Saturday 15 January 2011

ရောင်နီလာ နံနက်ခင်းဆီသို့ (အပိုင်း- ၃)

ရေးသူ- ကိုမောင်မောင်ဝမ်း (Jan 14, 2011)
ယခင် အပိုင်း(၂)မှ အဆက် …

"Freedom is not free."
"လွတ်မြောက်မှုဆိုတာ အလကား မရဘူး။

လူငယ်တွေ ခဏခဏ မေးတတ်တဲ့ မေးခွန်းတွေက ခေါင်းထဲကို အစီအရီ
ဝင်လာတယ်။နိုင်ငံရေးဆိုတာ ဘာလဲ။၊ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာ
နိုင်ငံ လူထုလှုပ်ရှားမှုတွေက ဘာလို့ပေါ်ပေါက်လာရတာလဲ။ အနာဂတ်
မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေက ဘာတွေများလဲ။….စတဲ့…
စတဲ့ မေးခွန်းတွေ………….။

“အကို..နိုင်ငံရေးဆိုတာ ဘာလဲ” စန်းမောင်ရဲ့အနှစ်သာရ ပြည့်ဝလှတဲ့
မေးခွန်းလေးက ကျနော့်ရင်ကို လှုပ်ခတ်သွားစေခဲ့တယ်။ ဒီမေးခွန်းဟာ
ကျနော် သိပ်ပြောချင်နေတဲ့ အကြောင်းအရာပေါ့……..တော်တော်များများ
သော လူထုကြီးဟာ နိုင်ငံရေးလို့  ဆိုလိုက်တာနဲ့ သီးခြားလုပ်ငန်းစဉ်တခု
လို ယုံကြည်နေကြတာကိုး။

“နိုင်ငံရေးဆိုတာ လူသားတွေရဲ့ အရေးပဲကွ… ပညာရှင် အသီးသီးက
ရူထောင့် အသီးသီးကနေ အဓိပ္ပါယ်တွေ… ဖွင့်ဆိုထားတာတော့ ရှိတာ
ပေါ့ကွာ..ဒါပေမယ့် ခြုံလိုက်ရင်..ဒီအဖြေပဲ ထွက်ပါတယ်…လူသား
တွေရဲ့ အရေးမှန်သမျှ နိုင်ငံရေးပဲ… နိုင်ငံရေးကို... မျက်ကွယ်ပြုခြင်း
ဟာ… လူသားတွေရဲ့အရေးကို မျက်ကွယ်ပြုခြင်းပဲ… ငါ ဒီလိုပဲ
ယုံကြည်တယ်… တကယ်မှာက နိုင်ငံရေးဆိုတာ မွန်မြတ်သန့်စင်တဲ့
အလုပ်ပါ… နိုင်ငံရေးဆိုတာကို စက်ဆုတ်သွားအောင် ခေတ်
အဆက်ဆက် နာမည်ဆိုး နိုင်ငံရေးသမားတွေနဲ့ စစ်အာဏာရှင်တွေရဲ့
တဘက်သတ် လှုံ့ဆော်မှုတွေကြောင့် တို့(ဒို့)နိုင်ငံမှာ..နိုင်ငံရေးဆိုတဲ့
အသံလေးကြားလိုက်တာနဲ့ လူတော်တော်များများက တုန်လှုပ်သွား
တတ်ကြတယ် မဟုတ်လား….”



“သိပ်မှန်တာပေါ့ အကိုရာ..လူတော်တော်များများက… နိုင်ငံရေးဆိုတာနဲ့
ဝေးဝေးက ရှောင်ပြေးတော့တာပဲ” ကိုသွေးရဲ့ခံစားမှု စကားလုံးတွေက
တချက်တချက် ဝေ့တိုက်ခတ်လာတဲ့ အညာလေနုအေးလေးနဲ့ အတူ
ထွက်ပေါ်လာတော့...

“ငါ တခါက..အခု ကြံ့ဖွတ်အဖွဲ့က မြို့နယ် အတွင်းရေးမှုး အောင်နိုင်နဲ့
မင်္ဂလာဆောင် တခုမှာ သွားဆုံဖြစ်တယ်ကွ... မလွှဲသာလို့ ဆုံလိုက်ရတဲ့
သဘောပါ..။ သူက ငါနဲ့စကားပြောရမှာကို အတော်စိုးရိမ်နေတဲ့ အကောင်ကွ
… ဆုံကြတော့လည်း… ဟိုဟိုသည်သည် ရောက်သွားတော့တာပေါ့….
သူက ဘာပြောသလဲ ဆိုတော့…..”
“သူငယ်ချင်း… ငါနိုင်ငံရေး မလုပ်တော့ဘူး… ငါ့ကိုနားလည်ပါ ” တဲ့………။
ကောင်းရောကွာ..။ ငါကလည်း စိတ်ပေါက်ပေါက်ရှိတာနဲ့…”မင်းတို့ အဖွဲ့က
လုပ်နေတာတွေက နိုင်ငံရေးမဟုတ်လို့ နတ်ပြည်ရေးတွေ လုပ်နေတာလား”
ဆိုတော့…သူ ဘာမှပြန်မဖြေနိုင်တော့ဘူး…။ ထပြီး လစ်ပြေးတော့တာပဲ…

အထူးသဖြင့် တို့(ဒို့)နိုင်ငံမှာ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို စက်ဆုတ်ဖွယ်
ဖြစ်အောင် လုပ်တဲ့နေရာမှာ..စစ်အာဏာရှင် အဆက်ဆက်ဟာ အဓိက
တရားခံပဲ…အင်္ဂလိပ်ဝေါဟာရ ( politics )ကို နိုင်ငံရေးလို့ အဓိပ္ပါယ် မဖွင့်
တော့ဘဲ..တခြားစကားလုံးနဲ့ပြောင်းလဲသုံးရင်း ကောင်းမလားလို့တောင်
စဉ်းစားမိတယ်..”
ဘေးနားမှာ ဘာမှ ၀င်မပြောသေးဘဲ ထိုင်နေတဲ့ ချမ်းမြေ့က ၀င်လာပြီး …
“ဟုတ်တယ်..ကျနော့်အိမ်မှာဆို … ကျနော်က တခါတလေ မြန်မာ့အကြောင်း
ကမ္ဘာ့အကြောင်းလေး နည်းနည်းပါးပါး ဟလိုက်တာနဲ့ အမေက ဇွတ်တား
တော့တာပဲ….။ “ဟဲ့..နိုင်ငံရေးအကြောင်းတွေ လာမပြောနဲ့… နင် ထောင်ထဲ
သွားရလိမ့်မယ်..” ဒီလိုလာတာဗျ…”

“အေးပေါ့ ...လူတော်တော်များများ သိနေတာက..နိုင်ငံရေးလို့ ပြောလိုက်
တာနဲ့ အစိုးရဆန့်ကျင်ရေးလို့ပဲ ပြေးမြင်ကြတာ မဟုတ်လား… နိုင်ငံရေး
သမားဆို… အစိုးရ ဆန့်ကျင်ရေးသမားပေါ့..ထောင်ထဲ ၀င်လိုက်ထွက်လိုက်
လုပ်နေရတဲ့သူ… မကြာခဏ အာဏာပိုင်တွေရဲ့အထုအထောင်း အနှိပ်
အစက်ကို ခံနေရတဲ့ သူ..သူတို့နဲ့ငါ ဆက်ဆံလိုက်ရင်… ငါတို့ပါ ဒုက္ခရောက်နိုင်
တယ်ဆိုပြီး ဝေးဝေးက.အရှောင်ခံရတဲ့သူ..ဒီလိုတွေပဲ မြင်နေကြတယ်…
ဒီအမြင်တွေကို ဒီနေ့လူငယ်ထုကြီးက ဖယ်ရှားပစ်ဖို့ လိုတယ်ကွ..”
ကျနော့်ရဲ့စကားအဆုံး…..

“ဒီ အယူအဆမျိုးကို..ဒီနေ့လူငယ်ထုက..သိပ်လက်မခံတော့ပါဘူး…
ဒါကလည်း..စစ်အာဏာရှင်တွေရဲ့ အမျိုးမျိုးသော..သွေးထိုးလှုံ့ဆော်မှု
တွေကြောင့်…နိုင်ငံရေးအပေါ် ထားရှိတဲ့သဘောထား..လွဲမှားနေတာလို့ပဲ
ကျနော်ထင်တယ်….” စန်းမောင်က စကားပြောနေရင်းက..မျက်လုံးကို
တခြားနေရာဆီ ပြောင်းကြည့်ရင်းက…၊ အားလုံးကလည်း ဦးတည်ကြည့်
လိုက်ကြတယ်…..။ ထက်အောင်….ပင်နီတိုက်ပုံ နဲ့ ကချင်လုံချည်နဲ့ကို
စမတ်ကျကျ ၀တ်ဆင်ပြီး ရောက်လာတယ်။ ကျနော် သူ့ကိုကြည့်ပြီး
တချက်ပြုံးမိလိုက်တယ်…..။ ထက်အောင်က မလုံမလဲ အမူအရာနဲ့...
“အကိုက ..ကျနော့်ကိုကြည့်ပြီး…ဘာပြုံးနေတာလဲ”

“မဟုတ်ပါဘူးကွာ..မင်းကို..သဘောကျလို့ပါ..။ တချိန်က ထက်အောင်နဲ့
လုံးလုံးခြားနားသွားလို့ပါ..။တချိန်က ငါမြင်ဖူးတဲ့ ထက်အောင်က …ဆံပင်က
ဘာရောင်တွေ ဆိုးထားမှန်းမသိဘူး။ ဖွာလန်ကျဲလို့...။ နားမှာကလည်း
အပေါက်ပေါင်းစုံ ..နားကွင်းပေါင်းစုံ..။အကျီအ၀တ်အစားက..ကြောင်ကြောင်
ကျားကျား ၀တ်ဆင်တတ်တဲ့..မင်းကို..အခုမြင်ကွင်းနဲ့ကြည့်ပြီး လေးစားသွားလို့ပါ”
ထက်အောင်က သဘောကျသွားပုံရတယ်….။

“ ဒီတခါတော့..ကျနော်လဘက်ရည်ဖိုး ရှင်းပါ့မယ်ဗျာ”
အားလုံးက လှုပ်လှုပ်ရွရွနဲ့..”စားကြ..မှာကြ..” ဆိုတဲ့ ဟန်တွေ လုပ်ပြကြရင်း
အားလုံး ၀ိုင်းရီလိုက်ကြတယ်။
“အကို ..ဟိုနေ့က ရှင်းပြခဲ့တဲ့..ဒီမိုကရေစီဆိုတာ ပေါင်းစပ်တန်ဘိုးဖြစ်တဲ့ နိုင်ငံရေး
အယူအဆနဲ့တွဲသုံးကြတယ်ဆိုတဲ့ဟာကို ဆက်ရှင်းပေးပါဦး ”
ကိုသွေးက စကားလမ်းကြောင်းပေးလာတော့….

“ဒီလိုကွ…မျက်မှောက် ကမ္ဘာကြီးမှာ..ဒီမိုကရေစီကို နိုင်ငံရေးပုံစံ ၃ မျိုးနဲ့တွဲ
သုံးလာတာကို တွေ့ရတယ်..။ ဒါတွေကတော့..(တစ်)..လွတ်လပ်တဲ့ဒီမိုကရေစီ
(liberal Democracy)… (နှစ်)မလွတ်လပ်တဲ့ ဒီမိုကရေစီ (illiberal Democracy)။
(သုံး)အစ္စလမ်မစ် ဒီမိုကရေစီဆို ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါတယ်…။
ငါ စရှင်းပေးမှာက မလွတ်လပ်တဲ့… ဒီမိုကရေစီ အမျိုးအစား။ အခု စစ်အစိုးရ
ကပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ မလွတ်လပ်တဲ့
ဒီမိုကရေစီအမျိုးစားပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ။
နောက် အင်ဒိုနီးရှားနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီပုံစံတွေဟာ
မလွတ်လပ်တဲ့ ဒီမိုကရေစီအမျိုးစားတွေပဲ..”
“လက်ဝဲ ဆိုရှယ်လစ်၊ကွန်မြူနစ်နိုင်ငံတွေမှာ..ဒီမိုကရေစီစနစ်ကို …
ကျင့်သုံးခဲ့တယ်ဆိုတာ..ဟုတ်ပါ့မလားအကို”

“လူထုက ရွေးချယ်တင်မြှောက်ခဲ့တယ်ဆိုတဲ့ လမ်းကြောင်းကိုတော့ ရွေးချယ်
ခဲ့တယ် ဒါကို ဒီမိုကရေစီ ကျင့်သုံးခဲ့တယ်လို့ ပြောကြတာပဲ….။ ဒါပေမယ့်
လူထုဆန္ဒ စစ်စစ်မှန်မှန်နဲ့ ဘာကိုမှ ရွေးချယ်လို့ မရတာတော့ သေချာတယ်။
တို့(ဒို့)နိုင်ငံမှာ နှစ်ပေါင်း ၂၆-နှစ် အုပ်စိုးသွားခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
ပါတီကိုပဲ ပြန်ကြည့်ကွာ။ မင်းတို့ကငယ်သေးတော့ ဘယ်သိပါ့မလဲ…။
လေးနှစ်တကြိမ် ရွေး ကောက်ပွဲကျင်းပတော့ အတိုက်အခံပါတီဆိုတာ မရှိဘူး
သူတို့ပါတီက တိုက်ရိုက်ချပေးတဲ့ ကိုယ်စားလှယ်တွေကို ပြိုင်ဘက်မရှိ
လူထုက မဲပေးရတာ…လူထုမှာ ရွေးချယ်ခွင့် မရှိဘူး။ သဘောကတော့
လူထု စိတ်ကြိုက်ရွေးချယ်ပေးနိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ ဒီမိုကရေစီကို
လက်တလုံးခြား လှည့်ပြီး ကိုယ်စားလှယ်တွေကို လူထုက သွား အသိအမှတ်
ပြုရတဲ့သဘောလောက်ပဲ ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ၂၆-နှစ်အကြာ ၁၉၈၈
လူထုအရေးတော်ပုံကြီးနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ..ကျဆုံးသွား
ခဲ့ရတယ်…”

“အဲဒီပါတီဟာ… ဒီမိုကရေစီကျင့်သုံးခဲ့တယ်လို့ ပြောလို့ရသလား”

ချမ်းမြေ့က ရေနွေးခရားထဲက ရေနွေးကိုထည့်ရင်း မေးလိုက်တယ်။
“ငါ ရှေ့မှာပြောခဲ့သလိုပဲ..။ လူထုက ရွေးချယ်ပေးရတယ်ဆိုကတည်း
က..ဒီမိုကရေစီပုံစံလို့ ပြောမယ်ဆိုပြောနိုင်တာပေါ့.. ဒါပေမယ့် တကယ့်
ဒီမိုကရေစီ အနှစ်သာရမှာ..လွတ်လပ်တဲ့ သဘောဆန္ဒဆိုတာပါတယ်။
အာဏာရှင်နိုင်ငံတွေ..တပါတီစနစ်ကြီးစိုးတဲ့နိုင်ငံတချို့မှာ လူထုဆန္ဒ ခံယူပွဲ
တော့ လုပ်ပါရဲ့ တကယ်ရော လူထုဆန္ဒပါရဲ့လား။ လွတ်လပ်စွာရွေးချယ်
နိုင်တဲ့ ဆန္ဒတွေ ရှိရဲ့လား..သေသေ ချာချာ လေ့လာကြည့်တော့ မရှိဘူး
လုံးဝ မရှိဘူး… လူထုကို အကြောက်တရားတွေနဲ့ လွှမ်းမိုးပြီး..သူတို့ဖြစ်ချင်
တာတွေကို စေခိုင်းတဲ့ အနေအထားတွေပဲရှိတယ်။ ဒါကို ဒီမိုကရေစီ ရှိသယောင်
အသံကောင်း ဟစ်ထားတယ်..။ ဒါကိုပဲ သူတို့က ဒီမိုကရေစီလို့ သတ်မှတ်ခဲ့တယ်။
အကို ပြောခဲ့သလိုပဲ..။ ဒီပုံသဏ္ဍာန်ကို ဒီမိုကရေစီလို့ သတ်မှတ်ရင်တောင်မှ
မလွတ်လပ်တဲ့ ဒီမိုကရေစီ အမျိုးစားသာ..ဖြစ်တယ်”

“အဲဒီ..မလွတ်လပ်တဲ့ ဒီမိုကရေစီပုံစံ အမျိုးစားကို..ဘယ်နိုင်ငံတွေမှာ ကျင့်သုံး
လဲ အကို ” စန်းမောင်က လက်ထဲမှာ ဘော့ပင်ကို ကိုင်ထားရင်း သူ့နုတ်စာအုပ်
ထဲကို ရေးမှတ်မလို့ လုပ်ရင်းက လှမ်းမေးတယ်။
“အင်ဒိုနီးရှား၊တရုတ်၊ကျူးဘား၊ဗီယက်နမ်၊..ဒါ မင်းတို့မြင်သာတဲ့ နိုင်ငံတွေကို
ပြောပြတာပါ..နောက်ထပ်လည်း ရှိသေးတယ်..ထပ်တိုးမယ်ဆိုရင်တော့
အခုမြန်မာနိုင်ငံပေါ့ကွာ”
“သူရဲ့ပုံသဏ္ဍာန်တွေက ဘယ်လိုလဲ”
“လူထုက ရွေးချယ်တင်မြှောက်ပေးရတဲ့ ( ဒီမိုကရေစီ)ပုံစံကို အရောင်ပြ
ကျင့်သုံးတယ်ကွာ။ ပြီးရင် လူတဦးတယောက် ဒါမှမဟုတ် တစ်ပါတီ အဖွဲ့အစည်း
တစ်ခုကနေ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထင်သလိုကျင့်သုံးတော့
တာပဲ။ လူထုဟာ ဒီမိုကရေစီနဲ့လူအခွင့်ရေး အပြည့်အ၀ပေးဖို့ မရင့်ကျက်
သေးဘူးဆိုတာ သူတို့အမြဲသုံးနေကျ လက်သုံးစကားပဲ။ လွတ်လပ်တဲ့ ဒီမို
ကရေစီနိုင်ငံတွေက အားနည်းချက်တွေကို လက်ညှိုးထိုးပြပြီး အပြစ်တွေပဲ
ပြော… လူထုကို ထင်ရောင်မှားတွေဖြစ်အောင် အမြဲကြိုးစားလေ့ရှိတယ်”
ကျနော့်စကားအဆုံးမှာ စန်းမောင်က...
“အဲဒါပြောတာပေါ့အကိုရာ ဒီမိုကရေစီ မရင့်ကျက်သေးလို့ ဆိုပြီး လွတ်လပ်မှု
မပေး။ မလွတ်လပ်လို့ ဒီမိုကရေစီက ရင့်ကျက် မလာ..။ ဘာ သွားယုံရတော့မလဲ”
စန်းမောင်ရဲ့ထိမိလှတဲ့အတွေးအခေါ်။

လူငယ်တွေကို လျှော့တွက်လို့ မရဘူးဆိုတာ ယနေ့စစ်အာဏာရှင်များနဲ့ နိုင်ငံရေး
သမားဆိုသော ပုဂ္ဂိုလ်ကြီးများကို သိစေချင်တယ်။ ဒီနေ့ခေတ်ဟာ IT နည်းပညာ
ခေတ်၊ အကြောင်းအရာတခုပေါက်ထွက်လာပြီဆို..ချက်ကနဲ ကမ္ဘာပတ်သွားတတ်
တဲ့ခေတ်မှာ… ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ အတွေးအခေါ် အယူအဆတွေနဲ့
လူထုကို ချုပ်ကိုင်ဖို့ ကြိုးစားမယ်ဆိုရင်..အမှားကြီးမှားသွားပါလိမ့်မယ်….။
“နောက်တခုက လွတ်လပ်တဲ့ ဒီမိုကရေစီပုံစံ ….liberal (လစ်ဘရယ်) အယူအဆ
နဲ့ ဒီမိုကရေစီကို ပေါင်းစပ်ကျင့်သုံးထားတာ..လစ်ဘရယ်နဲ့ ကွန်မြူနစ် အယူအဆ
တွေအကြောင်း နောက်ပိုင်းမှာ ဆက်ဆွေးနွေးတာပေါ့။ လက်ဝဲ ဆိုရှယ်လစ်နဲ့
ကွန်မြူနစ်တွေ သမုတ်တာကတော့ အရင်းရှင်စနစ်အခြေပြု ဒီမိုကရေစီပုံစံပေါ့ကွာ။
ဒီစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတွေထဲက တချို့ကိုပြောရရင် အမေရိကန်အပါဝင်
ဥရောပ၊တောင်ကိုရီးယား၊ဂျပန်၊ထိုင်း စတဲ့နိုင်ငံတွေမှာ လစ်ဘရယ် ဒီမိုကရေစီ
တနည်းအားဖြင့် လွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်။ လူထုဟာ မိမိ
စိတ်ကြိုက် အစိုးရကို ရွေးချယ်ခွင့်ရှိတယ်၊ဖြုတ်ချခွင့်ရှိတယ် တရားဥပဒေဘောင်
အတွင်းမှာ လူ့အခွင့်အရေးအပြည့်ဝရှိတယ်..အခုကမ္ဘာကြီးမှာ အောင်မြင်နေတဲ့
ဈေးကွက်စီးပွားရေးဆိုတာ လစ်ဘရယ်က ဆင်းသက်လာတဲ့ စီးပွားရေး
ပုံသဏ္ဍာန်ပါ….နှိုင်းယှဉ်ကြည့်မယ်ဆိုရင်..အာဏာရှင်စနစ်နဲ့ပဲဖြစ်ဖြစ်၊
တစ်ပါတီ ကြိုးကိုင်စနစ်နဲ့ပဲဖြစ်ဖြစ် သွားနေကြတဲ့ တရုတ်လို၊ ဗီယက်နမ်လို
ကွန်မြူနစ်နိုင်ငံတွေမှာတောင်မှ သူတို့အယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
ဈေးကွက်စီးပွားေးရးပုံစံကို လက်ခံကျင့်သုံး လာတာကတော့ထူးခြားချက်
တခုပဲကွ၊”
“အကို ကျနော်သိပ်မရှင်းလို့ မေးချင်တယ်….ဈေးကွက်စီးပွားရေးဆိုတာ
ဘာလဲဗျ..” ဒီတခါတော့ ထက်အောင်ရဲ့စူးရှလှတဲ့မေးခွန်းလေးက ကျနော့်ရင်ထဲ
ကို ထိုးဖောက်သွားစေခဲ့တယ်…..ကျန်လက်စ လဘက်ရည်ကို တကျိုက်မော့
သောက်လိုက်ရင်း …

“လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းဝယ်တဲ့ စီးပွားရေးပုံစံပေါ့ကွာ….အထူးသဖြင့်
ပုဂ္ဂိုလ်အခန်းကဏ္ဍကို ဦးစားပေးပြီး..လူတိုင်းဟာ..လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်
ရောင်းဝယ်နိုင်ရမယ်… စီးပွားရေး ပုံသဏ္ဍာန်တွေကို တရားဥပဒေဘောင်အတွင်း
က စိတ်ကြိုက်စီမံနိုင်ရမယ်...လို့ဆိုတယ်….။အခု နအဖက ပြဌာန်းထားတဲ့ စီးပွား
ရေးဦးတည်ချက်ဆိုတာမှာ…နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်းဟာ နိုင်ငံတော်ရဲ့
လက်ဝယ်မှာရှိရမယ်လို့လည်းဆိုတယ် ပြီးတော့ ဈေးကွက်စီးပွားရေးကိုလည်း
အကောင်ထည်ဖော်ဦးမယ်ဆိုတော့..ဆန့်ကျင်ဘက်ကြီးကွ..။ တကယ်တော့
အစိုးရဆိုတာ အခွန်ပဲ ကောက်စားရတဲ့အမျိုးကွ။သူက စီးပွားရေးလုပ်ငန်း
မှန်သမျှကို လက်ဝါးကြီးအုပ်ပြီး နိုင်ငံတော်စီးပွားရေးဆိုတဲ့ နောက်မှတော့
ဘယ်ကလာ ဈေးကွက်စီးပွားရေးပုံသဏ္ဍာန်ဖြစ်လာတော့မှာလဲကွာ ပုဂ္ဂိုလ်
တွေက ဘယ်လိုလုပ်လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ရတော့မလဲကွာ…
နောက်တခါ တော်တော်ကြောင်တဲ့ လုပ်ရပ်တခုရှိသေးတယ်..ကုန်ဈေးနှုန်း
ကို အာဏာနဲ့ထိန်းချုပ်တာလေ။ အဲဒါ ဘယ်တော့မှ မရဘူး၊ မှတ်ထား။
ကုန်ဈေးနှုန်းဆိုတဲ့ အမျိုးက ဈေးကွက်အပေါ်မှာပဲ တည်မှီနေတာ…
အခြေအနေ၊ အကြောင်းအမျိုးမျိုးတိုက်ဆိုင်ပြီးဖြစ်နေတာ..ဒါကို အာဏာနဲ့
ထိန်းချုပ်လို့ရပါ့မလားကွာ..ရလည်းခဏပေါ့။ တကယ်ခေတ်မှီတဲ့ နိုင်ငံတွေမှာ
လူထုရဲ့အခြေခံလိုအပ်ချက်တွေအတွက် အစိုးရကိုယ်တိုင်က နှစ်နဲ့ချီပြီး စီမံ
ထားရတာ။ ဥပမာ… အမေရိကန်မှာ လောင်စာဆီဈေးတွေ တက်တယ်ကွာ…
အဲဒါကိုလူထုက မကျေနပ်လို့ လူထုက ဆန္ဒလည်းပြရော..အစိုးရက ဘာလုပ်
သလဲဆိုတော့..သူတို့ သိုလှောင်ထားတဲ့ လောင်စာဆီတွေကို ဈေးအရမ်းချပြီး
ရောင်းပစ်လိုက်တာ….နောက်တော့ လောင်စာတင်ပို့တဲ့နိုင်ငံတွေကပါ ဈေးကို
အစိုးရနှုန်းနဲ့အတူတူ လိုက်ချပေးလိုက်ရတော့ ဈေးတွေ ကျကုန်တော့တာပေါ့…
လောင်စာဆီဈေးတက်လို့ဆို…..လောင်စာဆီရောင်းတဲ့သူတွေကို ဖမ်းလား
ဆီးလား လုပ်တယ်ကြားဖူးလား…. ဒါ့ကြောင့် ကမ္ဘာကြီးကို လေ့လာလိုက်မယ်
ဆိုရင် ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ နိုင်ငံတွေထက် ဈေးကွက်ကို ပြိုင်ဆိုင်ခွင့်
ပေးတဲ့ နိုင်ငံတွေက ပိုချမ်းသာ အောင်မြင်ကြတာ လေ့လာတွေ့ရှိရတယ်”

“ဟုတ်တယ် အကိုရ... မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတခု လုပ်တော့မယ်
ဆိုရင်တောင်မှ..ဟိုကပိတ်..ဒီက ကာနဲ့ လုပ်လို့ရတဲ့အလုပ်က..ခပ်ရှားရှားပါ။
သူတို့နဲ့ ပနံသင့်တဲ့လူတွေလောက်ပဲ..စီးပွားရေးကို ကောင်းကောင်း ထူထူ
ထောင်ထောင် လုပ်နိုင်ကြတာ။ ကိုယ့်အရည်သွေး..အရည်အချင်းပေါ် တည်မှီပြီး
လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ မသိဘူးနော်”
စိတ်ပျက်လက်ပျက်အသံနဲ့ ညည်းညူလိုက်တဲ့ စန်းမောင်ကို ကြည့်ပြီး ကျနော့်ရင်ထဲ
တမျိုးဖြစ်သွားမိတယ်။
“စီးပွားရေး လွတ်လပ်ခွင့်တွေမပေးဘဲနဲ့ ဘယ်လိုလုပ် ဈေးကွက်စီးပွားရေးပုံစံကို
အကောင်ထည်ဖော်မလဲ မသိဘူး ငါတော့ လိုက်မမှီတော့ဘူး။အခုမြန်မာနိုင်ငံမှာ
တွက်ခြေ အကိုက်ဆုံးစီးပွားရေးက အာဏာပိုင်နဲ့ပင်းလုပ်တဲ့ အလုပ်ကလွဲလို့
ဘယ်လုပ်ငန်းတွေများထူထူ ထောင်ထောင်ရှိလို့လဲကွာ”

အားလုံးဟာ မှင်သက်ပြီးနားထောင်နေကြတယ်..။
“နောက်တခုက အစ္စလာမ်ဘာသာရေးအယူအဆကို ဒီမိုကရေစီနဲ့တွဲဘက်ကျင့်
သုံးတယ်… ဥပမာ တူရကီလိုနိုင်ငံမျိုးပေါ့ ဒါကတော့ တို့နိုင်ငံနဲ့ အလှမ်းဝေးပါတယ်
ဒါ့ကြောင့် ဒီမိုကရေစီသဘောတရားနဲ့ပတ်သက်ပြီး ငါ အဓိကပြောချင်တာက
ဒီမိုကရေစီဆိုတိုင်းလည်း မပြီးသေးဘူးဗျ။ သူ့ရဲ့ပေါင်းစပ်တန်ဘိုး ဘာနဲ့သွား
မှာလဲ ဆိုတဲ့ မဟာဗျူဟာပုံစံက လိုသေးတယ် ဆိုပါစို့ ခုနေ ..” ကျနော်တို့
လိုချင်တာ ဒီမိုကရေစီပါ ” ဆိုပြီး ထတောင်းဆိုမယ်ဆို..နအဖက” ကျုပ်တို့
ခင်ဗျားတို့ကို ဒီမိုကရေစီပေးပါမယ်” လို့ပြောပြီးပြီ ဖွဲ့စည်းပုံ အခြေခံဥပဒေတောင်
မှ ပြဌာန်းပေးပြီးပြီ ဘာလာကြောင်တာလဲဆို ဘာပြန်ဖြေကြမလဲ။ တကယ်တော့
အားလုံးပြောနေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ ဒီမိုကရေစီ
ပုံစံကို ပြောတာပါ။ ဒါကို သဲကွဲဖို့လိုတယ် လွတ်လပ်မှုဆိုတဲ့နေရာမှာလည်း
သူ့မှာ ဘောင်ရှိပါတယ်။ ငါမင်းတို့ကို တခုမေးချင်တယ် လွတ်လပ်မှုကြောင့်
ရရှိလာတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ မလွတ်လပ်မှုကြောင့် ရလာမယ့် ဘေးထွက်
ဆိုးကျိုး ဘယ်ဟာက ပိုဆိုးမယ် ထင်လဲ။ ဘေးထွက်ဆိုးကျိုးကို ကြောက်လို့
ဆိုတဲ့ အကြောင်းပြချက်နဲ့ လွတ်လပ်မှု့တွေကို ဟန့်တားပြီး အာဏာရှင်စနစ်
အုပ်ချုပ်ရေးကိုတော့ ငါ မကြိုက်တာအမှန်ပဲကွ ”
“ဒါပေါ့ အကိုရာ..နိုင်ငံရေးစနစ်ပုံစံတွေမှာ ဘေးထွက်ဆိုးကျိုးဆိုတာ
အနည်းနဲ့အများရှိနေကြမှာပါပဲ။ ဒါကို ရိုးမယ်ဖွဲ့ပြီးနေမယ်ဆို မလုပ်လို့မဖြစ်
မဖြစ်လို့မလုပ်ဆိုတဲ့ အဆိုးသံသရာထဲမှာပဲ လည်နေဦးမှာပဲ”
ကိုသွေးရဲ့ စကားအဆုံး သတိထားကြည့်လိုက်တော့ စန်းမောင်ပုံစံက
တခုခုကို သိပ်မရှင်းတဲ့ပုံ မျက်မှောင်ကို ကုတ်ရင်း စဉ်းစားနေဟန် ရှိနေရာကနေ …
“အကို ကျနော်တို့အတွက် သိပ်သိချင်တဲ့ အရာကိုလည်း ပြောဦးလေ အကို
မေ့နေပုံရတယ် ခုန အကိုရှင်းပြသွားတဲ့အထဲက လွတ်လပ်တဲ့ဒီမိုကရေစီ
(တနည်းအားဖြင့်) လစ်ဘရယ်ဒီမိုကရေစီဆိုတာ ဘာလဲ ”

“ငါရှင်းပြမလို့ပါ..ဒီလိုကွ… လစ်ဘရယ်ဆိုတဲ့ဝေါဟာရက လက်တင်ဘာသာစကား
( Liber ) ဆိုတာကနေ ဆင်းသက်လာတာ အင်္ဂလိပ်လိုတော့ လွတ်လပ်ခြင်း
( Free ) လို့အဓိပါယ်ရတယ်။ လစ်ဘရယ်ရဲ့ ဂုဏ်အင်္ဂါရပ်တွေကတော့
( ၁ ) လွတ်လပ်မှု့၏ဂုဏ်သိက္ခာကိုတန်ဘိုးထားခြင်း။
( ၂ ) လူပုဂ္ဂို တဦးချင်းအပေါ်အခြေခံသည့် ၀ါဒ။
( ၃ ) အခြေခံဥပဒေနဲ့အညီအုပ်ချုပ်သောအစိုးရများအားဖော်ဆောင်ခြင်း။
( ၄ ) စီးပွားရေးစနစ်ကို လူအဖွဲ့အစည်းကလိုအပ်သလို ပြဌာန်းနိုင်ခွင့်ကို
လမ်းဖွင့်ပေးရေး နှင့် အစိုးရကထိန်းချုပ်မှု့ကင်းဝေးရေးဆိုတာတွေပဲ …
လစ်ဘရယ်ဒီမိုကရေစီဆိုတာ လစ်ဘရယ်ဝါဒနဲ့ ဒီမိုကရေစီအယူအဆကို
ပေါင်းစပ်ထားတာပေါ့…နောက်တချက်က လစ်ဘရယ်ဒီမိုကရေစီရဲ့ အခြေခံ
သဘောတရားတွေကတော့ လွတ်လပ်မှု၊ ညီမျှမှု၊ ချစ်ကြည်မှု၊ လူမှုရိုင်းပင်း
မျှဝေခြင်းဆိုတာတွေပဲ…. ဒါ့အပြင်…..”

“ဟိုး..ဟိုး..အကို့ ...ခဏလေး..ကျနော်လိုက်မှတ်နေလို့..”
စန်းမောင်က ပျာယိပျာရာနဲ့ လှမ်းတားလိုက်တော့မှ..
“ဆောရီးကွာ စန်းမောင် ။ငါကလည်း ပြောချင်ဇောနဲ့ လောကြီးသွားတယ်”
စန်းမောင်က လက်ကာပြပြီး… “ရပြီ အကို ....ဆက်ပြောပါဦး”
“အရေးကြီးဆုံးတချက်ကတော့… ဒီမိုကရေစီ၊ လူ့အခွင့်ရေး၊ ဈေးကွက်စီးပွားရေး
လွတ်လပ်ခွင့်ဆိုတာတွေဟာ…လွတ်လပ်တဲ့ဒီမိုကရေစီ တနည်းအားဖြင့် လစ်ဘရယ်
ဒီမိုကရေစီမှာပဲရှိတဲ့ တန်ဘိုးပဲကွ..ဘယ်စနစ်၊ ဘယ်အယူအဆမှာမှမရှိဘူး…”
“တန်ဘိုးရှိလိုက်တဲ့..အရာတွေအကိုရာ.. အကိုပြောသွားတဲ့အထဲမှာ လစ်ဘရယ်
ဒီမိုကရေစီကျင့်သုံးတာ အမေရိကန်၊ ဥရောပ အပါအ၀င် အာရှမှာဆို
တောင်ကိုရီးယား၊ဂျပန်၊အိန္ဒိယ၊ စတဲ့နိုင်ငံတွေပေါ့နော်…”
စန်းမောင်က ..မေးမေးမှတ်မှတ် လုပ်ရင်းက ၀င်ထောက်လိုက်တော့…

“ဟုတ်တယ် နောက် လစ်ဘရယ်ဒီမိုကရေစီကို အကောင်ထည်ဖော်နေတဲ့
အထဲမှာ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးရား တို့အပြင်အများကြီးရှိသေး
တယ် ဒီမိုကရေစီလို့ပြောလိုက်တာနဲ့ အားလုံးနီးပါးသောနိုင်ငံတွေဟာ လွတ်လပ်
တဲ့ဒီမိုကရေစီ (လစ်ဘရယ်ဒီမိုကရေစီ) တခါ မင်းတို့ငါတို့အများသူငါပြောနေကြ
တဲ့ စစ်မှန်သောဒီမိုကရေစီ အားလုံးအတူတူပါပဲ။ အဲဒီကို ဦးတည်သွားနေကြ
တာပါကွာ၊ တခြားဟာမဟုတ်ပါဘူး…” ပြောပြောဆိုဆို ကျနော် နာရီကို
ကြည့်လိုက်တော့ အလုပ်ကိစ္စတခုဆောင်ရွက်ဖို့ အချိန်နီးနေတာ အခုမှ
သတိထားမိတော့တယ်….။ “ကဲ..ဒီနေ့တော့ ဒီလောက်ပဲ… ရပ်ထားလိုက်
ရအောင်…. နောက်နေ့မှ ဆက်ကြတာပေါ့….”
အညာမြေရဲ့ လှပတဲ့ ညနေခင်းလေး တခုကို ကျနော်တို့ အကျိုးရှိစွာ ကျော်ဖြတ်
လိုက်ခဲ့ပြီလား………ကျနော့်ရဲ့စိတ်တွေကတော့..ပေါ့ပါးလန်းဆန်းလျှက်ရှိသည်။
လူငယ်တွေသိချင်သော အကြောင်းအရာများကို ကျေကျေနပ်နပ် ပြောပြခွင့်ရခဲ့
သောကြောင့်…..ဒီလိုအချိန်၊အခြေနေမျိုးတွေ များများရှိပါစေ...လို့တောင့်တရင်း …။

အပိုင်း ( ၄ ) ဆက်ပါဦးမည်။

အားလုံးကို လေးစားစွာဖြင့်

-မောင်မောင်ဝမ်း

4 comments:

...အလင်းစက်များ said...

နှစ်ပေါင်းကြာရှည်အောင်စွဲလာခဲ့တဲ့ အမြစ်တစ်ခု ပါ ချွတ်ဖို့ ၊ နှုတ်ဖို့  ခက်ပေမယ့် ကြိုးစား ရမယ့် အရာတစ်ခုပါပဲ...

ဟူးးး တစ်ခါတစ်လေ စာကို စာအတိုင်း ဖတ်ချင်ပေမယ့် ခံစားချက်ပါပါသွားတာကို မည်သို့ မည်ပုံ လုပ်ရမည်မသိဘူးဗျာ..... :)

ahphyulay said...

အင်း..
ခုမှ လစ်ဘရယ်အကြောင်း ကောင်းကောင်းသိရတော့ တယ်။
နိုင်ငံရေးဆိုတာကတော့  ကိုယ့် မီးဖိုချောင်ထဲမှာ
ထမင်း၊ဟင်းချက်နေတာလဲ နိုင်ငံရေးပါပဲတဲ့ ။
ကြောက်ပြီးမပြောရဲတော့ တဲ့ လူထုကြီးကို အမေစု လွတ်လွတ်
ခြင်းပြောခဲ့ တာလေ..။

ကိုဇော် said...

ကျနော်တို့လို ဦးနှောက် ခပ်ညံ့ညံ့ အတွက်တော့ တော်တော်ကို ဖတ်ရတာပဲ။ ကျေးဇူးပဲ ကိုအောင်ရေ။

ခနွဲ said...

အရမ်းတန်ဖိုးရှိတဲ့ စာသားတွေပါ။ ဖတ်ရတဲ့အတွက် ကျေးဇူးပါ။