ဘာရယ်လို့မဟုတ်ဘူး။ ဆရာစိန်ခင်မောင်ရီ စာပေဆုရခဲ့ဘူးတဲ့ဝတ္ထုလေး
တပုဒ်ကိုသွားသတိယနေမိတယ်။ ဝတ္ထုအမည်ကိုတော့ တိတိကျကျ မမှတ်မိ
တော့ဘူး။ ဒါပေမဲ့ ဘာသာပြန်စာပေဆုရခဲ့တဲ့ ဝတ္ထုတပုဒ်ဆိုတာတော့
သေချာတယ်။ ဇာတ်လမ်းကျောရိုးက ဒီလိုပါ။ ဒုတိယကမ္ဘာစစ်အတွင်းတုံးက
ဖက်ဆစ်ဝန်ရိုးတန်းနိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့တပ်စုတစုအကြောင်း ရေးဖွဲ့
ထားတဲ့ဇာတ်လမ်း။ အဲဒီ ဂျပန်တပ်စုလေးက ကျွန်းတကျွန်းမှာ စစ်တိုက်
နေရတယ်။ စစ်ကြီးပြီးဆုံးသွားတာ မသိလိုက်ဘူး။ စစ်တိုက်ဖို့အတွက်
အမြဲတမ်းပြင်ဆင်၊ ရန်သူကိုတောနင်းရှာကြတယ်။ မဟာမိတ်တပ်တွေက
စစ်ကြီးပြီးသွားပြီကြောင်း စာရွက်စာတမ်းတွေ ဝေချတယ်။ သူတို့က သံသယ
ရှိကြတယ်။ ဒါဟာ ရန်သူက ဝါဒဖြန့်မှုတခုလို့ ယုံကြည်နေကြတယ်။ စစ်ကို
ဆက်တိုက်ဖို့ပြင်ဆင်ကြတယ်။ သူတို့နဲ့အတူနေတဲ့ မိန်းခလေးတချို့က
ကျွန်းပေါ်ကနေထွက်ပြေးသွားပြီး ဂျပန်နိုင်ငံရဲ့မြို့တွေမှာ ဘဝသစ်တခုကို
တည်ဆောက်ကြတယ်။

သူတို့ရဲ့မိသားစု၊ဘဝသစ်တွေကို ဓါတ်ပုံရိုက်ပြီး၊ ကျွန်းလေးမှာ ကျန်ခဲ့တဲ့
မိတ်ဆွေဟောင်း ဂျပန်စစ်သားလေးတွေဆီကို မရောက်ရောက်အောင်
ပို့ပေးလိုက်တယ်။ ဂျပန်စစ်သားလေးတွေအတွက်တော့၊ သူတို့နဲ့ အနီးစပ်
ဆုံး မိတ်ဆွေကောင်မလေးတွေ ပို့ပေးလိုက်တဲ့ ဓါတ်ပုံလေးတွေကို မြင်လိုက်
ရမှ၊ စစ်ကြီးတကယ်ပြီးဆုံးသွားပြီ ဆိုတာကို သဘောပေါက် လက်ခံလိုက်
ကြတယ်။
ဒီဝတ္ထုလေးကိုပြန်စဉ်းစားနေမိတယ်။ စာဖတ်ဝါသနာပါခါစက ခံစား
ကြိုက်နှစ်သက်ပုံမျိုးနဲ့ ယ္ခုအချိန်မှာ ကြိုက်သလိုမျိုးတူသေးရဲ့လား။
ဟိုတုံးက စစ်ကြီးပြီးသွားတာကို မသိလိုက်တဲ့ ဂျပန်စစ်သားလေးတွေကို
မချိတင်ကဲ ဒေါသထွက်၊ ပြက်ရယ်ပြု လိုတဲ့ ခံစားမှုထောင့်ကနေ ကြည့်ခဲ့
တယ်။( ဖက်ဆစ်ဂျပန်ဆိုတော့ ခံလိုက်ပေါ့ကွာ ဆိုတဲ့အတွေးကရှိနေသေး
တယ်)။ အခုကျတော့ ဒီိလိုခံစားမှုမျိုးမဟုတ်တော့ဘူး။ မတွေးမိတဲ့ ထောင့်
တွေကိုပြန်ခံစားကြည့်မိတယ်။ ပြီးဆုံးသွားတဲ့ စစ်ပွဲတွေနဲ့ မပြီးဆုံးသေးတဲ့
စစ်ပွဲတွေအကြောင်း၊ ဒီ စစ်ပွဲဂယက်တွေကြားမှာ လှုပ်ရှားနေကြတဲ့ ပုံရိပ်တွေ
အကြောင်း ဆက်စဉ်းစားနေမိတယ်။
အပိုင်း(၁)
“နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့တဲ့အရာတခု ဖြစ်တယ်” လို့ ဆရာ
ဒဂုန်တာရာက ဖွင့်ဆိုခဲ့တယ်။
Art of Diplomacy ဆိုတဲ့ဝေါဟာရကို ဆိုလိုပုံရပါတယ်။
လှတယ်။ ဗွီသိုဘင် တီးနေတဲ့ စန္ဒယားတေးတပုဒ်ထဲကို ပန်းလေးတပွင့်
ထပ်ပွင့်ပေးလိုက်သလိုမျိုးလှပါတယ်။
ဒါပေမဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝတွေက အဲ့သလိုမျိုးမဖြစ်ခဲ့ဘူး။
မကောင်းဆိုးဝါးတွေခင်းထားတဲ့လမ်းပြမြေပုံမှာ၊ အမျိုးသားပြန်လည်
သင့်မြတ်ရေးကို အောက်ဖဲနဲ့ခေါ်ရိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း
ကျနော်တို့နားလည်နေကြတယ်။ အနှစ် (၂၀)ကျော်၊ ဘဝသစ် တစ်ခု
ရမလားဆိုပြီး စီးပွားရေးထိုးစစ်အောက်မှာ မေ့မေ့လျော့လျော့မျောခဲ့တဲ့
သူတွေဆီက သေနတ်သံတွေပြန်လည်ကြားရတဲ့ခေတ်မှာ မကြုံချင်ပေမဲ့
ရင်ဆိုင်ရမဲ့စစ်ပွဲတွေ ဆက်လက်ရှိနေအုံးမယ်။ စန္ဒယားခလုတ်ပေါ်မှာ
ပန်းပွင့်နိုင်တဲ့အခြေအနေမဟုတ်ခဲ့ဘူး။ ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်
ဖြစ်စေ၊ ကျနော်တို့ရင်ဆိုင်ရမဲ့ အခင်းအကျင်းမှာ ပေးဆပ်ကြရအုံးမယ်။
နှစ်သစ်မှာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ အန်တုငြင်းဆန်မှုတွေက ကြိုနေအုံးမှာ
အမှန်ပဲ။
အပိုင်း (၂)
“နိုင်ငံရေးဆိုတာ မိတ်ဆွေတွေကို ရန်သူဖြစ်သွားအောင်လုပ်တဲ့ အတတ်ပညာ
ဖြစ်တယ်” တဲ့။ ပြည်ပမှာဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေနဲ့ ဝေးဝေး
နေချင်တဲ့မိတ်ဆွေတယောက်ရဲ့ မကြာခဏပြောလေ့ရှိတဲ့စကားကို ကြားနေ
မိတယ်။“ စစ်ပွဲပြီးစ မြို့ပျက်ကြီးလို--- မုန်းလို့ကို မရဘူး” ဆိုတဲ့ ၊ ချစ်ကောင်း
သီချင်းကို ကျနော်ကပြန်ဆိုပြတယ်။ ၁၉၈၉ ကာလတုံးက အဖြစ်အပျက်တွေကို
ပြန်ပြောပြမိတယ်။
ပုံတောင်ပုံညာ လို့ခေါ်တဲ့အညာဘက်က ရွာတရွာမှာကြုံခဲ့ရတဲ့အကြောင်းအရာတခုအကြောင်းစပြောကြည့်ချင်တယ်။
အဲဒီနယ်က အလံနီတွေ ကြီးစိုးခဲ့တဲ့နယ်လို့ဆိုကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲ
မတိုင်ခင်၊ ကျနော်တို့တတွေ နယ်တွေဆီဆင်းကြတယ်။ ပြည်သူလူထုဆီက
အသံကိုလေ့လာစူးစမ်းကြတယ်။ အဲဒီနယ်လေးမှာ ပြုလုပ်ခဲ့တဲ့ အစည်း
အဝေးတခုကတော့ ကြောက်စရာကောင်းလောက်အောင်မှတ်မိနေတယ်။
အစည်းအဝေးကိုလာတက်တဲ့လူကြီးတွေကအစ၊ အစည်းအဝေး အရှိန်
မြင့်လာတဲ့အခါ၊ “သဘောတရားနဲ့မရရင် မျှောသားနဲ့ရိုက်ကွာ” ဆိုတဲ့
အသံတွေ ထွက်လာတယ်။ တချို့ က ဖွက်ယူလာတဲ့ ဓါးကိုထုတ်ကြတယ်။
အလည်လာတဲ့ ကျနော်တို့တတွေ၊ သူတို့ရဲ့ ငြင်းခုန်မှုထဲမှာပိတ်မိနေတယ်။
သူတို့ပုံစံတွေက ဖိန့်ဖိန့် ဖိန့်ဖိန့်လုပ်နေတာမဟုတ်ဘူး။ တကယ်ကိုလုပ်ကြမှာ။
အခန့်မသင့်ရင် ကိုယ်ပါအသတ်ခံရမဲ့ကိစ္စ၊ ကြားကဝင်ဖြန်ဖြေမှ ပြီးသွားတော့
တယ်။ အဲ့သလိုမျိုးပဲ။ ၁၉၈၉ မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ
များ အဖွဲ့ချုပ်ရဲ့ ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉)မှာ
ကျင်းပပြီး နောက်တရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂက
မန္တလေးတက္ကသိုလ်(ရတနာဘုံမ္မိ)မှာ ကျင်းပတယ်။ မ.က.သ ညီလာခံမှာ
မြေလတ်ကျောင်းသားတွေ ဖြစ်တဲ့ ကိုသန်းနိုင်၊ ဗထူးမောင်တို့ကလည်း
မန္တလေး ဗကသ ခေါင်းဆောင်တွေကို ဓါးကျိန်း ကျိန်းတယ်။ “ ညိုထွန်းနဲ့
သန့်စင် မြေလတ်လာလို့ကတော့ ခေါင်းကျူးရင် ခေါင်းဖြတ်ပစ်မယ်။ ခြေကျူးရင်
ခြေဖြတ်ပစ်မယ်” လို့ ဆိုတယ်။ တဘက်အုပ်စုကလည်း “အေး မင်းတို့ပဲ
မန္တလေးက အရှင်ထွက်ထွက်ဖို့ ကြိုးစားပါအုံးလို့ ပြန်ကြိမ်းတယ်။
မစိုးရိမ်တိုက်က ဥတ္တမဂျာနယ်ကို ဦးဆောင်ထုတ်ဝေတဲ့ သံဃာတော်တွေ
က မကသညီလာခံကို ရာဇသံပေးဖို့ တိုက်ဟောင်းထဲမှာလူစုခဲ့ကြတယ်။
တကယ်တော့ ဘယ်သူ့ရဲ့ခေါင်းမှာမဖြတ်နိုင်ခဲ့ကြပါဘူး။ သဘောတရားနဲ့
မရရင် မျှောသားနဲ့ရိုက်ကွာဆိုတဲ့ ကျေးရွာလူကြီးတွေရော၊ ဗကသ၊
မကသ တွေအားလုံး စစ်အစိုးရရဲ့အကျဉ်းစခန်းတွေထဲမှာ ပြန်လည်
ဆုံဆည်းလိုက်ကြတယ်။ အားလုံးက ရိုက်နှက်ကန်ကြောက် ခံထားရတဲ့
သူတွေ၊ ကိုယ်ကသာ ကြုံးဝါးခဲ့တာ ကိုယ်ချည်းခံနေရတဲ့အဖြစ်။
အပိုင်း(၃)
ဘတ်ဖလိုးမြို့လေးမှာ ကိုမောင်မောင်ဝမ်းနဲ့ပြန်ဆုံဖြစ်တော့ သူက
“ကျနော်ထွက်မလာခင်တုန်းက ကိုညိုထွန်းကိုပြောခဲ့တယ်။ အရင်ဟတွေ
ပြန်တွေးကြည့်ရင် ရှက်စရာကြီးချည်း” တဲ့။ ကျနော် ရှိတဲ့မြို့လေးနားမှာ
သူ ရောက်လာတယ်ဆိုတာသိနေပေမဲ့၊ ဘတ်ဖလိုးမြို့မှာ ခွပ်ဒေါင်း အလံတင်
တဲ့အခန်းအနားတခုကျမှ၊ ကျနော်တို့ ပြန်ဆုံဖြစ်ကြတယ်။ ကျနော်ရော၊
သူရော၊ အရင်တုံးကဖြစ်ခဲ့တဲ့ပြဿနာတွေကို ပြန်အစဖေါ်ပြီး သွေးတက်
စေမဲ့အဖြစ်အပျက်မျိုးကိုရှောင်ခဲ့ကြတယ်။
ကျနော်တို့တတွေ တယောက်နဲ့တယောက် စီးပွားရေး၊ လူမှုရေးဘယ်လို
အားကောင်းအောင်ကူညီကြမလဲ။ အထူးသဖြင့် ကျနော်က အရင်ရောက်နှင့်
သူဆိုတော့ နောက်ရောက်လာတဲ့သူတွေကို ကူညီရမဲ့တာဝန်ရှိတယ်။ သူများ
နိုင်ငံမှာ အောက်ခြေအလုပ်တွေကနေပြန်စလုပ်နေရတဲ့ ကိုယ့်ရဲ့မိတ်ဆွေ
အပေါင်းအသင်းတွေ၊ တည်တည်ငြိမ်ငြိမ်နိုင်ငံရေးဆက်လုပ်နိုင်အောင် ဘယ်လို
လုပ်ကြမလဲ။
ဒီလိုနဲ့ ဘဝတွေကိုတဖြည်းဖြည်း မျှဝေကြည့်ကြတယ်။ စကားတွေ
အရှိန်ရလာတဲ့အခါကျမှ ပြဿနာတွေကို ပေါ့ပေါ့ပါးပါးပြန်လည်ဖလှယ်
ကြတယ်။ ပြန်ပြောကြတယ်ဆိုတာကလည်း ရှက်စရာကောင်းတဲ့ အကွဲ
အပြဲတွေအကြောင်းပါ။ သူကလည်း သူ့ရဲ့အကြပ်အတည်းတွေ၊ သူ့ဆီကို
အီးမေးကနေ တိုက်ခိုက်ခံနေတဲ့ စာတွေအကြောင်းပြောပြတယ်။ ကျနော်
ကလည်း သူနဲ့ကျနော်တို့ကြားမှာ ရှုပ်ထွေးခဲ့တဲ့အကြောင်းအရာတခုကို
ရယ်ရယ်မောမော စမေးကြည့်မိတယ်။
အပိုင်း (၄)
၁၉၉၅ ရန်ကုန်တက္ကသိုလ်စိန်ရတုသဘင် နှစ်ပတ်လည်ကာလ
လောက်တုံးကထင်တယ်။ ကျနော်တို့ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား
တွေကလည်း မေဂျာအလိုက် အုပ်စုဖွဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်(ပင်မ) လမ်း
တဘက်ကကွင်းပြင်ကြီးထဲမှာ စားသောက်စရာတွေရောင်းချကြတယ်။
တက္ကသိုလ်စိန်ရတုသဘင်ကိုဝင်နွဲခဲ့ကြတယ်။ စစ်အစိုးရရဲ့မတရားအုပ်ချုပ်မှု
ကို တဘက်က ဆန့်ကျင်ခဲ့ကြသလို၊ တက္ကသိုလ်ရနံ့က မွေးထုတ်ပေးလိုက်တဲ့
ယဉ်ကျေးမှု၊ နုညံ့သိမ်မွေ့မှုတွေကိုလည်း ပွေ့ဖက်ခဲ့ကြတယ်။
၁၉၈၈ အရေးတော်ပုံမတိုင်ခင်တုံးကတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ
တိုင်းရင်းသားရိုးရာပွဲတော်တွေဆီ မကြာခဏရောက်ခဲ့ပေမဲ့ စစ်အာဏာ
သိမ်းအစိုးရလက်ထက်မှာတော့ “ ညောင်သီးလည်းစား လေးညှို့သံလည်း
နားထောင်” ဆိုသလိုမျိုး စာသင်ခန်းတွေကိုဖြတ်ကြရတယ်။ စာသင်ချိန်
ကာလက ရင်ခုန်နူးညံ့စရာတခုမှမရှိအောင်မြန်ဆန်ခဲ့တာကိုး။ ဒါပေမဲ့
တက္ကသိုလ်ဝင်းအတွင်းက ဝိညာဉ်တွေက အမြဲတမ်း သတိပေးနေတတ်
ပါတယ်။ တက္ကသိုလ်စိန်ရတုသဘင်ပွဲတော်မကျင်းပခင်ကတည်းက ဖြိုဖျက်
ခံရတဲ့ သမဂ္ဂအဆောက်အဦဟောင်းရှေ့၊ ဗိုလ်အောင်ကျော် ကျောက်တိုင်
ရှေ့မှာပန်းစည်းတွေချကြဖို့ အစီအစဉ်တွေရှိသလို၊ သမဂ္ဂ ကျောင်းသား
ခေါင်းဆောင်ဟောင်းတွေကို ကန်တော့ဖို့အတွက်လည်း ပြင်ဆင်နေကြတဲ့
သူတွေရှိတယ်။
ဒီလိုပြင်ဆင်နေတဲ့ ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်၊
ဦးနေဝင်း ကိုလည်း ဖိတ်ပြီး ကန်တော့ဖို့ဆိုတဲ့ သတင်းကရောက်လာတာ
ကိုး။ ဟာ ဘယ်လိုဖြစ်တာလဲ။ နေဝင်းဆိုတဲ့ကောင်က ကျောင်းသားသမဂ္ဂကို
ဗုံးခွဲပြီး၊ ပြည်သူများစွာကိုသတ်ဖြတ်ဒုက္ခပေးခဲ့တဲ့ကောင်၊ အခု ဦးနေဝင်းကို
ဖိတ်ကြားကန်တော့ချင်တဲ့ ကိုမောင်မောင်ဝမ်း နဲ့ မန္တလေးမှာတုံးကလည်း
ဗကသ၊ မကသ ညီလာခံဆိုင်ရာပြဿနာတွေမှာ ထိပ်တိုက်တွေ့ခဲ့ကြတယ်။
အခုလည်းလာပြီး ထိပ်ထိပ်တွေ့ကြပြန်ပြီ လို့ တွေးလိုက်မိတယ်။ ဒါပေမဲ့
ကျနော်တို့ချင်း မျက်နှာချင်းဆိုင် ပြဿနာတက်လောက်အောင် အခြေအနေ
မပေးခဲ့ဘူး။
အပိုင်း(၅)
ဒါပေမဲ့ အခုလို သူများတိုင်းပြည်မှာ ပြန်ဆုံကြတဲ့အခါမျိုးကြတော့
အရင်ကလို အယူအဆမတုလို့ ၊ အစာမကြေတဲ့ကိစ္စတွေမရှိတော့သလို၊
ဦးနေဝင်းကိစ္စတွေ၊ ထောင်ထဲက ဇာတ်လမ်းတွေကို အကုန် ပြန်လှန်
ငြင်းခုန်နေရင် စိတ်ပျော်စရာတစက်မှ ရှိမှာလည်းမဟုတ်ဘူးလို့ နားလည်
ထားကြတယ်။ ထောင်ထဲက ဇာတ်လမ်းတွေကတော့ သူတယောက်
တည်းမှမဟုတ်ဘူး။ ကျန်တဲ့သူတွေအကြောင်းလည်းပြောကြတာပဲ။
ပြဿနာက မျက်နှာချင်းဆိုင်ပြောကြပါလားဆို တယောက်မှလည်း
မပြောရဲကြဘူး။ ဒါပေမဲ့ သူ့ကိုတိုက်ခိုက်နေတဲ့ အီးမေးတွေနဲ့ ပတ်သက်ပြီး
“ခင်ဗျားဘက်က အဲ့ဒီကိစ္စတွေကို ဖွင့်သာရေးပစ်လိုက်ဗျာ။ ငြိမ်သွားလိမ့်မယ်”
လို့ အကြံပေးခဲ့ဘူးတယ်။ သူကလည်း ရိုးရိုးသားသားတင်ပြခဲ့ပြီးပြီလို့
ထင်ပါတယ်။ တကယ်တော့ ဒီကိစ္စတွေက ကျနော်တို့ကြားမှာ အသေးအမွှား
ကိစ္စတခုလိုဖြစ်သွားပါပြီ၊ သူလည်း ရန်သူရဲ့အကျဉ်းစခန်းတွေထဲမှာ
နှစ်ကာလရှည်ကြာစွာဖြတ်သန်းခဲ့ရသလို၊ ရန်သူကို ဒူးထောက်အလင်းဝင်တဲ့
အလုပ် မလုပ်ခဲ့သေးပါ။
ဗမာပြည်လွတ်မြောက်ရေးအတွက်၊ သူစွမ်းသလောက်ဆက်လက် လုပ်ကိုင်
နေသူဖြစ်တယ်။
နိုင်ငံရေးအရကြိုက်ခြင်း၊ မကြိုက်ခြင်း၊ သူ့အမြင် ကိုယ့်အမြင်တွေကိုတော့
လွတ်လပ်စွာ သဘောထားကွဲပိုင်ခွင့်ရှိပါတယ်၊ နိုင်ငံရေးအယူအဆတခုကို
ကြိုက်ပိုင်ခွင့်ရှိသလို၊ ဆန့်ကျင်ပိုင်ခွင့် လည်းရှိပါတယ်။ ဒီမိုကရေစီရဲ့ ကျင့်စဉ်
တွေကိုတော့ လေးလေးစားစားအသိအမှတ်ပြုရပါလိမ့်မယ်။
သေချာတာတခုကတော့ သူများနိုင်ငံမှာ ကျနော်တို့တတွေ စီးပွားရေး၊ လူမှုရေး၊
နိုင်ငံရေးလုပ်ငန်းတွေကို ဘယ်လိုအောင်မြင်အောင်တည်ဆောက်ကြ
မလဲ။ ဒါကိုပဲအလေးအနက်ထား၊လက်တွဲလုပ်ကြဖို့၊ တယောက်နဲ့
တယောက်အားပေးကူညီကြဖို့ ပြင်ဆင်ပူးပေါင်းခဲ့ကြတယ်။
ပြဿနာက ကျနော်တို့ဗမာပြည်နိုင်ငံရေးမှာတည်ရှိနေတဲ့ နိုင်ငံရေး
ယဉ်ကျေးမှု။ ဒီ ယဉ်ကျေးမှုကို လွန်ခဲ့တဲ့ အနှစ် (၂၀) က အတိုင်း စွဲကိုင်
ထားသူတွေရှိတယ်။ လူလေးငါးယောက်နဲ့အုပ်စုဖွဲ့မယ်။ ဂိုဏ်းဂဏ စိတ်
ထားမယ်။ ပြီးရင် သမိုင်းတွေကို အမေ့ဆီက ရတဲ့အမွေတခုလို လျှောက်
ပြောမယ်။ ကိုယ်နဲ့အယူအဆမတူသူတွေကို နိုင်ငံရေးမြင်ကွင်းထဲက
ဖယ်ရှားဖို့လုပ်မယ်။
တကယ်တော့ စစ်အေးတိုက်ပွဲမှာ အတုယူစရာတွေအများကြီးပါ။ အမေရိကန်
ပြည်ထောင်စုနဲ့ အနောက်အုပ်စုဟာ သူတို့အတွင်းက အယူအဆရေးရာတိုက်ပွဲ
ကို ပါးပါးနပ်နပ်ငြင်းခုန်ခဲ့ကြတယ်။ မိတ်ဘက်ပဋိပက္ခကို မိတ်ဘက်ပဋိပက္ခ
အတိုင်းရှင်းခဲ့ကြတယ်။ ဆိုဗီယက်၊ တရုတ် အုပ်စုကတော့ သူတို့အတွင်းက
မဟာမိတ်ပဋိပက္ခကို ရန်ငါစည်းတားအပြတ်ရှင်းခဲ့ကြတယ်။ အတိုက်အခံတွေ
ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။ နိုင်ငံရေး မြင်ကွင်းထဲကနေ ရှင်းထုတ်ဖို့
ကြိုးစားခဲ့ကြတယ်။ ဒီအချက်ဟာ အမေရိကန်ပြည်ထောင်စုနဲ့အနောက်အုပ်စု
ကို ရှုံးနှိမ့်ခဲ့ရတဲ့အကြောင်းရင်းတွေထဲက အချက်တချက်ဖြစ်တယ်။ ဒီ စရိုက်
လက္ခဏာတွေက ကျနော်တို့မျိုးဆက်အထိ ကူးစက်နေဆဲပဲ။ ဇာတ်တူသား
စားရင် ဟင်္သာကိုးသောင်းပျက်တယ်ဆိုတဲ့ စကားပုံကို လူတော်တော်
များများကြားဘူးပေမဲ့၊ သတိထားလုပ်ကိုင်သူက အင်မတန်ရှားပါတယ်။
တကယ်တော့ ဒီလို အကျင့်စရိုက်ရှိတဲ့ အုပ်စုတွေအတွက် အမေရိကားမှာ
နေရာ မရှိပါဘူး။ ထိုးဖောက်တက်လှမ်းနိုင်မယ်လည်းမထင်ဘူး။ အထူးသဖြင့်
အင်ဖေါ်မေးရှင်းတက္ကနော်လောဂျီခေတ်မှာ တစုံတယောက်က တစုံတယောက်
ကို အတွေးအခေါ် စည်းတားထားလို့မရသလို၊ မြင်ကွင်းထဲက ရှင်းထုတ်ပစ်
ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခေတ်က ပြောင်းနေပြီဆိုတဲ့အချက်ကို သတိ မထား
မိတာတော့ တကယ့်ကို အံ့သြဖို့ကောင်းပါတယ်။
အပိုင်း (၆)
ပြည်တွင်းက မျိုးဆက်သစ်တွေဒီကနေ့စိတ်ဝင်စားတာက “ အကြပ်အတည်း
ကလွတ်မြောက်ဖို့အတွက် အိုင်ဒီယာအသစ်တွေကိုဘယ်သူပေးနိုင်သလဲ၊
မျိုးဆက်သစ်တွေအတွက် စံထားရမဲ့ နိုင်ငံရေးသမားတွေက ဘယ်သူတွေ
လဲ၊ ကျနော်တို့ဘာလုပ်ကြမှာလဲ” ဆိုတဲ့အရာတွေဖြစ်တယ်။
ဖေ့စ်ဘွတ်က်မှာ ကြည့်လိုက်ရင် မျိုးဆက်သစ်လူငယ်တွေရဲ့ ဆာလောင်မှု၊
ဖန်တီးမှု၊ ကြိုးစားမှုတွေက အားရစရာပဲ။သူတို့မှာ ရတဲ့ဘောင်အတွင်းကနေ
ပြင်းပြင်းထန်ထန်လေ့လာကြတယ်။ သူများနိုင်ငံတွေ ဘာတွေဖြစ်နေလဲဆိုတဲ့
အချက်တွေကို သင်ကြားကြတယ်။ ပြောင်းလဲချင်ကြတယ်။ နားတဘက်တည်း
ဆီကို ရိုက်ခပ်လာတဲ့ အသံတွေကြားမှာ အချိန်ကုန်ခံနေတဲ့ ခေတ်မဟုတ်သလို၊
ကြွေးကြော်သံအားလုံးကို ပြန်လည်စီစစ်နေတဲ့ မျိုးဆက်ဖြစ်တယ်။
အနာဂတ်ကို ယုံယုံကြည်ကြည်ထိနမ်းချင်တဲ့ ခြေလှမ်းတွေကို တွေ့
နေရတယ်။ သူတို့နဲ့အပြိုင် ထိတွေ့ဖို့ဆိုတာ ကျနော်တို့ ကျင်လည်ခဲ့တဲ့
အနှစ်(၂၀) ကျော် နိုင်ငံရေးယဉ်ကျေးမှုထဲကနေ ထွက်နိုင်မှဖြစ်ပါလိမ့်
မယ်။ အဲ့သလို မထွက်နိုင်သေးသမျှတော့ ဆရာစိန်ခင်မောင်ရီရဲ့
ဘာသာပြန်ဝတ္ထုလေးထဲကလို ကျွန်းတကျွန်းပေါ်မှာ မရှိတော့တဲ့
ရန်သူကို စစ်တိုက်နေတဲ့တပ်စုလေးရဲ့အဖြစ် လိုမျိုး- ဂရုဏာသက်စရာ
ဂွတိဂွကျ လှုပ်ရှားမှုတွေအဖြစ်သာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ပြီးဆုံးသွားသင့်တဲ့
စစ်ပွဲတွေကိုတော့ ပြီးဆုံးစေချင်ပါတယ်။
မိတ်ဆွေတွေအားလုံး
နှစ်သစ်မှာ အသံသစ်လွင်ပြင်တခုဆီ ညီညွတ်တဲ့အင်အားတရပ်အဖြစ်
အရောက်လှမ်းနိုင်ကြပါစေ။
....... ..... ....
(ဆောင်းပါးရှင် ကိုအောင်မိုးဝင်းဟာ လက်ရှိ အမေရိကန်ပြည်ထောင်စု
တွင် နေထိုင်လျက်ရှိသော မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသူ
တစ်ဦးဖြစ်ပါတယ်၊ ဓါတ်ပုံကတော့ ကျနော့် “ပျူနိုင်ငံ”ရဲ့ အယူအဆဖြင့်
ထည့်သွင်းထားခြင်းသာ ဖြစ်ပါတယ်။)
8 comments:
မျိုးဆက် ဆိုတဲ့ စကားက အရမ်းကို အရေးပါတယ် မဟုတ်လားကိုအောင်..... တော်လှန်ရေးမျိုးဆက်တွေ ရဲ့ ထက်မြက်တဲ့ မျိုးဆက် တွေ ရှိလာဖို့  အားလုံးဆုတောင်းကြမှာပါ...
တစ်ခုရှိတာက အာဏာရှင် (.......) ဖက်မှာလဲ မသိမသာကော သိသိသာသာပါ အာဏာရှင်မျိုးဆက်ထူထောင်နေတယ် ဆိုတာ မမေ့ကြစေချင်ဘူးဗျာ...
၈၈ ပြီးစမှ ကျောင်းသားနိုင်ငံရေးလုပ်သူတွေထဲမှာ အာဏာရှင်ကိုတော်လှန်ရင်း ကိုယ်တိုင်အာဏာရှင် သဖွယ် ပြုမူတာအများကြီးဘဲ ကွန်မြူနစ်နွယ်တဲ့ ကျောင်းသားကတမျိုး အရေးအခင်းမှာပေါ်ပြူလာ ဖြစ်လာသူတွေကတဖုံ အမျိုးမျိုးဘဲ ထူးဆန်းတာက ကွန်မြူနစ်နွယ်ခဲ့တဲ့ (အရိပ်ထိုးခံရတာနော် ကွန်မြူနစ်တော့မဟုတ်ဘူး) ကျောင်းသားတွေခု အမေရိကမှာကောင်းစားနေတယ်။ သူတို့ တရုတ်မသွားဘူး စကားပြောရင်တော့ သခင်သန်းထွန်း သခင်ချစ် သခင်ဇင်ကို ပါးစပ်ကမချဘူး ဖောက်ပြန်ရေးသမားဆိုတာကို ရေလဲသုံးတယ်
ခု ၈၈ ကကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို မန္တလေးညီလာခံမှာ အောက်မြန်မာပြည်ဗကသက သူတွေက ထောက်လှမ်းရေးလို့ စွပ်ဆွဲတာ မြင်ယောင်မိတယ်
သူတို့စွပ်ဆွဲတဲ့ k3 က ဘယ်လောက် တိုင်းပြည်အတွက် ပေးဆပ်နေလဲ အကုန်အမြင်ဘဲ
စွပ်ဆွဲခဲ့တဲ့ကောင်တွေက အထဲမှာဘဲ နေမရသလိုလို ဘာလိုလို နဲ့ အမေရိကမှာ ခုဆောင်းတွင်းမှာ နွေးထွေးစွာနှပ်နေမှာပေါ့ အဲလိုလူမျိုးတွေ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြပါ အမှားကိုဝန်ခံကြပါ
အပြင်မှာလဲ တယောက်နဲ့တယောက် အမဲဘဲ အရင်ရောက်တဲ့သူ နောက်ရောက်တဲ့သူ ငါ့အုပ်စု သူ့အုပ်စုနဲ့ ကိုယ့်အုပ်ကိုယ်စုကျပေါ့
ဒီဆောင်းပါးကိုဖတ်ရတာ ညီညွှတ်ဖို့အတွက် တောင်းဆိုပါတယ် ဘယ်သူမှ ငါလုပ်မှ မြန်မာပြည်ကောင်းစားမှာ မဟုတ်ပါဘူး အကုန်လုံးပေါင်းလုပ်မှပါ ငါ့ project နဲ့ငါ ငြိမ်မနေကြပါနဲ့
အကုန်လုံးက သူ့ကိုယ်သူ ဗိုလ်ချုပ်အောင်ဆန်းလို့ ထင်နေကြတယ် ပြောမယ့်တာပြောတာ စစ်တပ်ကို တပ်သား ၄၀ ဗိုလ်ခြောက်ဆယ်လို့ ပြောတဲ့သူတွေက အကုန် သူတို့ကို သူတို့ ခေါင်းဆောင်တွေဘဲသတ်မှတ်ထားတယ် ကျောင်းသားခေါင်းဆောင်တွေဘဲ တွေ့ခဲ့ဘူးတယ် ကျောင်းသားငယ်သား တယောက်မှ မတွေ့ဘူးပါ
နိုင်ငံ့အတွက်လုပ်ကျပါ project အတွက် evaluation report ကောင်းဖို့အတွက် မလုပ်ကြပါနဲ့
အထဲနဲ့အပြင်ကို ပြည်သူတွေကရှင်းရှင်းလင်းလင်း မြင်နေကြပြီ အထဲကလူတွေကို တိုင်းပြည်အတွက် တကယ်လုပ်နေသူလို့ ပြည်သူတွေက သတ်မှတ်ထားပါတယ်
အပြင်ကသူတွေကိုတော့ project အတွက် ရုန်းကန်နေသူတွေလို့မြင်နေပါတယ် အပြင်ကိုထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးသမားအလုပ်မလုပ်တာ မဟုတ်ပါဘူး တကယ်လုပ်နေကြပါတယ် ဒါပေမယ့် လုပ်ရင်းနစ်နေကြပါတယ် အဲဒါဘာလို့လဲဆိုတာ ကိုယ့်ဘာသာကိုယ်သုံးသပ်ကြပါ
နိုင်ငံခြားရောက်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ နိုင်ငံ့အတွက် လုပ်ရင်း တမျိုးထင်ခံရတာ နအဖ ၀ါဒဖြန့်နေလို့မဟုတ်ဘူး အဓိက ကတော့ ထင်သာမြင်သာတဲ့ ညီညွှတ်မှုကို ပြည်သူကမတွေ့လို့ဘဲ
ကိုအောင်ဆောင်းပါးကောင်းတယ်
ကိုအောင်မျိုးဝင်းကို ဆက်ရေးပါဦး
ဝေမျှပေးတာ ကျေးဇူးပါ ကိုအောင်...။
ကိုအောင်ရေ...
တန်ဖိုးရှိစာလေးတွေကို ဖတ်မှတ်သွားပါတယ်
ဗဟုသုတအများကြီး ရတဲ့အတွက် ကျေးဇူးပါနော်
ညီမလေး နှင်း
Myo Win Zaw ပြောတာ အမှန်ပါပဲ... လုပ်ရင်းနစ်နေကြတဲ့ ကျောင်းသားခေါင်းဆောင်တွေလဲ ဒီလိုပဲ မြင်ကြစေချင်တယ်... စစ်တပ်မှာ သူတလူငါတမင်းဖြစ်နေသလို အပြင်မှာလဲ သိပ်မကွာလှဘူးလို့  ထင်မိပါတယ်... (မှားတာရှိရင် ကြိုတင်တောင်းပန်ပါတယ် ...(အားလုံးကို) .. )
ဖတ်၊ မှတ်၊ ကျင့်ကြံ သင့်သော ဆောင်းပါး တပုဒ်ဟု မြင်ပါသည်။ စစ်ကြီးပြီသွားပြီး ကို လက်တွေ့ ကျကျပြခဲ့  နိုင်သော ဂျပန်မလေးများ နေရာတွင် မြန်မာစစ် ခေါင်းဆောင် များမှ သရုပ် ဆောင်ပြ သလာနိုင်ပါသည်။ သို့ သော်လည်း ကျွန်းပေါ်တွင်ကျန်ခဲ့ သော ၈၈ မျိုးဆက် ခေါင်းဆောင်ကြီးများ မှာ ပြည်သူမှ လာရောက် ကယ်တင်မည့်  အချိန်ကို အလဟသတ်
စောင့်မနေပဲ အချင်းချင်း ချသော စစ်ရေးလေ့ကျင့် မှု့ လုပ်ဆောင် နေကြသည်။ တော်လှန်ရေး၊ နိုင်ငံ ရေး ကာလတလျှောက် နောက်လိုက်များ ၏ ဘ၀ဖြစ်စဉ်များ ကို လေ့လာလျှင် တော်လှန်ရေး၊ နိုင်ငံရေး အပေါ်ပါစိတ်ကုန်ပြီး ထိုအသိုင်းအ၀ိုင်း မှ လူတို့  နှင့်  ဝေးရာသို့  ရှောင်ထွက်သွားကြသည်။ ၈၈ တော်လှန်ရေး နိုင်ငံရေး နှင့်  တိုက်ရိုက်ပါတ်သက်ပီ အနောက်နိုင်ငံများတွင် ခိုလှုံနေသူ ခန့် မှန်း (၃၀၀၀)ထောင်ကျော် လောက်ရှိနေ သော်လည်း လူ (၃၀)ပြည့်အောင် မတွေ့ နိုင်သော အထောက်အထားများ မှ အတိအကျဖေါ်ပြလျှက် ရှိသည်။ ဆင်းရဲးသောမြန်မာပြည်သူ များအတွက် အနစ်အနာခံ ဆောင်ရွက်ပေးရန် မဆိုထား နှင့်  မိမိအောက်လက်ငယ် သားများအပေါ် တွင်ပင် ညှာတာစိတ် ကင်းမဲ့ သည့်  သူများအဖြစ် သမိုင်းတွင် ကျန်ရစ်မည်သာဖြစ်သည်။
ပြေပြေပြစ်ပြစ်နဲ့ လက်တွေ့ကျတဲ့ ဆောင်းပါးလေးဖြစ်လို့ သဘောကျတယ်။
ဆက်ရေးပါအုံးလို့ ပြောပေးပါအုံး..။
Post a Comment