ယခင်အပိုင်း(၁)မှ အဆက် …
“ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း
သိက္ခာရှိသော နည်းဖြင့်သာ ရယူရသည်။ သိမ်ဖျင်းယုတ်ညံ့သော
နည်းလမ်းမျိုး ကိုကား မိမိအသက်ကို ကယ်ဆယ်ရန် အတွက်ပင်
အသုံး မပြုသင့်” ----- ဆာတိုးရီးယပ်(စ) (Sertorius ဘီစီ ၁ရာစု)

ဒီနေ့ရာသီဥတုလေးက အတော်နေလို့ထိုင်လို့ကောင်းနေတယ်၊ မပူလွန်းမအေး
လွန်း အနေထား၊ အညာမြေမှာ ဒီလိုအနေထားမျိုးကို လူတော်တော်များများ
နှစ်ခြိုက်ကြတယ်၊ တခါတရံ မိုးနံ့လေးတွေပြေးနေတယ်၊နေလည်းမပူ ၊ မိုး
ကလည်း အအုံ့ကြီးမဟုတ်၊ တခါတရံမိုး ဖွားလေးများ ရွာချလာတတ်တယ်၊
ရုတ်တရက်နာရီကိုကြည့်လိုက်မှ ဒီအချိန်ဆို ကျနော့် လူတွေ အမှတ်တရ
လဘက်ရည်ဆိုင်မှာ စုံနေရော့မယ်၊ အကျီကို ကပျာကယာလည်းလိုက်ပြီး
ခပ်သုတ်သုတ်လေးထွက်လာခဲ့တယ်၊ လမ်းထိပ်ရောက်တော့ မဆုံ ချင်တဲ့
လူတယောက်နဲ့လာဆုံဖြစ်ပြန်ပြီ ၊ ဘာလုပ်နေကြတာလည်းမသိ ကျနော့်
ဦးလေး အိမ်ထဲက ကောင်လေး၊ကောင်မလေး ၅ ယောက်လောက်နဲ့
ကျနော့် ငယ်သူငယ်ချင်း အောင်နိုင်---ထွက်လာတာကိုတွေ့လိုက်ရတယ်၊
သူက မြို့နယ် ပြည်ခိုင်ဖြိုး( ကြံ့ဖွတ် ) အဖွဲ့က အတွင်းရေးမှုး ကျနော်နဲ့
ဆယ်တန်းအထိသူငယ်ချင်းဖြစ်ခဲ့ဘူးတယ်၊ ၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့
ကျနော်တို့ ကျောင်းသားတွေနဲ့ အတူ သမဂ္ဂမှာတက်တက်ကြွကြွပါဝင်ခဲ့ဘူး
သူ၊ မှတ်မိတဲ့ တချက်က လူထုဟောပြောပွဲတခုမှာ-- ဒီမိုကရေစီရသည်အထိ
ကျနော့်ဘ၀ကို ပေးဆပ်သွားပါမယ်ဆိုတာကတိပြုပါတယ်တို့၊ ကျောင်းသား
သမဂ္ဂဆိုတာ ကျနော့်ရဲ့ နှလုံးသည်းပွတ်ပါတို့ပြောဆိုခဲ့ဘူးသူ၊ အော် --
ခုတော့လည်း တိုက်ပုံအကျီ အဖြူတကားကား၊ရင်ဘတ်မှာ ခြင်္သေ့တံဆိပ်
ရင်ထိုးကြီးက ကြွားကြွားဝံ့ဝံ့နဲ့၊ ကျောင်းသားသမဂ္ဂဆိုတာ သူပုန်တွေ စုဝေး
ထားတဲ့ တရားမ၀င် အဖွဲ့အစည်းတခုပါလို့ တွင်တွင်ကျယ်ကျယ် ဟစ်ကြွေး
နေလေရဲ့၊အာဏာရှင်စနစ်ကို နောက်ဆုံးထွက်သက်ထိ တိုက်ပွဲဝင်ပါမယ်လို့
တွင်တွင်ပြောတတ်သူတယောက်က အာဏာရှင်များရဲ့ခြေအစုံအောက်မှာ
ကျုံ့ကျုံ့လေးဝပ်တွားခယလို့၊ တတ်လည်းတတ်နိုင်ပါ့လားလို့သာ
ပြောလိုက်ခြင်ပါရဲ့။
ကျနော့်ဦးလေးဆိုသူကလည်း ငွေသာရမယ်ဆို ဘယ်လိုကိုယ်ကျင့်တရား
ကိုမဆိုချိုးဖောက်ဘို့ဝန်မလေးတတ်သူ၊ သူ့အိမ်ထဲက ထွက်လာတာကို
မြင်လိုက်ရတော့ ဂွင်တခုခုဖန်နေပြီဆိုတာ မမေးပဲနဲ့သဘောပေါက်နေပြီး
ဖြစ်နေတယ်။ငယ်ငယ်က ကျနော့်သူငယ်ချင်းပြောတဲ့စကားနဲ့ပြောရရင်
“ဘုန်းကြီးရူးနဲ့ရေဒီယိုပျက် ” ဆိုတဲ့စကားလိုပဲ၊ ဟုတ်တယ် ဘုန်းကြီးရူးက
ရေဒီယိုပျက်ကိုမှသွားတွေ့ဆိုတော့ ပတ်ဝန်းကျင် ဒုက္ခရောက်တော့တာပဲ။
ကျနော်လည်းမကောင်းတတ်လို့ ပြုံပြီးတချက်နှုတ်ဆက်လိုက်ရင်း မြန်မြန်
အဲဒီနားကခွာလာခဲ့ရတယ်။ အမှတ်တရ လဘက်ရည်ဆိုင်ကိုရောက်တော့
ကိုယ့်လူတွေက လူစုံတက်စုံရောက်နေကြပြီ အားလုံးက ကြိုဆိုနှုတ်ဆက်ရင်း
အပြုံးတွေကိုယ်ဆီနဲ့ ကျနော်ကလည်းပြန်ပြုံးပြီးနှုတ်ဆက်လိုက်ရင်း ၀ိုင်း
ထိုင်လိုက်တယ်၊ ဒီတခါအပြုံးကတော့ ရင်ထဲအသဲထဲက နှစ်နှစ်ကာကာ
ထွက်လာတဲ့ အပြုံးပါ။
“ ဒီနေ့ ဟိုရက်က ဆွေးနွေးခဲ့တဲ့ဟာရဲ့အဆက်ကိုဆက်သွားချင်တယ် ”
အားလုံးတယောက်တပေါက်စကားတွေပြောနေရာက ရုတ်တရက်ဆိုသလို
ငြိမ်သွားကြတယ်။ ကျနော်လည်းပြီးခဲ့တဲ့နေ့ကဆွေးနွေးခဲ့တဲ့ အကြောင်းအရာ
ကို ဆက်လက်ပြီး………
“ အာဏာရှင်စနစ်မှာ ဘုရင်ပဲဖြစ်ဖြစ်၊တပါတီအာဏာရှင်ပဲဖြစ်ဖြစ်၊ပစ္စည်းမဲ့
အာဏာရှင်ပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်အ၀၀ကို တဦးတယောက် ဒါမှမဟုတ် တစုတဖွဲ့၊
တပါတီပေါ်မှာ စုပုံထားတယ်.. သူတို့က ထင်ရာစိုင်းလုပ်ခြင်ရာလုပ်တယ်..
အာဏာကို ထိန်းချုပ်ကန့်သတ်တာတို့.. ခွဲဝေကျင့်သုံးတာတို့ဆိုတာမရှိ
ဘူး.. ဒီမိုကရေစီစနစ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင် ဘက်ပဲ .. ဒီမိုကရေစီဟာ
အာဏာရှင်ကိုတော်လှန်ဘို့ပေါ်ပေါက်လာတဲ့ အတွေးအခေါ်တရပ်ဖြစ်လာ
ခဲ့တယ် .. ဟိုနေ့က ငါရှင်းပြခဲ့သလိုပဲ.. ဒီမိုကရေစီဆိုတာကိုက ပြည်သူ့အာဏာ ပြည်သူအုပ်ချုပ်ရေး…အာဏာကိုပြည်သူကပိုင်စိုးတယ်.. အာဏာရှင်မှာက
အာဏာကို လက်တဆုတ်စာ လူတစု၊ လူတယောက်က ချုပ်ကိုင်ထားတယ် ”
“ အကို ဟိုနေ့ကရှင်းပြခဲ့တဲ့အထဲက တိုက်ရိုက်ဒီမိုကရေစီဆိုတာကို ထပ်ရှင်း
ပြပါဦး” စန်းမောင်ကမေးလာတော့…
“ အေသင်မြို့မှာ စတင်အသုံးပြုခဲ့တဲ့ ရှေးဦး ဒီမိုကရေစီမှာတော့ မြို့သား
( ပြည်သူတွေ ) ကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးတယ်…
တဦးတည်းပိုင်တဲ့ အာဏာဆိုတာမရှိဘူး….ပြည်သူအားလုံး မြို့လယ် လဟာပြင်
ဈေးမှာစုရုံးကြပြီး လုပ်ဆောင်ရမဲ့ ကိစ္စအ၀၀ကိုဆွေးနွေးတိုင်ပင်ကြတယ်.. အများစုဆန္ဒနဲ့အညီအတည်ပြုဆုံးဖြတ်..လုပ်ဆောင်ကြတယ်.. တဦးတယောက်၊
တစုတဖွဲ့ဆီကို အာဏာပေးအပ်ထားတယ်ဆိုတာမရှိသေးဘူး.. ဒီနေ့ခေတ်မှာ
တော့ ဆွစ်ဇာလန်နိုင်ငံ ကန်တုံဒေသ ဆိုတာမှာ ကျင့်သုံးစဲပဲ.. နောက်တခါကွာ
သေးငယ်တဲ့ အဖွဲ့အစည်း၊ဒေသအတွင်းမှာတော့ တိုက်ရိုက် ဒီမိုကရေစီကို
ကျင့်သုံးကြတာပေါ့ ” ဆိုတော့ ထက်အောင် က……..
“ ကျနော် ဆယ်တန်းနှစ်က မှတ်မိသေးတယ် အကိုရ .. အတန်းထဲမှာ နှုတ်ဆက်
ပွဲလုပ်မယ်လုပ်တော့ စုပေါင်းပြီး ဘာချက်မယ်ညာချက်မယ်ဆို ဆွေးနွေးကြတယ်..
ကျနော်တို့အတန်းပိုင် ဆရာကြီးကလည်း ဒီမိုကရေစီသမားလားမသိဘူး..
အဲဒီမှာ အုန်းနို့ခေါက်ဆွဲချက်ချင်တဲ့ အုပ်စုနဲ့ မုန့်ဟင်းခါးချက်ချင်တဲ့အုပ်စု
ဆိုပေါ်လာတယ်.. သူအုပ်စုအလိုက်ပေါ့ အုန်းနို့ခေါက်ဆွဲသမားကလည်း
သူ့ အုန်းနို့ခေါက်ဆွဲက ဘယ်လိုကောင်းကြောင်း… အကုန်ကျ ဘယ်လိုသက်သာ
နိုင်ကြောင်း..စသဖြင့်ပေါ့ အပြန်အလှန်ငြင်းခုံဆွေးနွေးတိုင်ပင်ကြတာ….
ပျော်စရာလည်း ကောင်းပေါ့ဗျာ.. အဲဒါ ဆရာကြီးက ပထမစပြီး ကျေညာတယ်…
အုန်းနို့ခေါက်ဆွဲချက်ခြင်တဲ့သူတွေလက်ထောင်ပါဆိုတော့…. လက်ထောင်
ကြတယ်…. အဲဒါကိုရေတယ်..ပြီးတော့ တခါမှတ်ထားတယ်..မုန့်ဟင်းခါးချက်မဲ့
ကိစ္စကိုလည်း ထို့နည်းတူစွာမေးတယ်..လက်ထောင်ကြတယ်..မှတ်ထားတယ်…
အဲဒီနှစ်ခုကို နှိုင်းယှဉ်ရေတွက်လိုက်တော့ မုန့်ဟင်းခါးချက်ချင်တဲ့ အုပ်စုက
အနိုင်ရသွားတာမှတ်မိသေးတယ်…”
“ အဲဒါ.. ဒီမိုကရေစီပေါ့.. တနည်းအားဖြင့် တိုက်ရိုက်ဒီမိုကရေစီအမျိုးစားပေါ့ ”
ကိုသွေးက၀င်ပြီးထောက်ခံဆွေးနွေးလိုက်တယ်။
“ ငါတို့ကြတော့ ဒီလိုကွ…. တို့အတန်းထဲမှာ အတန်းခေါင်းဆောင်အဖြစ်
ငါ့ကိုရွှေးချယ်ခဲ့တယ်ကွာ….နောက်ထပ် အတန်းခေါင်းဆောင်တွေထဲကမှ
တဆင့် ကျောင်းကောင်စီအတွင်းရေးမှုးတယောက်ကိုရွေးချယ်ခဲ့တယ်….
အဲဒါမျိုးကိုကြဘယ်လိုခေါ်နိုင်မလည်း အကို..” စန်းမောင်က ကျနော့်
ဘက်ကိုလှည့်ပြီးမေးလိုက်တော့….
“ ဒါက ကိုယ်စားပြု ဒီမိုကရေစီအမျိုးစားပေါ့…မင်းအတန်းထဲမှာရှိတဲ့
ကျောင်းသားတွေက မင်းကို အတန်းကိုယ်စားလှယ်အဖြစ်ရွေးလိုက်တော့
မင်းက အဲဒီကျောင်းသားတွေကို ကိုယ်စားပြုပေးရတဲ့ ကိုယ်စားလှယ်ဖြစ်သွား
တယ်လေ…အဲဒီအတန်းခန်းဆောင်တွေက မှနောက်တခါ ကျောင်းကောင်စီ
အတွင်းရေးမှုး တယောက်ကို ထပ်ရွှေးပေးရတာဟာ ကိုယ်စားပြုဒီမိုကရေစီ
အမျိုးစား….ဒီနေ့ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာကျင့်သုံးတဲ့ ပုံစံပေါ့…
မဲဆန္ဒနယ်အသီးသီးကနေ ကိုယ်စားလှယ်တွေကို လူထုက ရွှေးချယ်ပေးရတယ်
လေ..အဲဒီကိုယ်စားလှယ်တွေကမှတခါ လူထု အကျိုးစီးပွားတွေကို ပြန်အကောင်ထည်
ဖော်ပေးရတယ်… မင်းတို့စိတ်ထဲမှာစွဲမြဲသွားစေဖို့ ဒီမိုကရေစီအဓိပါယ်ဖွင့်ဆိုချက်
ကို ထပ်ပြောပြခြင်တယ်…ဒီမိုကရေစီဆိုတာ… ပြည်သူလူထု၏သဘောတူညီ
ချက်ဖြင့် အုပ်ချုပ်သည့်အစိုးရ၊ အမြင့်ဆုံးအာဏာဟာ ပြည်သူလူထုလက်ထဲမှာ
ပဲတည်ရှိရမယ်ဆိုတဲ့ အစိုးရစနစ်ကို ခေါ်တယ် ” ကျနော်စကားအဆုံးမှာ
လဘက်ရည်ခွက်ထဲမှာကျန်နေတဲ့ အကျန်လေးကို တကျိုက်ထဲ သောက်လိုက်ရင်း
က မျက်လုံးတချက်ဝေ့ကြည့်လိုက်တော့ ဆိုင်ထဲကို ရအဖ ( ရပ်ကွက်အေးချမ်း
သာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ ) ၀င်တချို့ဝင်လာတာကိုတွေ့လိုက်ရတယ်။
အဲဒီထဲက တယောက်က ကျနော့်ကိုပြုံးပြနှုတ်ဆက်ရင်း သူတို့အစုလေးနဲ့
သူတို့ဘာတွေစတင်ဆွေးနွေးနေကြလည်းမသိ…. ကျနော်ကို ပြုံးပြနှုတ်ဆက်
ခဲ့တဲ့ ရအဖ တယောက်က တချိန်က သူလည်း ၈၈ အရေးတော်ပုံကြီးမှာ
တက်ကြွစွာပါဝင်လှုတ်ရှားခဲ့သူ..ခုတော့ ကျနော်တို့ကိုတောင်ခေါ်ရ ပြောရ…
နှုတ်ဆက်ရမှာ ကြောက်ရွံ့နေပုံရတယ်။ ကျနော်နားလည်ပေးလိုက်ပါတယ်၊
ပြီးခဲ့တဲ့သတင်းပါတ်က ရပ်ကွက်ကလူတွေဆင့်ခေါ်ပြီး ရပ်ကွက်အလယ်
က ပင်မလမ်းကြီးကိုပြင်ဘို့ အလှုငွေ မထဲ့မနေရတောင်းခံခဲ့တယ် ရပ်ကွက်တွင်း
က ပြည်သူတွေက အဲသလောက် ငွေကြေးကိုထဲ့ဝင်ဘို့မဖြစ်နိုင်ကြောင်းကို
ပြန်လှန်စောဒက တက်ကြတော့ ရအဖ ဥက္ကဌ လုပ်တဲ့သူက အထက်အမိန့်ရဆို
မဖြစ်မနေ ထဲ့ဝင်ရမယ်လို့ အမိန့်မပေးရုံတမယ်သတ်မှတ်ခဲ့တယ်၊ လူထုခမြာ
ဘာပြန်ပြောရဲရှာမလည်း သူတို့ကခြောက်လှန့်ထားတော့ ကြောက်ကြတာပေါ့၊
အဲဒီအစည်းဝေးမှာ ကျနော်ကသူတို့ကိုမေးခွန်းတခုမေးခဲ့တယ်၊ ကျနော်တို့
ပြည်သူလူထုအနေနဲ့ ကောင်းမွန်တဲ့လမ်းတခုကို အလိုရှိတာအမှန်ပါ ဒါပေမဲ့
ဒီလောက်ငွေကြေး ထည့်ဝင်ဖို့ဆိုတာ ကျနော်တို့လူထုအဖို့ဝန်ထုတ်ဝန်ပိုး
ဖြစ်တယ်ဆိုတာကို ဥက္ကဌ အနေနဲ့ အထက်အဆင့်ဆင့်ကိုတင်ပြသင့်တယ်
နောက်တခါ ဒီလို ကိစ္စမျိုးတွေကိုလုပ်ဘို့ဆိုတာ အစိုးရမှာပဲတာဝန်ရှိတယ်
ဘယ်သူမှာမှတာဝန်မရှိဘူးလို့ပြောတော့…သူက
“ ဒါကတော့ဗျာ အထက်လူကြီးတွေက ဖြူဆို ကျနော်တို့က ဖြူရမှာပဲ…
မဲဆိုမဲရမှာပဲ ” တဲ့ ……………
ကျနော်က သူတို့ကိုတွေ့ခါမှ သတိရပြီး အဲဒီ့အကြောင်းလေးကို ကျနော်တို့
လဘက်ရည်ဝိုင်းမှာ ခပ်တိုးတိုးရှင်းပြမိလိုက်တယ်။ နားထောင်နေတဲ့
ချမ်းမြေ့က……
“ဒါ အာဏာရှင်စနစ်ရဲ့ အင်မတန်မှ ခါးသီးလှတဲ့.. အဖြစ်ဆိုးတွေပေါ့အကိုရာ…
ဒီမိုကရေစီ အစိုးရဆို ဒါမျိုးလုပ်လို့ဘယ်ရမလည်း.. လုပ်ကြည့်ပါလား…
နောက်တခါ မဲအရွှေးခံရင် သူတို့လိုလူမျိုးဘယ်တော့မှမဲပေးမှာမဟုတ်ဘူး..
ပြုတ်ပြီသာပြင်”
“ သိပ်မှန်တာပေါ့ ” ထက်အောင်က ကြားထဲမှဖြတ်ပြီးဝင်ရောက်ထောက်ခံရင်း…
“ ကျနော်ကြားဘူးတဲ့.. ဖြစ်ရပ်လေးတခုပြောခြင်သေးတယ်ဗျ ” သူကပြုံးဖြီးဖြီးကြီး
နဲ့စလာတယ်
“ တခါက စစ်တပ်က အရာရှိလုပ်တဲ့သူ တစ်ယောက်က သူတို့တပ်ရံပုံငွေအတွက်
ဆို မွေးမြူရေး လုပ်ငန်းတခုလုပ်တယ်လေ..တနေ့ သူ့မွေးမြူရေးခြံတွေကို
သွားရောက်စစ်ဆေးတော့….မွေးမြူရေးခြံမှာတာဝန်ယူလုပ်ကိုင်နေရတဲ့
ရဲဘော်က အရာရှိလုပ်သူကို ဆီးကြိုအလေးပြုရင်း..မွေးမြူရေးလုပ်ငန်းတွေ
ကို လိုက်လံရှင်းလင်းပြသတယ်…အရာရှိလုပ်သူကလည်း ခေါင်းလေးတငြိမ့်ငြိမ့်
လက်ကလေးနောက်ပစ်… လိုက်လံစစ်ဆေးပေါ့..
“ အခု ၀က်တွေမွေးထားတာနော် ” ၀က်တွေကိုမြင်နေရက်သားနဲ့ ရဲဘော်ကို
လှမ်းမေးလိုက်တယ်…..ရဲဘော်လုပ်သူကလည်း ချက်ခြင်း သတိကောက်ဆွဲတဲ့ပြီး…
“ ဟုတ်..ဗိုလ်မှုး..၀က်တွေပါ ” အရာရှိလုပ်သူက ၀က်တွေနားကိုကပ်သွားပြီး
သေသေချာချာကြည့်တယ်……
“ ၀က်မတွေပဲ”
“ ဟုတ်..ဗိုလ်မှုး ၀က်မတွေပါ ” တခါ ရဲဘော်လုပ်သူက အရာရှိလုပ်သူရဲ့စကား
ကို သတိဆွဲပြီးပြန်ဖြေလိုက်ပြန်တယ်..အရာရှိလုပ်သူက ၀က်တွေကို ကြည့်ရင်း..
ကြည့်ရင်းကနေ…..
“ ဟာ…ဘယ်ကလာ..၀က်မတွေရမလည်း..သေသေချာချာကြည့်မှ ၀က်ထီးတွေ
ပဲကွ ” ဆိုတော့
“ ဟုတ်..ဗိုလ်မှုး..၀က်ထီးတွေပါ… ” အရာရှိလုပ်သူက ရဲဘော်ကို မကျေနပ်တဲ့
ပုံသဏ္ဍန်နဲ့ တချက်လှည့်ကြည့်ရင်းကနေ…ပြန်.ပြောလိုက်တယ်
“မင်း ဟာကလည်းကွာ.. ငါဘာပြောပြော ဖော်လို ( follow ) ပဲလိုက်နေတော့
တာပဲ ” လို့ ဆိုတော့ ရဲဘော်ကချက်ခြင်းပဲ သတိပြန်ဆွဲတဲ့ပြီး….
“ ဟုတ်..ဗိုလ်မှုး … ဖော်လို ( follow ) ပါ ဗိုလ်မှုး ”
အားလုံးဝါးကနဲ ပွဲကျသွားကြတယ်။ဘေးခပ်လှမ်းလှမ်းမှာ ထိုင်နေကြတဲ့
ရအဖ တွေက မလုံမလဲ မျက်နှာသွင်ပြင်တွေနဲ့လှည့်ကြည့်ပြီး ကုတ်ကုတ်…
ကုတ်ကုတ်နဲ့ပဲ ခေါင်းခြင်းဆိုင် ဘာတွေပြောနေလည်းမသိ၊ ရီသံတွေစဲသွားမှ
စကားဝိုင်းကိုပြန်စရတော့တယ်……..
“ထက်အောင် ပြောလိုက်တာ.. ဒီနေ့ စစ်အာဏာရှင်နဲ့ လက်ပါးစေတွေကို
ရည်ညွှန်းလိုက်သလိုပါပဲကွာ ”
“ ရည်ညွန်းတာမဟုတ်ဘူး အကိုရ.. ကျနော်က ဒီအတိုင်းဖြစ်နေတာလို့တောင်
ရဲရဲပြောခြင်တယ် ” ထက်အောင် စကားအဆုံးမှာ စန်းမောင်က လက်မကို
အသာလေးဖွက်ပြီး ရအဖ တွေဘက်ထိုးညွှန်ပြလိုက်တော့.. ထက်အောင်က
သွားစမ်းပါ ဆိုတယ့် စိတ်ကုန်ခန်းသွားတဲ့ပုံစံနဲ့ မျက်နှာကိုရှုံတွ လုပ်ပြနေ
သေးတယ်။
“အဲဒီအချိန်က.. အေသင်က စတင်ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ အတွေးအခေါ်
က တဖြေးဖြေးနဲ့ မြို့ပြနိုင်ငံတွေဆီကူးသွားခဲ့တယ်.. မြို့ပြနိုင်ငံဆိုတာ…မြို့
တမြို့ခြင်းဆီက..နိုင်ငံလိုဖြစ်နေတာ…အခု မင်းတို့တွေ့နေ သိနေရတဲ့ နိုင်ငံ
တွေလို အကြီးကြီးတွေမဟုတ်သေးဘူးပေါ့ကွာ..ဒီမိုကရေစီသက်တမ်း ကလည်း
နုသေးတော့ အခက်ခဲတွေအမျိုးမျိုးနဲ့တော့ကြုံတွေ့ရတာပေါ့…. လိုအပ်ချက်
တွေလည်း အများကြီးပေါ့.. စစခြင်းမှာတော့ .. ဒီမိုကရေစီ စနစ်ကို.. တိုက်ရိုက်
ဒီမိုကရေစီ စနစ်နဲ့ပဲသွားခဲ့တာ..နောက်တခါ မဲပေးရွှေးချယ်တဲ့ အခါမှာလည်း
ကန့်သတ်ချက်တွေက ပါလာတယ်…ယောကျာင်္းပဲမဲပေးပိုင်ခွင့်ရှိတာတို့၊
ပစ္စည်းပိုင်ဆိုင်မှုရှိမှတို့ မိန်းမတွေဆို မဲပေးပိုင်ခွင့်ကိုကန့်သတ်ထားတာတို့
အဲသလိုတွေ……..အခုခေတ် အောင်မြင်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး
တွေ ထူထောင်နိုင်ဘို့ အတွေ့အကြုံတွေ ၊ သင်ခန်းစာတွေ အများကြီး
ယူခဲ့ရတာပေါ့ ”
“ ကျနော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီ ကာလတစ်ခုကို ကျော်ဖြတ်ခဲ့
ဘူးတယ်လို့ကြားဘူးတယ်.. အဲဒါ ဘယ်တုန်းကလည်း အကို ”
စန်းမောင်က မေးတော့….
“လွတ်လပ်ရေးရပြီးစအချိန်လောက်ကပေါ့ ( ၁၉၄၈ ကနေ ၁၉၆၂ ထိပဲ)
သိပ်ကြာကြာ မခံလိုက်ပါဘူးကွာ… ဆယ်လေးနှစ် သက်တမ်းပဲရှိသေးတယ်…
စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်လာလိုက်တာ..ခုထိပဲဆိုပါတော့”
“ကျနော်တို့ အဲဒီ သမိုင်းကြောင်းတွေကိုလည်း သိချင်တယ် အကိုရာ …
တကယ်တော့ ကျနော်တို့ တကယ်ကိုသိထားသင့်တဲ့ အရာတွေပါ ”
ကျနော် လူငယ်တွေကို တော်တော်သနားသွားတယ်။ စစ်အာဏာရှင်
အဆက်ဆက်ဟာ မှန်ကန်တဲ့ သမိုင်းကြောင်းတွေကို ရိုက်ချိုးပြီး သူတို့ရဲ့
ဘုန်းတော်ဘွဲ့တွေကလွဲလို့ ဘာမှမှန်မှန်ကန်ကန် ဖော်ထုတ်ဖွင့်မပေးခဲ့ပါဘူး၊
ဒါကလည်း နိုင်ငံရေးသားကြောဖြတ်နည်းတမျိုးပါ၊ ကျနော်တို့တတွေတောင်မှ
၈၈ အရေးတော်ပုံကြီးကမွေးဖွားပေးလိုက်လို့ နိုင်ငံရေးကို သိခွင့်လေ့လာခွင့်
ရခဲ့တာကိုး၊ အကယ်လို့များ ၈၈ အရေးတော်ပုံကြီးသာ ပေါ်ပေါက်မလာခဲ့ဘူး
ဆိုရင် ကျနော်လည်း သူတို့နဲ့ ဘာမှမထူး ဘာကိုမှသိခွင့်မရ၊ သိဖို့ကိုလည်း
ကြိုးစားဖြစ်မှာမဟုတ်ပါဘူး…
“ငါ အခု..ဒီမိုကရေစီရဲ့အခြေခံလေး အစပျိုးပေးနေတဲ့အချိန်မှာပဲ…နိုင်ငံရေး
ဆိုတာ ဘာလည်း…တို့နိုင်ငံရဲ့သမိုင်းဖြစ်စဉ်လေးကိုလည်း အကျဉ်းချုံးပြောပြ
ချင်သေးသကွ ..ဒါတွေကို ငါဆက်ပြောသွားပေးပါ့မယ်..”
“ကောင်းတာပေါ့ အကိုရာ အထူးသဖြင့် ၈၈ နောက်ပိုင်းမှာမွေးလာတဲ့
လူငယ်တွေတချို့က ကျနော်တို့ကို အဲဒီသမိုင်းကြောင်းတွေမေးတာတောင်
ကျနော်တို့မဖြေနိုင်ဘူး.. ကျနော်တို့လည်း ကောင်းကောင်းမှမသိကြတာ
ကျနော်ဆို ၈၈ တုန်းက ငါးတန်းကျောင်းသားပဲရှိသေးတာ ဘာမှ
ကောင်းကောင်းမသိပါဘူး..လူတွေအစုအဝေးကြီးနဲ့ အော်ကြ..ဟစ်ကြတာ
တော့သိတယ်..နောက်တခါ အစိုးရဆန့်ကျင်တာလည်းသဘောပေါက်တယ်
ကျန်တာဘာမှမသိဘူး..ကျနော်က အဲဒီတုန်းက ပျော်နေတာဗျ… စိတ်ထဲ
မှာတော့ ရေးတေးတေးပါပဲ… ကိုယ်ကိုယ်တိုင်က ဘာမှန်းမသိတော့
နောက်မျိုးဆက်တွေကိုရှင်းပြဘို့ဆိုတာက ခက်တယ်ဗျ ” ထက်အောင်က
မချိတင်ကဲလေသံနဲ့ပြောအပြီး…………….ကျနော်စောစောကပြောလက်စ
စကားကိုပြန်ဆက်လိုက်တယ်…..
“စကားလမ်းကြောင်းလွဲသွားမှာစိုးတယ်….ငါ ပြောလက်စ ဒီမိုကရေစီ အကြောင်း
လေး ခရီးဆက်ခြင်သေးတယ်ကွ..ဒီလို..ဒီမိုကရေစီဆိုတဲ့တော်လှန်တဲ့ အတွေး
အခေါ်တရပ်က နေရာအနှံ့ဒေသအနှံ့ကိုပြန့်သွားပြီး ကြိုးစားလုပ်ဆောင်ခဲ့ကြ
တယ်….ပဒေသရာဇ် အာဏာရှင်ကနေ... ပြည်သူ့အာဏာ ပိုင်စိုးလာတာပေါ့
ကွာ… နှစ်ကာလတွေကျော်ဖြတ်လာပြီးတဲ့နောက်မှာတော့ ဒီမိုကရေစီသဘော
တရားကို ကောင်းသထက်ကောင်းအောင် မွန်းမံပြင်ဆင် ကျင့်သုံး လာရင်း…
နိုင်ငံရေးအယူအဆတွေနဲ့တွဲဘက်ကျင့်သုံးလာခဲ့တယ်…”
“အကို ကျနော် သိပ်မရှင်းဘူးဖြစ်နေတယ်…ဘယ်လို နိုင်ငံရေးအယူအဆ
တွေနဲ့တွဲသုံးတာလည်း..” ကိုသွေးရဲ့ထိမိလှတဲ့မေးခွန်းလေးပါ။
“လူဦးရေနည်းနည်းလေးအခြေနေမှာ ကိစ္စသိပ်မရှိလှပေမဲ့ နိုင်ငံတနိုင်ငံလို တည်ရှိနေတဲ့ဒေသကြီးမျိုးမှာကြ..အယူအဆတွေက လိုလာပြီလေ…လူထုက
ဒီမိုကရေစီနဲ့ ကိုယ်စားပြု အုပ်ချုပ်သူများကို ပြည်သူလူထုကိုယ်စား
တင်မြှောက်ပေးလိုက်တာကတော့ဟုတ်ပါပြီ..ဘယ်လို အခြေခံမှုတွေ…
အယူအဆတွေနဲ့ လူထုကို စီမံမှာလည်းဆိုတဲ့ ပြသနာအပေါ်မှာအခြေခံရင်း
က…နိုင်ငံရေး အယူအဆတွေပေါ်ထွန်းလာခဲ့တယ်..ဒီနေ့ ကမ္ဘာကြီးမှာ
အထင်ရှားဆုံး နိုင်ငံရေးအယူအဆကို ပြောပါဆိုရင်တော့ လက်ယာလို့
ခေါ်တဲ့ ( အရင်းရှင်စနစ်ကို အခြေခံတဲ့ နိုင်ငံရေးဝါဒနဲ့ ) လက်ဝဲ လို့ခေါ်တဲ့
( ဆိုရှယ်လစ်၊ ကွန်မြူနစ်ကို အခြေခံတဲ့ နိုင်ငံရေးဝါဒတွေကတော့ အထင်ရှား
ဆုံးနဲ့ ယနေ့အထိ ဂယက်တွေရိုက်ခပ်ဆဲပဲပေါ့…..” ကျနော့် စကားအဆုံးမှာ
အားလုံးကိုလေ့လာကြည့်လိုက်တော့ တော်တော်ကိုစိတ်ဝင်စားနေတာတွေ့
လိုက်ရတော့ ကျနော်လည်းပြောရတာ အားရှိလာတယ်…။
“ဒီအယူအဆတွေ အကြောင်းလည်း မင်းတို့ တီးမိ ခပ်မိအောင် ငါရှင်းပြ
ပေးပါဦးမယ်…ငါပြောခဲ့တာတွေမှာ ရှုပ်ထွေး သွားနိုင်တာတွေများ ပါသွား
မိသလား”
“မပါ ပါဘူး.. ဒါပေမဲ့ သိခြင်တာတွေတော့များလာတယ် ” စန်းမောင်က
ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်းပြောလိုက်တော့
“ငါတတ်နိုင်သလောက် နားအလည်ဆုံးဖြစ်အောင်ရှင်းပြပေးပါ့မယ်….
ဒီနေ့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာ ဘာနဲ့တူသလည်းဆိုတော့... အင်ဂျင်စက်
တစ်လုံးလိုပဲကွ…. အင်ဂျင်စက်ဆိုတာ သူချည်းဘာမှသုံးလို့ ရတာ
မဟုတ်ဘူး..တခုခုနဲ့ပေါင်းစပ်ပေးရတယ်..ဥပမာ..ကားနဲ့တွဲလိုက်တော့
ကားအင်ဂျင်ပေါ့၊ လေယာဉ်နဲ့တွဲလိုက်တော့လေယာဉ်အင်ဂျင်ပေါ့ ၊ သူရဲ့
ပကတိ အရှိတရား အင်ဂျင်ဆိုတဲ့ အရာကို ပေါင်းစပ်တန်ဘိုးတွေနဲ့ တွဲလိုက်
ရင်းက အမျိုးမျိုးသော ပြောင်းလည်းမှု့တွေတော့ရှိတာပေါ့..ထိုနည်းတူစွာ
ပဲ.. ဒီမိုကရေစီကိုလည်း ပေါင်းစပ်တန်ဘိုးဖြစ်တဲ့ နိုင်ငံရေးအယူအဆတွေ
နဲ့တွဲဘက်သုံးကြတယ်…ဒီမိုကရေစီကို လက်ဝဲ၊လက်ယာ အယူအဆတွေနဲ့
တွဲသုံးကြတယ်….လက်ယာအယူအဆဖြစ်တဲ့ အရင်းရှင် နဲ့တွဲစပ်ပြီးတော့
အရင်းရှင်ဒီမိုကရေစီ ( နောက်ပိုင်းမှာတော့ ခေတ်မှီတဲ့ အတွေးအခေါ်
အယူအဆတွေတိုးဝင်လားပြီး ပြောင်းလည်းရေးပုံသဏ္ဍန်တွေနဲ့
ဖြစ်တည်လာတဲ့ လစ်ဘရယ်ဒီမိုကရေစီ တနည်းအားဖြင့် လွတ်လပ်တဲ့
ဒီမိုကရေစီ နောက်တခုက လက်ဝဲအယူအဆဖြစ်တဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ်
ဝါဒတွေနဲ့ပေါင်းစပ်ပြီးတော့ ဆိုရှယ်လစ်ဒီမိုကရေစီ နောက် ပြည်သူ့ဒီမိုကရေစီ
(ကွန်မြူနစ်ဝါဒနဲ့ ဒီမိုကရေစီကိုပေါင်းစပ်ထားတာ ) ဒါပေမဲ့လည်း ငါလေ့လာ
မိသလောက် လက်ဝဲ၀ါဒမှာ ဒီမိုကရေစီဆိုတာ နာမည်ခံ အရောင်ပြ
သက်သက်ပါပဲ…
“တော်တော်စိတ်ဝင်စားစရာတွေပဲအကိုရာ ..ကျနော်တို့အတွက်ကတော့
ရှယ် တွေပါပဲ ”
“ မင်းတို့ အတိုင်းတာတခုထိနားလည်သွားမယ်ဆို ငါကျေနပ်ပါတယ်…
တခါက ကဗျာဆရာကြီးဦးတင်မိုးပြောခဲ့တဲ့စကားလေးတခွန်းကိုသတိရ
မိတယ်ကွ….သူ ကဗျာရေးတဲ့ အခါ အခက်ဆုံးက ကလေးကဗျာရေးရ
တာပဲတဲ့ ….. ငါဆိုလိုတာက မင်းတို့ကို ကလေးလို့ပြောတာ မဟုတ်ပါဘူး..
ကလေးဆိုတာနဲ့နှိုင်းယှဉ်ပြောပြတာပါ..ကလေးဆိုတာ..ဦးနှောက်က
ရှင်းတယ်၊ အတွေးရှင်းတယ်..သူတို့ရဲ့လက်ခံနိုင်မှု့စွမ်းအားက သိပ်မမြင့်
သေးဘူး..အဲဒီလို အခြေနေမျိုးမှာ ရှောရှောရှုရှု ခေါင်းထဲကိုဝင်သွားဖို့
ဆိုတာ တော်တော်ကြိုးစားရတာကွ…”
“ အကိုလည်း အချိန်ပေးရတာ တော်တော်ကြာသွားပြီ.. နောက်နေ့မှပဲ…
ခရီးဆက်ကြတာပေါ့နော်..ဒီနေ့လဘက်ရည်ဘိုးကို ကျနော်ရှင်းပါ့မယ်”
စန်းမောင် ကပြောပြောဆိုဆို အိပ်ကပ်ထဲကပိုက်ဆံကိုဆွဲထုတ်ရင်းက…
ပိုက်ဆံတွေကိုရေဟန်ပြုပြီး တုန်တုန် တုန်တုန်လုပ်ပြနေတော့ ကျနော်တို့
တ၀ါးဝါး ရယ်မောလိုက်ကြရင်း…….။
အဖိုးတန်စကားဝိုင်းလေးရဲ့တနေ့တာကို ကျနော်တို့ကျော်ဖြတ်ခဲ့ကြပါတယ်။
(အပိုင်း ( ၃ ) ဆက်ပါဦးမည်။)
1 comments:
ကောင်းတယ် ကိုအောင်ရေ...
ဗဟုသုတပဲ။
ဆက်ပါဦး...
Post a Comment