုင်ငံက ပိုင်ပါတယ်။ အင်္ဂလိပ်ဆီက
အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ယူတော့ မွတ်စလင်ဘာသာဝင် အများစု
နေထိုင်တဲ့ ဒေသတွေက ခွဲထွက်ပြီး သီးသန့် နိုင်ငံ ထူထောင်ကြတာပါ။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးခါစမှာပဲ ပါကစ္စတန်နိုင်ငံဆိုပြီး ခွဲထွက်ကြ
ပါတယ်။ အဲဒီနောက် မြန်မာပြည်နဲ့ ကပ်နေတဲ့ အရှေ့ပါကစ္စတန်ဒေသ
က သူတို့ကိုယ် သူတို့ “ဘင်္ဂလားဒေ့ရှ်” ဆိုတဲ့ အမည်ကို ယူပြီး ပါကစ္စတန်
ဆီကနေ ထပ်ပြီး ခွဲထွက်ခဲ့တာပါ။ ၁၈၂၄ ခုနှစ် မတိုင်ခင်က မြန်မာပိုင်
“စစ်တကောင်း” ဒေသဟာ ယနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပါသွားပါပြီ။

ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲအပြီး ရခိုင်နဲ့ တနင်္သာရီတွေထက် အဲဒီ
စစ်တကောင်း၊ မဏိပူရ၊ ကချာနဲ့ ဂျိန်းတိယ ဒေသတွေဆီ ဗြိတိသျှ
အင်္ဂလိပ်ပိုင် တခြားဒေသတွေက လူတွေ ၀င်ရောက် အခြေချ နေထိုင်
ကြပါတယ်။ ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲပြီးခါစမှာ မြန်မာပြည် လူဦး
ရေဟာ တပြည်လုံးမှာ (၃)သန်းတောင် မရှိနိုင်ပါဘူး။ ကိုလိုနီခေတ်
နှစ်(၁၀၀)ကျော် ဖြတ်သန်းအပြီး အဲဒီဒေသတွေမှာ နေထိုင်တဲ့ မြန်မာ
နွယ်ဖွား အနည်းအကျဉ်းသာ ရှိနိုင်ပါတော့တယ်။

သူ့ကျေးဇူးကြောင့် ...

ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲအပြီး ချုပ်ဆိုခဲ့တဲ့ “ရန္တပို” စာချုပ် ချုပ်ဆို
ရာမှာ စကားပြန် လုပ်ခဲ့တဲ့သူက အမေရိကန်နိုင်ငံသား ခရစ်ယာန်ဘာသာ
သာသနာပြု “ဆရာယုဒသန်” ဖြစ်ပါတယ်။ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်တဲ့
“ရန္တပို”ရွာဟာ မြန်မာဘုရင် နန်းတော်ရှိတဲ့ “အင်းဝ”နဲ့ (၄၅)မိုင်သာ ဝေး
ပါတယ်။ “အင်းဝ” မြို့ဟာ မြန်မာပြည် အလယ်ပိုင်းမှာ ရှိပါတယ်။ အဲဒီနေရာ
အထိကို အင်္ဂလိပ်စစ်တပ်သိမ်းယူခဲ့တာပါ။ စစ် စဖြစ်တဲ့အချိန်မှာ မြန်မာ
ဘုရင် ပဒေသရာဇ်တွေဟာ ဆရာ ယုဒသန်၊ ဒေါက်တာ ပရိုက်စ်တို့
အပါအ၀င် မြန်မာပြည်ထဲ ရောက်နေတဲ့ အနောက်နိုင်ငံသားတွေကို
အကြောင်းမဲ့သက်သက် ဖမ်းဆီး ထောင်ချထားပါတယ်။ အင်္ဂလိပ်စစ်တပ်
က “မလွန်မြို့”အနီး “ညောင်ပင်ဆိပ်” ရောက်လာတော့ “အောင်ပင်လယ်”
ထောင်ထဲမှာ ချုပ်ထားခဲ့တဲ့ “ဆရာယုဒသန်”ကို ထုတ်ပြီး စကားပြန်
လုပ်ခိုင်းခဲ့ပါတယ်။ မြန်မာတွေအပေါ် သံယောဇဉ် ကြီးမားတဲ့ ဆရာ
ယုဒသန် ကြားဝင် ဆောင်ရွက်ပေးခဲ့လို့ ရခိုင်နဲ့ တနင်္သာရီ ဒေသတွေ
သာ ဆုံးရှုံးခဲ့တာပါ။ “ရန္တပို” စာချုပ် ချုပ်တဲ့အချိန်မှာ အင်္ဂလိပ်စစ်တပ်က
မြန်မာပြည် ထက်ဝက်လောက်ကို သိမ်းထားပြီးသားပါ။ ဒီနေ့အချိန်အထိ
မြန်မာပြည်က သမိုင်းဆရာအများစုက “ရန္တပို” စာချုပ်မှာ စကားပြန်လုပ်ခဲ့
တဲ့ “ဆရာယုဒသန်”ရဲ့ ကျေးဇူးတရားကို သိပ်ပြီး မဖော်ကြပါဘူး။

အပြင်းထန်ဆုံးတိုက်ပွဲ ...

ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲများအတွင်း မြန်မာဘုရင် စစ်တပ်ရဲ့
စစ်ဝန်ကြီး “မဟာဗန္ဓုလ” ဟာ “ဓနုဖြူ” တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။
ဒီသမိုင်းတော့ အားလုံးသိပါတယ်။ “၀က်ထီးကန်ခံတပ်” သမိုင်းတော့
သိပ် မရေးကြ မဖော်ပြကြပါဘူး။ ၀က်ထီးကန်ခံတပ် တိုက်ပွဲမှာ
မဟာဗန္ဓုလ အရိုက်အရာကို ဆက်ခံတဲ့ မြန်မာဘုရင်ရဲ့ စစ်သူကြီး
မဟာသီဟသူရ အပါအ၀င် ရှမ်းစော်ဘွားတစ်ဦး၊ ရှမ်းနဲ့ ကချင်တိုင်းရင်း
သား အမြောက်အများ အသက်စွန့်ပြီး တိုက်ခိုက်ခဲ့တဲ့ အကြီးမားဆုံး
တိုက်ပွဲ ဖြစ်ပါတယ်။ အဲဒီခေတ် စစ်ပွဲတွေမှာ “ခရာ”မှုတ်သံနဲ့ အချက်
ပြလေ့ရှိပါတယ်။ ၀က်ထီးကန်ခံတပ်ဆီ ရှေ့ဆုံးက တက်လာတဲ့
အင်္ဂလိပ်စစ်တပ်က ခရာမှုတ်သံ မှားယွင်းသွားလို့ နောက်ဖက်က အင်္ဂလိပ်
အမြောက်တပ်ဟာ ကိုယ့်လူပေါ် ကိုယ်ပြန်ပြစ်မိပြီး အင်္ဂလိပ်စစ်တပ်
ဝက်ထီးကန်မှာ ၀က်ဝက်ကွဲအောင် ရှုံးနိမ့်သွားပါတယ်။ မြန်မာတွေ
ဖက်က ဗိုလ်ချုပ် မဟာသီဟသူရ၊ ရှမ်း တိုင်းရင်းသားတွေကို ဦးဆောင်
လာတဲ့ “ဗိုလ်မှူး” အဆင့်ရှိ ရှမ်းစစ်သမီး ခေါ် “ဗိုလ်မှူးမင်းသမီး”၊
လမ်းမလျှောက်နိုင်လို့ ထမ်းစဉ်ပေါ်ကနေ ကျဆုံးချိန်အထိ ခုခံခဲ့တဲ့
ရှမ်းစော်ဘွားကြီးတစ်ဦးတို့ အပါအ၀င် ရာနဲ့ချီတဲ့ မြန်မာဘုရင့် အမှုထမ်း
တွေ အသက်ပေးခဲ့ရပါတယ်။ အင်္ဂလိပ်ဖက်ကလည်း ရာနဲ့ချီတဲ့
စစ်မှုထမ်းတွေ ကျဆုံးခဲ့သလို တိုက်ပွဲအပြီးမှာ စစ်သား (၅၀)ကျော်
ပျောက်ဆုံးခဲ့ပါတယ်။ ၀က်ထီးကန် တိုက်ပွဲအပြီး မြန်မာဘုရင်
“ဘကြီးတော်” ထံ တင်ပြချက် တစ်ခုမှာ “သုံးရကုလား ငါးဆယ်ကျော်
နဲ့ လက်နက်အမြောက်အများကို အရှင့်ထံ ဆက်သပါကြောင်း” လို့
ရေးထိုးထားပါတယ်။

(ဆက်ရန် ...။)
(ဓါတ်ပုံက ကိုမျိုးဝင်းဇော်ရဲ့ ဘလော့ကပါ ...)


-စစ်ငြိမ်းဒီရေ

11 comments:

မေဓာဝီ said...

ငယ်ငယ်တုန်းက သမိုင်းကျက်ရင် သက္ကရာဇ်တွေ ခဏခဏမေ့ အဖြစ်အပျက်တွေ ရောထွေးနဲ့ စိတ်ညစ်ခဲ့ဖူးတယ်။
ကိုအောင် ခုလို ရေးထားတော့လဲ ဖတ်လို့ အကောင်းသားပဲ။

PhotoVigor said...

interested in history since young. Will be waiting for the next post.
Cheers.

နေ၀သန် said...

အတော်စိတ်ဝင်စားဖို့ ကောင်းတယ် ကိုအောင်ရေ... ဆက်လက်ရေးသားတာကို စောင့်နေပါဦးမယ်...


ခင်မင်တဲ့
နေ၀သန်

ahphyulay said...

ကိုအောင်ရေ..
ကောင်းတယ်ဗျာ..၊
ဖတ်ရင်းနဲ့  မာန်တွေ တက်လာသလိုပဲဗျ။
အဲ့ ဒါက ပြည်ပရန်ကို ခံချနေတဲ့  တရားသောစစ်လေ။
အဲ့ ဒီတုံးကတော့  ပြည်သူနဲ့ တစ်သားထဲနေမှာပါပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

သမိုင်းသင်ခဲ့ရတုန်းက မသိရတာတွေ သိသွားရပြီကိုအောင်ရေ.. ကျေးဇူးပါ။
ဒီလို သမိုင်းကြောင်းတွေကိုစိတ်ဝင်စားမိတယ်.. အဲ မှန်ကန်တဲ့သမိုင်းကြောင်းပေါ့နော်.. ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ သမိုင်းကို ပြောတာတော့ မဟုတ်ပါး)

Anonymous said...

ကိုအောင် ရေ

သမိုင်းကြောင်းလေးတွေ ဖတ်သွားတယ် မအအောင်ပေါ့
ဒါနဲ့ သရဲ အဆက်လေးတွေ ရေးပေးပါအုန်း မေ့များနေသလားလို့ပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သစ်နက်ဆူး said...

ကိုအောင်
တကယ်ကို မှတ်သားစရာ ၊သိထားစရာ ကောင်းတဲ့
သမိုင်းကြောင်းတွေပါ..။
သမိုင်းဆိုတာ လက်ရှိခေတ်အနေနဲ့ ကြည့်ရင် ဟောင်းသွားပြီဆိုပေမယ့်..
အဲဒီရာဇ၀င်ထဲက အဟောင်းတွေက တန်ဘိုးရှိပြီး လွမ်းစရာတွေ ချည်းပါဘဲ..။
ဆက်ရန်ကို မျှော်နေပါတယ် ကိုအောင်....

ကိုအောင် said...

အမကြီး မရွှေစင်ဦး ခင်ဗျာ
လက်ရှိပို့စ်ကို နောက်ထပ် တစ်ပုဒ်
ထပ်တင်ပြီးရင် ခဏ နားထားပြီး ရေးလက်စ
သရဲဇာတ်လမ်းကို ဆက်ရေးပါ့မယ် ...
ခင်မင်လျက်

ကိုဇော် said...

ကျေးဇူးပဲ ကိုအောင်ရေ . . .
သမိုင်းက ညံ့တော့ မှတ်ရတာ ရောတယ်။

sosegado said...

နိုင်တဲ့သူတွေရေးတဲ့သမိုင်း ရှုံးတဲ့သူတွေရေးတဲ့ သမိုင်း
အနည်းအကျဉ်းတော့မှန်ပါလိမ့်မယ်၊
ကပ္ပလီကျွန်းကို မြန်မာပိုင်သင်တာပေါ့လို့ အဆိုပြုခဲ့ကြသေးတယ် စစ်တကောင်းတောင်ပြန်မရတဲ့အချိန်က။

မြစ်ကျိုးအင်း said...

စစ်ရှုံးလို့နယ်မြေပါသွားတာက ဖြေသာပါသေးတယ်။ ဟိုခေတ်က သူရဲကောင်းတွေကိုလည်း ခုခေတ်အထိ လေးစားနေကြသေးတယ်။ ကိုယ့်ခေတ်ရောက်မှ သယံဇာတတွေ ပြည်သူမသုံးရဘဲ ကုန်ခမ်းရတာ နောက်လူတွေ ဘယ်လိုပြောကြမလဲ.....